ဒီမန္တန်ကွန်ချာက အဲ့ဒီအတွက် လုပ်ထားတာပဲ
Vol. 9 Ch. 125
အကန့်အသတ်မဲ့သော စိတ်ဝိညာဥ်စွမ်းအင်များ မန်ဟို၏ကျင့်ကြံခြင်းအခြေခံထဲ စီးဝင်လာသည်။ အတွင်းထဲရှိ သူ၏ဒုတိယတာအိုမဏ္ဍိုင်မှာ တဖြေးဖြေး ခိုင်မာတောင့်တင်းလာလေသည်။
"စိတ်ဝိညာဥ်စွမ်းအင်တွေသာ အဆက်မပြတ်ယိုစိမ့်မနေရင် ငါ အချ်ိန်အရွေး ဒုတိယတာအိုမဏ္ဍိုင် တည်ဆောက်လို့ရတယ်"
ရက်အနည်းငယ်ကြာသော် သူက လင်းလက်တောက်ပနေသောမျက်လုံးများကို ဖွင့်လိုက်သည်။ သူ့မှာ ဝမ်လီဟိုင်၊စုန့်ကျားတို့နှင့်အတူ တတိယကွန်ချာမှ တစ်ချိန်တည်းထွက်လာ၍ အပြင်ဘက်ကမ္ဘာတွင် မည်မျှပွက်လောက်ရိုက်သွားသည်လဲ မသိပေ။
လူအချို့သည် မန်ဟိုကို ဂိုဏ်းတစ်ဂိုဏ်းမှ ရွေးချယ်ခံဖြစ်ကြောင်း ထင်ကြေးပေးလာကြသည်။ သို့သော် အတည်ပြုရန် နည်းလမ်းမရှိသဖြင့် ကောလဟလများနှင့် ထင်ကြေးများကိုသာ လောင်စာဖြည့်ပေးတော့သည်။ မန်ဟို၏စွမ်းဆောင်မှုက သူ့ကို ရွက်ပုန်းသီးကဲ့သို့ ဖြစ်နေစေ၏။
ဆွေးနွေးငြင်းခုံမှုအမျိုးမျိုး၏အလယ်တွင် သုံးသပ်ချက်အများစုက ဝမ်လီဟိုင်တွင် ပြဿနာရှိသည်ဟူ၍။ ထို့အတွက်ကြောင့်သာမဟုတ်လျှင် သူကား စောစောထွက်လာနိုင်ခဲ့မည်ဖြစ်သည်။
မန်ဟိုက သူ့အရှေ့ရှိ ခွေးပေါက်လေးကို ကြည့်ပြီး သူ့မျက်နှာပေါ်တွင် နွေးထွေးသောအရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
ခွေးလေးသည် ယခုတွင် ပိုထွားလာ၏။ ၄င်းမှာ နွားပေါက်လေးတစ်ကောင်ကဲ့သို့ လူတစ်ဝက်အရွယ်အစားခန့်ရှိနေလေပြီ။ ထူထဲကြော့ရှင်းသော အနီရောင်အမွှေးဖွားဖွားများက ၄င်း၏ခန္ဓာကိုယ်ကို ဖုံးအုပ်နေရာ သန်မာသောအားအင်များဖြင့် ပြည့်နှက်နေသည့်ပုံပေါက်နေတော့သည်။ ၄င်း ပါးစပ်ဟလိုက်သောအခါ သွားများသည် ဓားများသဖွယ် ချွန်ထက်နေ၏။ ၄င်း၏အစွယ်များက လူတစ်ယောက်၏လက်သီးတမျှ လုံးပတ်ရှိပြီး ကောင်းကင်နှင့်မြေကြီးကို စုတ်ဖြဲပစ်ရန်လုံလောက်သည်အထိ ချွန်ထက်နေချေသည်။ ၄င်း၏မျက်လုံးများက ကြက်သွေးရောင်သမ်းနေရာ အတိုင်းထက်အလွန် ရက်စက်ကြမ်းကြုတ်ပုံပေါ်နေတော့သည်။ ၄င်း ရပ်တန့်နေချိန် မည်သူ့ကိုမဆို တုန်လှုပ်သွားစေမည်ဖြစ်သည်။
တကယ်တမ်းဆိုရလျှင် ၄င်းက ခွေးပေါက်လေးသာမဟုတ်တော့၊ အရွယ်ရောက်ပြီး သွေးခွေးကြီးတစ်ကောင် ဖြစ်လာခဲ့လေပြီ။
၄င်းသည် ၄င်းရပ်နေသောနေရာမှာ အခြားသူများ၏ ကျူးကျော်ဝင်ရောက်ခြင်း ခံရတော့မည့်အလား ဘေးဘီဝဲယာကို အေးစက်စွာ ကြည့်ရင်း ရပ်နေလျက်ရှိသည်။ တစ်စုံတယောက် မန်ဟို့အနားကပ်လာလျှင် ၄င်းက ထိုပုဂ္ဂိုလ်ကို တစစီစုတ်ဖြဲပစ်ပေလိမ့်မည်။
မန်ဟိုက ခွေးကြီးကိုကြည့်နေပြီး သူ၏အမူအရာမှာ ပို၍နွေးထွေးလာသည်။ လအနည်းငယ်လေးအတွင်း ၄င်းမှာ ခွေးပေါက်ပိစိလေးအဖြစ်မှ ဤအခြေအနေအထိ ကြီးထွားလာခဲ့လေပြီ။ ကွန်ချာအမျိုးမျိုးအား အတူတူတိုက်ခိုက်ခဲ့ကြစဥ် သူတို့အကြား၌ ထူးဆန်းသော မိတ်ဆွေဆက်ဆံရေးတစ်ခု ဖြစ်တည်လာခဲ့သည်။
သူတို့အတူတူ ထိခိုက်ဒဏ်ရာရခဲ့ပြီး အတူတူချီတက်တိုက်ခိုက်ခဲ့ကြသည်။ သူတို့အတူတူ သေရေးရှင်ရေးအခြေအနေများကို ရင်ဆိုင်ခဲ့ရပြီး အတူတူသွေးရေချိုးခဲ့ကြရသည်။
မန်ဟို၏ အကြည့်ကို အာရုံရလိုက်သည့်အလား ခွေးကြီးက သူ့ကို ခေါင်းလှည့်ကြည့်သည်။ ခက်ထန်ရန်လိုမှုများက ချက်ချင်းပျောက်ကွယ်သွားပြီး ဝမ်းမြောက်ပျော်ရွှင်မှုများ အစားထိုးဝင်ရောက်လာသည်။ ၄င်းက အားတက်သရော အမြီးကိုနှံ့ရင်း မန်ဟို့ထံပြေးလာကာ ချစ်စရာမျက်လုံးဝိုင်းလေးများဖြင့် သူ့ကို မော့ကြည့်ပြီး သူ့လက်ကို လျက်လိုက်သည်။
မန်ဟို့မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ထွန်းသွား၏။ သူက ခွေးလေး၏ခေါင်းပေါ်က အမွှေးများ ပွတ်သပ်ပေးပြီး ၄င်း၏ ဇိမ်ခံနေသောမျက်နှာထားကို မြင်သောအခါ မရယ်မိဘဲ မနေတော့ပေ။
မန်ဟို ခေါင်းထောင်ပြီး တတိယကွန်ချာကို ပြန်ကြည့်လိုက်သည်။ အထဲတွင် လူသုံးယောက်ရှိနေသေးသည်။ အရှေ့ရှိ စတုတ္ထကွန်ချာတွင်က ဝိုးတိုးဝါးတားပုံရိပ်သုံးခု။ ပို၍ဝေးဝေးရှိ ပဥ္ဧမကွန်ချာတွင်က တစ်ယောက်တည်းရှိသည်။
မန်ဟိုကို ခွေးကြီးကိုပွတ်သပ်ပေးရင်း ထရပ်ပြီးနောက် စတုတ္ထကွန်ချာဆီမသွားဘဲ အထွက်တံခါးပေါက်ထံ သွားလိုက်သည်။ သူပြန်ပေါ်လာသောအခါ မီးတောင်အတွင်းပြန်ရောက်နေလေပြီ။
မန်ဟို သူ၏ဆေးလုံးကိစ္စအကြောင်း ခေါင်းထဲသိပ်မထည့်ထားသည့်အတောအတွင်း လပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ သူက ချူယွီယန်ဆီ တဟုန်ထိုးသွားသော ရောင်စုံအလင်းတန်းတစ်တန်းအသွင်ပြောင်းသွားသည်။ သူမမှာ မျက်လုံးလေးများကိုပိတ်ပြီး တင်ပျဥ်ခွေထိုင်နေလျက်ရှိ၏။ မန်ဟိုရောက်လာသည်နှင့်တစ်ပြိုင်နက် သူမက မျက်လုံးလေးများဖွင့်လိုက်သည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားပြီးနောက် သူမက အကြည့်လွှဲသွားသည်။ သူမလက်ကိုမြှောက်လိုက်ရာ ဆေးလုံးတစ်လုံး ပျံထွက်လာ၏။ မန်ဟို ၄င်းကို ဆတ်ခနဲ ဖမ်းယူလိုက်သည်။ ၄င်းက ငါးလုံးမြောက် အရန်ဆေးလုံးကလွှဲ၍ တခြားမဟုတ်ပေ။
သူက တည်ငြိမ်သော အမူအရာဖြင့် စကြဝဠာအိတ်ထဲ ဆေးလုံးကို ထည့်ပြီးနောက် လှည့်၍ပျောက်ကွယ်သွားသည်။ သိပ်မကြာခင် သူပြန်ပေါ်လာ၏။ သူက အင်္ကျီလက်စကို ခါလိုက်ရာ ဆေးလုံးခုနစ်လုံး ထွက်လာပြိီး ချူယွီယန်အရှေ့ ကျလာသည်။
"ဒီဆေးလုံးခုနစ်လုံးကို အတူပေါင်းစပ်ရင် မိုးကြိုးခုနစ်သွယ်ဆေးလုံးဖြစ်လာလိမ့်မယ်" သူက သူမကို ဆေးဖော်စပ်နည်းပါရှိသော ကျောက်စိမ်းပြား ပစ်ပေးလိုက်သည်။သို့သော် ဆေးဖော်ရန် လိုအပ်သည့် အချိန်အတိအကျကို မန်ဟိုဖျက်ထားလေသည်။
"ဘယ်သူ ပထမနေရာမှာလဲ" ချူယွီယန်က မိုးကြိုးခုနစ်သွယ်ဆေးလုံးဖော်စပ်နည်းကို လျစ်လျူရှုရင်း မန်ဟိုကို ကြည့်ကာ မေးသည်။
"ဘယ်သူဆိုတာ ငါမမြင်ရဘူး။ ဒါပေမယ့် သူသွေးဝိညာဥ်ကတော့ နဂါးတစ်ကောင်ပဲ"
သူမက တခဏတွေးလိုက်သည်။ " လီမျိုးနွယ်စုက ဖြစ်ရမယ်" ထို့နောက် သူမက ကျေက်စိမ်းပြားကို ငုံကြည့်ပြီး စတင်လေ့လာတော့သည်။
မန်ဟို အချိန်အနည်းငယ်ကြာသည်အထိ တိတ်ဆိတ်နေမိ၏။ ထို့နောက် သူကဖြေးညင်းစွာ ပြောသည်။ "မင်းမှာ အခွင့်အရေးတစ်ခုပဲ ရှိတယ်။ မင်းမအောင်မြင်ရင် နောက်တစ်ခေါက်ကြိုးစားဖို့ ငါ့မှာ ပါဝင်ပစ္စည်းလုံလုံလောက်လောက် မရှိဘူး" သူက သူမကို တခဏကြည့်ပြီးနောက် အလင်းတန်းအသွင်ပြောင်းကာ အဝေးသို့ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ သူ၏မျက်လုံးများမှာ ကြယ်များသဖွယ် တဖျပ်ဖျပ်လက်နေသည်။ " သူဆေးဖော်ပြိီးရင် အဲ့တာကို စားဖို့ သေချာပေါက်တွေးမှာပဲ။ ဒါပေမယ့် လိပ်ခွံက နောက်ဆုံးဆေးလုံးဖော်စပ်ဖို့ ဆေးလုံးခုနစ်လုံးကို အသုံးပြုဖို့ အချိန်သုံးလလောက်ကြာမယ်လို့ ပြောထားတယ်....သူ ဒါကိုမသိဘူး။ ငါအဲ့အချိန် ပြန်ရောက်အောင် လုပ်ရမယ်" သူက ဤအကြောင်းတွေးနေရင်း မြူတိမ်များအပေါ်ရှိ တလက်လက်တောက်ပနေသော ဒိုင်းအလွှာဆီ ပြန်တက်လိုက်သည်။ သူသည် ၄င်းကို အသေအချာ စစ်ဆေးကြည့်ရှုပြီးနောက် သွေးအင်မိုတယ်၏ ယဇ်ပလ္လင်ဆီ ပြန်ဆင်းလိုက်သည်။ သူက တစ်ချက်လေးပင်တုံ့ဆိုင်းမနေဘဲ အမွေအနှစ်နယ်မြေထဲ ဝင်ရောက်သွား၏။
စင်မြင့်ကျယ်ကြီးပေါ်တွင် သွေးခွေးကြီး ချက်ချင်းပြန်ပေါ်လာသည်။ ၄င်းသည် ယခုတွင် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်၏ ဖိအားကို ထုတ်လွှတ်နေသော်လည်း မန်ဟို့အပေါ် အနည်းငယ်ပင် သက်ရောက်မှုမရှိပေ။ မန်ဟို အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ ထို့နောက် သူနှင့်ခွေးကြီးသည် စတုတ္ထကွန်ချာသို့ တဟုန်ထိုးပျံသန်းသွားတော့သည်။
အဆုံးအစမရှိသော သဲကန္တာရတစ်ခုက မျက်စိတစ်ဆုံး ဆန့်တန်းနေလျက်ရှိသည်။ ကောင်းကင်ယံတွင် ခြစ်ခြစ်တောက်ပူပြင်းနေသော နေလုံးကြီးကို မမြင်ရသော်လည်း ဤကမ္ဘာတွင် အသက်ရှူကြပ်ဖွယ် အပူလှိုင်းများက ရိုက်ခတ်နေသည်။ တကမ္ဘာလုံးမှာ အထဲရှိ အရာအားလုံး ညှိုးနွမ်းခြောက်သွေ့သွားသည်အထိ မီးမြိုက်ခံထားရသော ဧရာမပေါင်းအိုးကြီးပမာပင်။
မန်ဟို ဘေးပတ်ဝန်းကျင်အား နိုးနိုးကြားကြား ကြည့်ရှုစစ်ဆေးလိုက်သည်။ ဒုတိယနှင့်တတိယကွန်ချာများကို ဖြတ်သန်းပြီးနောက် သူသည် ယခုတွင် ၄င်းတို့အလုပ်လုပ်ပုံအား နားလည်နေပြီဖြစ်သည်။ သို့သော် ဤသဲကန္တာရကား ပကတိတိတ်ဆိတ်နေလျက်ရှိသည်။ ရွေ့လျားနေသောအရာတစ်ခုခု၏ အရိပ်တစ်စုံတရာလည်း မမြင်ရသလို၊ ရှေးဆန်သောအသံကြီးလည်း ရှင်းပြခြင်းမရှိပေ။
မန်ဟို ထိုနေရာတွင် အချိန်တစ်ခုကြာသည်အထိ အလေးအနက် ထိုင်စဥ်းစားပြီးနောက် ထရပ်ကာ ရှေ့တစ်လှမ်းလှမ်းးလိုက်သည်။ သွေးခွေးကြီးသည်လည်း သူ့အနားသို့ အလျင်အမြန်လျှောက်လာ၏။ လူတစ်ယောက်နှင့် ခွေးတစ်ကောင်ကား လွင်ပြင်တီးခေါင်သဲကန္တာရအတွင်း တရွေ့ရွေ့ ဆက်လျှောက်သွားသည်။ ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် မန်ဟို သူတို့လျှောက်လာခဲ့သည့် လမ်းကြောင်းကို ပြန်လှည့်ကြည့်လိုက်ရာ ခြေရာများအားလုံး အနက်ရောင်ပြောင်းသွားကြောင်း သတိထားမိလိုက်၏။
ထို့နောက် အနက်ရောင်ချီတစ်ခု ခြေရာများမှ ထွက်ပေါ်လာသည်။ ဘေးပတ်လည်မှ သဲမှုန်များက တဝိီးဝီးအသံများ စတင်ထုတ်လွှတ်လာသည်။ ချီများလွင့်စင်ပျောက်ပျယ်လာသည့်အမြန်နှုန်းအရ မန်ဟို့အနားပင် မကပ်ရဲသည့်ပုံပေါက်သည်။
ရုတ်တရက် အနက်ရောင်ချီသည် မိစ္ဆာတစ်ကောင်မျက်နှာအသွင်ရှိသော ပွင့်ချပ်သုံးချပ်နှင့်ပန်းတစ်ပွင့် အသွင်ပြောင်းလာ၏။ ထို့နောက် ပျောက်ကွယ်သွားသည်။
ဤသည်ကို မြင်သောအခါ မန်ဟို၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ ထိုစဥ် ရုတ်တရက် ခွေးကြီးက ဟောင်လေသည်။ မန်ဟို ဟောင်နေရာသို့ လှမ်းကြည့်လိုက်ရာ အဝေးမှ အညိုရောင်ကင်းမြီးကောက်အုတ်လိုက်ကြီး သူ့ထံပြေးလာသည်ကို မြင်လိုက်ရ၏။ ၄င်းတို့က မိုးကုပ်စက်ဝန်းဆီမှ မရေမတွက်လောက်အောင် တဖွဲဖွဲလာနေကြလေသည်။
ခွေးကြီးက ဟိန်းဟောက်ရင်း လေပေါ်ပျံတက်လိုက်သည်။ အပေါ်ထက်ရှိ ကောင်းကင်မှာ ညနေစောင်းလာသည့်အလား မည်းမှောင်လာ၏။ သို့သော် ညနေစောင်းခြင်းမဟုတ်ဘဲ အနက်ရောင်မိုးတိမ်တိုက်များအသွင်ရှိသည့် အရာများကို အနီးကပ်ကြည့်လျှင် တကယ်တမ်း မန်ဟိုဆီ တဝေါဝေါလာနေသာ တောင်ပံများနှင့်ကင်းမြီးကောက်များဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။ လျှပ်တပြက်အတွင်း သူတို့က ကောင်းကင်တစ်ပြင်လုံးပိတ်ကွယ်ရင်း သူ့ကို ဝိုင်းလိုက်ကြလေပြီ။
"အဆိပ်...." မန်ဟို တွေးလိုက်မိသည်။ သူ၏ခြေရာများအား ပြန်ကြည့်သည့်အခါ ထိုနေရာရှိ သဲများမှာ အနက်ရောင်အတိဖြစ်နေကြောင်းတွေ့လိုက်ရသည်။ သူက လှည့်၍ အင်္ကျီလက်စကို ခါပြီး ခွေးကြီးနှင့်အတူ လာနေသောကင်းမြီးကောက်များထံ လမ်းလျှောက်သွားတော့သည်။
ခွေးကြီးက မန်ဟိုနောက်ကလိုက်ရင်း ကင်းမြီးကောက်များကို မာန်ဖီပြီး အေးစက်စွာ ကြည့်နေသည်။
သို့သော် မန်ဟို အနားရောက်သွားသည်နှင့်တစ်ပြိုင်နက် ကင်းမြီးကောက်များမှာ စူးစူးဝါးဝါးအော်မြည်ရင်း ချက်ချင်း နောက်ဆုတ်သွားကြသည်။ ၄င်းတို့ကြည့်ရသည်မှာ မန်ဟိုအနားပင် မကပ်ရဲပုံရသည်။
မန်ဟိုက နည်းနည်းလေးပင် အရှိန်လျှော့ခြင်းမရှိ။ သူသည် ကင်းမြီးကောက်များအား သွေးရူးသွေးတန်းနောက်ဆုတ်သွားစေရင်း ရှေ့ဆက်လျှောက်နေဆဲပင်။ တစ်ကြိမ်တွင် ကင်းမြီးကောက်တစ်ကောင်မှာ မြန်သင့်သလောက် မမြန်လိုက်ပေ။ ချက်ချင်းပင် မန်ဟို၏ခေါင်းထိပ်မှ အနီရောင်နွယ်တစ်နွယ် ထွက်လာပြီး ၄င်း၏ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်သည့်အခါ ၄င်းမှာ အနက်ရောင်သွေးအိုင်အဖြစ်ပျော်ကျသွားပြီး သဲအတွင်းနစ်မြုပ်သွားမည်ဖြစ်သည်။
မြေကင်းမြီးကောက်များသာ ဤကဲ့သို့ ပြုမူခြင်းမဟုတ်။ လေကင်းမြီးကောက်များလည်း အနားမကပ်ရဲသဖြင့် လမ်းဖယ်ပေးထားကြသည်။ သွေးခွေးကြီးနှင့်အတူ မန်ဟိုသည် ၄င်းတို့အတွင်း တည့်တည့်လျှောက်သွားတော့သည်။
သူသည် အမှောင်ထုဖြင့်ခြံရံလျက်ရှိသော ကုန်းမြေကို ဖြတ်လျှောက်သွား၏။ ကြည့်ရသရွေ့ ဤနေရာရှိ အဆိပ်မှာ မန်ဟို့ကိုယ်တွင်းရှိ အဆိပ်၏စွမ်းအားကို ခုခံနိုင်စွမ်းမရှိ၍ သူ့ရှေ့တွင် လွင့်ပျယ်သွားရုံမှတစ်ပါး ရွေးချယ်စရာမရှိပုံရသည်။
မန်ဟို၏မျက်လုံးနှစ်လုံးအတွင်းတွင် ရယ်လိုက်ငိုလိုက်ဖြစ်နေသော မိစ္ဆာမျက်နှာအသွင်ဖြင့် တလက်လက်တောက်ပနေသော ပန်းများပေါ်လာ၏။ သူ့အနောက်တွင် တဖြေးဖြေး.........သုံးရောင်ခြယ် ရှင်သန်ခြင်းနှင်းပန်းတစ်ပွင့် ပေါ်လာလေသည်။
ရှင်သန်ခြင်းနှင်းပန်း၏ အရောင်သုံးရောင်မှ တစ်ရောင်နှင့်တစ်ရောင်ရောစပ်လျက် လင်းလက်တောက်ပနေရာ အခြားမည်သည့်အဆိပ်မှ ၄င်း၏အနီးအနားတွင် မတည်ရှိအောင် ပြုလုပ်နေသည်။
မန်ဟို၏မျက်နှာမှာ ခံစားချက်ကင်းမဲ့လျက်ရှိသည်။ တစ်ရက်ကြာလမ်းလျှောက်ခဲ့ပြီးနောက် သူ့အရှေ့တွင် အဆုံးမစမဲ့ မြွေပင်လယ်တစ်စင်းတွေ့လိုက်ရ၏။ ခါးသက်သက်လေပြင်းတစ်ချက်က သူမျက်နှာကိုပုတ်ခတ်သွားသည်။ သို့သော် သူက သတိပင်မထားမိသည့်အလား ရှေ့ဆက်လျှောက်နေမြဲပင်။ သူချဥ်းကပ်လာသောအခါ မြွေပွေးများမှာ ချက်ချင်းတွန့်လိမ်လူးလွန့်သွားကြပြီး တရွှီးရွီီးအသံများဖြင့် မချိတင်ကဲအော်မြည်ကာ ဘေးသို့ရှဲပေးလိုက်ကြသည်။ တချို့က သူ့ကို ၄င်းတိို့၏ခန္ဓာကိုယ်အပေါ်ပင် နင်းချသွားစေသည်။ ၄င်းတို့မှာ တသိမ့်သိမ့်တုန်ရီသွားကြမည်ဖြစ်သော်လည်း ခုခံခြင်းတစ်စုံတရာမရှိပေ။ သူဖြတ်သွားပြီးနောက်မှ ၄င်းတို့မှာ အတန်ငယ်သက်သာသွားပုံရသည်။
မန်ဟို၏ ခန္ဓာကိုယ်အတွင်း၌ အဆိပ်ဘုရင်၏စွမ်းအ တည်ရှိနေသည်လားပင် ထင်ရ၏။ ဤစွမ်းအားကို ရင်ဆိုင်ရသည့်အခါ အခြားအဆိပ်များသော်လည်းကောင်း၊ အဆိပ်သတ္တဝါများသော်လည်းကောင်း ဝပ်တွားခယရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
မန်ဟိုနှင့်ဆန့်ကျင်ဘက် ဝမ်လီဟိုင်သည် ရံဖန်ရံခါ အဆိပ်ဖြေဆေးလုံးများစားရင်း မျက်မှောင်ကြုတ်လျက် သဲကန္တာရကို ဖြတ်သန်းနေရ၏။ လွန်ခဲ့သော နှစ်တစ်သောင်းအတွင်းက အမွေအနှစ်ပြိုင်ပွဲခုနစ်ပွဲတွင် ဤအဆိပ်ကန္တာရသည် နှစ်ကြိမ်ပေါ်လာခဲ့ဖူးသည်။ မဟာမျိုးနွယ်စုများနှင့် ဂိုဏ်းကြီးများက ၄င်းကို အထူးအလေးထားမှတ်သားထားခဲ့ကြ၏။ မန္တန်ကွန်ချာများ မကြာခဏပြောင်းလဲတတ်သဖြင့် ၄င်းမှာ အကြိမ်တိုင်းပေါ်မလာတတ်သော်လည်း ပေါ်လာလျှင် ပြည့်ပြည့်စုံစုံပြင်ဆင်ထားရန် လိုအပ်သည်။
သို့ထိတိုင် အဆိပ်ဖြေဆေးလုံးများမှာ ဘယ်တော့မှ အလုံးစုံသက်ရောက်မှုမရှိသလို တချို့သောအဆိပ်များကို အနည်းငယ်သာ တန်ပြန်တိုက်ခိုက်နိုင်သည်။ ဥပမာ အခုလောလောဆယ် ဝမ်လီဟိုင်မှာ ထူထပ်သောအဆိပ်မြူထုကို ရင်ဆိုင်နေသည့်အချိန်ပင်။
သူက စိုးရိမ်ကြီးစွာဖြင့် မျက်မှောက်ကြုတ်ရင်း ၄င်းကို ကြည့်နေသည်။ ဝမ်မျိုးနွယ်စု၏အပြင်ဘက်သို့ ပထမဆုံးခြေချခဲ့သည်အချိန်ကစ၍ ယခုအချိန်အထိ ဤကဲ့သို့အရာမျိုးတစ်ခါမှ သူ မမြင်ခဲ့ဖူးပေ။ သူ့မှာ ဂိုဏ်းချုပ် သူ့ကို မည်သည့်အတွက် ဤနေရာသို့ အတင်းအကြပ်လာစေခဲ့ကြောင်း သိချင်နေဆဲပင်။ ထိုလူ၏မျက်လုံးများကို ပြန်စဥ်းစားပြိီးနောက် အကြောင်းပြချက်တချို့ ရှိဟန်တူလေသည်။
"ငါ ဘယ်နည်းနဲ့မှ ဒီနေရာမှာ တကယ်ကြီးသေသွားနိုင်ဘူးမလား" သူ၏မျက်လုံးများသည် ထူးဆန်းသောအလင်းတစ်ခုဖြင့် ဖျတ်ခနဲလက်သွားသည်။
စုန့်ကျားသည်လည်း စတုတ္ထကွန်ချာတွင် အဆိပ်မြူထုကို ရင်ဆိုင်နေရသည်။ သူမမှာ အလွန်လှပပြီး နတ်သက်ကြွေလာသည်ဟုပင် ထင်ရလောက်သော မျက်နှာလေးကို ပိုင်ဆိုင်ထား၏။ ယခုအချိန်တွင်တော့ လှိုင်းတွန့်များထနေသော အကာအကွယ်တစ်ခုက သူမကို ကာကွယ်ပေးနေသည့်တိုင် သူမမျက်နှာလေးမှာ မှုန်ကုပ်လျက်ရှိသည်။
စတုတ္ထကွန်ချာရှိ အခြားသူများလည်း တူညီသောအခြေအနေတွင်ဖြစ်သည်။ အချ်ိန်များကုန်လွန်သွားပြီး သူတို့က တရွေ့ရွေ့ဆက်သွားလိုက်ကြသည်။ သူတို့ခြေထောက်အောက်ရှိ သဲကပင် အဆိပ်ဖြစ်နေရာ သတိမထားလျှင် အသက်ဆုံးရှုံးရမည်ဖြစ်ကြောင်း သူတို့အားလုံးသိကြလေသည်။
သင့်တော်သောပြင်ဆင်မှုများသာမရှိလျှင် စတုတ္ထကွန်ချာမှာ မရဏကွန်ချာဖြစ်မည်မှာ ယုံမှားဖွယ်မရှိပေ။ တကယ်တမ်းဆိုရလျှင် ပြင်ဆင်ထားသည့်တိုင် အဆိပ်ဖြေပစ္စည်းများသည် သဲကန္တာရအတွင်းထဲရောက်လေလေ၊ ထိရောက်မှုနည်းလာလေလေဖြစ်၏။ သင်၏ကျင့်ကြံခြင်းအခြေခံနှင့် ကံတရားကိုသာ ပုံအပ်ထားရလိမ့်မည်ဖြစ်သည်။
သို့သော် မန်ဟိုကတော့ မတူ.....သူသည် ခံစားချက်မဲ့သောမျက်နှာထားဖြင့် အဆိပ်မြူထုကို ဖြတ်လျှောက်သွားသည်။ သူက အသက်တစ်ရှိုက်ရှူလိုက်သော်လည်း အဆိပ်မြူမှာ သူထံမှ မျောလွင့်သွားရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။ အမှန်တကယ်ဆိုရလျှင် လေထုသည် အရပ်မျက်နှာအနှံ၌ မီတာသုံးဆယ်အကွာအဝေးထိ လုံးဝရှင်းလင်းနေ၏။
သွေးခွေးကြီးသည် မန်ဟို့အနောက်မှ တက်တက်ကြွကြွ လိုက်ပါလာသည်။ ၄င်းမှာ ဤကွန်ချာကို ဤကဲ့သို့အေးအေးလူလူဖြတ်သွားနေရခြင်းအတွက် အတော်လေးပျော်နေပုံရသည်။ ၄င်းက ရှေ့သို့ခုန်၍ အဆိပ်ကောင်တစ်ကောင်အပေါ် နင်းချပြီး ၄င်း၏လက်သည်းများဖြင့် ရိုက်ပုတ်ကုတ်ခြစ်နေတော့သည်။ ၄င်းမှာ အတော်လေးပျော်နေရပုံပေါက်သည်။ ၄င်းက မန်ဟိုကိုကြည့်ပြီး သူ့နောက်မှ ခုန်ပေါက်လိုက်လာ၏။
ခုနစ်ကုန်ဆုံးသွားပြီး မန်ဟိုသည် အခြားသူများထက် ဝေးဝေးရောက်နေပြီဖြစ်သည်။ သဲကန္တာရအတွင်း သူသည် လမ်းလျှောက်နေသည်ကို တဖြေးဖြေးရပ်ပြီး ရှေ့သို့ တအံတသြကြည့်လိုက်သည်။ အလွန်ထူးဆန်းသောအရာတစ်ခုက သူ့အရှေ့တွင် ယခုလေးတင် ပေါ်ပေါက်လာခဲ့လေသည်။
ထိုနေရာ၊ ဗလာကျင်းနေသောသဲကန္တာ၏ တစ်နေရာတွင် သဲများကင်းမဲ့နေသော နေရာတစ်ခု။ ၄င်းတွင် ပန်းပွင့်တစ်ပွင့်တည်းသာရှိသည်။
ဤပန်းတွင်...... အရောင်လေးရောင်ရောစပ်ပါဝင်လျက်ရှိသည့် ပွင့်ချပ်လေးချပ်ရှိသည်။ ၄င်း၏အရွက်များသည် မြစိမ်းရောင်သမ်းနေပြီး ၄င်း၏ပွင့်ချပ်များက တစ်ချိန်တည်းမှာပင် ရယ်လိုက်ငိုလိုက်ဖြစ်နေသည့် မိစ္ဆာမျက်နှာအသွင် ရှိသည်......ဤသည်ကား လေးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းမှ လွဲ၍တခြားမဟုတ်ပေ။
ရှင်သန်ခြင်းနှင်းပန်းကား ဤမန္တန်ကွန်ချာ၊ ဤသဲကန္တာရ၊ ဤနေရာတွင် ပေါက်ရောက်နေချေသည်။
***