← Chapters

ဒါ မင်းအတွက် ငါ့ကတိပဲ

Vol. 10 Ch. 127

ဒါ မင်းအတွက် ငါ့ကတိပဲ

Vol. 10 Ch. 127

လူရိုင်းများပေါ်လာသည့်အခိုက်အတန့်တွင် မန်ဟို၏သွေးခွေးကြီးက ဟိန်းဟောက်လိုက်သည်။ ၄င်းက ရက်စက်ကြမ်းကြုတ်သောအသွင်ဖြင့် ရှေ့သို့ ခုန်တက်ပြီး မန်ဟို့ကို ဝိုင်းပတ်လိုက်သည်။

သွေးများ ဖွားခနဲ ဖွားခနဲ ပန်းထွက်လာပြီး လူရိုင်းအလောင်းများ တောင်ပေါ်မှ လှိမ့်ကြကုန်သည်။

သူတို့၏သေဆုံးခြင်းက ကျန်လူရိုင်းများကို ထိတ်လန့်ကြောက်ရွံသွားစေခြင်းမရှိပေ။ ထိုအစား သူတို့က ပို၍ကြမ်းတမ်းခက်ထန်စွာ ရှေ့သို့ ပြေးတက်လာကြသည်။ မန်ဟို့ပတ်ပတ်လည်ကို ကာကွယ်ပေးနေရင်း သွေးနီခွေးကြီး၏ ရက်စက်ကြမ်းကြုတ်မှုမှာ ကောင်းကင်ယံထိ တလိပ်လိပ်ထနေတော့သည်။ အနားကပ်လာသော မည်သည့်ရန်သူမဆို ၄င်း၏တိုက်ခိုက်ခြင်းနှင့် တွေ့ကြုံရမည်ဖြစ်သည်။ ၄င်းသည် သိသာစွာပင် မန်ဟိုထိခိုက်နာကျင်အောင် မည်သူ့ကိုမှ ပြုလုပ်ခွင့်ပေးမည်မဟုတ်။

မန်ဟို၏ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်နေသော်လည်း သူက မျက်လုံးများ အားတင်း ဖွင့်ထားဆဲဖြစ်သည်။ သွေးနီခွေးကြီး၏ တိုက်ခိုက်သံများကို သူကြားနေရပြီး အဆုံးအစမဲ့လူရိုင်းပင်လယ်ကြီးကို မြင်ရသော်လည်း သူဘာမှမတတ်နိုင်ပေ။

အချိန်များ ကုန်ဆုံးသွားပြီး တောင်ပေါ်မှ သွေးများစီးကျလာ၏။ သွေးနီခွေးကြီးက မန်ဟိုပတ်လည် မီတာသုံးဆယ်အတွင်း မည်သည့်လူသားမှ ခြေမချနိုင်အောင် သွေးရူးသွေးတန်းတိုက်ခိုက်နေတော့သည်။ မရေမတွက်သော လူရိုင်းများ သေဆုံးသွားခဲ့ပြီး သွေးသံရဲရဲအလောင်းတောင်ပင် ဖြစ်ပေါ်နေလေပြီ။

တစ်ရက်၊ နှစ်ရက်.....သွေးခွေးကြီးမှာ နည်းနည်းလေးပင် မနားရပေ။ လူရိုင်းများကား ဘယ်တော့မှ အဆုံးမသတ်တော့မည့်ပုံရသည်။ သူတို့က မရပ်မနားချီတက်လာနေကြသည်။ ဒုတိယရက်ရောက်သော် သူတို့အလည်တွင် လူရိုင်းချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများပေါ်လာသည်။

ဟိန်းဟောက်မာန်ဖီသံများနှင့် မချိတင်ကဲလူအော်သံများ ပြည့်နှက်နေသော သွေးချောင်းစီးတိုက်ပွဲမှာ ပဉ္စမကွန်ချာအတွင်း ဆက်လက်ဖြစ်ပွားနေသည်။ ဒုတိယညတွင် သွေးခွေးကြီးဒဏ်ရာရခဲ့သော်လည်း အမြုတေဖြစ်တည်မှုအဆင့်လူရိုင်းသုံးယောက်ကို သတ်လိုက်နိုင်၏။ ထို့နောက် တိတ်ဆိတ်သွားသည်။ လူရိုင်းများဆုတ်ခွာသွားပြီး အရာအားလုံး ငြိမ်သက်နေသည်။

မန်ဟိုမှာ မူးနောက်နေလျက် သွေးခွေးကြီးကို ကြည့်လိုက်သည်။ ၄င်းမှာ ခြေတစ်ချောင်းကျိုးသွားပြီး ပင်ပန်းနွမ်းနယ်နေပုံရသည်။ ၄င်းသည် နှစ်ရက်တိုင်တိုင်မနားရသေးသည့်အပြင် သောက်သုံးရန် ဆေးလုံးများလည်းမရှိပေ။ တိုက်ပွဲတိုင်းက သူသေကိုယ်သေတိုက်ပွဲဖြစ်ခဲ့ပြီး ၄င်းက မန်ဟို့ကို မည်သူမှ မထိနိုင်အောင် ကာကွယ်ပေးခဲ့လေသည်။ တကယ်တမ်းဆိုရလျှင် ၄င်း၏ သွေးရူးသွေးတမ်းတိုက်ခိုက်မှုကြောင့် မည်သူမှ မီတာသုံးဆယ်အတွင်း ခြေပင်မချနိုင်ခဲ့ပေ။

ယခုတွင်တော့ ၄င်းမှာ ပင်ပန်းနေလေပြီ။ ၄င်းက မောဟိုက်စွာ အသက်ရှူရင်း မန်ဟိုဘေးနားလှဲချလိုက်သည်။ ထို့နောက် ၄င်း၏ခေါင်းကို ပွတ်သပ်ပေးစေချင်သည့်အလား သူ့လက်ကို လျက်နေသည်။

အရာအားလုံး ငြိမ်သက်နေ၏။ တောင်ထိပ်တွင် လူတစ်ယောက်နှင့် ခွေးတစ်ကောင်ကို မြင်နိုင်လေသည်။ တစ်ယောက်က မလှုပ်ရှားနိုင်ဘဲ တစ်ကောင်က ထာဝရစောင့်ကြပ်ပေးရန် အသင့်ဖြစ်လျက် မှောက်လျက်အနေအထားနှင့်ရှိသည်။

မန်ဟို သွေးခွေးကြီးကို ကြည့်နေစဥ် တစ်ခါမှမခံစားခဲ့ဖူးသော နွေးထွေးမှုတစ်ခု သူ့နှလုံးသားထဲတွင် ပေါက်ဖွားလာ၏။ ၄င်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပြည့်နှက်သွားသည်။ ဤသတ္တဝါမှာ အသိစိတ်အနည်းငယ်ရှိသော သွေးဝိညာဥ်ခွေးလေးတစ်ကောင်သာ ဖြစ်သည်။ သို့ထိတိုင် ....၄င်းက သူ့ကို ပစ်ပယ်သွားမည်မဟုတ်ပေ။ ဤအခြေအနေမျိုးတွင်ပင် ၄င်းသည် ထွက်မသွားဘဲ သူ့အတွက် ခုခံရန် တိုက်ခိုက်ပေးနေ၏။

များသထက်များလာသော ဒဏ်ရာဒဏ်ချက်များနှင့် မောဟိုက်ပင်ပန်းနေမှုကို ထည့်တွက်ပါက ၊ ဤအတိုင်း ဆက်တိုက်ခိုက်နေလျှင် နောက်ဆုံး၌ ၄င်း အသက်ဆုံးရပေလိမ့်မည်။

သို့သော် ၄င်းက မန်ဟို့ကို ကာကွယ်ရန် အနားတွင်ရှိနေပေးသည်။ မကြာခင် ရောင်နီပျိုးလာပြီး တောင်ခြေမှဆူညံသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွဲသွားသည်။ လေထုမှာ အမြုတေဖြစ်တည်မှု၏ချီဓာတ်များဖြင့် ပြည့်နှက်နေပုံရပြီး တောင်ပေါ်ပြေးတက်လာသော လူရိုင်းများ၏ ဒေါသတကြီးအော်သံများက နောက်မှလိုက်ပါလာသည်။

မန်ဟို မလှုပ်နိုင်ပေ။ သူ့မှာ သွေးခွေးကြီး လှုပ်ရှားသွားသည်ကိုသာ ကြည့်နိုင်လိုက်သည်။ သူက ခေါင်းပင်မလှည့်နိုင််၊ သူ့အရှေ့တည့်တည့် လဲလျောင်းနေသော ကမ္ဘာတစ်ခြမ်းကိုသာ မြင်နေရသည်။ တောင်အောက်က အရာပင်လျှင် သူ့အတွက် မမြင်နိုင်ပေ။

ဟောင်သံများ၊ သွေးပျက်ဖွယ်အော်သံများ သူ့နားထဲတွင် တစ်နေ့လုံးပြည့်နှက်နေ၏။ တိုက်ပွဲမည်မျှပြင်းထန်လဲ သူအတိအကျမသိသော်လည်း သူ့ပတ်လည်ရှိ မီတာသုံးဆယ်စက်ဝန်းအတွင်းသို့ တစ်ယောက်မှခြေမချနိုင်သည်ကိုတော့ သူအာရုံရသေးလေသည်။

ညရောက်လာပြီး အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာပြီးနောက်ဆုံး သွေးခွေးကြီးသည် မန်ဟို့ထံပြန်ရောက်လာပြီး သူ့ဘေးတွင်လှဲချလိုက်သည်။ ၄င်းမှာ ကျောရိုးကျိုးသွားသဖြင့် လမ်းလျှောက်ရခက်နေလေသည်။ နောက်ခြေတစ်ချောင်းလည်း ကျိုးနေပြီဖြစ်ပြီး ၄င်း၏ရှည်လျားချွန်ထက်သော သွားတစ်ချောင်းမှာ ဖြတ်တောက်ခံလိုက်ရ၏။

၄င်း၏ချီမှာ အားနည်းနေပြီး အမွှေးထူထူများလည်း ဖရိုဖရဲဖြစ်နေသည်။ ၄င်းလှဲဲ၍ မန်ဟို့လက်ကို ရပ်ပေးနေစဥ် သွေးများက ၄င်းခန္ဓာကိုယ်မှ စီးကျနေချေသည်။ ၄င်းက မန်ဟို့ကို ဤနေ့၏အဖြစ်အပျက်များကို ပြောပြနေသည့်အလား တအီအီညည်းနေသည်။

၄င်းတစ်နေ့လုံး တိုက်ခိုက်ခဲ့သမျှ၊ ပင်ပန်းခဲ့သမျှမှာ ခေါင်းပွတ်သပ်ခံရန် မန်ဟို့အနားပြန်လာနိုင်သည့် ဤအခိုက်အတန့်အတွက် ဖြစ်ပုံရသည်။ ၄င်း၏နှလုံးသားထဲတွင်......မန်ဟိုက မိသားစုပင်။ သူတို့နှစ်ယောက်သည် အတူတူတိုက်ခိုက်ပြီး အတူတူကြီးပြင်းခဲ့ကြသည်။ မန်ဟိုက ဆေးလုံးများကျွေးခဲ့ပြီး သူလှမ်းကြည့်သည့်အခါတိုင်း အားပေးတိုက်တွန်းမှုများ၊ နွေးထွေးမှုများဖြင့် ပြည့်နေတတ်သည်။

ဤအရာအားလုံးက ၄င်း၏နှလုံးသားထဲတွင် မန်ဟို့အပေါ် ယုံကြည်မှုများ ဖြစ်တည်လာစေခဲ့သည်။ ၄င်းသည် မန်ဟို့ကို မှီခိုပြီး သူ့ကို ကာကွယ်ပေးမည်ဖြစ်သည်။

လေးရက်မြောက်နေ့ရောက်သော် အော်သံပိုမိုကြားရလေသည်။ မန်ဟို၏ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်ရီနေဆဲဖြစ်ပြီး သွေးခွေးကြီး၏ စိတ်မကောင်းဖွယ်ရာ ဟိန်းဟောက်သံများကို ကြားနေရ၏။ သူ့မှ ထရပ်ချင်လိုက်ပါသော်လည်း မထနိုင်ပေ။ အဆိပ်က သူ့ကို ပြင်းထန်သောနာကျင်မှုများဖြင့် ပြည့်နှက်နေစေသည်။ သူ့တစ်ကိုယ်လုံးချွေးများရွှဲနေပြီး သူတတ်နိုင်သမျှမှာ ကျောက်တိုင်ပေါ်ရှိ မှော်သင်္ကေတများကို ကြည့်နေရင်း ထိုင်နေရုံသာဖြစ်သည်။ ယင်းက သူတတ်နိုင်သည့် တစ်ခုတည်းသောအရာပင်။

လေးရက်မြောက်နေ့တွင်လည်း မန်ဟိုပတ်လည် မီတာသုံးဆယ်အတွင်းသို့ မည်သည့်အရာမှရောက်မလာ။ သို့သော် ထိုညတွင် အရာအားလုံးတိတ်ဆိတ်ငြိမ်သက်နေသည့်အချိန် သွေးခွေးကြီးအတွက် သူ့ဆီ တွားသွားပြန်လာရန် တစ်နာရီခန့်ကြာ၏။

မန်ဟို မမြင်နိုင်သော်လည်း သွေးခွေးကြီး တွားသွားလာခဲ့သည့်လမ်းကြောင်းတစ်လျှောက် သွေးစွတ်ကြောင်းရှည်ကြီးကျန်ခဲ့လေသည်။ ၄င်း၏သွားများမှာ ကျိုးပဲ့နေပြီး ကျောကား ချိုင့်ဝင်နေချေသည်။ ၄င်းက သူ့ဘေးတွင် လှဲပြီး ခေါင်းတစ်ဖက်စောင်းကာ မန်ဟို့လက်ဝါးကို လျက်သည်။ ခပ်တိုးတိုး တအီအီညည်းသံလေးများဖြင့် တစ်နေ့တာအဖြစ်အပျက်များအား မန်ဟို့ကို ပြန်ပြောနေပြန်သည်။

မန်ဟို့မျက်လုံးများ နီရဲနေလေပြီ။ သွေးခွေးကြီးကို သူမမြင်ရသော်လည်း ၄င်း၏ချီမည်မျှ အားနည်းနေကြောင်း သူအာရုံခံနိုင်၏။ ယခုအချိန်တွင် သူ့မှာ သေမျိုးလူသားတစ်ယောက်သဖွယ်ဖြစ်နေပြီး သွေးခွေးကြီးသာ သူ့ကို ကာကွယ်ပေးခြင်းမရှိလျှင် ပထမဆုံးရက်မှာတင် သေခဲ့လောက်ပြီဖြစ်ကြောင်း သူသိသည်။

သို့စေကာမူ သူ့အသက်အတွက် ပေးဆပ်ခဲ့ရသော တန်ရာတန်ကြေးက သွေးခွေးကြီး၏ ဆိုးရွားသထက် ဆိုးရွားလာသော အခြေအနေသာဖြစ်တော့သည်။ မကြာခင် ၄င်း သူထံ တွားသွားပြန်မလာနိုင်သည့်နေ့ရက်သို့ ရောက်ရှိပေတော့မည်.....

မန်ဟို မျက်လုံးများကို အားတင်းဖွင့်ထားသည်။ သူက ဉာဏ်အလင်းကိုတောင့်တရင်း ကျောက်တိုင်ပေါ်ရှိ မှော်သင်္ကေတများကို စူးစိုက်ကြည့်နေသည်။ သို့သော် သူ ၄င်းတို့ကို မည်မျှကြည့်ကြည့်၊ အသိအမြင်တစ်ခုမှ မရပေ။ ၄င်းတို့မှာ သူ့လို အပြင်လူတစ်ယောက်နှင့် ဘာမှမသက်ဆိုင်သော မှော်သင်္ကေတများထက် မပိုပေ။

ထို့နောက်တွင်တော့ ငါးရက်မြောက်နေ့ရောက်ရှိလာ၏.......

ဤနေ့တွင် မန်ဟို့နားထဲရောက်ရှိလာသော မချိတင်ကဲအော်သံများက ခါတိုင်းထက်ပို၍ ပြင်းထန်သည်။ ယခုတွင် မီတာသုံးဆယ်အနားကပ်လာနိုင်သူများ ရှိလေပြီ။သို့သော် သူတို့သည် သူ့အနားမရောက်ခင် တစစီစုတ်ဖြဲခံလိုက်ရ၏။ သွေးများ မန်ဟို့၏ခန္ဓာကိုယ်ပေါ် ဖွားခနဲကျလာပြီး သွေးခွေးကြီး၏ ဝမ်းနည်းပက်လက်ဟိန်းဟောက်သံများ သူကြားနေရလေသည်။

ထိုညတွင် သွေးခွေးကြီးပြန်ရောက်ရန် လေးနာရီကြာ၏။ ၄င်းက သူ့ကိုမထိပေ။ လှဲသာလှဲနေသည်။ ၄င်းပါးစပ်မှ သွေးများစီးကျနေပြီး ၄င်း၏အသက်စွမ်းအားမှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။ ၄င်း၏ခေါင်းမာမှုကြောင့်သာ အသက်ဆက်ရှင်နေပုံရလေသည်။ ၄င်းက လက်ရှိအခြေအနေတွင်ပင်လျှင် ပတ်ဝန်းကျင်ကို စောင့်ကြပ်ရန်နှင့် မန်ဟို့ကို ကာကွယ်ရန်.... တိုက်ခိုက်ဦးမည်ဖြစ်သည်။

မန်ဟိုမှာ မျက်လုံးဖွင့်သည်ဆိုရုံလေးသာ ဖွင့်နိုင်၏။ သူ၏ခန္ဓာကိုယ်မှာ နာကျင်မှုများဖြင့် ပြည့်နှက်လျက် တဆတ်ဆတ်တုန်နေပြီး လှုပ်ပင်မလှုပ်နိုင်ပေ။ သို့သော် သူက တစ်နည်းနည်းဖြင့် စကားပြောလိုက်နိုင်၏။ "သွား။ ဒိီက......ထွက်သွား.....ငါပြောတာကြားလား.....သွားတော့"

သွေးခွေးကြီးးကို သူမမြင်ရပေ။ သူမြင်နေရသည့်တစ်ခုတည်းသော အရာမှာ အနက်ရောင်မိုးကောင်းကင်ကြီးသာ။

သွေးခွေးကြီးက ခေါင်းထောင်ပြီး မန်ဟို့ကိုကြည့်သည်။ ၄င်းက သူ့စကားများကို နားလည်သည့်အလား တံခါးချပ်ကို လှမ်းကြည့်လိုက်၏။ ထို့နောက် ပျှော်ရွှင်နေသောအသံတစ်ခုပြုသည်။

"ငါ မင်းကို ထွက်သွားဖို့ ပြောနေတာ" မန်ဟိုမှာ စကားပြောရန်လေးအတွက် ရှိသမျှအစွမ်းအကုန်သုံးနေရသည့်အလား မောဟိုက်ပင်ပန်းစွာ အသက်ရှူနေသည်။

သွေးခွေးကြီးတစ်ကိုယ်လုံး တုန်ရီသွားပြီး ၄င်း၏မျက်လုံးများမှာ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်သွား၏။ ၄င်းက ယိုင်တီးယိုင်တိုင်ထရပ်ပြီး မန်ဟိုဘေးနားလျှောက်လာကာ သူ့မျက်နှာကို လျက်သည်။ ထို့နောက်.......ထွက်မသွားပေ။ ၄င်းသည် မန်ဟို့၏အမိန့်ကို လျစ်လျူရှုပြီး သူ့ဘေးနားလှဲချလိုက်သည်။

မန်ဟို့နှလုံးသား တဆစ်ဆစ်နာကျင်လာ၏။ ကျောက်တိုင်ကိုစိုက်ကြည့်နေသော သူ၏မျက်လုံးများမှာ သွေးကြောများဖြင့် ပြည့်နှက်နေတော့သည်။ ရုတ်တရက် ၄င်းက ဝေဝါးသွားပြီး သူတစ်ခုခုကို မြင်လိုက်သည့်အလားပင်။ သို့သော် သူ ၄င်းကို မဖမ်းဆုပ်နိုင်လိုက်ပေ။ ခြောက်ရက်မြောက်နေ့၏ မိုးသောက်ချိန်ကျရောက်လာပြီး တောင်ခြေမှ လှုပ်ရှားသံကြားလိုက်ရသည်။ သွေးခွေးကြီးက ဟိန်းဟောက်သံရင်း အားတင်းထရပ်သည်။ ၄င်းက မန်ဟိို့ကို လေးလေးနက်နက်တစ်ချက်ကြည့်ပြီးနောက် တဟုန်ထိုးထွက်သွားတော့သည်။

၄င်းထွက်သွားစဥ် မန်ဟို၏လက်သည် တဆတ်ဆတ်တုန်ရီလျက် ဖြေးညင်းစွာ မြောက်လာသည်။ သူ၏မျက်လုံးများအတွင်းရှိ ရှင်သန်ခြင်းနှင်းပန်းများကား တဖျပ်ဖျပ်လက်နေ၏။ သူက တဖြေးဖြေးလက်သီးဆုပ်ပြီးနောက် ထရပ်လိုက်သည်။

သူက ကောင်းကင်ကို မော့ကြည့်ပြီး ခြောက်ရက်တိုင် မြိုသိပ်ခဲ့သမျှ ဟိန်းဟောက်အော်ထုတ်ပစ်လိုက်သည်။ သူလေပေါ်ပျံတက်လိုက်ချိန် သူမျက်လုံးနှစ်ဖက်မှ ကြောက်ခမန်းလိလိ သတ်ဖြတ်လိုစိတ်များ ပွင့်အံထွက်ကျလာ၏။ သူလေပေါ်ပျံတက်လိုက်သည်နှင့်တစ်ပြိုင်နက် ဧရာမတင်းပုတ်ကြီးကိုင်ထားသည့် လူထွားကြီးတစ်ယောက်ကို မြင်လိုက်သည်။ သူက ၄င်းကိို လေပေါ်မြှောက်ပြီး ရုပ်လုံးပင်မပေါ်တော့သော သွေးခွေးကြီးအပေါ် ရက်ရက်စက်စက် လွှဲချလိုက်လေသည်။

မန်ဟိုမျက်နှာတွင် ပြင်းထန်သောအမျက်ဒေါသတို့ဖြင့် ပြည့်နှက်သွားသည်။ သူက လက်ကိုမြှောက်လိုက်ရာ လူထွားကြီးထံ ပြေးဝင်သွားသော လျှပ်စီးတိမ်တိုက်တစ်ခု ထွက်ပေါ်လာ၏။ ၄င်း သူ့ထံရောက်သောအခါ ဝုန်းခနဲပေါက်ကွဲသွားသည်။ ချီအခြေတည်အဆင့် ကျင့်ကြံခြင်းအခြေခံရှိသည့် လူထွားကြီးမှာ နောက်ဆုတ်သွား၏။ တကယ်တမ်းဆိုလျှင် ပတ်ပတ်လည်ရှိ လူရိုင်းများအားလုံး နောက်ဆုတ်သွားကြလေသည်။

မန်ဟိုက ခြေလှမ်းကြဲကြဲများဖြင့် လျှောက်သွားပြီး သွေးခွေးကြီးအရှေ့ရပ်လိုက်သည်။ သူက မျက်လုံးများနီရဲတောက်နေလျက် လက်ကိုမြှောက်လိုက်ပြန်သည်။ ချက်ချင်းပင် သစ်သားဓားနှစ်ပေါင်းအပါအဝင် ဓားပျံရာပေါင်းများစွာ တဝီးဝီးပျံထွက်လာ၏။ ၄င်းတို့က ဓားမိုးအသွင်ပြောင်းရင်း မန်ဟို့ကို လှည့်ပတ်ပြီးနောက် ဓားလေပွေတစ်ခုဖြစ်လာသည်။ မန်ဟိုက အော်ဟစ်လိုက်ရာ ဓားပျံများပေါက်ကွဲသွား၏။ ဓားအစအနများက ပတ်ဝန်းကျင်ကို လှဲကျင်းတိုက်ခတ်သွားပြီး လူရိုင်းများ အပိုင်းပိုင်းစုတ်ဖြဲခံလိုက်သဖြင့် သွေးပျက်ချောက်ချားဖွယ် အော်သံများ ပွက်ပွက်ညံသွားတော့သည်။

ရုတ်တရက် တောင်ခြေမှ အမြုတေဖြစ်တည်မှုအဆင့်အရှိန်အဝါရှစ်ခု ရုတ်တရက် ထိုးတက်လာသည်။ သူတို့က တောင်ထိပ်ထံသို့ တန်းတန်းမတ်မတ်ပျံသန်းလာ၏။

မန်ဟိုက တိတ်ဆိတ်နေသည်။ အမှန်တွင် သူသည် လာနေသောပုံရိပ်များကို လုံးဝလျစ်လျူရှုထားပြီး သေဆုံးခါနီးဆဲဆဲ အသက်မနည်းရှူနေရသော သွေးခွေးကြီးကို ငုံ့ကြည့်လိုက်သည်။ သူက ဒူးထောက်ပြီး ၄င်း၏ကျိုးပဲ့နေသောကိုယ်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ၄င်းက သူ့ကို ခပ်ယဲ့ယဲ့မော့ကြည့်ပြီး သူ့လက်ကိုလျက်ရန် ပါးစပ်ဖွင့်လိုက်သော်လည်း မတတ်နိုင်ပေ။

မန်ဟိုက လာနေသောပုံရိပ်ရှစ်ခုကို မျက်လုံးထဲပင် မထည့်ဘဲ မှော်သင်္ကေတများကို ဖြေးညင်းစွာ မော့ကြည့်လိုက်သည်။ သူ ကျောက်တိုင်ကို စိုက်ကြည့်နေစဥ် လွန်ခဲ့သောခြောက်ရက်ကို ပြန်တွေးလိုက်သည်။ သွေးခွေးကြီး တိုက်ပွဲတွင် ၄င်းအသက်ကို မည်သို့လောင်းကြေးထပ်ခဲ့ပုံကို ပြန်တွေးမိသည်။ ခွေးပေါက်လေး စတုတ္ထကွန်ချာတစ်လျှောက် သူ့နောက်မှ ခုန်ဆွခုန်ဆွလိုက်ခဲ့ပုံ၊ အမွှေးပွပွနှင့် ချစ်စရာကောင်လေး သူ့နှင့်အတူ ဒုတိယကွန်ချာတွင် တိုက်ပွဲဝင်ခဲ့ပုံကို ပြန်မြင်ယောင်မိသည်။ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲ၏အစတုံးက ၄င်း သူ့လက်ဝါးထဲတွင် တဆတ်ဆတ်တုန်လျက် သူ့လက်ကို လျှာသေးသေးလေးဖြင့် လျက်ပေးခဲ့ပုံကို ပြန်တွေးမိသည်။ သူ သက်ပြင်းချလိုက်၏။

"ငါအရင်ထဲက သဘောပေါက်ခဲ့သင့်တယ်" မန်ဟိုက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ "ဒီ မှော်သင်္ကေတတွေက အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်နဲ့ သိပ်မကွာဘူး" သူ၏လက် လေတွင် ဝှေ့ယမ်းသွားပြီးနောက် မည်သည့် မှော်သင်္ကေတကိုမှ မမြင်ရတော့ပေ။ ကျောက်တိုင်တွင် ရေးထိုးထားသည့်အတိုင်း ၄င်းတို့သည် သူ၏နှလုံးသားထဲတွင် ရေထိုးပြီးဖြစ်လေသည်။

စာကြောင်းပေါ်လာစဥ် မန်ဟိုလက်သည် သွေးခွေးကြီး၏ကျောပေါ် ကျရောက်လာသည်။

ထိုစဥ် သွေးရောင်အလင်းတစ်ခုက ရုတ်တရက် သွေးခွေးကြီးအတွင်း ဖြစ်ပေါ်လာသည်။ ၄င်း အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့လာသည်တွင် အရိုးထဲထိအောင် အေးစိမ့်နေ၏။

၄င်းပျံ့နှံ့လာသဖြင့် အမြုတေဖြစ်တည်မှုအဆင့်လူရိုင်းများ လေပေါ်ပျံတက်လိုက်ချိန်မှာပင် ရုတ်တရက် အေးခဲကုန်သည်။ သူတို့သာ မဟုတ်။ သွေးရောင်အလင်းပျံ့နှံ လာစဥ် လူရိုင်းတောင်တစ်ခုလုံး၊ မျက်စိတစ်ဆုံးမြင်မြင်သမျှအားလုံး၊ တစ်ကမ္ဘာလုံးမှာ အေးစိမ့်ချီတစ်ခုဖြင့် ပြည့်နှက်သွားပြီး သွေးရောင်ပြောင်းလာ၏။ ဤနေရာကား......လုံးဝအေးခဲသွားလေပြီ။

တစ်ကမ္ဘာလုံးရှိ မည်သည့်အရာမှ လှုပ်ရှားခြင်းမရှိ။ မန်ဟိုမှာ သွေးခွေးကြီးကို တအံ့တသြကြည့်ရင်း ဒူးထောက်လျက်ရှိသည်။

ပဥ္စမကွန်ချာ၊ ကျောက်တိုင်နှင့် ဉာဏ်အလင်းအားလုံးက သွေးဝိညာဥ်၏အပြုအမူများအပေါ် မူတည်သည်....... အမွေအနှစ်ပြိုင်ပွဲဝင်နှင့် သွေးဝိညာဥ်သည် အဆင့်တစ်ခုအထိ ရင်းနှီးမှုတိုးတက်ရမည်ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် မန်ဟိုက သွေးခွေးကြီးကိုပွေ့လျက် ထရပ်သည်။ သူက တောင်ထိပ်နှင့် ပဥ္ဧမကွန်ချာ၏ထွက်ပေါက်ထံ လမ်းလျှောက်သွားသည်။ သူ့ပတ်လည်ရှိတစ်ကမ္ဘာလုံးကား သွေးဖြင့် ချိတ်ပိတ်ခံထားရလေသည်။

အခြားသူများ ဤကွန်ချာကို မည်သို့ကျော်ဖြတ်မည်လဲ မန်ဟိုသေချာမသိပေ။ သို့သော် သူ့အတွက် ၄င်း၏ရည်ရွယ်ချက်မှာ အမွေအနှစ်ပြိုင်ပွဲဝင်နှင့် သွေးဝိညာဥ်အကြား သံယောဇဥ်ခိုင်မာရန် ဖြစ်ကြောင်း သူသိသည်။ အခြားသူများ၏သွေးဝိညာဥ်များနှင့် ပတ်သက်ပြီးမသေချာသော်လည်း သွေးခွေးကြီးကတော့ သူ့ထံအမြဲပြန်လာခဲ့ကြောင်း သူသိသည်။ ၄င်းမည်မျှပင်ပန်းနွမ်းနယ်နေစေကာမူ အမြဲ သူ့လက်ကိုလျက်ရန် ပြန်လာတတ်သည်။ မန်ဟို့အတွက် ဤခွေးသည်..... ခွဲထုတ်၍မရသော သူ့ဘဝအစိတ်အပိုင်းသာဖြစ်သည်။

" အမွေအနှစ်က ငါ့အတွက် အရေးမကြီးဘူး။ ငါ နည်းနည်းလေးမှ ဂရုမစိုက်တာ။ ဒါပေမယ့် ငါ မင်းကို ငါနဲ့အတူ ခေါ်သွားမယ်။ ဒါ မင်းအတွက် မန်ဟိုရဲ့ကတိပဲ"

***

အခန်း ၁၂၈

လီတောက်ရီ၏ ဆဋ္ဌမကွန်ချာ

မန်ဟို သွေးခွေးကြီးကို ပွေ့လျက် ပဥ္စမကွန်ချာမှ ထွက်လာစဥ် ဝမ်လီဟိုင်လည်း ထွက်လာ၏။ သူ၏သွေးဝိညာဥ်၊ ကြောက်မက်ဖွယ်ရွှမ်းဝူလိပ်ကြီးမှာလည်း ဒဏ်ရာများ ဖုံးလွှမ်းလျက်ရှိသည်။

မန်ဟိုနှင့် ဝမ်လီဟိုင်၏ရှေ့တွင် ဆဋ္ဌမကွန်ချာကို ယခုထက်ထိ မကျော်ဖြတ်နိုင်သေးသော လီတောက်ရီရှိသည်။

သူတို့နှစ်ယောက်အနောက်၌ လူငါးယောက်သည် ပဥ္စမကွန်ချာတွင် ပိတ်မိနေဆဲဖြစ်သည်။

ဝမ်လီဟိုင်၏အကြည့်က မန်ဟို့အပေါ်ရောက်လာပြီး သူ၏မျက်လုံးများ မဆိုစလောက် ကျဥ်းမြောင်းသွားပြီးနောက် သူက ဘေးတွင် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ မန္တန်ကွန်ချာမှ ထွက်လာပြီးနောက်တွင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများ မန်ဟိုထံ တဟုန်ထိုးပြေးဝင်လာ၏။ ။ သူက ၄င်းတို့ကို သေလုဆဲဆဲ သွေးခွေးကြီးဆီ လွှဲပြောင်းပေးလိုက်သည်။

မန်ဟို ဆေးလုံးအမြောက်အမြားထုတ်ပြီး ပြန်လည်သက်သာရာတွင် အထောက်အကူဖြစ်စေရန် သွေးခွေးကြီးကို တစ်လုံးချင်းကျွေးလိုက်သည်။

ကံကောင်းထောက်မစွာ စိတ်ဝိညာဥ်စွမ်းအင်မှာ စင်မြင့်များပေါ်တွင် အတော်လေးထူထပ်ပေါ်များ၏။ အထူးသဖြင့် ပဉ္စမကွန်ချာ၏အပြင်ဘက်က တစ်ခုပင်။ သွေးခွေးကြီးက မန်ဟိုထံမှ စွမ်းအင်များကို စုပ်ယူပြီး ၄င်း၏ဒဏ်ရာများ တဖြေးဖြေး ကျက်လာ၏။ ကျိုးကြေနေသော အရိုးများလည်း ဖြေးဖြေးချင်းပြန်ဆက်လာသည်။ အချိန်တစ်ခုကြာသော် သွေးခွေးကြီးသည် သေလုမျောပါးမဖြစ်တော့ပေ။ ၄င်းက စွမ်းအင်အချို့ပြန်ရပြီးနောက် မန်ဟို့လက်ဝါးကို လျက်၍ အားတင်းထရပ်ကာ စိတ်ဝိညာဥ်စွမ်းအင်များကို ၄င်းဘာသာ စတင်စုပ်ယူတော့သည်။

တောင်ပိုင်းဒေသ၏ အပြင်ဘက်ကမ္ဘာတွင် လူတိုင်း ဆူညံ့ပွက်လောရိုက်နေသည်။ မျက်လုံးပေါင်းတစ်သောင်းနီးပါး မန်ဟိုနှင့် ဝမ်လီဟိုင်ပေါ် ကျရောက်နေကြသည်။ စိတ်လှုပ်တရှားဆွေးနွေးငြင်းခုံသံများ လေထဲပြည့်နှက်နေလျက်ရှိသည်။

အချိန်များကုန်ဆုံးသွား၏။ ခုနစ်ကြာသော် စုန့်ကျား ပဥ္စမကွန်ချာမှ ဒယိမ်းဒယိုင်ထွက်လာသည်။ သူမ၏သွေးဖီးနစ်ငှက်ကြီးကား သူမနှင့်အတူ ထွက်မလာခဲ့ပေ........

သူမက ချက်ချင်း တင်ပျဥ်ခွေထိုင်လိုက်သည်။ မကြာမီ အဝေးရှိ အစိမ်းရောင်ကျောက်တိုင်ကြီးထံမှ အစိမ်းရောင်အလင်းတန်းတစ်တန်း ထွက်လာသည်။ ၄င်းက ကျင့်ကြံခြင်းအခြေခံမှ သွေးတချို့ထွေးထုတ်လိုက်သော စုန့်ကျားဆီ ပျံသန်းသွားသည်။ သွေးရောင်လိပ်ပြာတစ်ကောင် မှော်ဆန်ဆန်ပေါ်လာပြီး သူမပတ်လည်တွင် ဝဲပျံနေတော့သည်။

ဤအခြင်းအရာကိုမြင်မှ သူမ၏သွေးဝိညာဥ် ကျဆုံးသွားခဲ့ကြောင်း မန်ဟိုသုံးသပ်လိုက်မိသည်။ သူမ ပဉ္စမကွန်ချာကို မည်သို့ကျော်ဖြတ်နိုင်ခဲ့ကြောင်း သူသေချာမသိသော်လည်း မည်သည်တို့ဖြစ်ပျက်ခဲ့စေကာမူ ယခုတွင် သူမ၌ သွေးဝိညာဥ်အသစ်တစ်ကောင် ရွေးချယ်ရန် အခွင့်အရေးရသွားလေပြီ။

နောက်ထပ်ရက်အနည်းငယ် ကုန်လွန်သွားသည်။ ဝမ်လီဟိုင် တရားထိုင်ပြီးသွား၏။ သူက မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ထားသောအမူအရာဖြင့် ဆဋ္ဌမကွန်ချာကို ဝင်ရောက်သွားသည်။ စုန့်ကျားလည်း အချိန်အတော်ကြာတရားထိုင်ပြီးနောက် သူ့နောက်မှ လိုက်ဝင်သွားသည်။

ကျန်ရှိသောပြိုင်ပွဲဝင်များ တစ်ယောက်ပြီးတစ်ယောက် ပဉ္စမကွန်ချာမှ ထွက်လာကြသည်။ သို့သော် ကျင်းဟန်ဂိုဏ်းမှ ဂိုဏ်းသားကတော့ ဘယ်တော့မှပေါ်မလာခဲ့ပေ။ သူကား...... သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲတွင် ကြွေလွင့်သွားခဲ့သော ပထမဆုံးပြိုင်ပွဲဝင်ပင်။

သူသေဆုံးပြီးနောက် အပြင်ဘက်ကမ္ဘာမှ အခြားကျင့်ကြံသူတစ်ယောက် အမွေအနှစ်နယ်မြေကို ဝင်ရောက်လာသည်။ သို့သော် အခြားသူများးအားလုံး ပဉ္စမ ကွန်ချာကို ကျော်ဖြတ်ခဲ့ပြီးသည်ကို ထည့်တွက်ပါက ဤပုဂ္ဂိုလ်မှာ မိုးကောင်းကင်၏စောင်မမှုမရှိသရွေ့ အမွေအနှစ်ကို ဘယ်တော့မှ ရယူနိုင်မည်မဟုတ်ပေ။ အမှန်တွင် အချိန်လုံလုံလောက်လောက်မရှိခြင်းသာဖြစ်သည်။

ကျင်းဟန်ဂိုဏ်း၏ သေဆုံးမှုက ဇီယွင်ဂိုဏ်းမှ ပြိုင်ပွဲငယ်လေးကို ပဉ္စမကွန်ချာ၏အပြင်ဘက်က စင်မြင့်ပေါ်တွင် တခဏ ရပ်စဥ်းစားနေမိစေသည်။ အချိန်အတော်ကြာကြာပြီးနောက် ဆဋ္ဌမကွန်ချာကိုဖြတ်ကျော်ရန် သူ့အစွမ်းအစသူ ယုံကြည်ချက်မရှိသဖြင့် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ ဤသည်က သူ့အတွက် အသက်ရှင်ရက်ထွက်နိုင်သော နောက်ဆုံးအခွင့်အရေးဖြစ်သွားနိုင်လေသည်။

ယီးကျန့်ဂိုဏ်းမှ ပြိုင်ပွဲဝင်သည်လည်း ထိုလူငယ်ထက်ပို၍ကြာမြင့်စွာ စဥ်းစားပြီးနောက် ဆက်သွားခြင်းက မိုက်မဲရာကျသည်ဟု ခံစားနေရ၍ ထွက်ခွာရန် ရွေးချယ်လိုက်သည်။

သွေးနတ်ဆိုးဂိုဏ်းမှ ဂိုဏ်းသား၊ လွန်ခဲ့သော ခုနစ်နှစ်၊ ရှစ်နှစ်က ဝမ်ယိုချိုင်နှင့်တူသော တစ်ယောက်သည် ပဉ္စမ ကွန်ချာမှ ခံစားချက်မဲ့စွာ ထွက်လာပြီး ချက်ချင်း ထိုင်ချကာ စိတ်ဝိညာဥ်စွမ်းအင်များအား ရက်အနည်းငယ်ကြာသည်အထိ စုပ်ယူလိုက်သည်။ ထို့နောက် သူနှင့် သူ၏လူသဏ္ဍာန် သွေးဝိညာဥ်သည် လီတောက်ရီ၊ ဝမ်လီဟိုင်နှင့် စုန့်ကျားနောက်မှ ဆဋ္ဌမကွန်ချာထဲ ဝင်ရောက်သွားတော့သည်။

သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲ၏ ကွန်ချာကိုးခုတွင် ခက်ခဲမှုအဆင့်သည် အထူးသဖြင့် စတုတ္ထကွန်ချာနောက်ပိုင်း ထိပ်ကိန်းနှင့်တိုးလာခြင်းဖြစ်သည်။ ထောင့်စေ့အောင် ပြင်ဆင်လာသူများအတွက်ပင်လျှင် ၄င်းမှာ ခက်ခဲနေသေးသည်။

အထူးသဖြင့် ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ နှင့် နဝမကွန်ချာတို့ဆိုလျှင် ပိုမှန်သည်။ ယခင် ပြိုင်ပွဲခုနစ်ပွဲတွင် တစ်ယောက်တည်းသာ နဝမကွန်ချာထဲ ခြေချခဲ့ဖူးလေသည်။

ထို့ပြင် ထိုပုဂ္ဂိုလ်က လီမျိုးနွယ်စု၏ ရွေးချယ်ခံတစ်ယောက်ဖြစ်သည်။

သူ့အပြင် ပြိုင်ပွဲဆယ့်သုံးဦးသာ ဆဋ္ဌမကွန်ချာကို ကျော်ဖြတ်ခဲ့ဖူးသည်။ ခြောက်ဦးသာ သတ္တမကွန်ချာကို ကျော်ဖြတ်နိုင်ခဲ့သည်။

ဆဋ္ဌမကွန်ချာမှ စတင်၍ ခက်ခဲမှုအဆင့်နှင့် ထုတ်ပယ်ခြင်းအကျိုးဆက်များမှာ အတိုင်းထက်အလွန်ရက်စက်၏။ ထို့ကြောင့် ပဉ္စမကွန်ချာပြီးနောက် အတော်များများထွက်ခွာသွားကြခြင်းပင်။ သူတို့ ပြိုင်ပွဲဝင်ရခြင်း၏ အဓိကပန်းတိုင်က အမွေအနှစ်ရယူရန်မဟုတ်ဘဲ လေ့ကျင့်ရန်သာဖြစ်သည်။

သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲမှ ရရှိသောအတွေ့အကြုံမှာ ကျင့်ကြံသူများအတွက် ရှားမှရှားသောအခွင့်အရေးဟု ပြောနိုင်လေသည်။

နောက်ထပ်ခုနစ်ရက် ကုန်ဆုံးသွားပြီးနောက်ဆုံး မန်ဟိုမျက်လုံးများ ဖွင့််လိုက်သည်။ သူ့ကိုဝန်းရံနေသော စိတ်ဝိညာဥ်စွမ်းအင်မှာ လုံးဝလွင့်ပြယ်လုနီးပါး ဖြစ်နေ၏။ သူကိုယ်တွင်းရှိ ဒုတိယတာအိုမဏ္ဍိုင်က ကိုးဆယ်ရာခိုင်နှုန်းနီးပါး ပြီးမြောက်နေလေပြီ။ ဆဋ္ဌမဝင်ပေါက်ကိုကျော်ဖြတ်ပြီးနောက် သူသည် ၄င်းအလုံးစုံပြီးမြောက်အောင် လုပ်နိုင်မည်ဖြစ်သည်။

သွေးခွေးကြီးသည် ဒဏ်ရာများလုံးဝပျောက်ကင်းလျက် အားမာန်အပြည့်ဖြင့် သူ့အရှေ့တွင် ရပ်နေ၏။ ၄င်း၏ကျင့်ကြံခြင်းအခြေခံမှာ နောက်တစ်ဖန်တိုးတက်လာသည်။ ၄င်းသည် ယခုတွင် အမြုတေဖြစ်တည်ခြင်း အလယ်အလတ်အဆင့်တွင် ဖြစ်သည်။ ၄င်း၏ခန္ဓာကိုယ်မှာ ဆယ့်ငါးမီတာအရှည်ရှိပြီး ၄င်းက တောင်ငယ်တစ်လုံးအလားပင်။ ၄င်း၏အနီရောင်မျက်လုံးများက ခက်ထန်စွာ တောက်ပနေပြီး ၄င်း၏ အနီရောင်အမွှေးဖွားဖွားများက ရှည်လျားကြော့ရှင်းနေသည်။ ၄င်း၏ ကြောက်မက်ဖွယ် သွားအရှည်ကြီးများက မျက်စိကျိန်းမတတ် တလက်လက်တောက်ပနေလေ၏။

၄င်း၏ခြေသည်းများက အထူးသဖြင့် ချောက်ချားဖွယ်ကောင်းလှသည်။ လူမျက်နှာမျှ ရှည်လျားပြီး ကမ္ဘာမြေကြီးကို အစိတ်စိတ်အမြွှာမြွှာစုတ်ဖြဲနိုင်သည်အထိ စွမ်းအားကြီးပုံပေါက်နေတော့သည်။

မန်ဟိုထရပ်သောအခါ သွေးခွေးကြီးမှာ အလွန်စိတ်လှုပ်ရှားနေပုံရသည်။ မန်ဟိုက ရှေ့လျှောက်သွားပြီး ၄င်း၏တောင်သဖွယ်ကိုယ်လုံးကြီးလည်း နောက်မှလိုက်ပါလာသည်။ ထိုမြင်ကွင်းက ကြောက်မက်ဖွယ်အတိဖြစ်နေ၍ အပြင်ဘက်တောင်ပိုင်းဒေသမှ စောင့်ကြည့်နေကြသူထောင်ပေါင်းများစွာမှာ တုန်လှုပ်နေသောနှလုံးသားများဖြင့် ကြည့်နေမိတော့သည်။ ဤမြင်ကွင်းကား သူတို့၏မှတ်ဉာဏ်များထဲ ထာဝရစွဲထင်ကျန်ရစ်နေတော့မည်ဖြစ်သည်။

"ဆဋ္ဌမကွန်ချာ......" မန်ဟိုက ၄င်းကိုကြည့်ရင်း အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် သွေးခွေးကြီးကို ကြည့်လိုက်သည်။ ၄င်း၏ရက်စက်ကြမ်းကြုတ်သောအမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။ တည်ငြိမ်သောအရိပ်အယောင်တစ်ခု ၄င်း၏မျက်လုံးများထဲ ထင်ဟပ်လာပြီး ၄င်းက မန်ဟိုပွတ်သပ်ပေးနိုင်အောင် ခေါင်းငုံပေးသည်။

"ငါ သေချာပေါက် မင်းကို ဒီကနေ ငါနဲ့အတူခေါ်သွားမယ်" မန်ဟိုက သွေးခွေးကြီး၏ပျော်ရွှင်နေသောအမူအရာကို ကြည့်၍ ပြုံးရင်းပြောသည်။ သူ၏မျက်လုံးများသည် စိတ်ပိုင်းဖြတ်ထားမှုများဖြင့် တဝင်းဝင်းလက်နေသည်။ သူက သွေးခွေးကြီး၏ခေါင်းကို နောက်ဆုံးတစ်ခေါက်ပွတ်သပ်ပေးပြီး ရှေ့သို့လျှောက်ကာ ဆဋ္ဌမကွန်ချာထဲဝင်ရောက်သွား၏။ သွေးခွေးကြီး၏ခန္ဓာကိုယ်လည်း ဖြတ်ခနဲ ဝင်ရောက်သွားသည်။

ဆဋ္ဌမကွန်ချာ။

ဤကမ္ဘာတွင် ကောင်းကင်သည် လျှပ်စီးမိုးကြိုးများဖြင့် ပြည့်နှက်နေ၏။ မန်ဟိုဝင်လိုက်သည်နှင့်တစ်ပြိုက်နက် မိုးခြိမ်းသံမျာက သူ၏နားကို ထိုးနှက်တော့သည်။ ဤကမ္ဘာမှာ သိပ်မကြီးကြောင်း ချက်ချင်း သိသာလိုက်လေသည်။

မြေကြီးသည် ပုပ်သိုးခြင်းနှင့်သေခြင်းအနံအသက်များ ထုတ်လွှတ်နေသော ရွှံ့မြေဖြစ်သည်။ အဝေးတွင်.......ဧရာမရှေးဟောင်းဘုရားကျောင်းကြီးတစ်ကျောင်း။ ဘုရားကျောင်းတစ်ခုလုံးမှာ နက်မှောင်နေပြီး ၄င်းဘေးတွင် ဧရာမကျောက်ရုပ်တုကြီးတစ်ခု။ ရုပ်တုက သာမန်ဝတ်ရုံဝတ်ဆင်ထားပြီး ၄င်း၏ညာလက်သည် ကောင်းကင်ထံသို့ မြှောက်ထား၏။ ၄င်း၏ဘယ်လက်က ဓားရိုးကို ထိထားသည်။

ဓားက....... လေလယ်တွင် မျောနေချေသည်။

ဘုရားကျောင်းမှာ ကမ္ဘာဦးအစမှဖြစ်ပုံရပြီး ရှေးဆန်သောအငွေ့အသက်တစ်ခု ထုတ်လွှတ်နေသည်။ ဤအကွာအဝေးမှကြည့်လျှင် ၄င််းက တောင်တစ်လုံးနှင့် တူ၏။ မိုးကြိုးများက ဘုရားကျောင်း၏တည်ရှိမှုကို အသိအမှတ်မပြုသဖြင့် ၄င်းကိုဖျက်စီးလိုသည့်အလား တဂျိန်းဂျိန်းပစ်ချလျက်ရှိသည်။

လျှပ်ပန်းလျှပ်နွယ်များ ဝင်းခနဲလက်သွားတိုင်း ရွှံမြေတွင် ပုံရိပ်ထင်သွားတတ်သည်။ ပိန်လှီနေသောလက်ပေါင်းများစွာက ရွှံနွံအိုင်ထဲမှ ထိုးထွက်ပြီး တစ်စုံတစ်ခုကို လှမ်း၍ဆုပ်ကိုင်နေသည်။ အဝေးတစ်နေရာမှကြည့်လျှင် လက်ကွင်းပြင်ကြီးမှာ ထာဝရဆန့်တန်းနေတော့မည့်ပုံရသည်။

ရွှံနွံများအထဲ စိတ်ဆင်းရဲဖွယ်အော်ဟစ်နေသော မျက်နှာများကိုလည်း မြင်နိုင်၏။ ယောက်ျား၊မိန်းမ၊ အသက်အရွယ်စုံလင်သည်။ ရှေ့နောက် လှုပ်ရမ်းလျက်ရှိသော ကို့ရိုးကားရား အစိမ်းရောင်လက်များက မျက်နှာများမှ ထိုးထွက်နေလျက်ရှိသည်။

မန်ဟို ဤအရာအားလုံးကို ကြည့်ပြီး ဤကမ္ဘာနှင့် မရင်းနှီးသည်သာမက အဝေးတွင်တည်ရှိနေသော ဘုရားကျောင်းကို တစ်ခါမှ မမြင်ခဲ့ဖူးသော်လည်း ၄င်း၏နာမည်ကိုတော့ ခန့်မှန်းနိုင်သေးသည်။

"ကံကြမ္မာဆိုး......" နွံအိုင်အတွင်းရှိ မျက်နှာများမှ အော်သံများ ပဲ့တင်ထပ်လာသည်။ အော်သံတွင် မရေမတွက်နိုင်သောအသံပေါင်းများစွာ အတူတကွစုပေါင်းနေ၏။ အော်သံများတွင် မသေချင်ဘဲ သေဆုံးခဲ့ရသော လူများ၏ မိုးကောင်းကင်အပေါ် အမျက်ဒေါသများဖြင့် ပြည့်နှက်နေသည်။ နှစ်ပေါင်းမည်မျှကြာကြာ ထိုအမျက်ဒေါသကား ပြေပျောက်သွားမည်မဟုတ်ပေ။ ဤသည်ကား သူတို့မျိုးနွယ်စုနာမည်၏ အစိတ်အပိုင်းတစ်ခုပင်။

ကံကြမ္မာဆိုး။

မိုးကောင်းကင်၏ စိတ်ဆန္ဒက လက်မခံခဲ့သော ရှေးကံကြမ္မာဆိုးမျိုးနွယ်စု။ မိုးကြိုးပစ်သုတ်သင်ခြင်း စေလွှတ်ခဲ့သော်လည်း မျိုးနွယ်စုက သေလိုစိတ်မရှိကြပေ။ သူတို့က သူတို့၏အထွတ်အမြတ်ဘုရားကျောင်းတည်ဆောက်ရန် မျိုးနွယ်စု၏စွမ်းအားအလုံးစုံကို စုဆောင်းခဲ့သည်။ သူတို့သည် သူတို့အပိုင်အဖြစ် ကုန်းမြေကိုသိမ်းပိုက်ခဲ့ပြီး ကောင်းကင်ကို အာခံခဲ့သည်။ ကုန်းမြေကို ထိခိုက်အောင်လုပ်၍မရသလို ဘုရားကျောင်းကိုလည်း ဖျက်စီး၍မရပေ။ ကံကြမ္မာဆိုးမျိုးနွယ်စုအား အမြစ်ဖြတ် သုတ်သင်ဖယ်ရှားခြင်းမပြုနိုင်ပေ။

ဘုရားကျောင်း၏ထိပ်တွင် မရေတွက်နိုင်သောနှစ်ပေါင်းများစွာတစ်လျှောက် သွေးများဖြင့် အထပ်ထပ်သုတ်လိမ်းခံခဲ့ရသည့်အလား နက်မှောင်နေသော ဧရာမဗုံကြီးတစ်လုံးရှိသည်။

ဘုရားကျောင်း၏အောက်ခြေ၊ ရုပ်တုကြီးဘေးတွင် ကျောက်တံခါးတစ်ချပ် တစ်ဝက်ပွင့်လာ၏။ တံခါးကိုအလှဆင်ထားသည့် သတ္တဝါရိုင်းအမျိုးမျိုး၏ ပန််းပုရုပ်တုများကို ထွန်းလင်းသွားစေသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

ရှေးဆန်သောအသံကြီးတစ်ခု မိုးခြိမ်းသံကဲ့သို့ ထစ်ခြုန်းမြည်ဟည်းလာသည်။ " သင် အကျွန်ုပ်ရဲ့ အမွေအနှစ်ကို ရယူချင်ရင် ဘုရားကျောင်းထဲ ဝင်လာခဲ့ပါ" ၄င်းက အော်သံများကို ဖုံးလွှမ်းသွားရင်း ထွက်ပေါ်လာ၏။

မန်ဟို၏မျက်လုံးများ ဖျတ်ခနဲလက်သွားပြီး သူ့ဘေးရှိ တောင်ကြီးသဖွယ် ဆယ့်ငါးမီတာအရှည် သွေးခွေးကြီးက ၄င်း၏ဘလိတ်ဓားတမျှချွန်ထက်သော သွားကြီးများကိုဖြဲရင်း ဘေးဘီဝဲယာကို စိန်းစိန်းဝါးဝါးကြည့်နေသည်။ ၄င်း၏လည်ချောင်းမှ ဆွဲဆွဲငင်ငင်အူသံကြီးထွက်လာပြီး ၄င်း၏မျက်လုံးများ ရက်စက်ကြမ်းကြုတ်သွားသည်။ ၄င်း၏ကြီးမားသောကိုယ်လုံးကြီး၊ ကြက်သွေးရောင်အမွှေးထူထူများနှင့် အရိုးများမှ ထိုးထွက်နေသည့် အချွန်အတက်များပေါင်းစပ်သွားသောအခါ ၄င်းအသွင်ကား အဆုံးစွန်ထိ ကြောက်မက်ဖွယ်ကောင်းနေတော့သည်။

ကောင်းကင်တွင် တဂျိန်းဂျိန်းမိုးထစ်ခြုန်းသွားပြီး လျှပ်စီးများ အဆက်မပြတ် တဝင်းဝင်းလက်နေ၏။ မန်ဟိုက လေပေါ် ပျံတက်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ ရှေးဟောင်းဘုရားကျောင်းထံ တန်းတန်းမတ်မတ်ဦးတည်သွားသော ရောင်စုံအလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားတော့သည်။ သူ့နောက်မှ သွေးခွေးကြီးက ဟိန်းဟောက်ပြီး လိုက်ပါလာသည်။

သူတို့နှစ်ယောက် လေပေါ်ပျံတက်လိုက်သည်နှင့်တစ်ပြိုက်နက် ရွှံ့နွံအတွင်းမှ အပြင်ထွက်နေသော လက်များက ရုတ်တရက် ဆန့်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းတို့က မန်ဟိုထံရောက်သွားပြီး သူ့ကိုဆွဲချခါနီးနေလေပြီ။

သူက အေးစက်စက်နှာမှုတ်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သစ်သားဓားနှစ်ချောင်းသည် အမြင့်ဆုံးအရှိန်ဖြင့် သူ့ကိုဝိုင်းပတ်ရင်း ပျံထွက်လာ၏။ ချဥ်းကပ်လာနေသောလက်များမှာ မန်ဟို့အနားပင်မရောက်ခင် ချက်ချင်း ဖြတ်တောက်ခံလိုက်ရသဖြင့် သွေးများ ဖွားခနဲ လွင့်စင်ထွက်ကုန်သည်။

အနက်ရောင်သွေးများက မိုးရွာကျသည့်နှယ် တဖွဲဖွဲကျလာ၏။ ဆိုးရွားသောအနံအသက်တစ်ခု လေထဲတွင် ပြည့်နှက်သွားသည်။ အမှန်တကယ်တော့ ဤတစ်ကမ္ဘာလုံးဖြစ်၏။ သွေးခွေးကြီး၏ကိုယ်ကား အနီရောင်တောက်လာသည်။ လက်တစ်ဖက်ပင်လျှင် ၄င်းကိုမထိနိုင်၊ ချက်ချင်းအပိုင်းပိုင်းစုတ်ဖြဲခံလိုက်ရမည်သာ ဖြစ်သည်။

သို့သော် မန်ဟိုနှင့် သွေးနီခွေးကြီး လမ်းတစ်ဝက်နီးပါး တဟုန်ထိုးသွားချိန်မှာပင် ရွှံအိုင်ထဲရှိ မျက်နှာအမျိုးမျိူးဆီမှ ဆောက်တည်ရာမရ စူးစူးဝါးဝါးအော်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ သူတို့ထံမှ ထိုးထွက်နေသော အစိမ်းရောင်ကပ်ပါးလက်များက ရုတ်တရက် တစ်ဖက်ပြီးတစ်ဖက် ထောင်မတ်လာသည်။ သူတို့က မန်ဟို့ထံပြေးဝင်သွားသည့် မရေမတွက်နိုင်သော ဆူးချွန်များအဖြစ် ပြောင်းသွားတော့သည်။

***

All Chapters