လီမျိုးနွယ်စုခေါင်းဆောင်ကြီး
Vol. 10 Ch. 129
အစိမ်းရောင်ဆူးချွန်မည်မျှ တဟုန်ထိုးပြေးဝင်လာသည်လဲ သဲသဲကွဲကွဲမမြင်ရပေ။ ၄င်းတို့က အလွန်လျင်မြန်ပြီး လျှပ်တစ်ပြက်အတွင်း မန်ဟို့ထံမှ မီတာတစ်ရာခန့်သာ ကွာဝေးတော့သည်။ ၄င်းတို့ကား ယခုချက်ချင်း အနားရောက်လာတော့မည့်အလားပင်။ သို့သော် ထိုအခိုက်အတန့်တွင် သွေးခွေးကြီးက ဟိန်းဟောက်ပြီး ပျံတက်သွားသည်။
၄င်း၏ဆယ့်ငါးမီတာအရှည််ကိုယ်လုံးကြီးက မန်ဟို့ကို ကာကွယ်ရန် ဖျတ်ခနဲ ပြေးဝင်သွားသည်။ မိုးထစ်ခြုန်းသံထက် ကျယ်လောင်သော ပေါက်ကွဲသံကြီးက တစ်ကမ္ဘာလုံး တသိမ့်သိမ့်တုန်လှုပ်သွားစေ၏။ သွေးခွေးကြီးဆီမှ ထုတ်လွှတ်နေသော သွေးရောင်အလင်းက လာနေသော ဆူးချွန်များကို ဝင်တိုက်လိုက်သည်။ ပေါက်ကွဲသံကြီးက အသက်ရှူချိန်ဆယ်ကြိမ်မျှ ကြာလိုက်သည်။ ထို့နောက် ဆူးချွန် တစ်ခုပြီးတစ်ခု အစိမ်းရောင်မြူငွေ့များအဖြစ် တစစီပေါက်ကွဲပျံနှံ့သွား၏။
သွေးခွေးကြီးမှာ ပင်ပန်းနေပုံပေါ်သော်လည်း အောက်ကိုငုံ့ကြည့်ပြီး ဟိန်းဟောက်ကြုံးဝါးလိုက်သည်။ ၄င်း ဘေးသို့ ဖယ်လိုက်သည်တွင် မန်ဟို အကောင်းပကတိအတိုင်း ထွက်ပေါ်လာသည်။ သူက သွေးခွေးကြီး၏ခေါင်းကို ပွတ်သပ်ပေးပြီးနောက် ရှေးဟောင်းဘုရားကျောင်းထံ ဆက်သွားလေသည်။
လူနှင့်ခွေး အတူတကွ အမြင့်ဆုံးအရှိန်ဖြင့် တဟုန်ထိုးသွားလိုက်ကြသည်။
သူတို့ ဘုရားကျောင်းမှ မီတာခြောက်ရာခန့်သာ ကွာဝေးတော့ချိန် ဆူးချွန်များ၏ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အစိမ်းရောင်မြူထုက ရုတ်တရက် စတင်ရွေ့လျားလာလေသည်။ ၄င်းက စတင် စုလာပြီးနောက် မျက်စိတစ်မှိတ်အတွင်း မန်ဟို့လမ်းကြောင်းတည့်တည့်ရှိ ဧရာမမြူစက်လုံးကြီးအဖြစ် ပြောင်းလဲသွားသည်။
မြူခိုးများက ထစ်ခြုန်းသံများထုတ်လွှတ်ရင်း ယိမ်းထိုးလှုပ်ရှားကာ ခေါင်းကြီးတစ်လုံးအသွင်ပြောင်းလာ၏။ ၄င်းသည် တဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အစိမ်းရောင်ပုံရိပ်ယောင်ကြီးဖြစ်သည်။ ၄င်းက ပါးစပ်များကို ဟလိုက်ရာ မြူငွေ့များ ထပ်ထွက်လာသည်။ ဤမြူငွေ့များတွင် မြူမြင်းများဖြင့် ပြည့်နှက်နေပြီး ၄င်းတို့က မန်ဟိုနှင့် သွေးနီခွေးကြီးထံ တန်းခနဲပြေးဝင်သွားသည်။
၄င်းတို့ ချဥ်းကပ်လာသဖြင့် မန်ဟို၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ သူက ညာလက်ကိုမြှောက်ပြီး သူတစ်ယောက်သာ နားလည်နိုင်သော ချုပ်နှောင်မန္တန်တစ်မျိူးဖြစ်သည့်လက်ကွက်ဖြင့် ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူက သွေးခွေးကြီးအပေါ်သို့ လက်ကို ဖိချလိုက်သည်။
ချုပ်နှောင်အမှတ်အသား သွေးခွေးကြီးအပေါ်ကျဆင်းသွားသောအခါ ကြက်သွေးရောင်အလင်းတစ်ခု စတင်ထွက်ပေါ်လာ၏။ ၄င်းတွင် ထိတွေ့သမျှအရာတိုင်းကို အေးခဲသွားစေသည့် အေးစိမ့်ချီတစ်ခုပါဝင်သည်။ မြူမြင်းပျံများမှာ ချက်ချင်းချုပ်နှောင်ခံလိုက်ရတော့သည်။
အောက်ဖက်ရှိလက်များ၊ မျက်နှာများ၊ ရွှံ့နွံများအားလုံး အေးခဲသွား၏။
အမွေအနှစ်ကို မရခဲ့လျှင်တော့ သွေးဝိညာဥ် သူနှင့်အတူ မရှိသောကြောင့် မန်ဟို ဤအတတ်ကို အပြင်ဘက်ကမ္ဘာ၌ အသုံးပြုနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်၏အမွေအနှစ် ရရှိထားသဖြင့် သူသည် ချုပ်နှောင်အတတ်များဖြင့် ရင်းနှီးလေသည်။ ဤအတတ်အသစ်က အတော်လေးစွမ်းအားကြီး၍ လုံလုံလောက်လောက် လေ့လာပါက သွေးဝိညာဥ်ပင်မပါဘဲ ၄င်းကို အသုံးပြုနိုင်လိမ့်မည်ဟု မန်ဟိုခံစားနေရလေသည်။
ကြက်သွေးရောင်အလင်း အရာအားလုံးကို ချုပ်နှောင်ပိတ်လှောင်ရင်း ပျံ့နှံ့နေစဥ် မန်ဟိုက ရှေ့ဆက်သွားသည်။ သူနှင့်် သွေးနီခွေးကြီးသည် ဧရာမဦးခေါင်းကြီးကို ရှောင်ရင်း ရှေးဟောင်းဘုရားကျောင်းထံ တဟုန်ထိုးဦးတည်နေကြသည်။
သူတို့နှစ်ယောက် အောင်အောင်မြင်မြင် အနားကပ်နိုင်တော့မည့်ဆဲဆဲ သေရေးရှင်ရေးအန္တရာယ်အာရုံကြီးတစ်ခုက မန်ဟိုရင်ထဲတွင် မြင့်တက်လာ၏။ ရုတ်တရက် သွေးခွေးကြီးက တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သွားပြီး သူ၏အဝတ်စကို ပါးစပ်ဖြင့်ကိုက်ကာ နောက်ဆွဲလိုက်သည်။
သုံးမီတာနီးပါး အထူရှိသော ဧရာမဓားကြီးတစ်ချောင်း မန်ဟို့အရှေ့တည့်တည့် စိုက်ကျသွားသဖြင့် ဝုန်းခနဲပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။ ၄င်းက မြေကြီးထဲ စိုက်ဝင်သွားပြီး အရပ်မျက်နှာတစ်ခွင်သို့ လှိုင်းတွန့်များ ပို့လွှတ်လိုက်သည်။ ဧရာမ အက်ကွဲကြောင်းကြီး ထွက်ပေါ်လာ၏။ တစ်ဆက်တည်းမှာပင် ရေခဲပြင်ကား ကွဲအက်သွားတော့သည်။ တခဏလေးအတွင်း အရာအားလုံးမှာ ပုံမှန်အခြေအနေပြန်ရောက်သွား၏။
လွန်ခဲ့သောအချိန်အနည်းငယ်က လေလယ်တွင်မျောနေခဲ့သော ဧရာမဓားကြီးကို ဘုရားကျောင်း၏အပြင်ဘက်၌ ရပ်နေသော ရုပ်တုကြီးက ကိုင်စွဲထားခြင်းဖြစ်သည်။
၄င်းကျဆင်းလာမှုက မန်ဟို့ကို သွေးတစ်ပွက်အန်သွားစေ၏။ သွေးခွေးကြီး သူ့ကို နောက်သို့ဆွဲခေါ်သွားစဥ် သူ၏မျက်နှာမှာ ဖြူဆုပ်နေတော့သည်။ သူတို့နောက်ဆုတ်နေကြချိန် ရုတ်တရက် ဧရာမရုပ်တုကြီးမှာ အသက်ဝက်လာပုံရသည်။ ၄င်းက ခေါင်းကို ဖြေးဖြေးချင်းငုံလိုက်ရာ ၄င်း၏အကြည့်သည် မန်ဟို့အပေါ် ကျရောက်လာ၏။ ဖော်ပြရန် ခက်ခဲသော ဖိအားတစ်ခုသည် ရုတ်တရက် သူ့ကို လွှမ်းခြုံသွားပြီး ရေတမျှအေးစက်မှုများဖြင့် ပြည့်နှက်သွားစေသည်။ ဤအရာကြီး၏ အကြည့်က သူကိုယ်ထဲရှိ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်များကို မြင်နိုင်သည့်အလားပင်။
ဤသို့ဖြစ်ပျက်နေစဥ် ရွှံအိုင်ထဲရှိ လက်များကား အပြင်သို့ ဆန့်ထွက်မနေတော့ပေ။ ထိုအစား သူတို့သည် ရုပ်တုကြီးကို ကြောက်လန့်သည့်အလား ရွှံအိုင်ထဲ တဖြေးဖြေးပြန်နစ်မြုပ်သွားသည်။ လေထဲ မျောလွင့်နေသော အစိမ်းရောင်မြူဦးခေါင်းကြီးက ခေါင်းငုံ့ပြီး ရုပ်တုကြီးကို အရိုအသေပေးလိုက်ပုံရသည်။
သို့သော် ကောင်းကင်ရှိ မိုးကြိုးလျှပ်စီးများမှာတော့ ပို၍ပြင်းထန်လာသည်။ မိုးကောင်းကင်က ရုပ်တုကြီးကို ကြွေမွသွားစေချင်သည့်အလား ၄င်း၏မျက်နှာပြင်အပေါ် မ်ိုးကြိုးများပစ်ချရင်း ရုပ်တုကြီးကိုသာ ပစ်မှတ်ထားနေသည်။
မန်ဟို့ဘေးတွင် သွေးခွေးကြီးမှာ ရုပ်တုကြီး၏တည်ရှိမှုက မခုခံနိုင်သော အားကြီးတစ်ခုအလား တဆတ်ဆတ်တုန်ရင်း ဝပ်ချလိုက်သည်။
"မိုးကြိုးပြစ်ဒဏ်က နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ကျရောက်ခဲ့တယ်။ ဒါက ဒီကွန်ချာဖြစ်တာတောင်မှ၊ ငါက သူမဟုတ်တာတောင်မှ၊ မင်းက ငါ့ဝိညာဥ်ကို ဖျက်စီးဖို့ကြိုးစားသေးတယ်......သွားစမ်း"
ရုပ်တုကြီးက ၄င်း၏ညာလက်ကို မြှောက်ပြီး လက်ဖျောက်တီးလိုက်သည်။ ဝုန်းခနဲပေါက်ကွဲသံကြီး လေထဲပြည့်နှက်သွားပြီး ရုပ်တုကြီး၏လက်မှာ တွင်းနက်ကြီးတစ်ခုအသွင် ဖြစ်လာပုံရသည်။ လျှပ်စီးများ တသိမ့်သိမ့်တုန်ခါကာ အတူတကွစုစည်းလာပြီးနောက် မရေမတွက်နိုင်သော လျှပ်စီးစက်ဝန်းများအဖြစ် ပြိိုကွဲပျောက်ကွယ်သွားတော့သည်။
တခဏအတွင်း..... ကောင်းကင်ကား မိုးကြိုးလျှပ်စီးများ ကင်းစင်သွားလေပြီ။ အရာအားလုံး တိတ်ဆိတ်သွားသည်။ မြေပြင်သည် တသိမ့်သိမ့်လှုပ်ရမ်းလာပြီး ရွှံ့နွံထဲရှိ မရေမတွက်နိုင်သောပုံရိပ်များ တဆတ်ဆတ်တုန်လာကြသည်။ မြူခေါင်းကြီးမှာ တုန်ရီရင်း ပို၍ပင်နိမ့်သွား၏။
သွေးနီခွေးကြီးလည်း ထိုနည်းတူပင်။ ဤရုပ်တုကြီး၏စိတ်ဆန္ဒမှာ ခုခံနိုင်စွမ်းမရှိသည့်အရာတစ်ခုဖြစ်ပုံရသည်။
"မင်းရဲ့ တာအိုမဏ္ဍိုင်က အမွေအနှစ်အတွက် လိုအပ်ချက်တွေနဲ့ မကိုက်ညီဘူး" ရုပ်တုကြီးက မန်ဟို့ကို အေးစက်စွာ ကြည့်ရင်း ပြောသည်။ "မင်း.......အမွေအနှစ်ကို ရယူဖို့ အရည်အချင်းမပြည့်မှီဘူး။ မင်း ပဉ္စမမန္တန်ကွန်ချာကို ကျော်ဖြတ်နိုင်ခဲ့တာကို ထည့်တွက်ပြီး ငါမင်းကို မဖျက်စီးဘူး။ ထွက်သွားစမ်း" ၄င်း၏အသံကြီး ဟိန်းထွက်လာစဥ် အရာအားလုံးတုန်ခါသွားသည်။ မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့၏ခန္ဓာကိုယ်မှာ နောက်သို့မီတာပေါင်းရာချီ လွင့်ထွက်သွားသည်။ ဧရာမတံခါးကြီးတစ်ချပ် သူ့အနားတွင် ထွက်ပေါ်လာ၏။
"ပြီးတော့ မင်း....." ရုတ်တုကြီးက တဆတ်ဆတ်တုန်နေသော သွေးခွေးကြီးကိုအေးတိအေးစက်ကြည့်ရင်း ပြောသည်။ " အဆင့် ၂ သွေးဝိညာဥ်။ မင်းက လက်နက်ဝိညာဥ်ဖြစ်လာဖို့အသာထား၊ ငါစားတာခံရဖို့တောင် မတန်ဘူး......" ၄င်း၏ဘယ်လက်သည် တဆတ်ဆတ်တုန်ရီနေသော သွေးခွေးကြီးကို ခုတ်ချရန်ပြင်ရင်း ဓားကို ဖြေးဖြေးချင်း မြှောက်လိုက်သည်။
မန်ဟို၏မျက်လုံးများ နီရဲနေလေပြီ။ သူ့နောက်တွင် တံခါးရှိသည်။ သူခြေလှမ်းလိုက်ရုံနှင့် ဆဋ္ဌမကွန်ချာမှ ထွက်သွားနိုင်၏။ သို့သော် ယခု ဖြစ်ပျက်သွားသော အရာက သူ၏ခြေလှမ်းများကို ရပ်တန့်သွားစေသည်။ အားထုတ်မှုကြောင့် သူ၏ညာခြေထောက်မှ ဂျွတ်ခနဲအသံတစ်သံထွက်လာပြီး သူ့မှာ သွေးတစ်လုပ်အန်လိုက်ရသည်။
"ဆရာကြီး၊ ကျုပ်က အမွေအနှစ်ကို ရယူဖို့အရည််အချင်းမပြည့်မှီဘူးဆိုလဲ ရပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး သူ့ကို နာကျင်အောင်မလုပ်ပါနဲ့...." မန်ဟို့အသံထွက်လာသည်တွင် သွေးခွေးကြီး တုန်ရီသွား၏။ ၄င်းမှာ မန်ဟို့ကို လှည့်ကြည့်ချင်ပါသော်လည်း ရုပ်တုကြီး၏ဖိအားက ၄င်းအတွင်းရှိ ရှေးဟောင်းတံဆိပ်အမှတ်အသားတစ်ခုခုကို အသက်ဝင်သွားစေခဲ့ပုံရသည်။ ၄င်းမှာ ခုခံနိုင်စွမ်းမရှိရင်း တုန်ရီလျက်သာနေနိုင်သည်။ ၄င်း၏ပါးစပ်မှ ခပ်သဲ့သဲ့ငြီးငြူသံလေး ထွက်လာသည်။
ရုပ်တုကြီး၏ဧရာမဓားကြီး ရပ်တန့်သွားသည်။ ၄င်းက မန်ဟို့ကို ကြည့်သည်။ "မင်း ဒီနေရာကထွက်သွားဖို့ အခွင့်အရေးကိုဆုံးရှုံးသွားပြီ" ၄င်းက တည်ငြိမ်စွာပြောသည်။ တံခါးချပ်သည် ချက်ချင်း တစစီပြိုကျလာ၏။
ဓားက လေကိုခွင်း၍ ဝှေ့ယမ်းသွားသည်။ သို့သော် သွေးခွေးကြီးထံသို့မဟုတ်၊ မန်ဟိုဆီဖြစ်သည်။ ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားပြီး မန်ဟို၏ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်သွားသည်။ သူ့မှာ သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ ရွှံ့နွံအထဲ ပြုတ်ကျသွားတော့သည်။
သူကျလာသည်နှင့် လက်များက သူ့ကို ကုတ်ဆွဲပြီး အထဲဆွဲချရန်ပြင်ကြသည်။
ဤအခိုက်အတန့်တွင် မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ ရုတ်တရက် ကန့်သတ်ခံလိုက်ရ၏။ သူ့မှာ ၄င်းကို နည်းနည်းလေးမှ လှည့်ပတ်၍မရတော့ပေ။ သူသည် ရွှံ့နွံအတွင်း တဖြေးဖြေးဆွဲချခံနေရသည်ကိုသာ ကြည့်နေနိုင်တော့သည်။
သူ၏မျက်လုံးများကား ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်လျက် နီရဲနေတော့သည်။
ဖိနှိပ်ခံထားရသော သွေးခွေးကြီးကလည်း ရုတ်တရက် စူးစူးဝါးဝါးဟိန်းဟောက်လိုက်သည်။ ၄င်းက တဆတ်ဆတ်တုန်ရီရင်း ခေါင်းမော့လိုက်သည်။ ၄င်း၏တောင်သဖွယ်ခန္ဓာကိုယ်ကြီးမှာ ရုတ်တရက် တစ်ခါမှမကြုံဖူးသောစွမ်းအားကြီးဖြင့် ပေါက်ကွဲထွက်လာ၏။
၄င်းအတွင်းမှ တဂျွတ်ဂျွတ်အက်ကွဲသံများ ကြားလိုက်ရသည်။ ၄င်းမှာ ရုတ်တရက် သွေးမီးတောက်ကြီးအသွင် ပြောင်းတော့မည့်အလားပင်။ ရုတ်တရက် ၄င်း၏ခန္ဓာကိုယ် ပြန့်ကားလာ၏။ ယခုအချိန်တွင် အရှည်အားဖြင့် မီတာသုံးဆယ်ရှိသွားလေပြီ။ ၄င်းက ရုပ်တုကြီး၏ ထိန်းချုပ်မှုအောက်မှ ဝုန်းခနဲလွတ်မြောက်သွားပြီး ၄င်းအတွင်းရှိ ရှေးဟောင်းတံဆိပ်အမှတ်အသားတစ်ခုကို ချိုးဖျက်လိုက်လေသည်။ ၄င်းသည် ဟိန်းဟောက်ရင်း လေပေါ်ပျံတက်ကာ နွံအိုင်ထဲတစ်ဝက်နစ်နေပြီးသော မန်ဟို့ထံ တဟုန်ထိုးဦးတည်သွား၏။
"ဒီတော့ သွေးဝိညာဥ်ရဲ့လောင်ကျွမ်းခြင်းတဲ့လား....." ရုပ်တုကြီးက အေးစက်စွာပြောသည်။ "သွေးဝိညာဥ်တွေက သွေးဆာတတ်ပြီး ခံစားချက်မရှိဘူး။ မင်း အဆင့် ၂ သွေးဝိညာဥ်။ မင်းက အသိစိတ်ရှိဖို့ မထိုက်တန်ဘူး" ၄င်းက ဘယ်လက်ကို မြှောက်ပြီး မန်ဟိုနှင့် သွေးခွေးကြီးတို့နှစ်ယောက်လုံးကို တစ်ခါတည်း သုတ်သင်ရန် ဓားကို ထပ်မံဝှေ့ယမ်းလိုက်သည်။
သို့သော် ရုတ်တရက် ဓားကျမလာခင် ရုပ်တုကြီး၏မျက်လုံးနှစ်ဖက်တွင် ရုန်းကန်နေသောအရိပ်အယောင်တစ်ခု ပေါ်ပေါ်လာသည်။ ဓားက လေလယ်တွင် တန့်သွား၏။
"သွေးကျွန်ရဲ့စိတ်ဆန္ဒ......" ရုတ်တုကြီးက ခက်ထန်သောအသံဖြင့် ပြောသည်။ "ချီးတဲ့မှ။ မင်းဘာလို့ ဒီတိုင်းထွက်မသွားသေးတာလဲ။ ငါ မင်းသခင်ရဲ့ အမွေအနှစ်ကို ကူညီဖို့ ကြိုးစားနေတာ။ ငါ သူ့ရဲ့အမွေအနှစ်ကို အခြားသူတစ်ယောက်ဆီ လွှဲပြောင်းပေးဖို့ လိုတယ်။ မင်း....မင်းဘာလို့ ငါ့ကို အာခံနေတာလဲ။ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲမှာ ဘာစည်းမျဥ်းမှမရှိဘူး။ ဒါကြောင့် ငါ့အတွက် မင်းကိုဝင်စီးရခြင်းက မိုးကောင်းကင်ရဲ့စိတ်ဆန္ဒပဲ" ၄င်းမျက်လုံးများအတွင်းရှိ ရုန်းကန်နေမှုသည် တစတစပျောက်ကွယ်လာ၏။
ထိုအချိန် သွေးခွေးကြီး၏ခန္ဓာကိုယ်မှာ သွေးမီးတောက်ကြီးတစ်ခုဖြင့် လွှမ်းခြုံနေသည်။ ၄င်းက ဟိန်းဟောက်ရင်း ရွှံနွံထဲဝင်တိုးလိုက်ရာ သွေးမီးတောက်မီးလျှံများ အရပ်မျက်နှာတစ်ခွင် ပြန့်ထွက်သွားသည်။ မရေမတွက်နိုင်သောလက်ပေါင်းများစွာ ချက်ချင်း မီးလောင်ပြာကျသွား၏။ ရွှံနွံများချိုင့်ဝင်သွားပြီး မန်ဟို၏ဖြူဆုပ်နေသောမျက်နှာ ပေါ်လာသည်။ သွေးခွေးကြီးက သူ့ကို ပါးစပ်ဖြင့် ကိုက်ဆွဲပြီးနောက် လေပေါ်ပျံတက်ကာ ရှေးဟောင်းဘုရားကျောင်းရှိ တံခါးပေါက်ကြီးထံ တဟုန်ထိုးပြေးဝင်သွားသည်။
၄င်းက မန်ဟို တံခါးထံရောက်စေရန် အရာအားလုံးစွန့်လွှတ်ပေးဆပ်မည့်အလား မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် တဟုန်ထိုးပျံသန်းနေ၏။
မန်ဟို၏မျက်လုံးများ ပွင့်လာပြီး သွေးခွေးကြီးကို ကြည့်လိုက်သည်။ ထို့နောက် သူက အနောက်လှည့်ကြည့််လိုက်ရာ ရုပ်တုကြီးကို မြင်လိုက်ရသည်။ ၄င်းမျက်လုံးများထဲရှိ ရုန်းကန်နေမှုမှာ အလုံးစုံနီးပါးပျောက်ကွယ်နေလေပြီ။ ၄င်းက ဓါးကြီးကို ရွှံ့အိုင်ထဲ ထိုးသွင်းလိုက်သဖြင့် ရုတ်တရက် လက်များမှ မိစ္ဆာအလင်းရောင်တစ်ခု ထုတ်လွှတ်လာသည်။ ထိုအနန္တလက်အသေင်္ချေကား မြောက်တက်လာပြီး မန်ဟို့ထံ ပျံသန်းလာ၏။
သွေးခွေးကြီးက ဝမ်းနည်းကြေကွဲနေသောမျက်ဝန်းများဖြင့် မန်ဟို့ကို ငုံ့ကြည့်သည်။ လက်အသေင်္ချေ နီးကပ်လာစဥ် ၄င်း၏ခန္ဓာကိုယ်သည် မီးတောက်များဟုန်းဟုန်းတောက်သွား၏။ ၄င်းက ခေါင်းနောက်လှန်၍ မန်ဟို့ကို ကျောက်တံခါးဆီ ပစ်ပေါက်လိုက်သည်။ ၄င်းတွင် ပေါက်စလေးတုံးကကဲ့သို့ မန်ဟို့လက်ကို လျက်ရန်ပင် အချိန်မရှိလိုက်ပေ။
၄င်းခန္ဓာကိုယ်ပတ်လည်ရှိ သွေးအလင်းရောင်မှာ တစတစပျောက်ကွယ်လာနေပြီဖြစ်ပြီး ၄င်း၏မျက်လုံးများထဲတွင် အားနည်းမှုများထင်ဟပ်နေသည်။ မရေမတွက်နိုင်သောလက်များ ၄င်းကို ဝိုင်းအုံသွားသဖြင့် ၄င်းထံမှ သေခြင်းချီတစ်ခု ထွက်ပေါ်လာတော့သည်။ လက်သန်းပေါင်းများစွာကား ၄င်းကို ရွှံ့နွံထဲ ဆွဲချသွားလေသည်။
၄င်း၏မျက်လုံးများမှာ အတိတ်ကိုပြန်ပြောင်းတမ်းတနေသည့်အလား ဝမ်းနည်းကြေကွဲမှုများပြည့်နှက်နေသည်။ ၄င်းသည် ၄င်းသခင်၏လက်ဖဝါးပေါ်တွင် မည်သို့အကြောဆန့်ခဲ့ပုံ၊ ခေါင်းပွတ်သပ်ခံရခြင်းက မည်မျှဝမ်းမြောက်ဖွယ်ကောင်းပုံတို့ကို ပြန်တွေးနေပုံရသည်။ ၄င်းမှာ ဤအရာအားလုံးကို သတိရပြီး ၄င်းသခင်အကြောင်း တွေးနေတော့သည်......
မန်ဟိုမှာ ဤအရာအားလုံးကို တွေတွေကြီးငေးကြည့်နေ၏။ သူ့ခန္ဓာကိုယ်က တစ်ဝက်ပွင့်နေသော တံခါးကို ဝင်ဆောင့်သွားပြီး သူ့ပတ်လည်ရှိ ကမ္ဘာကြီးသည် တစတစပြိုကျပျက်စီးလာသည်။ သွေးခွေးကြီးအပါအဝင် အထဲရှိအရာအားလုံး ပျောက်ကွယ်သွားသည်။ သို့သော် သူ ယခုမျက်စိဖြင့် မြင်တွေ့ခဲ့ရေသာ အရာမှာ ဘယ်တော့မှ မေ့ဖျောက်၍ရမည်မဟုတ်ပေ။
သွေးခွေးကြီး သူ၏မျက်လုံးများကို ကြည့်လိုက်သော နောက်ဆုံးအကြည့်က သူ့ကို သွေးမျက်ရည်ကျပြီး ဒေါသမီးတဟုန်းဟုန်းတောက်သွားစေသည်။
ဆဋ္ဌမကွန်ချာထဲတွင် ရုပ်တုကြီး၏မျက်လုံးများထဲရှိ ရုန်းကန်နေမှု လုံးဝပျောက်ကွယ်သွားသည်။ ၄င်း၏ညာလက်က အောက်ကျလာပြီး တဖြေးဖြေးပွင့်သွား၏။
၄င်း၏လက်ဝါးပေါ်တွင် လူတစ်ယောက်ရပ်နေသည်။ သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အလွန်တရာချောမော၏။ သူ့ဘေးရှိ လေထဲတွင် မီတာသုံးဆယ်အရှည်ရှိ သွေးနဂါးကြီးတစ်ကောင် လှည့်ပတ်နေသည်။ ဤလူသည်ကား...... လီမျိုးနွယ်စု၏ရွေးချယ်ခံ လီတောက်ရီပင်။
သူက မျက်နှာပေါ်တွင် လေးစားမှုအပြည့်ဖြင့် ရုပ်တုကြီး၏လက်ဝါးပေါ်၌ ရပ်နေသည်။ ထို့နောက် ဒူးတစ်ဖက်ထောက်ပြီး နှုတ်ဆက်လိုက်သည်။
"ဂျူနီယာ ၊ ခေါင်းဆောင်ကြီးကို အရိုအသေပေးပါတယ်"
***