← Chapters

ငါ့ကတိကို တည်ဖို့ ဒီနေရာကို ရောက်လာတာပဲ

Vol. 10 Ch. 131

ငါ့ကတိကို တည်ဖို့ ဒီနေရာကို ရောက်လာတာပဲ

Vol. 10 Ch. 131

တောင်ပိုင်းဒေသတစ်ခွင်လုံး ဆူညံပွက်ရိုက်နေသည်။ သွေးအလင်းတိုင်ကြီးခုနစ်တိုင်သည် မိုးကောင်းကင်အထိ ထိုးတက်မြင့်မားလျက်ရှိပြီး လှိုင်းဂယက်များ ထုတ်လွှတ်နေသည်။ ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်းမှ ဖြစ်ပေါ်လာသော စစ်ရထားပုံရိပ်ကြီးမှာ မြင်မြင်သမျှလူတိုင်းအား စိတ်နှလုံးတုန်လှုပ်သွားစေသည်။

တစ်ချိန်တည်းမှာပင် မန်ဟိုက သွေးအင်မိုတယ်အမွေအနှစ်နယ်မြေထဲ ခြေချလိုက်သည်။ သူ၏ခြေထောက် ဆဋ္ဌမကွန်ချာအပြင်ဘက်ရှိ စင်မြင့်အပေါ် ကျရောက်သောအခါ တစ်ကမ္ဘာလုံး တသိမ့်သိမ့်တုန်ခါသွားပြီး ကြောက်မက်ဖွယ် ထစ်ခြုန်းသံကြီး မြည်ဟည်းသွားသည်။

စင်မြင့်သည် ဆက်လက်တုန်ခါနေပြီး မန္တန်ကွန်ချာများအားလုံး အလင်းရောင်များဖြာထွက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး တလိပ်လိပ်ထနေသောမြူထုကြီးဖြင့် ဖုံးလွှမ်းသွားသည်။ မရေမတွက်နိုင်သော အစိမ်းရောင်အလင်းတန်းများ ယဇ်ပလ္လင်မှ ထိုးထွက်ကာ လေတွင်လည်ပတ်နေပြီးနောက် မန်ဟို့ထံ ပြေးဝင်လာသည်။ တလက်လက်တောက်ပနေသောအလင်းများကား မန်ဟို သူတို့ထဲကတစ်ကောင်ကို သွေးဝိညာဥ်အဖြစ် ရွေးချယ်ရန် မျှော်လင့်စောင့်စားနေသည့်အလား စိတ်လှုပ်ရှားနေကြပုံရသည်။

အစိမ်းရောင်အလင်းတချို့က သွေးနဂါးကြီး သို့မဟုတ် သွေးမှင်စာထက်ပင် ပို၍အစွမ်းထက်သော ချီဓာတ်များကို ထုတ်လွှတ်နေသည်။

ပို၍ပင် ဖော်ပြရန်ခက်ခဲသည်က မန်ဟိုအသက်ရှူသွင်းလိုက်ရုံနှင့် ဤနေရာ၏စိတ်ဝိညာဥ်စွမ်းအင်များ သူ့ထံ ပြေးဝင်လာပုံပင်။ ၄င်းတို့က သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာရာ သူ၏ကျင့်ကြံခြင်းအခြေခံမှာ စတင်လည်ပတ်လာတော့သည်။ သူအသက်တစ်ချက်ရှူလိုက်တိုင်း သူ၏ခန္ဓာကိုယ်သည် အားကောင်းသန်မာလာ၏။

လေပြင်းများ တိုက်ခတ်ပြီး တိမ်တိုက်များ တလိပ်လိပ်ရွေ့လျားကာ အမွေအနှစ်နယ်မြေတစ်ခုလုံး တုန်ခါလာသည်။ မိုးထစ်ခြုန်းသံများကား နေရာအနှံ့ တဂျိန်းဂျိန်းမြည်ဟည်းလျက်ရှိသည်။

ထူးဆန်းသော ခံစားချက်တစ်ခု မန်ဟို့ရင်ထဲတွင် ပေါက်ဖွားလာသည်။ သွေးအင်မိုတယ်၏အမွေအနှစ်က သူ့ကိုခေါ်နေသည့်အလား ထင်ရ၏။ မန္တန်ကွန်ချာ၊ စင်မြင့်၊ ချီဓာတ်၊ အရာရာတိုင်းကာ ယခင်နှင့်မတူ ခြားနားနေလေပြီ။

အမှန်ပင် အပြင်ဘက်တောင်ပိုင်းဒေသရှိ လူများမှာ ဤအရာတစ်ခုကိုမှ မမြင်ရပေ။ အတွင်းတွင် ဖြစ်ပျက်နေသောအရာမှာ သူတိုထံမှ ဖြတ်တောက်ခံထားရသည်။ ပုံရိပ်သေးသေးလေးတစ်ခုပင် မမြင်ရပေ။ မည့်သည့်အရာကိုမဆို မြင်နိိုင်သူမှာ..... လီတောက်ရီသာဖြစ်သည်။ သူသည် ယခုတွင် သတ္တမကွန်ချာကို ကျော်ဖြတ်ပြီး၍ ၄င်းအပြင်ဘက်စင်မြင့်ပေါ်တွင် ရပ်နေသည်။ သူ၏မျက်နှာမှာ တင်းမာခက်ထန်နေပြီး သူ၏မျက်လုံးများသည် စူးရှလင်းလက်နေသည်။ သူက ဆဋ္ဌမကွန်ချာအပြင်ဘက် စင်မြင့်တွင်ရပ်နေသော မန်ဟို့ကို စိန်းစိန်းဝါးဝါးလှည့်ကြည့်လိုက်သည်။

သူ့ဘေးတွင် လီမျိုးနွယ်စုခေါင်းဆောင်ကြီး ဝင်စီးထားသော မီတာသုံးထောင်အရှည် သွေးနဂါးကြီးရှိသည်။ ၄င်းလည်း မနာဝန်တိုမှုများနှင့်အတူ ဖော်ပြရခက်သော ရှုပ်ထွေးနေသည့်အမူအရာတစ်ခုဖြင့် မန်ဟို့ကို ကြည့်နေသည်။

"ဒီတော့ အမွေအနှစ်က သူနဲ့ သက်ဆိုင်တာပေါ့လေ........" လီတောက်ရီက ခေါင်းမော့ကြီး အားပါးတရအော်ရယ်ပစ်လိုက်သည်။ " ငါ့ဘဝမှာ တခြားသူတွေရသင့်ရထိုက်တဲ့ အမွေအနှစ်တွေကို လုယူရထက်ပိုပြီး ဘာကိုမှသဘောမကျဘူး။ ဘယ်လောက်ကောင်းလိုက်တဲ့ ခံစားချက်လဲကွာ"

ရယ်သံ မန်ဟို့နားထဲရောက်လာသောအခါ သူက ခေါင်းမော့လိုက်ရာ နက်နဲသိမ့်မွေ့သောဉာဏ်အလင်းအကြည့်တစ်ခုက သူ၏မျက်လုံးများထဲတွင် တောက်ပနေ၏။ သူက လီတောက်ရီကို ပြင်းထန်သောသတ်ဖြတ်လိုစိတ်များဖြင့် ကြည့်လိုက်သည်။

သူက နောက်မှပြေးလိုက်မသွားပေ။ ထိုအစား ညာလက်ကို မြှောက်လိုက်ရာ သူ့အရှေ့ရှိ အစိမ်းရောင်အလင်းတန်းများအားလုံး နောက်ဆုတ်သွားသည်။ သူသည် ထိုအလင်းတစ်ခုကိုမှ သူ၏သွေးဝိညာဥ်အဖြစ် မရွေးချယ်ခဲ့ပေ။

"ငါ့မှာ သွေးဝိညာဥ်တစ်ကောင်ပဲ ရှိတယ်" သူက ခေါင်းမာစွာဖြင့် တစ်ယောက်တည်းပြောလိုက်သည်။

သူသည် သတ္တမကွန်ချာထဲ မဝင်ရောက်ဘဲ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက်လုံး မည်သည့်ပြိုင်ပွဲမှ မလုပ်ခဲ့ဖူးသော အရာတစ်ခုကို လုပ်လိုက်သည်။ သူက...... ချာခနဲလှည့်ပြီး ဆဋ္ဌမကွန်ချာထဲ ပြန်ဝင်သွား၏။

"ငါ မင်းကိုရှာပြီး ဒီကနေ ငါ့အတူ မင်းကိုခေါ်ထုတ်သွားမယ်လို့ ကတိပေးတယ်" သူက ခပ်တိုးတိုးပြောပြီးနောက် ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအခါမိုးကောင်းကင်တွင် လျှပ်ပန်းလျှပ်နွယ်များ တလက်လက်ထနေသည်။ မြေပြင်ကိုဖုံးလွှမ်းလျက်ရှိသော ရွှံအိုင်ထဲမှ လက်ပေါင်းများစွာ ဆန့်ထွက်နေ၏။ အဝေးတွင် ဧရာမရုပ်တုကြီးက နက်မှောင်နေသော ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်းဘေးတွင် မလှုပ်မယှက်ရပ်နေဆဲဖြစ်သည်။

၄င်းက ယခင်ကမ္ဘာသာဖြစ်သော်လည်း မန်ဟိုကတော့ အရင်မန်ဟိုမဟုတ်တော့ပေ။

သူ့သည် အနာအဆာမဲ့ချီအခြေတည်အဆင့်တွင် မဟုတ်တော့၊ သူ၏ လျင်မြန်စွာ ဆက်နေသောတာအိုမဏ္ဍိုင်က သူ့ကို ဒဏ္ဍာရီလာ ပြီးပြည့်စုံသောအခြေတည်ခြင်းအဆင့်သို့ တွန်းပို့ပေးခဲ့သည်။

ဆဋ္ဌမကွန်ချာအတွင်း ခြေချလိုက်သည်နှင့်တစ်ပြိုက်နက် သူက သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်လွှတ်ရင်း လေပေါ်ပျံတက်လိုက်သည်။ သူ အသက်တစ်ချက်ရှူသွင်းလိုက်ရာ အရာအားလုံးတုန်ခါသွား၏။ မိုးကြိုးလျှပ်စီးများ တဝင်းဝင်းလက်လာပြီး မြေငလျင်တို့လှုပ်ခတ်လာသည်။ သူ၏ပြီးပြည့်စုံသော အခြေကြောင့် မန်ဟိုသည် အပြင်ဘက်ကမ္ဘာတွင် စိတ်ဝိညာဥ်စွမ်းအင်အနည်းငယ်ပင် မစုပ်ယူနိုင်ခဲ့သော်လည်း ဤနေရာမှာ မန်ဟို့ထံ တဟုန်ထိုးပြေးဝင်လာသော စိတ်ဝိညာဥ်စွမ်းအင်များစွာဖြင့် ပြည့်နှက်နေသည်။ အသက်ရှူနေချိန် မန်ဟိုသည်...... ဤကမ္ဘာ၏အရှင်သခင်အလား ခံစားနေရတော့သည်။

ကောင်းကင်တွင် မိုးထစ်ခြုန်းသံများ ပဲ့တင်ထပ်နေပြီး မန်ဟို၏ဆံပင်ရှည်ရှည်များသည် တလွင့်လွင့်ဖြစ်လျက်ရှိ၏။ သူက ညာလက်ကိုမြှောက်ပြီး အောက်ရှိမြေကြီးထံသို့ ဝှေ့ယမ်းလိုက်သည်။

သူ၏လက်ဝါး နိမ့်ဆင်းလာစဥ် ရွှံ့အိုင်မှာ တဖြေးဖြေးတုန်ရီလာ၏။ လှမ်းဆွဲနေသောလက်များ ရုတ်တရက် ရပ်သွားပြီး မရေမတွက်နိုင်သော မျက်နှာများအားလုံး မန်ဟို့ကို ကြည့်လိုက်ကြသည်။ သူတို့၏အမူအရာများကား ရန်လိုခြင်းမရှိတော့ဘဲ လေးစားကြည်ညိုခြင်းများ၊ စိတ်လှုပ်ရှားမှုများဖြင့်ပင် ပြည့်နှက်သွားကြသည်။

ရုတ်တရက် ဧရာမအက်ကွဲကြောင်းကြီးက မြေကြီးနှင့်ရွှံ့အိုင်ကို ဟက်တက်ခွဲသွား၏။ ၄င်းသည် လက်နှင့်မျက်နှာများကိုပါ တစ်ခါတည်းခွဲသွားရင် ကျယ်သထက်ကျယ်၊ နက်သထက်နက်လာသည်။ မန်ဟိုက ၄င်းထံပျံဆင်းလိုက်သည်။

သူချဥ်းကပ်လာစဥ် ရွှံ့အိုင်သည် သူ့ကိုအလွန်တရာကြောက်ရွံ့သည့်အလား သူ့အနားမကပ်သဖြင့် ဘေးသို့ရွေ့သွားသည်။

မန်ဟိုက ပြတ်သားသောအငွေ့အသက်များ ထုတ်လွှတ်ရင်း လျှပ်စီးကဲ့သို့ ၄င်းအတွင်း တဟုန်ထိုးဆင်းသွားသည်။ အက်ကြောင်းသည် ကျယ်သထက်ကျယ်လာပြီး အသက်ရှူချိန်အနည်းငယ်လေးအတွင်း မန်ဟို ရပ်လိုက်သည်။ အက်ကြောင်းကြီးကျယ်လာချိန်မှာပင် အတွင်းထဲ၌..... အလောင်းတစ်လောင်းကို သူမြင်လိုက်ရသည်။

၄င်းက မီတာသုံးဆယ်အရှည်မရှိတော့ပေ။ သွေးခွေးကြီးဖြစ်နေသေးသော်လည်း လက်ဝါးအရွယ်သာ ရှိသည်။ ၄င်း၏မျက်လုံးများပိတ်နေပြီး ရွှံများဖုံးလွှမ်းလျက်ရှိသော ၄င်းကိုယ်ပေါ်တွင် အမွှေးများအား ဟိုတစ်ကွက်၊ သည်တစ်ကွက်မြင်ရသည်။ ၄င်းအမွှေးများမှာ ရဲရဲမနီနေတော့ဘဲ ခဲရောင်သမ်းနေချေပြီ။ ၄င်းမှာ ရက်စက်ကြမ်းကြုတ်ခြင်းမရှိတော့ပေ။ ထို့ပြင် ချစ်စရာကောင်းသော အမွှေးဖွားဖွားခွေးပေါက်စေလေးမှာ ယခုတွင် မန်ဟို၏ထာဝရမှတ်ဉာဏ်များထဲတွင်သာ တည်ရှိတော့သည်။

၄င်း ကြီးပြင်းလာခဲ့ပုံ၊ တအီအီအသံလေးများဖြင့်အော်လိုက်၊ အမွှေးလေးများတလှုပ်လှုပ်နှင့် သူ့ခြေထောက်ပတ်၍ပြေးလွှားတတ်ပုံတို့ကို သူပြန်တွေးမိသည်။

မန်ဟိုခေါင်းထဲတွင် အတိတ်ကမြင်ကွင်းများ အစီအရီပြန်ပေါ်လာ၏။ သူ့နှင့် သွေးခွေးကြီး တတိယကွန်ချာတွင် အတူတူတိုက်ပွဲဝင်ခဲ့ပုံကို ပြန်တွေးမိသည်။ စတုတ္ထကွန်ချာ၏သဲကန္တာရတွင် ပျော်ပျော်ရွှင်ရွှင်ခုန်ပေါက်နေတတ်သော ၄င်းပုံလေးကို ပြန်မြင်ယောင်မိသည်။

ပဉ္စမကွန်ချာတွင် သူအဆိပ်ထသဖြင့် သေမျိုးလူသားသဖွယ် ဖြစ်နေခဲ့ချိန် သွေးနီခွေးကြီး မည်သည်ကိုမှအမှုမထားဘဲ သူ့ကို ကာကွယ်ခဲ့ပုံကို ပြန်တွေးမိသည်။ တိုက်ပွဲပြီးတိုင်း သူထံတွားသွားလာပြီး သူ့လက်ကိုလျက်ကာ သတိကြီးကြီးစောင့်ကြည့်ပေးခဲ့ပုံတို့ကို ပြန်မြင်ယောင်မိသည်။

သူက ၄င်းကို ထွက်သွားခိုင်းခဲ့သော်လည်း ၄င်းက နေရန်သာ ရွေးချယ်ခဲ့၏။

နောက်ဆုံး ဆဋ္ဌမကွန်ချာတွင် ၄င်းက အသက်ကိုပင် စတေး၍ သခင့်ကိုကူညီရန် ရွေးချယ်ခဲ့သည်။ မန်ဟို နောက်ဆုံးမှတ်မိသည့်အရာမှာ လက်အသေင်္ချပေါင်းများစွာ ၄င်းကို သူ့လက်လျက်ရန် အခွင့်အရေးပင်မပေးဘဲ ဆွဲချသွားခဲ့သောမြင်ကွင်းပင်။

"ငါ မင်းကို ဒီနေရာမှာ သေခွင့်မပေးနိုင်ဘူး။ မင်းကို မျက်စိပိတ်ထားဖို့ ခွင့်မပြုဘူး" မန်ဟို၏မျက်လုံးများသည် သွေးကြောများဖြင့် ပြည့်နှက်နေ၏။ သူ့လက်တစ်ဖက်က သွေးခွေးကြီး၏ကိုယ်သေးသေးလေးအပေါ် ကျရောက်လာသည်။ နောက်တစ်ဖက်က ကောင်းကင်ထံ မြှောက်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကား တဝုန်းဝုန်းထကြွလာ၏။ မန်ဟို၏ တာအိုမဏ္ဍိုင်ရှိ အက်ကြောင်းမှာ လုံးဝချိတ်ပိတ်ခံလိုက်ရသဖြင့် အရာအားလုံးတုန်ခါသွားသည်။

ဤသို့ဖြစ်ပျက်သွားသောအခါ မန်ဟို၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။ သူသည် သူ့ကိုယ်တွင်း၌ မယုံကြည်နိုင်ဖွယ်စွမ်းအားတစ်ခု ခံစားလိုက်ရ၏။ ကောင်းကင်နှင့်မြေကြီးအကြားရှိ လှည့်ပတ်ခြင်းစွမ်းအားမဟုတ်၊ သူ၏ကိုယ်ပိုင်ကောင်းကင်နှင့်မြေကြီးကိုတည်ဆောက်နေသော လှည့်ပတ်ခြင်းစွမ်းအားတစ်ခုဖြစ်သည်။

ဤအခိုက်အတန့်တွင် သူသည် ပတ်ဝန်းကျင်မှ စိတ်ဝိညာဥ်စွမ်းအင်များကို စုပ်ယုခြင်းမဟုတ်တော့၊ သူက ၄င်းကို အတင်းအဓမ္မလုယက်နေခြင်းပင်။

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဥ်စွမ်းအင်မှာ သူ၏ခန္ဓာကိုယ်အတွင်းသာ ဝင်ရောက်နိုင်ပြီး ပြန်လည်စိမ့်ထွက်နိုင်ခြင်းမရှိ။ သူက ဘယ်တော့မှ ပြန်လည်ကုသ၍မရသော ကောင်းကင်နှင့်မြေကြီးရှိ ဒဏ်ရာတစ်ခုသဖွယ် သူထံရောက်လာသောစိတ်ဝိညာဥ်စွမ်းအင်များကား ဘယ်တော့မှ ပြန်ထွက်မသွားနိုင်တော့ပေ။

သူ၏မျက်လုံးများသည် ထူးဆန်းသောအလင်းတစ်ခုဖြင့် လင်းလက်နေပြီး သူ၏ဆံနွယ်များက လေတွင် တလွင့်လွင့်ဖြစ်လျက်ရှိသည်။ သူ၏ချီသည် အားကောင်းသထက် အားကောင်းလာပြီး သူ့တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းဖြာထွက်နေသည်။ သူက လျာဖျားကို ကိုက်၍ သွေးအနည်းငယ်ထွေးထုတ်လိုက်သည်။ သွေးစက်များက သွေးခွေးကြီး၏အလောင်းပေါ် ကျသွားပါသော်လည်း ၄င်းမှာ စုပ်ယူနိုင်စွမ်းမရှိပေ။

"မင်းက ငါ့သွေးကြောင့် မွေးဖွားလာခဲ့တယ်။ ဘာမှမသိနားမလည်တာကနေ အသိစိတ်ရှိလာခဲ့တယ်....." မန်ဟိုက သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သူ့လက်ဖဝါးအပေါ် သွေးများစုခဲလာပြီး သွေးစက်လုံးအသွင်ပြောင်းသွား၏။ ထို့နောက် သူက သွေးခွေးကြီးအပေါ် ဖိချကာ အတင်းအကြပ်စုပ်ယူစေလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ကျင့်ကြံခြင်းအခြေခံ ပေါက်ကွဲထွက်သွားပြီး သူက ဆဋ္ဌမကွန်ချာအတွင်းရှိ စိတ်ဝိညာဥ်စွမ်းအင်အလုံးစုံကို စတင်စုပ်ယူတော့သည်။ မန်ဟိုက အရာအားလုံးအား သူထံ တဟုန်ထိုးပြေးဝင်လာစေသည့် တွင်းနက်ကြီးအလားပင်။

အကန့်အသတ်မဲဲ့ စိတ်ဝိညာဥ်စွမ်းအင်များ သူ့ကိုယ်ထဲ စီးဝင်လာပြီးနောက် သူက သွှေးခွေးကြီး၏ ခန္ဓာကိုယ်အတွင်း လွှဲပြောင်းပေးလိုက်သည်။ အချိန်များ ကုန်လွန်သွား၏။ မြေပြင်ကိုဖုံးလွှမ်းလျက်ရှိသော ရွှံ့နွံများ ခြောက်ကပ်လာပြီး လက်များ၊ မျက်နှာများ တစစီပဲ့ကျလာသည်။ မိုးကြိုးလျှပ်စီးများပင်လျှင် စွမ်းအားများအဖြစ် ပြိုကွဲသွားပြီး မန်ဟို၏စုပ်ယူခြင်းခံလိုက်ရတော့သည်။

ကောင်းကင်သည် မှေးမှိန််သွားပြီး အက်ကြောင်းများ ပျံ့နှံ့လာသည်......

အဝေးရှိ ရုပ်တုကြီးမှာ တစစီပြိုကျလာ၏.......

ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်းသည် ဝေဝါးလာပြီးနောက် တစတစပျောက်ကွယ်သွားသည်။ တစ်ကမ္ဘာလုံးကား သုဿန်တစပြင်ပမာ တိတ်ဆိတ်သွား၏။ မန်ဟိုနှင့် သွေးခွေးကြီးသာ ကျန်ရစ်ခဲ့သည်.......

၄င်း၏ခန္ဓာကိုယ် တဆတ်ဆတ်လှုပ်လာသည်။ ၄င်းမှာ မျက်လုံးများဖွင့်ရန် ကြိုးစားနေရပုံပေါ်သည်။ တဖြေးဖြေး ၄င်းက မျက်လုံးများဖွင့်ပြီး မန်ဟို့ကို ကြည့်သည်။

ဝုန်း

ဆဋ္ဌမကွန်ချာတစ်ခုလုံး ပြိုကျပျက်စီးလာလေပြီ။ မန်ဟိုက သူ့လက်ကို ပြန်ရုတ်လိုက်သည်။ သွေးခွေးကြီး၏ခန္ဓာကိုယ်မှာ တုန်ရီနေသော်လည်း ၄င်း၏မျက်လုံးများမှာ အသက်မီးလျှံများဖြင့် ပြည့်နှက်နေသည်။ ပတ်ပတ်လည်ရှိ ကမ္ဘာကြီးပြိုကျပျက်စီးနေစဥ် ၄င်းက တဖြေးဖြေးထရပ်လိုက်သည်။

၄င်းက အသက်အစစ်မဟုတ်သဖြင့် အမှန်တကယ် မသေဆုံးခဲ့ပေ။ ၄င်းသည် သွေးဝိညာဥ်တစ်ကောင်ဖြစ်သောကြောင့်....ပြန်လည်မွေးဖွားနိုင်၏။

သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက်လုံးတွင် မည်သည့်သွေးဝိညာဥ်မှ ပြန်လည်မွေးဖွားလာခြင်းမရှိခဲ့ဖူးပေ။ ၄င်းက...... ပထမဆုံးဖြစ်သည်။ ၄င်းမျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က ၄င်းကို ဘာမှမသိသော ခွေးပေါက်စလေးမှ အသိစိတ်ရှိသော ဝိညာဥ်အဖြစ် ပျိုးထောင်ပေးခဲ့သည့် သူ့သခင်ပင်။

ဝေါင်းးးးးးးး

သွေးနီခွေးကြီးက ခေါင်းထောင်ပြီး မိုးခြိမ်းတမျှ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ၄င်း၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြန့်ကားလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းက မီတာခြောက်ဆယ်အရှည်ရှိသွားလေပြီ။ အမွှေးထူထူများကား အနီရောင်မဟုတ်တော့ဘဲ ခရမ်းရောင်ဖြစ်၏။

၄င်း၏အမွှေးမှာ ခရမ်းရောင်ဖြစ်ပြီး ၄င်း၏ကိုယ်ထည်ကြီးက တောင်ကြီးတစ်လုံးအလားပင်။ အရိုးချွန်များ ၄င်း၏ခြေလက်များထံ ထွက်လာပြီး ၄င်းခေါင်းထိပ်မှ ရှည်လျားသော ဦးချွန်ကြီးတစ်ခုထိုးထွက်လာသည်။ ၄င်းသွားများက ရှည်လျားချွန်ထက်နေသည်။ ဤအရာအားလုံးက ခွေးကြီးကို ပို၍ပင်ကြောက်မက်ဖွယ်ကောင်းသွားစေပြီး ယခင်ထက်ပို၍ စွမ်းအားကြီးသွားစေ၏။

ဤကမ္ဘာအတွက် ၄င်းက ရက်စက်ကြမ်းကြုတ်၍သွေးဆာနေသော ခွေးကြီးတစ်ကောင်ဖြစ်သည်။ ၄င်းသည် ခံစားချက်ကင်းမဲ့ပြီး သွေးအေးသော သွေးဝိညာဥ်တစ်ကောင်ပင်။ သို့သော် လူတစ်ယောက်ကတော့ ၄င်းကို ခွေးပေါက်လေးသဖွယ် ပြုမူစေနိုင်သည်။ ၄င်းကို သူ့အား လျက်စေနိုင်သည်။ သူ့ခေါင်းကို ပွတ်သပ်ပေးတတ်သည်။

ဤကမ္ဘာကြီးတွင် ဤကဲ့သို့ လူတစ်ယောက်တည်းသာ ရှိသည်။

***

All Chapters