ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်
Vol. 10 Ch. 132
မန်ဟို စင်မြင့်အပေါ် ပြန်ထွက်လာပြီး သူ့အနောက်တွင် ဆဋ္ဌမကွန်ချာကား အလုံးစုံပျက်စီးကျန်ခဲ့၏။ အပြင်ဘက်ကမ္ဘာမှ စောင့်ကြည့်သူများသာ ဤသည်ကိုမြင်လျှင် အံသြမှင်သက်သွားကြမည် ဖြစ်သည်။
သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက်လုံးတွင် မန္တန်ကွန်ချာဖျက်စီးခံခဲ့ရသည်ဟူ၍ တစ်ခါမှမရှိခဲ့ဖူးပေ။
သို့သော် ဤတင်မရပ်သေး........ ဆဋ္ဌမကွန်ချာ ပြိုကျလာရုံတင်မက ပဉ္စမကွန်ချာလည်း တုန်ခါလာသည်။ ၄င်းသည် ဝုန်းခနဲ ပေါက်ကွဲသွားပြီး စိတ်ဝိညာဥ်စွမ်းအင်အမြောက်အမြား ပျံ့နှံ့လာ၏။
စိတ်ဝိညာဥ်စွမ်းအင်များက ချက်ချင်း မန်ဟိုနှင့် သွေးခွေးကြီးထံ ပြေးဝင်လာရာ သူတို့နှစ်ယောက်လုံးစုပ်ယူလိုက်ကြသည်။ အကန့်အသတ်မဲ့ စိိတ်ဝိညာဥ်စွမ်းအင်များကား မန်ဟိုကိုယ်ထဲတွင် တဝုန်းဝုန်းထကြွနေတော့သည်။
ဤအခိုက်အတန့်တွင် သူ၏ဒုတိယတာအိုမဏ္ဍိုင် ဖြစ်ပေါ်လာသည်။ ၄င်းက အက်ရာသေးသေးလေးပင် မရှိဘဲ ပြီးပြည့်စုံ၏။ ဒုတိယတာအိုမဏ္ဍိုင်။ မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ အရှိန်အဟုန်ပြင်းစွာ ထိုးတက်သွားတော့သည်။
အတိုင်းထက်အလွန် စွမ်းအားကြီးသော ချီတစ်ခု မန်ဟို့ထံမှ ထွက်ပေါ်လာပြီး မန်ဟို၏ခန္ဓာကိုယ်မှာ တဖျပ်ဖျပ်လက်နေ၏။ သူ့အနောက်တွင် ဒုတိယကွန်ချာနှင့် တတိယကွန်ချာ ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ပြိုကျလာသည်။ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲတစ်ခုလုံးကာ ရှစ်ကြိမ်မြောက်ပြိုင်ပွဲထက်ပို၍ သွားနိုင်တော့မည့်ပုံမပေါ်ပေ။
မန်ဟိုက ခေါင်းမော့ပြီး သတ္တမကွန်ချာကို လှမ်းကြည့်သည်။ သူက သတ်ဖြတ်လိိုစိတ်များပြည့်နှက်နေသော မျက်ဝန်းများဖြင့် ၄င်းအထဲ လျှောက်ဝင်သွားးသည်။
သွေးခွေးကြီးက ခေါင်းထောင်၍ ဟိန်းဟောက်ပြီးနောက် အလင်းတန်းအသွင်ပြောင်းကာ မန်ဟိုနောက်မှ သတ္တမကွန်ချာထဲဝင်ရောက်သွားသည်။
သတ္တမကွန်ချာအတွင်းတွင် ကြောက်မက်ဖွယ် သွေးစကားလုံးကြီးများရေးထိုးထားသော ဧရာမသင်္ချိုင်းဂူကြီးရှိသည်။
မိုးကောင်းကင်၏သင်္ချိုင်း ။
မန်ဟို အထဲခြေချလိုက်သည်နှင့်တစ်ပြိုင်နက် မိုးကောင်းကင်၏သင်္ချိုင်းဂူသည် တုန်ခါလာ၏။ သစ်သားအခေါင်းပေါ်တွင် အက်ကွဲကြောင်းများထလာပြီး မရေမတွက်နိုင်သော အရိုးဖြူဖြူများမှာ ပြာများအဖြစ် အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားသည်။ ပျက်စီးစုတ်ပြတ်နေသောအလံမှ အနက်ရောင်မြူခိုးတစ်ခု ထွက်ပေါ်လာသည်။
ဝုန်း
မိုးကောင်းကင်၏သင်္ချိုင်း မီးတောင်သဖွယ် ပေါက်ကွဲထွက်သွားသဖြင့် နားကွဲလုမတတ်ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။ အပိုင်းသုံးပိုင်းခွဲထားသော အလံက တလွင့်လွင့်မြောက်တက်လာသဖြင့် မန်ဟို ၄င်းကို မျက်လုံးများကျဥ်းမြောင်းလျက် ကြည့်လိုက်သည်။ တခဏအတွင်း ၄င်းသည် သတ္တမကွန်ချာမှ တဟုန်ထိုးထွက်ပြီး နဝမကွန်ချာအလွန်ရှိ ယဇ်ပလ္လင်နှင့်ကျောက်ခုံထံ တန်းတန်းမတ်မတ် ပျံသန်းပျောက်ကွယ်သွားသည်။ အလံသည် ပြောင်ချာချာမျက်နှာဖုံးနှင့် အရိုးစုကို ကျော်ဖြတ်ပျံသန်းပြီး အရိုးစု၏ အနက်ရောင်ဦးခေါင်းကြီးအပေါ်ရှိ ဆံပင်ဖြူသုံးချောင်းအသွင်ပြောင်းသွားသည်။
တစ်ချိန်တည်းမှာပင် သတ္တမကွန်ချာသည် မန်ဟို့မျက်စိရှေ့မှာပင် အစိတ်စိတ်အမြွှာမြွာ ပြိုကျလာ၏။ ၄င်းပြိုကျလာခြင်းနှင့်အတူ စိတ်ဝိညာဥ်စွမ်းအင်အမြောက်အမြား သူ့ထံသို့ တဝေါဝေါပြေးဝင်လာသည်။
ဤကြီးကျယ်ခမ်းနားသော စိတ်ဝိညာဥ်စွမ်းအင်များ၏ မဖော်ပြနိုင်လောက်သော အားကြီးက မန်ဟို့ကိုယ်ထဲတွင် တတိယတာအိုမဏ္ဍိုင် စတင်ပေါ်ပေါက်လာသေသည်။ သူက သတ္တမကွန်ချာ၏အလင်းတိုင်အပေါ် ရပ်ရန် ရှေ့ဆက်လျှောက်သွားသည်။ သူ့နောက်တွင် ဒုတိယ၊ တတိယနှင့် စတုတ္ထကွန်ချာတို့အားလုံး တစစီပြိုကျကုန်၏။ ယခုအချိန်တွင် အပြန်လမ်းမရှိတော့ပေ။ ပဉ္စမကွန်ချာတစ်ခုတည်းသာ သူ့အနောက်ကျန်ရစ်ခဲ့ပြီး ၄င်းသည်လည်း ပြိုကျတော့မည့်အရိပ်အယောင်များ ပြနေလေပြီ။
ကွန်ချာများစွာ ပြိုကျသွားခဲ့၍ ထွက်လာသည့် စိတ်ဝိညာဥ်စွမ်းအင်များက အမွေအနှစ်နယ်မြေ၏ ကောင်းကင်ကို လွှမ်းခြုံသွားသော မြူတိမ်တိုက်ကြီးတစ်ခုဖြစ်သွားတော့သည်။ မြူများက မန်ဟို့ကို အလယ်ဗဟိုတွင်ထား၍ လေဆင်နှာမောင်းကြီးအသွင် လည်ပတ်လာသည်။
အဝေးမှာကြည့်လျှင် ထိုမြင်ကွင်းကား အံသြတုန်လှုပ်ဖွယ် အတိပင်။
မန်ဟိုက စိတ်ဝိညာဥ်စွမ်းအင်များကို စုပ်ယူလိုက်သည်။ သွေးခွေးကြီးလည်း ထိုနည်းတူပင်။
လူနှင့်ခွေး၏ ကျင့်ကြံခြင်းအခြေခံနှစ်ခုလုံး ထိုးတက်လာသည်။ မန်ဟို၏သွေးအေးသောမျက်လုံးများက အဋ္ဌမကွန်ချာကို စိုက်ကြည့်လိုက်သည်။ ထိုနေရာရှိ ပုံရိပ်မှာ ဝေဝါးနေသော်လည်း မန်ဟို့ကို လှည့်ကြည့်လိုက်သော လီတောက်ရီမှတစ်ပါး အခြားသူမဟုတ်နိုင်ပေ။
"သူ ကွန်ချာတွေကို ဘယ်လိုလုပ် ဒီလောက်မြန်မြန်ဖျက်စီးနိုင်တာလဲ" လီတောက်ရီ ရင်တဒိန်းဒိန်းခုန်နေ၏။ မန်ဟိုက အမွေအနှစ်၏ ဆက်ခံအလောင်းအလျာဆိုသည်ကို သူသိသော်လည်း အံသြတုန်လှုပ်ဖွယ်ကောင်းနေသေးသည်။
သွေးနဂါးကြီးက ဟိန်းဟောက်လိုက်သည်။ "ဒီကွန်ချာတွေက သူရောက်လာမှာကို စောင့်နေခဲ့တာ။ သူတို့အားလုံး သူ့အတွက်လမ်းရှင်းပေးဖို့ သူ့တို့ဘာသာသူတို့ ဖျက်စီးနေကြတာပဲ။ ဒါပေမယ့် သွေးအင်မိုတယ်က သေသွားပြီ။ မင်းမြန်သင့်သလောက်မြန်နေသရွေ့ အမွေအနှစ်က မင်းအပိုင်ဖြစ်လိမ့်မယ်"
အေးစက်သောအလင်းရောင်တစ်ခု လီတောက်ရီ၏မျက်လုံးများအတွင်း ဖြတ်ပြေးသွားပြီး သူက ချက်ချင်း နဝမကွန်ချာဆီ ဝင်ရောက်လိုက်သည်။
"အမွေအနှစ်က မင်းအပိုင်ဖြစ်ရင်ဖြစ်လိမ့်မယ်....." သူက ပြောသည်။ "ဒါပေမယ့် ငါအခု ဒီကိုရောက်နေပြီ။ ငါ မင်းမျက်စိရှေ့မှာပဲ လုယူပြမယ်"
လီတောက်ရီနှင့် စိုးရိမ်ပူပန်နေသော သွေးနဂါးကြီး နဝမကွန်ချာထဲ ဝင်ရောက်သွားသည်ကို မြင်သောအခါ မန်ဟို၏မျက်လုံးများ သတ်ဖြတ်လိုစိတ်များဖြင့် ဝင်းလက်သွားသည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သွေးခွေးကြီးနှင်အတူ အဋ္ဌမကွန်ချာထဲ ဝင်ရောက်လိုက်သည်။
သူတို့ဝင်ရောက်လိုက်သည်နှင့် အဋ္ဌမကွန်ချာဖြစ်သည့် ချောက်နက်ကြီးမှ တုန်လှုပ်ချောက်ချားဖွယ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ ဟိန်းဟောက်သံကြီးမှာ မရေမတွက်နိုင်သောဝိညာဥ်များ စိတ်လှုပ်ရှားမှုများ၊ မျှော်လင့်ချက်များဖြင့် ငိုယိုနေသည့်အလား ကစဥ့်ကလျားရောထွေးလျက်ရှိသည်။ အသံကြီးပဲ့တင်ထပ်လာစဥ် အဋ္ဌမကွန်ချာသည် အက်ကွဲပြိုကျလာတော့သည်။
ကွန်ချာက ၄င်းဘာသာ၄င်း ဖျက်စီးနေသည်။ ယင်းကား သွေးအင်မိုတယ်မသေဆုံးခင် ချန်ရစ်ခဲ့သော လျှို့ဝှက်ဆန်းကြယ်အမိန့်ဖြစ်၏။ သူ၏အမိန့်အနက်တစ်ခုသည် သူ့အရှေ့တွင် ရပ်နိုင်သောပထမဆုံးသူက အမွေအနှစ်ကိုရရှိမည်ဟူ၍ ဖြစ်ခဲ့သည်။ သို့သော် နောက်အမိန့်တစ်ချက်က မိုးကောင်းကင်၏အသိအမှတ်အပြုမခံရသော ပုဂ္ဂိုလ်တစ်ယောက်ထွက်ပေါ်လာလျှင်တော့ ကွန်ချာကိုးခုပျက်စီးသွားပြီး ထိုလူအမွေအနှစ်ရအောင် အကူအညီပေးရန် စိတ်ဝိညာဥ်စွမ်းအင်များအဖြစ် အသွင်ပြောင်းသွားရမည်ဟူ၍ဖြစ်သည်။
အဋ္ဌမကွန်ချာပျက်စီးသွားသည့်အခိုက်အတန့်တွင် မြင့်မြတ်သောစိတ်ဝိညာဥ်စွမ်းအင်များ မန်ဟိုနှင့်သွေးခွေးကြီးထံ ပြေးဝင်လာကြသည်။ သွေးခွေးကြီးက ခေါင်းမော့၍ ဟိန်းဟောက်လိုက်သည်။ ၄င်း၏ကျင့်ကြံခြင်းအခြေကား အမြုတေဖြစ်တည်မှုအဆင့်မှ အနုသုခုမရုပ်ခန္ဓာအဆင့်သို့ တက်သွားခဲ့လေပြီ။
၄င်း၏ခန္ဓာကိုယ်သည် အရှည်အားဖြင့် မီတာသုံးရာအထိ ကြီးထွားလာပြီး ယခင်ထက်ပင်ပို၍ ရက်စက်ကြမ်းကြုတ်ပုံပေါ်လာသည်။ ခရမ်းရောင်အမွှေးနှင့် သွေးခွေးကြီးက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ အရာအားလုံး တသိမ့်သိမ့်တုန်ခါသွားတော့သည်။ ၄င်း၏ခန္ဓာကိုယ်က ဖော်ပြရန်ပင် ခက်ခဲသော မယုံကြည်နိုင်ဖွယ်စွမ်းအားများ ထုတ်လွှတ်နေချေသည်။
တစ်ချိန်တည်းမှာပင် မန်ဟို၏ တတိယမြောက်တာအိုမဏ္ဍိုင်သည် တစ်ဝက်ကျော်ဖြစ်ပေါ်နေပြီး ဆက်လက်စုစည်းနေ၏။ အဋ္ဌမကွန်ချာအလွန်က စင်မြင့်အပေါ် သူခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သူ့နောက်ရှိ ပဉ္စမကွန်ချာပြိုကျသွားတော့သည်။
သူ့အနောက်တွင် မည်သည့်စင်မြင့်မှမရှိတော့။ မည်သည့်မန္တန်ကွန်ချာမှ မရှိတော့။ အမွေအနှစ်နယ်မြေ၏အတွင်းပိုင်းတစ်ခုလုံးကို လွှမ်းခြုံထားသော စိတ်ဝိညာဥ်စွမ်းအင် မြူပင်လယ်တစ်စင်းသာရှိသည်။
မန်ဟို့အရှေ့တွင် သွေးနဂါးကြီးအကူအညီဖြင့် လီတောက်ရီရောက်နေသော နဝမကွန်ချာရှိသည်။ သို့သော် သူက ယခုထက်ထိ ထိုကွန်ချာမှ မထွက်ရသေးပေ။
"လီတောက်ရီ" မန်ဟို၏အသတ်အဖြတ်အရှိန်အဝါကား မိုးထိအောင် မြင့်တက်သွားသည်။ သူက အနုသုခုမရုပ်ခန္ဓာအဆင့်သွေးခွေးကြီးနှင့်အတူ နဝမကွန်ချာထဲ တဟုန်ထိုးဝင်ရောက်သွားသည်။
သူ ဝင်ရောက်သွားသည်နှင့် သူရပ်နေခဲ့သော စင်မြင့်သည် ပြိုကျပျက်စီးသွား၏။ သို့သော် တစ်ချိန်တည်းမှာပင် လီတောက်ရီက နဝမကွန်ချာမှ ထွက်လာသည်။
ထွက်လာလျှင်ချင်း သူက သွေးတစ်ပွက်အန်လိုက်ရသည်။ သွေးနဂါးကြီးမှာ သောကပတ်လည်ဝိုင်းနေပုံရသည်။ သိသာစွာပင် သူတို့၏ နဝမကွန်ချာကို အလျင်အမြန်ကျော်ဖြတ်မှုက နှစ်လေးထောင်သက်တမ်းရှိ လီမျိုးနွယ်စုခေါင်းဆောင်ကြီးဝင်စီးထားသော သွေးနဂါးကြီးအတွက် အတော်လေးပေးဆပ်ခဲ့ရလေသည်။
"သွေးအင်မိုတယ်အမွေအနှစ်ဆက်ခံသူ ဒီကိုရောက်နေတဲ့အချက်က ကောင်းတဲ့အရာတစ်ခုပဲ။ မန္တန်ကွန်ချာ အားနည်းသွားတော့ ဖြတ်ရပိုလွယ်သွားမယ်။ တောက်ရီ၊ ယဇ်ပလ္လင်ပေါ်တက်။ သွေးအင်မိုတယ်အရှေ့မှာ သွားရပ်၊ မင်း ဒုတိယမျိုးဆက်ဆက်ခံသူဖြစ်လာလိမ့်မယ်" သွေးနဂါးကြီးက မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများနှင့် မျှော်လင့်ချက်များဖုံးလွှမ်းလျက် ဟိန်းဟောက်လိုက်သည်။ လီတောက်ရီအမွေအနှစ်ကို ရလျှင် ၄င်းသည် အငျမျိုတယျရတနာထဲ ဝင်ရောက်ပြီး လက်နက်ဝိညာဥ်ဖြစ်လာနိုင်မည်ဖြစ်သည်။ ထို့နောက် သူဘယ်တော့မှ သေတော့မည်မဟုတ်ပေ။
လီတောက်ရီထံမှ စိတ်လှုပ်ရှားနေသော ရယ်သံများ ပျံ့လွင့်လာသည်။
"ဒီအမွေအနှစ်က ငါ့အပိုင်ပဲ" သူက တဟားဟားရယ်ပြီး အော်ဟစ်လိုက်သည်။ လီမျိုးနွယ်စုမှာ ဤအမွေအနှစ်အတွက် များစွာပေးဆပ်ခဲ့ပြီး သူ့အား ၄င်းကိုရယူရန် တာဝန်ပေးအပ်ခဲ့သည်။ ယခင်ကတည်းက သူသည်သာလျှင် အမွေအနှစ်ကို လက်ခံရန် ကံတရားကသတ်မှတ်ပေးထားသော ပုဂ္ဂိုလ်ဖြစ်သည်ဟု သူ့နှလုံးထားထဲတွင် အမှန်တကယ် ယုံကြည်ထားခဲ့၏။
သို့သော် မန်ဟိုပေါ်လာခဲ့သည်။ ထို့နောက် မန်ဟို လက်သီးချက်ထိုးစရာပင်မလိုဘဲ မန္တန်ကွန်ချာများ ပြိုကျပျက်စီးလာသည်။ လီတောက်ရီသည် ဤအခြေအမြစ်မရှိသောကျင့်ကြံသူက စစ်မှန်သောဆက်ခံသူအလောင်းအလျာ ဖြစ်သည့််အချက်ကို ငြင်းပယ်၍မရပေ။
သို့သော် သူက လိုက်နာရန် ငြင်းဆိုသည်။ ဤအမှန်တရားကို လက်ခံရန် ငြင်းဆန်သည်။ သူသည် သူ့အတွက် အမွေအနှစ်ကို လုယူမည်သာဖြစ်သည်။
"ငါ မင်းရဲ့အမွေအနှစ်ကို ယူပြီး မင်းကိုသုတ်သင်ပစ်မယ်" လီတောက်ရီ ရယ်လိုက်သည်။ "ငါမင်းရဲ့ကံကြမ္မာကို လုယူမယ်" သူ့ကရှေ့သို့ခုန်တက်ပြီး ဧရာမအစိမ်းရောင်ယဇ်ပလ္လင်ကြီးထံ တန်းတန်းမတ်မတ်ပြေးဝင်သွားသည်။
နဝမကွန်ချာထဲတွင် အရာအားလုံးကား အနက်ရောင်ပင်။ အဆုံးသတ်လည်း ရှိပုံမရ။ ဤနေရာရှိ မြေမျက်နှါပြင်အောက်တွင် အရိုးစုတစ်စုကို မြှုပ်ထားး၏။ အရိုးစုက ခေါင်းမော့လိုက်ပြီး ၄င်း၏အခွံသက်သက်မျက်လုံးအိမ်နှစ်ဖက်တွင် အလင်းရောင်တစ်ခု တောက်ပလာသည်။ ၄င်းက မျှော်လင့်ခြင်းမီးတောက်အလား မန်ဟို့ထံရောက်သည်အထိ မြေကြီးကိုထိုးဖောက်သွားသည်။
"သွေးအင်မိုတယ်ရဲ့အမွေအနှစ်က လူတစ်ယောက်ပေါ်လာမယ့်မျှော်လင့်ချက်အတွက် နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် စောင့်စားနေခဲ့ရတယ်...." အရိုးစုက ညင်သာစွာပြောသည်။ "အဆုံးသတ်မှာ ငါ့ရဲ့အင်မိုတယ်အရှင်သခင် လျှောက်လှမ်းသွားတဲ့ ပြန်လမ်းမရှိလမ်းကြောင်းကို မင်းရှောင်ရှားနိုင်မယ်လို့ မျှော်လင့်ပါတယ်...." ၄င်းမျက်လုံးများထဲရှိ အလင်းသည် တစတစပျောက်ကွယ်သွား၏။ ၄င်း၏ခန္ဓာကိုယ်ကား ပြာမှုန်များအဖြစ် လွှင့်ထွက်သွားတော့သည်။
ထို့နောက် နဝမကွန်ချာ တုန်ခါလာပြီး အစိတ်စိတ်အမြွှာမြွာကွဲအက်လာသည်။ နောက်တစ်ဖန် စိတ်ဝိညာဥ်စွမ်းအင်အမြောက်အမြား မန်ဟို့ထံ စီးဝင်လာ၏။ယင်းက မန်ဟို၏တတိယတာအိုမဏ္ဍိုင်ကို အပြည့်အဝဖြစ်တည်သွားစေသည်။
တတိယမြောက် ပြီးပြည့်စုံသောတာအိုမဏ္ဍိုင်။
မန်ဟိုသည် ယခုတွင် ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလေပြီ။ သူ၏စိတ်ဝိညာဥ်စွမ်းအင်မှာ ပုံမှန်အားဖြင့် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်တွင်မြင်ရသည်ထက် များစွာကျော်လွန်သွား၏။
နောက်ထပ်တာအိုမဏ္ဍိုင်တစ်တိုင်ဖြင့်သာဆိုလျှင် သူသည် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်တွင် ရောက်တော့မည်ဖြစ်သည်။ တကယ်တမ်းဆိုရလျှင် သူက ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်တွင် မဟုတ်သေးသော်လည်း သူ၏ပြီးပြည့်စုံသောအခြေမှာ အလွန်အားကောင်းလှသဖြင့် ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်ရှိ လူတစ်ယောက်ကို အလွယ်တကူ ချေမှုန်းပစ်နိုင်လေသည်။ ဒဏ်ရာ သို့မဟုတ် ကျိုးပဲ့အခြေဖြင့် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူများပင်လျှင် သူ၏ပြိုင်ဘက်မဟုတ်ပေ။
မန်ဟို စတုတ္ထတာအိုမဏ္ဍိုင်ကိုသာ ဖန်တီးပြီး ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ရောက်သွားသည်နှင့်တစ်ပြိုင်နက် တောင်ပိုင်းဒေသတစ်ခွင်လုံး၌ သူနှင့်တိုက်ခိုက်ရန် အရည်အချင်းပြည့်မှီသော ချီအခြေတည်အဆင့်ကျင့်ကြံသူများမှာ ချီအခြေတည်ခြင်း မဟာစက်ဝန်းကို ပြီးမြောက်ခဲ့သူများ သို့မဟုတ် အမြုတေဖြစ်တည်မှုအဆင့်ရောက်လုဆဲဆဲသူများသာ ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့လူများမှာ ဂိုဏ်းအသီးသီး၊ မျိုးနွယ်စုအမျိုးမျိုးတွင် သူတို့၏အစွမ်းထက်ဆုံးဂိုဏ်းသားများဖြစ်အောင် ထိန်းကျောင်းခြင်းခံရသည်။ ထိုကဲ့သို့ ပညာရှင်များကို..... တာအိုကလေးများဟူ၍ ခေါ်ကြချေသည်။
သူတို့အားလုံးတွင် အနာအဆာမဲ့အခြေရှိကြပြီး သူတို့၏တိုက်ခိုက်စွမ်းရည်၊ ကျင့်ကြံခြင်းအခြေခံများနှင့် ကံကောင်းမှုအမျိုးမျိုးကြောင့်် သူတို့၏သက်ဆိုင်ရာအဆင့်တွင် ထိပ်တန်းကျွမ်းကျင်အဆင့်ပညာရှင်များဖြစ်လာကြသည်။ ဟုတ်ပါသည်၊ ဤသည်က တောင်ပိုင်းဒေသ၏တာအိုကလေးများပင်။
လီတောက်ရီက လီမျိုးနွယ်စု၏တာအိုကလေးဖြစ်သည်။ ဝမ်လီဟိုင်သည်လည်း တာအိုကလေးတစ်ဦးဖြစ်သည်။ ဤသည်က ရွေးချယ်ခံများ မယှဥ်နိုင်သောလူများပင်။ မျိုးနွယ်စုတစ်စုစီတိုင်း၊ ဂိုဏ်းတစ်ဂိုဏ်းစီတိုင်းတွင် အဆင့်တစ်ဆင့်လျှင် တာအိုကလေးတစ်ဦးသာရှိ၏။
မန်ဟို၏ တတိယမြောက် ပြီးပြည့်စုံသောတာအိုမဏ္ဍ်ိ ပေါ်ပေါက်လာသည့်အခိုက်အတန့်၌ သူက နဝမကွန်ချာ၏အပြင်ဘက်စင်မြင့်ပေါ်သို့ ထွက်လာသည်။ အဝေးက အစိမ်းရောင်ပလ္လင်ကြီး၏ထိပ်၊ ကျောက်ခုံပေါက်တွင် အရိုးစုတစ်စုထိုင်နေ၏။ ၄င်းက ဖြေးဖြေးချင်း ခေါင်းမော့၍..... လီတောက်ရီကိုကြည့်သည်။
၄င်းလက်က ၄င်းမျက်နှာပေါ်ရှိ မျက်နှာဖုံးကို ကိုင်ရန် မြောက်တက်သွားသည်။ ထို့နောက် ၄င်းသည် တဖြေးဖြေး မျက်နှာဖုံးကို ချွတ်လိုက်လေသည်။
***