မင်းလုပ်ရဲလား
Vol. 10 Ch. 133
မျက်နှာဖုံးကွာကျသွားသည်နှင့် အရိုးစုက ၄င်း၏အရှေ့ရှိလူကို ပေးလိုက်မည်ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် အမွေအနှစ်ပြိုင်ပွဲအောင်နိုင်သူ ဖြစ်သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မျက်နှာဖုံးက အမွေအနှစ်ရတနာဖြစ်၍ပင်။
လီတောက်ရီဘေးက သွေးနဂါးကြီးမှာ စိတ်လှုပ်ရှားနေပုံရသည်။ ၄င်းသည် ဤနေ့အတွက် နှစ်ပေါင်းလေးထောင်စောင့်ခဲရသည်မဟုတ်ပါလော။ ၄င်းမျက်နှာဖုံးထဲ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် လက်နက်ဝိညာဥ်ဖြစ်သွားပြီးနောက်ဆုံး ဤနေရာမှ ထွက်ခွာ၍ တောင်ပိုင်းဒေသသို့ ပြန်နိုင်မည်ဖြစ်သည်။
"အမွေအနှစ်က ငါ့အပိုင်ပဲ" လီတောက်ရီက မျက်လုံးများတဖျပ်ဖျပ်လက်လျက် ပြောသည်။ သို့သော် ဤအခိုက်အတန့်မှာပင် မန်ဟိုက နဝမကွန်ချာထဲ ဝင်ရောက်လာသည်။ ဖြစ်ပျက်နေသော အရာကို မြင်သောအခါ သူ၏ခန္ဓာကိုယ်သည် တစ်ချက်လေးပင်တုံ့ဆိုင်းမနေဘဲ အမြင်ဆုံးအရှိန်ဖြင့် တဟုန်ထိုးပြေးဝင်သွား၏။
ပြီးပြည့်စုံသော အခြေကို ရရှိပြီး ဤနေရာသို့ဝင်ရောက်ပြ်ီးနောက် ထူးဆန်းသောခံစားချက်တစ်ခု မန်ဟို့စိတ်ထဲတွင် ဖြစ်တည်လာခဲ့သည်။ သူက ဤအမွေအနှစ်နယ်မြေ၏ အရှင်သခင်ဖြစ်သည့်အလားပင်။ ဤ ခံစားချက်သည် နဝမကွန်ချာပျက်စီးသွားပြီးနောက် ပို၍ပင် အားကောင်းလာခဲ့သည်။
သူ့ဘေးရှိ မီတာသုံးရာအရှည်သွေးခွေးကြီးက မိုးကောင်းကင်ကို မျက်နှာမူ၍ ဟိန်းဟောက်လိုက်သည်။ ၄င်း၏မယုံကြည်နိုင်ဖွယ်အမြန်နှုန်းကျေးဇူးကြောင့် ၄င်းက ဤနေရာသို့ မန်ဟို့ထက်စော၍ ရောက်လာခဲ့သည်။
"ဒါ ငါ့အမွေအနှစ်" မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ်လက်ရင်း ပြောသည်။ " ငါ အဲ့တာကို ယူတာ မယူတာက ငါ့ကိစ္စ။ ဒါပေမယ့် မင်းက အသာလေးလုယူနိုင်မယ် ထင်နေလား။ ကောင်းပြီလေ ဒါကတော့ မင့်ကံတရားပေါ် မူတည်တာပေါ့ကွာ" သူသည် အမွေအနှစ်လုယူခြင်းအား ကြုံတွေ့ခဲ့ဖူးသော်လည်း ၄င်းက သူ့ကို ဒေါသထွက်စေခြင်းမဟုတ်။ သူ့ပြိုင်ဘက်၏ နည်းပရိယာယ်များက သူ့ကို စိတ်တိုစေခြင်းဖြစ်သည်။
မန်ဟို၏ လီတောက်ရီကို သတ်ဖြတ်လိုစိတ်ကား ထိပ်ဆုံးအထိ ရောက်ရှိနေပြီဖြစ်သည်။ သူက ကျင့်ကြံခြင်းအခြေစွမ်းအားအကုန်သုံးပြီး ဂါယာမန္တရားဆိုင်ရာ မုဒြာလက်ကွက်များဖော်ရင်း ရှေ့သို့ခြေလှမ်းကြဲကြဲလျှောက်သွားသည်။ လျှပ်စီးအလံနှင့်အတူ အလွန်အေးစက်သောဖိအားတစ်ခု ထုတ်လွှတ်နေသော သစ်သားဓားနှစ်ချောင်း ပျံထွက်လာသည်။ ၄င်းတို့အားလုံးက လီတောက်ရီထံ ပြေးဝင်သွားသည်။
ထိုအခိုက်အတန့်မှာပင် အရိုးစုကြီးက ၄င်းမျက်နှာပေါ်မှ မျက်နှာဖုံးကို မြှောက်တင်ပြီး ချက်ချင်း ပြာကျသွား၏။ ပြာများ လေယူရာ လွင့်မျောသွားစဥ် မျက်နှာဖုံးကိုင်ထားသော လက်သည်လည်း ပျောက်ကွယ်သွားသည်။ မျက်နှာလုံးကား လီတောက်ရီထံ လွင့်မျောလာလေပြီ။
စိတ်လှုပ်ရှားမှုများ လီတောက်ရီမျက်နှာပေါ်တွင် ပြည့်နှက်သွားသည်။ သူ၏ညာလက်သည် ၄င်းကိုဆွဲယူရန် မြောက်သွားသော်လည်း သူ၄င်းကို ထိလိုက်သည့်အခိုက်အတန့်မှာပင် မျက်နှာဖုံးက သူ့လက်ကို တွန်းထုတ်လိုက်သည်။ သူ ၄င်းကို မယူနိုင်ခြင်းမဟုတ်၊ သူမယူခင် လက်နက်ဝိညာဥ်တစ်ကောင်လိုအပ်သောကြောင့်ပင်။ ထို့နောက် ၄င်းက သူ့အပိုင်ဖြစ်လာမည်။
သူ့လက်တွန်းထုတ်ခံလိုက်ရသည့် အခိုက်အတန့်၌ သွေးနဂါးကြီးက ခေါင်းထောင်၍ဟိန်းဟောက်ပြီး မျက်နှာဖုံးထံ ပြေးဝင်သွားသည်။ လောလောဆယ်တွင် မျက်နှာဖုံး၌ လက်နက်ဝိညာဥ်မရှိပေ။ ဝင်ရောက်ပြီး မျက်နှာဖုံးကို လွှဲပြောင်းယူလိုက်သည့် မည်သူမဆို ထိုအခန်းကဏ္ဍကိုရရှိမည်ဖြစ်သည်။
သွေးနဂါးကြီး မျက်နှာဖုံးကို ဝင်တိုက်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်နှာဖုံးသည် ရေဝဲကြိီးကဲ့သို့ ဖြစ်လာ၏။ သွေးနဂါးကြီး မျက်နှာဖုံးထဲ တစ်ဝက်ရောက်နေချိန် ရုတ်တရက် သွေးခွေးကြီးက ဟိန်းဟောက်လိုက်သည်။ ဟိန်းဟောက်သံက ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် လှိုင်းဂယက်များထသွားစေပြီး ၄င်းက တဟုန်ထိုးပြေးဝင်သွားသည်။ သွေးနဂါးကြီး မျက်နှာဖုံးအား လွှဲပြောင်းယူနေဆဲဖြစ်သည့်အချက်ကို လျစ်လျူရှုရင်း ၄င်း၏မီတာသုံးရာအရှည်ကိုယ်လုံးက ၄င်းကိုဝင်တိုက်လိုက်သည်။
သွေးခွေးကြီး၏ခန္ဓာကိုယ်မှာ မျက်နှာဖုံးကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် အတွင်းထဲ စုပ်ယူခံရလေသည်။ ၄င်းနှင့် လိီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ မျက်နှာဖုံးအပေါ်ထိန်းချုပ်မှုအတွက် တိုက်ပွဲကား စတင်လေပြီ။
"မင်း မင်းရဲ့အစွမ်းအစမင်း မသိပါဘူး" လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏အသံ ပဲ့တင်ထပ်လာသည်။ " ငါလက်နက်ဝိညာဥ်ဖြစ်လာရင် မင်းကို စားပစ်မယ်" သူက မျက်နှာဖုံးထဲ လုံးလုံးလျားလျားဝင်ရောက်သွားခဲ့ပြီး သွေးခွေးကြီးလည်း ထိုနည်းတူပင်။
မျက်နှာဖုံးမှ မျက်စိကျိန်းမတတ်စူးရှသော အနီရောင်အလင်းတစ်ခု ဖြာထွက်လာသည်။ သို့သော် အနီရောင်အတွင်း၌ ခရမ်းရောင်ကိုလည်း မြင်ရ၏။ တောက်ပနေသောအရောင်နှစ်ရောင်ကား တစ်ခုကိုတစ်ခု ဝါးမြိုရန် ကြိုးစားနေကြသည့်အလားပင်။
ဤအခြင်းအရာကြောင့် မျက်နှာဖုံးမှာ လီတောက်ရီနှင့် မသက်ဆိုင်သလို၊ မန်ဟိုနှင့်လည်း မသက်ဆိုင်သေးပေ။ မည်သည့်သွေးဝိညာဥ် မျက်နှာဖုံးကိုရယူနိုင်ခြင်းက အမွေအနှစ်ဆက်ခံရရှိသူကို ဆုံးဖြတ်ပေးလိမ့်မည်။
ထိုမျှသာမက..... သွေးဝိညာဥ်နှစ်ကောင် လက်နက်ဝိညာဥ်ဖြစ်ရန် တိုက်ခိုက်နေသည့်အဖြစ်အပျက်ကား သွေးအင်မိုတယ်တစ်ခါမှ စိတ်ပင်မကူးခဲ့ဖူးသော အခြေအနေဖြစ်သည်။ လုံးဝမကြုံစဖူး ထူးခြားသောအဖြစ်ပင်။
တစ်ခုတော့ သေချာသည်..... သွေးခွေးကြီး သော်လည်းကောင်း၊ သွေးနဂါးကြီးသော်လည်းကောင်း မည်သူနိုင်နိုင် စိတ်ကူးဖြင့်ပင် မှန်းဆ၍မရလောက်အောင် စွမ်းအားတိုးတက်သွားလိမ့်မည်။ အနည်းဆုံး အနိုင်ရရှိသူသည် စိတ်ဝိညာဥ်ခွဲထွက်ခြင်း တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ သင့်တင့်လျောက်ပတ်သောတာအိုဉာဏ်အလင်းဖြင့် အနိုင်ရရှိသူသည် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်သို့ အပြည့်အဝပင်ရောက်ရှိနိုင်သည်။
"အဲ့ဒိီ့ အဆင့် ၂ သွေးဝိညာဥ်ကို ကယ်ခဲ့တာ အလကားပဲ" လီတောက်ရီက ရယ်သည်။ "အဲ့အကောင်လေးက ငါအမွေအနှစ်ရအောင် ကူညီပေးလိမ့်မှာ" မန်ဟိုအနားရောက်လာပြီး သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မမှီမသုန်စိုက်ကြည့်နေကြသည်။ ယခုတွင် အမွေအနှစ်နယ်မြေသည် စတင်ပြိုကျလာပြီး နောက်ဆုံးမှ သူတို့နှစ်ယောက် ကမ္ဘာတစ်ခုတည်းအတူတူရှိနေလေပြီ။
မန်ဟိုက စကားတစ်ခွန်းပြောသည်။ "မင်းကို သတ်လိုက်ရင် ပြဿနာအားလုံး ရှင်းသွားလိမ့်မယ်" သူက လီတောက်ရီထံ ဆက်လျှောက်လာသည်။
"ငါလဲ အဲ့လိုပြောတော့မလို့" လီတောက်ရီက တဟားဟားအော်ရယ်သည်။ သူက ညာလက်ကို မြှောက်လိုက်ရာ ၄င်းသည် အလင်းများဖြာထွက်သွား၏။ သူ့အရှေ့တွင် တလက်လက်တောက်ပနေသော ရွှေရောင်စစ်ရထားကြီးပေါ်လာပြီး မန်ဟို တရှိန်ထိုးဦးတည်လာသည်။
ရုတ်တရက် ဟိန်းဟောက်သံတစ်သံ လေထဲပြည့်နှက်သွားပြီး မန်ဟို့ပါးစပ်မှ သွေးများစီးကျလာသည်။ သူက နောက်ဆုတ်လိုက်၏။ လီတောက်ရီ၏မျက်နှာ ရိပ်ခနဲဖြစ်သွားပြီး သူလည်း ပါးစပ်မှ သွေးများးစီကျရင်း နောက်ဆုတ်လိုက်သည်။ သူက မန်ဟို့ကို ကြည့်လိုက်ပြီး ဤအခိုက်အတန့်မှာပင် အမွေအနှစ််နယ်မြေတစ်ခုလုံး သူ့တို့နှစ်ယောက်ပတ်လည်တွင် ပြိုကျလာ၏။ စိမ်းပုပ်ရောင်ယဇ်ပလ္လင်၏မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပျံနှံ့သွားသည်။
အရာအားလုံး ကွဲအက်လာ၏။ တဖောက်ဖောက်အသံများ ကြားနိုင်ပြီး သွေးအင်မိုတယ်မှာ ၄င်းကိုယ်၄င်းဖျက်စီးပြီး ပျောက်ကွယ်တော့မည့်ပုံရသည်။
ထွက်မသွားသည့် မည်သူမဆို ၄င်းနှင့်အတူ မြှုပ်နှံခံရမည်ဖြစ်သည်။
မျက်နှာဖုံးအတွင်းရှိ သွေးခွေးကြီးနှင့် သွေးနဂါးကြီး၏တိုက်ပွဲကား ပို၍ပို၍ပြင်းထန်လာပုံရ၏။ ယခင်က သွေးခွေးကြီးမှာ ဘယ်တော့မှ သွေးနဂါးကြီးအတွက် ပြိုင်ဘက် မဟုတ်ခဲ့ပေ။ သို့သော် ၄င်းသည် မန်ဟို၏ ပြီးပြည်စုံသောအခြေမှ သွေးဖြင့် အသက်ပြန်သွင်းခံခဲ့ရသည်။ ဤသည်က ၄င်းကို သွေးဝိညာဥ်များအကြား တစ်ခါမှမမြင်ခဲ့ဖူးသော အရာအဖြစ် ပြောင်းသွားစေခဲ့သည်။
ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များ မျက်နှာဖုံးထံ အပြေးအလွှားသွားနေကြပြီး သွေးခွေးကြီးနှင့် သွေးနဂါးကြိီးတို့နှစ်ကောင်လုံး၏ စုပ်ယူခြင်း ခံရနေသည်။ သို့သော် ခြားနားချက်က သွေးခွေးကြီး မည်မျှစုပ်ယူစုပ်ယူ တစ်စက်မှ ပြန်လည်စိမ့်ထွက်ခြင်းမရှိ။ သွေးနဂါးကြီးကတော့ ထိုသို့မဟုတ်ပေ။
သူတို့နှစ်ယောက်အကြား သွေးနဂါးကြီးက အသာစီးရနေသော်လည်း အချိန်အနည်းငယ်ကြာပြီးသည့်တိုင် သွေးခွေးကြီးကို မဖယ်ရှားနိုင်သေးပေ။ ၄င်းမှာ အမွေအနှစ်မျက်နှာဖုံးကို ထိန်းချုပ်ရန် နည်းလမ်းကိုလည်းရှာမရဖြစ်နေ၏။
ဤသည်ကို မြင်သော် လီတောက်ရီ အမူအရာပြောင်းလဲသွားပြီး နောက်ဆုတ်လိုက်သည်။ သူက အင်္ကျီလက်စကို ခါပြီး မျက်နှာဖုံးအား လှမ်းယူရန် ကြိုးစားလိုက်သော်လည်း နောက်တစ်ဖန်ပုတ်ထုတ်ခံလိုက်ရသည်။ ၄င်းကို ထိန်းချုပ်ထားသည့် လက်နက်ဝိညာဥ်မရှိဘဲ ဘယ်သူမှ မယူရဲပေ။
သွေးအင်မိုတယ်မှာ ဤကဲ့သို့ ထူးခြားသော အခြေအနေတစ်ခုကို တစ်ခါမှ မခန့်မှန်းခဲ့ဖူးပေ။ ပုံမှန်ဆိုလျှင် မျက်နှာဖုံးကိုရယူရန် လူတစ်ယောက် ရောက်လာမည်။ သွေးဝိညာဥ်က အသက်ရှူချိန်အနည်းငယ်အတွင်း မျက်နှာဖုံးကို ထိန်းချုပ်နိုင်ပြိီး လက်နက်ဝိညာဥ်ဖြစ်လာလိမ့်မည်။ ထို့နောက် အမွေအနှစ်နယ်မြေ ပြိုကျပျက်စီးလာပြီး အနိုင်ရရှိသူက မျက်နှာဖုံးကိုယူကာ ထွက်သွားနိုင်မည်ဖြစ်သည်။
ကမ္ဘာကြီးကား သူတို့ပတ်ပတ်လည်တွင် ပြိုကျပျက်စီးနေ၏။ အောက်ဘက်တွင် ဧရာမဝဲဂယက်ကြိီးတစ်ခုက အရာအားလုံးကို ဝါးမြိုစုပ်ယူနေလေပြိီ။ အထဲဝင်သွားသည့်အရာတစ်ခုမှ ပြန်မထွက်လာနိုင်ခြင်းမရှိ။ ပျက်စီးခြင်းကား ဘာမှမရှိသောကမ္ဘာတစ်ခုကို ဖန်တီးနေတော့သည်။
အပေါ်ရှိ တလက်လက်တောက်ပနေသော ဒိုင်းအလွှာတွင် လှိုင်းတွန့်များထလာ၏။ ၄င်းကာ သိပ်မကြာခင် အစိတ်စိတ်အမြွှာမြွှာကွဲကြေတော့မည် ဖြစ်သည်။ ဤဒိုင်းသည်သာ အပြင်ဘက်ကမ္ဘာသို့ တစ်ခုတည်းသောထွက်ပေါက်ပင်။
ထိုဒိုင်းထံ ဝင်ရောက်ခြင်းကသာလျှင် ပျက်စီးခြင်းမှလွတ်မြောက်နိုင်မည့် တစ်ခုတည်းသာလမ်းပင်။
ဘယ်သူမှ မျက်နှာဖုံးကို မထိန်းချုပ်နိုင်သေးပေ။ နှစ်ဦးနှစ်ဖက်လုံးက အလျှော့ပေးရန် ငြင်းဆန်နေကြသည်။ မျက်နှာဖုံးကို ယူသွား၍မရသည့်အပြင် ကမ္ဘာကြီးမှာ ဖျက်စီးခံနေရ၏။ လီတောက်ရီ ဖြစ်ပျက်နေသည့်အရာအား သဘောပေါက်လိုက်သောအခါ မျက်စိမျက်နှာပျက်သွားသည်။
အခြားတစ်ဖက်တွင် မန်ဟိုမှာ ပကတိတည်ငြိမ်လျက်ရှိသည်။ သူက ပါးစပ်သွေးကို သုတ်ရင်း အချ်ိန်အနည်းငယ် နောက်ဆုတ်နေပြီးနောက် ရှေ့တက်လာသည်။ သူ၏တာအိုမဏ္ဍိုင်သုံးတိုင်သည် အားကောင်းသော စိတ်ဝိညာဥ်စွမ်းအားတစ်ခုကို ထုတ်လွှတ်နေပြီး သူရှေ့တက်သွားစဥ် သူ့ညာလက်တွင် ဂါထာမန္တန်ရားဆိုင်ရာ မုဒြာပုံစံလက်သွားသည်။ ချက်ချင်းပင် မီတာသုံးရာအရှည် မြွေမီးတောက်ကြီးတစ်ခု သက်ဝင်လှုပ်ရှားလာပြီး လီတောက်ရီထံ ပြေးဝင်သွားသည်။
တကယ်တမ်းဆိုရလျှင် ယင်းက မြွေမဟုတ်၊ နဂါးတစ်ကောင်ပင်။ တဟုန်းဟုန်းတောက်နေသော မီးလျှံကြားက ရွှေရောင်နဂါးတစ်ကောင်။ ၄င်းနောက်မှ မီတာသုံးဆယ်အရှည် လေဓားသွားကြီး ဝဲပျံလာ၏။ မီးတောက်မီးလျှံများက လီတောက်ရီကို လွှမ်းခြုံရင်း ပတ်ဝန်းကျင်တစ်ခွင် ပြည့််နှက်သွားသည်။
မန်ဟိုမှာ ယခုအချိန်အထိ ကျင့်ကြံခြင်းနှင့်ပတ်သက်လျှင် မှော်ကျင့်စဥ်များများစားစား မသင်ယူခဲ့ရပေ။ သူ၏မှော်သိုင်းများအားလုံးမှာ ချီဖွဲ့စည်းမှုအဆင့်မှဖြစ်ပြီး ချီအခြေတည်အဆင့်မှ တစ်ခုတလေပင် မရှိပေ။ ဤသည်က သူ၏အားနည်းချက်တစ်ခုဖြစ်ပြိီး မန်ဟိုကိုယ်တိုင်လည်း ကောင်းကောင်းသိသည်။
"ဘယ်သူက ပိုရက်စက် ငါတို့တွေ့ရမှာပါ......" လီတောက်ရီက သွေးအေးသောရယ်သံဖြင့် ပြောသည်။ အသုံးပြုလိုက်သော မှော်ပညာမှာ သမာရိုးကျမဟုတ်ကြောင်း သူကွက်ကွက်ကွင်းကွင်း မြင်နိုင်လေသည်။ သို့သော် အလျင်အမြန်အနိုင်ယူရန်က ခက်ခဲမည်ဖြစ်ကြောင်း သူဆုံးဖြတ်ထားပြီးဖြစ်သည်။ အောင်မြင်မှုအတွက် သော့ချက်အစစ်အမှန်သည် ဤပျက်စီးနေသောကမ္ဘာတွင် မည်သူအကြာဆုံးနေနိုင်မည်လဲ ဆိုသည်ပင်။ မျက်နှာဖုံးမပါဘဲ အရင်ဆုံးထွက်သွားသူက အမွေအနှစ်ဆက်ခံသူဖြစ်ရန် အခွင့်အရေးဆုံးရှုံးရပေလိမ့်မည်။
လီတောက်ရီ၏မျက်နှာ တင်းမာခက်ထန်နေသည်။ သူက လီမျိုးနွယ်စု၏တာအိုကလေးဖြစ်သည်။ တာအိုကလေးဆိုသော ဂုဏ်ပုဒ်မှာ လူပေါင်းများစွာသတ်ဖြတ်ပြီးမှ သူ ရရှိခဲ့သော အရာတစ်ခုပင်။ အခြားသူများထံမှ ကံကြမ္မာကောင်းများလုယူခြင်းမှာမူ သူတစ်ကြိမ်ထက်ပို၍ လုပ်ဆောင်ခဲ့ဖူးသည့်အရာဖြစ်သည်။ သူက ရွေးချယ်ခံများထက် သာလွန်သော တာအိုကလေးတစ်ယောက်ဖြစ်ရန် လီမျိုးနွယ်စု၏ အညတရအခွဲလေးတစ်ခုမှ ရောက်လာခဲ့ခြင်းဖြစ်သည်။
ဤအရာအားလုံးက သူ၏ပင်ကိုယ်စရိုက်ကြောင့်ပင်။ သူသည် သူ၏ခေါင်းမာမှုက သူ၏အကြီးမားဆုံးအရည်အချင်းတစ်ခုဖြစ်သည်ဟု အခိုင်အမာယုံကြည်သည်။ ရုတ်တရက် ယပ်တောင်တစ်ခု သူ့လက်ထဲ ပေါ်လာ၏။ ၄င်းက လေးရောင်ခြယ် ယပ်တောင်ဖြစ်ပြီး သူ ၄င်းကို ဝှေ့ယမ်းလိုက်သောအခါ အရောင်များ ဖြာထွက်လာပြီး မန်ဟို၏ မီးနဂါးကြီးနှင့် လေဓားသွားကို ဝင်တိုက်သွားသည်။
ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားသည်။ အရောင်လေးရောင်က အရပ်လေးမျက်နှာဖြန့်ကျက်ပြီး ဓားလေးလက်အသွင်ပြောင်းကာ မန်ဟိုထံ ပြေးဝင်လာသည်။
လီတောက်ရီ အားပါးတရအော်ရယ်လိုက်သည်။ သူ၏ဘယ်လက်က သိုလှောင်အိတ်ကိုပုတ်လိုက်ရာ ပုလဲနက်ဆယ့်ရှစ်လုံး သူ့လက်ဝါးတွင် ပေါ်လာသည်။ သူက ၄င်းတို့ကို မန်ဟို့ထံ ပစ်ပေါက်လိုက်သည်။ ထိုပုလဲနက်များ အနားရောက်ရောက်လာပြီး မထင်မှတ်ဖွယ် ပေါက်ကွဲသွားသည်။ ပေါက်ကွဲမှုနှင့်အတူ လှိုင်းများတွန့်လိမ်ကောက်ကွေး ရိုက်ခတ်သွားရာ အက်ကွဲနေသောပတ်ဝန်းကျင်သည် ပို၍လျင်မြန်စွာ ပြိုကျလာ၏။
"ငါ့ထက် ပိုရက်စက်တယ်လို့ ထင်နေသေးလား" လီတောက်ရီ၏ အမူအရာမှာ စိတ္တဇဆန်နေသည်။
လေးရောင်ခြယ်ဓားနှင့် လှိုင်းဂယက်များ မန်ဟို၏လျှပ်စီးတိမ်တိုက်အပေါ် ကျရောက်လာသည်။ ဧရာမပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားပြီး မန်ဟိုနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ သူ၏မျက်နှာကား ရက်စက်သောအလင်းရောင်တစ်ခုဖြင့် ပြည့်နှက်လျက်ရှိသည်။ သူ၏ညာလက် မြောက်သွားပြီး နောက်ထပ်မီတာသုံးရာအရှည် မီးနဂါးကြိီးသုံးကောင် လေလယ်တွင် ထွက်ပေါ်လာပြီး ပျံတက်သွားသည်။ သို့သော် လီတောက်ရီထံသို့မဟုတ်။ အပေါ်ရှိ တောက်ပနေသောတံခါးချပ်ထံ ဖြစ်သည်။
"ဒီနေရာ မြန်မြန်ပြိုကျအောင်လုပ်တာက ပိုမရက်စက်ဘူးလား" သူက အေးဆေးစွာပြောသည်။ " ထွက်ပေါက်ကိုဖျက်စီးခြင်း...... အဲ့တာကမှာ ရက်စက်တာခေါ်တယ်။ မင်းလုပ်ရဲလား" မီးနဂါးကြီးက တံခါးကို တန်းတန်းမတ်မတ်ဝင်တိုက်၍ ပေါက်ကွဲသွားသည်။ လှိုင်းတွန့်များထနေပြီဖြစ်သော တံခါးကား တစစီပြိုကျလာ၏။ ၄င်း၏အစိတ်အပိုင်းအများစုမှာ ပြိုကျပျက်စီးသွားလေသည်။
ဤအခြင်းအရာကိုမြင်သော် မယုံနိုင်လေါက်အောင် ရက်စက်ရန် အခိုင်အမာဆိုထားသော လီတောက်ရီ မျက်လုံးပြူးသွား၏။ သူနှလုံးကား တဒိန်းဒိန်းခုန်လာတော့သည်။
***