← Chapters

အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်

Vol. 10 Ch. 134

အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်

Vol. 10 Ch. 134

လီတောက်ရီနှင့် ယခုတိုက်ခိုက်ပြီးနောက် သူ့၌ စတုတ္ထတာအိုမဏ္ဍိုင်သာ ရှိပါက တိုက်ပွဲအား မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း မန်ဟိုပြောနိုင်၏။ယခုတွင်တော့ သူ့မှာ လီတောက်ရီကို ပို၍ပင် သတ်ဖြတ်ချင်နေလေပြီ။

သို့သော် လီတောက်ရီ၏ ကျင့်ကြံခြင်းအခြေခံက ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်တွင် ဖြစ်သည်။ ထိုမျှသာမက သူသည် လီမျိုးနွယ်စု တာအိုကလေးတစ်ယောက်လည်း ဖြစ်၍ ရွေးချယ်ခံများထက်ပင် သာလွန်သဖြင့် သတ်ရခက်လိမ့်မည်။

လီတောက်ရီထက် ပိုအရေးကြီးသည်က သွေးခွေးကြီးပင်။ ယခုအချိန်အထိ မျက်နှာဖုံးမှာ အတည်တကျထိန်းချုပ်မှုအောက်တွင် မရှိသေးပေ။ လီတောက်ရီရှိနေသဖြင့် သွေးခွေးကြီးနှင့် သွေးနဂါးကြီး၏တိုက်ပွဲက မည်သည့်အချိန် ပြီးဆုံးမည်လဲ ပြောရခက်သည်။ ထို့ကြောင့် မန်ဟို သွေးခွေးကြီးကို ကူညီချင်လျှင် လီတောက်ရီကို အရင်ရှင်းရလိမ့်မည်။

သို့ဖြစ်၍ သူ၏ဗျူဟာက..... ထွက်ပေါက်ကို ဖျက်စီးရန်ပင်။

သူတို့အောက်တွင် မြူခိုးများ တလိပ်လိပ်ထနေ၏။ ဤကမ္ဘာ၏ပျက်စီးခြင်းကား တဖြေးဖြေး အရှိန်မြန်လာသည်။ ဝဲဂယက်သည် တဝေါဝေါအော်မြည်ရင်း ကြီးမားလာ၏။ မကြာမီ စိမ်းပုပ်ရောင်ယဇ်ပလ္လင်မှာ တစ်ဝက်ကျော်စုပ်ယူခံနေရလေပြီ။

မန်ဟိုက အင်္ကျီလက်စကို ခါပြီး နောက်ဆုတ်လိုက်သည်။ သူ့ပတ်လည်တွင် လျှပ်စီးတိမ်တိုက် ဖြစ်ပေါ်လာပြီးနောက် လျင်မြန်စွာပြိုကျလာနေသော တံခါးထံ တဟုန်ထိုး ဦးတည်သွားသည်။

လီတောက်ရီ၏အမူအရာ ရိပ်ခနဲဖြစ်သွား၏။ သူက အံတင်းတင်းကြိတ်လိုက်ပြီး သူ့မျက်လုံးများအတွင်းတွင် အေးစက်သောအကြည့်တစ်ခုပေါ်လာသည်။ သူက ညာဘက်ကို ဝှေ့ယမ်းလိုက်ရာ ယပ်တောင်သည် တံခါးထံ တရှိန်ထိုးပျံတက်သွား၏။ ဝုန်းခနဲပေါက်ကွဲသံကြီး မြည်ဟည်းသွားပြီး တိုက်ခိုက်မှုအားကြောင့် တံခါးမှာ ပို၍ပင် အက်ကွဲလာတော့သည်။

ဖျက်စီးခြင်းအားလုံးပြီးနောက် တံခါးမှာ မီတာသုံးဆယ်အကွက်လေးတစ်ကွက်သာ ကျန်ခဲ့တော့သည်။ ထို့ပြင် ထိုအကွက်မှာလည်း လျင်မြန်စွာ ပြိုကျလာနေ၏။

"မင်း ဘယ်နည်းနဲ့မှ ငါလောက် မရက်စက်နိုင်ဘူး" လီတောက်ရီက ပြောသည်။ "မင်းအသက်မင်း စတေးခံမယ်ဆိုတာ ငါမယုံဘူး" သူက ဖျတ်ခနဲ ရှေ့တက်လာသည်။ သူ၏ညာလက်သည် ဂါယာမန္တယားဆိုင်ရာ မုဒြာဟန်တစ်ခု လက်သွားပြီး သူက ၄င်းကို ရှေ့သို့ပို့လွှတ်လိုက်သည်။ ချက်ချင်းပင် အဝါရောင်အဆောင်စက္ကူတစ်ရွက် သူ့အနောက်တွင် ပေါ်လာ၏။ ၄င်းက လျင်မြန်စွာ ကြီးမားလာရင်း သူ့ခန္ဓာကိုယ်ကိုဖြတ်၍ မီတာသုံးဆယ်အကျယ်တံခါးထံ ဦးတည်သွားသည်။

မန်ဟို၏မျက်လုံးများ အေးတိအေးစက် လင်းလက်နေသည်။ သူက သိုလှောင်အိတ်ကို ပုတ်ရာ ဓားပျံဆယ်လက် တဝီဝီပျံထွက်လာသည်။ ၄င်းတို့မှာ မန်ဟို၏ တာအိုမဏ္ဍိုင်သုံးတိုင်စွမ်းအားကို မခံနိုင်သဖြင့် ချက်ချင်း အစိတ်စိတ်အမြွှာမြွှာပေါက်ကွဲကုန်၏။

ပဲ့တင်ထပ်နေသော ပေါက်ကွဲမှု၏အလယ်တွင် မီတာသုံးဆယ်တံခါးမှာ တသိမ့်သိမ့်တုန်ရင်း ပြိုကျလာသည်။ ယခုတွင် ခြောက်မီတာသာ ကျန်တော့လေသည်။ အစိမ်းရောင်ယဇ်ပလ္လင်မှာမူ ကမူးရှူထိုးလည်လျက်ရှိသော ဝဲဂယက်ကြီးအတွင်း အလုံးစုံစုပ်ယူခံလိုက်ရပြီဖြစ်သည်။ ဝဲကြီးက မန်ဟိုနှင့် လီတောက်ရီထံသို့ တဖြေးဖြေးမြင့်တက််လာနေလေသည်။

အမွေအနှစ်နယ်မြေတစ်ခုလုံးကား အစအနမကျန် ပျက်သုဥ်းခါနီးဖြစ်နေချေပြီ။ အက်ကြောင်းများ မျက်နှာပြင်တိုင်းပေါ်တွင် ပေါ်လာပြီး နားကွဲလုမတတ် တဝေါဝေါမြည်သံကြီးဖြင့် ပြည့်နှက်နေသည်။

သူတို့အပေါ်ရှိ တစ်ခုတည်းသောထွက်ပေါက်မှာ သေးသထက် သေးလာ၏။ ယခုလောလောဆယ်တွင် သုံးမီတာသာ ကျန်ရှိတော့လေသည်။ သို့ထိတိုင် မန်ဟိုက သိုလှောင်အိတ်ကို ပုတ်လိုက်ပြန်သည်။ ဓားပျံဆယ်လက် ပျံထွက်လာ၏။ လီတောက်ရီကား မျက်စိမျက်နှာပျက်သွားတော့သည်။

ဓားများ တံခါးအပေါ်၌ ပေါက်ကွဲသွားလျှင် တစ်မီတာထက်သေးသွားပြီး လုံးဝပြိုကျသွားလိမ့်မည်။ မန်ဟိုသည် အမှန်တကယ်ပင် အသက်ရှင်ရန်မျှော်လင့်ချက်အလုံးစုံ လက်လျှော့ပြီး ဤနေရာတွင် ထာဝရနေထိုင်ရန် ဆုံးဖြတ်ခဲ့ပြီဟူ၍ လီတောက်ရီ ရုတ်တရက် တွေးလိုက်မိသည်။

သို့သော် မန်ဟိုက သူ၏အင်္ကျီလက်စကို ခါပြီး ဓားပျံများ၏အလယ်သို့ ပျံတက်လိုက်သည်။ ဤသည်က သူသည် ဆက်နေမည့်အကြံကို လက်လျှော့ပြီး ထွက်သွားတော့မည့်ပုံပေါ်သွားစေ၏။ သို့သော် သူထွက်သွားသည်နှင့် တံခါးကိုဖျက်စီးပစ်လိမ့်မည်။ ထို့နောက် လီတောက်ရီ သွေးအင်မိုတယ်၏ အမွေအနှစ်ကို ရလျှင်တောင်မှ ထွက်သွားနိုင်တော့မည်မဟုတ်ပေ။

လီတောက်ရီ ဝိရောဓိဖြစ်နေ၏။ မန်သိုထိုသို့လုပ်လျှင် အမွေအနှစ်ကိုရခြင်းက အချည်းနှီးဖြစ်သွားလိမ့်မည်။ သူက မန်ဟိုကို တားရန်ပြင်လိုက်သော်လည်း သူတစ်ခုခုလုပ်လျှင် လှိုင်းဂယက်များထသွားပြီး တံခါးအား ပျက်စီးစေမည့်အချက်ကို သဘောပေါက်လိုက်သည်။

"ငါထွက်သွားရင် အမွေအနှစ်က......"

သူ ဤနေရာတွင် မြှုပ်နှံခြင်းမခံလိုပေ။ သူက လီမျိုးနွယ်၏တာအိုကလေးဖြစ်ပြီး အနာဂတ်တွင် အကန့်အသတ်မဲ့တက်လမ်းများရှိသည်။ သွေးအင်မိုတယ်၏အမွေအနှစ်ကို ဆုံးရှုံးခြင်းက တကယ်တမ်း မည်သည့်အရာကိုမှ ပြောင်းလဲသွားစေမည်မဟုတ်ပေ။ သို့သော် ဤနေရာတွင် သေဆုံးခြင်းကတော့.......

" ငါ့အသက်နဲဲ့ယှဥ်ရင် အမွေအနှစ်က ဘာမှမဟုတ်ဘူး။ သက်ကြားအိုခေါင်းဆောင်ကြီးကိုလဲ ဘယ်သူက ဂရုစိုက်မှာတုံး။ အင်း တစ်ယောက်ယောက် အမွေအနှစ်ရသွားရင်လဲ ဒီနေရာမှာ အတူတူမြှုပ်နှံခံလိုက်ရမှာပဲ" လီတောက်ရီက မျက်လုံးနီရဲနေလျက် ဟိန်းဟောက်လိုက်သည်။ သူက သွေးတစ်ပွက်အန်ရင်း ခုန်လိုက်ပြီးနောက် တစတစအရွယ်အစားကြီးမားလာသော သွေးအရိပ်တစ်ခုအသွင်ပြောင်းသွား၏။ သူက မန်ဟို၏ဓားပျံများထံ တဟုန်ထိုးပျံသန်းသွားပြီး ၄င်းတို့ပေါက်ကွဲခါနီးဆဲဆဲ လက်လှမ်းလိုက်သည်။ သူသည် မန်ဟိုကိုကျော်ပြီးနောက် တံခါးထဲဝင်သွား၏။

သူက တံခါးအထဲ ဝင်သွားချိန်မှာပင် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ပုလဲနက်ဆယ်လုံးပေါ်လာသည်။ ၄င်းတို့က တံခါးကို ဖောက်ခွဲပြီး မန်ဟို့ထွက်လမ်းကို ပိတ်ဆို့ရန် အဆင်သင့်ဖြစ်နေကြသည်။

သို့သော် သူ၏ညာလက် မျက်နှာပြင်ကိုဖြတ်၍ ထွက်ခွာနေဆဲ အချိန်မှာပင် မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး အချိန်တစ်ခုကြာသည်အထိ ပြင်ဆင်ခဲ့ရသော မန္တန်တစ်ခုထုတ်လွှတ်လိုက်သည်။

"မိစ္ဆာချုပ်နှောင်ခြင်း၊ အဋ္ဌမမန္တန်၊ ခန္ဓာကိုယ်ချုပ်နှောင်ခြင်း" သူက ရဲရဲနီနေသောမျက်လုံးများဖြင့် ရွတ်ဆိုလိုက်သည်။ ဤသည်မှာ အဋ္ဌမမြောက်မိစ္ဆာချုပ်နှောင်သူထံမှ ရရှိခဲ့သော လျှို့ဝှက်ဆန်းကြယ်ပညာရပ်ကို သူပထမဆုံးသုံးဖူးခြင်းဖြစ်သည်။

ဉာဏ်အလင်းရပြီးနောက် မန်ဟိုသည် မန္တန်ကိုသုံးရန် အကြိမ်များစွာ ကြိုးစားခဲ့သော်လည်း တစ်ခါမှ မအောင်မြင်ခဲ့ပေ။ ထို့နောက် သွေးအင်မိုတယ်အမွေအနှစ်နယ်မြေ၏ ပဥ္စမကွန်ချာရှိ မှော်စာပိုဒ်ကို ဉာဏ်အလင်းပွင့်ပြီးနောက် မှ အရာအားလုံးရှင်းလင်းသွားလေသည်။

မန်ဟိုသည် သူ၏ ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်သုံးတိုင်ကို အသုံးပြုရင်း လက်ချောင်းများ တဖျပ်ဖျပ်လှုပ်ရှားနေစဥ် ဤတစ်ကြိမ်အောင်မြင်လိမ့်မည်ဟု ခံစားနေရ၏။ ခံစားချက်သည် စောစောက သူနှင့်လီတောက်ရီ၏တိုက်ပွဲအတွင်း ဖြစ်ပေါ်လာခဲ့ပြီး ဆက်လက်အားကောင်းလာခဲ့ခြင်းဖြစ်သည်။

သူ၏လက်ချောင်းကျရောက်လာပြီး တစ်ကမ္ဘာလုံး တသိမ့်သိမ့်တုန်သွားသည်။ သို့သော် တကယ်တမ်း ကမ္ဘာကြီးတုန်ခါသွားခြင်းမဟုတ်၊ မန်ဟိုနှင့် သူ၏လက်ချောင်းသာ တုန်ခါသွားခဲ့ခြင်းဖြစ်သည်။

အကောင်အထည်ဒြပ်မရှိသော ချီမျှင်များက ပြိုကျပျက်စီးနေသောကမ္ဘာကြီးနှင့် တစ်နည်းနည်းဖြင့် ချိတ်ဆက်နေပုံရသည်။ ၄င်းတို့က ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဥ်စွမ်းအင်ဖြင့် နေရာအနှံ့ရောနှောနေပြီး ကမ္ဘာ၏သရဲပုံရိပ်များကို ဖန်တီးနေကြသည်။ မန်ဟိုနှင့် သူ၏လက်ချောင်းသာ တုန်ခါသွားခြင်းမဟုတ်။ ကမ္ဘာ၏သရဲပုံရိပ်များအပြင် လီတောက်ရီ၏ သရဲပုံရိပ်များလည်း ပေါ်ပေါက်လာခဲ့သည်။

လီတောက်ရီကား တောက်ပနေသောမျက်နှာပြင်ကိုဖြတ်သွားနိုင်ခဲ့ခြင်းမရှိပေ။ ယခုတွင် သူ၏ခန္ဓာကိုယ် တုန်ရီလာပြီး ....... သူရပ်သွားသည်။

တစ်ချိန်တည်းမှာပင် မန်ဟို၏ကိုယ်တွင်းရှိ တာအိုမဏ္ဍိုင်သုံးတိုင်သည် လျင်မြန်စွာ မှေးမှိန်လာ၏။ မန်ဟို၏ပညာရပ်က သူ့တွင်ရှိသမျှစိတ်ဝိညာဥ်စွမ်းအားအကုန်နီးပါး အသုံးပြုနေပုံရသည်။

မန်ဟို၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်လာသည်။ သူက ညာလက်ကိုဝှေ့ယမ်းလိုက်ရာ လျှပ်စီးတိမ်တိုက်ပြန့်ထွက်သွားပြီး ပေါက်ကွဲခါနီး ပုလဲနက်ဆယ်လုံးကို ဝန်းရံလိုက်သည်။ တစ်ဆက်တည်းမှာပင် သစ်သားဓားနှစ်လက် ပျံထွက်လာပြီး လီတောက်ရီထံ တန်းတန်းမတ်မတ်ပြေးဝင်သွား၏။ အခြားဓားပျံများမှာမူ ၄င်းတို့၏စိတ်ဝိညာဥ်စွမ်းအားများ ဆုံးရှုံးကာ ပေါက်ကွဲသွားသဖြင့် လှိုင်းဂယက်များ အရပ်မျက်နှာတစ်ခွင် ရိုက်ခတ်သွားတော့သည်။

အချိန်တခဏကြာသွားပြီး လီတောက်ရီပြန်လည်သက်သာလာ၏။ သို့သော် အရာအားလုံးကား အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည့်အတွက် သူ့မှာ တွေတွေကြီးသာ စိုက်ကြည့်နေမိလေသည်။ သူ၏ခန္ဓာကိုယ်မှာ အပြင်ဘက်ရောက်နေပြီဖြစ်သော်လည်း သူဘာမှမလုပ်နိုင်ခင် အထိတ်တလန့် အော်ဟစ်လိုက်သည်။ သူသည် သူ့ညာလက်ကို အချိန်မီပြန်မရုတ်နိုင်လိုက်ပေ။ မန်ဟို၏သစ်သားဓားများက ၄င်းကို ဖြတ်တောက်သွား၏။

အမွေအနှစ်နယ်မြေအတွင်းတွင် မန်ဟို၏မျက်နှာ ဖြူဖျော့နေပြီး သူက သွေးများအန်နေသည်။ သူ့ပတ်လည်ရှိအရာအားလုံးမှာ ဝဲဂယက်ကြီးအတွင်း စုပ်ယူခံနေရ၏။ လျှပ်စီးတိမ်တိုက် ဂျိန်းခနဲ ထစ်ခြုန်းသွားသည်။ ၄င်းသည် ပုလဲဆယ်လုံး၏ပေါက်ကွဲတိုက်ကွက်ကို အောင်အောင်မြင်မြင် တားဆီးနိုင်လိုက်သော်လည်း တံခါးမှာ နှစ်မီတာပင်မရှိတော့ပေ။

မကြာမီ လျှပ်စီးတိမ်တိုက်မှာ ပျောက်ကွယ်တော့မည့်အလား ပါးလျပ်လာ၏။ လျှပ်စီးမီးပွားများကိုပင် မမြင်ရတော့။ မန်ဟိုက လီတောက်ရီ လက်တစ်ဖက်ပြတ်လျက် လွတ်မြောက်သွားသည်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ချာခနဲ လှည့်၍ အထဲတွင် သွေးဝိညာဥ်နှစ်ကောင် တစ်ကောင်ကိုတစ်ကောင် ဝါးမြိုရန် တိုက်ခိုက်နေလျက်ရှိသော ခရမ်းရောင်တစ်ဝက်၊ အနီရောင်တစ်ဝက်ဖြစ်နေသည့် မျက်နှာဖုံးထံ အပြေးအလွှားသွားလိုက်သည်။

အစတွင် အနီရောင်အလင်းက အသာစီးရနေဟန်တူသည်။ သို့သော် လီတောက်ရီထွက်သွားသည်နှင့် ၄င်းမှာ ရုတ်တရက် အားနည်းသွား၏။ မျက်နှာဖုံးအတွင်းရှိ လီမျိုးနွယ်စုခေါင်းဆောင်ကြီးကား ဒေါသငယ်ထိပ်တက်၍ တဆတ်ဆတ်တုန်ရီနေလေပြီ။

"လီတောက်ရီ" သူက ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ အတိတ်တုန်းက သူသည် ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့သော်လည်း ယခုတွင် သွေးဝိညာဥ်တစ်ကောင်အဖြစ် ဝင်စားခဲ့ရသည်။ သို့နှင့် သူ့မှာ ရက်စက်သောအမွေအနှစ်ပြိုင်ပွဲ၏ စစ်မှန်သောစည်းမျဥ်းကို လိုက်နာရန် မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

အမွေအနှစ်ကိုဆက်ခံရရှိသူတွင် သွေးဝိညာဥ်တစ်ကောင် ရှိရမည်။

ထိုနည်းတူ သွေးဝိညာဥ်တစ်ကောင်သည် အမွေအနှစ်ပြိိုင်ပွဲဝင်တစ်ဦးနှင့် ဆက်နွှယ်မှုရှိရမည်။ အမွေအနှစ်ပြိုင်ပွဲတစ်ဦး ထွက်ခွာသွားလျှင် သွေးဝိညာဥ်ပျောက်ကွယ်သွားရလိမ့်မည်။ ပြိုင်ပွဲဝင်ပြန်ရောက်လာမှသာလျှင် သွေးဝိညာဥ်ပြန်ပေါ်လာမည်ဖြစ်သည်။

သို့သော် လီမျိုးနွယ်စုခေါင်းဆောင်ကြီးကား မျက်နှာဖုံးထဲ ရောက်နေလေပြီ။ သူက ပျောက်ကွယ်မသွားသော်လည်း လီတောက်ရီထွက်သွားခဲ့သောကြောင့် ယခု အားနည်းသွားလေသည်။ သူ့ကို ဝန်းရံထားသည့်အလင်းမှာ တစတစမှေးမှိန်ပျောက်ကွယ်လာ၏။

မန်ဟို အနားရောက််လာသည်။ သူက ပတ်ပတ်လည်ရှိ ပျက်စီးပြိုကျခြင်းများကို လျစ်လျုရှု၍ သူ၏ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်သုံးတိုင်ကို လှည့်ပတ်လိုက်ရာ ပတ်ဝန်းကျင်ရှ် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားအလုံးစုံ သူ့ထံသို့ တဟုန်ထိုးပြေးဝင်လာကြသည်။

စိတ်ဝိညာဥ်စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲဝင်ရောက်ပြီးနောက် မျက်နှာဖုံးအတွင်း စီးဝင်ကာ သွေးခွေးကြီးနှင့် ပေါင်းစည်းသွားသည်။ ဤအကူအညီကြောင့် သွေးခွေးကြီး၏ခရမ်းရောင်အလင်းသည် ပို၍တောက်ပလာပြီး လီမျိုးနွယ်စုခေါင်းဆောင်ကြီးအပေါ် ဖိနှိပ်၍ သူ၏နောက်ဆုတ်ရာလမ်းကြောင်းကို ဖြတ်တောက်လိုက်သည်။ ထိုအခိုက်အတန့်တွင် သွေးခွေးကြီး၏မျက်နှာဖုံးအပေါ် ထိန်းချုပ်မှုသည် တစ်ဝက်ကျော်သွားလေပြီ။ သို့ထိတိုင် အပြည့်အဝတော့ မထိန်းချုပ်နိုင်သေးပေ။ မျက်နှာဖုံးကိုလည်း ယူဆောင်၍ မရသေး။

လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို အလွယ်တကူမြိုချ၍မရချေ။ ၄င်းက အန္တရာယ်ရှိသောအခြေအနေတွင် ဖြစ်သည့်တိုင် ပြင်းပြင်းထန်ထန်ရုန်းကန်တိုက်ခိုက်နေဆဲပင်။

"ခင်ဗျား ခေါင်းမာနေရင်တော့ ဒီနေ့ ကျုပ်တို့အားလုံး သေကုန်လိမ့်မယ်" မန်ဟို၏အသံ ဟိန်းထွက်လာသည်။ သူတို့ပတ်လည်ရှိ အရာအားလုံးမှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးရင်း တဝုန်းဝုန်းပြိုကျနေသည်။ ထွက်ပေါက်မှာ တစ်မီတာမျှသာ ရှိတော့သည်။ " ခင်ဗျား လက်လျှော့ပြီး ကျုပ်ရဲ့ သွေးဝိညာဥ်ကို မျက်နှါဖုံးအပေါ် ထိန်းချုပ်ခွင့်ပေးရင် သူ ခင်ဗျားကို မစားစေရဘူး။ ခင်ဗျားရဲ့စိတ်ဝိညာဥ်နည်းနည်းလဲ ထားထားနိုင်တယ်။ နောက်ဆုံးကျရင် ခင်ဗျားပြန်ထွက်ပြီး လူတစ်ယောက်အဖြစ် ပြန်ပြောင်းနိုင်တဲ့ နေ့ရက်ရောက်လာလိမ့်မယ်။ ခင်ဗျားရွေးပေါ့ဗျာ"

"မင်းနိုင်အောင် ငါကူညီပေးမယ်လို့ ဘယ်လိုလုပ်တွေးလိုက်တာလဲ" လီမျိုးနွယ်စုခေါင်းဆောင်ကြီးက ရက်စက်သောအသံကြီးဖြင့် ပြန်ဖြေသည်။ "ဘာအကြောင်းပြချက်ကြောင့် ငါမင်းကို ယုံရမှာလဲ" သူသည် သူတို့ရင်ဆိုင်နေရသော အန္တရာယ်ကို သိသည့်အပြင် မန်ဟိုကို့ငြင်းပယ်ခြင်းက သေခြင်းနှင့်ဆုံတွေ့ရမည်ဖြစ်ကြောင်းကိုလည်း သိသည်။ သို့သော် သူအလျှော့မပေးချင်သေးပေ။

"ခင်ဗျား ကျုပ်ကို မယုံလို့ရတယ်။ ဒါပေမယ့် ခင်ဗျားမှာ ရွေးချယ်စရာမရှိဘူး" မန်ဟို၏မျက်လုံးများ ဝင်းလက်သွားသည်။

အသက်ရှူချိန်အနည်းငယ် ကြာသွားသည်။ ပတ်ဝန်းကျင်ကား နောက်ဆုံးအခြေအနေကျရောက်လာပြီဖြစ်ပြီး ဝဲဂယက်ကြီးသည် မန်ဟို့ထံမှ သုံးမီတာမျှသာ ကွာဝေးတော့သည်။ သူ့အပေါ်တွင် ထွက်ပေါက်ကား တစ်မီတာပင် မရှိတော့ပြီ။ ဆောက်တည်ရာမဲ့ ဟိန်းဟောက်သံကြီးတစ်သံ လီမျိုးနွယ်စုခေါင်းဆောင်ကြီးထံမှ ဟိန်းထွက်လာသည်။

***

All Chapters