မီးတောင်ကို ဖောက်ထွက်ခြင်း
Vol. 10 Ch. 135
မန်ဟို ပြောခဲ့သည့်အတိုင်း လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ သူ့ကိုယုံရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ သူ မယုံလျှင်တော့ မလွဲဧကန် သေရပေလိမ့်မည်။ မန်ဟို့ကို ယုံလျှင် သူ့အတွက် အသက်ရှင်ရန် အခွင့်အရေးရမည်။ သို့မဟုတ်ပါက မန်ဟိုထွက်သွားသည်နှင့် သူ့မှာ အသက်ဆက်ရှင်ရန် မည်သည့်အခွင့်အရေးမှ ရှိတော့မည်မဟုတ်ပေ။
မန်ဟို စကားပြောလိုက်ချိန်မှာပင် လီမျိုးနွယ်စုခေါင်းဆောင်ကြီးသည် သူ၏တစ်ခုတည်းသောရွေးချယ်စရာက ခုခံတိုက်ခိုက်နေခြင်းကိုရပ်၍ သွေးခွေးကြီးကို သူ့အား ဝါးမြိုခွင့်ပေးကာ မျက်နှာဖုံးအပေါ် ထိန်းချုပ်ခွင့်ပေးရန်သာ ဖြစ်ကြောင်းသိသည်။ မျက်နှာဖုံးသည် မန်ဟို့လက်အတွင်း ပျံသန်းလာ၏။ သူက ၄င်းကို ဖမ်းယူပြီးနောက် လျင်မြန်စွာကျုံ့လာနေသောထွက်ပေါက်ထံ တဟုန်ထိုးဦးတည်လိုက်သည်။
သူပျံထွက်သွားစဥ် အမွေအနှစ်နယ်မြေသည် ဝဲဂယက်ကြီး၏ဝါးမြိုခြင်းခံရကာ ထာဝရပျောက်ကွယ်သွားတော့သည်။
မီးတောင်ထဲတွင် မန်ဟိုသည် တုန်ခါနေသော သွေးကန်နှင့် ယဇ်ပလ္လင်မှ အလင်းတန်းအသွင်ဖြင့်် တဟုန်ထိုးထွက်လာသည်။ ဧရာမကျောက်ဦးခေါင်းကြီးမှာ ကန်ထဲသို့ အစိတ်စိတ်အမြွှာမြွှာပြိုကျ နစ်မြုပ်သွားသည်။ တခဏလေးအတွင်း ကန်ကား အလိုအလျောက် ခြောက်သွေ့သွားလေသည်။
ထိုအရာအားလုံးက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည့်အလား မြေကြီး၌ အက်ကွဲကြောင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။
သွေးကန် ခြောက်သွေ့သွားချိန်မှာပင် ခေါင်းထက်မှ မိုးခြိမ်းသံများ ကြားလိုက်ရသည်။ မန်ဟို မီးတောင်အပေါ်ထက်က ကောင်းကင်ကို ခေါင်းမော့ကြည့်လိုက်သည်။ မိုးကြိုးများ ၊ လျှပ်ပန်းလျှပ်နွယ်များကား ငွေနဂါးကြီးများသဖွယ် လေထဲ တွန့်လိမ်ကောက်ကွေးလျက်ရှိသည်။ ၄င်းတို့က ဧရာမထုထည်ကြီးဖြစ်လာပြီး အောက်သို့ပစ်ချချင်သော်လည်း သွေးရောင်အလင်းမှ ပိတ်ဆို့ထားသည့်အလားပင်။ သွေးရောင်အလင်းသည် မိုးကောင်းကင်နှင့် စီးချင်းထိုးလိုသည့်အလား အသက်ဝင်နေပုံပေါ်သည်။
၄င်းမှာ အလွန်ဝေးကွာလှသဖြင့် မန်ဟို မမြင်ရသော်လည်း သူမြင်ရသည့်အရာမှာ..... မီးတောက်၏ တလက်လက်တောက်ပနေသော ဒိုင်းအလွှာ ပျောက်ကွယ်လာနေခြင်းပင်။
"ဒီထူးဆန်းတဲ့ ကောင်းကင်လက္ခဏာတွေကို သေချာပေါက် အာရုံစိုက်မိကြမှာပဲ။ ငါ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး" သူက မျက်နှာဖုံးကို ဆုပ်ကိုင်ပြီး တစ်ချိန်တည်းမှာပင် စိတ်ဝိညာဥ်အာရုံအနည်းငယ် ၄င်းအထဲ စေလွှတ်ရင်း ချူယွီယန်ထံ တဟုန်ထိုးထွက်သွား၏။
မျက်နှာဖုံးသည် ယခု လက်နက်ဝိညာဥ်ဖြစ်သွားသည့် သွေးခွေးကြီး၏ထိန်းချုပ်မှုအောက်တွင် ဖြစ်သည်။ ဝင်စီးထားသော သွေးနဂါးကြီးကို အလုံးစုံဝါးမြိုပြီးနောက် သွေးခွေးကြီးမှာ ယခု အနားယူနေသည့်အခြေအနေတွင် ဖြစ်သည်။ လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ ကျင့်ကြံခြင်းအခြေခံမှာ သူ၏ပင်ကိုယ်ခွန်အားအပြင် သူဝင်ပူးထားသော သွေးနဂါးကြီး၏ စွမ်းအားပါ ထည့်ပေါင်းထားသဖြင့် မယုံကြည်နိုင်ဖွယ်ကောင်းစွာ အစွမ်းထက်သည်။ သွေးဝိညာဥ်တစ်ကောင်လည်းဖြစ်သည့် သွေးခွေးကြီးက ဝါးမြိုနိုင်လိုက်သော်လည်း သူ့ကို အပြည့်အဝစုပ်ယူရန် အချိန်တချို့လိုအပ်မည်ဖြစ်သည်။
သွေးခွေးကြီး အနားယူနေခြင်းမှ မည်သည့်အချိန် နိုးထလာမည်လဲ မန်ဟိုမသိပေ။ သို့သော် သူ့မှာ ၄င်းနိုးထပြီး ထွက်လာသောအခါ မည်သို့ဖြစ်လိမ့်မည်ကိုသာ သူတွေးနေနိုင်သည်။ ၄င်းက အံ့ဖွယ်စွမ်းအားများကို ပိုင်ဆိုင်ပြီး မန်ဟို့အတွက် များစွာအထောက်အကူဖြစ်မည်မှာတော့ ယုံမှားဖွယ်မရှိပေ။
၄င်းသည် ယခုအိပ်မောကျနေသော်လည်း မန်ဟို့အပိုင်သာဖြစ်သည်။ မျက်နှာဖုံးသည်လည်း မန်ဟိုနှင့်သာ လုံးဝသက်ဆိုင်၏။
မန်ဟို၏နှလုံးသားမှာ မျှော်လင့်ချက်များဖြင့် တဒိတ်ဒိတ်ခုန်လျက် ရှိသည်။ သို့ပါသော်လည်း သွေးခွေးကြီးအိပ်ပျော်နေသဖြင့် မျက်နှာဖုံးကို လတ်တလောတော့ သူအသုံးမပြုနိုင်သေးပေ။
"သူဘယ်လောက်ကြာကြာ အိပ်ပျော်နေမှာလဲ....." မန်ဟို သက်ပြင်းရှည်ကြီးချလိုက်သည်။ မျက်နှာအတွင်းတွင် လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ စိတ်ဝိညာဥ်အသိစိတ်အနည်းငယ်ကိုလည်း သူမြင်လိုက်ရသည်။ ၄င်းမှာ မန်ဟို အတွေးလေးတစ်ချက်ဖြင့် အမြုစ်ဖြုတ်လိုက်နိုင်သည့်အလား အလွန်အားနည်းနေ၏။ သူက တခဏစဥ်းစားပြီးနောက် မရှင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။
အချိန်အနည်းငယ်စစ်ဆေးကြည့်ရှုပြီးနောက် မန်ဟို သူ၏စိတ်ဝိညာဥ်အာရုံကို ပြန်ခေါ်ပြီး မျက်နှာဖုံးကိုစကြဝဠာအိတ်ထဲ ထည့်လိုက်သည်။ သူက အနက်ရောင်ပိုက်ကွန်ဖြင့် ရစ်ပတ်ခံထားရသည့် သတိလစ်နေသော ချူယွီယန်ဘေး ဆင်းသက်လိုက်သည်။
မန်ဟိုသည် မီးတောက်အပြင်ဘက်ရှိ မိုးကြိုးလျှပ်စီးများကို မော့ကြည့်ပြီး အတွေးနက်နေပုံပေါ်သည်။ သွေးရောင်အလင်းနှင့် လျှပ်စီးတို့က ကောင်းကင်တွင် စီးချင်းထိုးလျက်ရှိ၏။ ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ သူ၏မျက်နှာတွင် ပြည့်နှက်သွားသည်။
"ငါ ဒီမှာနေလို့မရဘူး။ ထွက်သွားမှဖြစ်မယ်။ မိုးကြိုးပြစ်ဒဏ်က ငါ့ကြောင့် ဒီရောက်နေတာဆိုပေမယ့် သွေးအင်မိုတယ်ရဲ့ ယဇ်ပလ္လင်ဆီက တုံ့ပြန်ချက်ကို လှုံ့ဆော်ခဲ့တာပဲ....." သူက အင်္ကျီလက်စကို ခါ၍ ချူယွီယန်ကို ပွေ့လိုက်သည်။ ထို့နောက် သူ၏ပြီးပြည့်စုံသောအခြေ၏ စိတ်ဝိညာဥ်အာရုံမှ မယုံကြည်နိုင်ဖွယ်စွမ်းအားကို အသုံးပြုရင်း ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုပြီး ဟမ့်ခနဲ နှာမှုတ်လိုက်လေသည်။ ချူယွီယန်သည် ပတ်ဝန်းကျင်ရှိ အက်ကြောင်းများကြား၌ ဖော်စပ်ပြီးအရန်ဆေးလုံး တော်တော်များများကို ဝှက်ထားခဲ့လေသည်။ သူက ၄င်းတို့ကို သိမ်းယူပြီးနောက် မီးတောက်၏အပြင်ဘက် ပျံထွက်လိုက်သည်။ ဤသည်မှာ နှစ်ဝက်အတွင်း ဤနေရာမှ သူပထမဆုံးထွက်သွားနိုင်ခြင်းပင်။ ယခုတွင် သူနှလုံးသားထဲ၌ နောင်အနာဂတ်နှင့်ပတ်သက်၍ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေပြီ။
သို့သော် သူ့မျက်နှာပေါ်က မျှော်လင့်ချက်များမှာ ချက်ချင်း အံသြတုန်လှုပ်မှုအသွင်ပြောင်းသွားသည်။ သူ အဝေးသို့ လှမ်းကြည့်လိုက်ချိန် လောလောဆယ် တဂျိန်းဂျိန်းထစ်ခြုန်းနေသော ကောင်းကင်၏အလယ်တွင် စစ်ရထားပုံစံရှိသော ဧရာမ ရှေးဟောင်းဘုရားကျောင်းကြီးကို ပြတ်ပြတ်သားသားမြင်လိုက်ရ၏။ ၄င်းပတ်လည်ရှိ ပုံရိပ်အသေင်္ချေကား မိုးကောင်းကင်မှ မိုးကြိုးများဖြင့် စီးချင်းထိုးနေသော အံသြတုန်လှုပ်ဖွယ်ချီများကို ထုတ်လွှတ်နေသည်။
မိုးကြိုးပြစ်ဒဏ််မှာ အဆုံးစွန်ထိ အံသြတုန်လှုပ်ဖွယ်ကောင်းလှသည်။ လျှပ်တစ်လက်ကပင် မန်ဟို့ကို ထိတ်လန်သွားစေသဖြင့် သူ၏သူငယ်အိမ်များ ကျုံ့သွားလေသည်။
"ဒါဆို..... ဒီမိုးကြိုးပြစ်ဒဏ်က ငါ့နောက်လိုက်နေတာလား" သူရင်တုန်သွားသည်။ သူ့မှာ ပြီးပြည့်စုံသော ချီအခြေတည်ဆေးလုံးစားပြီးနောက် အမွေအနှစ်််နယ်မြေထဲ မဝင်ရောက်ခဲ့လျှင် မီးတောင်အတွင်း မည်သည်တို့ဖြစ်ပျက်လိမ့်မည်ကို တွေးသာကြည့်နိုင်တော့သည်။ မိုးကြိုးပြစ်ဒဏ်က သွေးအင်မိုတယ်၏အမွေအနှစ်နယ်မြေကို ချိုးဖျက်ရန် ကြိုးစားခဲ့ပြီး ဤသို့ အမွေ့အနှစ်ကို ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်းအား တိုက်ပွဲထဲ စေလွှတ်အောင် လှုံ့ဆော်ခဲ့လေသည်။ သူသာ ပြီးပြည့်စုံသောအခြေနှင့်တစ်ယောက်တည်း ရင်ဆိုင်ပါက အစအနပင်မကျန် ဖျက်စီးခံလိုက်ရမည်ဖြစ်သည်။
မန်ဟိုက အသက်ပြင်းပြင်းရှူပြီး ချူယွီယန်ကို ခပ်တင်းတင်းပွေ့ကာ မြန်နိုင်သမျှမြန်မြန် ထွက်သွားလိုက်သည်။ သူ၏ဦးရေပြားမှာ စပ်ဖျဥ်းဖျဥ်းဖြစ်နေပြီး သူ့မှာ အလွန်ပူပင်သောကရောက်နေတော့သည်။ အဘယ်ကြောင့်ဆိုသော် သွေးရောင်အလင်းမှာ တစတစပျောက်ကွယ်လာနေပြီး ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်း၏ပုံရိပ်မှာ ဝိုးတိုးဝါးတားဖြစ်လာသောကြောင့်ပင်။
ကံကောင်းထောက်မစွာ မိုးကြိုးပြစ်ဒဏ်သည်လည်း တဖြေးဖြေးပြိုကွဲလာသည်။ အစုအဝေးတစ်စုသာ ကျန်တော့ပုံရပြီး မကြာခင်ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။
တကယ်တမ်းဆိုလျှင် မီးတောင်အပြင်ဘက်သို့ ထွက်ပြေးခြင်းက ကောင်းမွန်သောရွေးချယ်မှုမဟုတ်သော်လည်း မန်ဟိုမှာ ရွေးချယ်စရာမရှိသဖြင့် မြန်နိုင်သမျှ မြန်မြန်ပြေးနေတော့သည်။ ကောင်းကင်ဘုံမှ မိုးကြိုးပစ် စစ်ဆေးခြင်းက လူအတော်များများ သတိထားမိစေမည်ဖြစ်ကြောင်း သူသိသည်။ ပတ်ဝန်ကျင်တွင် လူအတော်များများ စုဝေးနေကြမည်မှာ သေချာသည်။ ကောင်းကင်ဘုံမှ မိုးကြိုးပစ်စစ်ဆေးခြင်း လွင့်စင်ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုက်နက် ဤနေရာမှာ ကျင့်ကြံသူများဖြင့် အုံခဲသွားပေလိမ့်မည်။ ထိုအခြေအနေတွင် ထွက်ပြေးရန်က အလွန်ခက်ခဲမည်ဖြစ်သည်။
သူ ယခုလှုပ်ရှားမှသာလျှင် ဆူညံပွက်လောရိုက်မှုကို အခွင့်ကောင်းယူနိုင်မည်။
မန်ဟို ခန့်မှန်းထားသည့်အတိုင်း ပတ်ဝန်းကျင်မှာ ကောင်းကင်ဘုံမှ မိုးကြိုးပြစ်ဒဏ်၏ဆွဲဆောင်မှုကြောင့် ရောက်ရှိလာခဲ့သော ကျင့်ကြံသူတစ်ထောင်နီးပါးဖြင့် ပြည့်နှက်နေလေပြီ။ ဟုတ်ပါသည်။ သူတို့တစ်ယောက်မှ အထဲမဝင်ရဲ၍ အဝေးတစ်နေရာမှသာ စောင့်ကြည့်နေကြသည်။ ယခုတွင် မိုးကြိုးများ တစတစပျောက်ကွယ်လာသဖြင့် သူတို့၏မျက်လုံးများ တောက်ပလာကြသည်။ မည်သူပထမဆုံးသွားလိုက်သည်လဲ မသိသော်လည်း တခဏအတွင်း သူတို့အားလုံး အရပ်မျက်နှာအသီးသီးမှ ချီတက်ပြီး မိုးကြိုးပြစ်ဒဏ်နယ်ပယ်တစ်ခုလုံး ပြည့်နှက်သွားတော့သည်။
မန်ဟို မြန်နိုင်သမျှ မြန်မြန်ပျံသန်းနေသည်။ သူက ရုတ်တရက် မျက်လုံးများ ဖျတ်ခနဲ လက်သွားးပြီး မျက်မှောင်ကြုတ်သွား၏။ သူက ပျံသန်းနေရာမှရပ်၍ အသက်ရှူချိန်အနည်းငယ်ကြာသည်အထိ တစ်ယောက်တည်း ပွပွစိစိပြောနေသည်။ ထို့နောက် သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။
"ငါ ဆက်သွားရင် သေချာပေါက် ကျင့်ကြံသူတစ်ယောက်မဟုတ် တစ်ယောက်နဲ့ ပက်ပင်းတိုးမှာပဲ....ဒီဘက် ဆက်မသွားရင်တော့...... ဒီလိုလုပ်လို့ရတယ်" သူက ချာခနဲလှည့်လိုက်သည်။ မိုးကြိုးနယ်ပယ်၏ အစပ်နားပျံသန်းမည့်အစား သူက ၄င်း၏အလယ်ဗဟိုတည့်တည့်ကို ပျံသန်းလိုက်သည်။ ယင်းကား သူ၏ မူလဦးတည်ချက်နှင့် ဆန့်ကျင်ဘက်ပင်။
သို့သော် သူက မြန်မြန်မပျံပေ။ ချူယွီယန်ကိုမူ အချိန်အတော်ကြာကတည်းက သူ၏စကြဝဠာအိတ်ထဲ ထည့်ထားပြီးလေပြီ။ ၄င်းက သိုလှောင်အိတ်မဟုတ်သဖြင့် ၄င်း၏အတွင်းပိုင်းမှာ ကမ္ဘာတစ်ခုလုံးဖြစ်သည်မဟုတ်ပါလော။ ၄င်းက သက်ရှိလူသားတစ်ယောက်ကို အထဲတွင် ခဏတဖြုတ် လက်ခံပေးထားနိုင်လေသည်။
မန်ဟိုသည် ဘေးပတ်ဝန်းကျင်ကို သတိကြီးကြီး အကဲခတ်ရင်း ပျံသန်းနေ၏။ အသက်ရှူချိန်ဆယ်ကြိမ်ခန့်ကြာသော် သူ၏အမူအရာ ရိပ်ခနဲ ပြောင်းသွားသည်။ သူ့အရှေ့တွင် ကျင့်ကြံသူဆယ်ယောက်နီးပါး ရှိသော အဖွဲ့တစ်ဖွဲ့ ရုတ်တရက်ပေါ်လာ၏။ သူတို့က ရောင်စုံအလင်းတန်းများပမာ လေကိုခွင်း၍ သူ့ထံ တဟုန်ထိုးလာနေကြသည်။
ဆယ်ယောက်အဖွဲ့က လူစုခွဲလိုက်သည်။ သုံးယောက်၊လေးယောက်လောက်က မန်ဟိုကို မမှိတ်မသုန်ကြည့်ရင်း အမြင့်ဆုံးအရှိန်ဖြင့် လာနေကြသည်။
သူတို့အကြည့်က ချက်ချင်း သူ့ကို ကျော်သွားသည်။ သူက သူတို့အတိုင်း မိုးကြိုးနယ်ပယ်ကို စူးစမ်းနေသောအမူအရာဖမ်းလိုက်လေသည်။
လောလောဆယ်တွင် သူ့မျက်လုံးများက သူတို့ကို မော့မကြည့်ဘဲ မြေကြီးကိုသာ မမှိတ်မသုန်ကြည့်နေသည်။ ထိုသို့သာမဟုတ်လျှင် သူတို့က သူလမ်းကို ဟန့်တားခဲ့မည်ဖြစ်သည်။
ဤအခိုက်အတန့်တွင် ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်း လုံးလုံးပျောက်ကွယ်သွားသည်။ သွေးရောင်အလင်း လွင့်ပြယ်သွားသဖြင့် မိုးကြိုးတိမ်တိုက်များ တဖြေးဖြေး စတင်ပြိုကွဲလာသည်။ သို့သော်....... လျှပ်စီးတန်းတစ်တန်းကတော့ ၄င်း၏တာဝန်ကို ပစ်ပယ်လိုစိတ်မရှိပုံရသည်။ ၄င်းပတ်လည်ရှိ အရာအားလုံးပျောက်ကွယ်နေချိန်မှာပင် ၄င်းက မိုးကောင်းကင်မှ မန်ဟို့ထံ တည့်တည့်ပစ်ချလိုက်သည်။
၄င်းဆင်းသက်လာစဥ် သိသာစွာပင် လွင့်ပြယ်ပျောက်ကွယ်လာသည်။ သို့သော် ၄င်းသည် မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် လျင်မြန်နေသေး၍ မန်ဟို့အပေါ်ကျရောက်မည်မှာ ယုံမှားဖွယ်မရှိပေ။
၄င်း သူ့အပေါ်ကျရောက်လာပါက ထိခိုက်ဒဏ်ရာမည်မျှနည်းပါးစေကာမူ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများအား သေချာပေါက်သတိထားမိစေမည်။ သူတို့ သံသယဝင်လာကြလျှင်တော့ မန်ဟိုဒုက္ခရောက်မည်ဖြစ်သည်။
ယခုလောလောဆယ်တွင် ကျင့်ကြံသူဆယ်ယောက်ခန့်မှာ အဝေးမှ လျှပ်စီးတန်းကြီး နီးကပ်လာသဖြင့် အံသြမှင်သက်နေကြသည်။ သူတို့က ချက်ချင်းနောက်ဆုတ်သွားကြ၏။
ဤကျဥ်းထဲကြပ်ထဲအခြေအနေတွင် မန်ဟို၏စိတ်အစဥ်မှာ ချာချာလည်နေတော့သည်။ သူက ရုတ်တရက် တဟားဟားထရယ်သည်။ နောက်ဆုတ်မည့်အစား သူက တဟုန်ထိုးရှေးပြေးသွားပြီး အသံကျယ်ကြီးဖြင့် ပြောသည်။ "ဒီတော့ မိုးကြိုးပြစ်ဒဏ်နည်းနည်းပါးပါး ကျန်သေးတယ်ပေါ့လေ။ နောက်ဆုံးတော့ ကျုပ် ဝမ် မိုးကောင်းကင်ရဲ့မျက်နှာပေးခြင်း ခံရပြီ"
သူက တဟားဟားရယ်၍ ရှေ့သို့ ပြေးတက်သွားရင်း သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် လျှပ်စီးတိမ်တိုက်တစ်ခု သူ့ပတ်လည်တွင် ပေါ်လာသည်။ ဘေးပတ်လည်ရှိ ကျင့်ကြံသူများ၏ အံသြနေသော အကြည့်များအလယ်တွင် သူက ပြစ်ဒဏ်မိုးကြိုးထံ တန်းတန်းမတ်မတ်ပြေးဝင်သွားတော့သည်။
"ဒီလူ ရူးနေတာလား"
"သူက သူ့ကိုယ်သူ ဝမ်လို့ခေါ်သွားတယ်။ ဝမ်မျိိုးနွယ်စုကများလား"
သူတို့်၏ရှုထောင့်အရ ပြစ်ဒဏ်မိုးကြိုးက မန်ဟို့ကို ရှာနေသည်ဟုမမြင်ဘဲ သူက ၄င်းထံ ပြေးဝင်သွားသည်ဟုသာ မြင်ကြလေသည်။ ဤသည်က မန်ဟိုလိုချင်သောအရာနှင့် ကွက်တိပင်။
ဝုန်းးးး
ပြင်းထန်သောပေါက်ကွဲမှုကြီး ရိုက်ခတ်လာသည်။ ပြစ်ဒဏ်မိုးကြိုးက မန်ဟို့ပတ်လည်ရှိ လျှပ်စီးတိမ်တိုက်ကို ဝင်တိုက်သွားလေသည်။ ဂျိန်းခနဲ ထစ်ခြုန်းသံကြီး ပဲ့တင်ထပ်သွားပြီး မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ့မှာ သွေးတစ်ပွက်အန်လိုက်ရပြီး သူ့ကိုယ်တွင်းရှိ တာအိုမဏ္ဍိုင်သုံးတိုင်မှ ပျက်စီးခံရမည့်ဘေးမှ သီသီလေးလွတ်သွားလေသည်။
ဤသည်မှာ တစ်ခုတည်းသော ပြစ်ဒဏ်မိုးကြိုးဖြစ်ပြီး၊ မည်မျှအားနည်းနေခဲ့သည်လဲ မည်သူသိမည်နည်း။ ထိုမျှသာမက ၄င်းသည် အောက်သို့ဆင်းသက်လာရင်း အားပျော့သထက် အားပျော့လာခဲ့သည်။ ဤကဲ့သို့ဖြစ်သွား၍သာ ကံကောင်းသွားကြောင်း မန်ဟိုသိလေသည်။ သွေးအင်မိုတယ်ယဇ်ပလ္လင်မရှိဘဲ၊ ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်းမရှိဘဲ၊ ပြီးပြည့်စုံသောအခြေတည်ခြင်းကိုသော ရောက်ခဲ့ပါက သူ မုချ ပြာကျသွားလိမ့်မည်။
ပြစ်ဒဏ်မိုးကြိုး မန်ဟို့ခန္ဓာကိုယ်မှ ပြိုကွဲသွားစဥ် ၄င်းသည် မရေမတွက်နိုင်သော လျှပ်စီးစက်ကွင်းပြောင်းသွားကာ သူ၏လျှပ်စီးတိမ်တိုက်မှ စုပ်ယူခြင်းခံလိုက်ရသည်။ ပြစ်ဒဏ်မိုးကြိုးကြောင့် လျှပ်စီးအလံလည်း ထိခိုက်သွားပုံရသည်။ သို့သော် ၄င်းသည် ယခုတွင် ၄င်းဘာသာပြုပြင်နိုင်၏။ လျှပ်စီးအလင်း၏ပြင်းအားမှာ ကောင်းချီးပေးခံရသည့်အလား တဖြေးဖြေးတိုးလာလေသည်။
ဤအခြင်းအရာက မန်ဟို့ကို တုန်လှုပ်သွားစေသော်လည်း သူက တဟားဟား အော်ရယ်နေသေးလေသည်။
"ငါ ဒီကိုလာတာ အလကားမဖြစ်ဘူးပဲ" သူက အင်္ကျီလက်စကို ခါရင်း တဟားဟားရယ်ကာ ပြောသည်။ "ပြစ်ဒဏ်မိုးကြိုးရဲ့ အကူအညီကြောင့် ငါ့မှော်ရတနာ အောင်မြင်သွားပြီ။ သိပ်ကောင်းတယ် ဟားဟား" ထို့နောက် သူက ပြစ်ဒဏ်မိုးကြိုးများအား ရှာဖွေနေသည့်အလား ရှေ့ဆက်သွားသည်။
"အာ ဒီလူ ရတနာတွေကို သန့်စင်နေတာပဲ"
"ပြစ်ဒဏ်မိုးကြိုးနဲ့ ရတနာကို သန့်စင်မွမ်းမံခြင်း။ ဒီဝမ်ရောင်းရင်းကတော့ တကယ် ရဲတာပဲ"
"ခင်ဗျားက ရတနာသန့်စင်တာပဲကြည့်နေတာ။ သူ့ကြည့်နေတာမဟုတ်ဘူး။ ပြစ်ဒဏ်မိုးကြိုး သူ့ကိုပစ်ချလိုက်တုံးက ကောင်းချီးပေးခံလိုက်ရသလိုပဲ။ မိုးကြိုးကျင့်စဥ်တွေကို ကျင့်ကြံတဲ့သူတွေအတွက် ဒီလိုဟာမျိုးက အတိုင်းထက်အလွန် အကျိုးထူးတယ်" ကျင့်ကြံသူဆယ်ယောက်သည်လည်း မိုးကြိုးပြစ်ဒဏ်လက္ခဏာများကို အကဲခတ်ရင်း ရှေ့ဆက်သွားကြတော့သည်။
***