ကျိုးဒရ
Vol. 10 Ch. 136
ကျင့်ကြံသူဆယ်ဦး သူ့ဘေးမှ ဖြတ်သွားစဥ် မန်ဟို၏အမူအရာကား ပြောင်းလဲခြင်းမရှိပေ။ သူက သိပ်မမြန်သော်လည်း ဆက်လက်ပျံသန်းနေဆဲ ဖြစ်သည်။ မကြာမီ အခြားကျင့်ကြံသူအမြောက်အမြား သူ့ကို ဖြတ်ကျော်သွားကြသည်။ သူ့မျက်လုံးများ မဆိုစလောက် လက်သွား၏။ သူက ထွက်မသွားဘဲ အခြားသူများကဲ့သို့ ကောင်းကင်ဘုံမှ မိုးကြိုးပစ်စစ်ဆေးခြင်း၏ရင်းမြစ်ကို ရှာဖွေနေသည့်ပုံစံ တသွေမတိမ်းဖမ်းရင်း သူတို့နောက်မှ ဆက်လိုက်သွားသည်။
"ကောင်းကင်းမိုးကြိုးပစ်စမ်းသပ်ခြင်းက ဘာ့ကြောင့်ရောက်လာတာလဲ" မန်ဟိုက အခြားသူများ၏လေသံအတိုင်း ပြောသည်။ သူက အလွန်အတွေးနက်နေဟန်ဖြင့် ဆက်မေးသည်။ "ဒီနေရာက ဘာကများ အဲ့တာကို လှုံ့ဆော်လိုက်တာလဲ"
"သိပ်ကောင်းတဲ့မေးခွန်းပဲ။ ကျုပ် အရင်ကတစ်ခါမှ ဒီလိုမိုးကြိုးပစ်စမ်းသပ်တာကို မမြင်ခဲ့ဖူးဘူး။ ဒီမှာ စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်သွားတဲ့ လူတစ်ယောက် ရှိနေတယ်လို့ မပြောနဲ့နော်။ ဒီအကြောင်း ရှေးမှတ်တမ်းမှတ်ရာတွေမှာ ဖတ်နိုင်ပေမယ့် ဟိုးအရင်ကတည်းက ဘယ်သူ ဒါကို မကျော်ဖြတ်နိုင်ခဲ့ဖူးဘူး...."
"ဟုတ်တယ်။ တကယ်ထူးဆန်းတယ်....."
နေ့လည်ရောက်သော် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ လွင့်စင်ပြိုကွဲလာသည်။ မွန်းတည့်နေ၏အလင်းရောင်က မြေပြင်တစ်ဝှမ်းလုံး ပက်ဖျန်းလျက်ရှိသည်။ ကျင့်ကြံသူတစ်ထောင်နီးပါး ပိုက်စိတ်တိုက်ရှာနေကြသော်လည်း သဲလွန်စတစ်စုံတရာမတွေ့ကြပေ။ သို့သော် နောက်ဆုံးတွင် သူတို့ မီးတောင်ကို ရှာတွေ့သွားကြ၏။
မည်သူမှ မဝင်ရောက်နိုင်ခင် ခေါင်းအထက်၌ သုံးမီတာအကျယ်အသီးသီးရှိကြသော အလင်းတန်းသုံးတန်းပေါ်လာသည်။ မကြာမိီ လူသုံးဦးထွက်လာသည်။ သူတို့က မီးတောင်အပေါက်ဝထံ တည့်တည့် ပျံဝင်သွားကြသဖြင့် ဘယ်သူမှ သူတို့၏မျက်နှာကိုပင် မမြင်လိုက်ရပေ။
အနီးနားရှိကျင့်ကြံသူများသည် သူတို့မျက်နှာကိုမမြင်လိုက်သည့် ထုတ်လွှတ်နေသော စွမ်းအားကြီးဖိအားကို အာရုံရလိုက်သည်။ အနုသုခုမရုပ်ခန္ဓာ အတုအယောင်အဆင့်ရှိ ၊ အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့်ကျင့်ကြံသူများသာ ထိုသို့ဖိအားမျိုး ထုတ်လွှတ်နိုင်လေသည်။
လူအုပ်ကြီးအတွင်းရှိ မန်ဟို၏သူငယ်အိမ်များ ကျုံ့သွားသည်။ သို့သော် သူက မျက်တောင်တစ်ချက်ပင် မခတ်ပေ။ အချိန်အနည်းငယ်ကြာသော် မီးတောင်အတွင်းမှ လူသုံးယောက်ပျံထွက်လာသည်။ သူတို့က လူအုပ်ကြီးကို မျက်လုံးဝေ့ကြည့်လိုက်ရာ လူတိုင်း သူတို့၏ပုံပန်းသွင်ပြင်ကို သဲသဲကွဲကွဲမြင်လိုက်ရလေသည်။
"ချင်းလော်ဂိုဏ်းအကြီးအကဲတွေ"
"သူတို့ကိုး။ ချင်းလော်ဂိုဏ်း အပြင်စည်းဂိုဏ်းရဲ့ မြင့်မြတ်တဲ့ အစောင့်အရှောက်တွေ......"
"ဒီနေရာက ချင်းလော်ဂိုဏ်းပိုင်နက်ထဲမှာဆိုတော့ သူတို့ပေါ်လာတာ အံ့သြစရာမရှိပါဘူး။ အခု သူတို့ရောက်လာမှတော့ ကျုပ်တို့ ဒီနေရာမှာ ဆက်နေစရာအကြောင်း မရှိတော့ဘူး....."
ကျင့်ကြံသူအဘိုးအိုသုံးဦးသည် ပန်းပွင့်သဏ္ဍာန်များထိုးထားသော အနက်ရောင်ဝတ်ရုံရှည်များကို ဝတ်ဆင်ထားကြသည်။ သူတို့သုံးယောက်က ဘေးဘီဝဲယာကို ကြည့်ပြီးနောက် တခဏကြာ အလေးအနက်တွေးနေပုံပေါက်သည်။ ထို့နောက် အသံတစ်သံထွက်လာ၏။
"ဒီနေရာကို တားမြစ်လိုက်ပြီ။ ဒီနေရာက ထွက်သွားကြတော့" သူတို့က လေလယ်တွင် တင်ပျဥ်ခွေထိုင်လိုက်ကြပြီး သုံးယောက်ထဲမှ တစ်ယောက်က ကျောက်စိမ်းပြားတစ်ပြားကို ထုတ်လိုက်သည်။ သူက အင်္ကျီလက်စကို ခါလိုက်ရာ ကျောက်စိမ်းပြားသည် အနက်ရောင်မြူငွေ့အသွင်ပြောင်းပြီး ကောင်းကင်ထံ မြင့်တက်သွားသည်။
မန်ဟိုက ပတ်ဝန်းကျင်ရှိလူများနည်းတူ ကြိတ်မှိတ်လက်ခံလိုက်ရသော အသွင်ဖြင့် ခေါင်းငုံပြီး သူတို့နှင့်အတူ ထွက်သွားလိုက်သည်။
"ဒီတော့ ဒီနေရာက ချင်းလော်ဂိုဏ်းနဲ့နီးနေတာပါလား......" မန်ဟိုက အဝေးကိုကြည့်ရင်း တွေးလိုက်သည်။ ရုတ်တရက် သူသည် အရှိန်တင်ပြီး ရောင်စုံအလင်းတန်းတစ်တန်းအသွင်ပြောင်းကာ တဟုန်ထိုးထွက်သွား၏။ သူ၏ညာလက်က စကြဝဠာအိတ်ကို ပုတ်လိုက်ရာ ကျောက်စိမ်းပြားတစ်ပြား သူ့လက်ထဲတွင် ပေါ်လာသည်။ သူက ၄င်းကို အနီးကပ်ကြည့်လိုက်သည်။
"ဝိုး သိမ်းငှက်ကြီးရဲ့လေက......ချင်းလော်ဂိုဏ်းအထိ တောက်လျှောက် တိုက်သွားခဲ့တာပဲ...." ရုတ်တရက် မှီခိုရာဂိုဏ်းမှာတုံးက သူနှင့် အစ်မရှုတို့နှစ်ယောက် အတူတူလမ်းလျှောက်နေသည့်ပုံရိပ် သူ့ခေါင်းထဲတွင် ပေါ်လာသည်။
"အစ်မရှုတစ်ယောက် ဘာတွေလုပ်နေမလဲ သိချင်လိုက်တာ" သူက တွေးလိုက်သည်။ သူသည် နောက်ထပ်ရက်အနည်းငယ် ဆက်လက်ပျံသန်းနေပြီးနောက် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ မလှမ်းမကမ်းရှိ နေရာတစ်နေရာကို လှမ်းကြည့်ပြီး တောအုပ်တစ်အုပ်ဘေးတွင် သူဆင်းသက်လိုက်သည်။
သူ၏ညာလက်သည် စကြဝဠာအိတ်ကိုပုတ်လိုက်ရာ ချူယွီယန်ပျံထွက်လာ၏။ သူမမျက်နှာလေးမှာ ဖြူဖျော့နေပြီး ထွက်လာလျှင်ချင်း သူမက မန်ဟို့ကို မျက်လုံးစိမ်းလေးများဖြင့် ကြည့်သည်။ သူမ စကားတစ်ခွန်းမှ မပြောပေ။
မန်ဟိုက မျက်နှာထားတည်တည်ဖြင့်် သူ့မရှေ့ ဒူးထောက်ထိုင်လိုက်ပြီး သူ့လက်များကို သူမကိုယ်လေးတစ်လျှောက် ပြေးလွှားလိုက်သည်။ ဟုတ်ပါသည်။ သူမကိုယ်လုံလေး၏ နူးညံသောအတွေ့အထိလေးကို မခံစားရဘဲ မနေပေ။ သူမမျက်လုံးလေးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ဒေါသများ သူမမျက်နှာလေးကို ဖုံးလွှမ်းသွားသည်။
"နင် ဘာလုပ်နေတာလဲ" သူမ အသံစွာစွာလေးဖြင့် အော်သည်။ သို့သော် စကားလုံးများ သူမပါးစပ်မှ ထွက်သွားချိန်မှာပင် မန်ဟိုက သူမ၏နွေးထွေးသောဝတ်ရုံလေးအထဲမှ သူ့လက်ကို ပြန်ရုတ်လိုက်ရာ ဆေးလုံးလေးလုံးပေါ်လာသည်။
"ဒီဆေးလုံးတွေက ငါ့ဟာ" သူက ၄င်းတို့ကို သိမ်းရင်း ပြောသည်။ သူသည် ချူယွီယန် သူမဖော်စပ်ထားသော ပြီးပြည့်စုံသောချီအခြေတည် အရန်ဆေးလုံးတချို့ကို ဝှက်ထားခဲ့ကြောင်း အချိန်အတော်ကြာကတည်းက ခန့်မှန်းထားခဲ့ပြီးဖြစ်သည်။
ဆေးလုံးများအား သူပြန်သိမ်းသွားသည်ကို မြင်သောအခါ သူမက ဟွန့်ခနဲနှာခေါင်းရှုံ့သည်။ သူမ၏ကျင့်ကြံခြင်းအခြေခံမှာ ယခုတွင် ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်သော်လည်း အနက်ရောင်ပိုက်ကွန်တွင် ချည်နှောင်ခံထားရသောကြောင့် သူမဘာသာသူမ မရုန်းနိုင်ပေ။
"ငါတို့ သဘောတူထားတဲ့အတိုင်း ငါမင်းကို လွှတ်ပေးမယ်"
မန်ဟိုက သူမကို ငုံ့ကြည့်ပြီး သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ အနက်ရောင်ပိုက်ကွန်ကျယ်လာပြီးနောက် သူမထံမှ ပျံထွက်သွားသည်။
"ငါမင်းကို အပြင်ထုတ်ပေးမယ်လို့ပြောခဲ့တယ်။ မန်ဟိုက ဘယ်တော့မှ ပြောပြီးစကားပြန်မရုတ်သိမ်းဘူး"
မန်ဟို အနက်ရောင်ပိုက်ကွန်ကို ပြန်ယူလိုက်သည့်အခိုက်အတန့်မှာပင် ချူယွီယန်၏မျက်လုံးများ ထူးဆန်းသောအလင်းတစ်ခုဖြင့် လက်သွားသည်။ သူမ၏ကျင့်ကြံခြင်းအခြေခံသည် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်သို့ပြန်ရောက်သွားပြီး ယခုတွင် သူမမှာ ဂါယာမန္တန်ယားဆိုင်ရာ မုဒြာလက်ကွက်ဖော်တော့မည့်သယောင် ထင်ရသည်။
မန်ဟိုက သူမကို ခါတိုင်းကဲ့သို့ တည်ငြိမ်စွာဖြင့် မထူးခြားသလို ကြည့်နေသည်။ သူမ၏ နှလုံးသား လေးလံသွားပြီး သူမက အချိန်တစ်ခုကြာသည်အထိ ဘာမှမပြောပေ။ သူမမျက်နှာလေးပေါ်တွင် ရှုပ်ထွေးနေသောအမူအရာတစ်ခုပေါ်လာသည်။
"ငါတို့ကြားက ရန်ကြွေးကြေသွားပြီ" သူမက အံတင်းတင်းကြိတ်ရင်း ပြောသည်။ "ဒါပေမယ့် ငါတို့ နောင်တစ်ချိန်ပြန်တွေ့ရင် ရန်သူတွေဆက်ဖြစ်နေဦးမှာပဲ။ မီးတောင်ထဲ ဖြစ်ခဲ့သမျှကိုတော့ နင် ဘယ်သူ့မှ ပြန်မပြောရဘူး။ နင်ပြန်ပြောရင် ငါနင့်ကိုသတ်မယ်" သူမမှာ အချိန်အကြာကြီး သတိလစ်နေခဲ့၍ မိုးကြိုးပြစ်ဒဏ် သိို့မဟုတ် သွေးအင်မိုတယ်အမွေအနှစ်နှင့်ပတ်သက်၍ ဘာဖြစ်ခဲ့သည်လဲ မသိပေ။
သို့သော် သူမ၏မန်ဟို့အပေါ် ခံစားချက်များကတော့ ပထမဆုံး သူ့ကို တွေ့ခဲ့စဥ်ကနှင့် အတော်လေးခြားနားသွားလေပြီ။ သူသည် ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်တွင်သာ ရှိနေသေးသည်ထင်ရသော်လည်း ထိုနေရာတွင် အလွန်တည်ငြိမ်စွာ ရပ်နေသည့် သူ၏ပုံစံမှာ သူမကို ပြင်းထန်သောအကြောက်တရားများဖြင့် ပြည့်နှက်သွားစေ၏။
ထိုကြောက်ရွံ့မှူမှာ မီးတောင်အထဲ နှစ်ဝက်နေခဲ့သည့်အတောအတွင်း သူမကြုံတွေ့ခဲ့ရသည့်ကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်သည်။ နောက်တစ်ပိုင်းက သူ့မနှလုံးသားထဲ မြင့်တက်လာသည့် ပြင်းထန်သောအန္တရာယ်ခံစားချက်တစ်ခုကြောင့်ပင်။
အကယ်၍ သူမ ယခု တိုက်ခိုက်လိုက်ပါက ထာဝရနောင်တရမိမည့်အရာကို လုပ်နေသည့်အလား သူမအာရုံရနေ၏။
သူမက စိမ်းစိမ်းကားကား စကားပြောပြီးနောက် ရုတ်တရက် လေပေါ်ပျံတက်ကာ အဝေးသို့ တဟုန်ထိုးထွက်သွားသော အဖြူရောင်အလင်းတန်းအသွင်ပြောင်းသွားတော့သည်။ ယခုလောလောဆယ်တွင် သူမမှာ သူ့ထံမှ အဝေးထွက်သွားလိုစိတ်သာရှိသည်။ လွန်ခဲ့သောနှစ်ဝက်က မီးတောင်အတွင်း အဖြစ်အပျက်များသည် ယခုတွင် ဘယ်တော့မှမေ့နိုင်မည်မဟုတ်သော ရောထွေးနေသည့် မှတ်ဉာဏ်များဖြစ်နေလေပြီ။
မန်ဟိုသည် သူမ၏လှပသောခန္ဓာကိုယ်သွယ်သွယ်လေး တစတစပျောက်ကွယ်သွားသည်ကို ကြည့်နေ၏။ သူလည်း မီးတောင်ထဲ အတူတူရှိခဲ့သည့် နှစ်ဝက်ကိုပြန်တွေးနေမိသည်။ သူမ၏အဝတ်အစားလေးစုတ်ပြဲပြီး နူးညံ့အိစက်နေသော နှင်းပွင့်ဖတ်လေးများသဖွယ် ဖြူဆွတ်နေသည့် အသားအရေ၊ ကြော့ရှင်းသော ခန္ဓာကိုယ်အချိုးအစားတို့ကို မျက်လုံးထဲ ပြန်မြင်နေမိသည်။
သူက ထိုနေရာတွင် တခဏကြာသည်အထိ ခပ်ရေးရေးပြုံးရင်း ရပ်နေပြီးနောက် အေးစက်စွာ ပြောသည်။ "ခင်ဗျား မြင်သင့်သလောက် မြင်ပြီးပြီဆိုရင် အခုထွက်လာလို့ရပြီ"
သူအသံကား တိတ်ဆိတ်နေသောပတ်ဝန်းကျင်နှင့်သာ တွေ့ဆုံသွားသည်။ သူက ညာလက်ကို မြှောက်လိုက်ရာ မီတာသုံးရာအရှည် မီးနဂါးကြီးတစ်ကောင် ပေါ်လာ၏။ ချက်ချင်း နေရာတစ်ခုလုံးမှာ တဟုန်းဟုန်းတောက်နေသောမီးလျှံများဖြင့် ပြည့်နှက်သွားတော့သည်။
"မလုပ်ပါနဲ့ မလုပ်ပါနဲ့" အသံတစ်သံက အထိတ်တလန့်ပြောသည်။ "တာအိုရောင်ရင်း၊ စိတ်လှုပ်ရှားစရာမလိုပါဘူး......" အသံသည် သိပ်မဝေးသောလေအတွင်းမှ ထွက်လာ၏။ ရုတ်တရက် တလက်လက်တောက်ပနေသော ပုံရိပ်တစ်ခုသည် လူငယ်တစ်ယောက်အသွင် စုဆုံလာသည်။ထိုလူက အတော်လေး ကောက်ကျစ်စဥ်းလဲပုံပေါ်ပြီး လက်ထဲတွင် အဆောင်စက္ကူတစ်ရွက်ကို ကိုင်ထားသည်။ သူက မန်ဟို့ကို ရင်တုန်တုန်ဖြင့် ကြည့်လိုက်သည်။
မီးနဂါးကြီး၏ ဧရာမခေါင်းကြီးက အေးစက်သောမျက်လုံးများဖြင့် သူ့ကို တည့်တည့်စိုက်ကြည့်နေ၏။ ၄င်းအနားရောက်လာစဥ် သူ၏ပြေးပေါက်အကုန်လုံးဖုံးလွှမ်းထားပုံရလေသည်။
မန်ဟိုက မပြောင်းလဲသော အမူအရာဖြင့် ဆိုသည်။ " လူကြီးမင်းက ကျွန်တော်မျိုးနောက်လိုက်နေတော့ ကျွန်တော်များ အမှားတစ်ခုခုလုပ်မိသလား သိချင်လို့ပါ" သူ၏မျက်လုံးများက အေးစက်စွာ လင်းလက်နေရာ ကောက်ကျစ်သောအသွင်နှင့်ကျင့်ကြံသူ၏ရင်ထဲတွင် စိုးရိမ်သောကများပြည့်နှက်လာတော့သည်။
သူ၏ကျင့်ကြံခြင်းအခြေခံသည် ချီအခြေတည်ခြင်း စဥိီးပိုင်းအဆင့်တွင် ဖြစ်၏။ သို့သော် မန်ဟိုအရှေ့တွင်တော့ သူ့မှာ မယုံကြည်နိုင်ဖွယ် ဖိအားတစ်ခု သူ့အပေါ်သက်ရောက်နေသည်ကို ခံစားနေရလေသည်။ အထူးသဖြင့် မန်ဟိုဆင့်ခေါ်ခဲ့သော မီတာသုံးရာအရှည် မီးနဂါးကြီးကြောင့်ဆိုလျှင် ပိုမှန်သည်။ သူ့မှာ ရင်တဒိန်းဒိန်းခုန်နေလေပြီ။ သူပြောနိုင်သည််အရ ဤမီးနဂါးကြီးတွင် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်၏ကျင့်ကြံခြင်းအခြေခံ ပါရှိနေပုံရ၏။
မီးနဂါးကြီးပေါ်ပေါ်လာမှုက ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့လိုက်သဖြင့် သူ့မှာ သူကိုယ့်သူ ဖော်ပြရုံသာရှိလေတော့သည်။
"ဆရာကြီး ကျွန်တော်က ကျင်းဟန်ဂိုဏ်းက ကျိုးဒရ ပါ" သူက ဖြူဖပ်ဖြူလျော်မျက်နှာဖြင့် ပြောသည်။ သူ၏သက်သေခံကျောက်စိမ်းပြားကိုလည်း မန်ဟို့ထံ ကပျာကယာကမ်းပေးလိုက်သည်။ "တာအိုရောင်ရင်း၊ ကျေး.. ကျေးဇူးပြုပြီး မတိုက်ခိုက်ပါနဲ့။ ကျွန်တော့်မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူးဗျာ။ ခင်ဗျား လျှပ်စီးအလံကို သုံးပြီး ပြစ်ဒဏ်မိုးကြိုးကို စုပ်တာကို အမှတ်မထင်ဘဲ မြင်လိုက်မိတာပါ။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားပြီး အဲ့တာနဲ့လဲလှယ်ခွင့်လေးများ ရှိမလားလို့ ခင်ဗျားနောက်လိုက်လာတာပါ"
မန်ဟို့နောက် တစ်ချိန်လုံး လိုက်ခဲ့သဖြင့် ချူယွီယန်ကိုလည်း သူမြင်ခဲ့သည်။ သူ သူမကိုမှတ်မိသွားပြီး အံ့သြတုန်လှုပ်သွားခဲ့ရသည်။ ချူယွီယန်သည် ဇီယွင်ဂိုဏ်း၏ရွေးချယ်ခံဖြစ်ပြီး ဝမ်တန်ဖေး၏ချစ်ရပါသော ဇနီးလောင်းလေးဆိုသည်ကိုလည်း သူသိသည်။ သို့ထိတိုင် သူမက သူ့အရှေ့တွင် ရပ်နေသောလူငယ်နှင့် သေချာပေါက် သက်ဆိုင်သည့် ယောက်ျားအဝတ်အစားများကို ဝတ်ဆင်ထားကြောင်း သူ ယခုပင် သတိထားမိလိုက်လေသည်။
သူမမျက်လုံးများထဲရှိ ရှုပ်ထွေးနေသောအရိပ်အယောင်ကို မြင်ပြီး မန်ဟို့ကို ပြောခဲ့သည့်စကားကို ကြားပြီးနောက် ကျိုးဒရသည် ထင်ကြေးအမျိုးမျိုးပေးနေတော့သည်။
အမှန်တွင် သူက ယခုလေးတင် ဖောက်ပြန်ခြင်းကို မျက်စိဖြင့်တပ်အပ်မြင်ခဲ့ကြောင်း သုံးသပ်ခဲ့ပြီးပြီဖြစ်သည်။ ဤအခြင်းအရာက တစ်ဖန် သူ့ကို စိုးရိမ်စေပြန်သည်။ သို့သော် ၄င်းက သူ့ကို အတိုင်းထက်အလွန်လည်း စိတ်လှုပ်ရှားသွားစေ၏။
"ဒါ ဖောက်ပြန်မှုပဲ" သူက တွေးသည်။ "ဖောက်ပြန်တဲ့သူနှစ်ယောက်။ ခေါင်းဆောင်လေးသာ ဒီအကြောင်းသိလို့ကတော့ တကယ်ကြီးပျော်သွားမှာ။ သူ ငါ့ကိုတောင် ဆုလာဘ်တစ်မျိုးမျိုး ချီးမြှင့်လောက်တယ်"
"ကျင်းဟန်ဂိုဏ်း" မန်ဟိုက ကောက်ကျစ်သောအသွင်နှင့်ကျင့်ကြံသူကို အေးစက်စွာ ကြည့်ရင်း ပြောသည်။ သူက မျက်မှောင်ကြုတ်သွား၏။ "မင်း လီဖူကွေ့ကိုသိလား"
"လီဖူကွေ့" ကျိုးဒရ အံသြသွားပုံရသည်။ "အာ ခေါင်းဆောင်လေးကို ပြောတာလား။ သိပ်သိတာပေါ့။ ကျင်းဟန်ဂိုဏ်းကလူတိုင်း ခေါင်းဆောင်လေးကို သိတယ်" မန်ဟို သူ၏မျက်လုံးတည့်တည့်ကြည့်သောအခါ မြင်ရသည့်အမူအရာအရ လိမ်ပြောနေပုံမပေါ်ပေ။ မန်ဟို ရင်ထဲ အောင့်ခနဲ ဖြစ်သွားသည်။
"ဖက်တီးက ဘယ်လိုလုပ် ခေါင်းဆောင်လေးဖြစ်သွားရတာတုံး" သူက တစ်ယောက်တည်း တွေးလိုက်မိသည်။ တခဏကြာသော် သူ့အကြည့်သည် ကျိုးဒရ လက်ထဲက အဆောင်စက္ကူထံ ကျရောက်သွားသည်။
ကျိုးဒရ ဒိန်းခနဲ ရင်ခုန်သွား၏။ သူ့မှာ အဆောင်စက္ကူနှင့် မခွဲခွာချင်သော်လည်း မတတ်သာ၍ လှမ်းပေးလိုက်ရလေသည်။
"တာအိုရောင်ရင်း ကျေးဇူးပြုပြီး မငြင်းပါနဲ့။ ကျုပ် ကျိုးဒရ ဒီနေ့ ရိုင်းပျစွာ ပြုမူမိပါတယ်။ ကျေးဇူးပြုပြီး ကျုပ်ရဲ့ စည်းမစောင့်မှုအတွက် တောင်းပန်တဲဲ့လက်ဆောင်အနေနဲ့ ဒီ ကိုယ်ပျောက်အဆောင်စက္ကူကို လက်ခံပေးပါ"
မန်ဟိုက ကိုယ်ပျောက်အဆောင်စက္ကူကို စိတ်ဝိညာဥ်အာရုံဖြင့် ခြုံငုံလျက် ကြည့်လိုက်သည်။ မူမမှန်သည့်အရာတစ်စုံတရာမတွေ့၍ ၄င်းကို လက်ခံလိုက်သည်။
"ကျင်းဟန်ဂိုဏ်းက အေးခဲနှင်းပြည်နယ်မှာ အခြေတည််တယ်" မန်ဟိုက မျက်လုံးများ ကျဥ်းမြောင်းရင်း အေးစက်စွာ ပြောသည်။ "မင်း ဒီနေရာကို ဘာကြောင့်ရောက်လာတာလဲ"
"ချင်းလော်ဂိုဏ်းက သွေးအင်မိုတယ် အမွေအနှစ်ပြိုင်ပွဲမှာ ဝင်မပြိုင်ခဲ့ဘူး" သူက ဂရုတစိုက် ပြန်ဖြေသည်။ "ဒါကြောင့် ဒီနေရာမှာစုံစမ်းစစ်ဆေးဖို့ ကျုပ်နဲ့တခြားသူတွေကို ဂိုဏ်းက လွှတ်လိုက်တာ။ တကယ်တမ်း ကျုပ်တို့ပဲမဟုတ်ဘူး။ ပတ်ဝန်းကျင်က ဂိုဏ်းအသီးသီးက လူတွေလဲ ရှိတယ်။ ကျုပ်ရောက်လာပြီးမကြာခင်မှာပဲ ပြစ်ဒဏ်မိုးကြိုးကို မြင်လိုက်တာ...." သူသည် ချင်းလော်ဂိုဏ်းနယ်ပယ်တွင် သူတစ်ယောက်တည်းမဟုတ်ကြောင်း အသားပေးပြောနေပုံရသည်။
"စစ်ဆေးတာ အခြေအနေဘယ်လိုလဲ" မန်ဟိုက အေးဆေးတည်ငြိမ်စွာ မေးသည်။
" ဒီလိုဟာမျိုးက စစ်ဆေးရမလွယ်ဘူး။ အခုတလော ချင်းလော်ဂိုဏ်းက ရတနာတွေအများကြီးဖြန့်ပြီး ချီအခြေတည်အဆင့် သင်းကွဲကျင့်ကြံသူတွေကို ဆွဲဆောင်နေတယ်။ အဲ့တာကိုထည့်တွက်ရင် ကျုပ်တော့ တစ်ခုခုမှားနေသလို ခံစားရတယ်"
မန်ဟို၏မျက်နှာအမူအရာကား တစ်ချက်လေးပင် ပြောင်းလဲခြင်းမရှိ။ သူက ကျိုးဒရကို တခဏကြည့်ပြီးနောက် စကားတစ်ခွန်းမှမဆိုဘဲ အင်္ကျီလက်စကို ခါကာ အလင်းတန်းအသွင်ဖြင့် ပျောက်ကွယ်သွားတော့သည်။
သူ၏ပုံရိပ် မိုးကုပ်စက်ဝန်းမှ ပျောက်ကွယ်သွားမှသာ ကျိုးဒရမှာ စိတ်အေးသွား၏။ သူက နဖူးမှချွေးများကို သုတ်လိုက်သည်။ မန်ဟိုအရှေ့ ရပ်နေခြင်းက သူ့အပေါ်သက်ရောက်နေသော မယုံကြည်နိုင်ဖွယ် ဖိအားကြီးကို ခံစားခဲ့ရသဖြင့် အဆုံးစွန်ထိ သတိထားနေခဲ့ရလေသည်။
ယခုတွင်တော့ သူ့မှာ အတိုင်းထက်အလွန်ပျော်နေပြီး မျက််လုံးများ တဖျပ်ဖျပ်လက်နေ၏။
"ဖောက်ပြန်မှု။ ဒီလူနဲ့ ချူယွီယန် ဖောက်ပြန်ခဲ့တာပဲ။ သူက သူ့အဝတ်အစားတွေကိုတောင် ဝတ်ထားသေးတာ။ ဟားဟား။ ငါ မြန်မြန်ပြန်ပြီး ခေါင်းဆောင်လေးကို ပြောပြရမယ်။ ဒီသတင်းက သူ့ကို အပျော်ကြီးပျော်သွားစေမှာပဲ" ဂိုဏ်းတွင် ကျိုးဒရသည် အတင်းအဖျင်းလျှောက်ပြောတတ်ပြီး သတင်းဖြန့်ရသည်ကို နှစ်ခြိုက်၏။ သူ့အတွက် အကောင်းဆုံးကောလဟလတစ်ခုဟု ယုံကြည်ရင်း သူက ချက်ချင်း လေပေါ် ပျံတက်ကာ ဂိုဏ်း၏သတ်မှတ်ထားသော ဆုံရပ်တို့ ဦးတည်သွားလေသည်။
***