← Chapters

ကံကောင်းခြင်းအဆောင်

Vol. 10 Ch. 138

ကံကောင်းခြင်းအဆောင်

Vol. 10 Ch. 138

မန်ဟို ထိုစကားလုံးများ ရေရွတ်လိုက်ချိန် သူ၏ဘယ်လက်သည် ဂါယာမန္တန်ယားဆိုင်ရာ မုဒြာတစ်ခုဖျတ်ခနဲ လက်သွား၏။ သူက ရင်ညွှန့်တွင်ရှိသည့်အာရုံကြောအပေါ် လက်ချောင်းဖြင့် ဖိချလိုက်ရာ သူ၏ကျင့်ကြံခြင်းအခြေခံမှ သွေးအချို့ ပါးစပ်မှ စီးကျလာသည်။ ဤသွေးမှာ အလွန်တန်ဖိုးကြီး၏။ ကျင့်ကြံသူများမှာ အနည်းငယ်မျှသာ ထုတ်နိုင်လေသည်။ သို့သော် မန်ဟိုက တုံ့ဆိုင်းနေခြင်းမရှိ။ သူသည် နှုတ်ခမ်းမှ သွေးများကို လက်ချောင်းဖြင့် သုတ်ပြီး သူ့လက်ချောင်းကို မျက်နှာဖုံးအပေါ် ဖိချလိုက်သည်။

သူ့စိတ်ထဲ ခတ်နှိပ်ထားသော စိတ်ဝိညာဥ်ဝါးမြိုခြင်းကျမ်းအရ ဤသည်မှာ ရိုးရှင်းသော မျက်နှာဖုံးကိုထိန်းချုပ်နည်းတစ်နည်း ဖြစ်သည်။

သူ၏လက်ချောင်းသည် မျက်နှာဖုံးအတွင်းထဲ နစ်ဝင်လာ၏။ ၄င်းက ခပ်လှမ်းလှမ်းရှိ ထောင့်တစ်ထောင့်အထိ တိုးသွားသည်။ ထိုနေရာတွင် မှုန်ကုပ်နေသောမျက်နှာနှင့် လူ့ဂွစာ လီမျိုးနွယ်စုခေါင်းဆောင်ကြီးရှိသည်။

"မင့်စိတ်ဆန္ဒက အားပျော့တယ်" လီမျိုးနွယ်စုခေါင်းဆောင်ကြီးက စူးစူးဝါးဝါးအော်သည်။ "ဒါကြောင့် မျက်နှာဖုံးက ပြုစားဖို့ကြိုးစားခဲ့တာ"

မန်ဟို၏လက်ချောင်းက လီမျိုးနွယ်စုခေါင်းဆောင်ကြီးအရှေ့တွင် ရပ်သွားသည်။ သူ၏မျက်လုံးများမှာ အေးစက်နေပြီး သူက စကားတစ်ခွန်းမဆိုပေ။ တခဏကြာသော် သူက ဖိချလိုက်ရာ လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် စူးစူးဝါးဝါးအော်တော့သည်။ သူ့မှာ ဖိချခံနေရသဖြင့် သူ၏ခန္ဓာကိုယ်သည် ပျောက်ကွယ်တော့မည့်အလား တဖြေးဖြေးမှေးမှိန်လာ၏။

"အပြင်ကမ္ဘာဆိုရင် မင်းကို လက်ချောင်းတစ်ချောင်းထဲနဲ့ အကြိမ်ကြိမ်သတ်လို့ရတယ်ကွ" လီမျိုးနွယ်စုခေါင်းဆောင်ကြီးက ဒေါသတကြီးအော်သည်။ သူက ခေါင်းမာမှုများပြည့်နှက်နေလျက် တစတစပျောက်ကွယ်လာနေသော မျက်လုံးများဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည်။ ထို့နောက် မန်ဟို၏လက်ချောင်း ရပ်သွားပြီး တဖြေးဖြေးနောက်ပြန်ဆုတ်သွားသည်။ သို့သော် လီမျိုးနွယ်စုခေါင်းဆောင်ကြီး သက်ပြင်းးချနေရုံရှိသေး၊ ၄င်းက သူ့ကို ဖိချပြန်သည်။

"ကျုပ်က မျက်နှာဖုံးရဲ့ပြုစားတာခံရတာလား။ ဒါမှမဟုတ် ခင်ဗျားက တိတ်တိတ်လေး လမ်းညွှန်နေတာလား" မန်ဟိုက တည်ငြိမ်စွာ မေးသည်။ "ကျုပ်တို့နှစ်ယောက်လုံး ဘာဖြစ်ခဲ့လဲ ကောင်းကောင်းသိပါတယ်။ ဒီလက်နှစ်ချောင်းတိုက်ကွက်က အပြစ်ဒဏ်ပဲ။ ပြီးတော့ ဒီလောက်နဲ့ပဲပြီးသွားမယ် မထင်နဲ့။ ဒီလိုထပ်ဖြစ်ရင် ကျုပ် မန်ဟို ကျုပ်တို့သဘောတူညီချက်ကို ဖျက်သိမ်းပြီး ခင်ဗျားကို အစအနမကျန် ဖျက်စီးပစ်မယ်" သူက လက်ချောင်းကို ပြန်ရုတ်လိုက်သည်။ လီမျိူးနွယ်စုခေါင်းဆောင်ကြီးသည် အပြင်ပန်းတွင် စိတ်မာပုံရသော်လည်း အမှန်တကယ်တော့ စိတ်ထဲတွင် တုန်လှုပ်ချောက်ချားနေ၏။ မန်ဟို၏ အညှာအတာမရှိသောဗျူဟာများကြောင့် သူ့နှလုံးသားထဲတွင် အကြောက်တရားများကိန်းအောင်းနေသေးလေသည်။

သူသည် အမှန်တကယ်ပင် စိတ်ဝိညာဥ်ဝါးမြိုခြင်းကျမ်းနှင့်ပတ်သက်၍ မန်ဟိုဉာဏ်အလင်းပွင့်နေသည့်အချိန်ကို အခွင့်ကောင်းယူခဲ့ခြင်းဖြစ်သည်။ သူက မျက်နှာဖုံးကို လွှမ်းမိုးချုပ်ကိုင်ပြီး မန်ဟို ၄င်းအား ဝတ်စေရန် အထူးနည်းလမ်းတချို့ကို တိတ်တိတ်ကလေးအသုံးပြုခဲ့၏။ သို့သော် သူအောင်မြင်ခါနီးဆဲဆဲ မန်ဟိုက စိတ်နှင့်ကိုယ်ပြန်ကပ်သွားခဲ့လေသည်။

"ဒီ ဝိညာဥ်က သိပ်ထူးဆန်းတယ်" မန်ဟိုက မျက်နှာဖုံးကို ကြည့်ရင်း ပြောသည်။ " သွေးဝိညာဥ်ကြောင့်မဟုတ်ဘူး၊ တခြားအကြောင်းပြချက်တစ်ခုခုရှိရမယ်" သူက လက်ချောင်းကို ပြန်ရုတ်ပြီးနောက် လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ စိတ်ဝိညာဥ်အပေါ်သို့ သွေးစက်အနည်းငယ် ညှစ်ချလိုက်သည်။

သွေးစက်များ ကျလာသောအခါ ၄င်းတို့က သွေးမြူထုတစ်ခုဖြစ်သွားပြီး လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို ရစ်ပတ်လွှမ်းခြုံသွားသည်။ စိတ်မချမ်းမြေ့ဖွယ်အော်သံများ ပဲ့တင်ထပ်လာ၏။ မန်ဟို၏အမူအရာကား ပုံမှန်အတိုင်းပင်။ သူက သူ၏စိတ်ဝိညာဥ်အာရုံကို ပြန်နုတ်ယူလိုက်ပြီး လီမျိုးနွယ်စုခေါင်းဆောင်ကြီးအား မျက်နှာဖုံးအတွင်း အဆက်မပြတ် အော်ဟစ်ငိုကြွေးနေစေတော့သည်။

မန်ဟိုရရှိခဲ့သည့် အမွေအနှစ်၏ တစိတ်တပိုင်းမှာ သွေးအင်မိုတယ်ဆီမှ သတိပေးချက်တစ်ခုဖြစ်သည်။ ယခုတွင် မျက်နှာဖုံးကို အမှုမဲ့အမှတ်မဲ့ မတပ်သင့်ကြောင်း သူသိလိုက်လေပြီ။ အကယ်၍သူတပ်လိုက်မိလျှင် သူ့ကိုယ်သူဆုံးရှုံးသွားရမည်ဖြစ်သည်။ သွေးအင်မိုတယ်က မျက်နှာဖုံး၏ ဇာစ်မြစ်ကိုမရှင်းပြသွားခဲ့ပေ။ ကြည့်ရသရွေ့ ၄င်းအတွင်းတွင် ပြောင်းလဲမှုများ မရေမတွက်နိုင်အောင်ရှိနေပုံရသည်။

သို့သော် ၄င်းကိုတပ်ခြင်းက အကျိုးကျေးဇူးများစွာရှိသည်။ ကျင့်စဥ်များနှင့် သွေးအင်မိုတယ်အမွေအနှစ်၏မှော်ပညာရပ်များစွာမှာ မျက်နှာဖုံးတပ်ထားချိန်တွင်သာ အသုံးပြုနိုင်လေသည်။ ဥပမာ -မဟာမှော်ပညာလေးရပ်။

သို့သော် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူ မဟုတ်ဘဲ မျက်နှာဖုံးကို အချိန်အခါမရွေး ဝတ်ဆင်၍မရပေ။

သုံးကြိမ်ရှူံးနိမ့်ပြီးနောက် သွေးအင်မိုတယ်ဖန်တီးခဲ့သော ပညာရပ်များ- လက်ချောင်း၊ လက်ဝါးနှင့် မရဏကမ္ဘာတို့တွင် မျက်နှာဖုံးအား သုံးစရာမလိုကြောင်း ပြောသွားခဲ့၏။ ထိုအစား ၄င်းတို့က မန်ဟို့စိတ်ထဲ တံဆိပ်ခတ်နှိပ်ခြင်း ခံခဲ့ရပြီးဖြစ်သည်။

"ငါက အမွေအနှစ်ရဲဆက်ခံသူဖြစ်တာတောင်မှ မျက်နှာဖုံးရဲ့စွမ်းအားကို အခုမထိန်းချုပ်နိုင်သေးဘူး။ ပြီးတော့ ဟို ဝိညာဥ်က ထိန်းချုပ်နိုင်တယ်...... သွေးခွေးကြီးသာ မျက်နှာဖုံးကို ပြတ်ပြတ်သားသား ထိန်းချုပ်ပြီး လက်နက်ဝိညာဥ်ဖြစ်လာရင်တော့ ဒီဝိညာဥ် ဘယ်လိုများလုပ်နိုင်ဦးမလဲ" မန်ဟို၏အမူအရာမှာ မပြောင်းလဲသော်လည်း ဤပြဿနာက သေချာပေါက် သူ့နှလုံးသားကိုလေးလံနေစေလေသည်။ ထိုအကြောင်းပြချက်ကြောင့်ပင် မန်ဟို လီမျိုးနွယ်စုခေါင်းဆောင်ကြီးအား အလွယ်တကူ မသတ်ခဲ့ခြင်းပင်။

မန်ဟိုသည် မျက်နှာဖုံးကို စကြဝဠာအိတ်ထဲထည့်ပြီး တိတ်ဆိတ်စွာ တွေးနေမိသည်။ သူက ဘေးဘီဝဲယာကို ဂရုတစိုက်ကြည့်ပြီးနောက် ကြေးမုံကို ထုတ်လိုက်သည်။ သူက ၄င်းကို လက်တွင်ကိုင်ရင်း အသေအချာ စစ်ဆေးကြည့်ရှု့နေ၏။

စောစောက ကြေးမုံမှအသံကြောင့်သာမဟုတ်လျှင် မန်ဟို မုချ မျက်နှာဖုံးတပ်လိုက်မိမည်ဖြစ်သည်။ မည်သည့်ရလဒ်ထွက်လာမည်လဲ သူမသိသည့်တိုင် သွေးအင်မိုတယ်၏သတိပေးချက်ကို စဥ်းစားရင်း အတန်ငယ် မကြောက်ရွံ့မိဘဲ မနေပေ။

"စောနက အသံက ငှက်တစ်ကောင်ရဲ့ အေါ်သံလိုပဲ......." သူက ကြေးမုံကို တခဏကြာ ကြည့်ပြီးး ၄င်းအထဲသို့ သူ၏စိတ်ဝိညာဥ်အာရုံပင် ပို့လွှတ်လိုက်သည်။ သို့သော် ဘာမှဖြစ်မလာသောကြောင့် အချိန်အနည်းငယ်ကြာသော် သူသည် ၄င်းကို ပြန်သိမ်းလိုက်၏။ ထို့နောက် သူက မှီခိုရာဂိုဏ်းချုပ်ထံမှ ရရှိခဲ့သော ကံကောင်းခြင်းအဆောင်ကို မြှောက်လိုက်သည်။

သူသည် ၄င်းကို ယခင်က လေ့လာခဲ့ဖူးသော်လည်း အကြောင်းမထူးခဲ့ပေ။ သို့သော် ဤတစ်ကြိမ် သူ၄င်းကို လက်တွင်ကိုင်ထားစဥ် သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ပြီး အထဲသို့ စိတ်ဝိညာဥ်စွမ်းအင်အနည်းငယ်ပို့လွှတ်လိုက်သည်။ ရုတ်တရက် သူ၏မျက်လုံးများ ဝင်းလက်သွာ၏။

"ဆိုတော့ ဒီဥစ္စာမှာ လုပ်ဆောင်ချက်တစ်ခု တကယ်ရှိတာပဲ...... အစ်မရှူ ဒီအချိန် ဘာတွေများ လုပ်နေမလဲ။ သူ့ကို မတွေ့ရတာ နှစ်နဲ့ချီနေပြီ။ ငါ့ကို မှတ်မိပါဥိီးမလား" ရုပ်ပျိုဆေးလုံးအကြောင်းပြောနေတုံးက ရှူချင်၏ အေးတိအေးစက်အမူအရာလေး မန်ဟိုစိတ်ထဲပြန်ပေါ်လာသည်။ နွေးထွေးသောအရိပ်အယောင်တစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာ၏။

"နှစ်တွေ တော်တော်ကြာခဲ့ပြီပဲ...." မန်ဟိုသည် တဖြေးဖြေး ခေါင်းကိုမော့ပြီး အဝေးသို့လှမ်းကြည့်လိုက်သည်။ အချိန်များစွာကြာပြီးနောက် သူက ထရပ်ပြီး တောင်ကတုံးမှ အဝေးသို့ ဦးတည်ပျံသန်းသွားတော့သည်။

လဝက်အကြာ။ ချင်းလော်ဂိုဏ်းပိုင်နက်အတွင်းရှိ တံတိုင်းများ ခတ်ထားသောမြို့တစ်မြို့။ ရှုပ်ယှက်ခတ်နေသော ကျင့်ကြံသူများမြို့တော်။ လူငယ်တစ်ယောက်သည် အနက်ရောင် စာပေသမားဝတ်ရုံရှည်ကို ဝတ်ဆင်လျက် စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေ၏။ သူက လက်ထဲကိုင်ထားသော သေရည်ခွက်မှ တစ်ငုံသောက်လိုက်သည်။ ရံဖန်ရံခါ သူသည် ပြတင်းပေါက်မှ မြို့လယ်နှင့် ကောင်းကင်အထိ ထိုးတက်နေသည့် မြင့်မားထည်ဝါသော အနက်ရောင်ပြာဿဒ်ကြီးကို လှမ်းလှမ်းကြည့်တတ်သည်။

ဤလူငယ်သည် အတန်ငယ်အသားမည်းသော်လည်း သူ၏အမူအကျင့်ကား ပညာရှိဆန်ပြီး သန့်စင်မွန့်မြတ်၏။ သူ၏ အနုစိတ် သေသပ်တိကျသောပုံပန်းသွင်ပြင်နှင့် သူ၏စာပေသမားအဝတ်အစားတို့ ပေါင်းစပ်သွားသောအခါ ပညာရှိလူသားတစ်ယောက်၏ အငွေ့အသက်တစ်ခု အမှန်ပေးအပ်နေတော့သည်။

သူ့တွင် အသိပညာများပြည့်ဝနေသည့် တောက်ပနေသောမျက်ဝန်းများဖြင့် ရိုးရှင်းသော်လည်း ကြော့ရှင်းသောဟန်ပန်ရှိသည်။ သူ၏နှုတ်ခမ်းသည် တင်းတင်းစေ့လျက်ရှိရာ ချဥ်းကပ်ရလွယ်ကူသူ မဟုတ်ကြောင်း ဖော်ပြနေသယောင်ယောင်ပင်။

ဤလူငယ်သည်ကား မန်ဟိုကလွှဲ၍ တခြားသူမဟုတ်ပေ။ သူသည် လွန်ခဲ့သောရက်အနည်းငယ်ကတည်းက ချင်းလော်ဂိုဏ်းနှင့်စပ်လျဥ်း၍ ပျံ့နှံ့နေသော ကောလဟလများကို အတည်ပြုရန် ဤနေရာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

သူ့မှာ ရှုချင်ကို သွားတွေ့ချင်ပါသော်လည်း သိသာစွာပင် သူမကိုတိုက်ရိုက်သွားရှာ၍မဖြစ်ပေ။ ထိုအစား သူက ချင်းလော်ဂိုဏ်းမှ ခေါ်ထားသော သင်းကွဲ ချီအခြေတည်အဆင့်ကျင့်ကြံသူများ တွေ့ဆုံပွဲ ကို အခွင့်ကောင်းယူမည်ဟု တွေးထား၏။ တွေ့ဆုံပွဲကျင်းပမည့်အချိန်ကို သူမသိသော်လည်း နောက်ဆုံးဆုံးဖြတ်ချက်မချခင် သတင်းအချက်အလက်အနည်းငယ် သွားရောက်စုဆောင်းရန် ဆုံးဖြတ်ခဲ့လေသည်။

"ဒိီမှာ တန်မျှော်စင်တစ်ခုရှိလိမ့်မယ်လို့ တစ်ခါမှ တွေးတောင်မတွေးဖူးဘူး....." သူက အဝေးရှိ အနက်ရောင်ပြာဿဒ်ကို မျက်လုံးဝေ့ကြည့်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

အစက တန်မျှော်စင်များသည် သေမျိုးလူသားမြို့တော်များတွင်သာ တည်ရှိသည်ဟူ၍ သူထင်ထားခဲ့သည်။ သို့သော် ဤနေရာ ကျင့်ကြံသူများမြို့တော်တွင် တစ်ခုရှိနေလေပြီ။

သူက တန်မျှော်စင်ကို တိတ်ဆိတ်စွာ တခဏကြည့်နေပြီးနောက် သေရည်ခွက်ကို ချလိုက်သည်။ သူ့လက်ထဲတွင် အက်ရာအပြည့်နှင့် ရှေးဟောင်းကျောက်စိမ်းအပိုင်းအစတစ်ခု ထွက်ပေါ်လာ၏။ ၄င်းက မိစ္ဆာချုပ်နှောင်ကျောက်စိမ်းပြားမဟုတ်၊ မှီခိုရာဂိုဏ်းချုပ်ထံမှ မန်ဟိုယူလာခဲ့သော ကံကောင်းခြင်းအဆောင်ပင်။

သူသည် ယခင်က ၄င်းကို ကြိမ်ဖန်များစွာ လေ့လာခဲ့သော်လည်း မည်သို့သုံးရမည်လဲ မသိခဲ့ပေ။သို့သော် ပြီးပြည့်စုံသော အခြေတစ်ခုကို တည်ဆောင်ပြီးနောက် အမျိုးမျိုးသောသဲလွန်စများကို သူ သုံးသပ်နိုင်ခဲ့လေပြီ။

"ဒီကံကောင်းခြင်းအဆောင်က လူတစ်ယောက်ရဲ့တည်နေရာကို ပြောင်းပေးနိုင်တယ်.......ပြောရရင် ခြေဦးတည့်ရာ နေရာပြောင်းပစ္စည်းတစ်ခုလိုပဲ။ ကံဆိုးစွာနဲ့ အက်ကြောင်းတွေနဲ့ ဖုံးနေတော့ အကြိမ်ရေနည်းနည်းပဲ အသုံးပြုနိုင်တယ်" သူက ကံကောင်းခြင်းအဆောင်ကို သူ့လက်ချောင်းများအတွင်း ဖင်တစ်ပြန်ခေါင်းတစ်ပြန်လှည့်နေ၏။ သူ၏စိတ်ဝိညာဥ်အာရုံအား အထဲသို့ ပို့လွှတ်ခြင်းဖြင့် သူသည် ၄င်း၏နေရာရွှေ့ပြောင်းနိုင်စွမ်းကို အာရုံရခဲ့လေသည်။

"တည်နေရာ သတ်သတ်မှတ်မှတ်မရှိဘူး။ တစ်နည်းအားဖြင့်ပြောရရင် တစ်ခါသုံးလိုက်တာနဲ့ ကံကောင်းခြင်းအဆောင်က ငါ့ကို ဘယ်နေရာဖြစ်ဖြစ် ပို့ပေးနိုင်တယ်။ ငါ ဖြစ်သလိုစမ်းကြည့်လို့မရဘူး" သူက ကံကောင်းခြင်းအဆောင်ကို ကြည့်ပြီးနောက် ပြန်သိမ်းလိုက်သည်။ ဒဏ္ဍာရီလာသိမ်းငှက်ကြီးဖြင့် အတွေ့အကြုံပြီးနောက် သူ့မှာ ထိန်းချုပ်နိုင်စွမ်းမရှိသော မည်သည့်နေရာကိုမှ ခေါ်ဆောင်သွားခြင်းမခံရလိုပေ။ သူ့ကိုယ်သူ မည်သည့်ကြောက်မက်ဖွယ်အခြေအနေထဲ တွေ့ရလိမ့်မည်ဟု မည်သူသိနိုင်မည်နည်း။

သူက ထိုင်တွေးနေစဥ် စားသောက်ဆိုင်၌ ကျင့်ကြံသူများ တစတစပြည့်နှက်လာ၏။ ဤနေရာသည် ဝါးမှဖောက်ထားသော သေရည်တစ်မျိုးတည်းကိုသာ ရောင်းချသည်။ ၄င်းက ပါးစပ်ထဲ ထည့်ထည့်ချင်းမပူသော်လည်း လည်ချောင်းတစ်လျှောက် ပူဆင်းသွားခြင်း ဖြစ်သည်။ ဗိုက်ထဲရောက်သည်နှင့် ပို၍ပင် ပူလာပြီး တစ်ကိုယ်လုံး ပူရှိန်းသွားစေသည်။ ထိုကဲ့သို့ခံစားချက်မျိုးမှာ ရှင်းပြရခက်လေသည်။ သင်သာ ထိုခံစားချက်မျိုးကြိုက်လျှင် သေချာပေါက် ခံတွင်းတွေ့သွားလိမ့်မည်။ မကြိုက်လျှင်တော့ တစ်စက်လေးပင် သောက်ချင်စိတ်ရှိမည်မဟုတ်ပေ။

မန်ဟို့ထံမှ မလှမ်းမကမ်းတွင် ကျင့်ကြံသူတစ်ဖွဲ့သည် တီးတိုးတီးတိုးပြောနေကြ၏။

"လူတိုင်း ခါတိုင်းထက်ပိုပြီး သတိရှိနေကြတယ်။ ခုနောက်ပိုင်း မျက်နှာစိမ်း ချီအခြေတည်အဆင့်ကျင့်ကြံသူတွေအများကြီး ဟိုဟိုသည်သည်တွေ့နေရတယ်...."

"ဟုတ်တယ်။ သူတို့အားလုံးက သင်းကွဲကျင့်ကြံသူတွေ။ ငါးနဲ့နဂါးတွေ အတူတူ ရောနေတယ်သိလား။ ကျုပ် ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ ပြင်းထန်တဲ့အသတ်အဖြတ်အရှိန်အဝါနဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ သူက အနက်ရောင်နယ်မြေတွေက လူရိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်မယ် ထင်တယ်"

"ချင်းလော်ဂိုဏ်း ကြေညာထားတဲ့ ဆုလာဘ်အတွက် သူတို့အားလုံး ဒီရောက်နေကြတာပဲ။ ချင်းလော်ဂိုဏ်းကတော့ တကယ်ပဲ ဘာမှချန်မနေဘူးဗျိို့။ မြေဆေးလုံးတွေကို ဝေပေးနေတယ်လေ။ အဲ့ဆေးလုံးတွေက ချီအခြေတည်အဆင့်အတွက် အထိရောက်ဆုံးဆေးလုံးငါးလုံးထဲက တစ်လုံးပဲ။ ဇီယွင်ဂိုဏ်းရဲ့ မဟာအကြီးအကဲဆေးလုံးမိစ္ဆာတောင် အဲ့ဆေးလုံးကို ချီးကျူးအမွှမ်းတင်ခဲ့တယ်ပြောတယ်။ ချူးလော်ဂိုဏ်းအပြင်က ဘယ်သူမှ အဲ့တာကို မဖော်စပ်နိုင်ဘူး"

"မဖော်စပ်နိုင်တာမဟုတ်ဘူး၊ ဖော်စပ်လို့မရတာ။ မြေဆေးလုံးတစ်လုံးစီတိုင်းကို အဆောင်ချိတ်တံဆိပ်နဲ့ ရေးထိုးထားတယ်။ လူဖြစ်ဖြစ် ဂိုဏ်းဖြစ်ဖြစ် ဖော်စပ်ဖို့ကြိုးစားတဲ့ဘယ်သူမဆို ချင်းလော်ဂိုဏ်းရဲ့ အမြစ်ဖြတ်သုတ်သင်ခံရလိမ့်မယ်"

သူတို့၏လေသံအရ မြေဆေးလုံးများကို လိုချင်တပ်မက်နေကြကြောင်း သိသာလေသည်။ သူတို့ ဆွေးနွေးငြင်းခုံနေကြစဥ် လူတစ်ယောက် အပြင်မှဝင်ရောက်လာသည်။ ၄င်းက အနက်ရောင်ဝတ်ရုံနှင့်လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏အမူအရာမှာ အေးစက်တင်းမာနေပြီး သူက စားသောက်ဆိုင်ထဲ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးကိုတစ်ချက် ဝေ့ကြည့်ကာ ထောင့်ရှိခုံတစ်ခုံတွင် သွားထိုင်သည်။ သူက လက်သည်းခွံအရွယ်အစားခန့်ရှိသော သံပြားတစ်ပြားကို ထုတ်ပြီး ရံဖန်ရံခါ အခန်းကိုဝေ့ကြည့်လိုက်၊ သံပြားကို ဟိုရွှေ့သည်ရွှေ့လုပ်လိုက်နှင့် ထိုင်စဥ်းစားနေသည်။

မန်ဟို၏အမူအရာကား ယခင်အတိုင်းသာ ဖြစ်သည်။ သူက ခွက်ကို ပါးစပ်နားမြှောက်ပြီး တစ်ကျိုက်မော့လိုက်သည်။

သူသည် တစ်နေ့လုံး ထိုနေရာတွင် ထိုင်နေ၏။ အပြင်ဘက် ကောင်းကင်တွင် နေမင်းကြီးကား ထိန်ထိန်လင်းလျက်ရှိသည်။ ချင်းလောင်ဂိုဏ်း၏ ချီအခြေတည်အဆင့် ကျင့်ကြံသူများတွေ့ဆုံပွဲနှင့်ပတ်သက်၍ သူအတော်လေးကြားခဲ့ပြီးလေပြီ။

မည်သည့်ချီအခြေတည်အဆင့် ကျင့်ကြံသူမဆို နောက်ခံမျိုးရိုးမည်သို့ပင်ဖြစ်စေ ဝင်ရောက်ယှဥ်ပြိုင်ပြီး မြေဆေးလုံးကို လက်ခံရယူနိုင်သည်။

"ဘယ်လိုနေနေ လိုရင်းပြန်သွားရရင်။ ချင်းလော်ဂိုဏ်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ သူတို့က တောင်ပိုင်းဒေသရဲ့ ဂုဏ်သရေရှိ ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ဂိုဏ်းလေ။ ဘာကြောင့် ချီအခြေတည်အဆင့်ကျင့်ကြံသူ ဒီလောက်အများကြီးကို စုရုံးနေတာလဲ။ သေချာပေါက် ထူးဆန်းတာ တစ်ခုခုဖြစ်နေပြီ။ မြေဆေးလုံးတွေပေးမှာကို စဥ်းစားရင် ဘာပဲဖြစ်နေဖြစ်နေ သေချာပေါက် မယုံနိုင်လောက်အောင် အန္တရာယ်များမှာပဲ"

"အစ်ကိုစွန်း ၊ ခင်ဗျားသတင်းက ခေတ်နောက်ကျနေပြီ။ ကျုပ်ကြားခဲ့တဲ့ ကောလဟလတွေအရ ချင်းလော်ဂိုဏ်းက ရှေးဟောင်းစစ်မြေပြင်တစ်ခုရဲ့ တည်နေရာကို တွေ့ခဲ့တာတဲ့။ သူတို့ စူးစမ်း လေ့လာဖို့ ခဏခဏ ကြိုးစားခဲ့ပေမယ့် ရှေးမန္တန်တစ်ခုက ခုခံထားတယ်။ ချီအခြေတည်အဆင့်ကျင့်ကြံသူလုံလုံလောက်လောက်ကိုသာ မန္တန်အပေါက်မှ အစားထိုးနိုင်ရင် သူတို့ ချိုးဖျက်နိုင်ပြီလေ။ သေချာပေါက် ကြောက်စရာကောင်းလောက်အောင် အန္တရာယ်များမှာပဲ"

"ကောလဟာလအားလုံးက တစ်ဆင့်စကားတွေပါကွာ။ ရှေးဟောင်းစစ်မြေပြင်တွေဆိုတာ နိမိတ်မရှိ၊ နမာမရှိနဲ့။ ချင်းလော်ဂိုဏ်း မြေမှုန်ဆေးလုံးတွေ ကမ်းလှမ်းနေတာ အံသြစရာမရှိဘူး"

သူတို့အသံများက တိုးပြီး စားသောက်ဆိုင်အတွင်း၌ ဗလုံးဗထွေးဖြစ်နေသော်လည်း မန်ဟို့တွင် ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်သုံးတိုင်ရှိပြီး ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ကို သူ့ဘာသာ ထိန်းချုပ်နိုင်ရာ ဤလူများ၏စကားအား နားထောင်ခြင်းမှာ ခက်ခဲပေ။

ပြီးပြည့်စုံသောအခြေတစ်ခုသည် နှစ်တစ်သောင်းအတွင်း မပေါ်ပေါက်လာခဲ့ဖူးသော ဒဏ္ဍာရီတစ်ပုဒ်ဖြစ်သည်။ သူ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်သို့ရောက်သွားသည်နှင့် ဂိုဏ်အသီးသီး၊ မျိုးနွယ်စုအမျိူးမျိုးမှ တာအိုကလေးများအတွက် ပြိုင်ဘက်ဖြစ်လာလိမ့်မည်။

သို့သော် ပြီးပြည့်စုံသော အခြေတစ်ခုကို ပိုင်ဆိုင်မှာ အလွန်အန္တရာယ်များ၏။ ဤအန္တရာယ်သည် အမြုတေဖြစ်တည်မှုအဆင့်ကိုရောက်သည့်အချိန် ပေါ်လာသည်။ ထိုအချိန်အတောအတွင်း ကောင်းကင်ဘုံမှ မိုးကြိုးစစ်ဆေးခြင်းမှာ ချီအခြေတည်ခြင်းအဆင့်ထက် များစွာပို၍ ပြင်းထန်မည်ဖြစ်သည်။ ၄င်းကို ကျော်ဖြတ်နိုင်မည်လား မန်ဟိုမသေချာပေ။ သွေးအင်မိုတယ်နှင့် ရှေးဟောင်းကံကြမ္မာဆိုးဘုရားကျောင်း၏အကူအညီသာမပါလျှင် ပြစ်ဒဏ်မိုးကြောင့် သူသေချာပေါက် အသက်ထွက်သွားခဲ့မည်ဖြစ်သည်။

"ကဲ အမြုတေဖြစ်တည်မှုအဆင့်က အဝေးကြီးလိုသေးတယ်။ ငါအခုအဲ့အကြောင်းတွေးလို့ရပေမယ့် သိပ်စိုးရိမ်နေစရာမလိုဘူး" မန်ဟိုက နောက်တစ်ခွက်မော့လိုက်သည်။ ပူပူနွေးနွေးအတွေ့အထိတစ်ခု သူတစ်ကိုယ်လုံး ပြည့်နှက်သွားသည်။ မန်ဟိုသည် ပြီးပြည့်စုံသောအခြေတည်ခြင်းနှင့် ပြီးပြည့်စုံသော ရွှေအမြုတေအကြောင်းရေးသားထားသော ရှန့်ကွမ်းရှိုး၏လိပ်ခွံမှ အချက်အလက်များကို ပြန်တွေးနေမိ၏။

"အမြုတေဖြစ်တည်မှုအဆင့်ရောက်ရင် ပြီးပြည့်စုံတဲ့ရွှေအမြုတေကို ငါသန့်စင်နိုင်မှာလား သိချင်မိတယ်။ အဲ့တာက ဘာနဲ့တူလိမ့်မလဲ" သူက တခဏ တုံ့ဆိုင်းနေပြီးနောက်ထိုကိစ္စကို ဘေးချိတ်လိုက်သည်။ သို့သော် ပြီးပြည့်စုံသော ရွှေအမြုတေတစ်ခုအား သန့်စင်ရန် လိုအပ်သောပါဝင်ပစ္စည်းများကို စတင်စုဆောင်းရန် သူဆုံးဖြတ်ပြီးလေပြီ။

မှောင်ရီပျိုးလာပြီး ကျင့်ကြံသူအတော်များများ စားသောက်ဆိုင်မှ ထွက်ခွာသွားကြသည်။ မန်ဟို ထပြီး ထွက်သွားတော့မည့်ဆဲဆဲ ရုတ်တရက် သူ၏အမူအရာပြောင်းသွားသည်။ သူက စားသောက်ဆိုင်ထဲ ခေါင်းလှည့်ကြည့်လိုက်၏။ ထောင့်တစ်နေရာတွင် အနက်ရောင်ဝတ်ရုံနှင့်လူငယ် ထိုင်နေသည်။ သူက မျက်မှောင်ကြုတ်မနေတော့ဘဲ မန်ဟို့ကို အေးတိအေးစက် စိုက်ကြည့်နေ၏။ သူ့ထံမှ အသတ်အဖြတ်အရှိန်အဝါတစ်ခု တဖြေးဖြေးထွက်လာပြီး အလောင်းတောင်နှင့် သွေးပင်လယ်ကဲ့သို့ အသွင်ပြောင်းသွားသည်။

"မင်းဆီမှာ ငါလိုအပ်တာတစ်ခုရှိတယ်" သူက မန်ဟို့ကို မမှိတ်မသုန်ကြည့်ရင်း အေးစက်စွာပြောသည်။

***

All Chapters