← Chapters

မင်းစည်းမျဥ်းတွေကို မသိဘူးလား

Vol. 10 Ch. 140

မင်းစည်းမျဥ်းတွေကို မသိဘူးလား

Vol. 10 Ch. 140

မန်ဟို စံအိမ်ထံ ချဥ်းကပ်သွားပြီး လက်ကိုမြှောက်၍ တံခါးသုံးချက်ခေါက်လိုက်သည်။ တံခါးသည် အသံတစ်သံပင်မထွက်ဘဲ အထဲပွင့်သွား၏။ အတွင်းတွင် အရာအားလုံးမှာ ပိတ်ပိတ်ပိန်း မှောင်မည်းလျက်ရှိသည်။ အနက်ရောင်အကာအကွယ်တစ်မျိုးမျိုး ထားရှိထားပုံရလေသည်။

မန်ဟို ၄င်းကို ကြည့်နေစဥ် ၄င်း၏မျက်နှာပြင်ပေါ်တွင် မှော်လှိုင်းတွန့်များမြင်လိုက်ရသော်လည်း မည်သည့်အရာကမှ သူ့ကို တိုက်ခိုက်မည့်ဟန်မရှိပေ။ ၄င်းက မည်သည့်ကျင့်ကြံသူများဝင်နိုင်သည်ကို ထိန်းချုပ်ရန်သာ စီမံထားခြင်းဖြစ်သည်။ မန်ဟိုက သူ့အရှေ့မှ ဝင်ရောက်သွားခဲ့သောလူပေါင်းများစွာကို ပြန်တွေးရင်း ၄င်းကို တခဏ လေ့လာကြည့်ရှူလိုက်သည်။ သူ လျင်မြန်စွာ သဘောပေါက်လိုက်လေပြီ။

"ဒါက ချီအခြေတည်အဆင့်ကျင့်ကြံသူတွေကလွဲပြီး ဘယ်သူမှမဝင်နိုင်အောင် ကာကွယ်ထားတာပဲ" သူ၏မျက်နှာသည် တည်ငြိမ်နေသော်လည်း ဝါးခမောက်ဖြင့်ဖုံးကွယ်ထားလျက် သူက အကာအကွယ်ထဲ ဝင်ရောက်လိုက်သည်။

အသက်ရှူချိန်အနည်းငယ်အတွင်း ခပ်ဖျော့ဖျော့အလင်းရောင်တစ်ခု သူ၏မျက်လုံးအတွင်း စူးဝင်လာသည်။ သူသည် ယခုတွင် သေမျိုးလူသားမင်းသားတစ်ပါး၏ နန်းတော်ဖြစ်ပုံရသော နေရာ၏အပြင်ဘက်တွင် ရပ်နေ၏။

နန်းတော်သည် ဧရာသတ္တဝါကြီးတစ်ကောင် မြေပြင်ပေါ်လဲလျောင်းနေသည့်အလား ခံညားထည်ဝါလှသည်။ ၄င်း၌ အလွန်တည်ငြိမ်သောအငွေ့အသက်ရှိလေသည်။ နန်းတော်၏အပြင်ဘက်တွင် တာအိုဝတ်ရုံတစ်စုံဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် မတ်တပ်ရပ်နေသည်။ သူ၏အမူအရာမှာ အေးဆေးတည်ငြိမ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံသည် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်တွင် ဖြစ်သည်။ သူက မန်ဟို့ကို မြင်သောအခါ မျက်လုံးများ လင်းလက်သွားပြီး အနားချဥ်းကပ်လာ၏။

သူက မန်ဟိုကို အကဲခတ်ပြီးနောက် ခပ်တိုးတိုးပြောသည်။ "ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ဖိတ်စာကို ထုတ်လိုက်ပါ တာအိုရောင်ရင်း။ ခင်ဗျားမှာ ဖိတ်စာမပါရင် ဂိုဏ်းသက်သေခံလည်ဆွဲက အလုပ်ဖြစ်လိမ့်မယ်"

ဝါးခမောက်အောက်ရှိ မန်ဟိုမျက်လုံးများ ဖျတ်ခနဲလက်သွားသည်။ သူက စကားတစ်ခွန်းမဆိုဘဲ လက်ကိုဝှေ့ယမ်းလိုက်ရာ လည်ဆွဲတစ်ခုသည် အဘိုးအို၏လက်ထဲ ပျံသန်းဆင်းသက်သွား၏။ အဘိုးအိုက ၄င်းကို ကြည့်ပြီး ရုတ်တရက် လေးစားသောအရိပ်အယောင်တစ်ခု သူ၏မျက်လုံးများထဲ ပေါ်လာသည်။ သူက လက်နှစ်ဖက်ဖြင့် လည်ဆွဲကို ပြန်ပေးလိုက်သည်။

"ရောင်ရင်းက ဇီ......"

မန်ဟို ချောင်းဟန့်လိုက်ရာ အဘိုးအိုစကားရပ်သွားသည်။ သူက ဆက်မပြောတော့ဘဲ ခေါင်းအနည်းငယ်ငုံ၍ နောက်ဆုတ်ကာ မန်ဟို့ကို ဆက်သွားခွင့်ပေးလိုက်သည်။

မန်ဟိုက လည်ဆွဲကိုပြန်ယူပြီး အဘိုးအိုဘေးမှ နန်းတော်ထဲ ဝင်ရောက်သွားသည်။ လည်ဆွဲသည် တင်းရှင့်ဆီမှ သူယူခဲ့သည့်အရာနှင့်အတူတူပင်။ ဤသည်မှာ ဒုတိယအကြိမ် အယောင်ဆောင်ခြင်းဖြစ်ပြီး ဤတစ်ကြိမ်တွင် သူသည် အတန်ငယ်ပို၍အသားကျလာပြီဖြစ်သည်။

ဤနေရာသည် နဂါးနှင့်ငါးတို့ ခြေချင်းလိမ်ပြီး အတော်လေးယောက်ခတ်နေသောနေရာ ဖြစ်လိမ့်မည်ဟု သူသိသည်။ အကယ်၍ သူတို့သာ ဝင်ရောက်သူများ၏သရုပ်မှန်များကို အမှန်တကယ် တင်းတင်းကြပ်ကြပ်စစ်ဆေးနေလျှင် လျှို့ဝှက်အစည်းအဝေးပွဲဟု အဘယ်သို့ ခေါ်နိုင်တော့မည်နည်း။ သူသည် အခြေအနေကိုသုံးသပ်ရန် အပြင်ပိုင်းအား အတန််ကြာ စစ်ဆေးကြည့်ရှုပြီးနောက် စိတ်အေးသွားကာ အလျင်မလိုတော့ပေ။

ဝင်ဝင်ချင်း အလှဆင်ကျောက်များနှင့် စိမ်းပုပ်ရောင် သစ်သားတံတားခုံးများ သွယ်တန်းထားသည့် စမ်းချောင်းများကို သူမြင်လိုက်ရသည်။ မလှမ်းမကမ်းတွင် တေးဂီတပညာရှင်များ ကြိုးတပ်တူရိယာများကို တီးမှုတ်ရင်း ဝန်းရံလျက်ရှိသော အဆောင်တစ်ဆောင်ရှိသည်။ သူတို့ဆီမှ တေးသံများက သာယာနာပျော်ဖွယ်ကောင်းလှ၏။ အဆောင်အတွင်းတွင် လူခုနစ်ယောက်ထိုင်နေကြသည်။ အများစုက တခြားသူများနှင့် သိပ်အရောမဝင်ကြပေ။ မျှော်မှန်းထားသည့်အတိုင်း သူတို့သည် တစ်ယောက်ကိုတစ်ယောက် အကဲခတ်ရင်း တိတ်ဆိတ်စွာ ထိုင်နေကြသည်။

မန်ဟို ဝင်လာသောအခါ သူတို့၏အကြည့်အားလုံးက သူ့အပေါ်ကျရောက်လာသည်။

ခုနစ်ယောက်ထဲက သုံးယောက်သည် မျက်နှာဖုံးများဝတ်ထားကြ၏။ တစ်ယောက်က မျက်မှောင်ကြုတ်ရင်း ထိုင်နေသော လီတောက်ဖြစ်သည်။ သူ့က မန်ဟို့ကို အသေအချာ အကဲအခတ်နေချေသည်။

အခြားနှစ်ယောက်က သူတို့၏မျက်နှာများကို ဖုံးကွယ်ထားခြင်းမရှိပေ။ တစ်ဦးသည် ဆွေကောင်းမျိုးကောင်း အမျိုးသမီးဖြစ်ပုံရပြီး အသက်သုံးဆယ်ခန့်ရှိမည့်ပုံပေါ်သည်။ သူမက သားနားလှပသောဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး အတော်လေးကြည့်ကောင်းသည်။ သူမ၏ ညှို့ဓာတ်ပြင်းသောအကြည့်က စိတ်တိမ်းညွတ်လာအောင် ဆွဲဆောင်မှုရှိလေသည်။ သူမက မန်ဟို့ကို တခဏကြည့်ပြီး ပြုံးကာ ခေါင်းညိတ်လိုက်သည်။

နောက်ဆုံးက အဝါရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ အထီးကျန်သောအမူအရာတစ်ခုက သူ့မျက်နှာကို ဖုံးလွှမ်းထားပြီး သူက အဆက်မပြတ် မော့နေသော သေရည်ပုလင်းတစ်လုံးကို လက်တွင်ကိုင်ထားသည်။ သူက မန်ဟိုကို သေရည်ကြောင့် လေးပင်နေသောမျက်လုံးများဖြင့် တစ်ချက်ကြည့်သည်။

အခြားသူလေးဦး၏ပုံပန်းသွင်ပြင်အားလုံးမှာ မျက်နှာဖုံးများဖြင့် ဖုံးကွယ်ထားသည်။ သူတို့က ယောက်ျားများလော၊ မိန်းမများလောပြောရန်ပင် မဖြစ်နိုင်ပေ။

မန်ဟိုက မျက်တောင်တစ်ချက်ပင်မခတ်ဘဲ အဆောင်ထဲဝင်ရောက်ကာ စားပွဲတစ်လုံးကို ရွေး၍ထိုင်လိုက်သည်။ ဘေးဘီဝဲယာကို ဝေ့ဝိုက်ကြည့်သောအခါ အဆောင်အတွင်း၌ စားပွဲကိုးလုံးသာရှိသာကြောင်း တွေ့လိုက်ရလေသည်။ ယခုတွင် သူအပါအဝင် ရှစ်ဦး နေရာယူထားပြီးဖြစ်၏။

သိသာထင်ရှားစွာပင် နောက်ဆုံးစားပွဲက အခြားကျင့်ကြံသူအတွက်မဟုတ်ဘဲ အစီအစဥ်မှူးအတွက် ဖြစ်ချေသည်။

အချိန်အနည်းငယ်ကြာသော် လူထွားကြီးတစ်ယောက် အပြင်မှ နန်းတော်ထဲ ဝင်ရောက်လာသည်။ သူက ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ဖြစ်သည်။ သူသည် အလွန်ထောင်ထောင်မောင်းမောင်း၊ ထွားထွားကြိိုးကြိုင်းဖြစ်၍ သူ့အတွက် သရုပ်မှန်ကို ဖုံးကွယ်ခြင်းက အချည်းနှီးသာဖြစ်ပေလိမ့်မည်။ သူက မာနကြီးတစ်ခွဲသားနှင့် အဆောင်ထဲ လျှောက်လာသည်။

အထဲရောက်သည်နှင့်တစ်ပြိုင်နက် သူက ရပ်လိုက်သည်။ တစ်ချက်ဝေ့ကြည့်ပြီး မျက်မှောင်ကြုတ်သွား၏။

"ကျုပ် ရှု ဒီလျှို့ဝှက်အစည်းအဝေးကို ပထမဆုံးအကြိမ် ပါဝင်ခြင်းမဟုတ်ဘူး" သူက အေးစက်စွာပြောသည်။ " ဒီနေ့ ကျုပ် ဖိတ်ခေါ်ချက်တစ်ခုကြောင့် လာခဲ့ပေမယ့် ကျုပ်အတွက် နေရာမရှိပါလား။ တာအိုရောင်ရင်းတို့ထဲက ဘယ်သူများ စည်းကမ်းကို နားမလည်တာလဲ" သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ချက်ချင်းပင် အပြာရောင်ကျောက်စိမ်းပြားတစ်ပြားပေါ်လာ၏။ ၄င်း၏မျက်နှာပြင်ပေါ်တွင် စာလုံးတစ်လုံး ထွင်းထားသည်။ "လျှို့ဝှက်ချက်"

ကျောက်စိမ်းပြားသည် အရောင်ဖျော့ဖျော့တောက်ပနေ၏။ မိန်းမပျိုက ပြုံးရင်း နူးးညံသောလက်ကလေးကို မြှောက်၍ သူမကျောက်စိမ်းပြားကိုထုတ်ပြီး သူမအရှေ့က စားပွဲပေါ်တင်လိုက်သည်။

ထို့နောက် လုတောက်နှင့်အခြားသူများလည်း ထိုနည်းတူပြုလုပ်လိုက်ကြသည်။ မကြာမီ မန်ဟိုနှင့် ရုပ်ဖျက်ထားသောကျင့်ကြံသူတစ်ဦးသာ ကျောက်စိမ်းပြားမထုတ်ရသေးပေ။

အခြားလူနှစ်ယောက်အနက် တစ်ယောက်က ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်၏စွမ်းအားကို ထုတ်လွှတ်နေသည်။ ဤပုဂ္ဂိုလ်မှာမူ လူထွားကြီးကို အဖက်ပင်မလုပ်ဘဲ အေးအေးဆေးဆေးထိုင်နေ၏။ ဘာမှမပြောရဲသဖြင့် လူထွားကြီး၏မျက်လုံးများသည် မန်ဟိုနှင့်အခြားသူတစ်ယောက် အပေါ်ကျရောက်သည်။ သူတို့နှစ်ယောက်လုံးမှာ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်တွင် ဖြစ်၏။ လူထွားကြီး၏မျက်လုံးများ အေးစက်စွာ လင်းလက်သွားသည်။

"ခင်ဗျားတို့နှစ်ယောက်။ ကျောက်စိမ်းပြားမပြနိုင်ရင် ဒီနေရာက ထွက်သွားစမ်း။ ကျုပ်ကို ထိုင်ခုံပေး။ အေး မပေးရင်တော့ ဒီနေရာက အသက်ရှင်ရက် ထွက်သွားလို့ရမယ်မထင်နဲ့" သူ၏အသံသည် အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပြီး အေးစက်မှုအသွင်ပြောင်းကာ ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ အဆောင်ထဲရှိ ကျန်ရှိသောလူများမှာ အမူအရာအမျိုးမျိုးဖြင့် ကြည့်နေကြ၏။ သူတို့တစ်ယောက်မှ ကြားဝင်လိုစိတ်မရှိကြပေ။ ကြည့်ရသရွေ့ သူ့တို့သည် မှော်တိုက်ပွဲတစ်ပွဲအား သေသည်အထိ ကြည့်ရှုရမည်ကို နည်းနည်းလေးပင် စနိုးစနောင့်ဖြစ်ပုံမရပေ။

မန်ဟိုက ဘာမှမပြောသလို၊ ရုပ်ဖျက်ထားသောလူကလည်း ဘာမှမပြောပေ။

အဆောင်အတွင်း အရာအားလုံး တိတ်ဆိတ်နေ၏။

ရှုမျိုးရိုးနှင့် လူထွားကြီးက နှာမှုတ်ပြီး ရှေ့တက်လာသည်။ မန်ဟို့ထံတော့မဟုတ်၊ သူရပ်နေသည့်နေရာနှင့်တိုက်တိုက်ဆိုင်ဆိုင် ပိုနီးနေသော အခြားလူဆီသို့ဖြစ်သည်။

သူက မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်း ညာလက်ကို မြှောက်တော့မည့်အချိန် ရုတ်တရက် ချောင်းဟန့်သံသဲ့သဲ့ ကြားလိုက်ရလေသည်။ ၄င်းက အဆောင်တစ်လျှောက်လုံး ပဲ့တင်ထပ်သွားသဖြင့် လူထွားကြီးရှုအပါအဝင် အထဲရှိလူအားလုံး ခေါင်းလှည့်ကြည့်လိုက်ကြသည်။

အဝါရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် ဝင်လာ၏။ သူ၏မျက်နှာသည် တည်ကြည်လျက်ရှိပြီး သူ၏ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်နှင့်အစစ်အမှန်အကြား တစ်နေရာတွင် ရှိနေပုံရသည်။ သူက မြန်မြန်လှုပ်ရှားနေပုံမပေါ်သည့်တိုင် ခြေလှမ်းသုံးလေးလှမ်းအတွင်း အဆောင်ထဲရောက်နေလေပြီ။

" မင်္ဂလာပါ တာအိုရောင်ရင်း ချင်ရှန်း"

"ဂါဝရပြုပါတယ် တာအိုရောင်ရင်း ချင်ရှန်း" အဘိုးအိုပေါ်လာသည့်အခိုက်အတန့်၌ မန်ဟိုမှလွဲ၍ လူတိုင်း ချက်ချင်း ထရပ်လိုက်ကြသည်။ မန်ဟို၏အမူအရာ ရိပ်ခနဲဖြစ်သွားပြီး သူလည်း ထရပ်၍ အဘိုးအိုကို လက်ယှက်အရိုအသေပေးလိုက်သည်။

"ဒီလောက် ယဥ်ကျေးနေစရာ မလိုပါဘူး" အဘိုးအိုက တည်ငြိမ်အေးဆေးစွာ ပြောသည်။ "ခင်ဗျားတို့အားလုံးက တောင်ပိုင်းဒေသ လက်ရှိမျိုးဆက်ရဲ့ သူရဲကောင်းတွေလေ။ ကျုပ်က ဒီလျှို့ဝှက်အစည်းအဝေးကို စီစဥ်ပေးဖို့လေးအတွက်ပဲ ဒီကိုရောက်လာတာပါ။ ထိုင်ကြပါ" သူသည် ကိုးခုံမြောက်စားပွဲတွင် ထိုင်ပြီး လင်းလက်တောက်ပနေသောမျက်လုံးများဖြင့် တက်ရောက်လာသူများကိုကြည့်သည်။ နောက်ဆုံး၌ ၄င်းတို့သည် ရှုမျိုးရိုးနှင့်လူထွားကြီးအပေါ် ကျရောက်သွား၏။

အဘိုးကြီး၏အကြည့်က သူ့ကို ရိုရိုသေသေ ခေါင်းငုံ့သွားစေသည်။ မန်ဟိုလည်းထိုနည်းတူပင်။ ဤအဘိုးအိုသည် ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း သိသာစွာပင် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်ကို ကျော်လွန်နေ၏။ သူက အမြုတေဖြစ်တည်မှုအဆင့်သို့ တစ်ဝက်ဝင်ရောက်နေပြီဖြစ်၍ အမြုတေဖြစ်တည်မှု အတုအယောင်အဆင့် ကျင့်ကြံသူအဖြစ် သတ်မှတ်နိုင်လေသည်။

ကျိုးပြည်မှါဆိုလျှင် ဤကဲ့သို့ပုဂ္ဂိုလ်များသည် မဟာအကြီးအကဲများထက် ရာထူးမြင့်မည်ဖြစ်၏။ သူ၏တည်ရှိမှုက မန်ဟို့ကို အတန်ငယ်စိတ်လှုပ်ရှားသွားစေသော်လည်း ကိစ္စတစ်ရပ်လုံးနှင့်ပတ်သက်၍ ခန့်မှန်းချက်များစွာကိုလည်း ဦးတည်သွားစေသည်။

"တာအိုရောင်ရင်း ချင်းရှန်" လူထွားကြီးကကြောက်ကြောက်ရွံ့ရွံ့နှင့်ဆိုသည်။ သူက အားတင်းရင်း ဆက်ပြောသည်။ "ဒီကိစ္စကို အဆုံးအဖြတ်ပေးဖို့ ကျုပ် ခင်ဗျားကို တောင်းဆိုချင်ပါတယ်။ ကျုပ်မှာ ဖိတ်စာရှိပေမယ့် ဒီနေရာကတစ်ယောက်က ကျုပ်နေရာကို လုယူခဲ့ပါတယ်" သူက လက်ကိုယှက်ပြီး လေးလေးနက်နက် ဦးညွှတ််လိုက်သည်။

"ခင်ဗျား နေရာ ဘယ်သူလုတာလဲ" အဘိုးအိုက ခပ်ပေါ့ပေါ့သာ မေးသည်။ သူ၏အကြည့်သည် လျှပ်စီးတန်းသဖွယ် မန်ဟို့အပေါ် ကျရောက်လာ၏။

"ဒိီလူ" လူထွားကြီးရှုက ရုပ်ဖျက်ထားသောကျင့်ကြသူကို လက်ညှိုးထိုးရင်း အော်သည်။

ထိုကျင့်ကြံသူက အေးစက်စက် နှာမှုတ်လိုက်၏။ နှာမှုတ်လိုက်သံက သေချာပေါက် အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။

"ဒါက ကျုပ်ကိုယ်တိုင်ဖိတ်ထားတဲ့ ဧည့်သည်ပဲ" အဘိုးအိုက ဤကျင့်ကြံသူများ၏ကိစ္စရေးရာများသည် သူ့ဖဝါးအောက်တွင် ရှိသည့်အလား မနှေးလွန်း၊ အမြန်လွန်းပြောသည်။ "သူ ခင်ဗျားနေရာကို လုခဲ့တာ မဖြစ်နိုင်ဘူး"

ဤသည်ကိုကြားသော် လူထွားကြီး တခဏ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေချေသည်။ ထို့နောက် သူ့အကြည့်က မန်ဟို့အပေါ်ရောက်လာသည်။ အေးစက်သောအလင်းရောင်တစ်ခု သူ၏မျက်လုံးများထဲ ပေါက်ပေါက်လာ၏။ လူနှစ်ယောက်အနက် တစ်ယောက်က ဖိတ်ခေါ်ခံထားရသူဖြစ်သည့်အတွက် ကျောက်စိမ်းပြားမရှိသူတစ်ယောက်သာ ကျန်ခဲ့လေပြီ။ ဤလူက သူ့ထိုင်ခုံကို လုယူထားသောပုဂ္ဂိုလ်ဖြစ်ရမည်။

ယခုတွင် လူတိုင်း မန်ဟို့ကို ကြည့်နေကြပြီး အေးစက်စက်နှာမှုတ်လိုက်သော အမျိုးသမီးပင် ပါဝင်သည်။ သူမက မန်ဟို့ကို ရေခဲတမျှအေးစက်နေသောမျက်ဝန်းလေးများဖြင့် လှမ်းကြည့်နေသည်။

ဝါးခမောက်အောက်က မန်ဟို၏အမူအရာမှာ ခါတိုင်းကဲ့သို့သာဖြစ်သည်။

"ဒီနေရာကို လာတဲ့ဘယ်သူမဆို အစည်းအဝေးတက်ရောက်ခွင့်ရှိတယ်" အဘိုးအိုက တည်ငြိမ်စွာ ပြောသည်။ "ဒါပေမယ့် ကျောက်စိမ်းပြားမရှိရင်တော့ အဆောင်အပြင်မှာ စောင့်ရမယ်။ အရောင်းအဝယ်လုပ်မယ့်အချိန်ရောက်လာရင် အဆောင်ထဲကလူတိုင်း မလိုချင်မှသာ ခင်ဗျားစျေးခေါ်နိုင်တယ်"

"ဒီတော့ ငါ့နေရာကို ခိုးထားတာ မင်းကိုး" လူထွားကြီးရှုက ပြောသည်။ " မင်း ရှင်ခြင်းနဲ့ သေခြင်းကြားက ခြားနားချက်ကို မသိဘူးလား။ ထစရာမလိုဘူး။ ငါမင်းကို ဒီနေ့ အပိုင်းပိုင်းစုတ်ဖြဲမပစ်ရင် ရယ်စရာလူဖြစ်သွားလိမ့်မယ်" လူထွားကြီးရှုသည် နဂိုကတည်းက စိတ်ဆတ်တတ်သူဖြစ်၏။ လူတိုင်းရှေ့တွင် ခုံအလုခံရသည့်အဖြစ်မှာ အချိန်အတော်ကြာကတညက သူ၏အသတ်အဖြတ်စိတ်ဆန္ဒကို လှုံ့ဆော်ခဲ့ပြီးဖြစ်သည်။ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်၏စွမ်းအား သူ့ထံမှာပေါက်ကွဲထွက်ပေါ်လာသဖြင့် သူ၏ခန္ဓာကိုယ်သည် တဖျပ်ဖျပ်လက်နေတော့သည်။ သူက မန်ဟို့ထံသို့ တန်းတန်းမတ်မတ်ပြေးဝင်သွား၏။

ဘယ်သူမှ ကြားဝင်ခြင်းမရှိ။ အဘိုးအိုပင်လျှင် အေးအေးဆေးဆေးသာ စောင့်ကြည့်နေသည်။

သူက မန်ဟိုထံမှ သုံးမီတာသာ ကွာဝေးတော့ချိန် လက်ကိုမြှောက်လိုက်ရာ ဧရာမမှော်လက်ဝါးကြီးပေါ်လာပြီး မန်ဟို့ထံ နိမ့်ဆင်းသွားသည်။ မန်ဟိုက ထိုနေရာတွင် ထိုင်မြဲသာထိုင်နေ၏။ သူသည် ဘယ်လက်ကို ရိုးရိုးလေး မြှောက်၍ လူထွားကြီးထံ လက်ချောင်းတစ်ချောင်းဝှေ့ယမ်းလိုက်သည်။

သူ လက်ချောင်းဝှေ့ယမ်းလိုက်သောအခါ နန်းတော်တစ်ခုလုံးအတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏စိတ်ဝိညာဥ်စွမ်းအင်များ ပရမ်းပတာဖြစ်သွားကြသည်။ တစ်ချိန်တည်းမှာပင် လူထွားကြီး၏အမူအရာ ပြောင်းသွား၏။ ရုတ်တရက် သူ၏ကျင့်ကြံခြင်းအခြေခံကို ထိန်းချုပ်၍မရတော့သည့်အပြင်် ယခုတွင် လုံးဝဖိနှိပ်ခံလိုက်ရသည့်အလား ခံစားလိုက်ရလေသည်။

ဤအခြင်းအရာက အဘိုးအိုချင်ရှန်းအပါအဝင် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများကို မျက်မှောင်ကြုတ်သွားစေ၏။ မန်ဟိုက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဟိန်းဟောက်နေသော မီတာသုံးရာအရှည် မီးနဂါးကြီး ရုတ်ခြည်း ထွက်ပေါ်လာသည်။ ၄င်းက သူ၏ခန္ဓာကိုယ်အတွင်း ပြေးဝင်လာသဖြင့် လူထွားကြီးရှု၏အော်သံများ ပွက်လောရိုက်သွားသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်လာသည်။ မယုံကြည်မှုများက သူ့မျက်နှာကို ဖုံးလွှမ်းသွားပြီးနောက် စိတ်ပျက်မှုများ ဝင်ရောက်လာသည်။ လေပြင်းတစ်ချက်က သူ့ကို မြေကြီးအပေါ် ခပ်ကြမ်းကြမ်းတိုက်ချသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ကြီးမားသောကိုယ်လုံးကြီးမှာ ပြာကျသွားပြီး လေနှင့်အတူမျောလွင်သွားတော့သည်။

သိုလှောင်အိတ်တစ်လုံးသာ ကျန်ရစ်ခဲ့သည်။ ၄င်းက မန်ဟို့လက်ထဲပျံတက်သွား၏။ သူက ၄င်းကို ခပ်ဖွဖွပုတ်၍ 'လျှို့ဝှက်ချက်'ဆိုသော စကားလုံးရေးထိုးထားသော ကျောက်စိမ်းပြားတစ်ပြားထုတ်လိုက်သည်။

"ဒီမှာ ကျုပ်ရဲ့ ဖိတ်စာ" သူက ပြောသည်။ အခြားသူများမှာ ဝါးခမောက်ကြောင့် သူ၏အမူအရာကို မမြင်ရပေ။ ၄င်းအောက်မှထွက်လာသော သူ၏ခပ်အက်အက်အသံကိုသာ ကြားနိုင်ကြလေသည်။

***

All Chapters