ရုပ်ပျိုဆေးလုံး ထပ်ပေါ်လာခြင်း
Vol. 10 Ch. 141
အဆောင်တစ်ခုလုံး အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွား၏။ လူထွားကြီးရှု၏သေဆုံးခြင်းမှာ မြန်ဆန်သပ်ရပ်လွန်းသဖြင့် လုတောက်၏မျက်လုံးများ ကျဥ်းမြောင်းသွားစေသည်။ သူ့မှာ အတော်လေးဂုဏ်သိက္ခာရှိသော အသွင်ဖြင့် ထိုင်နေသည့် မန်ဟို့ကိုကြည့်ပြီး နှလုံးသားထဲ၌ အကြောက်တရားများ ပြည့်နှက်တော့သည်။
သူတစ်ယောက်တည်းမဟုတ်။ သားသားနားနားဝတ်စားထားသော အမျိုးသမီးသည်လည်း မန်ဟိုကို စူးစိုက်ကြည့်ပြီး သူမနှလုံးသားထဲ၌ ဤလူမှာ ရန်စရမည့်သူမဟုတ်ကြောင်း သဘောပေါက်လိုက်သည်။
သေရည်ပုလင်းနှင့် သက်လတ်ပိုင်းအမျိုးသားက သောက်နေသည်ကို တခဏရပ်သွားသည်။ သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး အကြည့်စူးစူးတစ်ချက်ဖြင့် ပြည့်နှက်သွားသည်။ ရုပ်ဖျက်ထားသော ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူက ခေါင်းကို ဖြေးဖြေးချင်းမော့ပြီး မန်ဟို့ကိုကြည့်သည်။ သူက မန်ဟို၏ကျင့်ကြံခြင်းအခြေခံကို ဆုံးဖြတ်ရန် ကြိုးစားလိုက်စဥ် တွေဝေဆုံ့ဆိုင်းခြင်းတို့် သူ့နှလုံးသားထဲ၌ ပွင့်လန်းလာသည်။
ရုပ်ဖျက်ထားသော အမျိုးသမီးကမူ မန်ဟို့ကို တခဏကြည့်ပြီးနောက် အကြည့်လွှဲသွား၏။
"အနှောင့်အယှက်တွေမရှိတော့ရင် ကျုပ်တို့လျှို့ဝှက်အစည်းအဝေးစနိုင်ပြီ" အဘိုးအိုချင်ရှန်းက တစ်လုံးချင်းပြောသည်။ သူက မန်ဟို့ကို ဖော်ရွေသောအမူအရာဖြင့် ကြည့်သည်။ "ခင်ဗျားတို့အားလုံး မင်ချင်းပြည်က လျှို့ဝှက်ကုန်သွယ်မဟာမိတ်အဖွဲ့ နဲ့ အဆက်အသွယ်လုပ်ခဲ့တယ်။ ခင်ဗျားတို့ ဒီမှာ အရောင်းအဝယ်လုပ်ရင် ကျုပ် မျက်မြင်သက်သေဖြစ်ပေးနိုင်တယ်။ ခင်ဗျား ဘာသံသယမှဝင်စရာမလိုဘဲ ဆက်သွားနိုင်တယ်။ ပြဿနာတစ်ခုခုဖြစ်ပွားရင် လျှို့ဝှက်ကုန်သွယ်မဟာမိတ်အဖွဲ့က တာဝန်ခံပေးမယ်။ အခု တာအိုရောင်ရင်းတို့အားလုံး လုပ်ငန်းစဖို့ ကျုပ် ဖိတ်ခေါ်ချင်ပါတယ်" သူသည် မျိုးဆက်တူသောလူများ ပြောဆိုသည့်လေသံအတိုင်း ပြောသွား၏။ အမှန်တော့ စောစောက မန်ဟို၏အပြုအမူသည် အခြားသူများကိုသာ ထိတ်လန့်ကြောက်ရွံ့သွားစေခြင်းမဟုတ်ပေ။ ဤအဘိုးအိုသည်လည်း သူ့ကိုအတော်လေးလေးစားသွား၏။
သူက စကားပြောပြီးနောက် အင်္ကျီကိုခါလိုက်ရာ ရွှေရောင်နဂါးရှစ်ကောင်ဖြင့် စီခြယ်ထားသော ကြေးနီမီးဖိုတစ်လုံး ပျံထွက်လာသည်။ ၄င်းက အဆောင်၏အလည်တည့်တည်တွင် ဆင်းသက်သွား၏။
"တာအိုရောင်ရင်းတို့" လုတောက်က အခြားသူကို လက်ယှက်အရိုအသေပေးရင်း ပြောသည်။ "ကျေးဇူးပြုပြီး ဒီတစ်ခေါက် ကျုပ်အရင်ဆုံး ခွင့်ပြုပေးပါ" သူက ညာဘက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားတစ်ပြား ပေါ်ပေါက်လာပြီး အဘိုးအိုချင်ရှန်း ယခုတင် သူတို့အားလုံး၏အလယ်၌ ထားခဲ့သော ကြေးနီမီးဖိုထဲ ပျံဝင်သွားသည်။
"ဒါက ကျုပ် ဒီနေ့ လဲလှယ်ချင်တဲ့ ပစ္စည်းစာရင်းပါ။ အထဲမှာ ပန်းချီတစ်ချပ်လဲရှိတယ်။ တာအိုရောင်ရင်းတို့ ဒီလူကို လာမယ့်ရက်အတောအတွင်း မြင်မိရင် ကျေးဇူးပြုပြီး ကျုပ်ကို သတင်းအချက်အလက်နဲ့အတူ စာတစ်စောင်ပို့ပေးပါ။ ကျုပ် မိုးကြိုးဆွယ်တောင်က ကျောက်တုံးတစ်တုံးနဲ့ပြန်ကျေးဇူးဆပ်ပါ့မယ်" သူက ဘာမှထပ်မပြောတော့ပေ။
ထို့နောက် ဝတ်ကောင်းစားလှများနှင့် လှပတင့်တယ်သော အမျိုးသမီးက ပြုံးပြီး ကျောက်စိမ်းပြားတစ်ပြားထုတ်လိုက်သည်။ သူမက စကားတစ်ခွန်းမဆိုဘဲ ၄င်းကို ကြေးနီမီးဖိုထဲ ပို့လွှတ်လိုက်သည်။ သူမ အလိုရှိသောပစ္စည်းများနှင့်အတူ လဲလှယ်ရန် ကမ်းလှမ်းနိုင်သည့်ပစ္စည်းများအားလုံး ကျောက်စိမ်းပြားထဲ၌ စာရင်းပြုစုထားလေသည်။ စိတ်ဝင်စားသည့်မည်သူမဆို သူမကို ဆက်သွယ်မည်ဖြစ်သည်။
ဤလျှို့ဝှက်အစည်းအဝေးမှာ တကယ်တမ်း အရောင်းအဝယ်ပွဲအသေးစားသာဖြစ်သည်။ ပါဝင်သူအများစုမှာ နယ်ခံများမဟုတ်၍ အထူးသဖြင့် သူစိမ်းများနှင့်အရောင်းအဝယ်လုပ်ရာတွင် ချင့်ချင့်ချိန်ချိန်ရှိရန် လိုအပ်လေသည်။ ထို့ကြောင့် လျှို့ဝှက်ကုန်သွယ်မဟာမိတ်အဖွဲ့ဟူ၍ ဖြစ်လာခြင်းပင်။ သူတို့သည် တောင်ပိုင်းဒေသတစ်ဝှမ်းလုံး၌ တူညီသောအစည်းအဝေးများကို စီစဥ်ကျင်းပကြသည်။
မကြာမီ မန်ဟို့အလှည့်ရောက်လာ၏။ သူက တခဏတွေးနေမိသည်။ တကယ်တမ်း မည်သို့တို့ဖြစ်ပျက်နေသည်လဲ သူတိတိကျကျမသိသော်လည်း ကျောက်စိမ်းပြားတစ်ပြားထုတ်လိုက်သည်။ ၄င်းကို စိတ်ဝိညာဥ်အာရုံအနည်းငယ်ဖြင့် တံဆိတ်ခတ်ပြီးနောက် မီးဖိုထဲပစ်ထည့်လိုက်သည်။ သူသည် ထိုအထဲ၌ စာတစ်စောင်ထား ထားခဲ့လေသည်။ ချင်းလော်ဂိုဏ်း မည်သည်ကိုစီစဥ်နေပြီး သူတို့၏ဖိတ်ခေါ်ချက်က မည်မျှအန္တရာယ်များသနည်း။
မကြာခင် ပါဝင်သူရှစ်ဦးလုံး သူတို့၏သက်ဆိုင်ရာကျောက်စိမ်းပြားများကို မီးဖိုထဲ ထည့်ပြီးသွားလေပြီ။ အဘိိုးအိုချင်ရှန်းက သူ၏ညာလက်ကိုမြှောက်ပြီး ဂါယာမန္တန်ယားဆိုင်ရာ မုဒြာဟန်ဖြင့် မီးဖိုထံ ဝှေ့ယမ်းလိုက်သည်။ တဝီဝီမြည်သံတစ်သံထွက်လာပြီး မီးဖိုအတွင်း၌ အကောင်အထည်ဒြပ်မရှိသော မီးတောက်တစ်ခုထွက်ပေါ်လာသည်။ အတွင်းရှိ ကျောက်စိမ်းပြားများ အရည်ပျော်ကျလာပြီး ကြေးနီမီးဖို၏မျက်နှာပြင်ပေါ်ရှိ ရွှေရောင်နဂါးရှစ်ကောင်သည် အသက်ဝင်လာသကဲ့သို့ လူးလွန့်လှုပ်ရှားလာ၏။ သူတို့ထံမှ မြူခိုးများထွက်လာပြီး ရှိသမျှလူတိုင်းကို ချက်ချင်းလွှမ်းခြုံလာတော့သည်။
မန်ဟို ရင်တဒိတ်ဒိတ်ခုန်လာ၏။ သူက ခုခံခြင်းမရှိသော်လည်း သတိကြီးကြီးထားနေချေသည်။
မြူများ သူ့တစ်ကိုယ်လုံးဖုံးလွှမ်းသွားပြီးနောက် အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွားသည်။ သူ့အရှေ့တွင် တောက်ပနေသော အလင်းစက်လုံး ရှစ်လုံးကို မြင်လိုက်ရသည်။ သူသည် အခြားသူများထံမှ သူ၏ကိုယ်ပိုင်နယ်ပယ်အတွင်း ခွဲခြားခံလိုက်ရသည့်အလားပင်။ အချက်အလက်များ သူ၏စိတ်ထဲ စတင်စီးဝင်လာ၏။ ရရနိုင်သော ဆေးလုံးများ၊ မှော်ပစ္စည်းများ၊ကုန်ပစ္စည်းမျိုးစုံနှင့်အတူ ဝယ်လိုသော ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များအစရှိသည့် စာရင်းပေါင်းများစွာဖြစ်သည်။
မကြာခင် မန်ဟို၏မျက်လုံးများ တဖျပ်ဖျပ်လက်လာ၏။ သူက စိတ်ဝိညာဥ်အာရုံကို ပြန်နုတ်ယူပြီး တောက်ပနေသောအလင်းစက်လုံးတစ်လုံးကို ထိလိုက်သည်။ ချက်ချင်းပင် သူကိုယ်တိုင် ယခုလေးတင် ပြင်ဆင်ခဲ့သည့် ကျောက်စိမ်းပြားမှ အချက်အလက် သူ့ခေါင်းထဲပေါ်လာသည်။ ယခု သူနားလည်လိုက်လေပြီ။ သူ၏ကျောက်စိမ်းပြားမှ အချက်အလက်ကို ဘဝင်ကျပြီးနောက် သူ၏အာရုံသည် တောက်ပနေသော နောက်ဆုံးအလင်းစက်လုံးကို ရောက်သွားသည်။
အထဲတွင် ပုံတူပန်းချီတစ်ချပ်ရှိသည်။ ၄င်းကို မြင်သောအခါ မန်ဟိုက တစ်ယောက်တည်း အေးတိအေးစက်ရယ်လိုက်သည်။
ကျောက်စိမ်းပြားထဲရှိ ပုံတူပန်းချီကား သူကိုယ်တိုင်ပင်။ ထိုမျှသာမက အလိုရှိသောပစ္စည်းက မိုးကြိုးသစ်ရွက်တစ်ရွက်ဖြစ်သည်။
"ဒီတော့ ဒီလျှို့ဝှက်တွေ့ဆုံပွဲလို့ခေါ်တဲ့ဟာက လိုချင်တဲ့ဘာကိုမဆို တောင်းဆိုလို့ရတယ်တာပဲ။ ဒီနည်းလမ်း တော်တော်လေးကောင်းတယ်။ ပုံမှန်ဆို မလုပ်နိုင်တဲ့ဟာတွေကို ယုံကြည်ချက်ရှိရှိ တောင်းဆိုလို့လဲရ၊ ကမ်းလှမ်းလို့လဲရတယ်။ တစ်ယောက်ယောက်နဲ့အရောင်းအဝယ်လုပ်ရင်လဲ ဘယ်သူဆိုတာ သိရမှာမဟုတ်ဘူး
"ကြည့်ရတာ တခြားလူနှစ်ယောက်လဲ ငါ့လို ချင်းလော်ဂိုဏ်းနဲ့ပတ်သက်ပြီး သိချင်နေပုံရတယ်" သူသည် နောက်ဆုံး၌ တစ်ယောက်ယောက် ဆက်သွယ်လိမ့်မည်ဖြစ်ကြောင်း သေချာ၍ ခြေချိတ်ထိုင်ရင်း စောင့်နေလိုက်သည်။ စောင့်နေစဥ် သူက အခြားအလင်းစက်လုံးများတချို့ကို စစ်ဆေးအကဲခတ်ရန် စိတ်ဝိညာဥ်အာရုံ ပို့လွှတ်လိုက်သည်။
ရုတ်တရက် အဖြူရောင်အလင်းတစ်ခု မြူများအတွင်း ဘွားခနဲ ပေါ်လာသည်။ မန်ဟို၏မျက်လုံးများ ကျဥ်းမြောင်းသွား၏။ သူက ၄င်းကို ထိလိုက်ရာ သူ့ခေါင်းထဲတွင် စာတစ်စောင်ပေါ်လာသည်။
"ချင်းလော်ဂိုဏ်းနဲ့ပတ်သက်ပြီး သိပ်များများစားစားတော့ မသိဘူး။ ဒါပေမယ့် ကျုပ်သိတဲ့ဟာကတော့ အတိအကျပဲ။ ကျုပ်သတင်းအတွက် ဝိညာဥ်ကျောက်တုံးငါးသိန်းလိုချင်တယ်"
မန်ဟို မျက်မှောင်ကြုတ်သွားသည်။ ဤကဲ့သို့ နေရာတစ်ရာတွင် သတင်းဝယ်သည့်အချိန် လူတစ်ယောက်သည် သတင်းမှန်မမှန်စဥ်းစားရန် လိုအပ်၏။ ၄င်းမှာ ပိုင်းခြားဆုံးဖြတ်ရန် ခက်ခဲမည်ဖြစ်သည်။
ထိုစဥ် နောက်ထပ်အဖြူရောင်အလင်းတစ်ခု ပေါ်လာပြန်သည်။ မန်ဟို ၄င်းကို ထိလိုက်သည်နှင့် နောက်ထပ်စာတစ်စောင် သူ့ခေါင်းထဲတွင် ပေါ်လာသည်။
"ချင်းလော်ဂိုဏ်းနဲ့ပတ်သက်ပြီး ပျံ့နေတဲ့ကောလဟလတွေတော့ အများကြီးပဲ။ ကျုပ် အတွင်းစည်းဂိုဏ်းကနေ သတင်းနည်းနည်းရထားတယ်။ မှန်မမှန်ဆိုတာတော့ ခင်ဗျားဘာသာဆုံးဖြတ်ပေါ့။ ဒီသတင်းကိုလိုချင်ရင် ဝိညာဥ်ကျောက်တုံးခုနစ်သိန်းပေးဖို့လိုတယ်"
"ဒီလိုအရောင်းအဝယ်မျိုး ငါပထမဆုံးလုပ်ဖူးတာပဲ" မန်ဟိုက မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။ "ငါ့မှာ အတွေ့အကြုံတစ်ခုမှ မရှိတဲ့အပြင် ဘယ်လိုအလဲအလှယ်လုပ်ရမလဲ မသိဘူး။ ပြီးတော့ သတင်းက ဘယ်လောက်ကောင်းကောင်း၊ စျေးမြင့်လွန်းတယ်။ အခုလောလောဆယ် ငါ့မှာ ဝိညာဥ်ကျောက်တုံးများများစားစား မရှိဘူး" သူက စာများကို လျစ်လျူရှုရင်း အခြားအလင်းစက်လုံးများကို ဆက်လက်လေ့လာလိုက်သည်။ အလင်းများစုသည် အသေးစိတ်အချက်အလက်များ ထပ်ထည့်ထားကြပြီး စျေးမြှင့်လိုက်သည်များလည်းရှိသလို၊ စျေးလျှော့ထားသည်များလည်းရှိကြောင်း သူတွေ့လိုက်ရသည်။ ရုတ်တရက် သူ၏စကြဝဠာအိတ်ထဲရှိ ကြေးမုံ ရုတ်တရက်ပူလာသည်။ တခဏကြာသော် မပူတော့ပေ။
မန်ဟို ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူက ကြေးမုံကို ဆွဲထုတ်ပြီး သေသေချာချာကြည့်သော်လည်း တမူထူးနေသည့်အရာ တစ်ခုမှမတွေ့ရပေ။ သူက အတွေးထဲနစ်မြောနေရင်း ၄င််းကို ပြန်ထည့်လိုက်သည်။ ထို့နောက် တောက်ပနေသော အလင်းစက်လုံးများအတွင်းမှ ရောင်းချမည့်ပစ္စည်းများကို ဆက်လက်ကြည့်ရှုလိုက်သည်။
မကြာမီ တောက်ပနေသော အလင်းစက်လုံးတစ်လုံးအပေါ် အကြည့်ရောက်သွားစဥ် သူ၏မျက်လုံးများ စတင်တောက်ပလာသည်။ အထဲရှိ ပစ္စည်းများစွာထဲကမှ တစ်ခုက သူ့ကိုဆွဲဆောင်လိုက်လေသည်။
"အချိန်ဖြစ်စဥ်......" တောက်ပနေသောအလင်းစက်လုံးအတွင်းရှိ ၄င်း၏နာမည်မှာ အတော်လေးမှေးမှိန်နေသဖြင့် သူ့ကို သိချင်စိတ်ပြင်းပြသွားစေ၏။ ၄င်းသည် အစထဲကရှိခဲ့ခြင်းမဟုတ်ဘဲ ယခုလေးတင်မှ ပေါ်လာဟန်တူသည်။ မန်ဟို၏စိတ်ဝိညာဥ်အာရုံသာ ယခုလောလောဆယ်၌ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ထက် မမြင့်မားပါက ၄င်းကို မြင်နိုင်လိမ့်မည်မဟုတ်ပေ။ ၄င်းမှာ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်၏ စိတ်ဝိညာဥ်အာရုံအတွက်သာ မြင်သာနိုင်သည့် လျှို့ဝှက်ဆန်းကြည်သောနည်းလမ်းတစ်မျိုးဖြင့် ဖုံးကွယ်ခံထားရပုံရသည်။
"အချိန်ဖြစ်စဥ်မှာ အတွဲသုံးတွဲရှိတယ်။ အတူတကွပေါင်းလိုက်တဲ့အခါ မှော်အချိန်ဓားတစ်လက် ပြုလုပ်ပေးနိုင်တဲ့ အချိန်မွမ်းမံခြင်းကို ဖော်ပြနိုင််တယ်။ အခုကျုပ်မှာရှိတာက အတွဲ ၁ ပဲ။ စိတ်ဝင်စားရင် ကျုပ်ကို ဆက်သွယ်ပါ"
မန်ဟို၏မျက်လုံးများ ကျဥ်းမြောင်းသွား၏။ သူ ဖော်ပြထားသောအချက်အလက်ကို ဆက်လက်လေ့လာနေသည်နှင့်အမျှ သူ၏မျက်လုံးများ ပိုမိုတောက်ပလာတော့သည်။ ယခုလောလောဆယ်တွင် ချီအခြေတည်ဆေးလုံးများနှင့်စပ်လျဥ်း၍ ကမ်းလှမ်းချက်အတော်များများရောက်နေလေသည်။ သူက ၄င်းတို့ကို လျစ်လျူရှုပြီး အချိန်ဖြစ်စဥ်၏ နိဒါန်းအပေါ် အပြည့်အဝအာရုံစူးစိုက်နေသည်။
". .....အဲ့ဒီနောက် အချိန် ဖြစ်ပေါ်လာတယ်။ ဘဝတွေဆိုတာ ဘာမှမဟုတ်ဘူး..... ဒီဓားရဲ့ မှော်က ရလဒ်အမျိုးမျိုးထုတ်ပေးနိုင်တယ်...... ဒီဓားသုံးလက်က အစွမ်းထက်မှော်ကို ပြုလုပ်ပေးနိုင်တယ်။ ကိုးလက်ဆို ပိုလို့တောင် ပြီးပြည့်စုံတဲ့မှော်ဖြစ်မယ်။ ဆယ့်ရှစ်လက်နဲ့ အချိန်ကို သုတ်သင်နိုင်တယ်
"ဆန်းကြယ်သစ်ပင်တွေကို အချိန်ဓား ထုလုပ်ဖို့ အသုံးပြုနိုင်တယ်။ သူတို့ရဲ့ရှေးကျမှုကြောင့် အဲ့လိုသစ်ပင်တွေမှာ အချိန်ရဲ့ကံကြမ္မာအပြောင်းအလဲတွေ ပါရှိတယ်။ အဲ့ဒီအပင်တွေကတော့ နွေဦးနှင့်ဆောင်းဦးသစ်ပင်၊ အလွမ်းလေသစ်ပင်နဲ့ အားလုံးထဲ အကောင်းဆုံး ဝိညာဥ်သစ်ပင်တို့ပဲ။ ဒီအပင်တစ်ပင်မှမရှိရင် လျှို့ဝှက်ဆန်းကြယ် အကြိမ်တစ်ထောင်သစ်ပင်ကိုလဲ အသုံးပြုနိုင်တယ်......" မန်ဟို၏မျက်လုံးများ ဖျတ်ခနဲလက်သွားသည်။ သူသည် သူ၏စိတ်ဝိညာဥ်အာရုံကို ပြန်နုတ်ယူပြီးဘအတွေးနက်နေသောမျက်ဝန်းများဖြင့် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။သူ့တွင် နွေဦးနှင့်ဆောင်းဦးသစ်ပင်တစ်ပင် တိုက်တိုက်ဆိုင်ဆိုင်ရှိနေပြီဖြစ်သောကြောင့် ဤအချိန်ဓားကို သူအလွန်စိတ်ဝင်စားလေသည်။
တခဏကြာသော် မန်ဟို တောက်ပနေသောအလင်းစက်လုံးထံ လက်မြှောက်လိုက်သည်။ ချက်ချင်းပင် အဖြူရောင်အလင်းစက်လုံးတစ်လုံး ထွက်လာပြီး သူ့လက်ကို လှည့်ပတ်လိုက်သည်။ သူက ၄င်းအပေါ် စာတစ်စောင် ခတ်နှိပ်ပြီးနောက် တောက်ပနေသောအလင်းစက်လုံးထံ ပို့လွှတ်လိုက်သည်။ ၄င်း ပျောက်ကွယ်သွား၏။
အဖြူရောင်စက်လုံး သူ့ထံ ပြန်ပျံသန်းလာရန် အချိန်သိပ်မကြာလိုက်ပေ။ သူ ၄င်းကို ထလိုက်သည်နှင့်တစ်ပြိုင်နက် စာကြောင်း တချို့ သူ့ခေါင်းထဲပေါ်လာသည်။
"ခင်ဗျား အချိန်ဖြစ်စဥ်ရဲ့ အချက်အလက်တွေကို မြင်နိုင်တယ်ဆိုတော့ လိုအပ်တဲ့ကျင့်ကြံခြင်းအခြေခံရှိတာ ထင်ရှားတယ်။ ဒါပေမယ့် ကျုပ်မှာ အတွဲတစ်တွဲပဲ ရှိတယ်။ အခြားနှစ်တွဲကို ရယူဖို့ဆိုရင် ကျုပ်တို့အတူတူအလုပ်လုပ်ဖို့လိုအပ်တယ်။ ဒီလိုလုပ်ချင်တဲ့လူ နောက်တစ်ယောက်လဲရှိတယ်။ ခင်ဗျားသာ ကျုပ်တို့နဲ့ ပူးပေါင်းချင်ရင် ကျုပ်တို့အခွင့်အရေးပိုများလိမ့်မယ်
"ခင်ဗျား ဒီနယ်မြေက ချင်းလော်ဂိုဏ်းရဲ့လှုပ်ရှားမှုမှာ ပါဝင်ဖို့စဥ်းစားထားရင် ခင်ဗျားရဲ့ဂိုဏ်းအပါအဝင် ဘယ်သူ့ကိုမှ ကျုပ်တို့သတင်းအချက်အလက်တွေ မပြောဘူးလို့ တာအိုကျမ်းကျိန်ရမယ်။ ခင်ဗျားရဲ့ တာအိုကျမ်းသစ္စာကို ကျောက်စိမ်းပြားတစ်ပြားအပေါ် ရေးသားပြီး ကျုပ်ဆီပြန်ပို့ပေး။ ဒါဆို ခင်ဗျားဝေစုလဲ သတ်မှတ်ပြီးသွားပြီ"
မန်ဟိုက တခဏတွေးလိုက်ပြီး နောက်ဆုံး သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် တောက်ပလာတော့သည်။ သူက ကျောက်စိမ်းပြားတစ်ပြားကို မြှောက်ပြီး မျက်ခုံးနှစ်ဖက်အကြား ထားလိုက်သည်။ တခဏကြာသော် သူက ၄င်းကို အဖြူရောင်အလင်းထဲ ပို့လွှတ်လိုက်ရာ ကျောက်စိမ်းပြားသည် အလင်းနှင့်အတူ ပျောက်ကွယ်သွား၏။
အချိန်တချို့ကုန်လွန်သွားပြီး တောက်ပနေသော အဖြူရောင်အလင်းများစွာ ပေါ်လာသဖြင့် မန်ဟိုသည် တလက်လက်တောက်နေသောမျက်လုံးများဖြင့် စောင့်ကြည့်လိုက်သည်။ စိတ်ဝိညာဥ်အာရုံဖြင့် ၄င်းတို့ကို စစ်ဆေးကြည့်ရှုပြီးနောက် သူစောင့်နေခဲ့သောစာကို တွေ့လိုက်ရ၏။
"ပြီးခဲ့တဲ့တစ်နှစ်က ချင်းလော်ဂိုဏ်း လျှို့ဝှက်မြေပုံတစ်ခုရှာတွေ့ခဲ့တယ်။ မြေပုံက မြင့်မြတ်သောရှေးဟောင်းနယ်မြေတစ်ခုရဲ့ လျှို့ဝှက်လမ်းတစ်လမ်းကို ဖော်ပြထားတယ်။ မနှစ်က ချင်းလော်ဂိုဏ်း အဲဒီနေရာကို အကြိမ်များစွာ ဝင်ရောက်ခဲ့ပေမယ့် ချောင်ကမ်းပါးရဲ့အပြင်ဘက်မှပဲ ရပ်နေခဲ့ရတယ်။ ဒီချောက်ကမ်းပါးကို ချီအခြေတည်အဆင့်ကျင့်ကြံသူတွေပဲ ဝင်ရောက်နိုင်တယ်
"ဝင်ရောက်တဲ့သူတွေက ချင်းလော်ဂိုဏ်းရဲ့တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးရမယ်။ သူတို့ အထဲက ပစ္စည်းများများ ယူလာနိုင်လေလေ၊ မြေဆေးလုံးများများပေးလေလေပဲ။ ကျုပ်တို့ဆုံရပ်က နေနဲ့လရဲ့အရိပ်တွေ တစ်ထပ်တည်းကျတဲ့ ဒီရှေးဟောင်းမြေရိုင်းအထဲပဲ။
"ဒီနေ့ကစပြီး ဆယ်ရက်လောက်ရှိမယ်။ ခင်ဗျား ချင်းလော်ဂိုဏ်းဆီ မြန်မြန်သွားပြီး သူတို့စုရုံးနေတဲ့ သင်းကွဲချီအခြေတည်အဆင့်ကျင့်ကြံသူအဖွဲ့နဲ့ ပူးပေါင်းရမယ်"
မန်ဟိုမျက်မှောင်ကြုတ်သွား၏။ အဖြူရောင်အလင်း ပျောက်ကွယ်သွားစဥ် သူ၏မျက်လုံးများအထဲ၌ အတွေးနက်နေသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"မင်ချင်းပြည်မှာ သတင်းတွေက မှိုလိုပေါက်နေတာဆိုတော့ ဘယ်သတင်းက မှန်လဲမှားလဲဆုံးဖြတ်ဖို့ခက််တယ်။ ဒါပေမယ့် အများစုက ရှေးဟောင်းစစ်မြေပြင် ဒါမှမဟုတ် မြင့်မြတ်သောနယ်မြေတစ်ခုခု ပါဝင်ပတ်သက်နေပုံပဲ
"ကြည့်ရတာ လူတော် တော်တော်များများ စုံစမ်းခဲ့ကြပြီး ဒီလိုခပ်ဆင်ဆင် သုံးသပ်မိကြတာဖြစ်မယ်။ မင်ချင်းပြည်က ချင်းလော်ဂိုဏ်းအပိုင်ဆိုတော့ ပြည်နယ်ထဲက ပရမ်းပတာအခြေအနေတွေက ဂိုဏ်းနဲ့တိုက်ရိုက် မပတ်သက်လို့ပြောရမှာ ရယ်စရာကောင်းတယ်
"ဒါပေမယ့် မြေဆေးလုံးက သေချာပေါက် ငါ့အတွက်အသုံးဝင်မှာပဲ....." မန်ဟိုသည် ဤလျှို့ဝှက်တွေ့ဆုံပွဲမှ ချင်းလော်ဂိုဏ်းကိစ္စများစွာ သိခဲ့ရလေသည်။ သို့သော် သူများများသိရလေလေ၊ ပို၍သံသယဝင်လာလေလေသာဖြစ်သည်။
"ငါသွားရမယ်" သူက တွေးပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ သူ၏စိတ်ဝိညာဥ်အာရုံသည် ကျန်အလင်းစက်လုံးများအပေါ် သာမန်ကာလျှံကာဖြတ်ပြေးသွားသည်။ ၄င်းကို ပြန်ခေါ်ရန် ပြင်လိုက်ချိန်မှာပင် ရုတ်တရက် စိတ်အားတက်ကြွသွား၏။ သူက အချိန်ဖြစ်စဥ်အကြောင်း သတင်းအချက်အလက်ပါရှိသည့် တူညီသောအလင်းစက်လုံးကို မမှိတ်မသုန်စူးစိုက်ကြည့်လိုက်သည်။ ပစ္စည်းအသစ်တစ်မျိုးကို ယခုလေးတင် အထဲ၌ စာရင်းထည့်ထားလေသည်။
ထိုပစ္စည်း၏နာမည်ကား "ရုပ်ပျိုဆေးလုံး"
ရုပ်ပျိုဆေးလုံး။ ၄င်းသည် သာမန်ဆေးလုံးတစ်လုံးဖြစ်ပြီး စျေးသိပ်မကြီးပေ။ ဆေးလုံးအမျိုးမျိုးအကြားထဲ ဤဆေးလုံးက ဘယ်သူမှ စိတ်မဝင်စားသောအရာပင်။
သို့သော် မန်ဟို့အတွက် ဤဆေးလုံးတွင် လွန်ခဲ့သော ခြောက်နှစ်၊ ခုနစ်နှစ်က အမှတ်တရများပါဝင်သည်။ လမင်း၏ငွေသော်တာရောင်ခြည်တို့အောက်က လှပသောမြင်ကွင်းလေးတစ်ခု၏ အမှတ်တရများ။
"ဒီလိုနေရာမှာ ရုပ်ပျိုဆေးလုံးတစ်လုံး တွေ့ရလိမ့်လို့ ထင်တောင်မထားဘူး" မန်ဟိုက သက်ပြင်းချရင်း ပြောလိုက်သည်။ ဆေးလုံးအတွက် အဖိုးအခပေးချေပြီးနောက် မကြာခင် တောက်ပနေသောအဖြူရောင်အလင်းက ၄င်းကို သူ့ဆီသယ်လာပေး၏။ ဆေးလုံး သူ့လက်ထဲရောက်လာပြီး သူကြည့်လိုက်သောအခါ သူ့တစ်ကိုယ်လုံး တအံ့တသြတုန်ရီသွားလေသည်။
***