ချင်းလော်ဂိုဏ်း
Vol. 11 Ch. 142
မန်ဟို မြူငွေ့များအထဲ တဆတ်ဆတ်တုန်ရီနေစဥ် သူ၏မျက်လုံးများသည် စူးရှတောက်ပလာ၏။ သူ၏အသက်ရှူသံများပင် မြန်ဆန်လာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ လျင်မြန်စွာလည်ပတ်လာသဖြင့် မြူငွေ့များပင် တလိပ်လိပ်ထလာချေသည်။
သို့သော် မန်ဟိုကတော့ ထိုအခြင်းအရာတစ်ခုကိုမှ သတိမထားမိပေ။
တောင်သည် မှော်ပညာဖြင့်မဟုတ်ဘဲ လူတစ်ယောက်၏လက်ဖြင့် သိသိသာသာ ရေးဆွဲပုံဖော်ခြင်းခံထားရသည်။ ဤဆေးလုံးမှာ နာမည်ကြီးဆေးလုံးအမျိုးအစားမဟုတ်၊ သာမန်ဖြစ်သည်။ ပန်းချီမှာ လွမ်းဆွေးတမ်းတဖွယ်ပင်.......
ရေးဆွဲထားသော တောင်သည် မှီခိုရာဂိုဏ်းအပြင်က ဘယ်သူမှသိမည်မဟုတ်သည့်အရာ ဖြစ်သည်။ ၄င်းကား မှီခိုရာဂိုဏ်း၏ အရှေ့ဘက်တောင်တန်းပင်။
ထိုတောင်၏ပုံသဏ္ဍာန်မှာ မန်ဟို၏စိတ်ထဲတွင် စွဲထင်ကျန်နေခဲ့၍ သူ၄င်းကို ချက်ချင်း မှတ်မိလိုက်သည်။
မည်သူက မင်ချင်းပြည်နယ်တွင် ပေါ်လာသော ဤရုပ်ပျိုဆေးလုံးအပေါ်၌ တောင်တစ်လုံး၏ပုံရိပ်ကို ထားရှိခဲ့လောက်မည်နည်း....... ထင်ရှားပြတ်သားသောပုံရိပ်တစ်ခုက မန်ဟိုစိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
၄င်းသည် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည့် လှပပြီး အေးစက်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမက မန်ဟို့ကို ကျင့်ကြံခြင်းကမ္ဘာသို့ ခေါ်လာခဲ့လေသည်။ လမင်း၏အောက်တွင် သူမက သူ့ကို လှည့်ကြည့်ခဲ့၏..........ရှုချင်။
အစ်မရှု။
ဤရုပ်ပျိုဆေးလုံးက သူ အစ်မရှူကို လက်ဆောင်အဖြစ်ပေးခဲ့သော ဆေးလုံးဖြစ်ကြောင်း သက်သေအခိုင်အမာမပြနိုင်သော်လည်း သူအလိုလိုသိနေ၏။
သူက ၄င်းကိုကိုင်၍ ဖြေးဖြေးချင်း လက်သီးဆုပ်လိုက်သည်။ သူသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ ဝါးခမောက်၏အောက်က သူ၏မျက်နှာအပေါ်တွင် မုန်တိုင်းတစ်လုံး အစပျိုးလာလေပြီ။
"သူ ဒီဆေးလုံးကို ဘယ်တော့မှ မသုံးဘဲ ချင်းလော်ဂိုဏ်းကိုတောင် ယူသွားခဲ့ရင်..... ဘာလို့ အခု ဒီရောက်နေတာလဲ။ ချင်းလော်ဂိုဏ်းမှာ သူဘာဖြစ်ခဲ့တာလဲ။ ဒါက အရှေ့ဘက်တောင်တန်းရဲ့ ပန်းချီ။ သူ.....မှီခိုရာဂိုဏ်းကို လွမ်းနေတာလား။ဒါမှမဟုတ်...လူတစ်ယောက်ကို လွမ်းနေတာလား.....
"အရှေ့ဘက်တောင်တန်းရဲ့ပန်းချီက ဘာအဓိပ္ပာယ်လဲ။ ဒီဆေးလုံးကို တခြားသူတစ်ယောက်ဆီ ပေးခဲ့တာလား။ ဒါမှမဟုတ် ရောင်းလိုက်တာလား။ ငါအခု ဆက်ဆံခဲ့တဲ့သူကတော့ သူမဟုတ်နိုင်ဘူး"
သူက လက်သီးဆုပ်ဖြေ၍ ဆေးလုံးဘေးရှိ ပန်းချီကို ကြည့်ပြန်သည်။ သူနှလုံးသားမှာ ရုတ်တရက် အစ်မရှုကို တွေ့လိုစိတ်များဖြင့်ပြည့်နှက်လာတော့သည်။ အတွင်းထဲတွင်တော့ သူ့မေးခွန်းအတွက် အဖြေများ ရှိနှင့်နေလေပြီ။
"အစ်မရှု......" အကြည့်စူးစူးတစ်ချက် သူ့မျက်လုံးများအထဲ လက်သွားပြီး သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူမ ရောင်းလည်းမရောင်း၊ ပေးလည်းမပေးပစ်ခဲ့လျှင် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ........
သူ၏နှလုံးသား တဆစ်ဆစ်နာကျင်လာပြီး သူအမြင်အာရုံ ဝေဝါးသွား၏။ သူ့စိတ်ထဲတွင် လွန်ခဲ့သောနှစ်များစွာက အစ်မရှု၏ပုံရိပ်သာရှိသည်။ နှစ်များစွာကြာခဲ့လေပြီ။ သူက ရုပ်ပျိုဆေးလုံးကို စကြဝဠာအိတ်ထဲ ဖြေးညင်းစွာ ထည့်လိုက်သည်။
"ချင်းလော်ဂိုဏ်း....ပြီးတော့ အချိန်ဖြစ်စဥ်လဲရှိသေးတယ်...." မန်ဟိုက တဖြေးဖြေးခေါင်းမော့ပြီး သူ့အရှေ့ရှိ တောက်ပနေသောအလင်းစက်လုံးများကို ကြည့်လိုက်သည်။ ဤနေရာမှာ သူတိုက်ခိုက်နိုင်သည့်နေရာမဟုတ်ပေ။ သူစိတ်လိုက်မာန်ပါလုပ်လိုက်မိလျှင် မည်သည်တို့ဖြစ်ပျက်လိမ့်မည်လဲ ပြောရခက်သည်။ သူသည် မြက်ကိုပုတ်ပြီး မြွေလှန့်သကဲ့သို့ ရန်သူ သတိရှိသွားအောင် မလုပ်ချင်ပေ။
သူက အတန်ကြာထပ်စဥ်းစားပြီးနောက် သူ၏မျက်လုံးများသည် ပြတ်သားသောစိတ်ဆန္ဒဖြင့် ပြည့်နှက်သွား၏။ သူကား ယခု စိတ်ပိုင်းဖြတ်ပြီးသွားလေပြီ။ ချင်းလော်ဂိုဏ်းကို သူသေချာပေါက်သွားမည်။
မန်ဟိုသည် လျှို့ဝှက်တွေ့ဆုံပွဲဝင် ဆက်နေလိုစိတ်မရှိတော့ပေ။ သူ့မှာ လွန်ခဲ့သောနှစ်များစွာ အစ်မရှု၏ပုံရိပ်လေးကိုသာ တွေးနေမိသည်။ တွေ့ဆုံပွဲပြီးဆုံးသောအခါ သူက သက်ပြင်းဖွဖွချလိုက်သည်။ သူ့ပတ်လည်ရှိမြူများ လွင့်စင်ပျောက်ကွယ်သွား၏။ အဘိုးအိုချင်ရှင်းက အဖွဲ့ကို ခေါင်းညိတ်တစ်ချက် ညိတ်ပြပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူက လှည့်၍ထွက်ခွာသွားသည်။ အဆောင်ထဲကျန်သူမှာလည်း စကားပြောမနေကြပေ။ တစ်ယောက်ပြီးတစ်ယောက် ကြံရာနေရာများသို့ နေရာရွှေ့ပြောင်းခံရရင်း ပျောက်ကွယ်သွားကြသည်။ ဤနည်းလမ်းများက လျှို့ဝှက်ကုန်သွယ်မဟာမိတ်အဖွဲ့ကို ပို၍နာမည်ကြီးနေစေခြင်းပင်။
မန်ဟိုပြန်ပေါ်လာသောအခါ မြို့ထဲရှိ စံအိမ်တစ်လုံး၏အပြင်တွင် ဖြစ်သည်။
ဤနေရာသည် လုတောက်နောက် သူလိုက်သွားခဲ့သည့်နေရာမှ အတော်လေးဝေးကွာလေသည်။ သူရောက်ရှိခဲ့သောနန်းတော်သည် မြို့ထဲတွင် မရှိကြောင်း မန်ဟို စစ်ဆေးသိရှိခဲ့ပြီးဖြစ်သည်။ လုတောက်နောက် လိုက်သွားခဲ့သော နေရာမှာ ဝင်ပေါက်တစ်ပေါက်သာဖြစ်၏။
သူသည် ကောင်းကင်ကို မော့ကြည့်ရင်း လရောင်ဆမ်းသော လမ်းမထက်တွင် လမ်းလျှောက်နေ၏။ သူ၏ရှည်လျားသော အဖော်မဲ့အရိပ်မှာ မြေပြင်ပေါ်သို့ အေးစက်စွာကျရောက်နေသည်။
ကောင်းကင်ထက်က လသည် အတူတူဖြစ်သော်လည်း နေရာကတော့ မတူပေ။ နှစ်များ ကုန်လွန်သွားခဲ့သည်မှာ မနေ့တနေ့က အတိုင်းပင်။ အတိတ်ကိုပြန်တွေးလျှင် သူ့တွင် အိမ်ဟုခေါ်စရာ မရှိတော့ဟန်တူသည်။
သူက သက်ပြင်းချပြီး ရှေ့ဆက်လျှောက်သွားသည်။
သူသည် အရှေ့အရပ်မှ နေမင်းထွက်လာသည်အထိ ဆက်လျှောက်သွားပြီး ဤကျင့်ကြံသူများမ်ြို့တော်မှ ထွက်ခွာသွားသည့်တိုင်အောင် ဆက်လျှောက်နေသည်။ နောက်ဆုံး၌ သူ၏ခန္ဓာကိုယ်သည် မင်ချင်းပြည်၏ကောင်းကင်တွင် တဟုန်ထိုးထွက်သွားသော ရောင်စုံအလင်းတန်းတစ်တန်းအဖြစ် ပြောင်းသွားတော့သည်။ သူဦးတည်နေရာကား ချင်းလော်ဂိုဏ်းပင်။
ခုနစ်ရက်ကြာသော်
ချင်းလော်ဂိုဏ်းသည် တောင်တစ်သိန်း၏အလယ်၊မင်ချင်းပြည်အရှေ့ဘက်တွင် တည်ရှိသည်။ ၄င်း၏ပင်မဂိတ်တံခါးကြီးသည် ကြီးကျယ်ခမ်းနားလျက်ရှိသည်။ ၄င်း၏ ခန့်ညားထည်ဝါမှုက မော့ကြည့်လိုက်သော မည်သည့် ကျင့်ကြံသူမဆို၏ နှလုံးသားထဲထိ ရိုက်ခတ်သွားမည်သာ။
၄င်းကို ခြံရံလျက်ရှိသည့် တောင်တစ်သိန်းသည် ၄င်းတို့အလယ်ရှိ တောင် (၉၉)လုံးအတွက် ကျားကန်အဖြစ် ဆောက်ရွက်ပေးထားသည်။ ဤတောင် (၉၉)လုံး၏အပေါ်တွင် ဧရာမတောင်ကြီးတစ်လုံးမျောနေရာ ကုန်းမြေထုကြီးတစ်ခုကဲ့သို့ဖြစ်နေလေသည်။ ၄င်း၏အောက်မျက်နှာပြင်တွင် မိုးမခင်ပင်များ တွဲလောင်းကျနေသည်။ တချို့က မီတာဒါဇင်အနည်းငယ်သာရှိပြီး တချို့က ရာချီရှည်လေသည်။ ဤကုန်းမြေထုကြီးပတ်ပတ်လည်တွင် တိမ်တိုက်များ အလိပ်လိပ်ရစ်သိုင်းနေရာ စစ်မှန်သောသုခဘုံရောက်သွားသည့်အလား ခံစားရစေသည်။
အဖိုးထိုက်တန်စွာ တန်ဆာဆင်ထားသော အဆောက်အဦးများ၊ ပြာဿဒ်များနှင့် ဘုရားကျောင်းများက ၄င်းကို ဖုံးလွှမ်းနေ၏။ ၄င်းအောက်ရှိ တောင် (၉၉) လုံးသည် ရောင်စုံတံတားခုံးများဖြင့် ဆက်စပ်လျက်ရှိသည်။ ၄င်းမှာ အံ့ဖွယ်မရှိအောင် လှပနေတော့သည်။
မျောနေသောတောင်ကြီး၏အောက်ခြေပေါ်က မညီညာသောကျောက်တုံးများမှ ရေများ တစက်စက်ကျနေရာ ဤဂိုဏ်းအား ဖော်ပြ၍ပင်မရလောက်အောင် လှပနေစေသည်။ ခပ်သဲ့သဲ့ခေါင်းလောင်းသံများလည်း တည်ငြိမ်အေးချမ်းသောအငွေ့အသက်တစ်ခုကို ဖန်တီးရင်း လွင့်ပျံ့နေချေသည်။
မျောနေသော တောင်ကြီး၏အမြင့်ဆုံးတောင်ထိပ်သည် ကောင်းကင်ဘုံအထိ ထိုးထွက်နေပုံပင်ရသည်။ ထိုနေရာတွင် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် တည်တံ့လာခဲ့သော ဧရာမအမွှေးအိုးကြီးတစ်တိုင်ရှိသည်။ အမွှေးအိုးကြီးအတွင်းတွင် လောင်ကျွမ်းနေသော အမွှေးတိုင်ကြီးသုံးတိုင် မားမားမတ်မတ်ရပ်တာ်လျက်ရှိသည်။ ၄င်းတို့မှာ မီးမငြိမ်းနိုင်ပြီး ၄င်းတို့၏အမွှေးရနံ့များကား ထာဝရတည်တံ့နေမည့်အလားးပင်။ အငွေ့များက ကောင်းကင်ထံ တလူလူတက်နေပြီး နောက်ဆုံးတွင် မိုးမခပင်အကိုင်းအခက်များကဲ့သို့ အမျှင်တန်းများအသွင်ပြောင်းကာ လွင့်ပျယ်သွား၏။
ဤသည်ကား ချင်းလော်ဂိုဏ်း၏နယ်မြေများပင်။
အမှန်တကယ်ဆိုရလျှင် ချင်းလော်ဂိုဏ်းအလိုရှိပါက ပတ်ပတ်လည်ရှိ တောင်တစ်သိန်းကို ဂိုဏ်း၏ အစိတ်အပိုင်းအဖြစ် သိမ်းပိုက်နိုင်လေသည်။ ၄င်းက တောင်ပိုင်းဒေသ ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်သည် မဟုတ်ပါလော။ ၄င်း၏တာအိုရင်းမြစ်များသည် လျှို့ဝှက်ဆန်းကြယ်ပြီး ၄င်း၏ဂိုဏ်းကျင့်စဥ်များကား နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိလေပြီ။
ဤနေရာရှိ စိတ်ဝိညာဥ်စွမ်းအင်များသည် အလွန်ထူထပ်၏။ တကယ်တမ်း ဝန်းရံလျက်ရှိသော တောင်တစ်သိန်းရှိ စိတ်ဝိညာဥ်စွမ်းအင်သည် ကျိုးပြည်အတွင်းရှိ မည်သည့်စိတ်ဝိညာဥ်တောင်မဆိုထက် အတိုင်းအဆများစွာ ထူထပ်ပေါ်များသည်။ ဤနေရာက တောင်တစ်လုံးချင်းစီ၌ မန်ဟို ချီအခြေတည်အဆင့်ရောက်ရှိခဲ့သော တောင်ကြားထက် ပို၍ထူထပ်သော စိတ်ဝိညာဥ်စွမ်းအင်များရှိလေသည်။
အထူးသဖြင့် တောင်တစ်ထောင်အတွင်းတွင်ဆိုလျှင် ပိုမှန်သည်။ ထိုနေရာရှိ စိတ်ဝိညာဥ်စွမ်းအင်မှာ အလွန်ထူထပ်ပေါများလှသဖြင့် ပတ်ဝန်းကျင်တွင် နေထိုင်သော သေမျိုးလူသားများပင်လျှင် အသက်ရှည်ကြလေသည်။ မွေးဖွားသည့်အချိန်ကစ၍ သူတို့သည် စိတ်ဝိညာဥ်စွမ်းအင်များကို ရှူရှိုက်ကြပြီး သက်တမ်းတိုးစေရန် ကျင့်ကြံအားထုတ်စရာမလိုပေ။
တောင်တစ်ရာတွင်တော့ ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသေးသည်။
လူငယ်တစ်ယောက်သည် တောင်တစ်ရာ၏အပြင်ဘက်တွင် ရပ်နေ၏။ သူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာတွင် မောက်မာထောင်လွှားသောအသွင်ဖြင့် ပြည့်နှက်လျက်ရှိသည်။ " ချင်းလော်ဂိုဏ်းရဲ့ တောင်တစ်ရာ" သူက တည်ငြိမ်စွာဆိုသည်။ " အတွင်းစည်းဂိုဏ်းရဲ အဖွဲ့ဝင်တွေပဲ ကျင့်ကြံအားထုတ်ဖို့ အရည်အချင်းပြည့်မှီတဲ့ နေရာ။ တကယ်တမ်း တောင်တစ်ထောင်က ကမ္ဘာပေါ်က ဘယ်စိတ်ဝိညာဥ်တောင်မဆိုထက် အဆင့်အတန်းအများကြီးပိုမြင့်တယ်"
သူဘေးပတ်လည်တွင် ချင်းလော်ဂိုဏ်းကိုမော့ကြည့်နေသော ကျင့်ကြံသူငါးဦးရှိသည်။ တစ်ယောက််ချင်းစီ၏ အဝတ်အစားများမှာ ကွဲပြားနေ၍ မတူညီသောနယ်ပယ်အသီးသီးမှ လာရောက်ကြကြောင်း သိသာလေသည်။ သူတို့အလယ်ရှိတစ်ယောက်က စာပေသမားဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏အရေပြားမှာ အတန်ငယ်ညိုတိုတိုရှိသော်လည်း သူ့တွင် ပညာရှင်ဆန်ပြီး သန့်စင်မွန်မြတ်သော အမူအရာရှိလေသည်။ သူသည်ကား မန်ဟိုက လွှဲ၍တခြားသူမဟုတ်ပေ။
"တောင်တစ်သောင်းက ဧည့်သည်တွေအတွက်ပဲ။ ဒါပေမယ့် တာအိုရောင်ရင်းတို့ ကျုပ်အကြံပေးချင်တယ်။ ခင်ဗျားတို့ကို နေရာချပေးတဲ့တစ်ခုကလွှဲပြီး တောင်တွေထဲ ပေါ့ပေါ့တန်တန် လျှောက်မသွားပါနဲ့" လူငယ်က သူတို့ငါးယောက်ကို ကြည့်၍ပြုံးပြသည်။ "ဒီတစ်ခွင်မှာ ချိတ်ပိတ်ထားတဲ့ သားရဲရိုင်းကြီးတွေ ရှိတယ်။ ဒါ့အပြင် တချို့တောင်တွေက အထူးအသုံးပြုဖို့အတွက်ဖြစ်ပြီးတော့ အတွင်းစည်းဂိုဏ်းကနေ စောင့်ကြပ်ထားကြတယ်။ ခင်ဗျားတို့ အဲ့ဒီတစ်နေရာရာထဲ ဝင်မိသွားရင် အသက်ရှင်ရက်ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး"
လူငယ်က သူတို့တစ်ယောက်ချင်းစီကို ကြည့်ပြီး ပြုံးသည်။
"တာအိုရောင်ရင်းတို့အားလုံးက ချင်းလော်ဂိုဏ်းရဲ့ဖိတ်ကြားချက်ကို တုံ့ပြန်ခဲ့ကြတယ်။ အခု ဒီကိုရောက်လာပြီဆိုတော့ ခင်ဗျားတို့က ဂိုဏ်းရဲ့ဧည့်သည်ပဲ။ ခင်ဗျား တောင်တစ်သောင်းထဲမှာ တစ်တောင်ကို တစ်ယောက်နေရမယ်။ ခင်ဗျားတို့ ကျင့်ကြံအားထုတ်ဖို့လိုတာမှန်သမျှ အဆင်သင့်ပြေပေးထားပါတယ်။ သက်ဆိုင်ရာတောင်ကို ဝင်ရောက်တာနဲ့ ချင်းလော်ဂိုဏ်းရဲ့ဂိုဏ်းသားတစ်ယောက် ခင်ဗျားတို့ကို မြေဆေးလုံးတစ်လုံး လာပို့ပါလိမ့်မယ်
"ဒီဆေးလုံးက နှုတ်ဆက်လက်ဆောင်တစ်ခုပေါ့ဗျာ။ ဒါပေမယ့် ကျုပ် ကျန်း သတိပေးချင်တယ်။ တောင်ထဲဝင်ရောက်ပြီး ဆေးလုံးယူပြီးတာနဲ့ သဘောတူညီချက်အဖြစ် လက်ဗွေရာနှိပ်ပေးပါ။ ခင်ဗျားတို့ တကယ်လို့ကတိ ဖျက်ရင်၊ တိတ််တဆိတ်ထွက်သွားရင် ချင်းလော်ဂိုဏ်းရဲ့အပြစ်ပေးခြင်းခံရမယ်" သူက အပြုံးတစ်ခုဖြင့် လက်ယှက်ပြီး ဦးညွှတ်လိုက်သည်။
အနီးနား၌ ချင်းလော်ဂိုဏ်းသားငါးယောက်က သူတို့ကိုကြိုဆိုရန် စောင့်နေကြသည်။
"မျှတပုံပဲ" ကျင့်ကြံသူငါးယောက်ထဲက ခဲရောင်ဝတ်ရုံနှင့်အဘိုးအိုက ပြောသည်။ အခြားသူများလည်း သဘောတူလိုက်ကြသည်။ မန်ဟိုက အဆုံးမဲ့တောင်တန်းများကို ငေးကြည့်နေရင်း ဘာမှမပြောပေ။
"သိပ်ကောင်းတယ်။ တာအိုရောင်ရင်းတို့၊ ကျုပ်တို့ မစခင် သိပ်စောင့်စရာမလိုပါဘူး။ တော်တော်များများလဲ ရောက်နေကြပြီ" လူငယ်က ပြုံးပြီး ထပ်မံဦးညွှတ်ပြန်သည်။
မန်ဟိိုတို့ငါးယောက်အဖွဲ့ထဲတွင် မျက်နှာဝါကြင့်ကြင့်နှင့် သက်လတ်ပိုင်းလူတစ်ယောက်ရှိသည်။ "ချီအခြေတည်အဆင့်ကျင့်ကြံသူရောင်ရင်း ဘယ်နှစ်ယောက်ရောက်နေပြီလဲ" သူက ရုတ်တရက် မေး၏။
"လူကြီးမင်းတို့ကို ထည့်မတွက်ရင် ၉၇ ယောက်ရှိပါပြီ" ကျန်းမျိုးရိုးနှင့်လူငယ်က ခေါင်းညိတ်ပြီးနောက် လှည့်ကာ အဝေးသို့ထွက်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားတော့သည်။
"တာအိုရောင်ရင်းတို့ ကျေးဇူးပြုပြီး ကျုပ်တို့နောက်လိုက်ခဲ့ပါ။ သက်ဆိုင်ရာတောင်တွေဆီ ခေါ်သွားပေးပါ့မယ်" အပြင်စည်းဂိုဏ်းမှဖြစ်ကြောင်း သိသာသည့် ဂိုဏ်းသားလူငယ်ငါးယောက်အဖွဲ့က လက်ယှက်ပြီး လေးလေးစားစား အရိုအသေပေးကာ ရှေ့မှဦးဆောင်သွား၏။
မန်ဟိုကို ဦးဆောင်နေသူမှာ ၂၆၊ ၂၇နှစ်ခန့်ရှိ မိန်းမငယ်လေးတစ်ယောက်ဖြစ်သည်။ သူမ၏ကျင့်ကြံခြင်းအခြေခံမှာ စဦးချီဖွဲ့စည်းမှုအဆင့်တွင် ဖြစ်သည်။ သူမသည် လှပကြော့ရှင်းပြီး ထက်မြက်သောအငွေ့အသက်ရှိ၏။
"ဆရာ၊ ကျွန်မနောက်လိုက်ခဲ့ပါ" သူမက နူးညံံ့ညင်သာစွာ ဆိုသည်။ မန်ဟိုသည် အတန်ငယ်အသားမည်းပါသော်လည်း တည်ကြည်ခန့်ညားလေသည်။ သူ့တွင် ကျင့်ကြံသူများအကြားထဲ အတွေ့မများသော စာပေသမားတစ်ယောက်၏အငွေ့အသက်ရှိသည်။ ဤသည်က မိန်းမငယ်လေးကို သူ့အား ခိုးခိုးကြည့်မိနေစေလေသည်။
အထူးသဖြင့် မိစ္ဆာစွမ်းအားအနည်းငယ် လင်းလက်နေပုံရသော သူ၏ကြည်လင်သောမျက်လုံးများမှာ ဆွဲဆောင်မှုရှိသည်။ သူမကဲ့သို့ စိတ်တိမ်းညွတ်လွယ်သောမိန်းမငယ်လေးတစ်ယောက်အတွက် မန်ဟို၏ကြည့်ခြင်းခံရနေသည်က ရှက်သွေးဖြာသွားစေလေသည်။
"ဆရာ......" သူမက ခေါင်းလေးကို ငုံ့ရင်းပြောသည်။
"ရှေ့ကသွားပါ" မန်ဟိုက ပြုံးရင်း ပြောသည်။ သူမကိုမြင်ရသည်က သူ့ကို မှီခိုရာဂိုဏ်းနှင့် ရှုချင်ကို သတိရသွားစေသည်။ သူက ချင်းလော်ဂိုဏ်း၏အဆုံးမဲ့တောင်တန်းများကို ကြည့်ပြီး ခေါင်းမာမှုတို့က သူ၏မျက်လုံးများအထဲ လင်းလက်နေချေသည်။
မိန်းမပျိုလေးက သူ့ကို မြင့်မားသောမြစိမ်းရောင်တောင်တစ်လုံးထံ ဦးဆောင်ခေါ်သွားသည်။ ၄င်း၏ တောင်ထိပ်တွင် နေအိမ်တစ်လုံးနှင့် ခြံဝင်းတစ်ဝင်းရှိသည်။ ကြိမ်နွယ်များက အရာအားလုံးကို ရစ်ပတ်လျက်ရှိပြီး ထုံးကျောက်ခင်းလမ်းတစ်လမ်းသည် တောင်ကိိုပတ်ထား၏။ လေညင်းတို့တိုက်ခတ်နေရာ စိတ်ဝိညာဉ်စွမ်းအားများအား တလိပ်လိပ်ထ နေစေလေသည်။ မြင်ကွင်းတစ်ခုလုံးက မည်သူ့ကိုမဆို စိတ်အားတက်ကြွသွားစေမည်သာ ဖြစ်သည်။
ခြံကိုရောက်သည်နှင့် မန်ဟိုက လျှို့ဝှက်တွေ့ဆုံပွဲတုံးက လူထွားကြီးရှုဆီမှ ရခဲ့သော သိုလှောင်အိတ်ထဲမှ ပုလဲကလစ်တစ်ခုကို ထုတ်လိုက်သည်။ သူက ၄င်းကို မိန်းကလေးထံ ပေးပြီး ပြန်လွှတ်လိုက်၏။ သူမမှာ မျက်နှာလေးနီမြန်းလျက် မန်ဟို့ကို ခဏခဏ ပြန်ပြန်လှည့်ကြည့်ရင်း ထွက်သွားသည်။ သူမနှလုံးသားကား အတော်လေးဒုန်းဆိုင်းခုန်နေချေသည်။
မကြာမီ မိုးကောင်းကင်သည် မည်းမှောင်လာ၏။ ညအချိန်သိို့ကျရောက်လာသဖြင့် အရာအားလုံး တိတ်ဆိတ်နေချေသည်။ အပြင်ဘက်တွင် ဟိုဟိုသည်သည်သွားလာနေသော အင်းဆက်များ၏ ကျီကျီကြာကြာအသံများကိုသာ ကြားနေရ၏။ မန်ဟိုက အဆောက်အဦး၏ဒုတိယအထပ်တွင် တင်ပျဥ်ခွေပြီး တရားထိုင်နေသည်။ ရုတ်တရက် သူ၏မျက်လုံးများ ပွင့်သွား၏။
ဤအခိုက်အတန့်တွင် တိတ်ဆိတ်မှုမှာ သွေးပျက်ချောက်ချားဖွယ် အသံတစ်သံ၏ဖြိုခွဲခြင်းခံလိုက်ရသည်။ ၄င်းမှာ လူတစ်ယောက် သေတွင်းထဲရုန်းကန်နေရပုံပေါက်သည်။ အော်သံလေထဲပျံ့လွင့်လာသဖြင့် တိတ်ဆိတ်မှုမှာ အပိုင်းပိုင်းစုတ်ဖြဲခံလိုက်ရတော့သည်။
***