← Chapters

ညအမှောင်ထဲက သရဲ

Vol. 11 Ch. 143

ညအမှောင်ထဲက သရဲ

Vol. 11 Ch. 143

မန်ဟို ဒုတိယအထပ်ပြတင်းပေါက် အရှေ့တွင် ရပ်လိုက်သည်။ လသည် ကောင်းကင်တွင် ထိန်ထိန်သာလျက်ရှိသည်။ အဝေးတစ်နေရာတွင် ပိတ်စတစ်စကဲ့သို့ လှိုင်းတွန့်များထနေသော မန္တန်များဖြင့် ဖုံးလွှမ်းနေသော တောင်တစ်လုံးရှိသည်။

စိတ်မချမ်းမြေ့ဖွယ်အော်သံက ထိုတောင်မှလာခြင်းပင်။ အခုလောလောဆယ်တွင် မည်သည််တို့ဖြစ်ပျက်နေသည်လဲ ကြည့်ရှုရန် ဘေးပတ်ဝန်းကျင်တောင်အသီးသီးမှ ပုံရိပ်အမြောက်အမြားပျံတက်လာကြသည်ကို မြင်နိုင်လေသည်။

မကြာမီ ရောင်စုံအလင်းတန်းများစွာ တောင်ထံ တဟုန်ထိုးထွက်သွားကြသည်။ များမကြာခင် မန္တန်များထဲရှိ လှိုင်းဂယက်များ ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။ တိတ်ဆိတ်မှုကား ပြန်လည်ဝင်ရောက်လာ၏။

မန်ဟိုမျက်မှောင်ကြုတ်သွားပြီး သူ၏မျက်လုံးများ ဖျတ်ခနဲ လက်သွားသည်။ ထိုအော်သံထွက်လာသော တောင်သည် ဝါကြင့်ကြင့်မျက်နှာနှင့်လူ အစောပိုင်းက သွားရောက်ခဲ့သောနေရာဖြစ်ကြောင်း သူမှတ်မိသည်။ ပုံရိပ်များ ထွက်လာပြီး တောင်ထံပျံသွားကြသည်ကို မြင်သော် မန်ဟို သွားရောက်စုံစမ်းရန်ပြင်လိုက်သော်လည်း ရုတ်တရက် တုံ့ခနဲရပ်သွားသည်။

သူ၏ မျက်နှာရိပ်ခနဲဖြစ်သွားပြီး စကြဝဠာအိတ်ကို ငုံကြည့်လိုက်သည်။ သူက ၄င်းကို ပုတ်လိုက်ရာ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းပြားပျံထွက်လာသဖြင့် ဖမ်းလိုက်သည်။

၄င်းသည် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ခုကို ထုတ်လွှတ်ရင်း တလျှပ်လျှပ် လင်းလက်နေ၏။ အလွန်ထူးဆန်းသောခံစားချက်တစ်ခု မန်ဟို၏နှလုံးသားထဲ ပေါက်ဖွားလာတော့သည်။ လက်ဆုပ်လက်ကိုင်မပြနိုင်သော်လည်း ၄င်းမှာ မမြင်ရသောချီတချို့ သူ့နှလုံးသား၌ ရွစိရွစိဖြစ်နေသည့်အလားပင်။

သူက အလေးအနက်တွေးပြီး အဋ္ဌမမြောက် မိစ္ဆာချုပ်နှောင်သူ ထားခဲ့သည့် ကျောက်စိမ်းအပိုင်းအစကို ထုတ်ကာ သူ့လက်ဝါးအပေါ် တင်လိုက်သည်။

အဋ္ဌမမြောက် မိစ္ဆာချုပ်နှောင်သူ၏ ရှေးဆန်သောအသံကြီး သူ၏စိတ်ထဲတွင် မြည်ဟည်းလာသည်။ " တချို့ဝိညာဥ်တွေက ဘဝကူးပြောင်းခြင်းသံသရာရပ်ဝန်းမှာ မြှုပ်နှံခံရဖို့ ရှောင်ရှားကြတယ်။ သူတို့ချီက မိစ္ဆာဆန်ပေမယ့် အခုထိတော့မဟုတ်သေးဘူး။ သူတို့က သက်ရှိသတ္တဝါတွေရဲ့ အထက်မှရှိပေမယ့် လူသားကမ္ဘာရဲ့ နှစ်ပေါင်းများစွာ ပြောင်းလဲမှုတွေကြောင့် ထိခိုက်မှုရှိတယ်။ ချီက တည်ငြိမ်အေးချမ်းတယ်။ အရိုးနဲ့ဝိညာဥ်တွေရဲ့ စားသုံးခံရတာကြောင့် သူတို့က လမ်းကြောင်းကို ဦးတည်ပေးနိုင်တယ်။ မင်း အဲ့ဒီလိုချီမျိုးနဲ့ ကြုံတွေ့ရင် အဲ့တာကို ချုပ်နှောင်ပစ်ရမယ်"

မန်ဟိုက တခဏတွေးပြီးနောက်ဆုံး ထွက်မသွားရန် ဆုံးဖြတ်လိုက်သည်။ သူက ပြတင်းပေါက်ဘေးတွင်ရပ်ပြီး သွေးပျက်ချောက်ချားဖွယ်အသံနက်ကြီး ထွက်ပေါ်လာသော အရပ်မျက်နှာဘက်သို့ သူ၏စိတ်ဝိညာဥ်အာရုံပို့လွှတ်သည်။ ပထမဆုံး သူကြားသည့်အရာမှာ ငြင်းခုံသံများပင်။

"ဒါဆို ခြောက်ယောက်မြောက်တာအိုရောင်ရင်း သေဆုံးတာပဲ။ ချင်းလော်ဂိုဏ်း အခု ဖြေရှင်းချက် မထုတ်ပေးရင် ကျုပ်တို့ ထွက်သွားတော့မယ်"

"ဟုတ်တယ်။ ကျုပ်တို့ မြေဆေးလုံးကြောင့် ခင်ဗျားတို့ဖိတ်ခေါ်ချက်ကို တုံ့ပြန်ခဲ့တာ။ တိုက်ပွဲမှာသေရင် လက်ခံနိုင်သေးတယ်။ ဒါပေမယ့် အခုတလော ညသန်းခေါင်မှာ လူတွေ အသေဆိုးနဲ့သေနေကြတာ။ ပြီးတော့ ခင်ဗျားတို့က နေရာကို ချိတ်ပိတ်ပြီး ဘယ်သူ့ကိုမှ ဝင်ရောက်စစ်ဆေးခွင့်မပေးဘူး။ အရမ်းထူးဆန်းတယ်။ ကျုပ်တို့ မေးခွန်းမထုတ်ဘဲ နေမလား"

တောင်အနီးနားတွင် ကျင့်ကြံသူဆယ်ယောက်ခန့် အခင်းဖြစ်ပွားနေရာကို မစစ်ဆေးနိုင်အောင် တားဆီးပိတ်ဆို့ထားသော ချင်းလော်ဂိုဏ်းကျင့်ကြံသူများကို အေးစက်စွာစိုက်ကြည့်နေကြသည်။

မလှမ်းမကမ်းတွင် ကျင့်ကြံသူများစွာ တောင်အသီးသီးမှ ပျံထွက်လာပြီး တစ်နေရာမှ စောင့်ကြည့်နေကြသည်။ သူတို့က ဘာမှမပြောသော်လည်း သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်လွှတ်နေကြသည်။ ကြီးမားသောဖိအားကြီးတစ်ခု မြင့်တက်လာပြီး အသံမဲ့ပုန်ကန်မှုကြီးအဖြစ် ပြောင်းသွားတော့သည်။

ချင်းလော်ဂိုဏ်းသားများ၏ မျက်နှာများ မအီမသာဖြစ်လာကြသည်။ သို့သော် ဤအခိုက်အတန့်၌ အေးဆေးတည်ငြိမ်သောအသံတစ်သံ ရုတ်တရက် ဟိန်းထွက်လာသည်။

"သုံးရက်အတွင်းး ဂိုဏ်းက ဖြေရှင်းချက်တစ်ခု ထုတ်ပြန်ပေးမယ်" အသံဟိန်းထွက်လာစဥ် ကျယ်ပြန့်သော တာအိုဝတ်ရုံနှင့် အဘိုးအိုတစ်ယောက် ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဖိအားက ဝန်းအုံနေကြသောကျင့်ကြံသူများအား မျက်နှာအမူအရာပြောင်းသွားစေသည်။

ချင်းလော်ဂိုဏ်းသားများအားလုံး ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

"ဂါဝရပြုပါတယ် အကြီးအကဲချိန်"

အဘိုးအိုက ရှေ့လျှောက်သွားသည်။ သူက သူတို့အောက်ရှိ တောင်ခြေတွင် ရပ်နေသည့်တိုင် သူ့အပေါ်ထက် လေထဲတွင် ရပ်နေကြသော ချီအခြေတည်အဆင့်ကျင့်ကြံသူများအားလုံး တိတ်ဆိတ်သွားကြသည်။ အများစု လေးလေးစားစား ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။ သိသာထင်ရှားစွာပင် ဤအဘိုးအိုကို သူတို့သိကြလေသည်။

မန်ဟိုက ခါတိုင်းကဲ့သို့ မပြောင်းလဲသော အမူအရာနှင့် ပြတင်းပေါက်တွင် ရပ်နေသည်။ သို့သော် တဖြေးဖြေး မျက်မှောင်ကြုတ်လာလေသည်။ အဘိုးအိုသည် ချင်းလော်ဂိုဏ်း၏အကြီးအကဲတစ်ဦးဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ ချီအခြေတည်အဆင့်မဟုတ်ဘဲ အမြုတေဖြစ်တည်မှုအဆင့်တွင်ဖြစ်သည်။

သူ၏အကြည့်သည် စုဝေးနေကြသူများအပေါ် လွှမ်းမိုးသွား၏။ သူ စကားပြောသောအခါ သူ့အသံသည် သိပ်မကျယ်သော်လည်း ပတ်ဝန်းကျင်ရှိ လူတိုင်း၏စိတ်ထဲ ပြည့်နှက်သွားလေသည်။ " အသင်တို့အားလုံး ချင်းလော်ဂိုဏ်းကို လာရောက်ကြတဲ့အတွက် ကျုပ်ကျေးဇူးအများကြီးတင်ပါတယ်။ ဒီရက်ပိုင်းဖြစ်ပွားခဲ့တဲ့ လူသေမှုတွေနဲ့ပတ်သက်ပြီး ကျုပ်လည်း တော်တော်လေး ဒေါသထွက်တယ်။ သုံးရက်အတွင်း လူသတ်သမားကို ကျုပ်လက်နဲ့ သတ်ပေးပါ့မယ်"

"အကြီးအကဲချိန်ရောက်လာလို့ ကျုပ်တို့ တော်တော်လေး သက်တောင့်သက်သာဖြစ်သွားပါပြီ။ တရားမျှတမှုရှိအောင် စီမံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး" ချီအခြေတည်အဆင့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်ပြီး သက်ဆိုင်ရာတောင်အသီးသီးထံ ပြန်သွားကြသည်။ ချင်းလော်ဂိုဏ်း၏ အကြီးအကဲတစ်ဦးရောက်လာခဲ့ရာ ၊ သူက ဖြေရှင်းချက်မပေးသော်လည်း သူတို့ မည်ကဲ့သို့ ဆက်လက်ငြင်းခုံနိုင်တော့မည်နည်း။

မကြာမီ အရာအားလုံး နောက်တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။ အကြီးအကဲချိန်ထွက်ခွာသွားပြီး ချင်းလော်ဂိုဏ်းသားအများစုလည်း အလျှိုလျှိုထွက်သွားကြသည်။ အော်သံထွက်လာသော တောင်သည်လည်း တိတ်ဆိတ်ငြိမ်သက်နေ၏။ မည်သူမှ သွားရောက်စစ်ဆေးရန် ကြိုးစားလိုခြင်းမရှိကြတော့ပေ။

မန်ဟိုက အတွေးထဲနစ်မြောနေဟန်ဖြင့် ပြန်လှည့်လာပြီး တင်ပျဥ်ထိုင်လိုက်သည်။ သူ၏စိတ်ထဲတွင် အဋ္ဌမမြောက်မိစ္ဆာချုပ်နှောင်သူ၏ စကားလုံးများ ပဲ့တင်ထပ်နေချေသည်။

"ချင်းလော်ဂိုဏ်းမှာ ထူးဆန်းတာတစ်ခုခုဖြစ်နေပြီ......" မန်ဟို၏မျက်လုံးများ စူးရှသောအလင်းများဖြင့်ပြည့်နှက်လျက် ပွင့်လာသည်။ သူခံစားနေရသည့် ရွစိရွစိဖြစ်နေသော ချီဓာတ်မှာ ပို၍ ထူထဲလာနေပုံရ၏။

သူက တခဏ ခေါင်းငုံ့ပြီး စဥ်းစားနေသည်။ ထို့နောက် သွေးအင်မိုတယ်မျက်နှာဖုံးကို ထုတ်လိုက်သည်။ အထဲသို့ စိတ်ဝိညာဥ်အာရုံပို့လွှတ်လိုက်ရာ သွေးမြူတိမ်ဖြင့် ဖုံးလွှမ်းလျက်ရှိသော လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို မြင်လိုက်ရ၏။ သူ့မှာ ယခုနောက်ပိုင်း အားနည်းလာပုံပေါ်လေသည်။ ယခင်ကကဲ့သို့ အော်ဟစ်မနေတော့ပေ။ ကြည့်ရသရွေ့ အားပင်မရှိတော့ပုံရသည်။

"ချင်းလော်ဂိုဏ်းအကြောင်း ခင်ဗျား ဘာသိလဲ" မန်ဟိုက စိတ်ဝိညာဥ်အာရုံမှတစ်ဆင့် မေးလိုက်သည်။ သူသည် အဘိုးကြီး၏ သွေးစိတ်ဝိညာဥ်မှာ အတော်လေးထူးဆန်းကြောင်းး အမြဲတွေ့ခဲ့ရသည်။ အထူးသဖြင့် လီတောက်ရီအကြောင်းတွေးသည့်အချိန် ထိုခံစားချက်မှာ ပို၍အားကောင်းလာ၏။

"ခွေးချီးပဲသိတယ် ခွေးမသား" လီမျိုးနွယ်စုခေါင်းဆောင်ကြီးက မုန်းတီးမှုအပြည့်အက်ကွဲကွဲအသံဖြင့် ပြောသည်။ "မင်းလုပ်ရဲရင်....."

သူစကားပြောမပြီးခင် မန်ဟိုက သူ့လက်ချောင်းကို အေးအေးဆေးဆေး လှီးပြီး သွေးစက်တစ်စက်ချလိုက်ရာ အဘိုးကြီးပတ်လည်တွင် သွေးမြူများပိုထလာတော့သည်။ စိတ်မချမ်းမြေ့ဖွယ် အော်သံတစ်သံထွက်လာပြီးနောက် မန်ဟိုက စိတ်ဝိညာဥ်အာရုံကို ပြန်နုတ်ယူလိုက်သည်။ သူက ဘာမေးခွန်းမှ ထပ်မမေးတော့ဘဲ မျက်နှာဖုံးကို သိမ်းလိုက်သည်။

ထိုအချိန် ချင်းလော်ဂိုဏ်း၏ တောင်တစ်သောင်းအောက်တွင် ဧရာမဝင်္ကပါကြီးသဖွယ် ထုံးကျောက်ဂူကွန်ချာကြီးတစ်ခုရှိလေသည်။ ၄င်း၏အတွင်းအနက်ရှိုင်းဆုံးထဲတွင် တဟုန်းဟုန်းတောက်နေသော မီးတုတ်များဖြင့် တန်ဆာဆင်ထားသည့် စင်မြင့်ကြီးရှိသည်။ ယိမ်းနွဲ့ကခုန်လျက်ရှိသော မီးအလင်းရောင်များက တရိပ်ရိပ်လှုပ်နေသော အရိပ်များဖြင့် ပြည့်နှက်နေစေလေသည်။

စင်မြင့်ထက်တွင် ကျင့်ကြံသူအဘိုးအိုသုံးယောက် တင်ပျဥ်ခွေထိုင်နေကြသည်။ သူတို့၏ခန္ဓာကိုယ်များမှာ ခြောက်ကပ်နေပြီး သူတို့က သေလူများအလား မလှုပ်မယှက်ထိုင်နေကြ၏။ အစွမ်းထက်သော သေခြင်းတရားချီတစ်ခုက သူတို့ပတ်လည်တွင် ရစ်ပတ်ဝန်းရံလျက်ရှိသည့်တိုင် သူတို့၏မျက်လုံးများကား ပွင့်နေပြီး ရှေးဆန်သော မြေအောက်ကမ္ဘာမှ အလင်းရောင်တို့ဖြင့် လင်းလက်နေသည်။

သူတို့၏ပုံရိပ်များမှာ ဒြပ်ရှိခြင်းနှင့် ဒြပ်မဲ့ခြင်းအကြားတွင် တည်ရှိပြီး ကမ္ဘာထဲတွင် အပြည့်အဝမရှိသည့်အလား လိမ်ဖယ်ရှုံ့တွနေသည်။

သူတို့အလယ်တွင် သားရေတစ်စ တည်ရှိသည်။ ၄င်းသည် သားရဲရိုင်းတစ်ကောင်ကောင်ထံမှ ပြုလုပ်ထားခြင်း ဖြစ်တန်ရာသည်။ ၄င်း၏အနားများမှာ စုတ်ပြဲပဲ့ရွဲ့နေပြီး ၄င်း၏မျက်နှာပြင်ပေါ်တွင် မြေပုံတစ်မျိုးမျိုးကို မြင်နိုင်သည်။

သားရေမြေပုံသည် ဖြေးဖြေးချင်းတွန့်လိမ်လူးလွန်နေပုံရသည်။ ၄င်းပေါ်တွင် လူတစ်ယောက်၏ တစ္ဆေပုံစံရှိပြီး ယခုလောလောဆယ်တွင် အသံမထွက်ဘဲ အော်ဟစ်နေ၏။ ၄င်းက ဝါကြင့်ကြင့်မျက်နှာနှင့် သက်လတ်ပိုင်းလူတစ်ယောက်၏ သရဲအသွင်နှင့်တူသည်။ ဤသည်မှာ မန်ဟိုနှင့်အတူ ရောက်ရှိလာခဲ့သော လူငါးယောက်အဖွဲ့ထဲက တစ်ယောက်ပင်။

သူ၏ခန္ဓာကိုယ်သည် ဝေဝါးလာပြီး မကြာခင် ပျောက်ကွယ်သွား၏။ ထိုအခါ သားရေ၏အနားသားများသည် တဖြေးဖြေး အနည်းငယ် ပြန့်ကားလာပြီး သားရေကား ပို၍တောက်ပြောင်လာတော့သည်။ ၄င်းမှာ စောင့်ကြည့်နေသော မည်သူမဆိုအတွက် အတိုင်းထက်အလွန် ထူးဆန်းသောမည်ဖြစ်သည်။

အချိန်အနည်းငယ် ကုန်လွန်သွားပြီး အဘိုးအိုတစ်ဦးက တုန်ရီအက်ကွဲသောအသံဖြင့် တစ်လုံးချင်းပြောသည်။ "မနက်ဖြန် လရောင်အောက်မှာ နောက်ထပ်လူတစ်ယေက်ကို ဖမ်းစားလိမ့်မယ်။ ဒါဆို ငါတို့စတင်နိုင်ပြီ"

"ဒီတစ်ကြိမ် ဘယ်လိုဖြစ်ဖြစ် အောင်မြင်ရမယ်။ ငါတို့.....ငါတို့ အမွေအနှစ်ပစ္စည်းကို ရယူရမယ်။ ငါတို့အတွက်တင်မဟုတ်ဘူး။ ခေါင်းဆောင်ကြီးအတွက်ကောပဲ။ ဒီလိုဆို ငါတို့အားလုံး နိုးထနိုင်ပြီ။ ငါတို့ ခြေချစရာ မြေမရှိတဲ့ ဒီအမှောင်နယ်ပယ်ထဲမှာပဲ ငါတို့ကိုယ်ငါတို့ ဖုံးကွယ်ထားစရာမလိုတော့ဘူး"

"အပြင်မှာ ချီအခြေတည်အဆင့်ကောင်ပေါက်စလေးတွေ မလုံလောက်သေးဘူး။ ငါတို့ သတင်းတော်တော်ဖြန့်ထားပေမယ့် ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေက အလွယ်တကူ အရူးလုပ်လို့မရပါလား။ဟမ့်"

"မတတ်နိုင်ဘူးလေ။ ဒီချီအခြေတည်အဆင့်ကောင်ပေါက်စလေးတွေက ကိစ္စတစ်ခုလုံးရဲ့ တစ်စိတ်တပိုင်းပဲ ရှိသေးတာ။ ငါတို့ပြင်ဆင်ခဲ့သမျှ အားလုံးနဲ့ဆိုရင် ဒီတစ်ကြိမ်တော့ ငါတို့ သေချာပေါက် အောင်မြင်လိမ့်မယ်" သူတို့အသံများသည် တဖြေးဖြေးလွင့်စင်ပျောက်ကွယ်သွား၏။ မကြာခင် ကိုးကွယ်ပူဇော်ရာပစ္စည်းတစ်မျိုးကဲ့သို့ သူတို့အကြားထားရှိခဲ့သည့် လူးလွန့်နေသောသားရေ၏ လှုပ်ရှားမှုသာ ကျန်ရစ်ခဲ့လေသည်။

ညသည် ဖြစ်ရိုးဖြစ်စဉ်အတိုင်း ကုန်ဆုံးသွားပြီး မကြာခင် မိုးသောက်ယံရောက်လာသည်။ မန်ဟို တရားထိုင်နေရာမှ မျက်လုံးများဖွင့်လိုက်သည်။ သူ၏နေအိမ်အပြင်ဘက်တွင် ရောင်စဥ်အလင်းတန်းတစ်တန်းချဥ်းကပ်လာသည်ကို မြင်လိုက်ရလေသည်။ ၄င်းက အနက်ရောင်ဂါဝန်ရှည်နှင့် အမျိုးသမီးတစ်ယောက်အသွင်ပြောင်းသွား၏။ သူမသည် ပခုံးကျော်၍ ကျဆင်းနေသော လှပသောဆံနွယ်လေးများနှင့် အသားဖြူဖြူ၊ ပိန်ပိန်သွယ်သွယ်ဖြစ်သည်။ သူမက တဖြေးဖြေး အရှိန်လျှော့ပြီး မန်ဟို၏နေအိမ်အပြင်ဘက်တွင် ရပ်လိုက်သည်။

" ချင်းလော်ဂိုဏ်း ဆေးတောင်တန်းရဲ့ ဂိုဏ်းသား ဟန်ပေ့ လူကြီးမင်းဆီ မြေဆေးလုံးပို့ဆောင်ပေးဖို့အတွက် ရောက်လာတာပါ" သူမက ပြောသည်။ " တာအိုရောင်ရင်း၊ ကျေးဇူးပြုပြီး ထွက်လာပေးပါရှင့်" သူမတွင် ထက်မြက်သောအသံရှိပြီး သူမအပြုံးလေးက ပွင့်လန်းနေသောပန်းပွင့်လေးပမာ လှပလေသည်။ သူမ၏တည်ရှိမှုက အရာအားလုံးပို၍တောက်ပသွားစေသယောင်ပင်။ သူမ၏မျက်ဝန်းလေးများသည် ညှို့ချက်ပြင်းပြီး သူမအပြုံးလေးက ဖြူစင်၍ချစ်စရာကောင်းသည်။ သူမက ခရမ်းရောက်ပန်းလေးများထိုးထားသော မြစိမ်းရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထား၏။ ခြုံငုံရလျှင် တခြားကမ္ဘာမှလာသည်လားပင် ထင်ရသည်။

မန်ဟို ထွက်လာပြီး သူတို့ စားပွဲတစ်လုံးတွင် ထိုင်လိုက်ကြသည်။

သူမက ပြုံးမြဲပြုံးနေရင်း မန်ဟို့ကို ကြည့်သည်။ ထိုသို့ကြည့်နေစဥ် တမင်လား၊ မသိလိုက်၍လားမသိ၊ သူမ၏မျက်လုံးများသည် ပို၍ရွှန်းလဲ့တောက်ပလာပုံရသည်။

"တာအိုရောင်ရင်း ရှင့်ရဲ့နာမည်လေးများ ကျွန်မသိခွင့်ရှိမလား" သူမက အပြုံးလေးဖြင့် မေးသည်။ သူမအသံသည် ဘီလုံးငှက်၏အော်သံလေးသဖွယ် သာယာနာပျော်ဖွယ်ကောင်းလေသည်။ ၄င်းကိုနားထောင်ရခြင်းက သာယာကြည်နူးမှုတစ်မျိုးပင်။

"မန်ဟို" မန်ဟိုက သူ၏သရုပ်မှန်ကို မကွယ်ဝှက်ဘဲ တည်ငြိမ်စွာ ဖြေသည်။ သူ့အရှေ့က အမျိုးသမီးကို ကြည့်ပြီး သူမ၏ကျင့်ကြံခြင်းအခြေခံသည် သာမန်ထက်ထူးကဲကြောင်း သူပြောနိုင်၏။ ကြည့်ရသရွေ့ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်တွင် ဖြစ်ဟန်တူသည်။

"မန်......" ဟန်ပေ့က သူ့ကို တအံ့တသြကြည့်သည်။ သူမသည် သူ့မျက်နှာကိုအကဲခတ်ပြီးနောက် ရယ်လိုက်သည်။ "ဒီတော့ တာအိုရောင်ရင်းမန်ပေါ့။ ဒီမှာ စာချုပ်ပါ။ ကျေးဇူးပြုပြီး လက်ဗွေရာနှိပ်ပေးနိုင်မလား။ ဒါဆို ကျွန်မရှင့်ကို မြေဆေးလုံးပေးနိုင်ပြီ။ ပြီးရင်တော့ ဂိုဏ်းက ထုတ်ပြန်ထားတဲ့ လိုအပ်ချက်တွေအတိုင်းလိုက်နာရင် နောက်တစ်လုံးရပါမယ်" သူမက နူးညံံ့ပျော့ပျောင်းသော လက်ကို မြှောက်လိုက်ရာ သူမလက်ကောက်ဝတ် မြစိမ်းရောင်လက်ကောက်လေးတစ်ခု ရှိလေသည်။ ၄င်းထံမှ အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွားပြီး သူမလက်အတွင်း၌ စာလိပ်တစ်လိပ်ပေါ်လာသည်။ သူမက ၄င်းကို မန်ဟို့ထံ ကမ်းပေး၏။

သူ၏အမူအရာသည် ယခင်အတိုင်းသာဖြစ်ပြီး သူက သူမလက်ကောက်ကို တခဏကြာစိုက်ကြည့်နေပြီးနောက် စာလိပ်ကို လက်ခံလိုက်သည်။ သူက ၄င်းကို ကြည့်ရှုပြီးနောက် ညာလက်မကိုမြှောက်၍ စာရွက်ပေါ်၌ အမှတ်အသားတစ်ခု ချန်ခဲ့လိုက်သည်။

ဟန်ပေ့က သူ့ကို တစ်ချိန်လုံး စိုက်ကြည့်နေသည်။ စာရွက်ပေါ် လက်ဗွေရာနှိပ်ပြီးနောက် သူမက လက်ဝါးအရွယ် ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ပြီး ဘေးချလိုက်သည်။

"ဒီမှာ ရှင့်ရဲ့ မြေဆေးလုံးပါ။ ဆေးလုံးကို ညအချိန် သောက်သုံးလို့မရတော့ သတိထားပါ။ သူ့ရဲ့နာမည်အပြည့်အစုံက လမိခင်မြေဆေးလုံး မဟုတ်လား။ ရှင် ဒါကို သောက်လိုက်ရင် ဒီဆေးလုံးက လရောင်ထဲမှာ သက်ဝင်ခံစားပါလိမ့်မယ်" သူမက ပြုံးပြီးနောက် ထွက်ခွာရန် ထရပ်သည်။

သူမမထွက်သွားခင် မန်ဟိုက ရုတ်တရက်ပြော၏။ "ငါတို့အရင်က တွေ့ဖူးလား"

သူ၏စကားလုံးများက သူ့ကို တအံ့တသြငေးကြည့်မိလိုက်စေသည်။

"ကျွန်မ ရှင့်ကို တွေ့ခဲ့ဖူးလား မမှတ်မိပါဘူး တာအိုရောင်ရင်းမန်"

"ကျုပ်အမှားပါ" သူက ပြောသည်။ "လူတစ်ယောက်နဲ့ မှားသွားတာဖြစ်မယ်" သူက တစ်စုံတစ်ခုကို အလေးအနက်တွေးနေသည့်အလား မျက်မှောင်ကြုတ်နေသည်။ ဟန့်ပေ့က ရယ်သည်။ နောက်ဆုံးတစ်ချက် ခေါင်းညိတ်ပြပြီးနောက် သူမသည် အလင်းတန်းအသွင်ပြောင်းပြီး ထွက်ခွာသွားတော့သည်။ သူမထွက်ခွာသွားစဥ် သူမအပြုံးသည် အတွေးနက်နေသောအသွင်ပြောင်းသွား၏။

မန်ဟိုက မြေဆေးလုံးပါဝင်သည့် ကျောက်စိမ်းသေတ္တာကို ကောက်ယူလိုက်သည်။ သူ၏နေအိမ်ထဲ ပြန်ဝင်ပြီးနောက် ၄င်းကို ဖွင့်လိုက်သည်။ အတွင်းတွင် မွေးကင်းစကလေးတစ်ယောက်၏ လက်အရွယ်ရှိသော ဆေးလုံးတစ်လုံးရှိသည်။ ၄င်းက အဖြူရောင်ဖြစ်ပြီး ဖယောင်းစက္ကူဖြင့် ရစ်ပတ်ထားလေသည်။ သို့ထိတိုင် တလိပ်လိပ်ထနေသော စိတ်ဝိညာဥ်စွမ်းအင်နှင့်အတူ ဆေးနံ့ပြင်းပြင်းက လေနှင့်အတူပါလာသည်။

"တကယ်တမ်း ဒီဆေးလုံးတစ်လုံးက ငါ့အတွက် လုံလောက်တယ်။ ဒါပေမယ့် အမှုမဲ့အမှတ်မဲ့ စားလိုက်လို့မရဘူး။ အတုလား အစစ်လား အရင်စစ်ဆေးရမယ်" သူက ကျောက်စိမ်းသေတ္တာကို သိမ်းပြီးနောက် မျက်လုံးများကို ပိတ်၍ တရားဆက်ထိုင်လိုက်သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီး မကြာမီ ညအချိန်ကျရောက်လာသည်။ လမင်းကြီးသည် ကောင်းကင်ယံတွင် ထိန်ထိန်သာလျက်ရှိပြီး အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ သို့သော် မန်ဟို၏တောင်အပြင်ဘက်တွင် အရိပ်သဏ္ဍာန်တစ်ခု အသံမထွက်ဘဲ ပေါ်လာသည်။ ၄င်းမှာ လူးလွန့်နေသေါ သားရေစတစ်စအလား ပုံပန်းသွင်ပြင်အားဖြင့် အလွန်ထူးဆန်း၏။ အနီးကပ်ကြည့်လျှင် ထိုပုဂ္ဂိုလ်၏အသွင်မှာ မကြာသေးမီက သေဆုံးသွားခဲ့သော ဝါကြင့်ကြင့်မျက်နှာနှင့်လူက လွဲ၍တခြားသူမဟုတ်ပေ။

သူ၏မျက်လုံးများသည် လင်းလက်တောက်ပနေ၏။ သူသည် ဘေးပတ်လည်က တောင်တန်းများကို ကြည့်ပြီးနောက် မန်ဟို၏တောင်ကို ရွေးချယ်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်သည် ဖျတ်ခနဲလက်သွားပြီး သူက မန်ဟို၏နေအိမ်ထံ မျောလွင့်လာသည်။

တောင်ထိပ်ရှိ နေအိမ်သို့ သူချဥ်းကပ်လာစဥ် တင်ပျဥ်ခွေ၍တရားထိုင်နေသော မန်ဟိုက ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏မျက်လုံးများကား တဖျပ်ဖျပ်လင်းလက်နေချေသည်။

***

All Chapters