← Chapters

လူအုပ်ထဲက ပုံရိပ်

Vol. 11 Ch. 144

လူအုပ်ထဲက ပုံရိပ်

Vol. 11 Ch. 144

မန်ဟို အေးစက်စက် နှာတစ်ချက် မှုတ်လိုက်သည်။ သူ၏ညာဘက်သည် စကြဝဠာကို ပုတ်လိုက်ပြီး သစ်သားဓားနှစ်လက် အသံမထွက်ဘဲ ပျံထွက်လာသည်။ ထို့နောက် အဆောင်စက္ကူတစ်ရွက် သူလက်ထဲကျလာပြီး သူ၏ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်။

ထိုအချိန် ဝါကြင့်ကြင့်မျက်နှာနှင့်လူ၏ပုံရိပ် တောင်ထိပ်ထံ လွင့်မျောလာသည်။ သူ လမ်းတစ်လျှောက်ကျော်ဖြတ်ခဲ့သည့် အပင်နှင့်အသီးအရွက်များမှာ အသက်ဓာတ်များ စုပ်ယူခဲ့ရသည့်အလား ခြောက်သွေ့ညှိုးနွမ်းကုန်၏။ ထုံးကျောက်ခင်းလမ်းသည် ပြာအသွင်ပြောင်းသွားပြီး တောင်တစ်တောင်လုံးမှာ ပြင်းထန်သော သေခြင်းတရားချီတစ်ခုဖြင့် ဝန်းရံခံလိုက်ရသည်ပုံပေါ်သည်။

သို့သော် ဤတောင်၏အပြင်က ဘယ်သူမှ ဤသို့ဖြစ်ပျက်နေကြောင်း မသိပေ။

ပုံရိပ်သည် မန်ဟို၏နေအိမ်အပြင်သို့ လွင့်မျောလာသည်။ ၄င်းက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ နံရံကိုဖြတ်၍ ဒုတိယအထပ်သို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

သူသည် အသက်မပါသောမျက်လုံးများ တဖျတ်ဖျတ်လက်နေရင်း လရောင်အောက်တွင် မျောလွင့်နေသည်။ သူ့ထံမှ ထူးဆန်းသော မိစ္ဆာအငွေ့အသက်တစ်ခု ထုတ်လွှတ်နေ၏။ ဝါကြင့်ကြင့်မျက်နှာနှင့်လူ သူ၏ကြောက်မက်ဖွယ်မျက်လုံးများဖြင့် ဒုတိယထပ်ကို ဝေ့ဝိုက်ကြည့်နေစဥ် အရာအားလုံး တိတ်ဆိတ်နေလျက်ရှိသည်။

မန်ဟိုက တစ်စင်တီမီတာလေးပင် မရွေ့ခဲ့ပေ။ သူက အရှေ့ရှိ ပုံရိပ်ကို ကြည့်ရင်း ကိုယ်ပျောက်လျက် တင်ပျဥ်ခွေထိုင်နေ၏။ ထိုလူ့ကို သူချက်ချင်းပင် မှတ်မိလိုက်လေသည်။ သို့သော် သူ၏ပုံပန်းသွင်ပြင်မှာ တစ်ခုခုမူမမှန်သည့်အလား အလွန်ထူးဆန်းနေ၏။ မန်ဟိုက မနေ့ညက တောင်မှ သွေးပျက်ချောက်ချားဖွယ်အော်သံကို ပြန်တွေးလိုက်သည်။ ထိုတောင်က ဝါးကြင့်ကြင့်မျက်နှာနှင့်လူရှိခဲ့သော နေရာပင်။

သူသည် ဖြစ်ပျက်နေသည်တို့နှင့်ပတ်သက်၍ တစ်ပိုင်းတစတော့ နားလည်လိုက်လေပြီ။

"ဒီလူက သေသွားပြီးတော့ အလိုအလျောက်ဝိညာဥ်အဖြစ် ပြောင်းခံလိုက်တာပဲ။ ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ကို ထိန်းချုပ်ဖို့ ဝိညာဥ်ရုပ်သေးပညာရပ်ကို အသုံးပြုခဲ့တာများလား......" ရုတ်တရက် သူသည် လျှပ်တပြက် ဘေးသို့ သုံးမီတာခန့် ရွေ့လျားလိုက်သည်။

သူထိုင်နေခဲ့သောနေရာအနားရှိ ခုံမှာ ဝုန်းခနဲ ပြာကျသွား၏။ ဝါကြင့်ကြင့်မျက်နှာနှင့်လူက မျက်လုံးများ ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် တောက်ပနေရင်း မန်ဟို့ကို မြင်နိုင်သည့်အလား သူ့ထံ ပြေးဝင်လာသည်။

မန်ဟို၏မျက်လုံးများ ဖျတ်ခနဲလက်သွား၏။ သူက ကိုယ်ပျောက်အဆောင်စက္ကူကိုဖယ်ရှားရင်း ညာလက်ကိုမြှောက်ပြီး ဂါယာမန္တန်ယားဆိုင်ရာမုဒြာတစ်ခုလက်သွားသည်။ သစ်သားဓားနှစ်လက်သည် သူ့အရှေ့ရှိ ပုံရိပ်ထံ တည့်တည့်ပြေးဝင်သွား၏။ ပုံရိပ်ကား ရှောင်တိမ်းရန် ကြိုးစားခြင်းမရှိ။ သစ်သားဓားနှစ်လက်လုံးသည် တည့်တည့်ထိုးဖောက်သွား၍ အပေါက်နှစ်ပေါက်ကျန်ခဲ့သော်လည်း သွေးတစ်စက်မှ စီးကျမလာပေ။ ဝါကြင့်ကြင့်မျက်နှာနှင့်လူမှာ အတွင်းတွင် ဘာမှမရှိဘဲ အရေပြားဖြင့်သာ ပြုလုပ်ခံထားရပုံရလေသည်။

ထိုမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်ဖြစ်မည်မဟုတ်ပေ။ သို့သော် သူ၏ခန္ဓာကိုယ်အတွင်း ထိုးဖောက်ခံခဲ့ရသော အပေါက်များကား အတူတကွပြန်ဆက်လာ၏။ ၄င်းတို့သည် ဧရာမပါးစပ်ပေါက်ကြီးအသွင်ပြောင်းကာ ဝါကြင့်ကြင့်မျက်နှာနှင့်လူ၏ ခန္ဓာကိုယ်ကို ရုတ်တရက် ဆွဲဖြဲပြီး မန်ဟိုကို ဝါးမြိုရန် အသင့်ပြင်ရင်း ပြေးဝင်လာသည်။

မန်ဟို၏မျက်နှာအမူအရာကား ပြောင်းလဲခြင်းမရှိ။ သူက ဂါယာမန္တယားဆိုင်ရာ မုဒြာလက်ကွက်ဖော်ရင်း နောက်ဆုတ်လိုက်သည်။ ထို့နောက် သူက ရှေ့သို့ဝှေ့ယမ်းလိုက်ရာ မီးနဂါးကြီးတစ်ကောင်ပေါ်ပေါက်လာပြီး ပုံရိပ်ထံသို့ ဟိန်းဟောက်ပြေးဝင်သွား၏။ ၄င်း နီးကပ်လာစဥ် ပုံရိပ်သည် မရှောင်တိမ်းဘဲ ရှေ့တက်၍ မီးနဂါးကြီးကို ဝါးမြိုလိုက်သည်။

၄င်းက မန်ဟို့ကို ခေါင်းလှည့်ကြည့်ပြီး ၄င်း၏နှုတ်ခမ်းသည် ရုပ်ဆိုးအကြည်းတန်သောအပြုံးတစ်ခုဖြင့် ကောက်ကွေးသွားသည်။ ဓားပျံပေါင်းများစွာ ထွက်ပေါ်လာ၏။ ချက်ချင်းပင် ၄င်းတို့သည် အစိတ်စိတ်အမြွှာမြွာကွဲထွက်သွားပြီး ဓားသွားတိမ်တိုက်အသွင်ပြောင်းကာ မယုံကြည်နိုင်ဖွယ်အားကြီးဖြင့် တဟုန်ထိုးပြေးဝင်သွားသည်။ ၄င်းက လေဆင်နှာမောင်းကြီးကဲ့သို့ ဝါကြင့်ကြင့်မျက်နှာနှင့်လူကို ဝင်တိုက်သွားလေသည်။ တစ်ချိန်တည်းမှာပင် သစ်သားဓားနှစ်လက်သည် ထက်မြက်ခြင်းများကို ထုတ်လွှတ်ရင်း ပုံရိပ်ထံ နောက်ပြန်လည်လာသည်။ ၄င်းတို့က ထိုပုံရိပ်၏ဦးခေါင်းတည့်တည့်သို့ ဝင်စိုက်သွားသည်။

၄င်းတို့နောက်တွင် မန်ဟို ယခုလေးတင် ပစ်ပေါက်လိုက်သော အနက်ရောင်ပိုက်ကွန်လိုက်ပါလာသည်။

ဓားပျံများက ပုံရိပ်ကို ထက်ပိုင်းနီးပါး စုတ်ဖြဲပြီး သစ်သားဓားများက ၄င်းခေါင်းထဲ ထိုးစိုက်သွားသဖြင့် တဖောက်ဖောက်မြည်သံများး ထွက်ပေါ်လာ၏။ သို့သော် ပုံရိပ်သည်...... ဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာရသွားသည့်တိုင် ကျန်ရှိခဲ့သောမျက်နှာတစ်ခြမ်းဖြင့် စိုက်ကြည့်ပြီး ပြုံးနေဆဲဖြစ်သည်။ ၄င်းက သူ့ထံ နောက်တစ်ဖန်ပြေးလာရန် ကြိုးစားလိုက်သော်လည်း အနက်ရောင်ပိုက်ကွန်က အုပ်မိုးလိုက်လေသည်။ ၄င်း၏ခန္ဓာကိုယ်မှာ ပိုက်ကွန်အပေါက်များကြားမှ တိုးထွက်ရန် ကြိုးစားနေသဖြင့် လူးလွန့်နေလျက်ရှိသည်။

၄င်း၏ခန္ဓာကိုယ်သည် စုပ်ယူအားတစ်မျိုးကို ထုတ်လွှတ်နေပုံရလေရာ ဒုတိယထပ်တစ်ထပ်လုံး ပုံရိပ်အတွင်း စုပ်ယူခံရတော့မည့်အလား တုန်ခါလာ၏။

"သတ်လို့မရပါလား...... တကယ်မှ အသက်မရှိတာကို။ ချီအခြေတည်အဆင့်ကျင့်ကြံသူတွေအများကြီးကို သတ်ခဲ့တာ အံသြစရာမရှိပါဘူး" ရက်စက်ကြမ်းကြုတ်မှုများပြည့်နှက်သော မျက်လုံးများဖြင့် သူ့ထံပြေးလာရန် ကြိုးစားနေသော ပုံရိပ်ကို မန်ဟို မျက်မှောက်ကြုတ်၍ ကြည့်နေမိသည်။ သူက ညာလက်ကို မြှောက်ပြီး ဂါယာမန္တန်ယားဆိုင်ရာမုဒြာဟန် လက်သွားကာ မြေကြီးကို လက်ညှိုးလိုက်သည်။

"မိစ္ဆာချုပ်နှောင်ခြင်း...... အဋ္ဌမမန္တန် ၊ ခန္ဓာကိုယ်ချုပ်နှောင်ခြင်း" သူက မြေကြီးမှ လက်ကိုမြှောက်ပြီး သူ့အရှေ့ရှိ စုတ်ပြဲနေသော ပုံရိပ်ကို လက်ညိုးထိုးလိုက်သည်။

အဆောက်အဦးတစ်ခုလုံး၊ တောင်တစ်တောင်လုံး တုန်ခါလာ၏။ သို့သော် ၄င်းတို့က အမှန်တကယ် လှုပ်ခါနေခြင်းမဟုတ်၊ ပုံရိပ်ယောင်သာ ဖြစ်သည်။ မန်ဟို၏ခန္ဓာကိုယ်နှင့် သူ၏လက်ချောင်းသာ အမှန်တကယ်လှုပ်ခါနေခြင်းပင်။ မန်ဟို၏မျက်လုံးများထဲတွင် တစ်ကမ္ဘာလုံးသည် အတူတကွ စုဆုံလာ၏။ ထို့နောက် ကမ္ဘာ၏ သရဲပုံရိပ်ပေါင်းများစွာ တစ်ကောင်ပေါ် တစ်ကောင် ထပ်၍ ပေါ်လာကြသည်။

အဆောက်အဦးနှင့် တောင်သည် ပုံရိပ်ယောင်နယ််ပယ်ထဲတွင်ဖြစ်ပြီး ပုံရိပ်မှာမူ ၄င်း၏သရဲအသွင်သဏ္ဍာန်တစ်ခုလည်း ပေါ်ထွက်လာသည်။

ပထမဆုံးအနေဖြင့် ပုံရိပ်၏မျက်နှာပေါ်တွင် အံသြမယုံကြည်နိုင်သောအရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ ၄င်း၏ပါးစပ်မှာ အော်ဟစ်ရန် ဟလာသော်လည်း မအော်နိုင်ခင် ကမ္ဘာ၏သရဲပုံရိပ်များက ၄င်းအပေါ် စုပြုံပြုတ်ကျကာ ချုပ်နှောင်လိုက်တော့သည်။ ၄င်းကား နည်းနည်းလေးမှ ရွေ့လျားနိုင်ခြင်းမရှိတော့ပေ။

ဤအခိုက်အတန့်တွင် မန်ဟိုက ရှေ့တက်ပြီး ညာလက်ကို မြှောက်လိုက်သည်။ သူ၏လက်မကို အသုံးပြုရင်း လယ်ခလယ်ကို လှီးလိုက်သည်။ ၄င်းက သွေးများ စီးကျလာပြီး သွေးလက်ချောင်းအသွင်ပြောင်းသွား၏။

ဤသည်မှာ သွေးအင်မိုတယ်အမွေအနှစ်မှ သူ့ခေါင်းထဲ ခတ်နှိပ်ခဲ့သောပညာရပ်တစ်ခု၊ မျက်နှာဖုံးအသုံးပြုစရာမလိုအပ်သည့် မှော်စွမ်းရည်သုံးမျိုးထဲက တစ်ခုဖြစ်သည်။

သို့သော် ဤပညာရပ်များသည် အလွန်အစွမ်းထက်သော ကျင့်ကြံခြင်းအခြေခံကို လိုအပ်၏။ အတန်ငယ် တိတ်တဆိတ်ကျင့်ပြီးနောက် မန်ဟိုသည် သွေးလက်ချောင်းကို အသုံးပြုလာနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သွေးလက်ဝါးနှင့် သွေးမရဏကမ္ဘာကိုတော့ သူယခုထက်ထိ အသုံးမပြုနိုင်သေးပေ။

မည်သို့ပင်ဆိုစေ၊ ဤသည်မှာ နှစ်တစ်သောင်းအတွင်း တောင်ပိုင်းဒေသတွင် သွေးလက်ချောင်း ပထမဆုံးအကြိမ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ၄င်းက ပင်ကိုယ်အားဖြင့် အလွန်တရာအစွမ်းထက်လေသည်။ ထိုသည်ကို စဥ်းစားကြည့်ပါက သွေးအင်မိုတယ်အမွေအနှစ်မန္တန်ကွန်ချာ၌ မန်ဟိုသာ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အာရုံစိုက်ရန် စွမ်းရည်ကို ကျွမ်းကျင်တတ်မြောက်ပြီး ဤလက်ချောင်းသိုင်းကို ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်သုံးတိုင်နှင့်အတူ အသုံးပြုခဲ့လျှင်တော့ ဂိုဏ်းအမျိုးမျိုးမှ တာအိုကလေးများကိုပင် တုန်လှုပ်သွားစေမည်ဖြစ်သည်။

မန်ဟိုက ရှေ့လျှောက်လာပြီး သူ၏ညာဘက်လက်ခလယ်ကို ထူးဆန်းသောပုံရိပ်၏မျက်ခုံးနှစ်ဖက်အကြား ဖိပြီးနောက် အောက်သို့ဆွဲချလိုက်သည်။ ပုံရိပ်သည် စူးစူးဝါးဝါးအော်ဟစ်ပြီး တစ်ကိုယ်လုံးတုန်ရီလာ၏။ ဧရာမသွေးသံရဲရဲပြတ်ရှာကြီးတစ်ခု ၄င်း၏မျက်ခုံးနှစ်ဖက်ကြား စတင်ပေါ်လာပြီး အောက်သို့ စင်တီမီတာသုံးဆယ်ခန့်အထိ ကွဲကျလာသည်။ မြောက်မြားစွာသော ခဲရောင်ချီများ စီးထွက်လာ၏။ ရုတ်တရက် ၄င်း၏ခန္ဓာကိုယ်သည် နောက်တစ်ဖန်လှုပ်ရှားနိုင်သွားပြီး ၄င်းက အမြန်ဆုံးအရှိန်ဖြင့် နောက်ဆုတ်ကာ ဒုတိယထပ်မှ ထွက်ခွာသွားတော့သည်။

မန်ဟိုက တုံ့ဆိုင်းနေခြင်းမရှိဘဲ မျက်လုံးများ တဖျပ်ဖျပ်လက်လျက် နောက်က ထပ်ကြပ်မကွာလိုက်သွားသည်။ အရာအားလုံး တိတ်ဆိတ်နေသဖြင့် ထူးဆန်းနေရာ မန်ဟိုရပ်လိုက်သည်။ သူက တခဏစဥ်းစားပြီးနောက် သူ၏နေအိမ်ထဲပြန်ဝင်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ကံကောင်းခြင်းအဆောင်ကို ထုတ်၍ ၄င်းထဲသို့ စိတ်ဝိညာဥ်အာရုံအနည်းငယ် ပို့လွှတ်လိုက်ပြီး သူရှာနေသောအရာကို တွေ့လိုက်သည့်နောက်မှ သူ့မှာ စိတ်သက်သာရာရသွားတော့သည်။ ၄င်းက အလုပ်လုပ်နေသေးလေသည်။ သူက တည်နေရာရွှေ့ပြောင်းရန် မရွေးချယ်ဘဲ အဆောက်အဦးးအပြင်ဘက်ကို အေးစက်စွာကြည့်လိုက်သည်။ လေလည်းမတိုက်၊ သစ်ရွက်သံလည်းမကြားရသလို၊ အန္တရာယ်အရိပ်အယောင်တစ်စုံတရာမရှိပေ။ ရှိလျှင် သူ ချက်ချင်းထွက်ခွာသွားနိုင်၏။

အချိန်များကုန်လွန်သွားပြီး ရုတ်တရက် သွေးပျက်ချောက်ချားဖွယ်အော်သံတစ်သံ ပတ်ဝန်းကျင်ရှိ တောင်တစ်လုံးမှ ထွက်ပေါ်လာသည်။ ထို့နောက် ဒုတိယမြောက်၊ တတိယမြောက်။ အဆုံးသတ်တွင် စုစုပေါင်း ငါးယောက်ဖြစ်သည်။

သူတို့ထဲက သုံးယောက်သည် တကယ်တမ်း ပတ်ဝန်းကျင်တွင်ရှိသော်လည်း ပုန်းကွယ်နေကြသည့် ချင်းလော်ဂိုဏ်း၊ ဂိုဏ်းသားများ ဖြစ်ကြသည်။ သူတို့၏ခန္ဓာကိုယ်များ ခြောက်ကပ်လာပြီး သူတို့၏အသွေးအသားများမှာ အသက်မရှိသောအရေပြားသာ မြေပေါ်သို့ပုံသွားသည့်အထိ စုပ်ယူခံလိုက်သဖြင့် အော်သံများ ဆူညံနေတော့သည်။

ဤညကား အေးအေးချမ်းချမ်း ကုန်လွန်သွားမည်မဟုတ်တော့ပေ။ ချီအခြေတည်ခြင်းအဆင့် ကျင့်ကြံများစွာမှာ သတိရှိနေကြပြီး ချင်းလော်ဂိုဏ်းသားများပင်လျှင် လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ မိုးသောက်ချိန်ရောက်မှသာ ငြိမ်သက်သွားပုံရတော့သည်။

ချင်းလော်ဂိုဏ်းသားများနှင့် ချီအခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့သည့် စုတ်ပြတ်နေသောပုံရိပ်တစ်ခုကို လူအတော်များများမြင်လိုက်ကြသည်။ နောက်ဆုံးတွင် ချင်းလော်ဂိုဏ်း၏အကြီးအကဲတစ်ယောက်ရောက်လာပြီး ပုံရိပ်ကို သတ်လိုက်သည်။ ကျင့်ကြံသူအများစုအတွက် ဤအခြင်းအရာကို သူတို့စောင့်စားနေခဲ့သည့်ဖြေရှင်းချက်အဖြစ် မှတ်ယူလိုက်ကြလေသည်။

နောက်ရက်အနည်းငယ်အတွင်း ချီအခြေတည်အဆင့်ကျင့်ကြံသူများအကြား လျှို့ဝှက်ဆန်းကြယ်သောလူသေမှုများ မဖြစ်ပွားတော့ပေ။ တဖြေးဖြေး လူအများ ထိုကိစ္စအကြောင်း ပြောဆိုခြင်းများရပ်တန့်သွားသည်။

အချိန်များ လျှပ်တပြက်ကုန်ဆုံးသွားပြီး မန်ဟို ချင်းလော်ဂိုဏ်းသို့ ရောက်ရှိသည့်နေ့မှစ၍ ခြောက်ရက်ရှိသွားလေပြီ။ တစ်ရက်ပြီးတစ်ရက်ကုန်လွန်သွားစဥ် မန်ဟိုသည် အမြဲသတိရှိနေ၏။ သို့သော် ထိုအချိန်အတောအတွင်း မည်သူမှ သူ့ကို အနှောက့်အယှက်မပေးပေ။ ခုနစ်ရက်မြောက်နေ့မိုးသောက်ယံတွင် ရှင်းလင်းပြတ်သားသော ခေါင်းလောင်းသံများ မြည်ဟည်းလာပြီး တောင်တစ်သောင်းဒေသကို ပြည့်နှက်သွားကာ ချီအခြေတည်အဆင့်ကျင်ကြံသူအားလုံး၏နားထဲ ဝင်ရောက်လာတော့သည်။

"တောင်ပိုင်းဒေသရဲ့ တာအိုရောင်ရင်းအပေါင်းတို့" အသံတစ်သံ ပဲ့တင်ထပ်လာ၏။ "သင်တို့ မြေဆေးလုံးကိုယ်စီ ရရှိခဲ့ပြီးပါပြီ။ သင်တို့အမှုထမ်းပေးရမယ့် အချိန်ရောက်ရှိလို့လာပြီဖြစ်ပါတယ်။ ကျုပ်တို့ ချင်းလော်ဂိုဏ်းရှာဖွေနေတဲ့ ပစ္စည်းရအောင် ကူညီပေးရင် သင်တို့ကို မြေဆေးလုံးတွေနဲ့ ထိုက်ထိုက်တန်တန် ချီးမြှင့်ပါ့မယ်" ချီအခြေတည်အဆင့် ကျင့်ကြံသူများ ပျံတက်လာကြရာ ရောင်စုံအလင်းတန်းတစ်တန်းပြီးတစ်တန်း တောင်အသီးသီးမှ တဟုန်ထိုးတက်လာကြသည်။ မန်ဟိုလည်း ပျံတက်ပြီး ဘေးဘီဝဲယာကို အေးစက်စွာ ကြည့်ရင်း နောက်မှလိုက်ပါသွား၏။

ချင်းလော်ဂိုဏ်း တောင်တစ်ထောင်မှ ရောင်စုံအလင်းတန်းဒါဇင်များစွာ လေထဲသို့ တရွှီးရွှီးထိုးတက်လာကြသည်။ ထို့ပြင် အချင်းအားဖြင့် သုံးဆယ်မီတာခန့်ရှိသော အနက်ရောင်ဖုန်းရွှေသံလိုက်အိမ်မြှောင်များစွာလည်း ပျံတက်လာလေသည်။

ဖုန်းရွှေသံလိုက်အိမ်မြှောင်တစ်ခုစီပေါ်တွင် လူတစ်ယောက်စီသာ ရပ်နေကြသည်။ သုံးလေးယောက်လောက်က ချင်းလော်ဂိုဏ်း၏တာအိုဝတ်ရုံများဝတ်ဆင်ထားပြီး စဦးချီဖွဲ့စည်းမှုအဆင့်တွင် ဖြစ်ကြသည်။ အခြားသူများအားလုံးက ချီအခြေတည်အဆင့်ကျင့်ကြံသူများပင်။

စဦးချီဖွဲ့စည်းမှုကျင့်ကြံသူများအားလုံးမှာ ဤနေရာတွင် မရှိလိုသည့်အလား ရှက်ရွံပြီး စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာများရှိသည်။ သို့သော် သူတို့မှာ ဂိုဏ်းအမိန့်ကို မလွန်ဆန်နိုင်ပေ။ ဤလူများအားလုံးမှာသာမန်ပင်ကိုယ်စွမ်းရည်များသာ ရှိသော အပြင်စည်းဂိုဏ်းသားများဖြစ်၏။ ပို၍ကောင်းမွန်သော ပင်ကိုယ်စွမ်းရည်ဖြင့် ဂိုဏ်းသားများဆိုလျှင် လှုပ်လှုပ်ရှားရှားဖြစ်လိမ့်မည်မဟုတ်ပေ။

မကြာခင် အချင်းအားဖြင့် မီတာသုံးရာရှိသော ခရမ်းရောင်ဖုန်းရွှေသံလိုက်အိမ်မြှောင်ဆယ်ခု ချင်းလော်ဂိုဏ်း၏ တောင်တစ်ရာမှ ပျံထွက်လာသည်။ သံလိုက်အိမ်မြှောင်တစ်ခုစီအပေါ်တွင် တင်ပျဥ်ခွေထိုင်နေသော ကျင့်ကြံသူတစ်ယောက်စီရှိ၏။ သူတို့ထဲကတစ်ယောက်သည် ဟန့်ပေ့ဆိုသော မိန်းကလေးပင်။ သံလိုက်အိမ်မြှောင်များအပေါ် တင်ပျဥ်ခွေထိုင်နေသည့် အခြား ခရမ်းရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကိုးယောက်တွင် အမျိုးသားများလည်းရှိသလို၊ အမျိုးသမီးများလည်းရှိ၏။ သူတို့အားလုံးက စိတ်အားတက်ကြွနေပုံရသည်။ သူတို့ကား သိသာထင်ရှားစွာပင် ဂိုဏ်းမှ ရွေးချယ်ခံများဖြစ်ကြလေသည်။

သူတို့က ရှေ့သို့ ပျံသန်းလာပြီး လေလယ်တွင် ရပ်လိုက်သည်။ အဝေးတစ်နေရာမှ မီတာသုံးထောင်အကျယ်ရှိသော ရွှေရောင်ဖုန်းရွှေသံလိုက်အိမ်မြှောင်သုံးခု ထွက်ပေါ်လာ၏။ ၄င်းတို့က ရှေ့သို့ပျံထွက်လာသည်။

သံလိုက်အိမ်မြှောင်တစ်ခုစီအပေါ်တွင် လူတစ်ယောက်စီထိုင်နေသည်။ အမျိုးသားနှစ်ယောက်၊ အမျိုးသမီးတစ်ယောက်ဖြစ်၏။ တစ်ယောက်သည် အကြီးအကဲချိန်ဖြစ်ပြီး အခြားနှစ်ယောက်မှာ အေးစက်သောအမူအရာများဖြင့် သက်လတ်ပိုင်းအရွယ်ဖြစ်ဟန်တူလေသည်။

ရွှေရောင်ဖုန်းရွှေသံလိုက်အိမ်မြှောင်များပြီးနောက် နောက်ထပ်အငယ်စားတစ်ခု ထွက်ပေါ်လာသည်။ ၄င်းသည် အချင်းအားဖြင့် သုံးမီတာသာရှိပြီး ခရမ်းရောင်ဖြစ်၏။ ဤဖုန်းရွှေသံလိုက်အိမ်မြှောင်ပေါ်တွင် ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ယောက် တင်ပျဥ်ခွေထိုင်လျက်ရှိသည်။

သူ၏မျက်နှာပေါ်၌ အနက်ရောင် မွေးရာပါအမှတ်ကြီးတစ်မှတ်ရှိရာ သူ၏သာလွန်ထူးကဲသော အမူအရာကို အတော်လေးဖျက်စီးနေချေသည်။ သူက ရက်စက်ကြမ်းကြုတ်ပုံရပြိိး သူပေါ်လာသည့်အခိုက်အတန့်တွင် အရာအားလုံးမှောင်မိုက်သွားသည့်အလားပင်။

သို့သော် မန်ဟို့အာရုံကို ဆွဲဆောင်လိုက်သူက အဘိုးအိုမဟုတ်။ သူ့အနောက်တွင် ကျင့်ကြံသူရာပေါင်းများစွာရှိသော ဖုန်းရွှေသံလိုက်အိမ်မြှောင်တစ်ခုရှိသည်။ သူတို့အလယ်တွင် အထီးကျန်နေသောအသွင်နှင့် အမျိုးသမီးတစ်ဦးရှိ၏။

သူမကို မြင်လိုက်သည့်အခိုက်အတန့်တွင် မန်ဟိုသည် လွန်ခဲ့သောနှစ်ပေါင်းများက လရောင်ဖြာသော ထိုနေ့ရက်ကို အမှတ်ရလိုက်သည်။ သူ့စိတ်ထဲတွင် သူမ သူ့ကို လှည့်ကြည့်နေသည်ကို မြင်ရပြီး သူမပြောခဲ့သောစကားလုံးလေးများကို ပြန်ကြားယောင်လာလေသည်။

"ငါ ဆေးဝါးအရောင်းဆိုင်ကို ရောက်ခဲ့တယ်။ မင်းငါ့ကို ပေးခဲ့တဲ့ ရုပ်ပျိုဆေးလုံးဆိုတာ သူတို့ဆီက ဝယ်ခဲ့တာမဟုတ်ဘူးတဲ့"

အစ်မရှု။

***

All Chapters