အန္တိမဒုက္ခ
Vol. 11 Ch. 146
အလောင်း၏မျက်ခုံးနှစ်ဖက်အကြားတွင် လုံးလုံးလျားလျားအေးခဲနေပုံရသော အပေါက်တစ်ပေါက်ရှိသည်။ အလောင်း၏ ကျန်ရှိသောအစိတ်အပိုင်းများ ပုပ်သိုးဆွေးမြည့်သွားစေကာမူ၊ ဤအစက်က ထာဝရတည်ရှိနေမည့်အလားပင်။
လူတိုင်းသည် ဖြေးဖြေးချင်း မျောလွင့်နေသော ရေခူကြီးကို ကြည့်ရင်း မလှုပ်မယှက်ရပ်နေကြသည်။ ၄င်း၏လက်တံရှည်များက ဖုန်းရွှေသံလိုက်အိမ်မြှောင်များ၏အလယ်ကိုဖြတ်၍ အဝေးသို့ ဆက်ရွေ့လျားသွားသည်။ အဆုံးသတ်တွင် ခေါင်းဆောင်ကြီးဇီလော် သက်ပြင်းခပ်ဖွဖွချလိုက်သည်။ သူက ထရပ်ပြီး ထွက်ခွာသွားသော ရေခူကြီးဘက် မျက်နှာမူကာ လက်နှစ်ဖက်ကိုယှက်ရင်း လေးလေးစားစား ဦးညွှတ်အရိုအသေပေးလိုက်သည်။
ထို့နောက် သူ၏ရှေးဆန်သောအသံကြီးသည် တဖြေးဖြေးလေထဲတွင် ပြည့်နှက်လာသည်။ "ဒါက ချင်းလော်ဂိုဏ်းရဲ့ တတိယမျိုးဆက်ဘိုးဘေးကြီးပဲ။ သူ့ရဲ့ကျင့်ကြံခြင်းအခြေခံက တာအိုရှာဖွေခြင်းအဆင့်အထွတ်အထိပ်မှာဖြစ်တယ်။ သူ အင်မိုတယ်အဆင့်တက်ခြင်းရောက်ရှိဖို့ ကြိုးစားနေတဲ့အချိန် ဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီးတစ်ယောက်က သူ့ကို အလစ်တိုက်ခိုက်ခဲ့တယ်။ ဒါနဲ့ သူ အင်မိုတယ်နယ်ပယ်ကို မရောက်ရှိတော့ဘဲ ဒီလမ်းကြောင်းကို ကျရောက်လာခဲ့ရတယ်
"အဲ့ဒီ့နှစ်က ကျုပ်တို့ဂိုဏ်းနဲ့ ဝမ်မျိုးနွယ်စု နှစ်ပေါင်းသုံးထောင်တိုင်တိုင် သွေးချောင်းစီးစစ်ပွဲ ဆင်နွှဲခဲ့ကြတယ်။ နောက်ဆုံးတော့ စစ်မက် ပြေငြိမ်းသွားခဲ့တယ်။ ဒါပေမယ့် မင်းတို့ချင်းလော်ဂိုဏ်းသားတွေအားလုံး ဂိုဏ်းသမိုင်းကြောင်းရဲ့ ဒီဖြစ်ရပ်ကို နှလုံးသားထဲထိ မှတ်သားထားရမယ်"
ချင်းလော်ဂိုဏ်းသားအများစုအတွက် ဤသည်မှာ ဤဖြစ်ရပ်ကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်ပုံရသည်။ သူတို့ နားထောင်နေစဥ် သူတို့၏မျက်လုံးများသည် တဖျပ်ဖျပ်လင်းလက်တောက်ပလျက်ရှိ၏။ မန်ဟိုက ရေခူကြီး ထွက်သွားသည်ကို ကြည့်ရင်း ရင်တဒိန်းဒိန်းခုန်နေချေသည်။
မကြာမီ အဖွဲ့ ရှေ့ဆက်သွားကြသည်။ သူတို့ ရေခူကြီးကဲ့သို့ ထူးဆန်းသောဖြစ်စဥ်များနှင့် မကြုံတွေ့ရတော့ပေ။ သူတို့ နှစ်ရက်နီးပါးပျံသန်းနေကြပြီးနောက် ရုတ်တရက် ဖုန်းရွှေသံလိုက်အိမ်မြှောင်များ၏ စူးရှသောအလင်းရောင်များသည် ဤတောင်ကြားလမ်း၏ ပို၍သေးငယ်သောလမ်းခွဲတစ်ခုထံ ဝင်ရောက်ပျောက်ကွယ်သွားကြ၏။
ယခုတွင် အဆုံးအစမဲ့ သွယ်တန်းလျက်ရှိသော မယုံကြည်နိုင်ဖွယ် တောင်တန်းကြီးကို မန်ဟိုမြင်ရလေသည်။ အပင်နှင့်တူသောအရာဟူ၍ မရှိဘဲ မျက်စိတဆုံး ခဲရောင်သာဖြစ်သည်။ အဝေးတစ်နေရာတွင် လမ်းကြောင်းတစ်ကြောင်း ဖြစ်ပေါ်နေသော ချောက်နက်ကြီးသဖွယ် ဧရာမအက်ကြောင်းကြီးတစ်ခုရှိဟန်တူသည်။
လမ်း၏တစ်ဖက်တစ်ချက်စီတွင် အောက်ခြေကိုမမြင်ရလောက်အောင် ကျဆင်းနေသော ချောက်ကမ်းပါးများရှိသည်။
အံသြဖွယ်ကောင်းစွာ ချောက်ကြီး၏အပြင်တွင် ကျင့်ကြံသူရာချီ တင်ပျဥ်ခွေထိုင်နေကြ၏။ သူတို့မျက်နှာများအားလုံး ဖြူဖပ်ဖြူလျော်ဖြစ်နေကြပြီး အတော်လေးပင်ပန်းနွမ်းနယ်နေပုံရသည်။ အယောက်လေးငါးဆယ်လောက်က ကြံရာကျပန်းအဝတ်အစားပုံစံများဖြစ်ရာ ချင်းလော်ဂိုဏ်းသားများမဟုတ်ကြောင်း သိသာလေသည်။ သူတိုသည် မန်ဟိုတို့အဖွဲ့ထက် အလျင်စော၍ ရောက်ရှိခဲ့ကြသည့် သင်းကွဲချီအခြေတည်အဆင့်ကျင့်ကြံသူများအဖွဲ့တစ်ဖွဲ့ဖြစ်၏။
အဖွဲ့နှစ်ဖွဲ့ တစ်ဖွဲ့ကိုတစ်ဖွဲ့ ကြည့်လိုက်ကြသည်။
ကျန်ရှိသောကျင့်ကြံသူများမှာ ချင်းလော်ဂိုဏ်းသားများဖြစ်ကြသည်။ ခေါင်းဆောင်ကြီးဇီလော်ဦးဆောင်လာသည့်အဖွဲ့ကို မြင်သောအခါ သူတို့၏အမူအရာများ ဝင်းပသွားကြသည်။ သူတို့အားလုံး ထရပ်လိုက်ကြပြီး သူတို့အလယ်မှ တောက်ပြောင်သောအဝတ်အစားများ ဝတ်ဆင်ထားသည့် လှပသောသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ထွက်လာသည်။ သူမ၏မျက်နှာ အတန်ငယ်ဖြူဖပ်ဖြူလျော်ဖြစ်နေသော်လည်း သူမက ရင့်ကျက်တည်ငြိမ်သော ကျက်သရေကို ထုတ်လွှတ်နေလေသည်။
သူမက ခေါင်းဆောင်ကြီးဇီလော်ကို မြင်သောအခါ သက်ပြင်းခပ်ဖွဖွချပြီး ခေါင်းညိတ်လိုက်သည်။
အမျိုးသမီးသည် မန်ဟို့ကို သတိမထားမိသော်လည်း သူကတော့ သူမကို မှတ်မိသည်။ သူမသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက မှီခိုရာဂိုဏ်းမှ ရှုချင်ကို ခေါ်ဆောင်သွားခဲ့သည့်အမျိုးသမီးပင်။
"ခေါင်းဆောင်ကြီးဇီလော်နဲ့ဆိုရင် အနုသုခုမရုပ်ခန္ဓာအခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်ရှိပြီ" မန်ဟိုတွေးနေမိသည်။ "...... ဒီနေရာက ဘယ်လိုနေရာမျိုးပါလိမ့်။ တကယ်ပဲ မြင့်မြတ်သောနယ်မြေတစ်ခုလား" သူက တခဏကြာ တွေးပြီးနောက် သိုလှောင်အိတ်ကို ပုတ်ရန် လက်မြှောက်လိုက်သည်။ ထို့နောက် ကံကောင်းခြင်းအဆောင်ကို ကိုင်ပြီး ၄င်းအထဲသို့ စိတ်ဝိညာဥ်အာရုံအနည်းငယ် ပို့လွှတ်လိုက်၏။ အတွင်းထဲက နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ကို အာရုံမှသာ သူ၏ပူပင်သောကတို့ အတန်ငယ်ပြေလျော့သွားလေသည်။
ချင်းလော်ဂိုဏ်းသို့ သူလာရောက်ရန် ဆုံးဖြတ်ချက်ခဲ့ရသည့်အကြောင်းပြချက်များထဲက တစ်ခုမှာ ကံကောင်းခြင်းအဆောင်၏ နေရာရွှေ့ပြောင်းခြင်းအပေါ် အားထားနိုင်စွမ်းကြောင့်ပင်။ မှီခိုရာဂိုဏ်းချုပ်ကိုယ်တိုင် သူ၏စုဆောင်းမှုထဲတွင် ဤပစ္စည်းကို သိမ်းထားသည့်အတွက် တစ်ခါမှမစမ်းကြည့်ဖူးသော်လည်း ၄င်းတွင် မန်ဟို ယုံကြည်ချက်ရှိလေသည်။
သူ၏ မျက်လုံးထောင့်မှ ကျင့်ကြံသူအဖွဲ့အတွင်းရှိ ရှုချင်ကို မြင်လိုက်သည်။ သူမသည် နန့်တန့်တန့်အမျိုးသမီး သူမကို လှောင်ပြောင်ရယ်မောနေသဖြင့် မျက်မှောင်လေးကြုံနေချေသည်။
မန်ဟို မျက်မှောင်ကြုတ်သွားသည်။ အစ်မရှု မပျော်သည်ကို သူမြင်နိုင်လေသည်။ သူက နန့်တန့်တန့်အမျိုးသမီးကို ကြည့်ပြီး သူ့မျက်လုံးများထဲရှိ အေးစက်မှူသည် ပို၍ပြင်းထန်လာ၏။
ဤအခိုက်အတန့်တွင် ခေါင်းဆောင်ကြီးဇီလော်က ထရပ်ပြီး သူ့ခြေထောက်အောက်ရှိ ဖုန်းရွှေသံလိုက်အိမ်မြှောင်သည် ကျုံ့လာ၏။ သူက လှပသောအမျိုးသမီးထံ လျှောက်သွားပြီး အသံတိုးတိုးဖြင့် စကားပြောနေကြလေသည်။ သူတို့နှစ်ယောက် ကိစ္စတစ်ခုအား ဆက်လက်ဆွေးနွေးနေကြစဥ် ခေါင်းဆောင်ကြီးဇီလော်၏မျက်နှာပေါ်တွင် အရုပ်ဆိုးသောအမူအရာတစ်ခု ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူတို့က အတူတူလှည့်ပြီး ချောက်နက်ထံ လျှောက်သွားကြသည်။
ထို့နောက် ချင်းလော်ဂိုဏ်းသားများအားလုံး အလင်းတန်းအသွင်ပြောင်းကာ ဖုန်းရွှေသံလိုက်အိမ်မြှောင်များမှ ထွက်ခွာပြီး အက်ကြောင်းထံ တဟုန်ထိုးဝင်သွားကြသည်။ အက်ကြောင်းအပြင်ဘက်တွင် တင်ပျဥ်ခွေထိုင်နေကြသော ကျင့်ကြံသူများလည်း ထရပ်ပြီး လှုပ်ရှားလိုက်ကြသည်။
ရှဲ့ကျဲက မန်ဟိုအပါအဝင် သင်းကွဲကျင့်ကြံသူများထံ လက်ယှက်လိုက်သည်။ "ဂုဏ်သရေရှိ လူကြီးမင်းများနှင့် အမျိုးသမီးအပေါင်းတို့ ၊ ကျေးဇူးပြုပြီး ကျုပ်နောက်ကလိုက်ခဲ့ကြပါ" သူတို့အောက်ရှိ ဖုန်းရွှေသံလိုက်အိမ်မြှောင်စတင်ကျုံ့လာ၏။ လူတိုင်းမှာ ဘာလုပ်ရမည်လဲ စဥ်းစားနေကြပုံထောက်သည်။ သို့သော် တစ်ယောက်မှ ထွက်မသွားကြပေ။ သူတို့၏အတွေးပေါင်းစုံကို သူတို့နှင့်အတူတစ်ပါတည်းယူဆောင်သွားရင်း အလင်းတန်းအသွင်ပြောင်းကာ အက်ကြောင်းထဲ ဝင်ရောက်သွားကြတော့သည်။
မန်ဟိုသည် မပြောင်းလဲသောအမူအရာဖြင့် ဖြေးညှင်းစွာ ပျံသန်းနေသည်။ သူ့နောက်တွင် ရှုချင်ပါရှိသောအဖွဲ့ လိုက်ပါလာ၏။ သို့သော် သူမမှာ သိသာထင်ရှားစွာ ချီအခြေတည်အဆင့်မဟုတ်ပေ။ သူမက စစ်မှန်သောအလင်းကို မရရှိနိုင်သဖြင့် ရောင်စုံမြူတိမ်တစ်ခုထက်မှ ပျံသန်းနေချေသည်။
မန်ဟို အရှိန်အနည်းငယ်လျှော့လိုက်သော်လည်း ရှဲ့ကျဲက လျှပ်စီးသဖွယ် လင်းလက်နေသော မျက်လုံးများဖြင့် သူ့ကို လှည့်ကြည့်သည်။ သူက တစ်ခုခုပြောတော့မည့်ပုံရသော်လည်း အမျိုးသမီးတစ်ယောက် မန်ဟို့ဘေးနား ရောက်လာသဖြင့် မပြောတော့ပေ။
"တာအိုရောင်ရင်းမန်၊ ကျွန်မတို့တွေ့ပြန်ပြီနော်" အမျိုးသမီးသည် ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ သူမမှာ လှပချောမောပြီး ဆွဲဆောင်မှုရှိသည့်အပြင် သူမပြုံးလိုက်သောအခါ သူမ၏သွားလေးများသည် ဖြူဖွေးစီးတန်းနေချေသည်။ သူမက မန်ဟို့ဘေးမှ ပျံသန်းလိုက်ပါလာသည်။
"အာ တာအိုရောင်ရင်းဟန်" မန်ဟိုက သူမကိုကြည့်ပြီး ခေါင်းညိတ်ကာဆိုသည်။ ဤသည်မှာ လွန်ခဲ့သောရက်အနည်းငယ်က သူ့ထံ မြေဆေးလုံး လာရောက်ပို့ဆောင်ပေးခဲ့သော အမျိုးသမီးပင်။
တစ်ထောင်နီးပါးရှိသော ကျင့်ကြံသူအဖွဲ့သည် အက်ကြောင်းအတွင်းသို့ လေကိုခွင်း၍ တဝီးဝီးပျံသန်းနေကြသည်။ သူတို့၏ဘေးတစ်ဖက်တစ်ချက်စီက ကျောက်သားနံရံများသည် မြင့်တက်လာကြ၏။ အက်ကြောင်းမှာ အောက်ခြေမရှိသည့်အလား သူတို့အောက်တွင် မည်သည့်အရာကိုမှမမြင်ရပေ။
"တာအိုရောင်ရင်းမန်" ဟန်ပေ့က ရုတ်တရက် သာယာနာပျော်ဖွယ်ကောင်းသောအသံဖြင့် ပြောသည်။ "ရှင့်မှာလေ အရမ်းခန့်ညားတဲ့ပုံစံရှိတယ်။ ကြည့်ရတာ ရှင်က ထူးခြားတဲ့မိသားစုက လာပုံပဲ။ မြေဆေးလုံးလေးအတွက်နဲ့ ဒီကိစ္စမှာဝင်ပါစရာလိုလို့လား"
မန်ဟို၏မျက်လုံးများ ရိပ်ခနဲဖြစ်သွားပြီး သူက သူမကို ကြည့်လိုက်သည်။
"ခင်ဗျားပြောနေတဲ့အကြောင်း ကျုပ်နားမလည်တာ စိုးရွံ့မိပါတယ် တာအိုရောင်ရင်းဟန်" ဤအချိန်တွင် အဖွဲ့သည် အက်ကြောင်းအထဲ အတော်ဝေးဝေး ပျံသန်းခဲ့ပြီးလေပြီ။ သူတို့ပတ်လည်က ကျောက်နံရံများမှာ တဖြေးဖြေး အနက်ရောင်သမ်းလာ၏။ ကျောင်ဆောင်များသည် ယခုတွင် တလက်လက်တောက်ပနေချေသည်။
ဟန့်ပေ ပြန်မတုံ့ပြန်နိုင်ခင် ဘေးပတ်လည်ကကျင့်ကြံသူများ စိတ်လှုပ်တရှား စကားပြောလာကြသည်။
"ဒါ..... သလင်းကျောက်နံရံပဲ"
"ဒါ ဘယ်လိုနေရာမျိုးလဲ။ သလင်းကျောက်တွေ အများကြီးပဲ။ ဒါတွေက အဆင့်မြင့်ဝိညာဥ်ကျောက်တုံးတွေထက်တောင် အရည်အသွေးပိုကောင်းသေးတယ်"
ကျင့်ကြံသူတချို့က အနည်းငယ်တူးယူရန် ရည်ရွယ်ရင်း သလင်းကျောက်နံရံဆီ ပျံသန်းသွားကြသည်။
သို့သော် သူတို့ ကျောက်နံရံကို ထုလိုက်သည့်အခိုက်အတန့်၌ သူတို့၏ခန္ဓာကိုယ်များ ခြောက်ကပ်သွားသဖြင့် သွေးပျက်ချောက်ချားဖွယ် အော်သံများ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် လေယူရာလွင့်မျောသွားသော ပြာများအသွင်ပြောင်းသွားတော့သည်။ သူတို့၏သိုလှောင်အိတ်များပင် မကျန်ခဲ့ပေ။ သူတို့ ထိခဲ့သည် ကျောက်နံရံများ၏နေရာများမှာ ယခုတွင် သလင်းကျောက်များ ပို၍ပေါများလာဟန်တူသည်။ ၄င်းတို့က လျှို့ဝှက်ဆန်းကြယ်စွာ မှိတ်တုတ်မှိတ်တုတ် လက်နေလျက်ရှိသည်။
ဤအခြင်းအရာကိုမြင်သော် မန်ဟို၏မျက်လုံးများ ကျဥ်းမြောင်းသွား၏။ ပတ်ဝန်းကျင်မှ သင်းကွဲကျင့်ကြံသူများလည်း ခေတ္တခဏ အသက်ရှူရပ်သွားသည်။ ချင်းလော်ဂိုဏ်းသားများမှာမူ သတိထားမိပုံပင်မရပေ။ ကြည့်ရသရွေ့ သူတို့သည် သလင်းကျောက်နံရံ၏လုပ်ဆောင်ချက်ကို ကောင်းကောင်းသိရှိထားပြီးဖြစ်ပုံထောက်သည်။
"အစ်ကိုမန်" ဟန့်ပေက အဓိပ္ပါယ်ပါသောအပြုံးတစ်ခုဖြင့် ပြောသည်။ "ရှင် စောင့်ကြည့်ခံနေရတယ်။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ စကားမစပ်......ရှင်ကတကယ်ပဲ မန်မျိုးရိုးလား" သူပြန်မပြောနိုင်ခင် သူမက သူ့ဘေးမှ ထွက်ခွာသွားသည်။
ရုတ်တရက် ဟိန်းဟောက်သံကြီးတစ်သံ ကြားလိုက်ရသည်။ ၄င်းက အရာရာတိုင်းကို တုန်ခါသွားစေရင်း လေတွင်ပြည့်နှက်လာ၏။ ထို့နောက် ရုတ်ခြည်းပျောက်ကွယ်သွားသည်။ ဟန်ပေ့ သူ့ထံပျံထွက်သွားသဖြင့် မန်ဟိုမျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူ့အကြည့်သည် ခေါင်းဆောင်ကြီးဇီလော်နှင့် လှပသောသက်လတ်ပိုင်းအမျိုးသမီးတို့ နှစ်ယောက်အတူဖျက်စီးရန် ကြိုးစားနေသည့် အရှေ့ရှိ ဧရာမတံခါးကြီးထံရောက်သွားသည်။
ကျောက်တံခါးကြီးက အစိတ်စိတ်အမြွှာမြွာပြိုကွဲရန် ငြင်းဆန်နေသည်။ ၄င်းသည် ၄င်းကို အကောင်းပကတိပြန်ဖြစ်စေနိုင်သော ထူးခြားဆန်းကြယ်စွမ်းအားတစ်ခုဖြင့် ဖွဲ့စည်းတည်ဆောက်ခြင်းခံထားရပုံပေါ်သည်။
ကျိုးပေါက်နေသောတံခါးနောက်တွင် တင်ပျဥ်ခွေထိုင်နေသောကျင့်ကြံသူနှစ်ရာအဖွဲ့ကို မန်ဟိုမြင်လိုက်ရသည်။ သူတို့က မတိတပ်ရပ်လိုက်ကြသည်။ သူ့အရှေ့၌ ပုလဲတစ်လုံးကို လက်ထဲကိုင်ထားသော ဖြူဖပ်ဖြူလျော်မျက်နှာနှင့် လူငယ်တစ်ယောက်ရှိသည်။ ပုလဲက ကျောက်တံခါးကြီး၏ ပြန်လည်တည်ဆောက်ခြင်းဖြစ်စဥ်ကို နှေးကွေးနေစေပုံရသော အလင်းဖျော့ဖျော့ထုတ်လွှတ်နေသည်။
"ဂိုဏ်းသားလျူဝု ခေါင်းဆောင်ကြီးတို့ကို ဂါရပြုပါတယ်" သူစကားပြောလိုက်စဥ် ခေါင်းဆောင်ကြီးဇီလော်နှင့် လှပသောသက်လတ်ပိုင်းအမျိုးသမီးတို့ ကျောက်တံခါးကိုဖြတ်၍ ဝင်ရောက်သွားသည်။ သူတို့က အင်္ကျီလက်စကို ခါလိုက်ရာ ကျောက်တံခါးသည် ၄င်းကိုယ်၄င်း ပြုပြင်မှု ပို၍နှေးကွေးသွား၏။
ထို့နောက် မန်ဟိုအပါအဝင် ကျင့်ကြံသူတစ်ထောင်အဖွဲ့သည် အလျင်အမြန်ဝင်ရောက်လိုက်ကြသည်။ သူတို့ဝင်ချင်ချင်၊ မဝင်ချင်ချင်အရေးမကြီးပေ။ အဘယ်ကြောင့်ဆိုသော် အဖွဲ့၏အနောက်တွင် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူသုံးယောက်ရှိ၏။ သူတို့ကအနောက်တွင်နေရာယူထားကြသဖြင့် ဘယ်သူမှ နောက်ပြန်ဆုတ်ရဲကြမည်မဟုတ်ပေ။
တံခါးနောက်ကလမ်းသည် ပို၍ပင် ထူးဆန်းသေး၏။ ထိုကဲ့သို့ ဖျက်စီးရမည့် တံခါး စုစုပေါင်းလေးချပ်ရှိပြီး တစ်ချပ်စီ၏နောက်တွင် ချင်းလော်ဂိုဏ်းသားများစောင့်စားနေကြလေသည်။
သူတို့ရှေ့ဆက်သွားနေကြစဥ် မန်ဟိုသည် ပိုပို၍ သတိရှိလာ၏။ သိသာထင်ရှားစွာပင် ချင်းလော်ဂိုဏ်းသည် ဤနေရာကို တစ်ကြိမ်ထက်ပို၍ ဝင်ရောက်စစ်ဆေးခဲ့ကြလေသည်။ တကယ်တမ်း သူတို့မှာ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပုံရသည်။
"ကျောက်တံခါးတွေက ချိတ်တံဆိပ်တွေလိုမျိုးပဲ။ ဒီနေရာက......." မန်ဟို ရှေ့သို့လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။ ရုတ်တရက် သူရပ်လိုက်၏။ သူတစ်ယောက်တည်းသာမဟုတ်၊ လူတိုင်းရပ်ပြီး အရှေ့ကိုစိုက်ကြည့်လိုက်ကြသည်။
သူတို့အရှေ့တွင်ကား ကြီးမားသော အနက်ရောင်တံခါးကြီးတစ်ချပ်။ တံခါးသည် ကျောက်သားဖြင့် ပြုလုပ်ထားခြင်းမဟုတ်ဘဲ သတ္တုတစ်မျိုးမှ ပြုလုပ်ထားခြင်းဖြစ်သည်။ ၄င်းက ဘေးနှစ်ဖက်ကျောက်နံရံထဲ နစ်ဝင်နေပြီး အနက်ရောင်အလင်းတစ်ခု ထုတ်လွှတ်နေသည်။ တံခါး၏မျက်နှာပြင်ပေါ်တွင် ဧရာမမျက်နှာကြီးရှိသည်။ မျက်နှာကြီးမှာ အိပ်စက်နေသည့်အလား မျက်လုံးများပိတ်ထားသည်။
သူတို့ချဥ်းကပ်လာစဥ် မျက်လုံးများ ရုတ်တရက်ပွင့်သွားပြီး မျက်နှာကြီးက ဟိန်းဟောက်လိုက်ရာ အရာအားလုံးတုန်ခါသွား၏။ ခေါင်းဆောင်ကြီးဇီလော်ပင်လျှင် သူ့ကိုယ်သူ မကာကွယ်နိုင်လိုက်၍ သွေးတစ်ပွက်အန်လိုက်ရသည်။
မန်ဟိုလည်း ထိုနည်းတူပင်။ အဖွဲ့မှ အန်ထုတ်လိုက်သောသွေးများသည် မျက်နှာကြီးမှစုပ်ယူလိုက်သော အငွေ့တန်းတစ်တန်းအသွင်ပြောင်းသွားသည်။ သွေးများကို မြိုချပြီးနောက် ၄င်းက လေချဥ်တက်လိုက်၏။
မျက်နှာကြီး၏အသံကား မိုးခြိမ်းသံကြီးပမာပင်။ " ငါ့သခင်ရဲ့ညွှန်ကြားချက်အရ ငါ အန္တိမဒုက္ခကို စောင့်ကြပ်နေတာ။ ဆွဲပြားမပါဘဲ.....ဟမ် မင်းတို့ကောင်တွေ ဒီကို ဘာလာလုပ်ပြန်တာတုံး"
ခေါင်းဆောင်ကြီးဇီလော်နှင့် လှပသောသက်လတ်ပိုင်းအမျိုးသမီးတို့က လက်ယှက်ပြီး ကြည်ညိုလေးစားသောမျက်နှာများဖြင့် လေးလေးနက်နက် ဦးညွှတ်လိုက်ကြသည်။ ခေါင်းဆောင်ကြီးဇီလော်က ဝါးကျည်တောက်တစ်ခုကို ထုတ်လိုက်ရာ အထဲမှ စုတ်ပြတ်နေသောသားရေစတစ်စပျံထွက်လာသည်။
သားရေကိုမြင်သောအခါ မန်ဟို၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ ၄င်းကို ကြည့်နေသည့်အချိန် သူရလိုက်သည့် ခံစားချက်မှာ ထိုညက ထူးဆန်းသောပုံရိပ်ထံမှ ခံစားချက်နှင့် တစ်ထပ်တည်းပင်။
သားရေစပျံထွက်လာစဥ် ဝိုးတိုးဝါးတားမျက်လုံးပုံရိပ်တစ်ခု ပေါ်လာသည်။ မျက်လုံးက မန်ဟိုကို့ စိုက်ကြည့်လိုက်သည်။
သူတို့၏အကြည့်များ ဆုံသွားပြီး မန်ဟို၏သူငယ်အိမ်များကျဥ်းမြောင်းသွားသည်။
သားရေက လိပ်နေရာမှပြန့်ကျလာပြီး မျက်နှာကြီးအရှေ့တွင် နေရာယူလိုက်သည်။
***