သတ်ဖြတ်လိုသောစိတ်ဆန္ဒ
Vol. 11 Ch. 149
မန်ဟိုသည် သူ့ထံ တစ်ဟုန်ထိုးဦးတည်လာသော ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်ကို တည်ငြိမ်စွာ ကြည့်ရင်း တောင်ကုန်းပေါ်တွင် ရပ်နေသည်။ ထိုလူငယ်က ချဥ်းကပ်လာစဥ် လေပြင်းတစ်ချက်တိုက်ခိုက်သွားပြီး ရေဘဝဲလက်များသဖွယ် နွယ်ပင်များသည် စပါးအုံမြွေကြီးအရွယ် ကြီးမားပြန့်ကားလာ၏။ ၄င်းတို့၏အစွန်းတွင် သွားချွန်ချွန်များဖြင့် ပြည့်နှက်နေသော ပါးစပ်ကြီးများက နေရာယူထားသည်။
"ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်" မန်ဟိုက မျက်နှာတစ်ချက်ပင်ပြောင်းမသွားဘဲ တည်ငြိမ်စွာ ပြောသည်။ သူကိုယ်တိုင်မှာ ချီအခြေတည်ခြင်းအစောပိုင်းအဆင့်တွင် ဖြစ်သော်လည်း ပြီးပြည့်စုံသောအခြေတစ်ခုရှိသည်။ သူက ချီအခြေတည်ခြင်းအဆင့်၏ မည်သည့်ပညာရပ်ကိုမှ မသိလောက်သော်လည်း စဦးချီဖွဲ့စည်းမှုအဆင့်မှာတုံးက မြင့်မြတ်သော ဝိညာဥ်ကျမ်းစာကျေးဇူးကြောင့် အကန့်အသတ်မဲ့ အမြုတေပင်လယ်တစ်စင်းကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် သူသည် စဦးချီဖွဲ့စည်းမှုအဆင့်၏ မဟာစက်ဝန်းကို အောင်မြင်ခဲ့ပြီးနောက်မှ ချီအခြေတည်အဆင့်ကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။
သူသည် ဤအရာအားလုံးနှင့် သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲအတောအတွင်း တဟုန်ထိုးတိုးတက်ခဲ့သည်။ သူ့ကျင့်ကြံခြင်းအခြေခံ၏ အတိုက်အခိုက်စွမ်းရည်မှာ လီမျိုးနွယ်၏တာအိုကလေး၊ လီတောက်ရီနှင့် ယှဥ်နိုင်သည်အထိ မြင့်မားလေသည်။ အောင်မြင်မှုမရခဲ့သော်လည်း ပြိုင်ဘက်၏လက်ကို သူဖြတ်တောက်နိုင်ခဲ့၏။ တာအိုကလေးမဟုတ်သည့် ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် မန်ဟို အလွယ်တကူ သတ်နိုင်ခဲ့ပေမည်။
သူသည် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ကို ရောက်ပြီးနောက်ပိုင်း ဂိုဏ်းအမျိုးမျိုး၊ မျိုးနွယ်စုအသီးသီးမှ တာအိုကလေးများကို တစ်ယောက်တည်း သေချာပေါက် ရင်ဆိုင်နိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့် ရွေးချယ်ခံလေးတစ်ယောက်ကို ထည့်တွက်နေစရာပင် မလိုပေ။
ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်က သွေးအေးသော အပြုံးတစ်ခုနှင့် အားကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ချဥ်းကပ်လာသည်။ မန်ဟိုက ညအမှောင်ထုဖြင့် ဘောင်ခတ်လျက် လရောင်တို့ သူ့အပေါ်ဖြာကျနေရင်း မလှုပ်မယှက်သာ ရပ်နေသည်။ သူက တည်ငြိမ်အေးဆေးသောအသွင်ဖြင့် လက်ကိုမြှောက်၍ လက်သည်းခွံကို အသုံးပြုရင်း သူ့လက်ချောင်းပေါ်က အရေပြားကို ခွဲလိုက်သည်။ သူက ပုံမှန်အတိုင်း ရှေ့လျှောက်လာပြီး ခရမ်းရောင်ဝတ်ရုံနှင့်လူငယ် ရောက်လာသည့်အခိုက်အတန့်၌ သူ့လက်ချောင်းကို သာမန်ကာလျှံကာဝှေ့ယမ်းလိုက်သည်။
လက်ချောင်း နိမ့်ဆင်းသွားသည်နှင့် လေမုန်တိုင်းတစ်လုံး ဖြစ်တည်လာသည်။ ခရမ်းရောင်ဝတ်ရုံနှင့် လူငယ် အမူအရာပြောင်းသွားသည်။ သူ၏သူငယ်အိမ်များ ကျုံ့သွားပြီး သူမျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားလေသည်။ ရုတ်တရက် သူ့အမြင်အာရုံတစ်ခုလုံး အနီရောင်ပြောင်းသွား၏။ ဤသည်ကား ပုံရိပ်ယောင်မဟုတ်၊ အစစ်အမှန်ပင်။
အရာအားလုံး ရဲရဲနီနေပြီး သွေးများဖြင့် ဖုံလွှမ်းလျက်ရှိသော အဖော်မဲ့လက်ချောင်းတစ်ချောင်းသာ ရှိသည်။ ၄င်းက သူ့ထံ ပြေးဝင်လာ၏။
သူ့လက်မောင်းကို ရစ်ပတ်ထားသည့် နွယ်ပင်များက ဝါးမြိုရန် ပါးစပ်ကြီးများဖြဲလျက် ရှေ့သို့ လူးလွန့်ထွက်သွားခဲ့သော်လည်း ရုတ်တရက် ၄င်းတို့က မချိတင်ကဲ စူးစူးဝါးဝါးအော်လိုက်ကြသည်။ ၄င်းတို့သည် တဆတ်ဆတ်တုန်ရီလာပြီး မန်ဟိုထံမှ မီတာသုံးဆယ်ပင် မရှိခင် သွေးများအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။
သွေးများက ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်ကို ဝန်းရံလိုက်သော အကာအကွယ်တစ်ခုအသွင်ပြောင်းသွားသည်။ ဤအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း မီးတစ်ခတ်စာ အချိန်လေးအတွင်း ဖြစ်ပျက်သွားခဲ့လေသည်။
ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ စူးစူးဝါးဝါးအော်သံများ ထွက်ပေါ်လာသည်။ သူက ရှေ့မတက်တော့ဘဲ နောက်ပြန်ဆုတ်ရန် ကြိုးစား၏။ မန်ဟိုက လျှပ်တပြက် လှုပ်ရှားးလိုက်သည်။
သူက ရှေ့တစ်လှမ်းလှမ်းပြီးနောက် ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်ထံ တဟုန်ထိုး ပျံသန်းသွားသည်။ သူသည် လက်ကိုမြှောက်ပြီး လက်ခလယ်ဖြင့် သွေးအကာအကွယ်ကို ထိလိုက်သည်။
"ကျိုးပျက်စေ" သူက ပေါ့ပေါ့ပါးပါးပြောလိုက်ပြီးနောက် ပေါက်ကွဲမှုတစ်ခု လေတွင် ပြည့်နှက်သွားသည်။
သွေးအကာအကွယ်ပျက်စီးသွားပြီး လူငယ်၏လက်မောင်းပေါ်က နွယ်များအားလုံး အစိတ်စိတ်အမြွှာမြွာ ကွဲထွက်ကုန်၏။ ရွှေခရမ်းရောင် သစ်သီးသာ အသက်ရှိနေသောအရိပ်အယောင်များဖြင့် တသိမ့်သိမ့်လှုပ်ရှားကျန်ခဲ့သည်။ ၄င်းက အသက်ချမ်းသာပေးရန် တောင်းဆိုနေသယောင်ပင်။
"မင်း......" ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်၏မျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး သူက သွေးတစ်ပွက်အန်လိုက်သည်။ သူ၏မျက်လုံးများမှာ အလွန်ပြင်းထန်သော အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ သူပထမဆုံးအကြိမ် ကြောက်ရွံ့မိခြင်းဖြစ်သည်။ သူသည် ချင်းလော်ဂိုဏ်း၏ရွေးချယ်ခံတစ်ယောက်ဖြစ်သည်သာမက ခရမ်းရောင်ဝတ်ရုံဂိုဏ်းသားလည်းဖြစ်၏။ အတွင်းစည်းဂိုဏ်းရှိ သူ၏အဆင့်အတန်းမှာ အလွန်မြင့်မားပြီး မှော်တိုက်ပွဲတွင် ဘယ်သောအခါမှ သူ မရှုံးနိမ့်ခဲ့ဖူးပေ။ သူ၏ထင်ပေါ်ကျော်ကြားမှုကြောင့် လူအများမှာ သူ့ကို ကြောက်ကြရသည်သာ။ သို့သော် ယခု သူ့အရှေ့က ခံစားချက်မဲ့သော မန်ဟိုကို မြင်ရသောအခါ သူ့မှာ တစ်ခါမှမကြုံဖူးသော သေရေးရှင်ရေးအန္တရာယ်ကြီးကို ခံစားနေရတော့သည်။
ဤကျဥ်းထဲကြပ်ထဲအခြေအနေတွင် ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်က လက်ကိုမြှောက်လိုက်ရာ ဂါယာမန္တယားဆိုင်ရာ မုဒြာဟန်တစ်ခုလက်သွားပြီး သူလက်ဝါးကို ရှေ့သို့ ခုနစ်ချက်၊ရှစ်ချက် ဆက်တိုက် လွှဲရိုက်လိုက်သည်။ ရိုက်ချက်တိုင်းက လှိုင်းဂယက်များပို့လွှတ်ပြီးနောက် မန်ဟို့ကို မျက်နှာချင်းဆိုင်နေသော ဧရာမ အနက်ရောင်လက်ကြီးအသွင် စုဆုံသွားသည်။
မန်ဟိုက အေးအေးဆေးဆေး ပါးစပ်ဟပြီး လျှပ်စီးတိမ်တိုက်ကို ထွေးထုတ်လိုက်သည်။ တိမ်တိုက်က လက်ဝါးကြီးကို ဝင်တိုက်လိုက်ရာ ပေါက်ကွဲသံတစ်သံ လေတွင် ပြည့်နှက်သွား၏။
ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်၏ အမူအရာမှာ စိတ်ပျက်အားငယ်ခြင်းများပြည့်နေတော့သည်။ သူက နောက်ထပ် ဂါယာမန္တယားဆိုင်ရာမုဒြာဟန်လုပ်ရန် ပြင်လိုက်ချိန် မန်ဟိုက သူ့အရှေ့ရောက်လာသည်။ မန်ဟို၏ဒူးသည် လေပေါ်မြောက်တက်သွားပြီး လူငယ်ကိုလည်ပင်းကို တိုက်ချလိုက်ရာ သူ၏ခေါင်းမှာ ဝီခနဲ မြည်သံနှင့်အတူ တဆစ်ဆစ်နာကျင်သွားတော့သည်။ ဂါယမန္တယားဆိုင်ရာမုဒြာဟန်လုပ်နေခဲ့သော လက်သည်လည်း ပျော့ခွေသွားပြီး သူ့တစ်ကိုယ်လုံး ဘေးသို့ ကွေးကောက်သွား၏။
သူ၏ခန္ဓာကိုယ်ရှိ သွေးအားလုံး ခေါင်းသို့ထိုးတက်လာရာ တစ်ခါက ချောမောခဲ့ဖူးသော သူ၏မျက်နှာအား ခရမ်းရောင်သမ်းသွားစေတော့သည်။ သူက ကြောက်ရွံ့ထိတ်လန့်နေသောအသွင်နှင့် တစ်ကိုယ်လုံး ဆတ်ဆတ်တုန်ရီရင်း စကားပြောရန် ပါးစပ်ဟလိုက်သည်။ သေခြင်းတရားနှင့် ကြုံတွေ့နေရစဥ် လူတစ်ယောက်သည် သူဘာပြောချင်သည်လဲ စိတ်ကူးသာကြည့်နိုင်လေသည်။
သူ ဘယ်တော့မှ စကားပြောမသွားပေ။ မန်ဟိုက လက်ကို ဆန့်ပြီး လက်သည်းကိုသုံး၍ လူငယ်၏မျက်ခုံးနှစ်ဖက်ကြားအရှိ အရေပြားကို ခွဲလိုက်သည်။ ထို့နောက် သူ့က ထူးဆန်းသောလက်အမူအရာတစ်ခုလုပ်ပြီး ဖိချလိုက်၏။
ဝုန်းခနဲပေါက်ကွဲသံ ကြားလိုက်ရပြီး လူငယ်၏ခန္ဓာကိုယ်မှာ ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ပမာ နောက်လွင့်ထွက်သွားသည်။ ခေါင်းတွင် စုဆောင်းနေခဲ့သော သူ့ခန္ဓာကိုယ်ရှိ သွေးအားလုံးသည် မျက်ခုံးနှစ်ဖက်ကြားရှိ ပြတ်ရာမှ ပန်းထွက်လာ၏။ သူ့မှာ အော်ပင်မအော်နိုင်ပေ။ သူမြင်မြင်သမျှမှာ သူ့မျက်ခုံးနှစ်ဖက်ကြားမှ ရေပူစမ်းသဖွယ် ပန်းထွက်နေသော သွေးများသာ။ သူ၏သွေးမရှိသာ ခန္ဓာကိုယ်သည် မြေပြင်အပေါ် ဘုန်းခနဲပြုတ်ကျသွားပြီး ဆန့်ငင်ဆန့်ငင်ဖြစ်ကာ ငြိမ်သက်သွားတော့သည်။
သူ့ခန္ဓာကိုယ်မှ ပန်းထွက်လာခဲ့သော သွေးများမှာ လောင်ကျွမ်းနေပုံရသည်။ ၄င်းသည် မြူငွေ့တစ်ခုအသွင်ပြောင်းပြီးနောက် လက်သည်းခွံအရွယ် အစက်တစ်စက်အဖြစ် ခဲသွားသည်။ မန်ဟိုက သူထံ ရွေ့လျားလာသော သွေးစက်ကို ဆတ်ခနဲ ဖမ်းယူလိုက်သည်။
"သွေးမျိုးဆက်သုံးဆက်က အသေးစားကိုယ်တစ်ကိုယ် ဖန်တီးနိုင်တယ်။ သွေးမျိုးဆက်ခြောက်ဆက်က အပြည့်အဝကိုယ်တစ်ကိုယ် ဖန်တီးနိုင်တယ်။ မျိုးဆက်ကိုးဆက်ကို သွေးစိတ်ဝိညာဥ် ဒါမဟုတ် သေခြင်းလို့ခေါ်တယ်" မန်ဟိုက တည်ငြိမ်စွာ ပြောသည်။ သူ ယခုလေးတင် ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်အပေါ် သုံးခဲ့သည့်အရာမှာ စိတ်ဝိညာဥ်ဝါးမြိုခြင်းကျမ်းမှလွဲ၍ တခြားမဟုတ်ပေ။
"ခရမ်းရောင်ဝတ်ရုံဆိုတာ ချင်းလော်ဂိုဏ်းရဲ့ရွေးချယ်ခံတစ်ယောက်လို့ ညွှန်ပြတယ်။ ရွေးချယ်ခံတစ်ယောက်အနေနဲ့ သူ့မှာ အစွမ်းထက်သွေးဆက်တစ်ဆက် ရှိကိုရှိရမယ်" သူက သွေးစက်ကို မြှောက်၍ အချိန်အတော်ကြာ ကြည့်နေပြီးနောက် သိမ်းလိုက်သည်။ ထို့နောက် လူငယ်၏အလောင်းကို ငုံ့ကြည့်ပြီး သိုလှောင်အိတ်နှင့်အတူ စောစောက အသက်ချမ်းသာပေးရန် တောင်းဆိုနေခဲ့သော ရွှေခရမ်းရောင်သစ်သီးကို ကောက်ယူလိုက်သည်။
ရွှေခရမ်းရောင်သစ်သီးမှာ အသက်ရှိနေပြီး ခွင့်လွှတ်ပေးရန် တောင်းပန်နေသည့်အလား မန်ဟို့လက်ထဲတွင် တုန်ယင်နေသည်။
"မန်ဟိုက အသုံးမဝင်တဲ့ပစ္စည်းတွေကို မသိမ်းထားဘူး။ မင်း ဘာလုပ်နိုင်လဲ။ ငါ့ကိုပြ" သူက ခရမ်းရွှေရောင်သစ်သီးကို မြေပေါ်ပစ်ပေါက်လိုက်သည်။ ၄င်းက ချက်ချင်း တွန့်လိမ် လှုပ်ရှားလာ၏။ နွယ်များ ၄င်းထံမှ လူးလွန့်တက်လာပြီး လျင်မြန်စွာရှည်ထွက်လာသည်။ အသက်ဆယ်ရှိုက်စာအတွင်း မီတာသုံးဆယ်အရှည်ရှိ နွယ်ပင်ဆယ်ပင်ကျော်သွားလေပြီ။ ၄င်းတို့က မြေကြီးအတွင်း တစ်စိတ်တပိုင်းထိုးဖောက်ဝင်ရောက်ပြီးနောက် ရှေ့နောက်ယိမ်းနွဲ့ရင်း လေထဲ ဆန့်တက်သွားသည်။ ၄င်းကား အတော်လေး ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။
"မလုံလောက်ဘူး" မန်ဟိုက ခေါင်းခါရင်း ပြောသည်။
ရေဘဝဲလက်သဖွယ်နွယ်များ တုန်ရီသွား၏။ ရုတ်တရက် ၄င်းတို့က ကွေးပြီး ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်၏အလောင်းထံ ထိုးဝင်သွားသည်။ အံသြတုန်လှုပ်ဖွယ်ကောင်းစွာ ၄င်းသည် အလောင်းကို ဖရဲသီးသဖွယ် အစိတ်စိတ်စုတ်ဖြဲပစ်ပြီး မြိုချလိုက်၏။
အသက်ရှူချိန်အနည်းငယ်လေးအတွင်း နွယ်များက အလောင်းကို ဝါးမြိုလိုက်သဖြင့် မန်ဟို မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် လက်တံတစ်ခုစီတိုင်း တုန်ရီလာပြီး ရုတ်တရက် တောက်ပနေသော မှော်သင်္ကေတများဖြင့် သစ်ရွက်များ အညှောင့်ထွက်လာသည်။ မန်ဟို အတော်လေး တုန်လှုပ်သွားသည်။
များမကြာမီ သစ်ရွက်တစ်ရာနီးပါး ပေါ်လာခဲ့လေပြီ။ မှော်သင်္ကေတများက နွယ်များထံမှ မန်ဟို့ဆီ လွင့်မျောလာသည်။ ၄င််းတို့က သစ်ရွက်စာအုပ်တစ်အုပ်အသွင် အတူတကွ ပေါင်းစည်းလာ၏။
မန်ဟို စာအုပ်ကို ယူပြီး လှန်ကြည့်လိုက်သည်။ သူ၏မျက်လုံးများကား စူးရှလင်းလက်နေချေသည်။ မှော်သင်္ကေတများမှာ စိတ်ဝိညာဥ်အာရုံနှင့် ဆင်တူသော စွမ်းအားဖြင့် ပြည့်နှက်နေ၏။ အနီးကပ်ကြည့်ရှူပြီးနောက် ၄င်းတို့သည် ပညာရပ်တစ်ခုကို ဖော်ပြထားကြောင်း သူသဘောပေါက်လိုက်လေသည်။
၄င်းက တိမ်နက်ရိုက်ချက်ဆယ့်ကိုးချက်ဟုခေါ်ပြီး ခရမ်းရောင်ဝတ်ရုံနှင့် လူငယ် စောစောက သူ့ကို တိုက်ခိုက်ရန် အသုံးပြုခဲ့သည့် မှော်ပညာရပ်ဖြစ်သည်။
ကံဆိုးစွာပင် ၄င်းက မပြည့်စုံပေ။ ငါးချက်ကိုသာ ဖော်ပြထားပြီး ကျန်အရာများက ဆောင်ပုဒ်အမျိုးမျိုး ပျောက်ဆုံးနေလေသည်။ ဤလူငယ် ပညာရပ်ကို အလုံးစုံ မကျွမ်းကျင် မတတ်မြောက်ခဲ့ခြင်း ဖြစ်တန်ရာသည်။ မန်ဟိုက မျက်လုံးများ ကျဥ်းမြောင်းရင်း ၄င်းကို တခဏလေ့လာလိုက်သည်။ သူ၏ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်ဖြင့် ပညာရပ်၏အသုံးပြုပုံအား အဖြေထုတ်ရန် မခက်ခဲပေ။ အချိန်အနည်းငယ်ကြာသော် အသုံးပြုနည်းမပြည့်စုံရသည့်အကြောင်းရင်းမှာ ရွှေခရမ်းရောင်နွယ်များ အစွမ်းထက်သင့်သလောက် မထက်ခြင်းကြောင့်ဖြစ်ကြောင်း သဘောပေါက်လိုက်၏။
ပြောရလျှင် သူ အတော်လေး စိတ်လှုပ်ရှားနေသေးလေသည်။ သူက နွယ်ပင်များကို ကြည့်လိုက်သည်။ သူသာ ၄င်းတို့ကို ဆက်လက်ဖွံ့ဖြိုးခွင့်ပေးလျှင် အခြေအနေများ ခြားနားသွားလိမ့်မည်။ သူသည် သစ်ရွက်စာအုပ်ကို သိမ်းပြီး ခေါင်းညိတ်လိုက်၏။ ထို့နောက် သူ၏အင်္ကျီလက်စကို ဝှေ့ယမ်းရာ သွေးစက်တစ်စက် ပျံထွက်သွားပြီး နွယ်ပင်ပေါ် သက်ဆင်းကာ နက်နက်ရှိုင်းရှိင်းတံဆိပ်ခတ်လိုက်လေသည်။ ဤသွေးတံဆိပ်သည် သွေးအင်မိုတယ်အမွေအနှစ်မှ မန်ဟိုရရှိခဲ့သော ကြံရာကျပန်းပညာရပ်များထဲက တစ်ခုဖြစ်သည်။
နွယ်များသည် စတင်တုန်ခါလာပြီး အရောင်တဖြေးဖြေးပြောင်းလာသည်။ မကြာမီ ၄င်းတို့သည် မိစ္ဆာဆန်သော အနီရင့်ရောင်ပြောင်းသွားရင်း မန့်ဟိုပတ်လည်ရှိ လေထဲတွင် ယိမ်းနွဲ့နေ၏။ မမြင်သာသော်လည်း မိစ္ဆာချီတစ်ခု ၄င်းတို့ထံမှ မျောလွင့်လာသည်။
မန်ဟိုက အချိန်တစ်ခုကြာသည်အထိ ၄င်းတို့ကို ကြည့်နေပြီးနောက် သူ့အရှေ့ရှိ မ်ြို့ပျက်ကြီးကို ပြန်ကြည့်သည်။ သူက ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်၏ သိုလှောင်အိတ်ကို ကောက်ပြီး ပါရှိသည့်အရာများကို စစ်ဆေးလေသည်။ ကျောက်စိမ်းပြားများစွာအထဲမှ တစ်ခုက သူ့ကို သတိထားမိလိုက်စေသည်။
၄င်းက ဆွတ်ဆွတ်ဖြူနေပြီး သူ၏စိတ်ဝိညာဥ်အာရုံကို ၄င်းအထဲ ဖြန့်ကျက်ပြီးနောက် မြေပုံတစ်ခု မန်ဟို့ခေါင်းထဲတွင် ပေါ်လာသည်။ မြေပုံပေါ်တွင်ကား ရွေ့လျားနေသော အဖြူရောင်အစက်များ........
အဖြူရောင်အစက်များအပြင် အများစုရွေ့လျားနေကြသော ခဲရောင်အစက်နှစ်ရာနီးပါးလည်း ရှိသည်။
"ဒါက...." မြေပုံကို အတန်ငယ်လေ့လာပြီးနောက် သူ၏တည်နေရာကို ဆုံးဖြတ်နိုင်လိုက်လေသည်။ ထို့နောက် သူ၏အာရုံသည် သူ့ရှိနေရာမှ သိပ်ဝေးသော နေရာတစ်နေရာအပေါ် ကျရောက်သွားသည်။ ထိုနေရာတွင်ကား အဖြူရောင်အစက်သုံးစက်၊ တစ်စက်က အရှေ့တွင်ဖြစ်ပြီး နှစ်စက်က အနောက်မှာဖြစ်သည်။ အရှေ့ကလူမှာ အနောက်မှလိုက်ဖမ်းခံနေရချေသည်။
သူမျက်မှောင်ကြုတ်သွားပြီး ရင်တဒိန်းဒိန်းခုန်လာ၏။ သူက အလင်းစက်သုံးစက်မှ ပထမဆုံးအစက်အတွင်း စိတ်ဝိညာဥ်အာရုံ ပို့လွှတ်လိုက်ရာ ပုံရိပ်တစ်ခု သူ့စိတ်ထဲ ပေါ်လာသည်။
ပုံရိပ်က မျက်နှာလေးဖြူဆုပ်နေသော ရှုချင်ကလွဲ၍ တခြားမဟုတ်ပေ။ သူမက အောက်နှုတ်ခမ်းလေးကို ဖိကိုက်ရင်း တတ်နိုင်သမျှ မြန်မြန်သွားနေလေသည်။
ထိုအခိုက်အတန့်တွင် မန်ဟို၏ အသတ်အဖြတ်စိတ်ဆန္ဒကား မိုးထိအောင် ထိုးတက်သွားတော့သည်။ ရှုချင်နောက်လိုက်နေသော ပုံရိပ်နှစ်ရိပ်ကို ကြည့်လိုက်သော် တစ်ယောက်က နန့်တန့်တန့်အမျိုးသမီးဖြစ်ကြောင်း သူမြင်လိုက်ရသည်။ သူမကို လူရှုပ်လူပွေအသွင်ရှိသော ကျိုးနာမည်နှင့်လူငယ်က ပွေ့ဖက်ထားလေသည်။
ဤအခြင်းအရာကို မြင်သည်နှင့် အေးစက်သော အငွေ့အသက်တစ်ခု မန်ဟို၏ခန္ဓာကိုယ်မှ ထွက်လာပြီး သူ၏မျက်လုံးများ လင်းလက်တောက်ပလာတော့သည်။ သူ့ကိုဝန်းရံထားသည့် နွယ်များလည်း သူ၏သတ်ဖြတ်လိုသောစိတ်ဆန္ဒကို အာရုံရလိုက်ပြီး တူညီသောသေခြင်းအရှိန်အဝါ ထုတ်လွှတ်လာ၏။
တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ မန်ဟိုသည် အလင်းတန်းအသွင်ပြောင်းပြီး ရှုချင်၏တည်နေရာထံ တဟုန်ထိုး ထွက်သွားတော့သည်။ ယိမ်းနွဲ့နေသော အနီရောင်နွယ်များလည်း မြေကြီးအောက်မှ တောက်လျှောက်လိုက်ပါလာ၏။
***