ငါ့ဘာသာလုပ်မယ်
Vol. 11 Ch. 151
အနီရင့်ရောင် နွယ်များသည် မန်ဟို၏ဒေါသနှင့် ထပ်တူကျနေပုံရသည်။ ၄င်းတို့က အကြမ်းပတမ်း လွှဲရိုက်နေရာ တရွှမ်းရွှမ်းအသံများအား ဖန်တီးနေ၏။ ဖုန်များက မန်ဟို၏ပုံရိပ်ကို ပိတ်ဆို့ကာဆီးရင်း မြူမှိုင်းများကဲ့သို့ မြေကြီးမှ တထောင်းထောင်းထနေတော့သည်။
သူ၏ အနက်ရောက်စာပေသမားဝတ်ရုံမှာ အခုတွင် အရောင်မထွက်တော့ပေ။ ရှည်လျားသော ဆံနွယ်များက သူ့ပတ်လည်တွင် တလွင့်လွင့်ဖြစ်နေပြီး သူ၏ပြင်းထန်သောအမျက်ဒေါသမှ လောင်စာဖြည့်ပေးထားသော အသတ်အဖြတ်စိတ်ဆန္ဒကား မိုးထိအောင် ထိုးတက်နေ၏။ ဤအသတ်အဖြတ်အရှိန်အဝါသည် မန်ဟို၏ပင်ကိုယ်စရိုက်နှင့် မိုးနှင့်မြေပမာ ကွာခြားလှသည်။
သွေးကြောများ သူ့မျက်လုံးထဲတွင် ပြည့်နှက်နေသည်။ ရှုချင်၏ ခိုကိုးရာမဲ့မှု၊ ခါးသီးနာကြည်းမှု၊ သူမ၏ဖြူဖျော့နေသော အလှနှင့် သူမမျက်နှာလေးအပေါ် ဝေဆာလာသော အပြုံးပန်းလေးတစ်ပွင့်၊ သူ ထိုအရာအားလုံးကို မြင်ရသည်။ ထိုအပြုံးက မန်ဟို၏အရာရာပင်။
မန်ဟို သူမကို ချစ်သည်။ လှပသောမိန်းမပျိုလေးတစ်ယောက်ကို ငေးကြည့်နေမိခြင်းမှ အခြေခံသည့် ပျိုမြစ်သောချစ်ခြင်းတရားဖြစ်သည်။ မှီခိုရာဂိုဏ်းဖျက်သိမ်းပြီးနောက် သူတို့နှစ်ယောက် တစ်ကမ္ဘာလုံးခြားနားနေခဲ့ရသည်။ ယခုတွင် သူတို့နှစ်ယောက် နောက်တစ်ဖန် ပြန်ဆုံသောအခါ ၊ ကုန်လွန်ခဲ့သည့် နှစ်အားလုံးမှာ အိပ်မက်တစ်ခုသဖွယ်သာ။
လွန်ခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ်တုံးက အစ်မက လရောင်အောက်မှာ ရုပ်ပျိုဆေးလုံးလက်ခံခဲ့တဲ့ အေးတိအေးစက် မိန်းကလေးတစ်ယောက်။ အခု ခုနစ်နှစ်၊ ရှစ်နှစ်ကြာတော့ ကဲကြည့် မျက်နှာလေးဖြူဖျော့နေပေမယ့် ပြုံးပြနေပြန်တယ်။
လွန်ခဲ့တဲ့ ခုနစ်နှစ်၊ရှစ်နှစ်တုံးက ကျွန်တော်က တောင်အောက်ကို ဘူးသီးခြောက်ပစ်ချခဲ့တဲ့ တာ့ချင်းတောင်မှာ ရပ်နေတဲ့ စာပေသမားတစ်ယောက်။ အဲ့ဒီ့ဘူးသီးခြောက်မှာ ကျွန်တော် ဘာကတိပေးခဲ့လဲ အစ်မ ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။
ခုနစ်နှစ်၊ ရှစ်နှစ်ကြာတဲ့နောက် ဒီမှာ ကျွန်တော် အသတ်အဖြတ်စိတ်ဆန္ဒတွေ မိုးကောင်းကင်အထိ တဟုန်းဟုန်းတောက်နေရင်း ရပ်နေပြီ။ ကျွန်တော့် နောက်က လမ်းက သိပ်ဝေးဝေး မကျန်ခဲ့သေးဘူး။ ဒါပေမယ့် ကျင့်ကြံသူအရိုးတွေနဲ့ ပြည့်နေပြီ။
ခုနစ်နှစ်၊ ရှစ်နှစ်........
သေမျိုးလူသားများအတွက် ခုနစ်နှစ်၊ ရှစ်နှစ်အတွင်း အကြောင်းကိစ္စများစွာ ပြောင်းလဲသွားနိုင်သည်။ ကျင့်ကြံသူများအတွက်မူ ခုနစ်နှစ်၊ ရှစ်နှစ်က မပြောပလောက်ပေ။ သို့သော် ကျင့်ကြံသူများအားလုံး ဘဝကိုလူသားများအဖြစ်သာ စခဲ့ကြရသည်။ မန်ဟိုသည် လွန်ခဲ့သော ခုနစ်နှစ်၊ ရှစ်နှစ်ကကဲ့သို့ စာပေသမားမဟုတ်တော့သော်လည်း ထိုအချိန်က မှတ်ဉာဏ်များကတော့ ကျန်ရှိနေသေးသည်။ သူ့အနေဖြင့် ထိုနှစ်များကိို ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ။
သူက ရှုချင်ကို ကြည့်ပြီး ပြုံးသည်။ သူ့အပြုံးတွင် နွေးထွေးမှုနှင့် အချိန်အတော်ကြာမှ လူတစ်ယောက်ကို ပထမဆုံးအကြိမ်ပြန်တွေ့ရခြင်းအတွက် ပျော်ရွှင်နေမှုများ ပါဝင်နေသည်။ထို့နောက် သူက ဝတ်ရုံပြေကျနေသည့် မျက်နှာဖြူဖပ်ဖြူလျော်နှင့် တဆတ်ဆတ်တုန်ရင်း ရပ်နေသော ကျောက်မျိုးရိုးနှင့်လူကို ကြည့်လိုက်သည်။
မန်ဟို၏မျက်လုံးများက သူ၏မျက်လုံးများကို ထိုးဖောက်သွားသော ဓားချွန်ချွန်နှစ်လက်အလား ကျောက်ရှန်ဟဲ့ ခံစားလိုက်ရသည်။ အကြည့်က သူ့ခေါင်းထဲ ဝင်ရောက်လာပြီး သူ၏စိတ်အစဥ်ကို တုန်လှုပ်သွားစေ၏။ ၄င်းက သူအသွေးအသားများကို ဖောက်ထွင်းပြီး အရိုးများကို တိုက်စား၍ ချီစီးဆင်းမှုလမ်းကြောင်းများတစ်လျှောက် ထိုးဖောက်သွားသည်။ ၄င်းက သူ၏တာအိုမဏ္ဍိုင်အထိ တောက်လျှောက် ထိုးဖောက်သွားလေသည်။
သူ၏တာအိုမဏ္ဍိုင်သည် အက်ရာများဖြင့် ပြည့်နှက်နေ၏။ သူ့တွင် သိသာထင်ရှားစွာပင် ကျိုးပဲ့အခြေရှိလေသည်။ မန်ဟို၏အကြည့်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကြေမွတော့မည့်အလား သူ၏တာအိုမဏ္ဍိုင်မှာ ပြင်းပြင်းထန်ထန် တုန်ခါလျက်ရှိသည်။ ကျောက်ရှန်ဟဲ့ ရူးမတတ်ကြောက်လန့်နေလေပြီ။
"တာ....တာအိုရောင်ရင်း၊ ဆရာကြီး။ ကျုပ်က ချင်းလော်ဂိုဏ်းရဲ့ သီးသန့်ဂိုဏ်းသား ကျောက်ရှန်ဟဲ့ပါ။ တာအိုရောင်ရင်း......." သူ့မှာ လျှာပင်လိပ်နေချေသည်။ သူသည် သူဌေးသားတစ်ယောက်ဖြစ်လျှင် ဖြစ်မည်၊ သို့သော် ဥိီးနှောက်တော့ရှိသေး၏။ စောစောက ပန်းရောင်အကာအကွယ်သည် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်သာ ဖျက်စီးနိုင်သော ရတနာတစ်ခုဖြစ်သည်။ သို့ထိတိုင် ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်ဖြစ်ပုံရသော မန်ဟိုက ၄င်းကို ချိုးဖျက်ခဲ့လေသည်။
မန်ဟို၏ အေးစက်နေသော အသတ်အဖြတ်စိတ်ဆန္ဒကိုလည်း သူမြင်နေရသည်။ ၄င်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်လှသဖြင့် တကယ်တမ်းဆိုရလျှင် သူ့ဘဝတစ်လျှောက်လုံး တစ်ခါမှ မမြင်ခဲ့ဖူးပေ။.
"မင်းက ကျောက်မျိုးရိုးလား" မန်ဟိုက ရှေ့တစ်လှမ်းတိုးလာရင်း အေးအေးလူလူပြောသည်။ "ငါ စောစောက ကျောက်မျိုးရိုးနဲ့လူတစ်ယောက် သတ်ခဲ့တယ်။ သူ့နာမည်က ကျောက်ပင်ဝူတဲ့" မန်ဟိုသည် ကျောက်ပင်ဝူ၏နာမည်ကို သူ၏သိုလှောင်အိတ်ထဲရှိ သက်သေခံကျောက်စိမ်းပြားမှ သိရှိခဲ့ခြင်းဖြစ်သည်။
မန်ဟို ခြေတစ်လှမ်းလှမ်းလိုက်စဥ် ကျောက်ရှန်ဟဲ့ အတွက်တော့ သူ့နှလုံးသားပေါ် တည့်တည့်နင်းချနေသည့်အလား ခံစားနေရသည်။ သူ့နှလုံးသားမှာ တဒိန်းဒိန်းခုန်နေပြီး ဖော်ပြရန်ခက်ခဲသော နာကျင်မှုဖြင့် ပြည့်နှင့် ပြည့်နှက်နေတော့သည်။
ထို့နောက် မန်ဟို၏ စကားလုံးများ ကျောက်ရှန်ဟဲ့ ခေါင်းထဲရောက်လာသည်။ ခြိမ်းခနဲ ထစ်ခြုန်းသွားပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွား၏။ သူက မသိလိုက်ဘဲ နောက်ဆုတ်မိလိုက်သည်။ မန်ဟို၏အကြည့်က သူ့ကို မယုံကြည့်နိုင်ဖွယ် ဖိအားကြီးဖြင့် ပြည့်နှက်သွားစေရင်း လွှမ်းခြုံလာသည်။ ကျောက်ရှန်ဟဲ့မှာ နောက်တစ်ဖန် မူးဝေလာပြီး သူ၏တုန်ရီနေသောခန္ဓာကိုယ်ကား လှုပ်ရှားနိုင်စွမ်းကင်းမဲ့သွားတော့သည်။ မန်ဟိုကို မျက်နှာချင်းဆိုင်ရင်း သူ၏ကျင့်ကြံခြင်းအခြေခံမှာ စွမ်းအားအနည်းဆုံးကိုပင် လုံးဝထုတ်လွှတ်နိုင်စွမ်းမရှိတော့ပုံရသည်။
ဤသည်ကား ချိုးဖျက်ခြင်းဖိအားပင်။
မန်ဟိုသည် သူ၏ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်၏စွမ်းအားအလုံးစုံ ထုတ်လွှတ်ပြီး မည်သည့် ချီအခြေတည်အဆင့် တာအိုမဏ္ဍိင်ကိုမဆို ချိုးဖျက်ပစ်နိုင်သော ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။
ဤသည်က ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်၏ ပင်ကိုယ်စွမ်းရည်တစ်မျိူးဖြစ်သည်။ ပြီးပြည့်စုံသောအခြေက စိတ်ဝိညာဥ်စွမ်းအင်အတွက် မိုးကောင်းကင်နှင့် ယှဥ်ပြိုင်တိုက်ခိုက်နိုင်သောကြောင့် ၄င်းတွင် အခြားမည်သည့်ချီအခြေတည်အဆင့်တာအိုမဏ္ဍိုင်အပေါ်မဆို ချိုးဖျက်ခြင်းဖိအားကို ထုတ်လွှတ်နိုင်စွမ်းရှိသည်။
ကျောက်ရှန်ဟဲ့က တဆတ်ဆတ်တုန်ရီနေရင်း အမူအရာ ရိပ်ခနဲ ဖြစ်သွား၏။ မန်ဟိုက နောက်တစ်လှမ်းလှမ်းလိုက်ရာ ထိုခြေလှမ်းသည် ကျောက်ရှန့်လင်၏ သေလူပမာ ဖြူဖျော့နေသောမျက်နှာအပေါ် ကျလာသည်။ သူ့ပါးစပ်မှ သွေးများစီးကျလာပြီး ကြောက်ရွံ့ထိတ်လန့်ခြင်းတို့ သူ့မျက်လုံးများထဲ ဝင်ရောက်လာတော့သည်။
"တာအိုရောင်ရင်း......ခင်..ခင်ဗျား စကားပြောချင်ရင်....." သူ၏တစ်ကိုယ်လုံးတုန်ရီနေသော်လည်း သူစကားပြောရန် ကြိုးစားလိုက်ချိန်မှာပင် မန်ဟိုက တတိယခြေလှမ်းလှမ်းလိုက်သည်။ သူက ဆောင့်နင်းချလိုက်ရာ ကျောက်ရှန်ဟဲ့၏စိတ်ဝိညာဥ် တုန်ခါသွားပြီး သွေးတစ်ပွက်အန်လိုက်ရသည်။ သူ့ကိုယ်ထဲရှိ တာအိုမဏ္ဍိုင်မှာ မန်ဟိုထုတ်လွှတ်နေသော ဖိအားကို မခံနိုင်တော့ပေ။ အက််ကြောင်းတစ်ကြောင်း ၄င်းတစ်လျှောက်လုံး ကွဲအက်သွားသည်။
အက်ရာများ တဖြေးဖြေးများပြားလာပြီး တာအိုမဏ္ဍိုင်တစ်တိုင်လုံး ဖုံးလွှမ်းသွားသည်။ ကျောက်ရှန်ဟဲ့ မျက်နှာတစ်ခုလုံး သွေးဆုပ်သွားပြီး သူ၏မျက်လုံးများမှာ မချိတင်ကဲဝေဒနာဖြင့် ပြည့်နှက်သွားတော့သည်။ မန်ဟို ခံစားချက်မဲ့သော မျက်နှာထားဖြင့် ပြင်းထန်သောအသတ်အဖြတ်စိတ်ဆန္ဒပြည့်နှက်လျက်ရှိသည့် ခြေလှမ်းလှမ်းလိုက်ချိန် သူက တဆတ်ဆတ်တုန်ရီရင်း သူ့တွင်ရှိသမျှ အားကုန်သုံး၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။
စတုတ္ထခြေလှမ်း ကျရောက်လာစဥ် ကျောက်ရှန်ဟဲ့ ကိုယ်အတွင်းရှိ ထစ်ခြုန်းသံကြီး မိုးကောင်းကင်အထိ မြင့်တက်သွားသည်။ သူ၏နှလုံးကား ရုတ်တရက် တခဏရပ်သွားသည်။ သူ၏အင်္ဂါအစိတ်အပိုင်းများအားလုံးနှေးကွေးလာပုံရပြီး အက်ကြောင်းများ သူ၏တာအိုမဏ္ဍိုင်တစ်လျှောက်ပြန့်နှံ့လာကာ...... ရုတ်တရက် တစစီပြိုကွဲသွားတော့သည်။
တာအိုမဏ္ဍိုင်ပြိုကွဲခြင်း။
ထိုသို့ဖြစ်သွားသောအခါ ကျောက်ရှန်ဟဲ့သည် ယခင်က သူ့ပါးစပ်မှထွက်လာခဲ့ဖူးသမျှထဲ မည်သည့်အရာနှင့်မတူသော အသံနက်ကြီးဖြင့် အော်လိုက်သည်။ သူက သွေးခုနစ်ပွက်၊ရှစ်ပွက် အန်လိုက်ရပြီးနောက် ခြောက်ကပ်ရှုံ့တွလာတော့သည်။ ချွေးအေးများ တစ်ပေါက်ပေါက်ကျလာပြီး သူ၏မျက်နှာတစ်ခုလုံး ဖြူဆုပ်နေသည်။ သူ၏ခန္ဓာကိုယ်က ရုတ်တရက် နောက်တစ်ဖန် လှုပ်နိုင်သွားသော်လည်း သူလုပ်နိုင်သမျှမှာ နောက်ဆုတ်လိုက်ခြင်းသာ။
သူသိပ်ဝေးဝေးမလှုပ်ရှားနိုင်ခင် မန်ဟိုက ငါးလှမ်းမြောက်လှမ်းလိုက်ပြီး ယခုတွင် ကျောက်ရှန်ဟဲ့အရှေ့ရောက်နေလေပြီ။ သူ၏ဒူးသည် မြောက်တက်လာ၏။ သို့သော် ကျောက်ရှန်ဟဲ့ထံမဟုတ်၊ သူ့ခြေထောက်နှစ်ဖက်အကြားကိုဖြစ်သည်။
ဖောက် ဖောက်
အသည်းးခိုက်မတတ် နာကျင်မှုကြီးက ကျောက်ရှန်ဟဲ့ကို ကွေးကောက်ပြီး အော်ဟစ်နေစေသည်။ သူအော်နေချိန်မှာပင် မန်ဟို၏ညာလက် မြောက်တက်လာပြီး သူ့လည်ပင်းကို ဆုပ်ကိုက်လိုက်သည်။ အော်သံကား ယခုတွင် ကျောက်ရှန်ဟဲ့၏လည်မျိုတွင်သာ တစ်ဆို့သွားတော့သည်။
သူက မျက်နှာခရမ်းရောင်သမ်းလာသည်အထိ တအစ်အစ်သာ အသံထွက်နေနိုင်သည်။ စကားမပြောနိုင်၊ မအော်နိုင်။ နာကျင်မှုသည် ဆယ်ဆပိုကြီးထွားလာတော့သည်။
သူ၏မျက်လုံးများသည် ရူးသွပ်ခြင်းများဖြင့် ပြူးထွက်လာပြီး သူ့တစ်ကိုယ်လုံးတွန့်လိမ်နေသည်။ သူ့မှာ ရုတ်တရက်ပြန်တိုက်ခိုက်ချင်နေတော့သည်။
သို့သော်..... သူမတတ်နိုင်။ သူ့မှာ ခြိမ်းခြောက်ရန် အပထား၊ ရုန်းပင်မရုန်းနိုင်။ သူ့တစ်ကိုယ်လုံး နာကျင်မှုများဖြင့် ပြည့်နှက်ရင်း တုန်ရီနေချေသည်။ သူသည် တာအိုမဏ္ဍိုင်လည်း ဖျက်စီးခံရ၊ ကျင့်ကြံခြင်းအခြေခံလည်း ပျက်စီးနေလျက်၊ သေမျိုးလူသားတစ်ယောက်ပမာပင်။
"ရပ်လိုက်" တုန်ရီနေသော အသံတစ်သံက အော်သည်။ ၄င်းက ရှုချင်၏ဘေးနား ရပ်နေဆဲဖြစ်သော ရွှယ်ယွင်စွေ့ပင်။ သို့သော် သူမသည် ရှုချင်၏လည်ပင်နား ဓားကိုတေ့လျက် အချိန်မရွေးထိုးစိုက်ပစ်ရန် အဆင်သင့်ဖြစ်နေသေးသည်။
သူမအတွက် မန်ဟို့အသွင်မှာ အကြင်နာမဲ့သော မကောင်းဆိုးဝါးမိစ္ဆာတစ်ကောင်နှင့်တူသည်။ ၄င်းက သူမမျက်နှာကို သွေးဆုပ်သွားစေပြီး သူမမှာ သူ၏မျက်လုံးတည့်တည့်ကိုပင် မကြည့်ဝံ့ပေ။ သူမနှလုံးသားထဲမှ နောင်တများပေါက်ဖွားလာသော်လည်း နောက်ကျလွန်းသွားလေပြီ။ သူမမှာ သူမကို အလွှတ်ပေးရန်သာ သူ့ကိုတောင်းပန်နိုင်တော့သည်။
"နင်က မန်ဟိုမလား။ ရှုချင် နင်နဲ့ မှီခိုရာဂိုဏ်းအကြောင်းပြောတာ ငါကြားဖူးတယ်....ဒါက နားလည်မှုလွဲတာသက်သက်ပဲ။ ငါ ဒီတိုင်းထွက်သွားချင်တယ်...." သူက မန်ဟို့ကို ကြည့်ပြီး အသံများတုန်ရီနေချေသည်။ သူမသည် ဓားတစ်လက်ကိုင်ထားသော်လည်း အမှန်တော့ ကြောက်လန့်နေသောတစ်ယောက်ဖြစ်သည်။
"ငါ စာပေသမားဖြစ်ခဲ့ဖူးတယ်" သူက တည်ငြိမ်စွာ ဆိုသည်။ သူသည် ကျောက်ရှန််ဟဲ့ကို လည်ပင်းမှကိုင်မြှောက်ထားဆဲဖြစ်သော်လည်း ရွှယ်ယွင်စွေ့ထံ လှည့်ကြည့်လိုက်သည်။ သူက နူးညံ့သောအသံဖြင့် ဆက်ပြောသည်။ "တစ်ခါက ငါ အရှေ့ဘက်နယ်မြေတွေရှိတဲ့ တန်နိုင်ငံကလာတယ်ပြောတဲ့ ရှေးဟောင်းစာပိုဒ်တစ်ပိုဒ်ဖတ်ခဲ့ရတယ်။ အဲ့တာက လျှို့ဝှက်ဆန်းကြယ်သုတ်သင်နည်းလမ်းထောင်ပေါင်းများစွာ ဖော်ပြထားတာ။ အဲ့ထဲကတစ်ခုဆိုရင် ဖတ်ပြီးတာနဲ့ ရက်တော်တော်ကြာကြာ အိပ်မက်ဆိုးတွေတောင်မက်တယ်" သူက စက်ဆုပ်မှုများပြည့်နှက်နေသောမျက်လုံးများဖြင့် ဘယ်လက်ကိုမြှောက်ပြီး ကျောက်ရှန်ဟဲ့၏လက်ချောင်းတစ်ချောင်းကို လှမ်းဆွဲလိုက်သည်။ သူက လက်နှစ်ဖက်လုံးရှိ လက်ချောင်းအရိုးများကို တစ်ချောင်းပြီးတစ်ချောင်း ချိုးပစ်လေသည်။ ထို့နောက် သူ့လက်မောင်း။ ထို့နောက် ပခုံး။ ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံး။
ကျောက်ရှန်ဟဲ့သည့် မချိတင်ကဲဝေဒနာကြောင့် သတိလစ်သွားချင်ပါသော်လည်း မန်ဟိုကြောင့် သတိမလစ်နိုင်ပေ။ အမွှေးတိုင်တစ်တိုင်ထွန်းစာမျှ ကြာမြင့်သွား၏။ နောက်ဆုံး၌ မန်ဟိုက သူ၏ညာလက်ကို လိမ်လိုက်သည်။ ဂျွတ်ခနဲ ၊ ကျောက်ရှန်ဟဲ့၏လည်တိုင် ကျိုးကျသွားလေသည်။
တစ်ချိန်လုံး သူသည် အော်သံတစ်သံပင် မရေရွတ်နိုင်လိုက်ပေ။ သူ၏သေဆုံးခြင်းကား ထိုသို့ပင်.......
မန်ဟိုက ကျောက်ရှန်ဟဲ့၏အလောင်းကို ပစ်ချလိုက်ပြီး ရွှယ်ယွီစွေ့ကို ကြည့်သည်။ "မင်း ဘယ်လိုသေချင်လဲ။ မင်းကို ဆုံးဖြတ်ခွင့်ပေးမယ်"
သူမမျက်နှာမှာ အလောင်းကောင်ကဲ့သို့ ဖြူဆုပ်နေသည်။ သူမတစ်ကိုယ်လုံး တုန်ရီနေပြီး သူမလက်ထဲက ဓားသည်လည်း ထိုနည်းတူပင်။ သူမက မန်ဟို့ကို ကြည့်ပြီး ထိတ်လန့်ကြောက်ရွံမှုများ စိုးမိုးလာတော့သည်။ ဤသည်မှာ သူမကြုံတွေ့ခဲ့ဖူးသမျှထဲ အဆိုးရွားဆုံးအိပ်မက်ဆိုးအလားပင်။
"နင်..... ငါ့ကို ဖိအားမပေးနဲ့" သူမက အော်သည်။ စကားလုံးများ သူမပါးစပ်ထွက်သွားစဥ်မှာပင် သူမခြေထောက်အောက်က မြေကြီးပွင့်ထွက်သွားသည်။ အနီရင့်ရောင်နွယ်တစ်နွယ် လူးလွန့်ထွက်လာပြီး သူမခန္ဓာကိုယ်ကိုရစ်ပတ်ကာ ဓားကို လေထဲလည်ထွက်သွားစေ၏။ မန်ဟိုက အင်္ကျီလက်စကိုခါ၍ ၄င်းကို နှစ်ဆယ့်မီတာကျော် လွင့်ထွက်သွားစေလိုက်သည်။ နွယ်များက သွားရည်တစ်စက်စက်ကျနေသော ပါးစပ်ကြီးများဟလျက် ရွှယ်ယွင်စွေ့ကို ဝန်းရံထားသည်။ မန်ဟို့အမိန့်တစ်ချက်ဖြင့် ၄င်းတို့က သူမကို ဝါးမြိုပစ်မည်ဖြစ်သည်။
"သူ့ကို မသတ်နဲ့...." ရှုချင်က အားတင်းရပ်ရင်း ပြောသည်။ သူမက မန်ဟို့ကို ကြည့်သည်။ " ငါ့ဘာသာလုပ်ချင်တယ်။ ငါ သူ့လျှာကို ဖြတ်ချင်နေတာ နှစ်ပေါင်းများစွာ ကြာပြီ" သူမက အံတင်းတင်းကြိတ်ပြီး ရွှယ်ယွင်စွေ့၏ဓားကို ပြန်ယူလိုက်သည်။ နွယ်ပင်များက ရွှယ်ယွင်စွေ့ကို သူမဆီသို့ နှိမ့်ပေးသည်။
"ညီမလေးရှု... ငါ...." သူမက တောင်းပန်တိုးလျှိုးသောမျက်နှာထားဖြင့် တဆတ်ဆတ်တုန်ရီရင်း ရှုချင်ကို မျက်နှာချင်းဆိုင်သည်။
ရှုချင်က အေးစက်သော မျက်နှာလေးနှင့် ဓားကိုမြှောက်ပြီး သူမပါးစပ်ထဲသို့ ဖြေးဖြေးချင်း ထိုးသွင်းလိုက်သည်။ ရွှယ်ယွင်စွေ့၏အော်သံများ ပဲ့တင်ထပ်လာ၏။
ရှူချင်က ရှေသို့ကိုင်းပြီး သူမနားနားကပ်ပြောသည်။ " ရှင် ပြန်မတိုက်နိုင်ရင် မျက်လုံးလေးသာ ပိတ်ပြီး အရသာခံလိုက်။ ကျွန်မအမြဲပြောချင်နေခဲ့တာရှိတယ်။ ရှင်က အပျက်မ" သူမက လက်ထဲက ဓားကို လှည့်လိုက်သည်။ အသက်ဆယ်ရှိုက်ကြာသော် ရွှယ်ယွင်စွေ့မရုန်းတော့ပေ။ ရှုချင်က ဓားကို ပို၍ပင် ထိုးချလိုက်သည်။
***