← Chapters

မိတ်ဆွေဟောင်းတစ်ယောက်နှင့် လရောင်အောက်က စကားများ

Vol. 11 Ch. 152

မိတ်ဆွေဟောင်းတစ်ယောက်နှင့် လရောင်အောက်က စကားများ

Vol. 11 Ch. 152

ရှုချင်က ရွှယ်ယွင်စွေ့ကို မမှိတ်မသုန်ကြည့်ပြီး ဓားကို သူမခေါင်းအား ထုတ်ချင်းပေါက်အောင် ထိုးချလိုက်သည်။ ထို့နောက် သူမက မျက်နှာလေးဖြူဖပ်ဖြူလျော်နှင့် နောက်ဆုတ်လိုက်သည်။ ရွှယ်ယွင်စွေ့သည် သေဆုံးသွားပြီး ရှုချင်မှာ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေချေသည်။

မန်ဟိုက သူမကိုကြည့်ပြီးနောက် သူမထံ လျှောက်လာသည်။ သူတို့နှစ်ယောက်အတူတူ ထိုင်ချလိုက်သည်။ နွယ်များက ရွှယ်ယွင်စွေ့၏အလောင်းကို မြေကြိီးထဲ ဆွဲသွင်းပြီး ဝါးမြိုနေတော့သည်။

လသည် ကောင်းကင်ထက်တွင် ထိန်ထိန်သာလျက်ရှိပြီး အရာအားလုံး တိတ်ဆိတ်နေသည်။ ဘယ်သူမှ မှော်တိုက်ပွဲ၏လှိုင်းဂယက်များကို သတိမထားမိခဲ့ကြပေ။ ဤမြင့်မြတ်သောနယ်မြေသည် အလွန်ကြီးမားကျယ်ပြောသောနေရာတစ်နေရာဖြစ်သည် မဟုတ်ပါလော။

"ပထမဆုံးအကြိမ်လား" မန်ဟိုက မေးသည်။ သူတို့နှစ်ယောက်၏အရိပ်သည် လရောင်အောက်တွင် ထပ်တူကျနေလျက်ရှိ၏။

သူမက အတန်ကြာတိတ်ဆိတ်နေပြီးနောက်မှ ခေါင်းညိတ်သည်။

"ကျွန်တော် ပထမဆုံးသတ်တုံးကဆို ရင်တုန်နေတာ တော်တော်နဲ့ မပျောက်ဘူး" သူက နူးညံ့ညင်သာစွာ ပြောသည်။ သူ သူမကို ငေးကြည့်နေစဥ် မှီခိုရာဂိုဏ်းမှ ပုံရိပ်များ သူ့စိတ်ထဲ အစီစီအရီရီပြန်ပေါ်လာသည်။

လေညင်းတစ်ချက်သည် သွေးညှီနံ့တို့ကို တစ်ပါတည်းသယ်ဆောင်သွားရင်း ဖြတ်ပြေးသွားသည်။ ရှူချင်၏ဆံနွယ်လေးများ ဝေ့တက်လာပြီး မန်ဟို့မျက်နှာကို ရိုက်ခတ်နေသည်။ ၄င်းက သူ့မျက်နှာကို ထွေးပတ်နေသည်လား၊ သူ့နှလုံးသားကို ရစ်ပတ်နှောင်ဖွဲ့နေသည်လား ပြောရခက်သည်။

"ဂိုဏ်းဖျက်သိမ်းပြီးတဲ့နောက်လား" ရှုချင်က သူ့ဘက်ကို ခေါင်းလေးလှည့်ပြီး မေးသည်။ သူမမျက်နှာလေးမှာ ဖြူဖပ်ဖြူလျော်ဖြစ်နေသော်လည်း မန်ဟို့အတွက်တော့ လှသည်။

လွန််ခဲ့သော နှစ်များက သူမကို အရှေ့ဘက်တောင်တန်းတွင် ပြန်လိုက်ပို့ပေးခဲ့သော ညကို သူမှတ်မိနေသေးသည်။ သူမ သူထံမှ တရွေ့ရွေ့လျှောက်လှမ်းသွားသည်ကို စောင့်ကြည့်ရင်း သူမကို လက်ထပ်ချင်သည်ဟု တွေးမိခဲ့ဖူးလေသည်။

၄င်းမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက မှတ်ဉာဏ်တစ်ခုသည်။ အချိန်အလွန်ကြာမြင့်ခဲ့လေပြီ။ ၄င်းက လူငယ်လေးတစ်ယောက် စိတ်ကစားမိခြင်း ဟုတ်မဟုတ် ဆုံးဖြတ်ရခက်သည်။

"တကယ်တော့ ဂိုဏ်းထဲမှာ" မန်ဟိုက ပြုံးရင်း ပြောသည်။ သူ စိတ်အေးလက်အေးဖြစ်နေသည်။ ဤမြင့်မြတ်သောနယ်မြေသည် အန္တရာယ်များသော နေရာတစ်နေရာဖြစ်သော်လည်း အကြောင်းပြချက်တစ်ခုခုကြောင့် မှီခိုရာဂိုဏ်း၊ အရှေ့ဘက်တောင်တန်း၏ထိပ်၊ လရောင်အောက်တွင် ရပ်နေရသည့်အလား အေးချမ်းလျက်ရှိသည်။

"အို" ရှုချင်က အံ့သြသွားဟန်လေးနှင့် ပြောသည်။ သူမက မျက်နှာလေးကို အေးစက်မှူများဖြင့် ဖုံးအုပ်ရန် ခေတ္တခဏ မေ့လျော့နေရင်း မန်ဟို့ကို စိုက်ကြည့်နေသည်။

မန်ဟို့အတွက် သူမ၏ကြောင်တောင်တောင်အကြည့်လေးက အလှတရားနှင့်ပြည့်နှက်နေသည်။ ၄င်းက သူ့မှတ်ဉာဏ်များမှ အစ်မရှုနှင့် အတော်လေးကွာခြား၏။ အေးစက်မှုသည် ချဥ်းကပ်ရခက်သော်လည်း သူမ၏ခပ်နုံနုံအသွင်လေးက သူမအား အလွန်မြတ်နိုးဖွယ်ကောင်းနေစေတော့သည်။

မန်ဟို ခပ်ဟဟရယ်လိုက်သည်။

"ကျွန်တော် တကယ့်အစ်မရှုကို တစ်ခါမှ နားမလည်ခဲ့သလို ရုတ်တရက်ခံစားလိုက်ရတယ် သိလား" သူက သူမကို ကြည့်ရင်း ပြုံးပြုံးလေးဆိုသည်။ သူသည် တစ်ခါက စာပေသမားမဟုတ်တော့ပေ။ အကြောင်းကိစ္စအမြောက်အမြား သူကြုံတွေ့ခဲ့ရပြီး အရွယ်ရောက်လာခဲ့ပြီဖြစ်သည်။ အတွေ့အကြုံနှင့် အတွေးအခေါ်အရဆိုလျှင် သူများစွာ ရင့်ကျက်ခဲ့လေပြီ။ ယခုတွင် ရှုချင် ဖော်ပြထားသော အေးစက်မှုမှာ အတုအယောင်သာဖြစ်ကြောင်း သူပြောနိုင်၏။

သူ သူမကို လှမ်းကြည့်လိုက်စဥ် သူမ၏စုတ်ပြဲနေသောအဝတ်အောက်မှ နို့နှစ်ရောင်အသားလေးကို မြင်လိုက်ရသည်။ ဤသည်မှာ အမျိုးသမီးတစ်ယောက်ကို ထိုပုံစံမျိုးဖြင့် သူ ပထမဆုံးအကြိမ်မြင်ဖူးခြင်းမဟုတ်ပေ။ အကြောင်းတချို့ကြောင့် သူ ချူယွီယန်ကို ကြည့်သောအခါ တည်တည်ငြိမ်ငြိမ်နေနိုင်၏။ သို့သော် ယခု ရှုချင်ကို မြင်ရသည့်အခါတွင်တော့ သူ့မျက်လုံးများထဲရှိ အကြည့်က ကွဲပြားလေသည်။

ရှူချင်၏မျက်ဝန်းလေးများ မန်ဟိုနှင့် တခဏအကြည့်ချင်းဆုံသွားပြီးနောက် သူမက ရင်ခုန်သံတို့မြန်ဆန်လာရင်း အကြည့်လွှဲလိုက်သည်။ သူမမျက်နှာလေး နီမြန်းလာပြီး သူမက သူမဂါဝန်ကို တင်းတင်းဆုပ်ထားလေသည်။ သူမမှာ သိသာစွာပင် စိတ်လှုပ်ရှားနေတော့သည်။

မန်ဟိုက ချောင်းဟန့်လိုက်ပြီးနောက် စကြဝဠာအိတ်ကိုပုတ်ကာ အဝတ်တစ်စုံထုတ်၍ သူမပခုံးပေါ် လွှားတင်ပေးလိုက်သည်။

သူမက သူ့ကို လွှားခြုံခွင့်ပေးရင်း တိတ်ဆိတ်နေသည်။ သူမသည် လကိုကြည့်ရန် သူမ၏လှပသောမျက်နှာလေးကို မော့လိုက်သည်။ လရောင်ခြည်တို့ သူမအပေါ်ဖြာကျလာစဥ် မန်ဟိုက သူမ၏ဆံနွယ်လေးများနှင့် ချစ်စရာကောင်းသောပုံပန်းသွင်ပြင်လေးကို ငေးကြည့်နေမိ၏။ သူတို့နှစ်ယောက်မှာ အလွန်နူးညံ့လွန်းလှသဖြင့် လေညင်းပင်လျှင် သူတို့ကို ကွဲကွာသွားစေမည့်ပုံပေါ်နေသည်။

"မင်း ဂိုဏ်းမှာ သတ်ခဲ့တယ်လား။ ဘယ်သူလဲ" ရှုချင်က မန်ဟို့အကြည့်များကို မသိချင်ယောင်ဆောင်ရန် ကြိုးစားပါသော်လည်း သူမမျက်နှာလေးမှာ ပို၍နီမြန်းလာသည်။

"ကျောက်မျိုးရိုးနဲ့ အပြင်စည်းဂိုဏ်းသားတစ်ယောက်" မန်ဟိုက အစ်ကိုကြီးကျောက် ကြေးမုံကြောင့် အသေဆိုးနှင့်သေခဲ့ရပုံကို ပြန်တွေးရင်း ပြောသည်။ "သူက အစ်မ ကျွန်တော့်ကို ပေးထားတဲ့ ကျင့်ကြံခြင်းဂူကို လိုချင်နေတာလေ"

"မင်း တကယ် သတ္တိကောင်းတာပဲ" သူမက လထံမှအကြည့်လွှဲရင်း မန်ဟို့ဘက် ခေါင်းလေးလှည့်ကာ ပြောသည်။ "မင်းတကယ် ဂိုဏ်းထဲမှာ လူတစ်ယောက် သတ်ခဲ့တာနော်" သူမသည် သူမ၏ပုံမှန်အေးစက်မှုမှလာသော လေးနက်ခြင်းဖြင့် ပြောသည်။ သို့သော် အေးစက်မှုအောက်တွင် ရိုးရှင်းမှုကို မန်ဟိုမြင်နိုင်လေသည်။

"အင်း... တကယ်တော့ တစ်ယောက်ထဲ သတ်ခဲ့တာမဟုတ်ဘူး" သူက ချောင်းတစ်ချက်ဟန့်ရင်း ဆိုသည်။

"ဟင်" အစ်မရှုမှာ အချိန်အနည်းငယ်ကြာသည်အထိ တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။ သူမအတွက် သူ့ကို ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းကဲ့သို့ ဖြစ်နေလေသည်။ သူမက တခဏစဥ်းစားနေရင်း သူ့ကို သတိထား၍ လှမ်းကြည့်သည်။ "ဒါဆို မင်း အသားကျနေပြီပေါ့" ထို့နောက် ကပျာကယာဆက်ပြောသည်။ "ငါပြောချင်တာက အများကြီးသတ်ပြီးသွားရင် ရင်ထဲသိပ်မတင်မကျမဖြစ်တော့ဘူးလား"

"တခြားအကြောင်းပြောရအောင်" မန်ဟိုက ပြောသည်။ သူမ အလွန်သိချင်နေကြောင်း သူပြောနိုင်လေသည်။ သို့သော် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် လရောင်အောက်တွင် လူသတ်ခြင်းအကြောင်း ထိုင်ပြောနေရန်မှာတော့ သိပ်သင့်တော်ပုံမရပေ။

"အင်း" သူမက သူ့ကိုကြည့်ရင်း ခေါင်းညိတ်ကာ ပြောသည်။ သူမ၏အေးစက်မှုက သူမစရိုက်အစစ်အမှန်ကို ဖုံးကွယ်ထားသော်လည်း ယခုလောလောဆယ်တွင် ရုတ်တရက်ကြီး သူမဘာပြောရမည်လဲ မသိတော့ပေ။

"ကျွန်တော် အစ်မကို တစ်ခုပြချင်တယ်" မန်ဟိုက စကြဝဠာအိတ်ကိုပုတ်လိုက်ရာ ရုပ်ပျိုဆေးလုံး သူ့လက်ထဲတွင် ပေါ်လာ၏။ သူက ပြုံးရင်း အစ်မရှုကို ကမ်းပေးလိုက်သည်။

ဆေးလုံးကို မြင်သောအခါ သူမက တအံ့တသြငေးကြည့်နေသည်။ သူမက ဆေးလုံးကို မှိတ်မသုန်ကြည့်ရင်း လက်ကလေးကို ဖြေးဖြေးချင်းမြှောက်ကာ သူ့ထံမှယူလိုက်သည်။ ထို့နောက် သူမ၏မျက်လုံးများကို ပိတ်လိုက်၏။

သူမ စိတ်ထဲတွင် ဘာတွေးနေသည်လဲ ပြောရန် မဖြစ်နိုင်ပေ။ တခဏကြာသော် သူမမျက်လုံးများ ပွင့်လာပြီး မန်ဟို့ကို အချိန်အတော်ကြာ ငေးကြည့်နေသည်။

ဤသည်မှာ မန်ဟို သူမကို ရုပ်ပျိုဆေးလုံး တတိယအကြိမ်ပေးခြင်းပင်။

သူမက ၄င်းကို တိတ်ဆိတ်စွာ သိမ်းပြီး ခပ်တိုးတိုးလေး ပြောသည်။ "ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်က ...ကျိုးပြည်ပျောက်သွားတယ်လို့ငါကြားခဲ့ရတယ်"

မန်ဟို သက်ပြင်းချလိုက်သည်။ ထို့နောက် သူက သူမကို မှီခိုရာဂိုဏ်းချုပ်အကြောင်း ဆက်ရှင်းပြသည်။ သူမသည် လမင်း၏အောက်တွင် ထိုင်ပြီး စူးစူးစိုက်စိုက် နားထောင်နေ၏။ မှီခိုရာဂိုဏ်းချုပ်က အမှန်တကယ်တွင် ရက်စက်ကြမ်းကြုတ်သော ဧရာမရွှမ်းဝူလိပ်ကြီးဖြစ်ကြောင်း သူ သူမကို ပြောပြသောအခါ သူမပါးစပ်လေးအဟောင်းသားဖြစ်သွားပြီး မယုံကြည်နိုင်သောအသွင်တစ်ခု သူမမျက်နှာလေးကို ဖုံးလွှမ်းသွား၏။ မန်ဟို့အတွက် သူမမှာ တကယ့်ကို လှလွန်းသဖြင့် ရုတ်တရက် စကားရပ်လိုက်မိသည်။

ထိုအခြင်းအရာက ရှုချင်ကို သူ၏မျက်လုံးများထံ လှမ်းကြည့်မိစေသည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသောအခါ သူမက ဆတ်ခနဲ အကြည့်လွှဲပြီး ရင်ခုန်သံတို့ဆူဝေနေရင်း အဝေးသို့ ငေးကြည့်လိုက်သည်။ သူမသည် ထူးဆန်းသောခံစားချက်တစ်ခုနှင့် ထူးဆန်းသောစိတ်လှုပ်ရှားမှုတစ်ရပ်ကို ကြုံတွေ့နေရ၏။ သူမ မရင်းနှီးသော စိတ်ခံစားချက်တစ်ခုကို သူမခံစားနေရသည်။ အရိုးသားဆုံးပြောလျှင် သူမစိတ်မရှိပေ။ တကယ်တမ်း ထိုခံစားချက်ကို သူမ အတန်ငယ် သဘောကျသည်။

"ငါ အစ်ကိုချန်နဲ့ နည်းနည်းပါးပါး တွေ့ဖြစ်သေးတယ်....." သူမမှာ ပြောစရာစကားရှာမရသဖြင့် ရုတ်တရက် ထပြောသည်။ "ဒီနေရာက ရှေးဟောင်းမြင့်မြတ်သောနယ်မြေတစ်ခု.......အို ဟုတ်သားပဲ မင်း ကျင့်ကြံခြင်းအခြေခံက ချီအခြေတည်အဆင့် ဘယ်လိုလုပ်ဖြစ်နေတာလဲ"

မန်ဟိုက နွေးထွေးသောအပြုံးလေးတစ်ခု မျက်နှာပေါ်တွင် တောက်ပနေရင်း သူမကို ကြည့်သည်။

"ကျောက်ရှန်ဟဲ့နဲ့က ဘယ်လိုအခြေအနေလဲ" သူက ပေါ့ပေါ့ပါးပါးမေးသည်။

"သူက ချင်းလော်ဂိုဏ်းရဲ့ သီးသန့်ဂိုဏ်းသားတစ်ယောက်လေ" သူမက စက်ဆုပ်ရွံရှသောအရိပ်အယောင်တစ်ခု မျက်လုံးများထဲတွင် ပေါ်ပေါက်လာရင်း ပြန်ဖြေသည်။ "သူ့မျိုးနွယ်စုက ဂိုဏ်းထဲ အခြေတောင့်တယ်။ သူက တကယ် အရှက်မရှိဘူး၊ ရွံစရာအရမ်းကောင်းတယ်။ လွန်ခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး ချီအခြေတည်ဆေးလုံးတွေ ငါးစာအဖြစ်ဗန်းပြပြီး ဂိုဏ်းသူတွေကို ခြိမ်းခြောက်နေခဲ့တာ....."

"ချီအခြေတည်ဆေးလုံး...." သူက သူမကို ခဏကြည့်လိုက်သည်။ သူမသည် စဦးချီဖွဲ့စည်းမှုအဆင့် (၉) ၏စက်ဝန်းကို ပြီးမြောက်ခဲ့ပြီးဖြစ်ကြောင်း သူပြောနိုင်သည်။ ချီအခြေတည်ဆေးလုံးတစ်လုံးဖြင့်ဆိုလျှင် သူမ သေချာပေါက် တံခါးပိတ်ကျင့်ပြီး ချီအခြေတည်အဆင့်တက်လှမ်းနိုင်လိမ့်မည်။

"အဲ့ဒီဆေးလုံးမျိုးက အရမ်းတန်ဖိုးကြီးတယ်လေ" သူမက ညှိုးငယ်နေသောမျက်နှာလေးဖြင့် ပြောသည်။ "အတွင်းစည်းဂိုဏ်းသားတွေအတွက်တောင် တစ်လုံးရဖို့ ခက်တယ်။ စီနီယာမျိုးဆက်က လူတစ်ယောက် အထောက်အပံ့နဲ့မှ၊ ဒါမှမဟုတ် ဂိုဏ်းအတွက် အထူးတာဝန်ထမ်းဆောင်ပေးမှ ရတာ။ အံဖွယ်ထူးကဲတဲ့ ပင်ကိုယ်စွမ်းရည်ရှိရင်လဲ ရနိုင်တယ်

"ခေါင်းဆောင်ကြီးကျန်းက ငါ့ကို ချင်းလော်ဂိုဏ်းဆီခေါ်လာပြီးတော့ အဖက်တောင်မလုပ်ဘူး။ ဒါပေမယ့် ငါ့စရိုက်က စီနီယာမျိုးဆက်ရဲ့ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့တူလို့ အဲ့အမျိုးသမီးက ငါ့ကို ဂိုဏ်သားအဖြစ် လက်ခံခဲ့တယ်။ သူက ငါ့ကို ချီအခြေတည်အဆင့်ဆေးလုံးတစ်လုံးပေးမယ်လို့ ကတိပေးခဲ့ပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ဂိုဏ်းကထွက်သွားပြီး ဘယ်တော့မှ ပြန်မလာခဲ့ဘူး။ ကောလဟလတွေအရတော့ သူသေသွားပြီတဲ့......."

မန်ဟိုက သူ၏စကြဝဠာအိတ်ကို ပုတ်လိုက်သည်။ ချီအခြေတည်ဆေးလုံးသုံးလုံး ချက်ချင်း သူလက်ထဲတွင် ပေါ်လာ၏။ သူက သူမကို ကမ်းပေးလိုက်သည်။

"ကျွန်တော့်မှာ ချီအခြေတည်ဆေးလုံးတချို့ ရှိတယ်" သူက ပြောသည်။

ရှုချင် ဆေးလုံးသုံးလုံးအား ဆွံအစွာ ကြည့်နေမိသည်။ မန်ဟို့တွင် ချီအခြေတည်ဆေးလုံး သုံးလုံးကိုအသာထား၊ တစ်လုံးရှိလိမ့်မည်ဟုပင် သူမတစ်ခါမှမတွေးခဲ့ဖူးပေ။ ထိုဆေးလုံးသုံးလုံး ချင်းလော်ဂိုဏ်းတွင် ပေါ်လာပါက ဆူညံပွက်လောရိုက်သွားမည်ဖြစ်သည်။

"ဒါတွေက....." ဆေးလုံးများ၏ဘေးတွင် ရေးဆွဲထားသော သင်္ကေတကို မြင်သောအခါ ရှုချင်မှာ ပို၍ပင် အသက်ရှုမှားသွားရတော့သည်။ သူမမျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေ၏။ "ဒါတွေက မဟာအကြီးအကဲဆေးလုံးမိစ္ဆာဖော်စပ်ထားတာပဲ" .

"ကျွန်တော့်မှာ သုံးလုံးပဲ ရှိတယ်။ ဒါပေမယ့် မလုံလောက်ရင် ကျွန်တော်တို့ဒီကထွက်တာနဲ့ အစ်မအတွက် ထပ်ရှာပေးမယ်" သူက ရှုချင်လက်ထဲ ဆေးလုံးများ ထည့်ပေးရင်း ပြုံးလိုက်သည်။ အခြားသူတကာအတွက် ဤဆေးလုံးများသည် အဖိုးအနဂ္ဂထိုက်တန်မည်ဖြစ်သည်။

"လုံလောက်ပါတယ်။ တကယ်။ တစ်လုံး....နှစ်လုံးဆို လုံလောက်လောက်တယ်" သူမ စကားထပ်ပြောရန် ပြင်လိုက်စဥ် မန်ဟိုက သူမလက်လေးကို ပိတ်လိုက်သည်။

"ကျွန်တော် ဒါတွေမလိုဘူး။ အစ်မယူလိုက်။ လိုအပ်ရင် ကျွန်တော် အစ်မဒါတွေသုံးတဲ့အချိန် စောင့်ကြပ်ပေးမယ်"

" စဦးချီဖွဲ့စည်းမှုအဆင့် ၉ မှာ နှစ်ပေါင်းများစွာ ကြာပြီး ထောင့်စေ့အောင်ပြင်ဆင်၊ ခန္ဓာကိုယ်ကို အဆုံးစွန်ထိ သန့်စင်မပြီးသရွေ့ အနည်းဆုံး လပေါင်းများစွာ လိုအပ်လိမ့်မယ်။ ဒီနေရာက မသင့်တော်ဘူး။ ငါ ဂိုဏ်းပြန်ရောက်တဲ့အထိ စောင့်ပြီး အဆင့်တက်ဖို့ သင့်တော်တဲ့နေရာရှာလိုက်မယ်" သူမက သူ့ကို အလေးအနက်ကြည့်သည်။ "မင်း ဒီမှာ အကြာကြီးနေလို့မရဘူးနော် မန်ဟို။ မင်း သတိထားဖို့လိုတယ်။ ချင်းလော်ဂိုဏ်းက ဒီနေရာရဲ့တည်ရှိမှုအကြောင်း သိခဲ့တာကြာပြီဆိုပေမယ့် မဝင်နိုင်သေးဘူး။ ဒါပေမယ့် ဟိုတလောက သူတို့ ရှေးဟောင်းမြေပုံတစ်ခုကို တွေ့သွားတယ်

"မြေပုံနဲ့ဆို သူတို့ဝင်ပေါက်ကို ဖွင့်နိုင်တယ်။အစကတော့ ဒီနေရာက မြင့်မြတ်သောနယ်မြေဆိုပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ ပြောင်းလဲလာပြီး အခုတော့ သေခြင်းနယ်မြေဖြစ်သွားပြီ"

သူမ ရှင်းပြနေသည်ကို နားထောင်ရင်း မန်ဟို၏မျက်လုံးများ လင်းလက်နေ၏။

"ကြည့်ရသရွေ့ ဒါက ရှေးဟောင်း ခရမ်းရောင်စိတ်ဝိညာဥ်နဲ့ တစ်ခုခုပတ်သက်မယ်ထင်တယ်။ ဒါပေမယ့် သူတို့ ဘာလို့ သင်းကွဲချီအခြေတည်အဆင့်ကျင့်ကြံသူတွေကို စုစည်းခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကို ငါပြောပြနိုင်တယ်။ အဲ့တာက ရတနာတွေအတွက် မဟုတ်ဘူး၊ သတမဝိညာဥ်မျှော်စင်အတွက်ပဲ

"ဒါက အတွင်းစည်းဂိုဏ်းသားတွေအတွင် လျှို့ဝှက်ချက်ကြီးကြီးမားမားမဟုတ်တဲ့အပြင် အပြင်စည်းဂိုဏ်းသားတချို့တောင် သိတယ်။ ဒါပေမယ့် သူတို့က သင်းကွဲကျင့်ကြံသူတွေကို ဂရုမစိုက်ဘူးလေ။ တကယ်တမ်း ဒီအကြောင်းသိတဲ့ သင်းကွဲကျင့်ကြံသူနည်းနည်းပါးပါးတောင်ရှိတယ်

"သတမဝိညာဥ်မျှော်စင်က တကယ်တော့ ရှင်းပြရမခက်ဘူး။ အခြေခံအရ မှော်ကျင့်ကြံခြင်းပညာရပ်မျိုးစုံကို အသုံးပြုပြီး၊ သတမဝိညာဥ်မျှော်စင်ကို ဖန်တီးဖို့ တာအိုမဏ္ဍိင် တစ်ရာကို အတူတကွသန့်စင်တာပဲ

"မျှော်စင်ကိုဖန်တီးရတဲ့ ရည်ရွယ်ချက်ကတော့ ထိပ်တန်းလျှို့ဝှက်ချက်။ အတွင်းစည်းဂိုဏ်သားတွေတောင် မသိဘူးထင်တယ်။ သီးသန်ဂိုဏ်းသားတွေကြားထဲ တစ်ယောက်နှစ်ယောက်လောက်ပဲ နည်းနည်းပါးပါးသိကြတာ" ဤသည်မှာ မြင့်မြတ်သောနယ်မြေက လှုပ်ရှားမှုများနှင့်စပ်လျဥ်း၍ ရှုချင် သိသမျှ အကြောင်းစုံပင်။

ရုတ်တရက်။ ဟိန်းဟောက်သံ အကျယ်ကြီးအား အဝေးတစ်နေရာမှ ကြားလိုက်ရသည်။

အသံပဲ့တင်ထပ်လာသည့်အခိုက်အတန့်၌ မြင့်မြတ်သောနယ်မြေရှိ မြေပြင်မှာ ရုတ်တရက် ပြင်းပြင်းထန်ထန် ငလျင်လှုပ်ခတ်လာ၏။ တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သောဆွဲအားတစ်ခု ဖြစ်တည်လာသည်။ မန်ဟို၏မျက်လုံးများ ဖျတ်ခနဲလက်သွားသည်။ သူ့ကိုယ်အတွင်း တာအိုမဏ္ဍိုင်မှာ သူ့ထံမှ စုပ်ယူဆွဲထုတ်ခံနေရသည့်အလား သူခံစားလိုက်ရလေသည်။

***

All Chapters