လမ်းကိုဟန့်တားခြင်း
Vol. 11 Ch. 153
မန်ဟို၏အမူအရာ လျှပ်တပြက်ပြောင်းသွားသည်။ သူ၏ကျင့်ကြံခြင်းအခြေ လည်ပတ်လာပြီး ပြီးပြည့်စုံသောတာအိုမဏ္ဍိုင်များမှ ပြင်းထန်သောစွမ်းအားသည် ဆွဲအားကို ခုခံရန် ပြန့်ထွက်လာ၏။
ရှုချင်သည် ပထမ ဘာဆိုဘာမှ သတိမထားမိပေ။ သို့သော် မန်ဟို့မျက်နှာပေါ်က အမူအရာကို မြင်သောအခါ သူမမှာ ရုတ်တရက် စိုးရိမ်ပူပန်စပြုလာတော့သည်။
ဟိန်းဟောက်သံသည် မြေပြင်တစ်လျှောက်လုံးပဲ့တင်ထပ်လာပြီး မန်ဟိုတင်မဟုတ်ဘဲ မြင့်မြတ်သောနယ်မြေအတွင်းရှိ အခြားသင်းကွဲချီအခြေတည်အဆင့်ကျင့်ကြံသူများအားလုံးကို သက်ရောက်သွားခြင်းဖြစ်သည်။ သူတို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်း လောလောဆယ် မည်သည့်အရာကို လုပ်နေစေကာမူ ချက်ချင်း တင်ပျဥ်ခွေ၍ တရားထိုင်လိုက်ကြရသည်။
သို့သော် သင်းကွဲကျင့်ကြံသူအမြောက်အမြား၏ ခန္ဓာကိုယ်များ ဆက်တိုက်ပေါက်ကွဲကုန်ပြီး အသွေးအသားများ အရပ်မျက်နှာတစ်ခွင် တဖွဲဖွဲရွာကျလာသည်။ သူတို့၏တာအိုမဏ္ဍိုင်များသာ ပကတိအတိုင်း ကျန်ရစ်ခဲ့သည်။ ၄င်းတို့က ဆွဲအား၏တည်နေရာထံ ဆွဲခေါ်ခံနေကြရသဖြင့် လေကိုခွင်း၍ ပျံသန်းသွားကြသည်။
တာအိုမဏ္ဍိုင်များ ပျံသန်းသွားရာကား တောင်တန်းတစ်တန််းဖြစ်နေ၏။ အစွမ်းထက်အားတချို့က တောင်အကန့်တစ်ကန့်ကို ဖြိုချခဲ့သောကြောင့် အတွင်းထဲ ချိုင့်ဝင်နေသည်။ ချိုင့်ဝင်နေသောနေရာတွင် အနက်ရောင်မျှော်စင်တစ်ခုရှိ၏။
၄င်း၏ပုံပန်းသွင်ပြင်များအရ အလုံးစုံမတည်ဆောက်ရသေးပေ။ လောလောဆယ်တွင် ထိုနေရာ၌ အထပ်သုံးထပ်ရှိသည်။ အရပ်မျက်နှာတစ်ခွင်မှ တာအိုမဏ္ဍိုင်များစွာသည် ၄င်းထံပျံလာပြီး လေးထပ်မြောက်ကိုစတင်ဖန်တီးတော့သည်။
လေးထပ်မြောက် ပြီးသောအခါ ဆွဲအားသည် အားနည်းလာပြီးနောက် ပျောက်ကွယ်သွား၏။ သင်းကွဲကျင့်ကြံသူအယောက်သုံးဆယ်ကား ယခုပင် မြင့်မြတ်သောနယ်မြေ၌ အသက်ပျောက်သွားခဲ့လေပြီ။
ဤထိတ်လန့်ဖွယ်ဖြစ်ရပ်ကြီးက သင်းကွဲကျင့်ကြံသူအားလုံး၏ရင်ထဲသို့ အကြောက်တရားများ ချက်ချင်း ရိုက်ထည့်လိုက်တော့သည်။ သို့သော် သူတို့အားလုံးအထဲတွင် ပိတ်မိနေဆဲပင်။ သူတို့ဘယ်လောက်ရှာရှာ၊ မည်သည့်ထွက်ပေါက်ကိုမှ ရှာတွေ့မည်မဟုတ်ပေ။
ဆွဲအား အစပြုရာနေရာကို ထူးခြားဆန်းကြယ်သော ကျမ်းစာများရွတ်ဖတ်နေသည့် ချင်းလော်ဂိုဏ်းသားတစ်ထောင်နီးပါး ဝန်းရံထားလျက်ရှိသည်။ မြင့်မြတ်သောနယ်မြေထဲ ဝင်ရောက်ခဲ့ကြသော ချင်းလော်ဂိုဏ်းသားများအားလုံးလည်း ရောက်ရာအရပ်မှ ထိုနေရာထံ အပြေးအလွှားသွားနေကြသည်။
မန်ဟို မျက်လုံးများဖွင့်လိုက်ရာ ၄င်းတို့သည် လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်တစ်ခုဖြင့် တောက်ပနေ၏။ သူက ဟိန်းဟောက်သံကြီးနှင့် ဆွဲအားလာရာအရပ်ကို ကြည့်သည်။ သူ၏တာအိုမဏ္ဍိုင်များသည် ယခုတွင် တည်ငြိမ်သွားလေပြီ။ ၄င်းတို့က ပြီးပြည့်စုံသောတာအိုမဏ္ဍိုင်များဖြစ်၍ ဆွဲအားက မသေးလှသော်လည်း သူ့အတွက် ထိခိုက်ဒဏ်ရာဖို့ အလှမ်းဝေးလေသည်။
မန်ဟို၏ဖြူဖပ်ဖြူလျော်မျက်နှာကို ကြည့်ရင်း ရှုချင်းက ပြောသည်။ " အဲ့တာ ချင်းလော်ဂိုဏ်းသားတွေအတွက် ဆုံရပ်ပဲ။ ဒီ့မတိုင်ခင်က ဂိုဏ်းသားအားလုံးကို အဲ့ဒီ့နေရာဆီ တတ်နိုင်သမျှ မြန်မြန်သွားဖို့ ညွှန်ကြားထားတာ။ ငါတို့ အဲ့ဒီရောက်ရင် ကျမ်းစာတစ်ခုရွတ်ဖတ်ရတယ်။ ဒါပေမယ့် ဘာကြောင့်လဲ ငါမသိဘူး
"ငါ ထွက်ပေါက်က်ို သိတယ်။ နောက်ဆုံးတစ်ခေါက်အပါအဝင် ငါဒီကို အခုဆို နှစ်ကြိမ်ရောက်ဖူးတယ်။ မင်းကို အဲ့ခေါ်သွားပေးမယ်။ မင်း ဒီမှာ မနေနဲ့ ၊ ထွက်သွားတော့"
မန်ဟိုက ဘာမှမပြောပေ။ သူက ထရပ်ပြီး ဆွဲအား အစပြုရာနေရာကို လှမ်းကြည့်သည်။ အချိန်အနည်းငယ်ကြာသော် သူက ခေါင်းခါလိုက်သည်။
"ဆွဲအားက ကျွန်တော့်ကို သိပ်မထိခိုက်ပါဘူး။ ပြီးတော့ ကျွန်တော့်မှာ ဒီမှာနေဖို့ နည်းလမ်းရှိတယ်။ ဒါပေမယ့် အစ်မကတော့......" သူက သူမကို လှည့်ကြည့်သည်။ "အဲ့ဒီ့ဆွဲအား ပေါ်မလာခဲ့ရင် အဆင်ပြေသေးတယ်။ ဒါပေမယ့် အခုတော့ သင်းကွဲကျင့်ကြံသူတွေ ထူးဆန်းတာတစ်ခုခုဖြစ်နေတာ သိကြမှာပဲ။ သူတို့ ဘာတွေဖြစ်နေလဲ ရှင်းပြခိုင်းဖို့ ချင်းလော်ဂိုဏ်းသားတွေကိုလိုက်ရှာလိမ့်မယ်။ သတင်းရဖို့ ဘယ်လိုနည်းလမ်းတွေသုံးမလဲ ဘယ်သူသိနိုင်မလဲ။ ဒါ့အပြင် အစ်မ ထွက်ပေါက်အကြောင်းသိရင် တခြားလူတွေလဲ သိမှာပဲ။ ချင်းလော်ဂိုဏ်းကလူတွေ သိပ်အရေးမထားဘဲ နေမှာမဟုတ်ဘူး" သူက အစ်မရှုအဖြစ် သူ၏မှတ်ဉာဏ်များထဲတွင် နေရာယူထားခဲ့သော ရှုချင်ကို ကြည့်သည်။
"ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ တော်တော်ကြာပြီလေ။ ကျွန်တော်တို့နှစ်ယောက်ထဲ အချိန်နည်းနည်းလောက် အတူတူရှိနေဖို့ မျှော်လင့်မိတယ်" သူက တိုးတိုးလေးပြောသည်။ "ဒါပေမယ့် အခုက အချိန်ကောင်းမဟုတ်ဘူး။ ကျွန်တော် အစ်မကို ချင်းလော်ဂိုဏ်းဆုံရပ်ဆီ လိုက်ပို့ပေးမယ်။ အစ်မ အဲ့ဒီမှာ ပိုအန္တရာယ်ကင်းလိမ့်မယ်"
"မင်းမှာ တကယ်ပဲ ဒီကထွက်ဖို့ နည်းလမ်းရှိပါတယ်နော်" ရှုချင်က လေးနက်သောလေသံလေးဖြင့် ပြောသည်။
"တကယ်ပါ" မန်ဟိုက ထိုနည်းတူလေးနက်စွာ ပြန်ဖြေသည်။
ရှုချင်သည် သူ့ကို တခဏကြာ စိုက်ကြည့်နေပြီး တစ်ခုခုပြောချင်နေဟန်တူသည်။ သူမ မပြောနိုင်ခင် မန်ဟိုက ရှေ့လျှောက်လာပြီး သူမ၏ ခါးသိမ်သိမ်လေးကို ဖက်ကာ ပျံတက်လိုက်သည်။
လေပြင်းတို့ တိုက်ခတ်နေပါသော်လည်း မန်ဟို၏ကျင့်ကြံခြင်းအခြေခံက ကာဆီးပိတ်ဆို့ပေးထာားလေသည်။ ရှုချင်ခံစားနိုင်သမျှမှာ မန်ဟို သူမကို ပွေ့ထားသည်ကိုသာဖြစ်သည်။ သူမမျက်နှာလေး နောက်တစ်ဖန်နီမြန်းသွားပြန်သည်။
နူးညံံ့ပြီး မေ့မရသောမွေးရနံ့လေးတစ်ခုဖြင့် ပြည့်နှက်နေသော သူမ၏အနက်ရောင်ဆံနွယ်လေးများက သူ့မျက်နှာကို ရိုက်ခတ်နေသည်။ သူတို့နှစ်ယောက် တရိပ်ရိပ်သွားနေစဥ် ရှုချင်က ဘာမှမပြောပေ။ အတိတ်တုန်းက သူမသည် သူ၏အစ်မဖြစ်ခဲ့သည်။ သို့သော် သူ့တွင် သူမမောင်လေးအဖြစ် အားနည်းချက်တစ်စုံတရာမရှိတော့ပေ။ သူသည် ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ကျောက်ရှန်ဟဲ့ကို သူသတ်ဖြတ်ခဲ့ပုံက နှစ်ပေါင်းများစွာတစ်လျှောက် သူကြုံတွေ့ခဲ့ရသော မယုံကြည်နိုင်ဖွယ် အပြောင်းအလဲများ၏သက်သေသာဖြစ်သည်။
မန်ဟို သူမ၏ သင်းပျံ့နေသောမွှေးရနံ့လေးကို ရှူရှိုက်နေစဥ် သူမလည်း သူ့ကိုယ်သင်းနံ့ကိုရနေသည်။ ၄င်းက သူမကို အိမ်ပြန်ရောက်နေသကဲ့သို့ ဘေးကင်းလုံခြုံသလို ခံစားလိုက်ရစေသည်။
သူမသည် ရုတ်တရက် တာ့ချင်းတောင်နှင့် စာပေသမားလူငယ်လေးမန်ဟိုကို ပြန်တွေးမိသည်။ ယခု သူ သူမကို သူနှင့်ကပ်လျက် ပွေ့ဖက်ထားသကဲ့သို့ သူမသည်လည်း သူ့ကို မှီခိုရာဂိုဏ်းသို့ သယ်ဆောင်လာခဲ့လေသည်။
ဤအကြောင်းကို တွေးနေစဥ် သူမမျက်လုံးလေးများထဲ၌ အပြုံးပန်းလေးတစ်ပွင့် ပေါ်ပေါက်လာသည်။ သူမ မန်ဟို၏ ဘေးတိုက်မျက်နှာကို ငေးကြည့်နေစဥ် အချိန်တို့နှေးကွေးလာပုံရလေသည်။
သူမ မည်သို့ခံစားနေရလဲ နားမလည်သော်လည်း ယခုအချိန်တွင်တော့ အရာအားလုံး အေးချမ်းနေကြောင်း သူမသိသည်။ ရုတ်တရက် သူမသည် မန်ဟိုက တကယ့်ကို သူမ၏မောင်လေးနှင့်တူကြောင်း ခံစားလိုက်ရ၏။
"မင်း အရွယ်တောင်ရောက်လာပြီ" သူမက ရုတ်တရက်ပြောသည်။ မည်သည့်အတွက်ကြောင့် ထိုသို့ပြောလိုက်သည်လဲ မသေချာသော်လည်း သူမပြောလိုက်လေသည်။
ဤစကားကိုကြားသော် မန်ဟိုက ရုတ်တရက်ညပျံသန်းနေရာမှ ခဏရပ်ပြီး ခပ်ယဲ့ယဲ့ပြုံးသည်။ သူမမျက်နှာလေးမှာ မထူးခြားပုံရသော အေးစက်သောအသွင်တစ်ခုဖြင့် ဖုံးလွှမ်းနေသော်လည်း ၄င်းမှာ သိသိသာသာဟန်ဆောင်မှုသာဖြစ်ချေသည်။
"အစ်မက ကျွန်တော့်ထက် နည်းနည်းပဲ ကြီးတယ်ထင်တယ်နော်....." သူက လည်ချောင်းရှင်းပြီး ပြောသည်။
"ငါးနှစ်ကြီးတယ်" သူမက အလေးအနက်ပြော၏။ "ငါက မင်းရဲ့ အစ်မပဲ"
"အဲ့တာအရေးမကြီးပါဘူး" သူမ မျက်လုံးလေး ဝိုင်းစက်သွားသည်ကို ကြည့်ရင်း သူက ရယ်ပြီးဆက်ပြောသည်။ "ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ အစ်မက ကျွန်တော့်အစ်မ မဟုတ်ဘူးလို့ တစ်ခါမှမပြောပါဘူးဗျာ"
အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်ကုန်ဆုံးသွား၏။ ရုတ်တရက် အလင်းတန်းရှစ်တန်း သူတို့အရှေ့တွင် ပေါ်လာသည်။ သူတို့နှစ်ယောက် ဖြတ်မသွားနိုင်ခင် ထိုလူများ သူတို့ကို မြင်သွားကြသည်။
"စဦးချီဖွဲ့စည်းမှုအဆင့်......ဒီအမျိုးသမီးက ချင်းလော်ဂိုဏ်း ဂိုဏ်းသားတစ်ယောက်ပဲ"
"ဟုတ်တယ်။ ငါတို့ရှာနေတာ ဒါပဲ" သူတို့အားလုံးသည် ချီအခြေတည်အဆင့် စဦးပိုင်းတွင်ဖြစ်၏။ သူတို့အကြည့်များ ရှုချင်ထံမှ မန်ဟိုထံရောက်လာစဥ် သူ၏မျက်လုံးများသည် ရက်စက်စွာ လင်းလက်သွားသည်။
သူတို့အကြားရှိ အပြာရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူက မန်ဟို့ကို ကြည့်ပြီး ပြောသည်။ "တာအိုရောင်ရင်း၊ ဒီအမျိုးသမီး ခင်ဗျားကို ဘာပြောခဲ့လဲ ပြောစရာမလိုပါဘူး။ ကျုပ်တို့ အခု သူ့ကို လိုချင်တယ်"
သူတို့အလယ်ရှိ လူတိုင်း၏ မျက်လုံးများထဲတွင် ရန်လိုသော အကြည့်များရှိသည်။ ပေါ်ပေါက်လာခဲ့သော ဆွဲအားသည် သူတို့ကို လိပ်ပြာလွင့်မတတ် ကြောက်လန့်စေခဲ့၍ သတင်းနှိုက်ရန် တစ်ယောက်တည်းဖြစ်နေသော ချင်းလော်ဂိုဏ်းသားများကို လိုက်ရှာရှန် ဆုံးဖြတ်ခဲ့ကြလေသည်။
ယခု သူတို့တစ်ယေါက်တွေ့ပြီဖြစ်ရာ သူမကို ခပ်လွယ်လွယ် လက်လျှော့မည်မဟုတ်ပေ။
ရှုချင်သည် စိတ်လှုပ်ရှားမှုကြောင့် ရင်တုန်လာသဖြင့် မသိလိုက်ဘဲ မန်ဟို၏ ဝတ်ရုံကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ သူမအတွက် ဤချီအခြေတည်အဆင့်ကျင့်ကြံသူရှစ်ယောက်တွင် မယုံကြည်နိုင်ဖွယ် မြင့်မားသော ကျင့်ကြံခြင်းအခြေခံများရှိသည်။ သူမကျင့်ကြံခြင်းအခြေခံကို ထည့်တွက်လျှင် သူတို့ထဲက တစ်ယောက်ကိုပင် သူမခုခံနိုင်မည်မဟုတ်ပေ။
"ထွက်သွားစမ်း" မန်ဟိုက အေးစက်စွာ ပြောသည်။ သူက တစ်စက္ကန်လေးပင် မရပ်နားဘဲ သူတို့ထံ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။ ရှုချင်မှာ ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။ သူ ကျောက်ရှန်ဟဲ့ကို ဇီဝန်ခြွေခဲ့သည်ကို သူမမြင်ခဲ့သော်လည်း ယခု သူတို့ရင်ဆိုင်နေရသည်က လူရှစ်ယောက်ဖြစ်သည်။ သူမမှာ စိတ်မပူမိဘဲ မနေတော့ပေ။
မန်ဟို၏စကားလုံးများကို ကြားသောအခါ အပြာရောင်ဝတ်ရုံနှင့်လူက တဟားဟားအော်ရယ်သည်။ အသတ်အဖြတ်စိတ်ဆန္ဒ သူ၏မျက်လုံးများထဲတွင် ပေါ်ပေါက်လာ၏။ မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ သူ့နည်းတူ ချီအခြေတည်ခြင်း စဥိီးပိုင်းအဆင့်တွင်သာဖြစ်ပြီး သူ့တွင် လူခုနစ်ယောက်ရှိသေးသည်။ မန်ဟိုက တစ်ယောက်တည်းဖြစ်သည်ကို ထည့်တွက်လျှင် တိုက်ပွဲစရန်ပင်် မလိုပေ။ သို့သော် မန်ဟိုက မထင်မှတ်ထားဖွယ် မိုက်ရူးရဲဆန်ရဲလေသည်။
အေးစက်သောအပြုံးများ အခြားကျင့်ကြံသူခုနစ်ယောက်၏မျက်နှာများကို ဖုံးလွှမ်းသွားသည်။ သူတို့စိတ်ထဲတွင် မန်ဟိုသည် လေကျယ်နေခြင်းသာဖြစ်၏။
သို့သော် အပြာရောင်ဝတ်ရုံနှင့်လူ ဂါယာမန္တယားဆိုင်ရာ မုဒြာဟန်ဖော်ရန် လက်မြှောက်ပြီး အခြားသူများ မှော်ပစ္စည်းအမျိုးမျိုးထုတ်လာကြသည့်အချိန်မှာပင် မန်ဟိုက ပါးစပ်ဖွင့်လိုက်သည်။ လျှပ်စီးတိမ်တိုက် ပေါက်ကွဲထွက်လာပြီး ရှစ်ယောက်လုံး တစ်ယောက်မှ မတုံ့ပြန်နိုင်ခင် ၄င်းက သူတို့ကို လွှမ်းခြုံသွားသည်။ အောက်ဖက်ရှိ မြေကြီးသည် ဖွားခနဲ လွင့်စင်သွားပြီး အနီရောင့်ရောင်နွယ်များ ထိုးထွက်လာသည်။ ၄င်းတို့က ရက်စက်ကြမ်းကြုတ်စွာ အော်မြည်ရင်း လျှပ်စီးတိမ်တိုက်အလယ်သို့ တန်းတန်းမတ်မတ် ထိုးတက်သွားကြသည်။
စိတ်မချမ်းမြေ့ဖွယ် နားကွဲလုမတတ် အော်ဟစ်သံများ အထဲမှ ပဲ့တင်ထပ်လာ၏။ ၄င်းတို့သည် မသေခင်လေး ထွက်ပေါ်လာသည့် အော်သံများအလားပင်။ မန်ဟိုသည် မပြောင်းလဲသောအမူအရာဖြင့် ရှုချင်ကို ပွေ့ရင်း ဆက်လက်ပျံသန်းသွား၏။ လျှပ်စီးတိမ်တိုက်က သိုလှောင်အိတ်များကို ရစ်ပတ်ပြီး မန်ဟို ပို့ဆောင်ပေးရာ သူက ၄င်းတို့ကို သိမ်းလိုက်သည်။ နွယ်များ မြေကြီးထဲ ပြန်တူးဝင်သွားသည်။ ကျင့်ကြံသူရှစ်ဦးမှာမူ မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။
ကျင့်ကြံသူရှစ်ဦး၏ လျှပ်တပြက်သေဆုံးခြင်းက မန်ဟို့ကို နည်းနည်းလေးပင် နှောင့်နှေးသွားစေခြင်းမရှိချေ။ သို့သော် ရှူချင်မှာ အသက်ရှုမှားသွား၏။ မန်ဟိုကား အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အရွယ်ရောက်လာခဲ့လေပြီ။
သူသည် အမြင့်ဆုံးအရှိန်ဖြင့် ဆက်လက်ပျံသန်းနေ၏။ သူတို့သည် ဆွဲအား၏မူလဇစ်မြစ်နှင့် တစတစနီးလာပြီဖြစ်သည်။ လမ်းတစ်လျှောက်တွင် သူတို့ ကျင့်ကြံသူတစ်ယောက် သို့မဟုတ်၊ ရံဖန်ရံခါ သုံးလေးငါးယောက်အဖွဲ့များဖြင့် ပက်ပင်းတိုးကြသည်။ စုစုပေါင်း သူတို့ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်ကျင့်ကြံသူ ဆယ်ယောက်နှင့် ထိပ်တိုက်တွေ့ခဲ့လေသည်။ သူတို့တစ်ယောက်မှ မန်ဟိုလမ်းကို အနည်းငယ်ပင် မဟန့်တားနိုင်ပေ။
မကြာမီ သူတို့သည် ချင်းလော်ဂိုဏ်းဆုံရပ်နှင့် အလွန်နီးကပ်လာ၏။ မန်ဟို၏အနောက်တွင် ချီအခြေတည်ခြင်းအလယ်အလတ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားထုတ်လွှတ်နေသော အလင်းတန်းနှစ်တန်း ပေါ်လာသည်။ ဤမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်ပေ။ သို့သော် တစ်ချိန်တည်းမှာပင် မန်ဟို့အရှေ့၌ နောက်ထပ်အလင်းတန်းတစ်တန်း ပေါ်လာပြန်သည်။ အထဲတွင်ကား အဘိုးကြီးတစ်ယောက်။ ဤလူမှာ မန်ဟိုနှင့်အတူ ချင်းလော်ဂိုဏ်းကို ဝင်ရောက်ခဲ့သော အဘိုးကြီးပင်။ သူက ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်တွင် ဖြစ်၏။
သူက မန်ဟို့အရှေ့ မီတာရာဂဏန်းမျှအကွာတွင် ရပ်လိုက်သည်။ အဘိုးကြီး၏အကြည့်က ရှုချင်အပေါ်ကျရောက်လာသည်။
"တာအိုရောင်ရင်း ၊ ကျုပ် ဒီမှာ ချင်းလော်ဂိုဏ်းသားတစ်ယောက်ကို တွေ့ရဖို့အရေး တော်တော်ကြာကြာစောင့်နေခဲ့ရတာ။ အမျိုးသမီးကို ကျုပ်ဆီ လွှဲပေးပါ"
ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ကျင့်ကြံသူနှစ်ယောက်က မန်ဟိုနှင့် ရှုချင်အနောက်တွင် ရပ်လိုက်ရာ သူတို့နှစ်ယောက်လုံး ယခုအဝိုင်းခံလိုက်ရလေပြီ။
ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ကျင့်ကြံသူနှစ်ယောက်မှာ သက်လက်ပိုင်းအရွယ်ဖြစ်သည်။ သူတို့၏မျက်လုံးများသည် အစိမ်းလိုက်ဝါးစားတော့မတတ် ရက်စက်ကြမ်းကြုတ်နေပြီး သူတို့က ပြင်းထန်သောအသတ်အဖြတ်စိတ်ဆန္ဒနှင့်အတူ အေးစက်သောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ သူတို့သည် သိသာစွာပင် သွေးအေးရက်စက်ကြလေသည်။
"ခင်ဗျား ဘာသိချင်လဲ" မန်ဟိုက အေးအေးဆေးဆေးမေးသည်။ "ကျုပ် ခင်ဗျားကို ပြောပြမယ်" ရှုချင်မှာ သူ့ရင်ခွင်ထဲတွင် မျက်နှာလေးညှိုးနွမ်းနေတော့သည်။ သူသာမပါလျှင် သူမသည် သေချာပေါက် သင်းကွဲကျင့်ကြံသူများ၏ အဖမ်းခံရပြီး စစ်မေးခံရမည်ဖြစ်သည်။ လမ်းတစ်လျှောက်လုံး ၊ အဖမ်းခံရပြီး နည်းလမ်းပေါင်းစုံဖြင့် စစ်မေးခံနေရသော ချင်းလော်ဂိုဏ်းသားအမြောက်အမြားကို သူမတွေ့ခဲ့ရလေသည်။
သို့သော် သင်းကွဲကျင့်ကြံသူများက သင်းကွဲကျင့်ကြံသူများဖြစ်သည်။ သူတို့သည် မေးမြန်းသည့်အချိန်၌ သတင်းကိုအလွယ်တကူ အလျှော့ပေးမည်မဟုတ်ပေ။ ထိုသတင်းက သူတို့အသက်ကို ကယ်တင်နိုင်သည်မဟုတ်ပါလော။ အခြားသူများကို ပြောပါက သူတို့၏အခွင့်အရေးများအား နည်းပါးစေနိုင်ပြီး နှစ်ဦးနှစ်ဖက်လုံးအား သေမင်းထံ အရောက်ပို့ဆောင်ပေးနိုင်လေသည်။
"ကျုပ်က အခြားသူတွေပြောတာနားထောင်လေ့မရှိဘူး" အဘိုးအိုက တည်ငြိမ်စွာ ပြောသည်။ "ကျုပ် ကိုယ်တိုင်လုပ်တဲ့ရလဒ်ကို ကျုပ်ယုံတယ်" ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်၏ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် မန်ဟို့အပေါ်သို့ ပြင်းထန်သောဖိအားပို့လွှတ်ရင်း ထွက်ပေါ်လာသည်။
***