← Chapters

လမ်းကိုယ်စီသို့

Vol. 11 Ch. 154

လမ်းကိုယ်စီသို့

Vol. 11 Ch. 154

မန်ဟို စကားပြန်မပြောပေ။ သူက ရှုချင်ကို ငုံ့ကြည့်ပြီး ပြုံးပြသည်။ သူသည် သူမနှင့်အတူ နောက်ဆုတ်လိုက်ရာ ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူက အေးစက်စက်နှာမှုတ်ပြီးနောက် နိုက်တင်ဂေးငှက်သဖွယ် မန်ဟို့ထံ တဟုန်ထိုးပြေးဝင်သွားသည်။

သူ၏အမြန်နှုန်းသည် မယုံကြည်နိုင်ဖွယ်ကောင်းပြီး သူက ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်၏ စွမ်းအားအလုံးစုံကို ခင်းကျင်းပြသထားရာ လှိုင်းဂယက်များ လေတွင် ပျံ့နှံ့သွားသည်။ သူ၏ကိုယ်အတွင်း၌ သိသာထင်ရှားစွာ တာအိုမဏ္ဍိုင် ၈ ခုရှိလေသည်။

ဤအချိန်တွင် မန်ဟိုသည် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့် သက်လတ်ပိုင်းကျင့်ကြံသူနှစ်ယောက်ထံ ရောက်ရှိနေပြီဖြစ်သည်။ သူတို့က ရယ်လိုက်ကြပြီး တစ်ယောက်က ဂါယာမန္တယားဆိုင်ရာ မုဒြာဟန် လက်ကွက်ဖော်လိုက်သည်။ ရေခဲဓားသွားတစ်ရာ ပေါ်လာပြီး ဧရာမလေဆင်နှာမောင်းကြီးအသွင် လည်ပတ်လာကြသည်။ ဓားသွားတစ်လက်စီက ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်စွမ်းအားဖြင့် ပြည့်နှက်နေသော လေဆင်နှာမောင်းကြီးသည် မန်ဟိုထံ တဟုန်ထိုး ပြေးဝင်လာသည်။

နောက်တစ်ယောက်က သိုလှောင်အိတ်ကိုပုတ်၍ အနီရောင်ဆူးရှည်ကြီးများဖြင့် ခေါင်းအရွယ် အနက်ရောင် နကျယ်ကောင်ငါးကောင်ထုတ်လိုက်သည်။

"မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်" ရေခဲဓားသွားများ ဖန်တီးခဲ့သောလူက ပြောသည်။ ရေခဲဓားသွားလေဆင်နှာမောင်းကြီးသည် တဝေါဝေါအော်မြည်ရင်း မန်ဟိုထံ ဦးတည်လာသည်။ သူက ရှုချင်ကို ညာလက်ဖြင့် ဖက်ထားရင်း ဘယ်လက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် လေဓားသွားတစ်လက်နှင့်အတူ ဧရာမမီးနဂါးကြီးပေါ်လာ၏။ အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ မီးနဂါးကြီးက အနီရောင်သပ်သပ်မဟုတ်ဘဲ ရွှေရောင်အစင်းများပါရှိလေသည်။ မြင့်မြတ်သောဝိညာဥ်ကျမ်းစာကြောင့် နဂါးကြီးသည် ရွှေနဂါးကြီးတစ်ကောင်ဖြစ်လာခဲ့၏။

လေဓားသွားသည် နဂါးကြီးနှင့် ပေါင်းစပ်သွားရာ မီတာသုံးရာအထိ ရှည်လျားပြန့်ကားလာသည်။ ထိုမျှသာမက မီးနဂါးကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဘုကြီးနှစ်ခုပေါ်လာ၏။ လေဓားသွား နဂါးကြီးကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ၄င်းတို့သည် ဧရာမတောင်ပံကြီးနှစ်ဖက်အသွင် ပြန့်ထွက်သွားသည်။ ၄င်းက တောင်ပံနှစ်ဖက်ကို ခတ်လိုက်၏။ ဤသည်ကား မိုးနဂါးပျံကြီးပင်။

မန်ဟိုသည် ဒဏ္ဍာရီလာသိမ်းငှက်ကြီး သူ့ကိုယ်ထဲရှိ မိုးနဂါးပျံကြီးအမွေအနှစ်ကို လှုံ့ဆော်ခဲ့စဥ်က ဤပညာရပ်နှင့်စပ်လျဥ်း၍ ဉာဏ်အလင်းပွင့်ခဲ့ခြင်းဖြစ်သည်။

နဂါးကြီးနှင့်အတူ ပေါ်လာသည့် နောက်အရာတစ်ခုက မီးတောက်ပင်လယ်တစ်စင်း။ ဤမီးတောက်ပင်လယ်သည် ပြီးပြည့်စုံသောတာအိုမဏ္ဍိုင်၏စွမ်းအားမှ မွေးဖွားလာခြင်းဖြစ်သည်။ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ကျင့်ကြံသူများ ၄င်းကို ဘယ်နည်းနှင့်မှ ခုခံနိုင်ပေ။

ဝုန်း

တခဏအတွင်း ရေခဲဓားသွားလေဆင်နှာမောင်းကြီး ပြိုပျက်သွားပြီး မီးတောက်ပင်လယ်ကြီးမှဝါးမြိုလိုက်သော မြူတိမ်တိုက်တစ်ခုအသွင်ပြောင်းသွားသည်။ မီးတောက်မီးလျှံများနှင့် မိုးနဂါးပျံကြီး ဟိန်းဟောက်လိုက်၏။ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ကျင့်ကြံသူနှစ်ယောက်မှာ မျက်နှာပေါ်တွင် အံ့သြတုန်လှုပ်မှုများဖုံးလွှမ်းလျက် နောက်ဆုတ်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း မိုးနဂါးပျံကြီးသည် တဟုန်ထိုးပြေးဝင်သွားပြီး တစ်ယောက်ကို တစ်ကိုက်တည်း ဝါးမြိုပစ်လိုက်သည်။

စူးစူးဝါးဝါးအော်သံတစ်သံ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ပြာကျသွားတော့သည်။

ဤအရာအားလုံးသည် မီးတစ်ခတ်စာအချိန်အတွင်း ဖြစ်ပျက်သွား၏။ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့် အဘိုးအိုသော်လည်းကောင်း၊ နကျယ်ငါးကောင်နှင့်လူသော်လည်းကောင်း ဘာမှမတုံ့ပြန်နိုင်လိုက်ပေ။

ခံစားချက်မဲ့သောမျက်နှာနှင့် မန်ဟိုက ချာခနဲလှည့်ပြီး တဝီးဝီးအော်မြည်နေသော နကျယ်ငါးကောင်ထံတည့်တည့်လျှောက်သွားသည်။ ၄င်းတို့က သူ့ထံပြေးဝင်လာကြသော်လည်း နီးကပ်လာစဥ် ၄င်းတို့၏ခန္ဓာကိုယ်များ ရုတ်တရက် ပြင်းပြင်းထန်ထန်တုန်ရီလာကြသည်။ ၄င်းတို့မှာ ကြောက်မက်ဖွယ်တစ်စုံတခုကို အာရုံရလိုက်၍ အနားထပ်ကပ်မလာရဲပုံပေါ်သည်။ ၄င်းတို့က ချက်ချင်းနောက်ဆုတ်လိုက်ကြသည်။ ထိုအဖြစ်မျိုး ၄င်းတို့၏သခင် ယခင်က တစ်ခါမှမကြုံတွေ့ခဲ့ဖူးပေ။

သူ့မျက်နှာပေါ်တွင် အံသြမှုတို့ အတိုင်းသားထင်ဟပ်နေစဥ် မန်ဟို၏မျက်လုံးများထဲ၌ တငိုငို၊ တရယ်ရယ်ဖြစ်နေသော မိစ္ဆာမျက်နှာများ ပေါ်လာသည်။ တစ်ဖက်က ထင်ရှားပြီး အခြားတစ်ဖက်က ဝိုးတိုးဝါးတားနေသော်လည်း ၄င်းတို့က မန်ဟို့ကို ချက်ချင်း ထူးခြားဆန်းကြယ်သောအရှိန်အဝါတစ်ခု ထုတ်လွှတ်လိုက်စေ၏။ နကျယ်ငါးကောင်က စူးစူးဝါးဝါးအော်မြည်ပြီး ၄င်းတို့၏ခန္ဓာကိုယ်များမှာ ပျံသန်းနိုင်စွမ်းမရှိတော့မည့်အလား ပို၍ပင် ပြင်းပြင်းထန်ထန်တုန်ခါလာသည်။ ရုတ်တရက် ၄င်းတို့က လှည့်ပြီး တစ်ကောင်ကိုတစ်ကောင် ရက်ရက်စက်စက် တိုက်ခိုက်တော့သည်။

ဤထူးခြားဆန်းကြယ်သောမြင်ကွင်းကြီး ဖြစ်ပျက်နေစဥ် မန်ဟိုက နကျယ်များအလယ်မှ ထွက်လာကာ ဘယ်လက်ကိုမြှောက်ပြီး သူ့လက်ချောင်းသူ လှီး၍ သွေးများဖုံးလွှမ်းစေလိုက်သည်။ ရုတ်တရက် တစ်နေရာလုံးသည် သွေးအရှိန်အဝါတစ်ခုဖြင့် လွှမ်းခြုံခံလိုက်ရ၏။ ၄င်း ပျောက်ကွယ်သွားသောအခါ မန်ဟိုသည်် သက်လတ်ပိုင်းလူ၏အရှေ့တည့်တည့်တွင် ရပ်နေချေပြီ။ သူက လက်ခလယ်ကိုမြှောက်ပြီး ထိုလူ၏မျက်ခုံးနှစ်ဖက်အကြား ဖိချလိုက်သည်။

ထိုလူ၏ခန္ဓာကိုယ် တုန်ခါသွားပြီး မျက်လုံးများပြူးထွက်လာ၏။ သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ခြောက်ကပ်လာပြီး မန်ဟို သူ၏လက်ခလယ်ကို ဖယ်လိုက်သည်နှင့် တစ်ကိုယ်လုံး သွေးရောင်ပြောင်းသွားခဲ့ပြီး မြေကြီးအပေါ်တွင် အိုင်ထွန်းသွားတော့သည်။

မန်ဟိုက အံသြတုန်လှုပ်နေသော ချီအခြေတည်ခြင်း နှောင်ပိုင်းအဆင့်ကျင့်ကြံသူကို လှည့်ကြည့်သည်။ မန်ဟို စတင်လှုပ်ရှားသည့်အချိန်မှစ၍ အသက်ရှုချိန်အနည်းငယ်မျှသာ ကုန်ဆုံးသေးသည်တိုင် သူက ချီအခြေတည်အဆင့် အလယ်အလတ်အဆင့် အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်ကို သုတ်သင်ခဲ့ပြီးသွားလေပြီ။

သူ၏နည်းလမ်းများသည် ရက်စက်ကြမ်းကြုတ်ပြီး သူ၏ပညာရပ်များက လျှို့ဝှက်ဆန်းကြယ်၏။ လျင်မြန်စွာကြီးထွားလာနေသော အေးခဲချီတစ်ခု အဘိုးအို၏ခန္ဓာကိုယ်အတွင်း ရုတ်တရက် ပေါ်ပေါက်လာသည်။

ယခုတွင် ဖုန်းရွှေသံလိုက်အိမ်မြှောင်အပေါ် ခြေချသည့်နေ့ရက်ကတည်းက ချင်းလော်ဂိုဏ်း၏ ရှဲ့ကျဲ မန်ဟို့ကို မည်သည့်အတွက်ကြောင့် စောင့်ကြည့်နေခဲ့ပြီး သူ၏စွမ်းရည်များ ထုတ်ဖော်အောင် ရန်စရန်ပင် ကြိုးစားခဲ့ရသည့်အကြောင်းရင်းကို သူနားလည်လိုက်လေပြီ။ သိသာစွာပင် ရှဲ့ကျဲသည် မန်ဟို့အကြောင်းတစ်ခုခုကြားထားခဲ့သည်။

"ဆက်သွားချင်လား" မန်ဟိုက တည်ငြိမ်စွာ မေးသည်။ သူ၏လက်ခလယ်သည် သွေးရောင်အလင်းဖြင့် တောက်ပနေရင်း သူ့ခန္ဓာကိုယ်ကို သွေးရောင်အလင်းဖြန့်ကျက်ပေးနေဆဲဖြစ်သည်။

အဘိုးအိုက ပြန်မဖြေ။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို စဥ်းစားလျှင် သူလည်း ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို အလွယ်တကူ သတ်နိုင်သည်။ သို့သော် ဤကဲ့သို့ အေးအေးဆေးဆေးသတ်နိုင်ခဲ့မည် မဟုတ်ပေ။ အထူးသဖြင့် မန်ဟို၏အညှာတာကင်းမဲ့မှုကို မြင်သောအခါ သူ၏နှလုံးသားထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုတို့ စိုးမိုးလာတော့သည်။ သူက လက်နှစ်ဖက်ကိုယှက်ရင်း နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာ မန်ဟို့ကို လှမ်းဖယ်ပေးလိုက်သည်။

"ကျုပ်က ရှုယိုတောက်ပါ။ ဒီနေ့ကိစ္စအတွက် ကျုပ်တောင်းပန်ပါတယ်။ မကြာခင် ကျုပ်တို့ပြန်တွေ့ရမယ်လို့ ယုံကြည်ပါတယ်" သူက နောက်ဆုံးစာကြောင်းကို အလွန်လေးနက်သောလေသံဖြင့် ပြောသည်။

မန်ဟိုက တခဏတွေးပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူ အဝေးသို့ တဟုန်ထိုးထွက်သွားစဥ် သွေးအလင်းသည် တဖြေးဖြေးမှေးမှိန်လာ၏။ သူ့လက်မောင်းထဲက ရှုချင်မှာ သူ့ကျင့်ကြံခြင်းအခြေခံ၏အတိုက်အခိုက်စွမ်းရည်ကြောင့် မှင်သက်နေလေသည်။

သူမက တခဏတုံ့ဆိုင်းနေပြီးနောက် ပြောသည်။ "မင်း...မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက တကယ် ဘယ်အဆင့်မှာလဲ"

"ကျွန်တော် ချီအခြေတည်အဆင့်စဦးပိုင်းရဲ့ အထွတ်အထိပ်မှာ" သူက ခပ်ရေးရေးလေးပြုံးရင်း ဖြေသည်။ သူ၏အသွင်မှာ ယခုတွင် စောစောက တိုက်ခိုက်နေခဲ့သောတစ်ယောက်နှင့် လုံးဝကွာခြားနေသည်။ သူသည် နှစ်များစွာ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကြောင့် အမှန်တကယ်ပြောင်းလဲသွားခဲ့၏။ သို့သော် ဤပြောင်းလဲမှုက ရန်သူများနှင့် ရင်ဆိုင်ရာတွင်သာဖြစ်သည်။ သူ၏မိတ်ဆွေများအပေါ် ပြုမူဆက်ဆံပုံမှာတော့ ယခင်အတိုင်း ရည်မွန်လျက်ရှိပြီး နည်းနည်းလေးပင် ပြောင်းလဲခြင်းမရှိပေ။

တကယ်တမ်း သူ၏အသတ်အဖြတ်စိတ်ဆန္ဒမှာ သူ့ကိုယ်တွင်းရှိ အဆိပ်နှင့် များစွာ ပတ်သက်၏။ သုံးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းနှင့် အဆိပ်ခတ်ခံရသော လူတစ်ယောက်သည် စစ်မှန်သောရှင်သန်ခြင်းနှင်းပန်းအဖြစ် အသွင်မပြောင်းခင်အထိ ပိုပို၍သွေးအေးရက်စက်လာမည် ဖြစ်သည်။

"မင်းဘယ််လိုလုပ် ချီအခြေတည်ခြင်းအလယ်အလတ်အဆင့် လူတွေကို သတ်နိုင်တာလဲ...." ရှုချင်က မျက်မှောင်လေးကြုံ့ရင်း မေးသည်။

"အကြောင်းပြချက်တွေ အများကြီးရှိတယ်" သူက ရိုးရိုးရှင်းရှင်းသာပြန်ဖြေသည်။ "ကျွန်တော် ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်မှာ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ကို တစ်ယောက်တည်း ကိုင်တွယ်နိုင်တယ်"

များမကြာမီ သူတို့ တောင်တစ်လုံးဆီ ရောက်လာကြ၏။ တောင်ထိပ်မှ ဧရာမ လူလုပ်မြေပြင်ကြီးနှင့် ဆောက်လုပ်နေဆဲ အနက်ရောင်မျှော်စင်ကို မန်ဟိုမြင်လိုက်ရသည်။

သူသည် မျှော်စင်ပတ်ပတ်လည်၌ တင်ပျဥ်ခွေလျက်ထိုင်နေသော ကျင့်ကြံသူတစ်ထောင်နီးပါးအား ခပ်ရေးရေးမြင်လိုက်ရပြီး ကျမ်းစာရွတ်ဖတ်သံသဲ့သဲ့ ကြားလိုက်ရသည်။ သို့သော် အသေးစိတ်တော့မကြားရပေ။

"ကျွန်တော် ဆက်သွားလို့မဖြစ်ဘူး" သူက ပြောသည်။ သူ့အကြည့်သည် အောက်ဖက်ရှိရှုခင်းထံမှ ရှုချင်ဆီ ကျရောက်လာ၏။ "ဒိီပတ်ဝန်းကျင်မှာ သင်းကွဲကျင့်ကြံသူတစ်ယောက်မှ ရှိမနေသင့်ဘူး။ အစ်မ ကိုယ့်ဘာသာ ဆက်သွားတော့နော်။ အန္တရာယ်မဖြစ်စေနဲ့။ ဒါကို ယူသွား၊ ဒါကကိုယ်ပျောက်ပစ္စည်း။ အစ်မ ချီအခြေတည်အဆင့်ရောက်ရင် သုံးနိုင်လိမ့်မယ်" သူက သူမကို ကိုယ်ပျောက်အဆောင်စက္ကူကမ်းပေးလိုက်သည်။

သူမက လက်ခံသည်။ သူမကိုယ်ပေါ်တွင် မန်ဟို၏ဝတ်ရုံများ ဝတ်ဆင်ထားလျက် ရှိသေးသည်။ ၄င်းတို့က အတန်ငယ်ကြီးသော်လည်း သူမကတော့ လှနေမြဲပင်။ သူမသည် မန်ဟို့ကိုကြည့်ပြီး တစ်ခုခုပြောတော့မည့်အလား ပါးစပ်ဟလိုက်သည်။ သို့သော် ထိုအစား သူမက ရှေ့သို့ကိုင်းပြီး သူ့ကို တင်းတင်းကြပ်ကြပ်ဖက်လိုက်လေသည်။ သူမခေါင်းလေးက သူ့ရင်ဘတ်အပေါ် ဖိကပ်ထားပြီး သူ၏နှလုံးခုန်သံကို သူမကြားနေရ၏။

ဤသည်မှာ အချစ်စိတ်ကြောင့် ပွေ့ဖက်ခြင်းမဟုတ်။ အစ်မတစ်ယောက်က မိသားစုဝင်မောင်လေးတစ်ယောက်ကို ပွေ့ဖက်ခြင်း ဖြစ်သည်။

ကောင်းကင်သည် အလင်းရောင်တို့ ယှက်သန်းလာပြီး အမှောင်ထုကား တစတစလွင့်စင်ပျောက်ကွယ်နေလေပြီ။ မန်ဟိုက ရှုချင်၏လှပသော ဆံနွယ်လေးများကို ငုံ့ကြည့်သည်။ သူမ ဆံနွယ်လေးများက သူကြည့်နေသည်ကို သိ၍ပေလား၊ သို့မဟုတ် လေကြောင့်ပေလား။ ၄င်းတို့က သူ့မျက်နှာကို ယုယကြင်နာစွာနမ်းရှိုက်လေသည်။

အချိန်များစွာကုန်ဆုံးသွားပြီးနောက် ရှုချင်က နောက်ဆုတ်ပြီး သူ့မျက်လုံးများကို လေးလေးနက်နက်ကြည့်သည်။

"မင်း ဂရုစိုက်နော်" သူမက ပြောသည်။ "ဒီနေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွား" ထို့နောက် သူမက လှည့်ပြီး ဓားပျံတစ်လက်ပေါ်နင်းကာ တောင်အောက်ထိုးဆင်းသွားတော့သည်။ သူမသည် အကြိမ်အနည်းငယ်ဆင်းလိုက် တက်လိုက်သွားပြီးနောက်ဆုံး တောင်ခြေရှိ တောအုပ်လေးတစ်အုပ်ထဲ ဝင်ရောက်သွားသည်။ သူမ တောအုပ်၏အခြားတစ်ဖက်မှ ပြန်ထွက်လာသောအခါ မန်ဟိုအဝတ်အစားများမရှိတော့ဘဲ ချင်းလော်ဂိုဏ်းဝတ်ရုံအသစ်ကို ဝတ်ဆင်ထားလေပြီ။

မန်ဟိုသည် သူမ တရွေ့ရွေ့ပျောက်ကွယ်သွားသည်ကို တစ်ချိန်လုံးရပ်ကြည့်နေ၏။ ခွဲခြားခြင်းအငွေ့အသက်က သူ့ကို စိုးမိုးနေပြီး တခဏကြာသည်အထိိ မှီခိုရာဂိုဏ်းဖျက်သိမ်းခံခဲ့ရသည့်အချိန်ကကဲ့သို့ သူခံစားနေရလေသည်။

သို့သော် ယခုတွင် သူသည် စဦးချီဖွဲ့စည်းမှုကျင့်ကြံသူတစ်ယောက် မဟုတ်တော့ပေ။ သူက ပြီးပြည့်စုံသောအခြေနှင့် ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူသည် ကလေးမဟုတ်တော့၊ လူငယ်တစ်ဦးဖြစ်နေပြီ။ ရင့်ကျက်ခြင်းမှ မွေးဖွားလာသော အတွေးအခေါ်တို့သည် သူ့ကို တစ်ခုနားလည်စေ၏။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အရေးမကြီး၊ လူတိုင်းလူတိုင်း၌ သူတို့ရွေးချယ်မှုသူတို့ ရွေးပိုင်ခွင့်ရှိသည်။

သူ့လမ်းကြောင်းကို သူကိုယ်တိုင်သာ ဖောက်နိုင်လေသည်။ သူ့လမ်းကြောင်းက အခြားသူများ၏လမ်းကြောင်းကို ဖြတ်ရကောင်းဖြတ်ရနိုင်သော်လည်း ယခုအချိန်တွင်တော့ သူတစ်ယောက်တည်းလျှောက်ရန် လိုအပ်သည်.....သူ၏ကိုယ်ပိုင်လမ်းကြောင်း ဖောက်လုပ်ရန် လုံလောက်သည်အထိ အစွမ်းမထက်သေးသရွေ့။ အရာအားလုံးကို မပြောင်းလဲနိုင်သေးသရွေ့။ တစ်နည်းဆိုရလျှင် ပင့်သက်ရှိုက်သံများဖြင့်ပြည့်နှက်နေသော ဘဝတစ်ခုဖြင့် နေထိုင်ရန်ပင်။

သူသည် ရှုချင် ချင်းလော်ဂိုဏ်းဆုံရပ်ကို ရောက်သည့်တိုင်အောင် ငေးကြည့်နေ၏။ ခိုင်မာပြတ်သားသော စိတ်ဆန္ဒတို့ သူ၏မျက်လုံးများထဲ ပြည့်နှက်သွားသည်။ သူက ခေါင်းကို မော့ပြီး ကောင်းကင်ကို ကြည့်သည်။ ထိုနေရာတွင် ထွက်လာနေသော နေနှင့် လသည် တစ်ခုပေါ်တစ်ခု ထပ်လုနီးပါးရှိလေပြီ။

မန်ဟို၏မျက်လုံးများ တောက်ပလင်းလက်လာသည်။

"ငါဒိီရောက်နေမှတော့ အခြေအနေသွားကြည့်သင့်တယ်။ အချိန်ဖြစ်စဥ်က အစစ်အမှန်ဆိုရင် ကြေးမုံရယ်၊ နွေဦးနဲ့ဆောင်းဦးသစ်ပင်ကို သုံးပြီး အချိန်ရတနာလို့ခေါ်တဲ့ဟာကို ထုလုပ်နိုင်သည်။ ပြီးတော့ ငါ့မိုးကြိုးသစ်ရွက်။ လုတောက််လဲ ဒီနေရာမှာဆိုတော့ ငါသတင်းနည်းနည်းပါးပါးလောက် ရလောက်တယ်" သူက ချာခနဲလှည့်ပြီး သူ၏လမ်းကြောင်းကို လမ်းပြရန် နေနှင့်လ၏နေရာကို အသုံးပြုရင်း လေပေါ်ပျံတက်လိုက်သည်။

သူက အတန်ကြာဆက်သွားနေ၏။ ရုတ်တရက်ပေါက်ကွဲသံတစ်သံ လေထဲပြည့်နှက်သွားပြီး ဆွဲအားပေါ်လာပြန်သည်။ ဤတစ်ကြိမ်တော့ မန်ဟိုသည် ၄င်းကိုမခုခံနိုင်သည့် ချီအခြေတည်ခြင်းစဦးပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်အား မျက်စိဖြင့်တပ်အပ် မြင်လိုက်ရ၏။ သူ၏ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားပြီး အကောင်အထည်ဒြပ်မရှိသော တာအိုမဏ္ဍိုင်တစ်ခု အကြွင်းအကျန်များထဲမှ ပျံထွက်လာသည်။

"ဆွဲအားက ပိုအားကောင်းလာတယ်။ နောက်ဆုံးကျ ငါမခုခံနိုင်တော့မှာ စိတ်ပူမိတယ်" သူက မျက်နှောင်ကြုတ်ရင်း တုန်ခါနေသော တာအိုမဏ္ဍိုင်များကို ဖိနှိပ်ပြီး တတ်နိုင်သမျှ မြန်မြန်ပျံသန်းလိုက်သည်။ မကြာမီ နေနှင့်လကား ထပ်မနေတော့ပေ။ သို့သော် ယခုတွင် မန်ဟို မည်သည့်နေရာသွားရမည်ကို သိပြီး ဦးတည်ရာနှင့် တဖြေးဖြေးနီးကပ်လာနေကြောင်း သူသဘောပေါက်လိုက်လေသည်။

***

All Chapters