← Chapters

နောက်ဆုံးတစ်ယောက်

Vol. 11 Ch. 155

နောက်ဆုံးတစ်ယောက်

Vol. 11 Ch. 155

အချိန်လေးနာရီခန့် တရွေ့ရွေ့ကုန်ဆုံးသွား၏။ မန်ဟို တစ်တောင်ပြီးတစ်တောင် ကျော်ဖြတ်ပျံသန်းနေသည့်အတောအတွင်း ဆွဲအားနောက်တစ်ဖန်ပေါ်ပေါက်လာပြန်သည်။

ဤနေရာသည် အလွန်ထူးဆန်း၏။ နေမင်းသူရိန်သည် ခေါင်းအထက်တွင် အလျှံတညီးညီးတောက်ပလျက် ရှိသည်။ သို့သော် အနီးကပ်ကြည့်လျှင် ၄င်းအတွင်း၌ မှုန်ဝါးဝါးလသဏ္ဍာန်ကိုလည်း မြင်နိုင်သည်။ ကြည့်ရသရွေ့ နောက်ထပ်နှစ်နာရီအတွင်း ၄င်းတို့ ကွဲကွာတော့မည့်ပုံရသည်။

နောက်တစ်နာရီခန့်ခရီးနှင်ပြီးသော် ကျယ်ပြောသော လွင်ပြင်ကြီးတစ်ခု အရှေ့တွင် ဆီးကြိုနေ၏။

လွင်ပြင်သည် လူ့တစ်ယောက်အရပ်ထက်ဝက်နီးပါးရှိသော မြက်ပင်ရှည်များဖြင့် ပြည့်နှက်လျက်ရှိသည်။ ၄င်းသည် လေအဝှေ့တွင် ဘေးဘယ်ညာယိမ်းနွဲ့နေရာ လွင်ပြင်မှာ ပင်လယ်တစ်စင်းသဖွယ် ဖြစ်နေတော့သည်။ အသံဟူ၍ လေတိုးသံများသာရှိသည်။ လွင်ပြင်အတွင်းရှိ တစ်နေရာသည် မြက်များကင်းမဲ့နေ၏။ ထိုနေရာတွင် လူသုံးယောက် တင်ပျဥ်ခွေထိုင်နေကြသည်။

နှစ်ယောက်က အမျိုးသမီးဖြစ်ပြီး တစ်ယောက်က အမျိုးသားဖြစ်သည်။ ထိုအမျိူးသားသည် သက်လက်ပိုင်းအရွယ်ဖြစ်ပြီး ခဲရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ၏မျက်နှာသည် ခံစားချက်ကင်းမဲ့နေပြီး သူက မျက်လုံးများပိတ်လျက် တရားထိုင်နေသည်။ အေးစက်သောအငွေ့အသက်က သူ့ထံမှ လွင့်မျောလျက်ရှိသည်။ သူသည် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ဖြစ်၏။ သူက ဤနေရာသို့ ခရီးနှင်လာခဲ့သော ခရမ်းရောင်ဖုန်းရွှေသံလိုက်အိမ်မြှောင်အပေါ်မှ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူသုံးယောက်ထဲက တစ်ယောက်ဖြစ်သည်။

အမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်မှာ သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး အတော်လေးဝ၏။ သူမရုပ်ရည်မှာ လယ်သူမကဲ့သို့ ရွက်ကြမ်းရေကြိုသာဖြစ်သည်။ သူသည် ထိုချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့် အစွမ်းထက်ကျင့်ကြံသူသုံးဦးအဖွဲ့ထဲက တစ်ယောက်ဖြစ်လေသည်။

သူမ နောက်ဆုံးအမျိုးသမီးကို ကြည့်လိုက်စဥ် သူမမျက်နှာပေါ်တွင် စိတ်မရှည်သောအရိပ်အယောင်တစ်ခု အထင်းသားပေါ်နေ၏။ ဤအမျိုးသမီးသည် မျက်နှာလွှားဇာနှင့် သူမမျက်နှာတစ်ခြမ်းကို ဖုံးကွယ်ထားရာ သူမ၏မျက်နှာပုံပန်းသွင်ပြင်ကို လျှို့ဝှက်ဆန်းကြယ်စွာ ကာဆီးထားလေသည်။

"တာအိုရောင်ရင်း၊ ကျွန်မ ထိုင်စောင့်နေဖို့အတွက် ရှင် ဒီကိုဖိတ်တာလား။ ကျွန်မတို့ သွားမယ့်နေရာက တကယ်ပဲ နဂါးသိုက်လို ဒါမှမဟုတ် ကျားဂူလို့ အန္တရာယ်များတယ်ဆိုတာ ကျွန်မဖြင့် မယုံနိုင်ဘူး။ တာအိုရောင်ရင်း စီမာနဲ့ ကျွန်မနဲ့တင် တကယ် မလုံလောက်ဘူးလား" သူမက အေးတိအေးစက်ရယ်သည်။ အေးစက်သော သက်လတ်ပိုင်းအမျိုးသားက တရားထိုင်နေရာမှာ မျက်လုံးဖွင့်လိုက်သည်။ ဇာလွှာနှင့်အမျိုးသမီးကို ကြည့်လိုက်စဥ် သူ၏မျက်လုံးများ တောက်ပသွား၏။

"တာအိုရောင်ရင်းလီ၊ ကျေးဇူးပြုပြီး နည်းနည်းလောက် ထပ်စောင့်ပေးပါ" မျက်နှာလွှားဇာနှင့်အမျိုးသမီးက အပူပင်ကင်းစွာ ပြောသည်။ "ကျွန်မ စုစုပေါင်း လူငါးယောက်ဖိတ်ခဲ့တယ်။ သူတို့ရောက်မလာရင် ကျွန်မတို့လဲ ဆက်မသွားဘူး။ ကျွန်မတို့သုံးယောက်ထဲနဲ့ အောင်မြင်နိုင်ခြေ နည်းလိမ့်မယ်"

လီအမျိုးသမီးက နှာခေါင်းရှုံပြီး ထပ်ပြောတော့မည့်ပုံရသည်။ အဆုံးသတ်တွင် သူမ မပြောပေ။

"နဲနဲလောက်ထပ်ပြီး စိတ်ရှည်ပေးပါ" မျက်နှာလွှားဇာနှင့်အမျိုးသမီးက ပြောသည်။ "နေနဲ့လ နှစ်နာရီအတွင်း တစ်ခုနဲ့တစ်ခု ခွဲထွက်လိမ့်မယ်။ အဲ့အချိန်ကျမှ သူတို့ရောက်မလာရင် ကျွန်မတို့ ကိုယ့်ဘာသာကြိုးစားရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး"

တစ်နာရီကြာသည့်အချိန် ရောင်စုံအလင်းတန်းတစ်တန်းပေါ်လာသည်။ ၄င်းအတွင်းတွင် ခရမ်းရောင်အစင်းတန်းတစ်တန်းပါရှိသည်။ ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော လူတစ်ယောက် ချဥ်းကပ်လာနေလေသည်။

ဤလူက အမြင့်ဆုံးအရှိန်ဖြင့် ရွေ့လျားလာရာ အသက်ရှိုက်ရေ အကြိမ်အနည်းငယ်အတွင်း ရောက်လာ၏။ ၄င်းသည် ချောမောခန့်ညားသော ရုပ်ရည်နှင့် မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်ခုဖြင့် လူငယ်တစ်ယောက်ဖြစ်သည်။ သူ၏ခရမ်းရောင်ဝတ်ရုံအရ သာမန်လူမဟုတ်ကြောင်း ထင်ရှားလေသည်။ ဆင်းသက်ပြီးနောက် သူ၏မျက်လုံးများက အခြားလူသုံးယောက်ကို လွှမ်းခြုံသွားသည်။ သူက သူတို့ကို ပြုံးပြပြီးနောက် လက်ယှက်နှုတ်ဆက်သည်။

"ကျုပ်နောက်ကျသွားတယ်" ရှဲ့ကျဲက ဆိုသည်။ "ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ တာအိုရောင်ရင်းတို့။ စောင့်ခိုင်းထားရတာ တောင်းပန်ပါတယ် ညီမလေးဟန်" ဤသည်မှာ ချင်းလော်ဂိုဏ်း၏ သီးသန့်ဂိုဏ်းသား ရှဲ့ကျဲကလွဲ၍ တခြားလူမဟုတ်ပေ။ သူက မျက်နှာလွှားဇာနှင့်အမျိုးသမီး၏ သရုပ်မှန်ကို ဖော်ထုတ်ပြီး ညစ်ကျယ်ကျယ်အပြုံးတစ်ခုဖြင့် သူမကို ကြည့်သည်။

သူ၏ရောက်လာမှုက လီအမျိုးသမီးကို မဆိုစလောက် မျက်မှောင်ကြုတ်သွားစေသည်။ သူမက ထရပ်ပြီး သူ့ကို လက်ယှက်နှုတ်ဆက်လိုက်သည်။ သို့သော် အေးစက်သောလူမှာမူ ခေါင်းတစ်ချက်သာ ညိတ်၏။

အခြားလူနှစ်ယောက် သူမကို ကြည့်နေသဖြင့် မျက်နှာလွှားဇာနှင့်အမျိုးသမီး မျက်မှောင်ကြုတ်သွားသည်။

သူက ဇာကိုဖယ်ရင်း ခပ်လွင်လွင်် ရယ်လိုက်သည်။ သူမမျက်နှာလေးသည် မယုံနိုင်ဖွယ်ကောင်းလောက်အောင် လှပနူးညံ့ပြီး သူမအသားရေမှာ ကျောက်စိမ်းကဲ့သို့ စိုပြေလျက်ရှိသည်။ သူမအလှကြောင့် အရာအားလုံး ပို၍တောက်ပလာပုံပင်ရလေသည်။

"ဟန်ပေ့ တာအိုရောင်ရင်းတို့အားလုံးကို အရိုအသေပေးပါတယ်" သူမက ပြောသည်။ "အစက ကျွန်မ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် သရုပ်မှန်ကို မဖော်ထုတ်ချင်ခဲ့ဘူး။ ဒါပေမယ့် အစ်ကိုရှဲ့ နားလည်မှုလွဲသွားပုံရတယ်။ ဒီတော့ အားလုံးသက်တောင့်သက်တာဖြစ်အောင် ကျွန်မသရုပ်မှန်နဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းရှိပါ့မယ်" ဤအမျိုးသမီးကား ဟန်ပေ့လွဲ၍ တခြားမဟုတ်ပေ။ သူမ၏ဆွဲဆောင်မှုသောအသွင်လေးနှင့် ယခု သူမမျက်နှာပေါ်က လှပသောအပြုံးလေးနှင့်ပေါင်းစပ်သွားသောအခါ သူမကို စိတ်ဆိုးရန်မဖြစ်နိုင်တော့ပေ။

ရှဲ့ကျဲက ပြုံးသည်။ " ညီမလေးဟန် ကိုယ့်ကိုယ်ကိုယ် သိုဝှက်ထားချင်တယ်ဆိုတာ အစ်ကိုမသိလိုက်ဘူး။ အလောတကြီးပြောခဲ့အတွက် ကျေးဇူးပြုပြီး ဗွေမယူပါနဲ့"

"ကိစ္စမရှိပါဘူး" သူမက အပြုံးလေးနှင့်ပြန်ဖြေသည်။ "ဒိီနေရာက ဂိုဏ်းလှုပ်ရှားမှုကို ထည့်တွက်ရင်း ညီမ သရုပ်မှန်က နားလည်မှုလွဲစေမှာ စိုးခဲ့မိလို့ပါ။ ဒါပေမယ့် အစ်ကိုရှဲ့ ဒီရောက်လာပြီဆိုတော့ ညီမစိုးရိမ်စရာမရှိတော့ပါဘူး။ ညီမတို့အောင်မြင်နိုင်ခြေတော့ အခုပိုများသွားပြီ" လီအမျိုးသမီးက စဥ်းစဥ်းစားစားကြည့်လိုက်ပြီး ခဲရောင်ဝတ်ရုံနှင့်ကျင့်ကြံသူမျက်မှောင်ကြုတ်သွားသည်။

သူမစကားလုံးများက အပ်အပြည့်နှင့်ဂွမ်းစအလားပင်။ ရှဲ့ကျဲ တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ရပ်ပြီး ခေါင်းလှည့်ကြည့်လိုက်သည်။ ခဲရောင်ဝတ်ရုံနှင့်လူမှအပ လူတိုင်း ထိုနည်းတူ လှည့်ကြည့်လိုက်ကြသည်။

ရောင်စုံအလင်းတန်းတစ်တန်းသည် လေပြင်းတစ်ချက်နှင့်အတူ မြက်ပင်များကို ဖယ်ရှားရင်း ချဥ်းကပ်လာ၏။ ၄င်းက အဘိုးအိုတစ်ဦးအသွင်ပြောင်းသွားသည်။ သူကား ရှုယိုတောက်ကလွဲ၍ တခြားလူမဟုတ်ပေ။

သူသည် မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်း အဖွဲ့ထံ လျှောက်လာ၏။ သူက ဘေးပတ်လည်ကို တခဏအကဲခတ်ပြီးနောက် သူ့အကြည့်သည် ဟန်ပေ့အပေါ် ကျရောက်လာသည်။

"ဒီတော့ ဒါက တာအိုရောင်ရင်းဟန်ဆီက ဖိတ်ကြားချက်ပေါ့လေ။ ချင်းလော်ဂိုဏ်း ဒီနေရာမှာ ဘာလုပ်နေလဲဆိုတာ ခင်ဗျား ကျုပ်ကို ရှင်းပြသင့်တယ် ထင်တယ်"

ဟန်ပေ့ကပြုံးသည်။ "ရှင်နဲ့ ရှင့်ရဲ့ အထူးပညာရပ်နဲ့ဆိုရင် တာအိုရောင်ရင်းရှု ၊ ကျွန်မတို့တာဝန်ကတော့ အောင်မြင်ဖို့ပိုလွယ်ကူလိမ့်မယ်။ ဖြေရှင်းချက်အတွက်ကတော့ လူကြီးမင်း၊ ကျွန်မ မကြာခင် အပြည့်အစုံရှင်းပြပါ့မယ်"

လီအမျိုးသမီးက ရှုယိုတောက်ကို ကြည့်ပြီး အလျင်အမြန် လက်ယှက်နှုတ်ဆက်လိုက်သည်။ ရှဲ့ကျဲက ပြုံးပြီး ထိုနည်းတူနှုတ်ဆက်လိုက်၏။ ခဲရောင်ဝတ်ရုံနှင့်လူက သူ့ကို ခေါင်းသာညိတ်ပြသည်။ သူသည် မည်သူ့ကိုမှ အဖက်မလုပ်ပေ။

"လူစုံပြီလား" ရှဲ့ကျဲက ပြုံးပြီး မေးသည်။

"နောက်တစ်ယောက်ကျန်သေးတယ်ကြားတယ်" လီအမျိုးသမီးက ရှဲ့ကျဲကို မျက်နှာချိုသွေးကာ ပြုံးပြရင်း ဆိုသည်။

"ဟုတ်လား" ရှဲ့ကျဲက မျက်လုံးများ ကျဥ်းမြောင်းရင်း ပြောသည်။ ဤသုံးယောက်သည် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူများဖြစ်ပြီး သူမှတ်မိရသရွေ့ သင်းကွဲကျင့်ကြံသူများအကြားထဲ ထပ်မရှိတော့ပေ။ "ဟန်ပေ့ ချင်းလော်ဂိုဏ်းသားတစ်ယောက်ယောက်ကို ဖိတ်ခေါ်ထားတာများလား" သူက တွေးသည်။ "ဘယ်သူဖြစ်လောက်မလဲ....." သူက ဟန်ပေ့ကို ကြည့်သည်။ "အစ်ကိုတို့စောင့်နေတဲ့ နောက်ဆုံးတစ်ယောက်က ဘယ်သူလဲ" သူက အပြုံးလေးနှင့်မေးသည်။ "ညီမလေး စိတ်မရှိရင် ရှင်းပြပေးနိုင်မလား"

"ဟုတ်တယ်" လီအမျိုးသမီးက ဝင်ပြောသည်။ " ဒီတာအိုရောင်ရင်း ဘယ်သူဖြစ်လောက်မလဲ ကျွန်မအရမ်းစိတ်ဝင်စားတယ်။ သူသာ အရေးပါရင် ကျွန်မ မိတ်ဆွေဖွဲ့ဖို့ အသင့်ပဲ။ အရေးမပါရင်တော့ ကျွန်မတို့ ဘာလို့စောင့်နေသေးလဲ မေးရမယ်"

ခဲရောင်ဝတ်ရုံနှင့်လူက မျက်လုံးများမှိတ်ပြီး သူတို့ကို လျစ်လျူရှုထား၏။ ရှုယိုတောက်က မျက်လုံးများတဖျပ်ဖျပ်လက်နေရင်း အလေးအနက် ရပ်စဥ်းစားနေသည်။

ဟန်ပေ့က တခဏတိတ်ဆိတ်နေပြီးနောက် ပြောသည်။ "ရှင်တို့ သရုပ်မှန်တွေကို စစချင်း မသိခဲ့သလိုမျိုး ကျွန်မလဲ ဘယ်သူဆိုတာ မသိဘူး။ ကျွန်မထင်တာတော့ သူက အခု အရေးကြီးပုဂ္ဂိုလ်တစ်ယောက်မဟုတ်ပေမယ့် ကျွန်မတို့အဖွဲ့မှာ သူသာမရှိရင် ကျွန်မတို့ ဒီနေ့ လက်ဗလာနဲ့ပြန်ရလောက်တယ်။ ဒီလူနဲ့ဆိုရင် ကျွန်မတို့ အောင်မြင်နိုင်ခြေက သုံးဆယ်ရာခိုင်နှုန်းတိုးသွားလိမ့်မယ်" သူမက တည်ငြိမ်စွာပြောလိုက်သော်လည်း သံမဏိပမာ ခိုင်မာပြတ်သားလျက်ရှိသည်။

"အင်း" ရှဲ့ကျဲကပြောသည်။ ယခုတွင် သူပိုစိတ်ဝင်စားသွားလေပြီ။ "ညီမလေးဟန်က ဘာကြောင့် ဒီလူ့ကို အရေးထားနေတာလဲ"

လီအမျိုးသမီးက အေးစက်စွာရယ်သည်။ သူမ၏မျက်နှာသည် အထင်သေးမှုများဖြင့် ပြည့်နှက်နေပြီး ဟန်ပေ့ တစ်စိတ်ကိုတစ်အိတ်လုပ်နေသည်ဟု တွေးနေချေသည်။ ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ထိုမျှ အသုံးဝင်လိမ့်မည်ကို သူမမယုံကြည်ပေ။ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက်ဆိုလျှင် တစ်မျိုးဖြစ်သော်လည်း ထိုကဲ့သို့လူတစ်ယောက်က သူတို့နှင့်ပူးပေါင်းမည်မဟုတ်ပေ။

"အမြုတေဖြစ်တည်မှု အတုအယောင်အဆင့် ကျင့်ကြံသူများလား" လီအမျိုးသမီးက သရော်သလိုမေးသည်။ "တာအိုရောင်ရင်းဟန်၊ ရှင် တကယ် သတိထားသင့်တယ်နော်။ ကမ္ဘာကြီးမှာ ထင်ပေါ်ကျော်ကြားမှုနဲ့ ချီးမွမ်းစကားတွေကို စမ်းတဝါးဝါးလိုက်ရှာနေတဲ့လူတွေ တစ်ပုံကြီးပဲ"

"ဒီပုဂ္ဂိုလ်က အတုအယောင်အမြုတေအဆင့် ဟုတ်မဟုတ် ကျွန်မတကယ်မသိဘူး" ဟန့်ပေ့က လီအမျိုးသမီးကို တည်ငြိမ်စွာ ကြည့်ရင်း အေးစက်စက်ပြောသည်။ "ဘယ်လိုနေနေ သူက သေချာပေါက် သာမန်ထက်ထူးခြားတယ်။ ဒါတော့ ရှင်သေချာနိုင်တယ်"

လီအမျိုးသမီး ဘာမှဆက်မပြောတော့ပေ။ ရုတ်တရက် ရှဲ့ကျဲ ခေါင်းထောင်ပြီး မိုးကုပ်စက်ဝန်းထံ လှမ်းကြည့်လိုက်သည်။ ရှုယိုတောက်လည်း ထိုနည်းတူပင်။ မကြာမီ လူတိုင်း၏မျက်လုံးများသည် သူတို့ထံ ဦးတည်လာနေသော အလင်းတန်းကို မမှိတ်မသုန် ကြည့်နေကြသည်။

ဤသည်မှာ ဟုတ်ပါသည်။ မန်ဟိုပင်။ သူသည် မြေပြင်ကို အကဲခတ်ရင်း လေကိုခွင်း၍ လာနေ၏။ မကြာမီ နေနှင့်လေ ထပ်တူကျ တောက်ပနေပြီး လူငါးယောက်ရပ်နေသော လွင်ပြင်ပေါ်က ကွက်လပ်ကို မြင်လိုက်သည်။

သူက မြေပေါ်ဆင်းသက်ရင်း သူတို့ကို လှမ်းကြည့်သည်။ သူသည် ခါတိုင်းကဲ့သို့ မပြောင်းလဲသော အမူအရာနှင့် လမ်းလျှောက်လာ၏။

မန်ဟို့ကိုမြင်သောအခါ ရှုယိုတောက်၏အမူအရာ ရိပ်ခနဲဖြစ်သွားသည်။ တောက်ပသောအလင်းရောင်တစ်ခု ဟန်ပေ့၏မျက်လုံးများထဲ လင်းလက်သွားပြီး သူမနှုတ်ခမ်းလေး ကွေးတက်သွားသည်။ ရှဲ့ကျဲမှာမူ မန်ဟို့ကို ကြည့်နေစဥ် အေးစက်သောအရိပ်အယောင်တစ်ခု သူ၏မျက်နှာကို ဖုံးလွှမ်းသွား၏။

"တွေ့ရတာဝမ်းသာပါတယ် တာအိုရောင်ရင်းတို့" သူက တည်ငြိမ်အေးဆေးစွာ ပြောသည်။ "ကျုပ် လမ်းမှာ နှောင့်နှေးနေခဲ့လို့ နောက်ကျသွားတယ်" သူက အဖွဲ့ကို ကြည့်လိုက်ပြီး သူ့အကြည့်သည် ဟန်ပေ့အပေါ်တွင် တခဏရစ်ဝဲသွား၏။

"ချီအခြေတည်ခြင်း စဥိီးပိုင်းအဆင့်" လီအမျိုးသမီးက မျက်မှောင်ကြုတ်ရင်း ပြောသည်။ သူမမျက်နှာပေါ်တွင် အထင်သေးခြင်း၏ ထောင်လွှားမောက်မာသောအသွင်တစ်ခု ပေါ်လာသည်။ သူမက မနေနိုင်ဘဲ ရိုင်းရိုင်းစိုင်းစိုင်း ပြောတော့သည်။ "ဒါက တာအိုရောင်ရင်းဟန် အရေးကြီးတယ်ဆိုတဲ့ ပုဂ္ဂိုလ်လား။ မဖြစ်စလောက် ချီအခြေတည်ခြင်းစဦးပိုင်းအဆင့်လေးကို သူက အရေးကြီးတယ် ထင်တယ်လား။ ဟာသပဲ။ ဒါမှမဟုတ် ဒီဂျူနီယာမျိုးဆက်ပေါက်စလေးက ဒီနေရာကို မျက်စိလည်လမ်းမှားပြီး ရောက်လာတာများလား"

မန်ဟိုက စကားတစ်ခွန်းမဆိုဘဲ သူမကို ကြည့်သည်။

"ကျုပ်လဲ သိချင်မိတယ်" ရှဲ့ကျဲက ခပ်ပြုံးပြုံးဆိုသည်။ သူ၏မျက်လုံးများထဲတွင် မမြင်နိုင်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွား၏။

ရှဲ့ကျဲ၏ စကားလုံးများက လီအမျိုးသမီး၏ မောက်မာမှုကို ပို၍ပင်ကြီးထွားသွားစေသည်။ "ချီအခြေတည်ခြင်း စဦးပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ကျွန်မတို့အလယ်ရောက်နေတာ သိက္ခာကျတယ်။ ဟန်ပေ့ သူ့ကို ထောက်ခံပေခဲ့မယ့် ကျွန်မ လီ သူ့မှာ ဘယ်လိုစွမ်းရည်တွေရှိလဲ ကျွန်မကိုယ်တိုင်စမ်းသပ်မယ်" သူမက ပြောသည်။ "ငါ့ဆီက ရိုက်ချက်တစ်ချက်ကို ခံနိုင်ရင် ငါတို့နဲ့အတူ ပူးပေါင်းဖို့ မင်းအရည်အချင်းပြည့်မှီတယ်ဆိုတာ ငါလက်ခံမယ်။ အရည်အချင်း မပြည့်မှီရင်တော့ မင်း ဘယ်လိုနေနေ ချင်းလော်ဂိုဏ်းသတ်တာ ခံရမှာပဲ။ သေခြင်းက မင်းဒုက္ခတွေအားလုံကို အဆုံးသတ်ပေးလိမ့်မှာပါ"

စကားပြောပြီးချိန်တွင် သူမသည် မန်ဟိုထံ ရောက်နေခဲဲ့လေပြီ။ သူမက ညာလက်ကိုမြှောက်လိုက်ရာ စူးရှတောက်ပနေသော လိမ္မော်ရောင်အလင်းပေါ်လာပြီး ပန်းရောင်ကြာပွတ်အသွင်ပြောင်းသွားသည်။ ၄င်းက တရွှမ်းရွှမ်းမြည်ရင်း ဝှေ့ယမ်းနေချေသည်။

***

All Chapters