မန်ဟို့ကို ထိတ်လန့်ခြင်း
Vol. 12 Ch. 156
မန်ဟို၏အမူအရာသည် အေးဆေးတည်ငြိမ်လျက်ရှိ၏။ ဘယ်သူမှ လီအမျိုးသမီးကို ဝင်မတားကြပေ။ ခဲရောင်ဝတ်ရုံနှင့်လူက မျက်လုံးမှိတ်၍ တရားထိုင်နေသည်။ ရှုယိုတောက်က မန်ဟို၏ ထူးခြားဆန်းကြယ်မှုများကို သိသဖြင့် ဘာမှမလုပ်ပေ။
ဟန်ပေ့မှာမူ မန်ဟို၏မယုံကြည်နိုင်ဖွယ်စွမ်းအားနှင့်စပ်လျဥ်း၍ သူမတွင် ခန့်မှန်းချက်များရှိသော်လည်း မသေချာပေ။ သူမမှာ သူမ၏ထင်မြက်ချက်များကို လောင်စာဖြည့်ပေးခဲ့သော လျှို့ဝှက်သတင်းအချက်အလက်အနည်းငယ်သာ သိခြင်းဖြစ်သည်။ သူမအတွက် ဤအခြေအနေသည် မန်ဟို၏အတိုက်အခိုက်စွမ်းရည်ကို သုံးသပ်ရန် အခွင့်ကောင်းတစ်ခုဖြစ်လေသည်။
သူမက သတိပေးစကားအနည်းငယ် ပြောချင်သေးသော်လည်း လီအမျိုးသမီးက တကယ် နားထောင်မည်လော။ ထိုအမျိုးသမီး၏ကျင့်ကြံခြင်းအခြေခံသည် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်တွင် ဖြစ်သော်လည်း တွေးခေါ်နိုင်စွမ်းအရ အားလုံးအထဲအညံ့ဖျင်းဆုံးဖြစ်သည်။ သူမ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်သို့ရောက်ရှိခဲ့သည့် တစ်ခုတည်းသောနည်းလမ်းမှာ ဘိုးဘေးများ သူမထံ လက်ဆင့်ကမ်းပေးခဲ့သော ကံကောင်းခြင်းတရားကြောင့်သာဖြစ်သည်။
ရှဲ့ကျဲသည် ကိစ္စတစ်ရပ်လုံးအား တမင်တကာ သွေးထိုးလှုံ့ဆော်ခဲ့သူဖြစ်၍ သိသာထင်ရှား ဝင်ရောက်ဟန့်တားမည့်သူမဟုတ်ပေ။ သူက ပြုံးရင်း မန်ဟို့ကို ဘေးမှ စောင့်ကြည့်နေသည်။ သူသည် ဂိုဏ်း၏အကြီးအကဲများ မန်ဟို့ကို မည်သည့်အတွက်ကြောင့် မျက်စိဒေါက်ထောက်ကြည့်ခိုင်းထားသည်လဲ အလွန်သိချင်လေသည်။ မြင့်မြတ်သောနယ်မြေထဲဝင်ရောက်ပြီးနောက် သူသည် သိပ်အမှုမထားခဲ့သော်လည်း မန်ဟိုနှင့် ထပ်မံဆုံတွေ့ပြန်ရာ သူ့ကို စမ်းကြည့်ချင်လာ၏။
လူတိုင်း၌ အတွေးကိုယ်စီ ရှိနေကြသည်။ မန်ဟိုက သူတို့ကို ကြည့်ပြီး သူတို့၏စိတ်ကူးအမျိုးမျိုးအား မဖမ်းဆုပ်နိုင်သော်လည်း သူ့တွင် တော်တော်လေးကောင်းသော အကြံတစ်ခုရှိသည်။ သူက လီအမျိုးသမီး ကြာပွတ်ကို တရွှမ်းရွှမ်းရိုက်ရင်း ချဥ်းကပ်လာသည်ကို စောင့်ကြည့်နေသည်။ သူ၏မျက်နှာသည် ခံစားချက်မဲ့လျက်ရှိပြီး သူက နောက်သို့ခြေတစ်လှမ်းပင် မဆုတ်ပေ။ တိတိကျကျဆိုရလျှင် သူက သူမချဥ်းကပ်လာနေစဥ် ရှေ့သို့ ခြေလှမ်းသုံးလှမ်းပင် တိုးလိုက်သေးသည်။
ထိုသို့လှမ်းလိုက်စဥ် သူက ညာလက်ကိုမြှောက်၍ ဆန့်ထုတ်လိုက်သည်။
သူ၏လက်ဝါး ဆုန့်ထုတ်လိုက်သည်နှင့် လေပြင်းတစ်ချက် တိုက်ခတ်လာရာ ဘေးပတ်ဝန်းကျင်မှ မြက်များ သွေးရူးသွေးတန်းယိမ်းနွဲ့ကုန်သည်။ မန်ဟိုက တစ်ချက်လေးပင် မရပ်နားဘဲ ဒုတိယတစ်ချက်ဆန့်ထုတ်သည်။ ထို့နောက် သုံးချက်မြောက်၊ လေးချက်မြောက်၊ ငါးချက်မြောက်။
ဤငါးချက်သည် နွယ်များကြောင့် ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်ထံမှ ရရှိခဲ့သော တိမ်နက်ရိုက်ချက်ဆယ့်ကိုးးချက်ဖြစ်သည်။ ကျင့်စဥ်က မပြည့်စုံသော်လည်း ပထမဆုံးငါးချက်ကတော့ အပြည့်အစုံပင်။
ရိုက်ချက်တစ်ချက်စီတိုင်းတွင် မန်ဟို၏ ပြီးပြည့်စုံသောတာအိုမဏ္ဍိုင်မှ စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ငါးချက်ဆက်တိုက် ဆန့်ထုတ်ပြီးနောက် လူတစ်ယောက်အရွယ် ဧရာမမှော်လက်ဝါးကြီး သူ့အရှေ့တွင် ပေါ်လာ၏။ လက်ဝါးကြီး ရှေ့သို့ တဟုန်ထိုးဦးတည်သွားသဖြင့် လေပြင်းများ အရပ်မျက်နှာတစ်ခွင် တိုက်ခတ်သွားတော့သည်။
တိမ်နက်ရိုက်ချက်ဆယ့်ကိုးချက်ပေါ်လာသောအခါ ဟန်ပေ့နှင့် ရှဲ့ကျဲ အမူအရာပြောင်းသွားသည်။ ဧရာမလက်ဝါးကြီးကို သူတို့ချက်ချင်း မှတ်မိလိုက်သည်။ ဤသည်မှာ ချင်းလော်ဂိုဏ်းမှ မှော်ပညာရပ်တစ်ရပ်ဖြစ်၍ အပြင်လူများ ဘယ်နည်းနှင့်မှ မသိနိုင်ပေ။ သို့သော် ယခု မန်ဟိုက သူတို့မျက်စိရှေ့တည့်တည့်တွင် အသုံးပြုနေလေပြီ။ ၄င်းကို ငြင်းဆန်မရသဖြင့် ဤအခြင်းအရာက သူတို့နှစ်ယောက်လုံးကို ရင်တဒိန်းဒိန်းခုန်သွားစေ၏။
လီအမျိုးသမီးသည် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်တွင် ဖြစ်သော်လည်း သူမတွင် တာအိုမဏ္ဍိုင် ခုနစ်ခုသာ ရှိသည်။ ထိုမျှသာမက ၄င်းတို့က ဒဏ်ရာအဆင့်ပင်မဟုတ်၊ ကျိုးပဲ့အဆင့်တွင်ဖြစ်သည်။ သူမ၏ပုံရိပ်ယောင်ကြာပွတ် မန်ဟို၏လက်ဝါးကြီးကို ဝင်တိုက်လိုက်ချိန် အထင်သေးမှုက သူမမျက်နှာကို ဖုံးလွှမ်းသွားသည်။ သူမရင်ထဲတွင် ဘာဖြစ်တော့မည်လဲ သူမသိသည်။ ဓားပူပူတစ်ချောင်း ထောပတ်ကိုလှီးချလိုက်သကဲ့သို့ သူမ၏ကြာပွတ်က လက်ဝါးကြီး ထက်ပိုင်းခွဲလိုက်သဖြင့် ၄င်းပြိုကွဲသွားလိမ့်မည်။ ၄င်း တစစီဖြစ်သွားပြီးနောက် သူမကြာပွတ်သည် ပြိုင်ဘက်၏ခန္ဓာကိုယ်အပေါ်ကျရောက်ပြီး အရွတ်အကြောများစုတ်ဖြဲ၍ အရိုးခြေမွေပစ်လိမ့်မည်ဖြစ်သည်။
ဘုန်း
ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွား၏။ ၄င်းက ပျက်စီးပြိုကွဲခြင်းတစ်ခုဖြစ်သည်။ သို့သော် မန်ဟို၏ လက်ဝါးတော့မဟုတ်။ သက်လတ်ပိုင်းအမျိုးသမီး၏ မှော်ကြာပွတ် ဧရာမလက်ဝါးကြီးနှင့် ထိလိုက်သည်နှင့်တစ်ပြိုင်နက် ၄င်းသည် တုန်ခါသွားပြီး အစိတ်စိတ်အမြွှာမြွာပဲ့ထွက်သွားသည်။ ဤမထင်မှတ်ထားသော အဖြစ်အပျက်ကို မြင်သောအခါ လီအမျိုးသမီး မျက်စိမျက်နှာပျက်သွား၏။ မယုံကြည်နိုင်သောအသွင်က သူမမျက်နှာကို ဖုံးလွှမ်းသွားသည်။
ဤသို့ဖြစ်ပျက်လိမ့်မည်ဟု သူမ မည်သို့ခန့်မှန်းနိုင်ခဲ့မည်နည်း။ သူမသည် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်မှ အားဖြည့်ပေးထားသော မှော်ကြာပွတ်တစ်ခုကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ သူမပြိုင်ဘက်၏လက်ဝါးက မျှော်မှန်းထားသည်ထက် အဆပေါင်းများစွာ သာလွန်နေချေသည်။ ထိတ်လန့်ကြောက်ရွံခြင်းက သူမမျက်လုံးများထဲ ချင်းနင်းဝင်ရောက်လာတော့သည်။
မန်ဟို၏ဧရာမလက်ဝါးကြီးက ကြာပွတ်ကို ချက်ချင်းဖျက်စီးလိုက်သည်။ ၄င်းက လေပြင်းမုန်တိုင်းများနှင့်အတူ အံမခန်းလိလိစွမ်းအားကြီးဖြင့် ရှေ့သို့တဟုန်ထိုး ပြေးဝင်သွား၏။ လီအမျိုးသမီးကား မန်ဟို့ကို အထင်မသေးတော့ပေ။ ထိုအစား ပတ်ဝန်းကျင်မှာ စတင်တုန်ခါလာသဖြင့် သူမစိတ်ထဲတွင် ပြင်းထန်သောအန္တရာယ်အာရုံကြီး မြင့်တက်လာလေသည်။ သူမသည် ချက်ချင်းနောက်ဆုတ်ပြီး ညာလက်ကိုမြှောက်လိုက်ရာ ၄င်းအထဲ၌ အသေးစားဒိုင်းတစ်ခုပေါ်လာသည်။ သူမက လျှာကိုက်ပြီး ကျင့်ကြံခြင်းအခြေခံမှ သွေးအနည်းငယ်ထွေးထုတ်လိုက်သည်။ သွေးစက် ဒိုင်းအပေါ်ကျရောက်သွားသောအခါ ၄င်းသည် လည်လာပြီး မန်ဟို၏ဧရာမလက်ဝါးကြီးကို ခုခံရန် အပြင်ဘက်ပြန်ကားသွား၏။
နောက်ထပ်ပေါက်ကွဲသံတစ်သံ ရိုက်ခတ်သွားသည်။ ဒိုင်းသည် တုန်ခါသွားပြီး လက်ဝါးကို ခုခံနိုင်သည်ဆိုရုံသာရှိသဖြင့် နောက်သို့ မီတာပေါင်းများစွာ လွင့်ထွက်သွားသည်။ မန်ဟိုက ရှေ့သို့ဆက်လျှောက်လာ၏။ မည်သည့် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူထက် များစွာသာလွန်သော သူ၏စိတ်ဝိညာဥ်အာရုံ ထွက်ပေါ်လာပြီး လီအမျိုးသမီးကို ဖိနှိပ်လေသည်။
သူမမှာ ဖိအားအောက်တွင် စူးစူးဝါးဝါးအော်၏။ သူမအတွက် ဦးနှောက်ကို ဓားချွန်တစ်လက်ဖြင့် ထိုးဆွနေသကဲ့သို့ ခံစားရပြီး သူမ၏စိတ်ဝိညာဥ်အာရုံမှာ အစိတ်စိတ်အမြွှာမြွှာကွဲထွက်တော့မတတ်ဖြစ်နေသည်။ သူမက သွေးအန်ပြီး နောက်သို့ ယိမ်းယိုင်သွား၏။ ဤတစ်ကြိမ်တွင် မန်ဟိုသည် အသေးစားဒိုင်းထံ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဧရာမပုံရိပ်ယောင်လက်ဝါးကြီးသည် ဒိုင်းကို ရစ်ပတ်ပြီး သူ့ထံဆွဲယူလာပေးသည်။ သူက စိတ်ဝိညာဥ်အာရုံသုံးပြီး ဒိုင်းပေါ်က ပိုင်ဆိုင်ခြင်းတံဆိပ်ကို ဖျက်ပြီး သူ၏သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ သူသည် လီမျိုးရိုးနှင့် အမျိုးသမီးကို ကြည့်၏။
အမျိုးသမီးမှာ စိတ်ဝိညာဥ်အာရုံဖိနှိပ်ခံရပြီး သူမရတနာ ပိုင်ရှင်တံဆိပ်ဖျက်ခံရကာ မန်ဟို၏ယူဆောင်ခြင်းခံလိုက်သဖြင့် ကြက်သေသေလျက်ရှိသည်။ သူမက ဖြူဖပ်ဖြူလျော်မျက်နှာနှင့် သွေးများအန်ပြီး ခေါင်းထဲ တဝီးဝီးမြည်နေလျက် အမြန်ဆုံးအရှိန်ဖြင့် နောက်ဆုတ်လိုက်သည်။ မီတာ တစ်ဒါဇင်ကျော်ကျော်ဆုတ်ပြီးနောက်ဆုံး သူမရပ်လိုက်သည်။ သူမက မန်ဟို့ကို တအံ့တသြမော့ကြည့်လေသည်။
"နင်....." သူမဦးရေပြားတို့ ထုံကျင်နေသည်။ မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်တွင် မဟုတ်ကြောင်း ထင်ရှားသည်။ ဤမျှမယုံကြည်နိုင်ဖွယ် အတိုက်အခိုက်စွမ်းရည်ကို ခင်းကျင်းပြသနိုင်သော ချီအခြေတည်ခြင်း စဦးပိုင်းကျင့်ကြံသူတစ်ယောက်အား သူမတစ်ခါမှ မမြင်ခဲ့ဖူးသလို၊ ဤကဲ့သို့ကြောက်မက်ဖွယ်စိတ်ဝိညာဥ်အာရုံမျိုးကိုလည်း သူမ ဘယ်တုံးကမှ မကြုံတွေ့ခဲ့ဖူးပေ။
သူမစဥ်းစားရသရွေ့ အနာအဆာမဲ့အခြေတစ်ခုပင်လျှင် ဤသို့မဖြစ်နိုင်ချေ။
"ဒီပညာရပ်မှာ စုစုပေါင်း ဆယ့်ကိုးချက်ပါတယ်" မန်ဟိုက ခါတိုင်းကဲ့သို့ မျက်နှာသေဖြင့် အေးဆေးတည်ငြိမ်စွာ ပြောသည်။ သူက သူမထံမှ လုယူခဲ့သောရတနာအကြောင်းတစ်ခုပင် မဟပေ။
သူ့စကားကြားသော် လီအမျိုးသမီး အသက်ရှုရပ်သွားပြီး သူမမျက်နှာမှာ ပို၍ပင်ဖြူဖျော့သွားတော့သည်။ သူမတစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာလေသည်။ စောစောက တိုက်ကွက်သည် သူမ၏တာအိုမဏ္ဍိုင်များကို တုန်ခါစေခဲ့ပြီး သူမမှာ သွေးအန်ခဲ့ရာကာ မတတ်သာ၍ ရတနာပစ္စည်းတစ်ခုကို ထုတ်သုံးခဲ့ရသည်။ ငါးချက်မကလျှင်တော့ သူမ ရတနာခံနိုင်ရည်ရှိမည်လား သူမ မသေချာပေ။ ထိုဖြစ်ရပ်တွင် သူမ၏တာအိုမဏ္ဍိုင်များ သေချာပေါက် ထိခိုက်ပျက်စီးသွားခဲ့မည်ဖြစ်သည်။
"တာအိုရောင်ရင်း ရှင့်ရဲ့ကျင့်ကြံခြင်းအခြေခံက မတွေးတတ်အောင် နက်နဲလွန်းပါတယ်"သူမက ခပ်အက်အက်အသံဖြင့် ပြောသည်။ " ကျွန်မ ရိုင်းစိုင်းပြီး ကမူးရှူးထိုးလုပ်ခဲ့မိတယ်။ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့။ တောင်းပန်တဲ့အနေနဲ့ ကျွန်မရဲ့ တိမ်လွှာဒိုင်းကို သိမ်းထားလိုက်ပါ" သူမသည် မျက်လုံးများထဲ၌ စိုးရိမ်သောကများ ပြည့်နှက်လျက် လက်ယှက်ပြီး မန်ဟို့ကို အလေးအနက်အရိုအသေပေးလိုက်သည်။
သူမတင်မဟုတ်။ ရှုယိုတောက်အကြည့်သည်လည်း မန်ဟို့အပေါ် ကျရောက်လျက်ရှိသည်။ သူသည် အစောပိုင်းက မန်ဟို့ကိုမတိုက်ခိုက်ဘဲ မှန်ကန်သောဆုံးဖြတ်ချက် ချခဲ့မိသည်ကို အတော်လေး စိတ်အေးသွား၏။ မန်ဟိုသည် ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်မဖြစ်နိုင်ပေ။ အမှန်တကယ်သာဖြစ်လျှင်တော့...... ထိုသည်က အဆမတန် ပို၍ကြောက်မက်ဖွယ်ကောင်းလေသည်။
ခဲရောင်ဝတ်ရုံနှင့်လူ၏မျက်လုံးများ ဖျတ်ခနဲပွင့်သွားပြီး မန်ဟို့အပေါ် ကျရောက်လာသည်။ သူက ခေါင်းညိတ်လိုက်သည်။
ဟန်ပေ့က တောက်ပေသောအပြုံးလေးတစ်ခုဖြင့် မန်ဟို့ကို အလေးအနက်ကြည့်သည်။
"တာအိုရောင်ရင်းမန် ရှင်နောက်မကျပါဘူး။ အချိန်ကွက်တိပါပဲ။ အခုတော့ ကျွန်မတို့ အချိန်ဖြစ်စဥ်ကို ရဖို့အခွင့်အရေး သုံးဆယ်ရာခိုင်နှုန်းတိုးသွားပြီ"
ရှဲ့ကျဲက ရယ်ပြီး ဘာမှမပြောပေ။ သူက တိမ်နက်ရိုက်ချက်ဆယ့်ကိုးချက်အကြောင်း တစ်ခွန်းမဟချေ။ မန်ဟိုကို ကြောက်ရွံ့ခြင်းက သူ့နှလုံးသားထဲတွင် စိုးမိုးထားပြီး မန်ဟိုမှာ ပေါ့ပေါ့တန်တန် ရန်စ၍ရသည့်လူမဟုတ်ကြောင်း သူသိလိုက်လေပြီ။ သူသည် မန်ဟို၏ အစွမ်းထက်စိတ်ဝိညာဥ်အာရုံကိုသာ မြင်ခဲ့ရပြီး သူ့တွင် မည်သည့်မှော်ပညာရပ်များ၊ မှော်ပစ္စည်းများရှိလောက်သည်လဲ သူအရိပ်အယောင်ပင် မတွေ့ခဲ့ရသည်မဟုတ်ပါလော။
သူ နားမလည်သောလူများနှင့် ရင်ဆိုင်ရလျှင် သူသည် သူတို့ကို ရန်မစမိစေရန် သတိထားမည်ဖြစ်သည်။ သူတို့ကို ထဲထဲဝင်ဝင် နားလည်သည့်အခါမှသာ သူက လျှပ်စီးကဲ့သို့ တိုက်ခိုက်မည်။
"အချိန်ဖြစ်စဥ်ကို ခဏထား" မန်ဟိုက တည်ငြိမ်စွာ ပြောသည်။ သူက ယခင်မျက်နှာထားအတိုင်း ဟန်ပေ့ကို ကြည့်သည်။ "ကျုပ် တာအိုရောင်ရင်းဟန်ရဲ့ တောင်းဆိုချက်ကြောင့် မြင့်မြတ်သောနယ်မြေကို လာခဲ့တယ်။ ဒါပေမယ့် ခင်ဗျားဂိုဏ်းက ဒီနေရာကို ထိန်းချုပ်နေတာဆိုတော့ ကျုပ်အရမ်းသိချင်တယ်။ ကျုပ် ခင်ဗျား အချိန်ဖြစ်စဥ်ရအောင် ကူညီပေးပြီးတဲ့နောက်ပိုင်း ကျုပ်ရဲ့တာအိုမဏ္ဍိုင်တွေ ဆွဲထုတ်ခံရမှာလား"
ဟန်ပေ့နှင့်ရှဲ့ကျဲတို့မျက်လုံးများ ဖျတ်ခနဲလက်သွားသည်။ သို့သော် သူတို့မတုံ့ပြန်နိုင်ခင် ရှုယိုတောက်က စိတ်ပျက်ဖွယ်ကောင်းစွာရယ်ပြီး ပြောသည်။ "တာအိုရောင်ရင်းမန်က ဝေ့လည်ကြောင်ပတ်လုပ်မနေဘူးပဲ။ ကျုပ်လဲ ဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းသိချင်နေတာ။ တာအိုရောင်ရင်းတို့နှစ်ယောက် ကျုပ်တို့သံသယတွေပြေပျောက်ဖို့ ရှင်းပြပေးနိုင်မလား"
"ကျုပ်လဲ ဒီမေးခွန်းအတွက် အဖြေသိချင်တယ်" ခဲရောင်ဝတ်ရုံနှင့်လူက ပြောသည်။ သူ ဟန်ပေ့နှင့် ရှဲ့ကျဲကို ကြည့်လိုက်စဥ် သူ၏မျက်လုံးများသည် အေးစက်သောအလင်းရောင်တစ်ခုလက်သွား၏။
လီအမျိုးသမီးသည်လည်း သူမ၏ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်နေပုံရသည်။ သူမက ဘာမှမပြောသော်လည်း နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်၍ ဟန်ပေ့နှင့်ရှဲ့ကျဲကို ဝိုင်းလိုက်ကြသည်။
ဟန်ပေ့က ပြုံးသည်။ " တာအိုရောင်ရင်းတို့၊ ကျွန်မတို့ကို ဂိုဏ်းကိစ္စတွေနဲ့ပတ်သက်ပြီး ဖိအားမပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်မ အဲ့အကြောင်း တကယ်မပြောပြနိုင်လို့ပါ။ ကျွန်မပြောပြရင်တောင်မှ ရှင်တို့ယုံမှာမဟုတ်ဘူး။ ကျွန်မက သီးသန့်ဂိုဏ်းသားတစ်ယောက်ဖြစ်ပေမယ့် အဲ့အကြောင်း သိပ်မသိဘူး။ ဒါပေမယ့် ကျွန်မတို့သွားမယ်နေရာအတွက်ကတော့ ရှင်တို့အန္တရာယ်ကင်းဖို့ ကျွန်မတာဝန်ယူပါ့မယ်" သူမက လက်ကိုဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားလေးပြား မန်ဟိုနှင့်အခြားသူများထံ ပျံသန်းလာ၏။
ဟန်ပေ့က ဆက်ပြောသည်။ "ဒီကျောက်စိမ်းပြားထဲမှာ ဒီနေရာက ဘယ်လိုထွက်ရမလဲဆိုတာ အသေးစိတ်ရှင်းပြထားတယ်။ အထဲမှာ ဖော်ပြထားတဲ့ နည်းလမ်းကို သုံးပြီး ရှင်တို့ ဘာအခက်အခဲမှမရှိဘဲ ထွက်သွားနိုင်တယ်။ ဒီမြင့်မြတ်သောနယ်မြေမှာ ထွက်ပေါက်အများကြီးရှိတယ်။ ရှင်တို့ကျွန်မကို မယုံရင် ကျောက်စိမ်းပြားကို ဖတ်ပြီး ထွက်ပေါက်တွေ ဘယ်မှာလဲ စစ်ကြည့်လိုက်။ ဒါဆို ကျွန်မ ဘာကြောင့် ဒီနေရာကို ဆုံရပ်အဖြစ် ရွေးချယ်ခဲ့လဲ ရှင်တို့ သဘောပေါက်လိမ့်မယ်" သူမက ခါတိုင်းကဲ့သို့ အမြဲလေးနက်စွာ ကြည့်ရင်း ပြောသည်။
မန်ဟို၏စိတ်ဝိညာဥ်အာရုံသည် ကျောက်စိမ်းပြားကို လွှမ်းခြုံသွားပြီး သူက သူရပ်နေသောနေရာကို မျက်လုံးဝေ့ကြည့်လိုက်သည်။ ကျောက်စိမ်းပြားအရ ထွက်ပေါက်သုံးပေါက်ရှိသည်။ တစ်ပေါက်က....... သူတို့ရပ်နေသောနေရာပင်။
မန်ဟို၏လက်များသည် ကျောက်စိမ်းပြားထဲ မှတ်သားထားသည့် ဂါယာမန္တန်ယားဆိုင်ရာမုဒြာလက်ကွက်အတိုင်း လှုပ်ရှားသွားပြီး ချက်ချင်းပင် သူ့ခြေထောက်အောက်မှ နေရာရွှေ့ပြောင်းခြင်းစွမ်းအား မြင့်တက်လာနေကြောင်း သူခံစားလိုက်ရသည်။ သို့သော် ယခုအချိန်မှာ စစ်ဆေးရမည့်အချိန်မဟုတ်သောကြောင့် သူသည် မုဒြာဟန်ဆက်မလုပ်တော့ပေ။
"ဒီမှာ စိတ်ဝိညာဥ်ချုပ်နှောင်ပိုးကောင်လေးကောင်" ဟန်ပေ့က ပြောသည်။ "ရှင်တို့ ဆက်စစ်ဆေးချင်ရင် ရတယ်။ သူတို့ထဲ စိတ်ဝိညာဥ်အာရုံ ပို့လွှတ်ပြီး ထွက်ပေါက်ကနေလွှတ်လိုက်။ ဒါဆို ကျွန်မစကားမမှားဘူးဆိုတာ ရှင်တို့အတည်ပြုနိုင်တယ်" သူမက လက်ကိုဝှေ့ယမ်းလိုက်သည်။ လက်မအရွယ် အဖြူရောင်ပိုးကောင်လေးကောင် မန်ဟိုနှင့်အခြားသူများဆီ ပျံသန်းလာ၏။
ရှူယိုတောက်က တစ်ကောင်ဖမ်းလိုက်သည်။ ၄င်းကို တခဏစစ်ဆေးပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။ ၄င်းကို စိတ်ဝိညာဥ်အာရုံဖြင့် တံဆိပ်ခတ်နှိပ်ပြီးနောက် သူသည် ကျောက်စိမ်းပြားအထဲ ဖော်ပြထားသောနည်းလမ်းအတိုင်း ပိုးကောင်ကို မြေကြီးထဲ ပို့လွှတ်လိုက်သည်။ ၄င်း ပျောက်ကွယ်သွား၏။
လီအမျိုးသမီးလည်း ထိုနည်းတူပြုလုပ်လိုက်သည်။ ခဲရောင်ဝတ်ရုံနှင့်လူက ဟန်ပေ့၏ပိုးကောင်ကို အဖက်မလုပ်ဘဲ သိုလှောင်အိတ်ကိုပုတ်ကာ ကင်းမြီးကောက်တစ်ကောင် ထုတ်လိုက်သည်။
"ကျုပ် ခင်ဗျားကို ယုံပါတယ် တာအိုရောင်ရင်းဟန်" မန်ဟိုက ပြောသည်။ သူက ပိုးကောင်များကို ကြည့်ပြီးနောက် တစ်ကောင်ရွေးလိုက်သည်။ သူ၏မုဒြာလက်ကွက်ကို ဆက်ဖော်ပြီး ပိုးကောင်ကို ကျောက်စိမ်းပြားထဲက နည်းလမ်းအတိုင်း ထွက်ပေါက်မှတစ်ဆင့် ပို့လွှတ်လိုက်သည်။ သို့သော် ပိုးကောင်အပြင် သူသည် မြေကြီးထဲ ပုံးကွယ်နေသောနွယ်တစ်ပင်ကိုလည်း စေလွှတ်လိုက်သည်။ ပိုးကောင်မှ အခြားတည်နေရာတစ်ခု၏ ဝိုးတိုးဝါးတာပုံရိပ်ကို သူမြင်လိုက်ရသည်။ ၄င်းက သေချာပေါက် အလွန့်အလွန်ဝေးကွာသော အခြားတစ်နေရာဖြစ်သည်။
သို့သော် တစ်ချိန်တည်းမှာပင် ရုတ်တရက် နွယ်ထံမှ ပြင်းထန်သောအန္တရာယ်အာရုံတစ်ခု သူခံစားလိုက်ရ၏။ မန်ဟို့မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
ချက်ချင်းဆိုသလို နွယ်ပင်သေဆုံးသွားသည်။ ထိုအချိန်မှာပင် ၄င်းက မန်ဟို့ထံသို့ နောက်ဆုံးပုံရိပ်တစ်ခု ထုတ်လွှတ်ပေးခဲ့သည်။ ဧရာမ ကြေးဒယ်အိုးကြီးတစ်လုံး သူ့ခေါင်းထဲ၌ ပြတ်ပြတ်သားသား ပေါ်လာ၏။ ၄င်းကား မီတာတစ်သောင်းအမြင့်ရှိပုံရပြီး မယုံနိုင်ဖွယ်ကောင်းလောက်အောင် ခံညားထည်ဝါလျက်ရှိသည်။
***