အပြင်ပန်းလေးထောင့်နှင့် ဒယ်အိုးတစ်လုံး
Vol. 12 Ch. 157
ပုံရိပ်ပျောက်ကွယ်သွား၏။ မန်ဟို၏အမူအရာသည် ဘာကိုမှ မဖော်ပြဘဲ ပုံမှန်သာဖြစ်သည်။ သူက ရှုယိုတောက်နှင့် အခြားသူများကို ကြည့်သည်။ သူတို့၏အမူအရာများလည်း ပြောင်းလဲခြင်းမရှိပေ။ ရှုယိုတောက်နှင့် ခဲရောင်ဝတ်ရုံကျင့််ကြံသူအပါအဝင်အားလုံး ဟန်ပေ့ပြောခဲ့သည့်အရာကို လက်ခံပုံပေါ်သည်။
"ကြေးဒယ်အိုးကို သူတို့သတိမထားမိတာများ ဖြစ်နိုင်မလား" မန်ဟိုက တွေးသည်။ သူ၏သွေးဖြင့် ကိုယ်ပိုင်အမှတ်အသား တံဆိပ်ခတ်နှိပ်ပြီးနောက် နွယ်များသည် မိစ္ဆာချီခပ်ရေးရေး စတင်ထုတ်လွှတ်လာခဲ့ပြီဖြစ်သည်။
ဟန်ပေ့က ပြုံးသည်။ "တာအိုရောင်ရင်းတို့၊ အခု စိတ်အေးလက်အေးနေနိုင်ပါတယ်။ ကျေးဇူးပြုပြီး အချိန်ဖြစ်စဥ်စာအုပ်ရဲ့ တည်နေရာဆီ ကျွန်မနဲ့အတူ လိုက်ခဲ့ပါ။ ကျွန်မတို့ ဖြစ်စဥ်စာအုပ်ကို ရရင် လူတိုင်းကို ပုံတူတစ်အုပ်ရပါလိမ့်မယ်" သူမက အဖွဲ့ကို ဦးညွှတ်အရိုအသေပေးပြီးနောက် လေပေါ်ပျံတက်ကာ လွင်ပြင်ကိုဖြတ်၍ တဟုန်ထိုးပျံထွက်သွားသည်။
ရှဲဲ့ကျဲက ဒုတိယမြောက်ပျံတက်သူဖြစ်ပြီး ရှုယိုတောက်နှင့် လီအမျိုးသမီးတို့ နောက်မှလိုက်ပါသွားကြသည်။ မန်ဟိုနှင့် ခဲရောင်ဝတ်ရုံကျင့်ကြံသူက ကောင်းကင်ကိုဖြတ်၍ တဟုန်ထိုးထွက်သွားကြသော ရောင်စုံအလင်းတန်းခြောက်တန်းအနက် နောက်ဆုံးဖြစ်သည်။
ခရီးနှင်နေကြစဥ် မည်သူမှ စကားမပြောပေ။ လူတိုင်းသည် ကိုယ့်အတွေးနှင့်ကိုယ် နစ်မြောလျက်ရှိသည်။ မန်ဟို၏မျက်နှာသည် ခံစားချက်မဲ့နေသော်လည်း သူ၏အတွေးများမှာတော့ ဧရာမကြေးဒယ်အိုးကြီး၏ပုံရိပ်ဖြင့် ပြည့်နှက်နေသည်။ ယခုလောလောဆယ်တွင် သူသည် သူမြင်ခဲ့ရသည့်နေရာမှာ ထွက်ပေါက်မဟုတ်ဘဲ ဟန်ပေ့၏လက်ချက်သာ ဖြစ်ကြောင်း ခုနစ်ဆယ်ရာခိုင်နှုန်းမှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ သေချာလေသည်။
ဟန်ပေ့ အခြားသူများအား လှည့်စားနိုင်သည်လား သူမသေချာသော်လည်း သူ့တွင် ကံကောင်းခြင်းအဆောင်ရှိသောကြောင့် လက်ရှိအခြေအနေတွင် စိတ်အေးလက်အေးရှိသည်။ အချိန်ဖြစ်စဥ်၏ တည်နေရာသည် သေချာပေါက် ထူးခြားဆန်းကြယ်ပြီး အံ့အားသင့်ဖွယ်ကောင်းလိမ့်မည်။ မဟုတ်လျှင် ထိုနေရာသွားရန် ဟန်ပေ့ အချိန်နှင့်ရင်းမြစ်များစွာ ဖြုန်းတီးပစ်မည်မဟုတ်ပေ။
"ဒီအချိန်ဖြစ်စဥ်အကြောင်း ဟန်ပေ့ ဘယ်လိုသိလဲသိချင်မိတယ်....." သူက လေကိုခွင်း၍သွားနေသော ဟန့်ပေ့၏ပုံရိပ်သွယ်သွယ်လေးကို လှမ်းကြည့်ရင်း တစ်ယောက်တည်းတွေးနေမိသည်။
ရုတ်တရက် ရှုယိုတောက်က မန်ဟိုတွေးနေသည့်အတိုင်း ပြောလေသည်။ "တာအိုရောင်ရင်းဟန်၊ ခင်ဗျား အချိန်ဖြစ်စဥ်စာအုပ်အကြောင်း ဘယ်လိုသိလဲ၊ ပထမအတွဲကို ဘယ်လိုရခဲ့တာလဲ မရှင်းပြရသေးဘူး"
ဟန်ပေ့က အပြုံးပန်းလေးတစ်ပွင့်ဖြင့် နောက်လှည့်ကြည့်သည်။
"တာအိုရောင်ရင်း ရှု အဖြေကို စိိုးရိမ်နေရင် ကျွန်မတို့ရောက်တာနဲ့ ပြောပြပါ့မယ်" ဤအချိန်တွင် သူတို့သည် လွင်ပြင်၏အစပ်နားရောက်နေကြလေပြီ။ ရုတ်တရက် ဟိန်းဟောက်သံကြီး နောက်တစ်ဖန် ပေါ်ပေါက်လာပြန်သည်။ ၄င်းက အလွန်ဝေးကွာလှသော်လည်း ဟန်ပေ့နှင့် ရှဲ့ကျဲကလွဲ၍ လူတိုင်းအား တုန်ရီသွားစေသေးလေသည်။
ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူများက ဆွဲအားပျောက်ကွယ်သွားသည်အထိ သူတို့၏ကျင့်ကြံခြင်းအခြေခံများကို လှည့်ပတ်လိုက်ကြသည်။ ထို့နောက် သူတို့၏မျက်နှာများ အတန်ငယ်ဖြူဖျော့သွားသည်ကလွဲ၍ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။
ဟန်ပေ့၏မျက်နှာပေါ်တွင် တောင်းပန်သောအမူအရာတစ်ခုပေါ်လာသော်လည်း သူမက ဘာမှမပြောပေ။ သူမက လက်ကိုမြှောက်ပြီး မြေကြီးထံ ဖိချလိုက်သည်။ လေပြင်းတစ်ချက် ရုတ်တရက်ဖြစ်တည်လာပြီး မြေပြင်တစ်ကြောလုံး လှဲကျင်းတိုက်ခတ်သွား၏။ ဟန်ပေ့က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် သိုလှောင်အိတ်ကို ပုတ်သည်။ ကျောက်စိမ်းပုလင်းတစ်ပုလင်း သူမလက်ထဲတွင် ပေါ်လာ၏။
၄င်းသည် စိမ်းပြာရောင်ဖြစ်ပြီး ပေါ်လာလျှင်ချင်း သူမအမူအရာမှာ အတော်လေးတင်းမာခက်ထန်သွားသည်။ သူမက ၄င်းကို ပစ်ပေါက်လိုက်သဖြင့် ၄င်း အောက်သို့ကျဆင်းသွားသည်ကို လူတိုင်းစောင့်ကြည့်လိုက်ကြသည်။
၄င်း မြေပေါ်ကျသည်နှင့်တစ်ပြိုင်နက် ၄င်းမျက်နှာပြင်ပေါ်တွင် အက်ရာများ လျင်မြန်စွာ ပျံ့နှံ့သွား၏။ အက်ရာများအတွင်း၌ ခပ်ရေးရေး အေးစက်စက်ချီဓာတ်တစ်ခု ထုတ်လွှတ်နေသော အပြာရောင်အရည်တစ်စက်ပေါ်လာသည်။ ချီဓာတ်ပျံ့နှံ့လာသည်တွင် ခဲရောင်ဝတ်ရုံကျင့်ကြံသူ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
"ဒါက... ကောင်းကင်ပြာသက်စောင့်ဆေး"
သူ့စကားလုံးများ ထွက်လာချိန်မှာပင် အပြာရောင်ပုလင်းသည် အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွား၏။ အတွင်းရှိ အပြာရောင်အရည်သည် မြူတိမ်တိုက်တစ်ခုအဖြစ် ပြန့်ထွက်လာပြီး မီတာသုံးရာပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ရုတ်တရက် မြက်ပင်အားလုံးမှာ ပုံရိပ်ယောင်သာဖြစ်ခဲ့သည့်အလား ပျောက်ကွယ်သွားသည်။ သူတို့ပတ်လည်ရှိ ကမ္ဘာမြေကြီးသည် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သော ရှေးဟောင်းမန္တန်ကျိန်စာတစ်မျိိုးမျိုးဖြင့် ဒဏ်ခတ်ခံထားရသည့်အလား မည်းနက်လျက်ရှိသည်။
"တာအိုရောင်ရင်း စီမာ၊ ရှင်က သေချာပေါက် အတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်တာပဲ။ ဟုတ်တယ်၊ ဒါက ကောင်းကင်ပြာသက်စောင့်ဆေးပဲ။ တစ်စက်လေးရဖို့အတွက်တောင် အခက်အခဲတွေ မရေမတွက်နိုင်အောင် ကျော်ဖြတ်ခဲ့ရတယ်။ ဒါက ပုံရိပ်ယောင်အမျိုးမျိုးကို ထိုးဖောက်နိုင်တယ်" သူမက ခဲရောင်ဝတ်ရုံနှင့်လူကို ပြုံးပြီးနောက် မန်ဟိုနှင့်အခြားသူများ ကြည့်သည်။
"တာအိုရောင်ရင်းတို့၊ ရှင်တို့မှာ မေးခွန်းအများကြီးရှိတာ ကျွန်မသိပါတယ်။ ကျွန်မတို့ အခု မြင့်မြတ်သောနယ်မြေထဲက တားမြစ်နေရာတစ်နေရာဆီ ဦးတည်နေတဲ့ ရှေးဟောင်းဝင်ပေါက်ပေါ် ရပ်နေကြတာပဲ။ တကယ်တော့ ချင်းလော်ဂိုဏ်းက ဒီမြင့်မြတ်သောနယ်မြေအကြောင်း လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာထဲက သိခဲ့တာ။ ဒါပေမယ့် ဒါကို တကယ် ရှာတွေ့ခဲ့တဲ့သူက ချင်းလော်ဂိုဏ်းသားမဟုတ်ဘူး။ ကျွန်မမျိုးနွယ်စုက ဘိုးဘေးတစ်ဦးပဲ
"မြင့်မြတ်သော နယ်မြေကြောင့် ချင်းလော်ဂိုဏ်းက ကျွန်မဘိုးဘေးကို ဂိုဏ်းကိုပါဝင်စေခဲ့ပြီး ဒီလိုနဲ့ ဟန်သွေးမျိုးဆက် အဲ့ဒီမှာ တည်ရှိလာခဲ့တာပဲ။ တကယ်တော့ ဒီနေရာကို ဝင်ရောက်ဖို့သုံးခဲ့တဲ့ မြေပုံက ကျွန်မမျိုးနွယ်စုဦးလေးတစ်ယောက်ရဲ့ နှစ်ပေါင်းများစွာ လေ့လာမှုတွေအရ ဖန်တီးခဲ့တာ ဖြစ်တယ်။ သူက သူ့ရဲ့သွေးကို သန့်စင်ပြီး မြေပုံထဲမှာ စုစည်းစေဖို့ လျှို့ဝှက်ဆန်းကြယ်မှော်ပညာတစ်ရပ်ကို အသုံးပြုခဲ့တယ်။ ဘာကြောင့်လဲဆိုတော့........" သူမသည် အသက်ရှိုက်စာအချိန်အနည်းငယ်အထိ တိတ်ဆိတ်နေပြီးနောက် ဆက်ပြောသည်။ "ဘာကြောင့်လဲဆိုတော့ ဒီမြင့်မြတ်သောနယ်မြေကို တစ်ခါက ဟန်မျိုးနွယ်စု ခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ ဘုရင်တစ်ပါးက အုပ်ချုပ်ခဲ့တာကြောင့်ပဲ။ ဒါပေမယ့် သူက နောက်ဆုံးမှာ တာအိုနဲ့ တစ်သားတည်းဖြစ်ပြီး ပျောက်ကွယ်သွားတယ်။ ဒါပေမယ့် သူ့ရဲ့ဆက်ခံသူမျိုးဆက်တွေထဲမှာ ဒီနေရာနဲ့ဆက်နွယ်မှု တစ်ခါတရံ ပေါ်လာလိမ့်မယ်
"ချင်းလော်ဂိုဏ်း ဘာတွေကြံစည်နေလဲ ကျွန်မမသိဘူး။ ဒါပေမယ့် မြေပုံအဖြစ်မပြောင်းလဲခင် ကျွန်မမျိုးနွယ်စုဦးလေးက ကျွန်မကို ပြောခဲ့တယ်။ ဒီနေရာနဲ့ သူ့သွေးမျိူးဆက်ဆက်နွယ်မှုကြောင့် အထဲမှာ ဟန်မျိုးနွယ်စုရဲ့ လျှို့ဝှက်ပညာရပ်တစ်ရပ်ဆိုတာ သူသိတယ်တဲ့။ အချိန်မှော်ပညာသုံးတွဲ။ ဒီမှော်ပညာက အချိန်ဖျက်စီးရတနာတစ်ပါးကို ထုတ်လုပ်ပေးနိုင်တယ်။ ရတနာသုံးပြီးတော့ အခြားသူတွေရဲ့ သက်တမ်းကို စုပ်ယူပစ်နိုင်တယ်။ ဒါကြောင့် သူ့ရဲ့အခြေခံအနေနဲ့ နွေဦးနဲ့ဆောင်းဦးသစ်ပင်တစ်ပင် ဒါမှမဟုတ် အဲ့လိုခပ်ဆင်ဆင်အပင်တစ်မျိုး လိုအပ်တာပဲ
"ကျွန်မ အတွဲသုံးတွဲကို ပေါင်းပြီး အချိန်ဖျက်စီးရတနာအဖြစ် သန့်စင်မွမ်းမံမယ်။ ဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်မလို့ အခြားဟန်မျိုးနွယ်ဝင်တွေကို ဒီအကြောင်း မသိစေချင်ဘူး။ ချင်းလော်ဂိုဏ်းရဲ့စောင့်ကြည့်နေတဲ့မျက်လုံးတွေကိုလဲ ရှောင်ချင်တယ်။ ဒါကြောင့် ကျွန်မ ဒီနေ့ ရှင်တို့အားလုံးကို ဖိတ်ခေါ်ခဲ့တာပဲ။ အစ်ကိုရှဲ့ကတော့ ကျွန်မတို့နှစ်ယောက်ကြားက အရင်သဘောတူညီချက်တစ်ခုက ရောက်နေတာ"
လူတိုင်းသည် သိသာစွာပင် သူမပြောစကားများက မည်မျှမှန်သည်၊ မည်မျှမှားသည် စဥ်းစားနေကြလေသည်။ သူတို့အဖွဲ့ကို အတူတကွ ဖွဲ့စည်းရန် သူမအသုံးပြုခဲ့သည့်နည်းလမ်းများက သဲလွန်စတချို့ပေးလေသည်။ မန်ဟို၏မျက်လုံးများက အဖွဲ့ကို ဝေ့ကြည့်ပြီး သူက စိတ်ထဲတွင် ရယ်လိုက်သည်။
"လူတိုင်း မတူတာတစ်ခုခုတွေးနေကြပုံပဲ။ ဒါပေမယ့် ငါကလွဲလို့ ဘယ်သူမှ ဟန်ပေ့ရှင်းပြတာကို နားထောင်နေပုံတောင်မရဘူး။ ပြီးတော့ သူလဲ အဲ့တာကိုသိတယ်။ သူအခုပြောလိုက်တာနဲ့ပတ်သက်ပြီး သေချာပေါက် တစ်ခုခုတော့ မူမမှန်ဘူး
"ဒါပေမယ့်.....အချိန်ဖြစ်စဥ်ကတော့ အစစ်ဖြစ်နိုင်ခြေများတယ်။ အခု ငါ့မှာ သစ်သားဓားနှစ်ချောင်းကလွဲပြီး အစွမ်းထက်မှော်ပစ္စည်းများများစားစားမရှိဘူး။ ငါ့မှာ ကြေးမုံမှန်နဲ့ ပွားလို့လွယ်တဲ့ နွေဦးနဲ့ဆောင်းဦးသစ်ပင်ရှိတယ်။ ငါ အချိန်ဖြစ်စဥ်က ပညာရပ်ကို လေ့လာနိုင်ရင် ငါ့ပြဿနာဖြေရှင်းပြီးဖြစ်လိမ့်မယ်"
"ဒါပေမယ့် ငါ သတိထားဖို့လိုသေးတယ်။ တစ်ခုခုမူမမှန်ရင် ဒီနေရာက ချက်ချင်းထွက်သွားရအောင် ကံကောင်းခြင်းအဆောင်ကို အသုံးပြုမယ်" သူစိတ်ပိုင်းဖြတ်ပြီးချိန်မှာပင် ဟန်ပေ့သည် သူတို့အောက်က ရှေးဟောင်းဝင်ပေါက်ကို ဖွင့်ရန် ဂါယာမန္တန်ယားဆိုင်ရာမုဒြာဟန်တစ်ခု ဖော်လိုက်သည်။
အိပ်ပျော်နေသော သားရဲကြီးတစ်ကောင် နိုးလာသကဲ့သို့ ရှေးဆန်သောဟိန်းဟောက်သံကြီးတစ်သံ အတွင်းမှ ပဲ့တင်ထပ်လာသည်။ ရုတ်တရက် တလက်လက်တောက်ပနေသော အလင်းရောင် ထွက်ပေါ်လာသည်။ ၄င်းက ဝေးဝေးလံလံဖြန့်ကျက်မသွားဘဲ မီတာသုံးရာပတ်ဝန်းကျင်ကိုသာ လွှမ်းခြုံသွားသည်။
အလင်းရောင်ပေါ်လာသောအခါ ဟန်ပေ့သည် တစ်စုံတခုကို တွက်ချက်နေသကဲ့သို့ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူမခန္ဓာကိုယ်သည် ရိပ်ခနဲ ဝင်ပေါက်အတွင်း ထိုးဆင်းသွားတော့သည်။ ရှဲ့ကျဲက ခပ်ယဲ့ယဲ့ပြုံးရင်း ဝင်ရောက်သွားသည်။ ရှုယိုတောက်နှင့်အခြားသူများလည်း ထိုနည်းတူပင်။
မန်ဟိုက နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထက်မပိုကြောင်း အတည်ပြုရန် စိတ်ဝိညာဥ်အာရုံဖြင့် ပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်သည်။ အခြားသူများအားလုံး ဝင်ရောက်ပြီး ဝိုးတိုးဝါးတားဖြစ်လာသည်ကို မြင်ပြီးနောက် သူက နောက်မှလိုက်သွားသည်။ တောက်ပနေသောအလင်းသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်လာပြီးနောက် ပျောက်ကွယ်သွားသည်။
သူတို့ပြန်ပေါ်လာသောအခါ အပေါ်ရှိ ကောင်းကင်သည် မြင့်မြတ်သောနယ်မြေနှင့်အတူတူဖြစ်သည်။ သို့သော် မြေကြီးမှာ အက်ကြောင်းများဖြင့် ဖုံးလွှမ်းနေသည်။ အဝေးတွင် အရာဝတ္ထုတစ်ခုကို မြင်နေရ၏။ မန်ဟို၏မျက်လုံးများ ၄င်းအပေါ်ကျရောက်သွားသောအခါ ၄င်းတို့သည် တခဏ လင်းလက်တောက်ပသွားပြီး ပုံမှန်ပြန်ဖြစ်သွားသည်။
အရှေ့တွင်ရှိသည်ကား ဧရာမကြေးဒယ်အိုးကြီးတစ်လုံးပင်။
ဒယ်အိုးကြီးသည် မီတာထောင်ချီ အမြင့်ရှိပြီး အလွန်မြင့်မားလှသဖြင့် ကောင်းကင်ကို ကျားကန်ပေးထားသည့်ပုံပင်ပေါ်လေသည်။ ၄င်းသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့်အလား ရှေးကျသည့်အပြင် ၊ အခြေခံလည်းကျသည်။ အကန့်သတ်မဲ့အင်အားကြီးတစ်ခုက ဒယ်အိုးကြီးထံမှ ထုတ်လွှတ်နေသဖြင့် ဟန်ပေ့ပင် အပါအဝင် လူတိုင်အား အလွန်အမင်းကြောက်ရွံ့တုန်လှုပ်သွားစေ၏။
ရှိသမျှ လူတိုင်း၏စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားတော့သည်။
"ဒယ်အိုးဆိုတာ နိုင်ငံရဲ့ စားဖိုဆောင်သုံးပစ္စည်းပဲ။ သူတို့ကို အံဖွယ်ကံကြမ္မာနဲ့ လူတွေပဲ ထုလုပ်နိုင်တယ်။ဒီတော့...... ဒီလောက် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ ဒယ်အိုးတစ်လုံးက ဒီနေရာမှာ တည်ရှိနေတာပေါ့"
"ဘယ်လောက် စစ်မှန်တဲ့ရတနာတစ်ပါးလဲ။ ဘယ်သူက ဒီလိုကောင်းကင်ဒယ်အိုးတစ်လုံး ထုလုပ်ဖို့အထိ ရဲရင့်နိုင်မှာလဲ"
"သူ့ရဲ့ ရှေးကျတဲ့ပုံစံ ပြိုင်ဘက်ကင်းပုံပဲ။ ဒီမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှိနေခဲ့တာ ဖြစ်မယ်။ အနန္တဘုန်းတန်ခိုးနဲ့ပြည့်စုံတဲ့အရှင်တစ်ပါး ထုလုပ်ခဲ့တာများ ဖြစ်နိုင်မလား...."
ဒယ်အိုးကြီးအား ကြည့်နေကြစဥ် သူတို့အားလုံး ရင်ခုန်သံတို့မြန်ဆန်လျက်ရှိသည်။ ခဲရောင်ဝတ်ရုံနှင့် အေးတိအေးစက်လူပင်လျှင် ၄င်းကို မြင်သောအခါ ပင့်သက်ရှိုက်သွားလေသည်။ သူ၏မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်တစ်ခု ဖြတ်ပြေးသွား၏။
ရှဲ့ကျဲ၏မျက်လုံးများ ကျဥ်းမြောင်းနေပြီး သူ့အတွက် စိတ်တည်ငြိမ်ရန် အချိန်အနည်းငယ်ကြာလိုက်လေသည်။
မန်ဟို ၄င်းကို ချက်ချင်းမှတ်မိလိုက်၏။ ဤသည်မှာ ထွက်ပေါက်ဟုခေါ်သောနေရာတွင် နွယ်ပင် မသေဆုံးခင် ပို့လွှတ်ခဲ့သော ပုံရိပ်မှ ဒယ်အိုးကြီးဖြစ်သည်။ ဘေးဘီဝဲယာကို ဝေ့ဝိုက်ကြည့်လိုက်သောအခါ..... ပတ်ဝန်းကျင်က အရာအားလုံးသည် ထွက်ပေါက်ဟုဆိုသော နေရာမှ မြင်ခဲ့ရသည်နှင့် တစ်ထပ်တည်းဖြစ်သည်။
သူက ရင်ထဲတွင် အေးတိအေးစက်ရယ်လိုက်သော်လည်း သူ၏အမူအရာသည် နည်းနည်းလေးပင် ပြောင်းလဲခြင်းမရှိပေ။ သူသည် ကံကောင်းခြင်းအဆောင်ကို မသိမသာထုတ်ပြီး အလုပ်လုပ်သေးသည်လား စစ်ဆေးလိုက်သည်။ သူ့မှာ မှီခိုရာဂိုဏ်းချုပ်ကို ကြိတ်၍ မလေးစားမိဘဲ မနေတော့ပေ။ ဤကံကောင်းခြင်းအဆောင်က မည်မျှတန်ဖိုးကြီးသောပစ္စည်းဖြစ်ကြောင်း သူမသိသော်လည်း ဤနေရာတွင် အလုပ်လုပ်နေသေးသည်ကိုတော့ သူသိသည်။
သူက အတန်ငယ်စိတ်အေးသွားပြီး ဧရာမဒယ်အိုးကြီးကို မော့ကြည့်သည်။ သူ့မှာ မအံ့သြမိဘဲ မနေပေ။ သူ ၄င်းကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းမဟုတ်သော်လည်း ဤကဲ့သို့ ၄င်းအရှေ့တွင် ရပ်နေရခြင်းက သူ့ကို ပိုးမွှေးလေးတစ်ကောင်သဖွယ် ခံစားလိုက်ရစေသည်။
"ဒယ်အိုးက အက်နေတယ်...." ရှဲ့ကျဲက သက်ပြင်းချရင်း ပြောသည်။
ဧရာမ အံဖွယ်ကြေးဒယ်အိုးကြီးတွင် ၄င်းတစ်လျှောက်ပြေးလွှားနေသော အက်ရာကြီးတစ်ကြောင်းရှိိကြောင်း လူတိုင်းမြင်ကြရလေသည်။ အက်ရာမှာ ဒယ်ဇောက်အိုးကို နှစ်ခြမ်းခွဲချင်ပါသော်လည်း မခွဲနိုင်သည့်ပုံပေါက်သည်။
အက်ရာမှာ အခြားအံဖွယ်မှော်ပစ္စည်းတစ်ခုကြောင့်ဖြစ်ရမည်ဟု အခြားသူများအားလုံး ခန့်မှန်းမိကြလေသည်။ သို့သော် မန်ဟို ၄င်းကို မြင်သောအခါ ခံစားချက်က ကွဲပြားသည်။ အက်ရာမှာ မှော်ပစ္စည်းတစ်ခုကြောင့်ဖြစ်လာခြင်းမဟုတ်ပေ။ သူက ကောင်းကင်ကို မော့ကြည့်ပြီး မိုးကြိုးပြစ်ဒဏ်ဖြင့် ပစ်ချခံရခြင်းက မည်သို့ခံစားရကြောင်း ပြန်တွေးမိလိုက်သည်။ ဤသည်မှာ အက်ရာကိုကြည့်သည့်အချိန် သူရလိုက်သောခံစားချက်မျိုးဖြစ်သည်။ ၄င်းက မိုးကြိုးပြစ်ဒဏ်ကြောင့် ဖြစ်ပွားခဲ့ရခြင်းပင်။
"ဒိီဧရာမဒယ်အိုးကြီးကို ပိုင်ဆိုင်ပြီး မှော်ပစ္စည်းအဖြစ် သုံးနိုင်တဲ့ ဘယ်သူမဆို သေချာပေါက် ကျင့်ကြံခြင်းကမ္ဘာကို ကိုင်လှုပ်ပစ်နိုင်မှာပဲ" ရှဲ့ကျဲ၏စကားလုံးများ တိုးညင်းသော်လည်း စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။
***