← Chapters

ကြင်ကြင်နာနာသတ်ဖြတ်ခြင်း

Vol. 12 Ch. 163

ကြင်ကြင်နာနာသတ်ဖြတ်ခြင်း

Vol. 12 Ch. 163

ဟိန်းဟောက်သံတစ်သံ ဒယ်အိုးအတွင်းရှိ ကမ္ဘာထဲ ပြည့်နှက်သွား၏။ ပတ်ဝန်းကျင်ရှိ လျှပ်စီးတန်းများ ကခုန်လာပြီး အသားဂျယ်လီမှာ ထိတ်လန့်ကြောက်ရွံ့လာပုံရသည်။ ယခုတွင် ၄င်း၏အာရုံသည် မန်ဟိုနှင့် အခြားသူများအပေါ် စူးစိုက်နေဟန်တူသည်။

ဟန်ပေ့အသံ ထွက်လာသည်။ "ကျွန်မ အခု ကျွန်မသွေးဆက်မှော်ပညာကို အသုံးပြုတော့မယ်။ အစ်ကိုမန်၊ ရှဲ့ အချစ်လေး၊ ကျေးဇူးပြုပြီး ရှင်တို့အစွမ်းအားအကုန်လုံးနဲ့ ကျွန်မကို ထောက်ပံ့ပေးပါ" သူမက လျှာကိုကိုက်ပြီး ရုပ်တုပေါ်က အက်ကြောင်းအတွင်း စီးဝင်နေသော အမျှင်များအပေါ် သွေးတချို့ထွေးချလိုက်သည်။ ၄င်းသည် အနီရောင်အလင်းကို စတင်ထုတ်လွှတ်လာ၏။

တဝီးဝီးမြည်သံတစ်သံထွက်ပေါ်လာပြီး ရုပ်တုတစ်ခုလုံး တသိမ့်သိမ့်တုန်လာသည်။ ၄င်းမှ အမှုန်အမြောက်အမြား တဖွဲဖွဲကျလာ၏။ မန်ဟိုသည် ရုတ်တရက် သူ့လက်ထဲရှိ အမျှင်တန်းက သူ၏ကျင့်ကြံခြင်းအခြေခံနှင့်အတူ စိတ်ဝိညာဥ်အာရုံကို ဆွဲငင်နေသည့်အလား ခံစားလိုက်ရသည်။

သူ၏မျက်လုံးများ ဖျတ်ခနဲလက်သွားသော်လည်း သူ၏မျက်နှာထားကတော့ တည်နေမြဲပင်။ သူ့ဘေးတွင် ရှဲ့ကျဲသည် သူကိုင်ထားသော အမျှင်အတွင်းသို့ သူ၏ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားနှင့်အတူ စိတ်ဝိညာဥ်အာရုံ သွတ်သွင်းရင်း မျက်လုံးများ လင်းလက်တောက်ပလျက်ရှိသည်။ သူက သတ်ဖြတ်သောစိတ်ဆန္ဒများ တဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မန်ဟို့ကို ကြည့်သည်။ ထို့နောက် သူ့အကြည့်သည့် ဟန်ပေ့ထံ ရောက်သွားပြီး နွေးထွေးသွား၏။ သူတို့ငယ်ရွယ်စဥ်က နှစ်ယောက်အကြား သဘောထားကွဲလွဲမှုတချို့ရှိခဲ့သော်လည်း ယခုတွင် ဟန်ပေ့သည် သူ၏နှလုံးသားအတွင်းသို့ အမှန်တကယ်လမ်းဖောက်နေဟန်တူသည်။

ရုတ်တရက် ဟိန်းဟောက်သံ ပို၍ပြင်းထန်လာရာ ဟန်ပေ့၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်လာသည်။ သူမသည် အမျှင်သုံးတန်းကို ထိန်းချုပ်နေရပြီး ရှဲ့ကျဲနှင့်မန်ဟိုက သူတို့၏ကျင့်ကြံခြင်းအခြေခံနှင့် စိတ်ဝိညာဥ်အာရုံများဖြင့် စွမ်းအားထောက်ပံ့ပေးနေခြင်းသာဖြစ်သည်။ သူတို့ ဘယ်နည်းနှင့်မှ ရုပ်တုကို တစ်စုံတရာ မပြုလုပ်နိုင်ပေ။ သူတို့နှစ်ယောက် စွမ်းအားများ ထည့်သွင်းနေကြစဥ် ဟန်ပေ့က သူမသွေးမျိုးဆက်၏ စွမ်းအားကို အသုံးပြုလေသည်။

ဘိုးဘေးရုပ်တု၏ စိတ်ဝိညာဥ်ကို ထိတွေ့ရန် သူမသွေးမျိုးဆက်ကို အသုံးပြုခြင်းသည် သူမတစ်ယောက်တည်းသာ ဆောင်ရွက်နိုင်သော မှော်ပညာဖြစ်သည်။ တခြားလူတစ်ယောက် ရုပ်တု၏စိတ်ဝိညာဥ်ကို ထိတွေ့ရန် ကြိုးစားပါက သူ၏ကျင့်ကြံခြင်းအခြေခံ ခြောက်သွေ့သွားမည်ဖြစ်သည်။ ၄င်းက မန်ဟိုသော်လည်းကောင်း၊ ရှဲ့ကျဲသော်လည်းကောင်း လုပ်နိုင်သော အရာမဟုတ်ပေ။

အသက်ဆယ်ရှိက်စာ ကုန်ဆုံးသွားသည်။ ကောင်းကင်ယံတွင် ပေါက်ကွဲသံများ ပြည့်နှက်နေ၏။ ရုတ်တရက် ဒူးထောက်နေသော ရုပ်တုသည်..... အသက်ရှိနေသည့်အလား မျက်လုံးများ လင်းလက်လာပြီး ဟိန်းဟောက်သံတစ်သံ ထုတ်လွှတ်လိုက်သည်။ ၄င်း၏ခန္ဓာကိုယ်မှာ

.....မတ်တပ်ရန် ပြင်နေသကဲ့သို့ တဖြေးဖြေးတုန်ရီလာသည်။

ဟန်ပေ့၏မျက်နှာ ပို၍ဖြူဖျော်သွားပြီး မျက်လုံးများ ပိုမိုတောက်ပလာသည်။ သူမက သွေးအနည်းငယ် ထပ်အန်၍ သူမသွေးချီကို ရုပ်တုအတွင်း ဝင်ရောက်သွားစေသည်။ ရုပ်တုတစ်ရုပ်လုံး မြေငလျင်က ၄င်းကို ကိုင်လှုပ်နေသည့်အလား ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ ထို့နောက် ဧရာမရုပ်တုကြီး....... မတ်တပ်ရပ်လိုက်လေပြီ။

၄င်း၏မျက်လုံးများသည် ခပ်မှိန်မှိန် အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေပြီး လျှို့ဝှက်ဆန်းကြယ်သောဖိအားတစ်ခု တစ်နေရာလုံးတွင် ပြည့်နှက်သွား၏။ ၄င်းက လက်နှစ်ဖက်ကို တဖြေးဖြေး ချလိုက်သည်။ မန်ဟိုစောင့်ကြည့်နေစဥ် ပုံရိပ်များသည် သူ၏မှတ်ဉာဏ်ထဲ၌ ဖျောက်ဖျက်၍မရအောင် စွဲကျန်ခဲ့ပြီဖြစ်သည်။

သူက ကျင့်ကြံခြင်းအခြေခံစွမ်းအားနှင့် စိတ်ဝိညာဥ်အာရုံများ ဆက်လက် ထောက်ပံ့ပေးနေရင်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ ဟန်ပေ့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သွားသည်။ ဤသည်မှာ ဟန်ဆောင်ခြင်းမဟုတ်၊ အစစ်အမှန်ဖြစ်သည်။ သူမမျက်နှာမှာ အလောင်းကောင်သဖွယ် ဖြူဆုပ်နေချေသည်။ သို့သော် သူမမျက်လုံးများထဲမှ ခိုင်မာပြတ်သားသောစိတ်ဆန္ဒထုတ်လွှတ်လျက်ရှိပြီး သူမက သွေးများထပ်ထွေးထုတ်လိုက်သည်။

ဝုန်း

ရုပ်တုက တဖြေးဖြေး ညာလက်ကိုမြှောက်ပြီး ၄င်း၏လက်ခလယ်ဖြင့် ညွှန်ပြသည်။ လက်ချောင်းတွင် ဖော်ပြ၍မတတ်နိုင်သော စွမ်းအားတစ်ခုဖြင့် ပြည့်နှက်နေဟန်တူသည်။ ၄င်းက ရုပ်တုကိုးရုပ်အလယ်တွင် တည်ရှိသော ဒယ်အိုးဝိုင်းထံ နိမ့်ဆင်းလာသည်။

မန်ဟို၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပလာသည်။

"ကျွန်မ စွမ်းအားထပ်လိုတယ်" ဟန်ပေ့အသံမှာ အလျင်လိုနေသည်။ တစ်ချက်လေးပင်တုံ့ဆိုင်းမနေဘဲ ရှဲ့ကျဲက သူကိုင်ထားသည့် အမျှင်အတွင်းသို့ စွမ်းအားများ ထပ်မံထည့်သွင်းလိုက်သည်။

မန်ဟို၏မျက်လုံးများ တောက်ပသွားပြီး သူလည်း ထိုနည်းတူလုပ်လိုက်သည်။ ဟန်ပေ့၏မျက်နှာ သွေးရောင်အနည်းငယ်ပြန်သမ်းလာသော်လည်း အချိန်အနည်းငယ်ကြာသော် သူမက သွေးများထပ်မံထွေးထုတ်ပြီး ရုပ်တုကို ပို၍များပြားသာ စွမ်းအားများဖြင့် ပြည့်နှက်စေလိုက်သည်။ ၄င်း၏လက်ချောင်းသည် ဒယ်အိုးနှင့် တဖြေးဖြေးနီးကပ်လာ၏။ အချိန်မရွေး ဒယ်အိုးကို ဖွင့်တော့မည့်ပုံရသည်။

သို့သော် ဤအခိုက်အတန့်မှာပင် နိမ့်ဆင်းလာနေသောလက်ချောင်းက ရုတ်တရက် ဦးတည်ရာပြောင်းလိုက်သည်။ ၄င်းသည် ဒယ်အိုးဝိုင်းထံ မဦးတည်တော့ဘဲ ရှဲ့ကျဲထံ ဦးတည်လာ၏။ ၄င်းက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာရာ လုံးဝထိတ်လန့်တုန်လှုပ်သွားသောအသွင်တစ်ခု သူ၏မျက်နှာကို ဖုံးလွှမ်းသွားတော့သည်။

"ဟန်ပေ့ မင်း ဘာလုပ်နေတာလဲ" ရှဲ့ကျဲက အမျှင်ကို အဝေးသို့ လွှင့်ပစ်ရင်း အော်သည်။ သူ၏မျက်လုံးများသည် ပြင်းထန်သောထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး သူနောက်ဆုတ်လိုက်ချိန် မန်ဟို၏ မျက်လုံးများ ဖျတ်ခနဲ လက်သွားသည်။ သူက ပါးစပ်ကို ဟလိုက်ရာ လျှပ်စီးတိမ်တိုက်ပျံထွက်လာပြီး ရှဲ့ကျဲ နောက်မဆုတ်နိုင်အောင် ဟန့်တားလိုက်သည်။ သူ၏ခန္ဓာကိုယ် လှုပ်ရှားခြင်းရပ်တန့်သွားသည်။ ဧရာမလက်ချောင်းကြီး သူ့ထံရောက်လာချိန် သူ၏စကားလုံးများမှာ ပဲ့တင်ထပ်နေဆဲရှိသေးသည်။

လက်ချောင်းကြီး သူ့ကို ထိရုံကလေး ထိလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသာမက သူ၏တာအိုမဏ္ဍိုင်ပင်လျှင် ဘန်းခနဲပေါက်ကွဲသွား၏။ တခဏအတွင်း အရာအားလုံး တစစီဖြစ်သွားပြီး သူ့အသက်ကား ထာဝရပျောက်ကွယ်သွားလေပြီ။

သူ့မှာ စူးစူးဝါးဝါးမအော်လိုက်ရဘဲ သေဆုံးပြီးနောက် ဒေါသတကြီးဟိန်းဟောက်သံတစ်သံသာ ကျန်ရစ်ခဲ့သည်။ သူ၏ခန္ဓာကိုယ်ရှိနေခဲ့သော နေရာမှ လိမ္မော်ရောင်အမျှင်တန်းတစ်တန်း တွန့်လိမ်တက်လာပြီး ရုပ်တု၏လက်ချောင်းထဲ ဝင်ရောက်သွား၏။

သူ၏သိုလှောင်အိတ် မြောက်တက်လာပြီး ဟန်ပေ့ထံ ပျံသန်းသွားသည်။ သူမက ၄င်းကို ဆွဲယူပြီးနောက် အနက်ရောင်ပုလင်းတစ်လုံး ချက်ချင်း ထုတ်လိုက်သည်။ သူမ ၄င်းကို ဖိခြေပစ်လိုက်သည်တွင် ဟန်ပေ့နှင့်တစ်ထေရာတည်းတူသော တစ္ဆေပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူမသည် ၄င်းကို နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ စုပ်ယူလိုက်၏။

ဤအရာအားလုံး ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း အမှန်တွင် အသက်ရှူချိန်အကြိမ်အနည်းငယ်အတွင်း ဖြစ်ပျက်သွားခဲ့လေသည်။ မန်ဟိုက ထိုသို့ဖြစ်ပျက်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ပြီးဖြစ်သည့်အလား တူညိီသောမျက်နှာထားဖြင့်သာ အဖြစ်အပျက်အလုံးစုံကို စောင့်ကြည့်နေ၏။ သူ၏ အမူအရာက လုံးဝ ခံစားချက်ကင်းမဲ့နေသော်လည်း သူ၏မျက်လုံးကတော့ ဖျတ်ခနဲလက်သွားသည်။

"အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်းမန်" ဟန်ပေ့က ချိုမြိန်သောအပြုံးလေးတစ်ခုဖြင့်ပြောသည်။ သူမက သူ့ကို ခေါင်းငုံအရိုအသေပေးလိုက်သည်။

"တာအိုရောင်ရင်းဟန်၊ ခင်ဗျားရဲ့ အချစ်လေးရှဲ့ကို ရှင်းလိုက်တာ သိပ်ကောင်းတဲ့အကွက်ပဲ" သူက အေးစက်စက်ပြောသည်။ သူမအံသြပေ။ အဘယ်ကြောင့်ဆိုသော် စောစောက သူမ သူ့ကို ပေးခဲ့သော ခရမ်းရောင်ဖုန်းရွှေသံလိုက်အိမ်မြှောင်သည် ပိုင်ဆိုင်ခြင်းတံဆိပ်ဖျက်ထားခြင်းသာမဟုတ်၊ စာတစ်စောင်လည်း ပါရှိ၏။

စာထဲတွင် သူမက ရှဲ့ကျဲကို သတ်ရန် ရည်ရွယ်ထားပြီး ထိုသို့ဖြစ်ပျက်သောအခါ မထိတ်လန့်သွားသင့်ကြောင်း သူ့အား ရှင်းရှင်းလင်းလင်းပြောပြထားခဲ့လေသည်။

"ချင်းလော်ဂိုဏ်း ကျွန်မနဲ့ ကျွန်မမျိုးနွယ်ဝင်တွေကို ဖမ်းတုံးက ကျွန်မတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးမယ့်ပုံပေါ်ခဲ့တယ်။ ဒါပေမယ့် တကယ်တော့ ကျွန်မတို့က လှောင်အိမ်ထဲက တိရစ္ဆာန်တွေထက်မပိုဘူး။ရှဲ့ကျဲက အဆိုးဆုံးပဲ။ သူက ကျွန်မကို ကလေးအရွယ်ထဲက ဆိုးဆိုးရွားရွားဆက်ဆံခဲ့တယ်လေ။ ကျွန်မ အရွက်ရောက်လာတော့ သူ့လိုအင်တွေ ပိုရောင့်တက်လာတယ်..... ကျွန်မသူ့ကို သတ်တာပုံမှန်ပါပဲ။ ကျွန်မသာ သူ့ကိုမသတ်ခဲ့ရင် ကျွန်မတို့ ဒီနေ့ရခဲ့သမျှအားလုံးကို ချင်းလော်ဂိုဏ်းပိုင်သွားလိမ့်မယ်။ အခုတော့ ကျွန်မတို့နှစ်ယောက်ထဲနဲ့ အကုန်လုံးဝေစုခွဲနိုင်ပြီ"

သူမက သူ့ကို နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြသည်။ "အစ်ကိုမန်က တကယ့်ကို ပါးနပ်ပါတယ်။ ကျွန်မ လိမ်ညာဖို့ မကြိုးစားဝံ့ပါဘူး။ ဒါကြောင့် ဖုန်းရွှေသံလိုက်အိမ်မြှောင်ပေါ်မှာ ကျွန်မ စာချန်ထားခဲ့တာပဲ။ ကျွန်မ လုပ်ဖို့ စီမံထားတဲ့အရာမှန်သမျှ အမြဲအောင်မြင်တယ်။ ဒီကနေ့ အချိန်မွမ်းမံရတနာ ကျွန်မတို့အပိုင်ဖြစ်စေရမယ်။ အခုစပြီး ရှင်ဘာမှ လုပ်စရာမလိုတော့ပါဘူး"

သူမအမူအရာမှာ ရိုးသားသော်လည်း စိတ်ထဲတွင်တော့ သူမသက်ပြင်းချနေရလေသည်။ ဤတာဝန်ကို စတင်ခဲ့သော လူခြောက်ဦးလုံး၌ အကြံကိုယ်စီရှိခဲ့ကြသည်။ မန်ဟိုတစ်ယောက်သာလျှင် ထိုအရာအားလုံးကို ထိုးဖောက်မြင်ပြီး ကျော်ဖြတ်နိုင်ခဲ့၏။

သူ့ပတ်လည်ကလူများ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားခဲ့သည့်တိုင် သူကတော့ အထိအခိုက်မရှိကျန်ခဲ့သည်။ ဤအခြင်းအရာက ဟန်ပေ့၏နှလုံးသားထဲတွင် ကြောက်ရွံ့ထိတ်လန့်ခြင်းနှင့်အတူ လေးစားခြင်းတို့လည်း ပေါက်ဖွားလာစေ၏။ လမ်းတစ်လျှောက် အမှားတစ်စုံတရာလုပ်ခဲ့မိပါက မန်ဟိုသေသွားခဲ့မည်ဖြစ်သည်။ ဤအကြောင်းကြောင့် သူမမှာ သူ့ကိုရန်စရန် အလိုလိုကြောက်နေမိလေသည်။ ထို့ကြောင့် သူမစကားလုံးများက အမှန်ဖြစ်ပြီး သူမ၏ရည်ရွယ်ချက်အစစ်အမှန်ကို ဖော်ပြထားခြင်းဖြစ်သည်။

မန်ဟို၏အမူအရာက ယခင်အတိုင်းပင်။ သူသည် ဘာမှမပြောဘဲ ခေါင်းသာညိတ်၏။ သို့သော် လျှပ်စီးတိမ်တိုက်ကတော့ သူ့ကို ဝန်းရံလျက်ရှိသည်။ ဟန်ပေ့သာ ခြိမ်းခြောက်မှုတစ်စုံတရာလုပ်သည်နှင့် သူက မိုးကြိုးကိုဆင့်ခေါ်မည်။ ထိုသိို့သာဆိုလျှင် သေခြင်းတရားက ဆိုက်ဆိုက်မြိုက်မြိိုက်ရောက်ချလာလိမ့်မည်။

ဟန်ပေ့က အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး သူ့ကို ကြည့်သည်။ သူမသည် နောက်ဆုံးလက်ကျန် ဉာဏ်နီဉာဏ်နက်ဟူသမျှ စွန့်လွှတ်လိုက်လေပြီ။ ဤခရီးစဥ်မှာ ခက်ခဲကြမ်းတမ်းခဲ့၍ သူမ၏ ပရိယာယ်အလုံးစုံ အသုံးပြုခဲ့ရသည်။ သူမ တကယ့်ကို ချွတ်ချော်မှုတစ်စုံတရာ မကြုံတွေ့ချင်ပေ။ သူမလက်သည် ဂါယာမန္တယားဆိုင်ရာ မုဒြာဟန် ဆတ်ခနဲ လှုပ်ရှားလိုက်သည်နှင့် ဧရာမရုပ်တုကြီးတုန်ခါသွားပြီး ဒယ်အိုးဝိုင်းကြီးထံ လက်လှမ်းသွားလေသည်။

ရုပ်တုကြီး ၄င်းကို ထိလိုက်ချိန် လေးထောင့်ဒယ်အိုးအတွင်းရှိ တစ်ကမ္ဘာလုံး တုန်ခါလာသည်။ ဒယ်အိုးဝိုင်း၏ အဖုံးသည် တဖြေးဖြေးမြောက်တက်လာပြီး ခရမ်းရောင်ချီတစ်ခု အပြင်ဘက်စီးထွက်လာသည်။ အထဲတွင် ကျောက်စိမ်းစာရွက်သုံးရွက် လွင့်မျောနေသည်ကို မန်ဟို ရိပ်ခနဲမြင်လိုက်ရသည်။ ၄င်းတို့က ခရမ်းရောင်ချီနှင့်တစ်ပြိုင်တည်း ပေါ်ပေါက်လာပုံရပြီး အချိန်မရွေး ပြန်နစ်မြုပ်သွားတော့မည့်အလား ဒယ်အိုးထဲမှ ထွက်မလာသေးပေ။

ဟန်ပေ့၏မျက်လုံးများ စူးရှတောက်သွားပြီး သူမက ပင့်သက်ရှိုက်လိုက်သည်။ သူမ၏ညာလက်သည် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ လူတစ်ယောက်၏ဦးခေါင်းအရွယ် ရွှံ့အိုးလေးတစ်လုံးပေါ်လာသည်။

၄င်းက လေပေါ်ပျံတက်ပြီး အလင်းတန်းအသွင်ပြောင်းကာ ဒယ်အိုးဝိုင်းထံသို့ တဟုန်ထိုးပြေးဝင်သွားသည်။ ၄င်း နီးကပ်လာစဥ် ၄င်း၏မျက်နှာပြင်ပေါ်၌ အက်ရာများ ပျံနှံ့လာပြီး ပေါက်ကွဲသွားရာ အတွင်းရှိ ပြာမှုန်များ အရှေ့သို့ ဖွားခနဲ လွင့်ထွက်သွားလေသည်။

ပြာများအတွင်း၌ တစ္ဆေဆယ်ကောင်ပေါ်လာသည်။ ယောက်ျား၊ မိန်းမရောနှောနေပြီး အသက်အရွယ် အမျိုးမျိုးဖြစ်သော်လည်း အကုန်လုံး ရုပ်ချင်းဆင်ကြလေသည်။ သူတို့က တူညီသောသွေးမျိုးဆက်ဝင်များ ဖြစ်မည်။

ဤပြာများမှာ တွေ့ကရာကောက်ထည့်ထားသော ပြာများမဟုတ်ပေ။ ၄င်းတို့က ဟန်မျိုးနွယ်ဝင်အမျိုးမျိုးအား မီးသင်္ဂြိုဟ်ခြင်းမှ စုဆောင်းထားသောပြာများ ဖြစ်ပြီး အသက်စွမ်းအားများ ပါဝင်လေသည်။ အရိပ်များက လူစုခွဲပြီးနောက် ဒယ်အိုးဝိုင်းကို လေးလေးစားစား အရိုအသေပေးလိုက်ကြသည်။

"ခေါင်းဆောင်ကြီးဟန်ရဲ့သွေးမျိုးဆက်၊ ရှေးသဘောတူညီချက်အရ သွေးမျိုးဆက်တွေ ကျန်ရှိသေးတယ် ခေါင်းဆောင်ကြီး၊ ကျေးဇူးပြုပြီး ပြန်လာခဲ့ပါ....." တစ္ဆေများက စကားပြောပြီး ခရမ်းရောင်ချီထဲ ဝင်ရောက်သွားကြသည်။

တစ်ချိန်တည်းမှာပင် ဟန်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ရုပ်တုက လက်ဝါးကို ဆန့်ထုတ်ပြီး ဒယ်အိုးထံ ဖိချလိုက်သည်။

အရိပ်များ ခရမ်းရောင်ချီထဲဝင်ရောက်ပြီး ရုပ်တုကြီး ဒယ်အိုးကို ဖိချလိုက်သည့်အခိုက်အတန့်၌ ၄င်းသည် တဝီးဝီးမြည်ရင်း တုန်ခါသွားကာ အရာအားလုံးအား တသိမ့်သိမ့်တုန်လှုပ်သွားစေ၏။ အသံကြီးဟိန်းထွက်နေချိန် တစ္ဆေအရိပ်များ စတင်လောင်ကျွမ်းလာသည်။ ရုပ်တုမှာမူ ပြင်းပြင်းထန်ထန် တုန်ခါလာ၏။ ၄င်း၏ခြေထောက်မှစ၍ အက်ကြောင်းများ တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။ ရုတ်တရက် ၄င်းက အစိတ်စိတ်အမြွှာမြွှာပြိုကျလာတော့သည်။

ယနေ့မှစ၍ ဤနေရာတွင် ရုပ်တုကိုးရုပ်မဟုတ်ဘဲ ရှစ်ရုပ်သာ ရှိပေတော့မည်။

ဟန်ပေ့မှာ မမြင်ရသောစွမ်းအားတစ်ခုက သူမကို လှုပ်ခါနေသည့်အလား တုန်ရီလာသည်။ သူမက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီး သွေးတချို့ထွေးထုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် ခရမ်းရောင်အလင်းတစ်ခု ပြိုကျနေသောရုပ်တုကြီးမှ ပျံထွက်လာသည်။ သူမမျက်လုံးများထဲ ပေါ်လာသော စိတ်လှုပ်ရှားမှုများအား မန်ဟို ရှင်းရှင်းလင်းလင်းမြင်ရလေသည်။ ခရမ်းရောင်ချီအတွင်းတွင် အိပ်ပျော်နေသော လူသေးသေးလေးတစ်ယောက်ရှိသည်။ ၄င်းက ရုတ်တရက် ဟန်ပေ့ထံပြေးဝင်လာပြီး သူမမျက်ခုံးနှစ်ဖက်အကြားကို ဝင်တိုက်ကာ သူမနှင့် ပေါင်းစည်းသွားလေသည်။

"ဒါ သူလာရတဲ့ အကြောင်းရင်းပဲ" မန်ဟိုက မျက်လုံးများ ကျဥ်းမြောင်းရင်း တွေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ဟန်မျိုးနွယ်စုတစ္ဆေဆယ်ကောင်၏ စတေးမှုကြောင့် ခရမ်းရောင်ချီအတွင်းက ကျောက်စိမ်းစာရွက်သုံးရွက် ဒယ်အိုးဝိုင်းမှ လွတ်မြောက်သွားပြီး ပျံထွက်လာကြသည်။ ၄င်းတို့ ထွက်လာကြစဥ် ဒယ်အိုးဝိုင်းထံမှ သက်ပြင်းချသံကဲ့သို့ အသံတစ်သံကြားလိုက်ရလေသည်။

သက်ပြင်းချသံ ထွက်ပေါ်လာစဥ် ပျံသန်းလာနေသော ကျောက်စိမ်းစာရွက်များထဲက တစ်ရွက်သည် ရုတ်တရက် ရပ်သွားပြီးနောက် ဒယ်အိုးထံ လှည့်ပျံသွား၏။ အခြားနှစ်ရွက်က ရှေ့သို့ ဆက်လက်ပျံသန်းလာကြသည်။

***

All Chapters