← Chapters

ဟို ငှက်ရဲ့ ချီ

Vol. 12 Ch. 164

ဟို ငှက်ရဲ့ ချီ

Vol. 12 Ch. 164

ဟန်ပေ့မျက်ခုံးနှစ်ဖက်အကြားရှိ နေရာသည် ခရမ်းရောင်အလင်းဖြင့် တောက်ပလာ၏။ သူမက မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း စာရွက်တစ်ရွက်ထံ တဟုန်ထိုးဦးတည်သွားသည်။ မန်ဟိုလည်း လေပေါ်ခုန်တက်ပြီး အခြားစာရွက်နောက်သို့ တတ်နိုင်သမျှ အမြန်ဆုံးအရှိန်ဖြင့် ရွေ့လျားသွားသည်။

သူတို့က တစ်ပြိုင်တည်း မတူညီသောအရပ်မျက်နှာနှစ်ဖက်သို့ ပျံတက်ပြီး လျှပ်စီးတန်းများ ဘေးဘယ်ညာရှောင်တိမ်းရင်းး ကျောက်စိမ်းစာရွက်များနောက် လိုက်နေကြသည်။ တစ်ယောက်ချင်းစီ သက်ဆိုင်ရာစာရွက်အသီးသီးအား လက်လှမ်းမီတော့ချိန်မှာပင် သူတိို့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သော အသားဂျယ်လီက ရုတ်တရက် လှစ်ခနဲ လှုပ်ရှားလိုက်လေသည်။

၄င်း၏လှုပ်ရှားမှုက မန်ဟို၏ အမူအရာကို ရိပ်ခနဲဖြစ်သွားစေပြီး ဟန်ပေ့ကို မျက်နှာပျက်သွားစေ၏။ သူတို့နှစ်ယောက်လုံး အကြောက်တရားများဖြင့် ပြည့်နှက်သွားသည်။

ထိုအရာသက်သက်ဆိုလျှင် အန္တရာယ်များသော်လည်း ၄င်းက လူ့ခေါင်းပေါ် ခုန်တက်ပြီး လျှပ်စီးမိုးကြိုးများ ဝါးမြိုရခြင်းကို သဘောကျပုံရသည်။ တစ်နည်းဆိုရသော် ၄င်း၏ရောက်ရှိမှုက မိုးကြိုးပင်လယ်တစ်စင်း၏ ရှေ့ပြေးနိမိတ်ပင်။

"ချီးပဲ" မန်ဟိုက အသားဂျယ်လီ သူ့ထံ ဦးတည်လာနေသည်ကို မြင်သောအခါ မျက််လုံးများကျဥ်းမြောင်းရင်း ပြောသည်။ မတူညီသောဘက်သို့ ရွေ့လျားနေသော ဟန်ပေ့မှာ စိတ်သက်သာရာရာသွားလေသည်။

မန်ဟိုက အသားဂျယ်လီကို မမှိတ်မသုန်ကြည့်နေရင်း ကျောက်စိမ်းစာရွက်ကို ဆွဲယူပြီးနောက် နောက်သို့ တတ်နိုင်သမျှ မြန်မြန်ဆုတ်လိုက်သည်။ သူက လျှပ်စီးတိမ်တိုက်ကို ချက်ချင်းသိမ်းလိုက်၏။ ၄င်းမှာ ဤနေရာရှိ အခြားသူများအား ခြိမ်းရောက်ဖို့ ထိရောက်သောလက်နက်တစ်ခုဖြစ်သော်လည်း အသားဂျယ်လီနှင့် လျှပ်စီးတန်းများကိုတော့ ဆွဲဆောင်ပေလိမ့်မည်။ ကံဆိုးစွာပင် သူ နောက်ကျလွန်းသွားလေပြီ။

သူက တတ်နိိုင်သမျှ မြန်မြန်နောက်ဆုတ်လိုက်သော်လည်း အသားဂျယ်လီကား အလွန်ဇွဲကောင်း၏။ ၄င်းသည် မန်ဟို့အရှေ့သို့ လျှပ်တပြက်ရောက်လာပြီး မန်ဟို့ခေါင်းပေါ်တွင် နားတော့မည့်အလား ထိုးဆင်းလာသည်။

၄င်း မနားနိုင်ခင်၊ မန်ဟို ဘာမှပင်မလုပ်နိုင်ခင်၊ အသားဂျယ်လီ ရုတ်တရက် တဆတ်ဆတ်တုန်သွားသည်။ အဘိုးကြီးမျက်နှာ ၄င်း၏မျက်နှာပေါ်တွင် ထပ်မံပေါ်လာသည်။ သူ၏မျက်လုံးများက ဝိုင်းစက်ပြူးကျယ်နေပြီး သူ့အမူအရာမှာ မယုံကြည်နိုင်ခြင်းနှင့် စက်ဆုပ်ခြင်းတို့ ဒွန်တွဲလျက်ရှိသည်။ ရုတ်တရက် ၄င်းက ပါးစပ်ဖွင့်ပြီး စကားပြော၏။

"ချီးပဲ၊ ချီးပဲ။ ဟိုသောက်ငှက်ရဲ့ချီက ဘယ်လိုလုပ် မင်းအပေါ်မှာ ရှိနေတာတုန်း" ၄င်းက မန်ဟို့ကို လုံးဝရွှံရှာပြီး အနားပင် မကပ်ချင်သည့်သဖွယ် နောက်ပြန်ခုန်သွားသည်။ ၄င်းက နောက်ပျံသွားပြီးနောက် မခံမရပ်နိုင်လောက်အောင် ရွံရှာနေသည့်အလား ရုတ်တရက် အန်ချလေသည်။

ဤရွေ့ဤမျှသာဆိုလျှင် ကိစ္စကြီးကြီးကျယ်ကျယ်မဟုတ်။ သို့သော် ဖျတ်ခနဲအလင်းရောင်တစ်ခုလက်သွားပြီး အသားဂျယ်လီသည် ရုတ်တရက် ဟန်ပေ့အရှေ့တွင် ပေါ်လာ၏။ ၄င်းက ကျောက်စိမ်းစာရွက်အား တစ်ကိုက်တည်း မြိုချပစ်လိုက်သဖြင့် သူမမှာ ကြောင်အအ ငေးကြည့်နေမိတော့သည်။

၄င်းက စိမ်ပြေနပြေ ကိုက်စားနေပြီး ထိုအခြင်းအရာကိို မြင်သော် ဟန်ပေ့ ဦးရေပြားထုံကျင်လာ၏။ သူမမှာ နောက်ဆုတ်ရုံမှတစ်ခြား တခြားဘာမှမတတ်နိုင်ပေ။

"ဆိုးတယ်၊ ဆိုးတယ်၊ ဆိုးတယ်......." အသားဂျယ်လီပေါ်ရှိ မျက်နှာကြီးက ရှုံ့မဲ့နေသော အမူအရာဖြင့် မန့်ဟိုကို လှမ်းကြည့်ရင်း ပြောသည်။ ၄င်းမှာ သူ့အနားကပ်ရန်ပင် ကြောက်နေသည့်ပုံပေါ်သည်။

မန်ဟိုက ထူးဆန်းသောမျက်နှာထားဖြင့် နောက်ဆုတ်သွားသော အသားဂျယ်လီကို ကြည့်လိုက်သည်။ သူက ထိတ်လန့်နေသော ဟန်ပေ့ကို တစ်ချက်ကြည့်သည်။

သူမသည် တခဏတိတ်ဆိတ်နေပြီးနောက် ပြောသည်။ " ဟန်မျိုးနွယ်စုရဲ့ အချိန်မွမ်းမံပညာရပ်ကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ် တာအိုရောင်ရင်းမန်။ စုစုပေါင်း ကျောက်စိမ်းစာရွက်သုံးရွက်ရှိပေမယ့် တစ်ရွက်စီမှာ သူ့ဘာသာသူ သုံးလို့ရတဲ့ ပညာရပ်တစ်ခုရှိပါတယ်" ဇဝေဇဝါဖြစ်နေသောအသွင်တစ်ခု သူမမျက်လုံးများအတွင်း ပေါ်ပေါက်လာသည်။ ရုတ်တရက် ပတ်ဝန်းကျင်ရှိ မိုးကြိုးလျှပ်စီးများ ထစ်ခြုန်းလာ၏။

လျှပ်စီးတန်းတစ်ခုစီတိုင်းသည် အစကကဲ့သို့ ကြောက်မက်ဖွယ်ပြင်းအားဖြင့် ပြည့်ဝနေရင်း လျင်မြန်စွာ ပြင်းထန်လာနေသည်။ အချိန်တစ်နာရီကား ပြည့်သွားခဲ့လေပြီ။ ယခုတွင် မိုးကြိုးအကာအကွယ်ပစ္စည်းများမရှိခြင်းက မုချသေဆုံးခြင်းနှင့် မီးလောင်ပြာကျခြင်းဖြင့် ညီမျှပေမည်။

ကောင်းကင်တစ်ပြင်လုံးပြည့်နှက်နေသော လျှပ်စီးများက မန်ဟို့၏အမူအရာကို မည်းမှောင်သွားစေသည်။ ဟန်ပေ့လည်း အံသြတုန်လှုပ်နေဟန်တူသည်။

"ရှင် ပစ္စည်းရသွားပြီဆိုတော့ အဲ့တာ ရှင့်အပိုင်ပဲ အစ်ကိုမန်" ဟန်ပေ့က အလျင်စလိုပြောသည်။ "ကျွန်မ ဘာမှအဓွန့်မတက်ဘူး။ ဒါပေမယ့် အဲ့တာကို ကောင်းကောင်းထိန်းသိမ်းပါလို့တော့ ကျွန်မ ရှင့်ကို တောင်းဆိုရမယ်။ နောက်တစ်ကြိမ် ကျွန်မတို့ တွေ့ရင် မူပွားတစ်ခု ကျွန်မကို ပေးရမယ်။ ဒါ ကျွန်မတို့ရဲ့ သဘောတူညီချက်ပဲ" စကားလုံးများ သူမပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူမက သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ခရမ်းရောင်ဖုန်းရွှေသံလိုက်အိမ်မြှောင်တစ်ခု သူမလက်ထဲတွင် ပေါ်လာ၏။ ၄င်းက ဖျတ်ခနဲ လက်သွားပြီးနောက် သူမသည် နေရာရွှေ့ပြောင်းခံလိုက်ရသဖြင့် ပျောက်ကွယ်သွားသည်။ သို့သော် တစ်ချိန်တည်းမှာပင် အသားဂျယ်လီသည် တဟုန်ထိုးရှေ့တက်ကာ နေရာရွှေ့ပြောင်းခြင်းစွမ်းအားတချို့ ငှားယူရင်း ဒယ်အိုးကမ္ဘာအတွင်းမှ ထွက်ခွာသွားတော့သည်။

မန်ဟိုသည် လျှပ်စီးစက်ကွင်းအမြောက်အမြားကို ဝေ့ဝိုက်ကြည့်ပြီးနောက် စောစောက အနီးကပ်စစ်ဆေးပြီးခဲ့သော ခရမ်းရောင်ဖုန်းရွှေသံလိုက်ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ သူက ၄င်းထဲ စိတ်ဝိညာဥ်အာရုံထည့်သွင်းကာ နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို အသက်သွင်းလိုက်သည်။ တခဏအတွင်း သူသည် မိုးကြိုးကမ္ဘာမှ နေရာရွှေ့ပြောင်းခံလိုက်ရ၏။

သူပြန်ပေါ်လာသောအခါ အပေါ်ထက် ကောင်းကင်သည် မည်းမှောင်နေပြီး ကမ္ဘာမြေကြီးသည် တသိမ့်သိမ့်တုန်ခါနေလျက်ရှိသည်။ တဝုန်းဝုန်းပေါက်ကွဲသံများ နေရာအနှံ့ပဲ့တင်ထပ်နေပြီး သူ၏တာအိုမဏ္ဍိုင်များချက်ချင်း မတည်မငြိမ်ဖြစ်သွားသည်။ သူ့မှာ သွေးတစ်ပွက်အန်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားသည်။ သူက ဘေးဘီဝဲယာကို ဝေ့ဝိုက်ကြည့်လိုက်၏။

သူသည် ဟန်ပေ့နှင့် အစက တွေ့ဆုံခဲ့သော နေရာမှ သိပ်မဝေးသော လွင်ပြင်တွင် ဖြစ်သည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်၏။ ဟန်ပေ့ မလိမ်ညာခဲ့ပေ။ ဖုန်းရွှေသံလိုက်အိမ်မြှောင်သည် သူမပြောခဲ့သည့်အတိုင်း ပြုလုပ်ပေးခဲ့လေသည်။

သူက ကံကောင်းခြင်းအဆောင်ကိုင်ထားသော လက်ကို မြှောက်သည်။ ၄င်းထဲ စိတ်ဝိညာဥ်အာရုံတချို့ ထည့်သွင်းပြီး ဤထူးဆန်းသော မြင့်မြတ်နယ်မြေမှ ထွက်ခွာတော့မည်ဆဲဆဲ ၊ အဝေးတွင် ဧရာမမျှော်စင်ကြီးတစ်ခုသည် ရုတ်တရက် မြေကြီးမှ မြောက်တက်လာသည်။ အရာအားလုံး တုန်ခါနေပြီး ဟိန်းဟောက်သံကြီး လေထဲပြည့်သွား၏။

ဤမဏ္ဍိုင်မှာ မျှော်စင်တစ်ခုနှင့်တူပြီး ချီဓာတ်ထုတ်လွှတ်နေကြောင်း သူမြင်လိုက်ရသည်။ ချီက အမြုတေဖြစ်တည်မှုအဆင့်လည်း မဟုတ်၊ အနုသုခုမရုပ်ခန္ဓာအခြေတည်အဆင့်လည်းမဟုတ်၊ ချီအခြေတည်အဆင့်၏ချီဖြစ်သည်။

ဤသည်ကား ချီအခြေတည်အဆင့်ကျင့်ကြံသူနှစ်ရာကျော်၏ တာအိုမဏ္ဍိုင်များဖြင့် တည်ဆောက်ထားသော သမတဝိညာဥ်မျှော်စင်ပင်။

မန်ဟိုမှာ သတမဝိညာဥ်မျှော်စင်ကို မြင်သောအခါ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်မိသည်။ မျှော်စင်၏ပတ်ပတ်လည်တွင်ကား ကျင့်ကြံသူရာပေါင်းများစွာ၏ တစ္ဆေပုံရိပ်များပင်။ ၄င်းတို့၏ စူးစူးဝါးဝါး ဟိန်းဟောက်သံများက မကျေနပ်ချက်များ ဟစ်ကြွေးနေသော အသံကြီးအဖြစ် အတူတကွပေါင်းစည်းသွား၏။ အသံသည် မိုးကောင်းကင်အထိ ထိုးတက်သွားရာ အရာအားလုံးကို မှောင်မိုက်သွားစေသည်။

အရပ်မျက်နှာအသီးသီးမှ လောလောလတ်လတ် ရရှိထားသော တာအိုမဏ္ဍိုင်ဆယ်ခုကျော်သည် လေကိုခွင်း၍ မျှော်စင်ထံရောက်ရှိလာပြီး ၄င်းနှင့်အတူ ပေါင်းစပ်သွား၏။ မျှော်စင်မှ ဖြန့်ကျက်နေသော ဖိအားမှာ ပို၍ပင် အားကောင်းလာသည်။

"ဒီကိုလာတဲ့ တခြား သင်းကွဲကျင့်ကြံသူတွေအားလုံး သေကုန်ပြီထင်တယ်...." သူ့မှာ ချင်းလော်ဂိုဏ်း၏အကြံအစည်ကို ထိတ်လန့်ရင်း တိတ်ဆိတ်နေမိသည်။ သူ့ကိုယ်တွင်းရှိ တာအိုမဏ္ဍိုင်များမှာ တဆတ်ဆတ်တုန်ခါလျက်ရှိ၏။ ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်များသာမဟုတ်လျှင် သူ ၄င်းတို့ကို ထိန်းချုပ်ထားနိုင်မည်မဟုတ်ပေ။

"ငါ ဒီမှာ ကြာကြာနေလို့မဖြစ်ဘူး...." သူက တွေးလိုက်သည်။ သို့သော် ဤအခိုက် သူက ခေါင်းကို ဆတ်ခနဲ ထောင်ပြီး အဝေးသို့ လှမ်းကြည့်လိုက်၏။ သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားပြီး မထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူသည် ပျံတက်ပြီး အဝေးသို့ထွက်သွားသည်။

သူက အသက်ဆယ်ရှိုက်စာကြာသည်အထိ ပျံသန်းနေပြီးနောက် ရပ်လိုက်သည်။ သူ့အောက်ရှိ လွင်ပြင်တွင် ကျင့်ကြံသူလေးယောက် တရားထိုင်နေကြသည်ကို သူမြင်လိုက်သည်။ သူတို့ကို သတမဝိညာဥ်မျှော်စင်၏စွမ်းအားကို ခုခံနေပုံရသော အကာအကွယ်မန္တန်တစ်ခုက ဝန်းရံထား၏။

သူတို့ထဲကတစ်ယောက်ကား လုတောက်။

မန်ဟိုစောင့်ကြည့်နေစဥ် လူလေးယောက်ထဲက တစ်ယောက် သွေးအချို့အန်လိုက်၏။ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက်ပေါက်ကွဲသွားပြီး အကောင်အထည်မရှိသော ပုံရိပ်ယောင် တာအိုမဏ္ဍိုင်တစ်ခု သူ့ထံမှ ကောင်းကင်သို့ ပျံတက်သွားသည်။

ထို့နောက် နောက်ကျင့်ကြံသူတစ်ယောက် စတင်တုန်ခါလာသည်။ သူ၏မျက်လုံးများ ဖျတ်ခနဲပွင့်သွားပြီး သူက လုတောက်ကို စိန်းစိန်းဝါးဝါး ကြည့်သည်။ "မင်း အယုတ်တမာ....." သူပြီးဆုံးအောင် မပြောနိုင်ခင် တာအိုမဏ္ဍိုင်ပျံထွက်လာသဖြင့် သူ၏ခန္ဓာကိုယ် ပွင့်ထွက်သွားသည်။ တတိယမြောက်လူသည်လည်း မျက်နှာဖြူဖျပ်ဖြူလျော်ဖြစ်ကာ ခန္ဓာကိုယ်အပိုင်းပိုင်းစုတ်ပြတ်သွား၏။ သူ၏တာအိုမဏ္ဍိုင်က အဝေးသို့ပျံထွက်သွားသည်။

သို့သော် ဤလူသုံးယောက်သေဆုံးခြင်းက အကာအကွယ်မန္တန်ကို စောစောကထက်ပို၍ အဆများစွာ သန်မာသွားစေသည်။ လုတောက်က အရှုံးမပေးသောစိတ်ဆန္ဒဖြင့် အံတင်းတင်းကြိတ်ရင်း မျက်နှာဖြူဖပ်ဖြူလျော်နှင့် ထိုင်နေသည်။ ဤမန္တန်၏စွမ်းအားသာလျှင် အပြင်ဘက်ကဆွဲအားကို ခုခံနိုင်သည့်တစ်ခုတည်းသော အရာဖြစ်သည်။

မန်ဟိုက ငုံကြည့်လိုက်သည်။ ကျင့်ကြံသူသုံးယောက်မှာ လုတောက်၏ထိန်းချုပ်မှုအောက်တွင် ရှိခဲ့ကြောင်း သူရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။ တကယ်တမ်း သူတို့၏တာအိုမဏ္ဍိုင်များမှာ လုတောက်ကို ကာကွယ်ရန် သွေးစတေးခံခဲ့ရခြင်းပင်။ သူတို့၏သေဆုံးခြင်းက သူ၏မန္တန်ကို အားပင်ဖြည့်ပေးခဲ့လေသည်။

မန်ဟိုသည် တည်ငြိမ်အေးဆေးသောမျက်နှာထားဖြင့် လုတောက်ထံ ဆင်းသက်သွားသည်။ သူက လုတောက်ကို ငုံ့ကြည့်ရင်း မန္တန်ဘေးတွင် ရပ်ကာ ချောင်းဟန့်လိုက်လေသည်။

လုတောက် တဆတ်ဆတ်တုန်ရီလာ၏။ သူကမျက်လုံးများ ဖွင့်လိုက်ပြီး မန်ဟို့ကို မြင်သောအခါ အံအားသင့်သွားသော အမူအရာတစ်ခု သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။

"အာ.....တာမိုရောင်ရင်းမန်ပါလား...." မန်ဟို့ကို ကြည့်နေစဥ် သူ၏မျက်နှာသည် ဖြူဆုပ်နေပြီး သူ့အသံမှာ စိုးရိမ်ကြောင့်ကြမှုများဖြင့် ပြည့်နှက်နေသည်။

"သိပ်ကောင်းတဲ့ မန္တန်ပဲ" မန်ဟိုက အေးအေးဆေးဆေးပြောသည်။ သူက မနှေးလွန်း၊ မမြန်လွန်းပြောလိုက်သော်လည်း သူ့စကားလုံးများက လုတောင်ကို အတိုင်းထက်အလွန် အလန့်တကြားဖြစ်သွားစေ၏။ သူ၏အမြင်အရ မန်ဟိုမှာ ဆွဲအားကြောင့် နည်းနည်းလေးပင် ထိခိုက်ပုံမရပေ။

"တာအိုရောင်ရင်းမန် ဘာ.....ဘာလိုချင်လို့လဲ" သူ့နှလုံးသားတွင် စိုးရိမ်သောကများ ပြည့်နှက်နေချေပြီ။ မန်ဟိုသာ မန္တန်ကို နှောင့်ယှက်လျှင် ၄င်းကျိုးပျက်သွားလိမ့်မည်။ ထို့နောက် ဆွဲအား သူ့အား ဘာလုပ်မည်ကို သူတွေးကြည့်နိုင်သည်။ သူ၏ခန္ဓာကိုယ်အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားပြီး သူ၏တာအိုမဏ္ဍိုင်များ ကောင်းကင်ပေါ်ပျံတက်ကာ ဧရာမမျှော်စင်ကြီးရှိ အခြားသူများအားလုံးနှင့် သွားရောက်ပူးပေါင်းလိမ့်မည်။

"မိုးကြိုးသစ်ရွက် တကယ် ဘာလုပ်နိုင်လဲ ငါ့ကို ပြော" သူက မန္တန်အတွင်းရှိ လုတောက်ကို ကြည့်ရင်း တည်ငြိမ်စွာ ပြောသည်။

"ကျုပ် ပြောပြီးပြီလေ တာအိုရောင်ရင်းမန်" သူက ပို၍ပင်စိတ်လှုပ်ရှားလာရင်း ကမန်းကတမ်းပြောသည်။ "မိုးကြိုးသစ်ရွက်က....." သူဆက်မပြောနိုင်ခင် မန်ဟိုက လုတောက်ပတ်လည်တွင် လှ့ည်ပတ်နေသော မန္တန်အပေါ် လက်လှမ်းဖိချလိုက်သည်။

သူ ထိုသို့လုပ်လိုက်သဖြင့် မန္တန်သည် တသိမ့်သိမ့်တုန်ခါသွားပြီး မျက်နှာပြင်တွင် အက်ကြောင်းသေးသေးလေးတစ်ခု ထလာသည်။ လုတောက် တစ်ကိုယ်လုံး ကြက်သီးဖြန်းခနဲ ထသွားသည်။

"ရပ်လိုက်ပါ တာအိုရောင်ရင်းမန်၊ ကျေးဇူးပြုပြီး.....ကျုပ် ခင်ဗျားကို လိမ်နေတာမဟုတ်ပါဘူး။ မိုးကြိုးသစ်ရွက်က တကယ်......"

မန်ဟိုက အေးစက်စက်နှာမှုတ်ပြီးနောက် ထပ်မံဖိချလိုက်ပြန်သည်။ ဝုန်းခနဲပေါက်ကွဲသွားပြီး မန္တန်အတွင်းတွင် အက်ကြောင်း ခုနစ်ကြောင်း၊ ရှစ်ကြောင်းပေါ်လာ၏။ လုတောက်မှာ အပြင်ဘက်ကမ္ဘာတွင် တည်ရှိသော ဆွဲအား ပို၍ပင် အထဲသို့ စိမ့်ဝင်လာနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏တာအိုမဏ္ဍိုင်မှာ တသိမ့်သိမ့်တုန်ခါလာသည်။ သူ၏ဦးရေပြား ထုံကျင်သွားပြီး သူ့မှာ လောလောဆယ်ဆယ်တွင် သတိလွတ်မတတ် ကြောက်လန့်သွား၏။

"မိုးကြိုးသစ်ရွက်တွေက တောင်ပိုင်းဒေသမှာ ရှားတယ်" သူက ကပျာကယာပြောသည်။ "သူတို့ကို မှော်ပစ္စည်းတွေထဲ စိမ့်ဝင်စေပြီး သူတို့ရဲ့မိုးကြိုးစွမ်းအားကို တိုးတက်စေနိုင်တဲ့ အထူးပညာရပ်တွေရှိတယ်။ တာအိုရောင်ရင်းမန်၊ ကျေးဇူးပြုပြီး ကျုပ် ပြောတာနားထောင်ပါ။ ကျုပ်မှာ သက်သေအနေနဲ့ ကျောက်စိမ်းပြားတစ်ပြားရှိတယ်။ ကျောက်စိမ်းပြားထဲက ပညာရပ်ကိုသာ ဖတ်လိုက်။ ခင်ဗျား ဉာဏ်အလင်းရသွားလိမ့်မယ်" သူက ကျောက်စိမ်းပြားတစ်ပြားထုတ်ပြီး မန်ဟို့ကို ပြသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး အသနားခံနေသောအသွင်တစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ သူ၏စကားများမှာ မည်သည့်အရာကိုမှ မဖုံးကွယ်ထားသည့်အလား ရိုးသားပုံပေါက်သည်။

"ငါ့ကို အရူးလုပ်ဖို့ ကြိုးစားနေသေးတယ်ပေါ့လေ" အေးစက်သောအလင်းရောင်တစ်ခု မန်ဟို၏မျက်လုံးများထဲ တောက်ပလာသည်။ သူ၏ညာဖက် လက်ခလယ်သည် မန္တန်အတွင်း ထိုးစိုက်သွား၏။ ဝုန်းခနဲပေါက်ကွဲသွားပြီး အက်ကြောင်းများ မန္တန်တွင် ပိုမိုပြည့်နှက်လာသည်။ တစ်နေရာတွင်ဆိုလျှင် အပေါက်ကျယ်ကြီးပင် ဖြစ်နေချေပြီ။ ဆွဲအားများ အတွင်းထဲဝင်ရောက်လာသည်။ လုတောက်၏မျက်နှာ ရှုံ့မဲ့သွားပြီး သူက သွေးတချို့ အန်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်ကား အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အလားပင်။

***

All Chapters