ဇကာမိုးကြိုးသစ်ပင်
Vol. 12 Ch. 165
"ရပ်" လုတောက်က ကြောက်လန့်တကြား စူးစူးဝါးဝါးအော်သည်။ သူ၏မျက်နှာသည် သွေးဆုပ်ဖြူဖျော့လျက်ရှိပြီး သူ့မှာ သေမင်း၏အရိပ် သူ့ကို စိုးမိုးနေသည့်အလား ခံစားနေရသည်။
ဤမြင့်မြတ်သောနယ်မြေတွင် ကျင့်ကြံသူမည်မျှ ပေါက်ကွဲသွားခဲ့ပြီး သူတို့၏တာအိုမဏ္ဍိုင်များ စုပ်ယူခံခဲ့ရသည့်မြင်ကွင်းကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူသည် အနက်ရောင်နယ်မြေများမှ ဖြစ်ပြီး အန္တရာယ်ကင်းကင်းနေရန် အသုံးပြုနိုင်သည့် လျှို့ဝှက်နည်းလမ်းတစ်ခုကို သိလေသည်။ သို့သော် ဤနေရာတွင် မန်ဟိုရှိနေသဖြင့် သူယခင်က တစ်ခါမှ မခံစားခဲ့ဖူးသော မယုံကြည်နိုင်ဖွယ်ဖိအားကြီး သူ့အပေါ် သက်ရောက်နေသည်ကို ခံစားနေရသည်။
ထိုမျှသာမက သူဘာပြောပြော မန်ဟိုက သူ့ကို ယုံကြည်မည့်ပုံမပေါ်ပေ။ မန်ဟိုက လုံးလုံးလျားလျား အသာစီးရနေချေပြီ။ သေရေးရှင်ရေးအန္တရာယ်ကို ရင်ဆိုင်ရသည့်အခါ လုတောက်၏အကြံအစည်များကား လေနှင့်အတူ လွင့်မျောသွားသော ပြာများသဖွယ် ပျောက်ကွယ်သွားတော့သည်။
"ကျုပ် အမှန်ပြောနေတာပါ" လုတောက်က တောင်းတောင်းပန်ပန်ပြောသည်။ " မိုးကြိုးသစ်ရွက်တွေကို မိုးကြိုးစွမ်းအားနဲ့ပြည့်ဝစေဖို့ မှော်ပစ္စည်းတွေထဲ စုပ်ယူနိုင်တယ်။ ခင်ဗျား ကျုပ်ကို ဘာလို့မယုံတာလဲ" သူ့အသံသည် အက်ကွဲနေပြီး သူ၏မျက်နှာထားအရ သူ့မှာ နောက်ဆုံးအခြေအနေထိ တွန်းပို့ခံထားရ၍ ဘာမှဆက်မပြောနိုင်တော့ပေ။ သူ၏မျက်လုံးများက ရုတ်တရက် နားလည်သောအရိပ်အယောင်များ လက်သွားသည်။ သူက ခပ်အက်အက်ရယ်ပြီး သူ၏မျက်လုံးများသည် ကြံရာမရဖြစ်ခြင်းမှ ပေါက်ဖွားလာသော သတ္တိများဖြင့် ပြည့်နှက်လာသည်။ "ကျုပ်သိပြီ။ ခင်ဗျား ကျုပ်ကို မယုံတာကြောင့်မဟုတ်ဘူး။ သတ်ချင်တာကြောင့်ပဲ
"ကောင်းပြီလေ။ ဒါဆိုလဲ ကျုပ်မန္တန်ကို ချိုးဖျက်လိုက်။ ကျုပ်၊ လု မိုးကြိုးသစ်ရွက်ရဲ့ အသုံးပြုပုံကို ရှင်းပြခဲ့ပြီးပြီ။ ခင်ဗျား ကျုပ်ကို သတ်မယ်ဆိုလဲ သတ်သာသတ်လိုက်။ ဒါပေမယ့် ကျုပ် ကျောက်စိမ်းပြားက အချက်အလက်ကိုတော့ ခင်ဗျား မေ့ပစ်နိုင်တယ်" လုတောက်က အံတင်းတင်းကြိတ်ပြီး ကျောက်စိမ်းပြားအပေါ် ခပ်ပြင်းပြင်းဖိချလိုက်သည်။ မန်ဟို အမှန်တကယ် မန္တန်ကို ဖျက်စီးမည်ဆိုလျှင်တော့ သူသည် ငါးလည်းသေ၊ ပိုက်ကွန်လည်းပြဲဆိုသကဲ့သို့ ၄င်းကို ဖျက်စီးပစ်မည်ဖြစ်သည်။ နှစ်ဦးနှစ်ဖက်လုံး ဖွတ်မရ၊ ဓားမအဆုံးဖြစ်သွားလိမ့်မည်။
မန်ဟိုက လုတောက်ကို တည်ငြိမ်စွာ ကြည့်သည်။ အချိန်အနည်းငယ် ကုန်လွန်သွားပြီးနောက် သူက သက်ပြင်းချလိုက်သည်။ သူသည် လက်ကိုမြှောက်ပြီး ထပ်မံဖိချလိုက်ပြန်၏။ ဝုန်းခနဲ ပေါက်ကွဲသံ မြည်ဟည်းသွားသည်။ သို့သော် ဖျက်စီးခံလိုက်ရသည့်အရာကား မန္တန်မဟုတ်၊ လုတောက်လက်ထဲက ကျောက်စိမ်းပြားဖြစ်သည်။
မန်ဟိုက ၄င်းကို ပြာကျအောင် ဖျက်စီးပစ်လိုက်လေသည်။
ဤသည်က လုတောက်ကို မျက်နှာပျက်သွားစေပြီး သူ့နှလုံးသားအား အေးစက်လာစေ၏။ သိသာထင်ရှားစွာပင် ဤလုပ်ရပ်က..... မန်ဟို သူ့အား မယုံကြည်သည်ကို ညွှန်ပြနေချေသည်။
"ပြောမလား၊ မပြောဘူးလား ငါစိတ်မရှည်တော့ဘူး" မန်ဟိုက အေးအေးလူလူပြောသည်။ လုတောက်ပြောခဲ့သည့် မိုးကြိုးသစ်ရွက်များက မှော်ပစ္စည်းများအား မိုးကြိုးစွမ်းအားဖြင့် ပြည့်ဝစေနိုင်သည်ဆိုသောအကြောင်းကို သူမယုံကြည်၍မဟုတ်။ လုတောက်က ခပ်လွယ်လွယ်ပြောသွားခဲ့ခြင်းကြောင့် ဖြစ်သည်။ ၄င်းတို့က မှန်လောက်သော်လည်း မှီခိုရာဂိုဏ်းချုပ် စုဆောင်းထားသော မိုးကြိုးသစ်ရွက်များက ဤမျှရိုးရှင်းလိမ့်မည်ဟု မန်ဟို မတွေးနိုင်ပေ။
ပြောစရာ ဘာမှမကျန်တော့သည့်အလား ခါးသက်သက်အပြုံးတစ်ခု လုတောက်၏မျက်နှာပေါ်တွင် ပေါ်လာသည်။ မန်ဟိုက မဆိုစလောက် ခေါင်းညိတ်ပြီးနောက် မန္တန်ပေါ် စတင်ဖိချတော့သည်။ ဤတစ်ကြိမ်တွင် သူသည် ၄င်းကို လုံးဝဖျက်စီးပစ်ပေတော့မည်။
"ကျုပ် ပြော မယ်" လုတောက်၏ခန္ဓာကိုယ်မှာ တုန်ရီနေပြီး သူ့နှလုံးမှာ တစစီပဲ့ကြွေကျခါနီးလေပြီ။ သူ၏တာအိုမဏ္ဍိုင်၏ တုန်ခါခြင်းက သူ၏မျက်လုံးများထဲ၌ စိတ်ပိုင်းဖြတ်လိုက်သော အရိပ်အယောင်ပြောင်းသွားစေပြီး သူနှုတ်ခမ်းတွင် ခါးသီးသောအပြုံးတစ်ခု တွဲခိုသွားစေသည်။
"ကျုပ် ပြောပြမယ်" သူက တုန်ရီစွာဖြင့် ဆိုသည်။ " ဒါပေမယ့် ကျုပ် ပြောပြီးရင် ခင်ဗျား ကျုပ်မန္တန်ကို ထိခိုက်အောင် ဘာမှမလုပ်ပါဘူးလို့ သစ္စာဆိုရမယ်" သူက စိတ်မချမ်းမြေ့စွာ ပြုံးလိုက်သည်။ သူ စောစောက ပြောခဲ့သည့်အရာအားလုံး အမှန်တစ်ဝက်ပါသည့်တိုင် အရေးအကြီးဆုံးကဏ္ဍ၊ တကယ့်အမှန်တရားနှင့် နီးစပ်ခြင်းမရှိပေ။ သို့သော် ယခုကဲ့သို့ သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူ့တွင် ရိုးသားရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။
"ပြော" မန်ဟိုက အမူအရာပြောင်းလဲခြင်းမရှိသော်လည်း လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေသော မျက်လုံးများဖြင့် ပြောသည်။
လုတောက်က အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး တခဏတိတ်ဆိတ်သွားသည်။ ထို့နောက် သူက နာကျင်နေသောအသွင်ဖြင့် တဖြေးဖြေးစကားပြောသည်။ "မိုးကြိုးသစ်ရွက်တွေက မိုးကြိုးသစ်ပင်ကလာတယ်။ ဒါပေမယ့် မိုးကြိုးသစ်ပင်ရဲ့ တကယ့်နာမည်အရင်းက ဇာကာမိုးကြိုးသစ်ပင် ဒါမှမဟုတ် ပိုးစာမိုးကြိုးသစ်ပင်ပဲ"
မန်ဟို၏ အမူအရာသည် တည်ငြိမ်လျက်ရှိ၍ သူဘာတွေးနေသည်လဲ ပြောရခက်လေသည်။ သူက လုတောက်ကို တည်ငြိမ်စွာကြည့်သည်။ ဤအခြင်းအရာက လုတောက်၏နှလုံးထဲတွင် မဖော်ပြနိုင်သော အကြောက်တရားများ ပြည့်နှက်သွားစေသည်။ သူ၏ ဝေဒနာခံစားနေရသောအမူအရာမှာ ပို၍ပြင်းထန်လာကာ သူ့အတွင်းရှိ အေးစက်မှုသည် သူ့နှလုံးသားကို လုံးလုံးလျားလျား လွှမ်းခြုံသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြည့်နှက်သွား၏။ သူ့မှာ ကြောက်လန့်မှုကြောင့် တုန်ရီလာတော့သည်။
"ပိုးစာမိုးကြိုးပင်နဲ့ ပတ်သက်ပြီး ဒဏ္ဍာရီတစ်ခုရှိတယ်။ ဒီဒဏ္ဍာရီအရ ရှေးခေတ်အခါတုံးက တန်ခိုးရှင်တစ်ယောက် ဇာကာမိုးကြိုးသစ်ပင်တစ်ပင်အောက်မှာ ထိုင်နေရင်း ဉာဏ်အလင်းရဖူးတယ်။ ကောင်းကင်ဘုံကမိုးကြိုးပြစ်ဒဏ်က ဒီတာအိုအသစ်ကို သုတ်သင်ဖယ်ရှားဖို့ ကျရောက်လာခဲ့တယ်။ မိုးကြိုးရဲ့စိတ်ဆန္ဒ သစ်ပင်ကိုသက်ရောက်ခဲ့တယ်။ တန်ခိုးရှင်ကတော့ ပြစ်ဒဏ်မိုးကြိုးကို ထက်ပိုင်းခွဲပြီး ကြယ်တွေဆီ တက်လှမ်းသွားခဲ့တယ်
"တန်ခိုးရှင် ထွက်သွားခဲ့ပေမယ့် ဇာကာမိုးကြိုးသစ်ပင်ကတော့ ပြစ်ဒဏ်မိုးကြိုးရဲ့ စွမ်းအားအပြင် သူ့ရဲ့ တာအိုတချို့ကိုပါ စုပ်ယူခဲ့တယ်။ ဖျက်စီးခံလိုက်ရပေမယ့်လို့ နှစ်တစ်ထောင်ကြာတဲ့နောက် သေဆုံးနေတဲ့ပင်စည်မှာ အညှောင့်တစ်ခု ထွက်ပေါ်လာတယ်
"အဲ့တာက ပိုးစာပင် မဟုတ်တဲ့ ပိုးစာပင်၊ မိုးကြိုးမဟုတ်တဲ့ မိုးကြိုး သစ်ပင်အဖြစ် ပြန်လည်မွေးဖွားလာတယ်။ ပိုးဇကာမိုးကြိုးသစ်ပင်"
လုတောက်ပြောသည်ကို နားထောင်နေစဥ် ဘာမှမပြောသော်လည်း မန်ဟို၏မျက်လုံးများ တလက်လက်တောက်ပနေလျက်ရှိသည်။
" ပိုးဇာကာမိုးကြိုးသစ်ပင်အောက်မှာ ဉာဏ်အလင်းရသွားခဲ့တဲ့ တန်ခိုးရှင်အရ၊ သစ်ပင်အောက်ကနေ့ရက်မှာတုံးက သူဘာပြောခဲ့လျှင်ဆိုရင် အန္တိမစွမ်းအင်ကို မရမချင်း အရိုးကြေကြေအရေခမ်းခမ်း သစ်ပင်အောက်မှာပဲ ထာဝရနေသွားမယ်တဲ့" လုတောက်က သူ၏မျက်လုံးများထဲတွင် တောက်ပနေသောခံပြင်းမှုကို ခေါင်းငုံ့ကာ ဖုံးကွယ်လိုက်သည်။
ဇာတ်ကြောင်းကို နားထောင်နေစဥ် မန်ဟို၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာသည်။ သူ့အတွက်တော့ လုတောက် ဤဇာတ်လမ်းကို ထွင်နေခြင်းမဟုတ်နိုင်ချေ။
"ပိုးဇာကာမိုးကြိုးသစ်ပင် ပေါ်ပေါက်လာကတည်းကစလို့ ခေတ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ကုန်ဆုံးသွားခဲ့ပြီ။ နောက်ဆုံး အဲ့တာက ကမ္ဘာမြေကြီးရဲ့နှလုံးသားဖြစ်လာပြီးတော့ သစ်ပင်တွေ ထပ်ပေါ်ပေါ်လာစေတယ်။ သူတို့တွေမှာ ရှေးကာလအဆက်ဆက်က အဖြစ်အပျက်တွေပါရှိတယ်။မိုးကောင်းကင်ရဲ့ စိတ်ဆန္ဒပါရှိနေတာကြောင့် ဒီသစ်ပင်ဟာ နောက်ဆုံး သူ့ကို ညှိုးနွမ်းခြောက်သွေ့စေတဲ့အရာကို ဖယ်ရှားနိုင်ခဲ့တယ်။ ဒီနေ့ အဲ့ဒီ့သစ်ပင်က ဖီးနစ်ငှက်မွှေး ဒါမှမဟုတ် ချီလင်သားရဲချိုတွေလို အဖိုးထိုက်တယ်"
လုတောက်သည် တခဏကြာ တိတ်ဆိတ်နေပြီးနောက် ဆက်ပြော၏။ "ကျင့်ကြံသူအများစုက သစ်ပင်ကို မှော်ပစ္စည်းတွေနဲ့ ပေါင်းစပ်ဖို့ ဒါမှမဟုတ် သူတို့ရဲ့ တာအိုမဏ္ဍိုင်ထဲ စုပ်ယူပြီး ပိုးဇကာမိုးကြိုးသစ်ရွက်ထဲမှာ တည်ရှိတဲ့ မလွှမ်းမိုးနိုင်တဲ့မိုးကြိုးကို ရယူဖို့တောင် အသုံးပြုကြတယ်
"ဒါပေမယ့် အနက်ရောင်နယ်မြေတွေက ဆောင်းလယ်နှင်းမုန်တိုင်းတွေထဲမှာ တည်ရှိတဲ့ အေးခဲနှင်းလို့ခေါ်တဲ့ ပိုးကောင်တစ်မျိုးရှိတယ်။ ကမ္ဘာပေါ်က အံ့ဖွယ် ပိုးကောင်တွေထဲမှာ အဲ့အကောင်က အဆင့် ၉၇ လိုက်တယ်။ သူက တကယ်ထူးခြားတဲ့ ပိုးကောင်တစ်ကောင်ပဲ။ ပိုးခြည်မထုတ်ဘဲ အေးခဲချီထုတ်ပေးတာ။ သူ့ကို ကျင့်ကြံသူတွေ အထူးတန်ဖိုးထားကြပြီး ရရင်လဲ အဖိုးထိုက်ရတနာတစ်ပါးအဖြစ် သတ်မှတ်ကြတယ်။ သူ့ကို အေးခဲစိတ်ဝိညာဥ်အဖြစ် သန့်စင်မွမ်းမံပြီး အေးခဲရတနာပုံစံဖော်လို့ရတယ်
"ဒီပိုးကောင်က အတွေ့မများပေမယ့် ရှာမတွေ့နိုင်လောက်အောင် ရှားပါးနေတာမဟုတ်ဘူး။ တစ်ခါတရံ ပေါ်ပေါ်လာတတ်တယ်" ဤအချိန်တွင် လုတောက်သည် တခဏရပ်ပြီး မန်ဟို့ကို ကြည့်သည်။
မန်ဟိုက သူ့ကို ပြန်ကြည့်ပြီး သူတို့နှစ်ယောက် အချိန်တစ်ခုကြာသည်အထိ တစ်ယောက်ကို တစ်ယောက် မမှိတ်မသုန်ကြည့်နေကြသည်။ လုတောက်က သက်ပြင်းခိုးချလိုက်ပြီးနောက် ဆက်ပြောသည်။
"ဒါပေမယ့် ပိုးကောင်နဲ့ ပိုးဇကာမိုးကြိုးသစ်ပင်ကြားက တမူထူးခြားတဲ့ပတ်သက်မှုကို သိတဲ့သူရှားတယ်။ ပိုးကောင်က သစ်ရွက်တွေကို စားရင် နံပါတ် ၄ အံ့ဖွယ်ပိုးကောင်....... မျက်လုံးမဲ့ပိုးကောင် ဖြစ်လာနိုင်တယ်
"မျက်လုံးမဲ့ပိုးကောင်က ပိုးရုပ်ဖုံးတစ်ကောင်အသွင်ပြောင်းပြီး ပိုးခြည်မျှင်တစ်မျှင်ထုတ်ပေးလိမ့်မယ်။ အဲ့ဒီချည်မျှင်ကို ဖြတ်တောက်လို့မရသလို၊ ခန္ဓာကိုယ်လဲ ဖျက်စီးလို့မရဘူး။ ခန္ဓာကိုယ်ကို ဖျက်စီးလို့မရသလို၊ ချည်မျှင်ကိုလဲ ဖြတ်တောက်လို့မရဘူး။ အဲ့တာက ရပ်တန့်လို့မရတဲ့ သံသရာစက်ဝန်းတစ်ခုကို ဖန်တီးလိုက်တယ်။ ဒါနဲ့ ချည်မျှင်က မလွှမ်းမိုးနိုင်တဲ့ အဖိုးထိုက်ရတနာတစ်ပါးဖြစ်လာတာပဲ
"မျက်လုံးမဲ့ပိုးကောင်က သမိုင်းတစ်လျှောက်လုံး နှစ်ကြိမ်ပဲ ပေါက်လာဖူးတယ်။ တစ်ကြိမ်စီမှာ သူထုတ်လုပ်တဲ့ ပိုးခြည်မျှင်က ကျင့်ကြံခြင်းလောကကို အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့တယ်။ အရှေ့ဘက်နယ်မြေတွေမှာဆိုရင် တိုက်ပွဲတွေတောင် ဖြစ်တယ်။ ဒီနေ့အထိ အရင်က ပေါ်လာခဲ့ဖူးတဲ့ မျက်လုံးမဲ့ပိုးကောင်ကို ဘယ်ဟာက သေစေခဲ့မှန်း ဘယ်သူမှမသိကြဘူး" လုတောက်သည် ကြိတ်၍သက်ပြင်းချလိုက်၏။ သူက စကားပြောပြီးသည့်နောက် မန်ဟို့ကို လေးလေးနက်နက်ကြည့်ပြီး မျက်လုံးများ ပိတ်လိုက်သည်။
မန်ဟိုက မျက်လုံးပိတ်ထားသောလုတောက်ကို ကြည့်ရင်း တစ်ယောက်တည်းတီးတိုးရေရွတ်နေ၏။ နောက်ဆုံး၌ သူက အားပါးတရရယ်မောပြီးနောက် အဝေးသို့ထွက်ခွာသွားသော ရောင်စုံအလင်းတန်းတစ်တန်းအသွင်ပြောင်းသွားတော့သည်။
မန်ဟိုထွက်သွားပြီးနောက် လုတောက်က မျက်လုံးများ ဖွင့်လိုက်သည်။ သူက ကောင်းကင်ကို တွေတွေကြီး မော့ကြည့်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်သည်။ မကြာခင် သူ၏မျက်လုံးများသည် အေးစက်သောအလင်းတစ်ခုဖြင့် ပြည့်နှက်သွား၏။
"ငါ အခုပြောခဲ့သမျှအားလုံးက ကိုးဆယ်ရာခိုင်နှုန်းမှန်ပြီး ဆယ်ရာခိုင်နှုန်းမှားတယ်။ ဒီလူ ပါးနပ်ရင်ပါးနပ်မယ်၊ ဒါပေမယ့် ဘယ်ဟာက အမှန်၊ ဘယ်ဟာက အမှားဆိုတာတော့ ပြောရခက်မှာပဲ။ သူ သေချာပေါက် အေးခဲနှင်းပိုးကောင်ကို သွားရှာလိမ့်မယ်။ အဲ့ဒီ့ပိုးကောင်ကို ပိုးဇကာမိုးကြိုးသစ်ပင်ဆီ တကယ်ကျွေးလို့ကတော့ သူ သေပြီပဲ
"ငါ အခု လုပ်ရမှာက ချင်းလော်ဂိုဏ်းအလုပ်ပြီးတဲ့အထိ ဒီဝေဒနာကို နည်းနည်းထပ်ပြီး သည်းခံရုံပဲ။ ပြီးရင်တော့ ဒီနေရာမှာ ငါရှာနေတဲ့အရာနဲ့ပတ်သက်ပြီး သဲလွန်စတချို့ရှာနိုင်လိမ့်မယ်" သူက ကောက်ကျစ်စဥ်းလဲသော မျက်နှာထားဖြင့်် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် မျက်လုံးများကို ပိတ်ကာ သူ၏မန္တန်အစီအရင်ကို ပြန်လည်ပြုပြင်ခြင်း စတင်လိုက်သည်။
မန်ဟိုသည် လေကိုခွင်း၍ ပျံသန်းနေရင်း အတွေးထဲနစ်မြောနေ၏။ ဟုတ်ပါသည်။ သူ လုတောက်ပြောသမျှအားလုံး မယုံပေ။ သို့သော် အနည်းဆုံးသော သူ၏ပြောစကားတချို့က အမှန်ဖြစ်ကြောင်း သူသိသည်။ ထိုကဲ့သို့ ဇာတ်လမ်းမှာ လုပ်ကြံရန် ခက်ခဲလွန်းမည်မဟုတ်လော။ တစ်ဝက်မှန်ပြီး တစ်ဝက်အမှား ဖြစ်ကောင်းဖြစ်နိုင်သည်။
"အလိုကြီး အရနည်းတဲ့။ ငါ့မှာ လိုချင်တပ်မက်တာမရှိတော့ မုန်တိုင်းတွေ ငါ့ကို ထိမှာမဟုတ်ဘူး" မန်ဟိုသည် ပြုံးပြီး ရှေ့ဆက်သွား၏။ သူကျော်ဖြတ်ခဲ့သမျှ အရာအားလုံးက လုံးဝခြောက်ကပ်နေပြီး သင်းကွဲချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်တလေပင် မရှိပေ။ အရှေ့တွင် သတမဝိညာဥ်မျှော်စင်က စူးရှတောက်ပသောအလင်းရောင်တစ်ခုဖြင့် အရာအားလုံးအား ဝန်းရံကာဆီးထားသည်။
မန်ဟို ဤအကွာအဝေးမှ ရှုချင်ကို လူအုပ်အကြားထဲရှာမတွေ့နိုင်ပေ။ သူက ကံကောင်းခြင်းအဆောင်ကို တိတ်တဆိတ် ထုတ်ပြီး စိတ်ဝိညာဥ်အာရုံအနည်းငယ် ထည့်သွင်းလိုက်သည်။ ချက်ချင်းပင် နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို သူခံစားလိုက်ရ၏။
သို့သော် သူချက်ချင်း နေရာမရွှေ့ပြောင်းနိုင်ပေ။ စွမ်းအားကို အသက်သွင်းရန် အချိန်တချို့ လိုအပ်မည်ဖြစ်သည်။ မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် အနီးနားရှိတောင်တစ်လုံးထံ ပျံသန်းလိုက်သည်။ သူက တင်ချဥ်ခွေထိုင်ချလိုက်၏။ သူသည် ဘေးပတ်လည်တွင် ဖြစ်ပျက်နေသမျှအားလုံးကို လျစ်လျူရှုပြီး နေရာရွှေ့ပြောင်းခြင်းစွမ်းအား ပြင်းထန်လာသည်ကိုခံစားရင်း ကံကောင်းခြင်းအဆောင်ထဲ စိတ်ဝိညာဥ်စွမ်းအင်များ ဆက်လက်ထည့်သွင်းနေလိုက်သည်။
"ငါ အမွှေးတိုင်တစ်ဝက်ထွန်းစာအထိ စောင့်ဖို့လိုတယ်....." ဤသည်မှာ ကံကောင်းခြင်းအဆောင်ကို သူပထမဆုံးသုံးခြင်းဖြစ်သည့်အတွက် ၄င်း၏ဆိုးကျိုးကို ပထမဆုံးအကြိမ်ကြုံတွေ့ခြင်းဖြစ်သည်။
သူ၏လက်ရှိနေရာမှာ အန္တရာယ်မကင်းသော်လည်း လူဟူ၍မရှိဘဲ သတမဝိညာဥ်မျှော်စင်မှ ထုတ်လွှတ်နေသော အလင်းသာရှိသည်။ သို့သော် သူ၏ပြီးပြည့်စုံသောအခြေက ၄င်းကို ခံနိုင်သေးလေသည်။ သို့သော် အချိန်များစွာကုန်လွန်သွားလျှင်တော့ တန်ပြန်တိုက်ခိုက်ရန် ခက်ခဲပေမည်။ ထို့ကြောင့် သူသည် ကံကောင်းခြင်းအဆောင်ပေါ်တွင်သာ အပြည့်အဝအာရုံစိုက်ထား၏။
"ငါဘယ်နေရာကို နေရာရွှေ့ပြောင်းခံရမလဲ သိချင်တယ်....." နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို ခံစားလိုက်ရသဖြင့် သူ၏မျက်လုံးများ ဖျတ်ခနဲလက်သွားသည်။ သူက ညာလက်ကို မြေကြီးပေါ် ထားလိုက်သည်။ ဖုန်များ ဖွားခနဲ လွင့်စင်သွားပြီး လက်တံများ မြေကြီးထဲမှ ထွက်လာ၏။ ၄င်းတို့သည် လက်ဝါးအရွယ် ရွှေခရမ်းရောင် သစ်သီးအသွင်ပြောင်းသွားသည်။ မန်ဟိုက ၄င်းကို ဖမ်းဆုပ်ပြီး စကြဝဠာအိတ်ထဲ ထည့်လိုက်သည်။
ဤအခိုက်အတန့်တွင် ရုတ်တရက် သမတဝိညာဥ်မျှော်စင်အနီးနားရှိ လေထု၌ တစ်စုံတခု ရိပ်ခနဲဖြစ်သွားသည်။ ၄င်းက မကြီးသော်လည်း မန်ဟို ချက်ချင်းမှတ်မိလိုက်လေသည်။ ၄င်းသည် လေးထောင့်ဒယ်အိုးကမ္ဘာအပြင်ဘက်သို့ နေရာမရွှေ့ပြောင်းခင် သူနှင့်ဟန်ပေ့ ရင်ဆိုင်ခဲ့ရသော..... အသားဂျယ်လီကြီးပင်။
၄င်းသည် လေတွင်ရပ်နေပြီး ၄င်း၏ရှေးဆန်သော ပုံပန်းသွင်ပြင်များက သတမဝိညာဥ်မျှော်စင်ကို စပ်စပ်စုစု ကြည့်နေ၏။
ရုတ်တရက် ၄င်းက စူးစူးဝါးဝါးအော်လိုက်ရာ ကောင်းကင်နှင့်မြေကြီးတစ်ခွင်လုံး ပြည့်နှက်သွားသည်။ လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပြီး တိမ်တိုက်များ တလိပ်လိပ်ထလာကာ ငလျင်တို့ရိုက်ခတ်လာလေသည်။ သတမဝိညာဥ်မျှော်စင်ပင်လျှင် ပြိုကျတော့မည့်အလား တုန်ခါလာ၏။ ၄င်းပတ်လည်တွင် ဝန်းရံနေကြသော တစ္ဆေများအားလုံး စူးစူးဝါးဝါးအော်လာကြသည်။ လျှပ်စီးမိုးကြိုးများ ၄င်းတို့၏ခန္ဓာကိုယ်ပေါ်တွင် စတင်ဖြစ်တည်လာတော့သည်။
မျှော်စင်၏အောက်ခြေတွင် ချင်းလော်ဂိုဏ်းသားတစ်ထောင်နီးပါး ပတ်ပတ်လည်ဝိုင်း၍ တင်ပျဥ်ခွေထိုင်နေကြသည်။ အရှေ့တွင် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူရှစ်ဦးရှိ၏။ အသားဂျယ်လီထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တိမ်တိုက်များ တပွက်ပွက်ဆူလာသဖြင့် သူတို့က မျက်လုံးများဖွင့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
"ပေါ်လာပြီ"
"အဲ့တာ အန္တိမဒုက္ခပဲ"
သူတို့၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားပြီး သူတို့က ရင်တဒိန်းဒိန်းခုန်နေလျက် ဂါယာမန္တယားဆိုင်ရာ မုဒြာလက်ဟန်များလှုပ်ရှားလိုက်သည်။ ချက်ချင်းပင် သူတို့အရှေ့က မြေပြင်သည် တောက်ပလာပြီး ရုတ်တရက် ခေါင်းဆောင်ကြီး ဇီလော်နှင့် လှပသောသက်လတ်ပိုင်းအမျိုးသမီးတို့ ထွက်ပေါ်လာသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ။
"ဒီတော့ မြှားထုတ်ခံလိုက်ရပြီပေါ့"
"ငါ ဒီပစ္စည်းကို ဒီနေ့ ရသင့်တယ်" ခေါင်းဆောင်ကြီးဇီလော်က ဟစ်ကြွေးလိုက်သည်။ သူ၏မျက်လုံးများသည် အသားဂျယ်လီကို မမှိတ်မသုန်ကြည့်နေပြီး ထက်သန်သောမျှော်လင့််ချက်များဖြင့် တောက်ပနေချေသည်။
***