မင်းသိလား၊ ဒါအကျင့်ပျက်တာပဲ
Vol. 12 Ch. 167
"မင်းက အရူးလား။ အိုး ငါအရူးတွေကို သဘောကျတယ်။ အရူးတွေက ကောင်းတယ်။ အရူးတွေက မိုက်တယ်။ အီးး မင်း အခုထက်ထိ ဘာလို့ နေရာမရွှေ့ပြောင်းသေးတာတုံး။ နေပါဦး မင်းက တကယ်ပဲ အရူးလား။ ဟိုငှက် ဘာလို့ အရူးတစ်ယောက်ကို ရွေးလိုက်တာလဲကွာ" အသားဂျယ်လီမှာ ကရားရေလွှတ် တတွတ်တွတ်ပြောနေတော့သည်။
ခေါင်းဆောင်ကြီးဇီလော်က ကောင်းကင်ထံ ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ သူက လက်ကိုမြှောက်ရင်း အနားကပ်လာ၏။ ပတ်ဝန်းကျင်ရှိ အလင်းများအားလုံး မှေးမှိန်လာပုံရပြီး လှိုင်းဂယက်များ နေရာအနှံ့ပြန့်ထွက်ကာ မန်ဟိုထံ ဦးတည်၍ စုဆုံလာကြသည်။
မန်ဟို့မျက်နှာဖြူဆုပ်သွားသည်။ သူက ခါးသက်သက်အပြုံးတစ်ခုဖြင့် ခေါင်းဆောင်ကြီးဇီလော်ထံမှ သူ့ကို ကာကွယ်ပေးထားသော အရှေ့ရှိ အလင်းအကာအကွယ်ကို ကြည့်လိုက်သည်။ ၄င်းမှာ လျင်မြန်စွာ ပျက်စီးနေလေပြီ။ အရှေ့တွင် လှောင်ချိုင့်မှ ထုတ်လွှတ်နေသော အနက်ရောင်ချီအတွင်းရှိ မျက်နှာများက ဒေါသတကြီးဟိန်းဟောက်လိုက်ကြသည်။ မန်ဟို့အတွက် စဥ်းစားနေရန် အချိန်မရှိပေ။ သူက ကံကောင်းခြင်းအဆောင်ကို လက်မနှင့်လက်ညှိုးဖြင့် ဖိလိုက်ရာ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်သွားသည်။ သူ့တစ်ကိုယ်လုံး နာကျင်မှုများ လွှမ်းခြုံသွား၏။ စောင့်ကြည့်နေသောလူတိုင်းအမြင်တွင် အကာအကွယ်ဒိုင်းမပျက်စီးခင် မန်ဟို့ဘေး၌ တွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ၄င်းက သူနှင့်အတူ အသားဂျယ်လီကို မြိုချလိုက်လေသည်။
မန်ဟိုသည် အသားဂျယ်လီ၏ ပဲ့တင်ထပ်သံနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
"ဒါက တကယ်တော့ ငါမင်းကို သဘောကျအောင် လုပ်ပေးပေမယ့် မင်းက တကယ်အရူးလား။ မဖြစ်နိုင်ဘူး။ ဘယ်နည်းနဲ့မှကို မဖြစ်နိုင်တာ။ ဟိုငှက်က မကောင်းမှုဒုစရိုက်အားလုံးရဲ့ အရင်းမြစ်ပဲ။ ဒါတောင်မှ သူရွေးတဲ့လူက အရူးတစ်ယောက်ဖြစ်နေတယ်..... အရူး...... အရူး......"
အသံသည် တိတ်ဆိတ်မှုအတွင်း ပဲ့တင်ထပ်နေ၏။ ထိုအသံကိုသာ ကြားရလေသည်။ ခေါင်းဆောင်ကြီးဇီလော်က မျက်လုံးများမှ ဒေါသမီးများ တောက်လောင်နေရင်း အရုပ်ဆိုးသောမျက်နှာကြီးဖြင့် ရပ်နေသည်။ သံကြိုးက သူ့အရှေ့ရှိ မြေကြီးပေါ်ကျလာ၏။ အသားဂျယ်လီက မန်ဟို့ကို ၄င်း၏သခင်အဖြစ် ကပ်တွယ်လိုက်သည့်အတွက် သံကြိုးမှလွတ်သွားခြင်းဖြစ်သည်။
"ကပ်တွယ်လိုက်ပြီ......" ခေါင်းဆောင်ကြီးဇီလော်မှာ မောဟိုက်ပင်ပန်းစွာ အသက်ရှုနေသည်။ "တကယ်ပဲ သခင်နဲ့ ကပ်တွယ်လိုက်တယ်။ ရှေးမှတ်တမ်းတွေအရ သူ သခင်နဲ့ မကပ်တွယ်နိုင်ဘူး။ ဘယ်တော့မှ သခင် မရွေးချယ်ခဲ့ဖူးဘူး" သူက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။
လှပေသောအမျိုးသမီးက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ တခဏကြာသော် သူမ၏မျက်လုံးများ တဖျပ်ဖျပ်လက်လာ၏။ လှောင်ချိိုင့်သည် ပြိုကွဲသွားပြီး သံကြိုးများ အစိတ်စိတ်အမြွှာမြွာကွဲထွက်ကာ လေနှင့်အတူလွင့်မျောသွားတော့သည်။ အနက်ရောင်ချီအတွင်းရှိ ပုံရိပ်များ တစတစပျောက်ကွယ်လာပြီး ချီသည်လည်း လွင့်စင်ပပျောက်သွားသည်။ ထိုစဥ် ခေါင်းဆောင်ကြီးဇီလော်၏နှလုံး တုန်ရီသွားသည်။
"နဂါးငွေ့တန်းကံကြမ္မာဂိုဏ်းက ကံကောင်းခြင်းအဆောင်.....ဒီပစ္စည်းကြောင့် အဲ့လူ ထွက်သွားနိုင်တာပဲ။ ငါ သူ့ကိုရှာမယ်။ ဘယ်နည်းလမ်းမဆို သုံးပြီး သူ့ကိုရှာမယ်။ ဒါပေမယ့် သူ့ဂိုဏ်းကိုတော့ ရှာလို့မရနိုင်ဘူး။ အန္တိမဒုက္ခက သခင်ရွေးချယ်လိုက်ပြီ။ သိပ်ကောင်းတယ်။ ပြောင်းလဲမှုအသစ်ပေါ့။ အသက်ရှည်ချီကို မထုတ်လုပ်နိုင်လောက်ပေမယ့် အသက်ရှည်ဆေးလုံးတွေတော့ ရလောက်တယ်"
ထိုစဥ် တောင်ပိုင်းဒေသ၌
သွေးနတ်ဆိုးဂိုဏ်း ပိုင်နက်အနီးနားတွင် ရေကန်တစ်ကန်ရှိသည်။ ကန်သည် မှန်သားကဲ့သို့ ကြည်လင်ချောမွေ့နေပြီး စိတ်ဝိညာဥ်စွမ်းအင်များ ထုတ်လွှတ်နေရာ ပတ်ဝန်းကျင်တစ်ခုလုံးကို မြူများဖြင့် တစ်နှစ်ပတ်လုံး အုံ့ဆိုင်းနေစေ၏။ ၄င်းမှာ အလွန်ဝိညာဥ်လောကနှင့်တူလေသည်။
သို့သော် ထိုသည်က သေမျိုးလူသားများ၏ ရှုထောင့်မှသာဖြစ်သည်။ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များမှာ သိပ်မဆိုးလှသော်လည်း ဂိုဏ်းကြီးငါးဂိုဏ်းအတွင်းထဲကနှင့် နီးကပ်ရန် အဝေးကြီးတွင်ဖြစ်သည်။ ဂိုဏ်းအသေးအဖွဲတချို့တွင်ပင် စိတ်ဝိညာဥ်စွမ်းအင်ပမာဏ အတော်များ၏။
ဤနေရာသည် သွေးနတ်ဆိုးဂိုဏ်း၏ပိုင်နက်တွင် ရှိသော်လည်း ယီးကျန့်ဂိုဏ်း၏ပိုင်နက်နှင့် ထိစပ်လျက်ရှိသော အလွန်အစွန်အဖျားကျသည့် နေရာဖြစ်သည်။ ရံဖန်ရံခါ သွေးနတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူများ ဤနေရာအနီးတစ်ဝိုက်တွင် ပျံသန်းတတ်ကြသည်။ တကယ်တမ်း ၄င်းမှာ အတော်လေးအန္တရာယ်များသော နေရာတစ်နေရာဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သွေးနတ်ဆိုးဂိုဏ်းနှင့် ယီးကျန့်ဂိုဏ်းတွင် တောင်ပိုင်းဒေသကျင့်ကြံသူများအကြား အသိများသော သွေးရန်ကြွေးတစ်ခုရှိသည်။ တိုက်ပွဲကြီးကြီးမားမား မဖြစ်ပွားခဲ့ဖူးသော်လည်း ပဋိပက္ခအနည်းငယ်တော့ တစ်ခါတရံဖြစ်ပွားတတ်သည်။
ကန်တစ်ဝိုက်ပတ်ဝန်းကျင်မှာ အမှန်တွင် ယီးကျန့်ဂိုဏ်းနှင့် သွေးနတ်ဆိုးဂိုဏ်းအတွက် စစ်မြေပြင်များ ဖြစ်သည်။
ကန်၏ဘေးတွင် ရှောင်မျိုးနွယ်စု အခြေချနေထိုင်ကြသည့် တောင်ပေါ်ရွာလေးတစ်ရွာရှိသည်။ အစွမ်းထက်သောမျိုးနွယ်စုဝင်အများစုမှာ ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်တွင်ဖြစ်ကြ၏။ မျိုးနွယ်စုဝင် ခုနစ်ယောက်၊ ရှစ်ယောက်မှာ စဦးချီဖွဲ့စည်းမှုအဆင့်တွင်ဖြစ်ပြီး ကျန်လူများမှာ မည်သည့်ပင်ကိုယ်စွမ်းရည်မှ မရှိကြပေ။ လွန်ခဲ့သောနှစ်များက မျိုးနွယ်စုသခင်သည် သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသားတစ်ဦးဖြစ်ခဲ့သော်လည်း အသက်အရွယ်အိုးမင်းလာပြီး ထိခိုက်ဒဏ်ရာရခဲ့လေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ရှေ့ဆက်မတက်တော့သလို၊ သူ၏သက်တမ်းမှာလည်း ဆုတ်ယုတ်လာခဲ့သည်။
အကြောင်းကိစ္စအများစုတွင် ဤကဲ့သို့ဂိုဏ်းသားများသည် သွေးနတ်ဆိုးဂိုဏ်းမှာ ထွက်ခွာပြီး ပတ်ဝန်းကျယ်နယ်မြေများတွင် မျိုးနွယ်စုများ တည်ထောင်ရန် ခိုင်းစေခံရ၏။ ထို့နောက် သူတို့၏ဆက်ခံသူများက သွေးနတ်ဆိုးဂိုဏ်းကို ဝင်ရောက်ရန် အခွင့်အရေးရရှိပေမည်။
ပြောရလျှင် ယီးကျန့်ဂိုဏ်း ဤနယ်ပယ်ကို ရောက်လာခဲ့လျှင်တောင်မှ ဤလူများကို လျစ်လျူရှုထားကြသည်။ သို့နှင့် ရှောင်မျိုးနွယ်စု၏ပိုင်နက်မှာ မကြာသေးသောနှစ်များအတွင်း အတော်လေး အေးအေးချမ်းချမ်းရှိခဲ့၏။
သို့သော် ထိုငြိမ်းချမ်းမှုက အများအားဖြင့် ဂိုဏ်းကြီးများ သူတို့ကို အနိုင်ကျင့်ရန် မကြိုးစားကြောင့်သာဖြစ်သည်။ တစ်ခါတရံ ဘေးပတ်ဝန်းကျင် ကျင့်ကြံသူမျိုးနွယ်စုများနှင့် ပဋိပက္ခများ ဖြစ်ပွားတတ်လေသည်။
အကြောင်းရင်းမှာ အထူးသဖြင့် ဝိညာဥ်ရေကန်ဘေး၌ သူတို့သိမ်းပိုက်ထားသော နေရာကြောင့်ပင်။ ပတ်ဝန်းကျင်မှ ကျင့်ကြံသူမျိုးနွယ်စုအများစုသည် ရေကန်ကို လိုချင်တပ်မက်နေကြပြီး ကျားတစ်ကောင် သားကောင်ကိုချောင်းမြောင်းနေသကဲ့သို့ မျက်စောင်းထိုးနေကြသည်။ ရှောင်မျိုးနွယ်စုသခင်၏ ကျင့်ကြံခြင်းအခြေခံကြောင့်သာမဟုတ်လျှင် သူတို့မျိုးနွယ်စုမှာ သေချာပေါက် စိစိညက်ညက်ကြေသွားခဲ့ပြီဖြစ်သည်။
ကံဆိုးစွာပင် ရှောင်မျိုးနွယ်စုသခင် ရှောင်ချန်အန်း၏သက်တမ်းမှာ အဆုံးသို့ရောက်ရှိနေပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ််မှာ တဖြေးဖြေးပျက်စီးယိုယွင်းလာနေ၍ ဘေးကျပ်နံကြပ်ကာလဖြစ်နေတော့သည်။ ယနေ့တွင် ရှုမျိုးနွယ်စုဝင်များ ကောက်ကျစ်သောရည်ရွယ်ချက်များဖြင့် ရောက်ရှိနေကြသည်။ သူတို့က မျက်နှာပေါ်တွင် အေးစက်သောအပြုံးများ ဖုံးလွှမ်းလျက် ရှောင်မျိုးနွယ်စုအတွင်း၌ အေးအေးလူလူလမ်းလျှောက်နေကြ၏။
"တာအိုရောင်ရင်း ချန်အန်း" ရှုမျိုးနွယ်စုသခင်ရှုလော့ဒီက အပြုံးတုတစ်ခု ဆင်မြန်းလျက် အေးစက်သောအသံဖြင့် ပြောသည်။ "ခင်ဗျား ကျုပ့်အကြံကို သေသေချာချာစဥ်းစားသင့်တယ်နော်။ ကျုပ်တို့ မင်္ဂလာ ရွှေလမ်းငွေလမ်းသာဖောက်လိုက်ရင် ဒီကန်ကို အတူတူမျှသုံးလို့ရပြီ။ ဒါဆို ရှုနဲ့ ရှောင်ရဲ့ နာမည်တွေက ထာဝရတည်မြဲသွားလိမ့်မယ်။ ကျုပ်တို့မျိုးနွယ်စုတွေ သွေးနတ်ဆိုးဂိုဏ်းကို ပြန်ဝင်ရောက်ဖို့ နေ့ရက်က လက်တစ်ကမ်းပဲလိုတော့မှာ" သူ့အနောက်တွင် စဦးချီဖွဲ့စည်းမှုအဆင့် ကျင့်ကြံခြင်းအခြေခံများဖြင့် မျိုးနွယ်စုဝင် ဆယ်ယောက်ကျော် တကောက်ကောက်လိုက်ပါနေကြသည်။ သူတို့အထဲတွင် အထင်ရှား၊ အပေါ်လွင်ဆုံးမှာ စဦးချီဖွဲ့စည်းမှုအဆင့် (၈) တွင်ဖြစ်၏။ သူသည် လောလောဆယ်တွင် ရှောင်မျိုးနွယ်စုဝင်ဖြစ်သော ဆူပုပ်နေသောမျက်နှာထားးနှင့် ပိန်ပိန်သွယ်သွယ် မိန်းကလေးတစ်ယောက်ကို ပြုံးပြနေသည်။
မိန်းမပျိုလေးက အစိမ်းရောင်ဝတ်ရုံရှည်လေးကို ဝတ်ဆင်ထားသည်။ ကန်မှ တိုက်ခတ်လိုက်သည့် လေပြေညင်းက သူမ၏ ပိုးသားသဖွယ် နူးညံ့ပျော့ပျောင်းနေသောဆံနွယ်လေးများအား ပင့်မပေးလိုက်သည်။ သူမတွင် လှပသောအင်္ဂါရပ်များနှင့် ကျောက်စိမ်းကဲ့သို့ အသားအရေရှိလေသည်။ သူမ၏ စူးရှထက်မြက်သောမျက်ဝန်းလေးများက အနီရောင်ဖီးနစ်ငှက်သဖွယ် အပေါ်သို့ ခပ်ပြေပြေလေးကွေးတက်လျက်ရှိသည်။ သူမမှာ အမှန်တကယ့်ကို ရှားမှရှားသော အလှပဂေးလေးတစ်ယောက်ပင်။
ရှောင်ချန်အန်းက အတော်လေး မနာမကျန်းဖြစ်နေသောအသွင်ဖြင့် သူမဘေးတွင် ရပ်နေသည်။ သူ၏အသက်စွမ်းအားမီးတောက်မှာ မှေးမှိန်လာနေချေသည်။ သူ့အနောက်တွင် စဦးချီဖွဲ့စည်းမှုအဆင့် မျိုးနွယ်စုဝင် ခုနစ်ယောက်၊ ရှစ်ယောက်ရှိ၏။ သူက ရှုမျိုးနွယ်စုမှလူများကို ကြည့်ပြီး စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း တုန်ရီသွားပြီး ခေါင်းတဟွတ်ဟွတ်ဆိုးတော့သည်။ မိန်းမပျိုလေးက စိုးရိမ်ပူပန်နေသောမျက်နှာလေးဖြင့် သူ့ကို လှမ်းတွဲလိုက်သည်။
ရှောင်ချန်အန်းက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် ပြောသည်။ "ရှုလော့ဒီ ၊ မင်း ကန်ကို ယူနိုင်တယ်။ ဒါပေမယ့် မင်္ဂလာပွဲကတော့ မဖြစ်နိုင်ဘူး" သူက သူ့ဘေးတွင်ရပ်နေသည့် မိန်းမပျိုလေး၏လက်ကို ခပ်ဖွဖွပုတ်လိုက်ပြီးနောက် ရှုမျိုးနွယ်စုလူများကို ကြည့်သည်။ သူသည် သိသိသာသာအားနည်းနေသော်လည်း သူ့အကြည့်က သံချောင်းများကို ဖြတ်တောက်ပြီး သံမဏိကိုပင် လှီးဖြတ်နိုင်လေသည်။
"ရှုမျိုးနွယ်စု ဒီကန်ကိုလိုချင်တယ်" ရှုလော့ဒိီက ပြောသည်။ "ရှောင်မျိုးနွယ်စုရဲ့ အဆောင်ပညာရှင်မိန်းကလေးကိုလဲ လိုချင်တယ်။ ဒါပေမယ့် ခင်ဗျား သဘောမတူရင်......" အပြုံးတစ်ခု သူ့မျက်နှာကို ဖုံးလွှမ်းသွားသည့်တိုင် သူ၏မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပနေသည်။ သူက ရှေ့တစ်လှမ်းတိုးလိုက်သည်။
သူ၏ခြေထောက်ကျရောက်သွားစဥ် ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်ဖိအားလှိုင်းတစ်လှိုင်း ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားသည်။ ရှောင်မျိုးနွယ်စု စဦးချီဖွဲ့စည်းမှုကျင့်ကြံသူများ၏မျက်နှာများ ဖြူဖျော့သွားပြီး စိုးရိမ်သောကများနှင့်အတူ မသေချာမရေရာမှုများဖြင့် ဖုံးလွှမ်းသွား၏။ ကန်ရေမျက်နှာပြင်တွင် လှိိုင်းကြက်ခွပ်များထလာသည်။
သို့သော် တစ်ချိန်တည်းမှာပင် စောစောက နေအလင်းရောင်တို့ဖြင့် အရှိန်တညီးညီးတောက်ပနေခဲ့သော မိုးကောင်းကင်သည် ရုတ်တရက် မည်းမှောင်လာ၏။
သို့သော် တခဏအတွင်း ပုံမှန်ပြန်ဖြစ်သွားသည်။ ယင်းမှာ အလွန်လျင်မြန်လွန်းလှသဖြင့် သင်မျက်တောင်ခတ်လိုက်လျှင် သတိပင်ထားမိမည်မဟုတ်ပေ။
သို့သော် ရှု နှင့်ရှောင်မျိုးနွယ်စု နှစ်ဖက်လုံး၏ မျက်နှာများ ရိပ်ခနဲဖြစ်သွားပြီး သူတို့အားလုံး ပင့်သက်ရှိုက်လိုက်ကြသည်။ မယုံကြည်နိုင်သော အရိပ်အယောင်တစ်ခု ရှုလော့ဒီ၏မျက်နှာပေါ်တွင် ပေါ်လာပြီး ရှောင်ချန်အန်းမှာမူ သူ၏ရင်ထဲ၌ လေလောဆယ် ဒေါသမီးတောက်များဖြင့် ပြည့်နှက်နေသည့်တိုင် သူ့မှာ တအံ့တသြသက်ပြင်းသာချလိုက်နိုင်သည်။ ရှိသမျှ မျိုးနွယ်စုဝင်များအားလုံး ယခုအချိန်တွင် ရေကန်ကို စိုက်ကြည့်နေကြ၏။
ဧရာမတွင်းနက်ကြီးတစ်ခု ကန်ရေများကို တဝုန်းဝုန်းရိုက်ခတ်လှုပ်ရှားသွားစေရင်း ကန်အပေါ်တွင် ပေါ်လာခဲ့လေသည်။ တွင်းနက်ကြီးအတွင်းမှ အနက်ရောင်ချီအမြောက်အမြားနှင့်အတူ လူတစ်ယောက် ထွက်လာသည်။ သူက သွေးတစ်ပွက်အန်လိုက်၏။ ရုတ်တရက် ဆူညံသံတစ်သံကြားလိုက်ရသည်။
"ငါမပြီးသေးဘူး။ မင်းက တကယ် အရူး..... အရူး....... အရူးလား"
မန်ဟိုမှာ မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ထွက်လာပြီး ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်သည်။ သူ့အကြည့်သည် ရှုနှင့်ရှောင်မျိုးနွယ်စုမှ ကျင့်ကြံသူများအပေါ် ကျရောက်သွား၏။ သူ့အနောက်က တွင်းနက်ကြီး ပျောက်ကွယ်သွားစဥ် ရှောင်ချန်အန်း စိတ်နှင့်ကိုယ်ပြန်ကပ်သွားသည်။ ထူးဆန်းသောအလင်းတစ်ခု သူ၏မျက်လုံးအထဲ တောက်ပသွားသည်။ သူ့ဘေးရှိ အမျိုးသမီးက ပါးစပ်ဟရန်ပြင်လိုက်သော်လည်း ရှောင်ချန်အန်းက လက်ဖြင့် ခပ်ဖွဖွကာလိုက်လေသည်။
သူသည် ဤကန်၏ပိုင်ရှင်ဖြစ်သောကြောင့် ထိုသို့ပြုလုပ်လိုက်ခြင်းဖြစ်သည်။ ရှုလော့ဒီတစ်ယောက်သာ လောလောဆယ် လက်ဝါးကြီးအုပ်လိုစိတ်နှင့် မကောင်းသောရည်ရွယ်ချက်များဖြင့် ဤနေရာသို့ လာရောက်ခဲ့ခြင်းမဟုတ်ပေ။ လက်ရှိအခြေအနေက ရှောင်ချန်အန်း၏ရင်ထဲတွင် စိုးရိမ်သောကများ ပြည့်နှက်သွားစေသည်။ သူ၏မျက်လုံးများသည် ချက်ချင်းပင် တင်းမာခက်ထန်သောအရှိန်အဝါတစ်ခုဖြင့် တောက်ပလာ၏။ အေးစက်သောအပြုံးတစ်ခု သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။
စစချင်း သူ့မှာ စိတ်ပူသွားသော်လည်း မန်ဟို၏ကျင့်ကြံခြင်းအခြေခံကို စစ်ဆေးပြီးနောက် သက်ပြင်းဖွဖွချလိုက်လေသည်။ သို့သော် သူသည် မန်ဟို ထူးထူးဆန်းဆန်းရောက်ချလာပုံကို ထည့်တွက်ရင်း အတန်ငယ် မသင်္ကာဖြစ်နေသေးသည်။
"တာအိုရောင်ရင်း၊ သင်ကဘယ်သူပါလဲ။ ဘာကြောင့် ဒီဝိညာဥ်ရေကန်နယ်မြေကို ကျူးကျော်လာတာပါလဲ" ဤစကားလုံးများကို ရှောင်ချန်အန်းပြောခြင်းမဟုတ်၊ ရှုလော့ဒီပြောလိုက်ခြင်းဖြစ်သည်။ သူမြင်နိုင်သည်အရ မန်ဟိုသည် ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်တွင်ဖြစ်၏။ ယခုလောလောဆယ် အခြေအနေ မည်မျှအထိအရှလွယ်သည်ကို ထည့်တွက်ပါက ဤပုဂ္ဂိုလ်က ရှောင်ချန်အန်းကို ကူညီရန် ရောက်လာခြင်းဟုတ်၊ မဟုတ် သူအတပ်မပြောနိုင်ပေ။
သူစကားပြောလိုက်သဖြင့် သူ့မျိုးနွယ်စု၏ အငယ်တန်းမျိုးဆက်အဖွဲ့ဝင် ခုနစ်ယောက်၊ ရှစ်ယောက်သည် စိတ်လှုပ်ရှားလာပြီး မန်ဟို့ကို စိုက်ကြည့်လိုက်ကြသည်။
"ဆရာ၊ ကျုပ် နေရာရွှေ့ပြောင်းတာမှာ ပြဿနာနဲနဲတက်သွားလို့ ဒီကို မရည်ရွယ်ဘဲ ရောက်လာမိတာပါ" မန်ဟို၏ ခန္ဓာကိုယ် ရိပ်ခနဲဖြစ်သွားပြီး သူက ကန်စပ်တွင် ဆင်းသက်လိုက်သည်။ သူ ထိုသို့လုပ်လိုက်ချိန် ရှောင်ချန်အန်းက အမျိုးသမီးကို ရှုလော့ဒီထံမှ ဝေးရာသို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီး ဆွဲခေါ်သွားသည်။ သူ၏နောက်လိုက်မျိုးနွယ်ဝင်များလည်း ထပ်ကြပ်မကွာလိုက်ပါသွားကြသည်။ သူက ဘာမှမပြောသော်လည်း စိတ်အားထက်သန်သောအသွင်တစ်ခု သူ၏မျက်လုံးများထဲ၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ရှုလော့ဒီ ဤသည်ကိုမြင်သောအခါ မျက်မှောင်ကြုတ်သွား၏။ မန်ဟို ကန်စပ်ပေါ်ခြေချလိုက်စဥ် ရှုလော့ဒီက ရုတ်တရက် သူ၏ ချီအခြေတည်ခြင်းအလယ်အလတ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအား တဟုန်းဟုန်းတောက်နေရင်း ရှေ့သို့ ခြေလှမ်းကြဲကြဲလျှောက်သွားသည်။ ဖိအား ထွက်ပေါ်လာစဥ် သူတော်ကောင်းယောင်ဆောင်ထားသော အပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် ပြည့်နှက်သွားသည်။
မန်ဟို့ခေါင်းပေါ်က ဦးထုပ်က ကောက်ကာငင်ကာ စကားထပြောလေသည်။
"မင်းသိလား ဒါကမှားနေတယ်။ အကျင့်မကောင်းလိုက်တာ။ မင်း မုသားမပြောသင့်ဘူး။ မင်း အသက်လုပြီးထွက်ပြေးနေတာကြောင့် ဒီကို ရောက်လာခဲ့တာလေ။ မင်းမှာ ဒီကိုလာဖို့ အကြောင်းပြချက်ရှိရဲ့သားနဲ့။ မင်း ဒီကို တမင်လာခဲ့တာလေ"
မန်ဟို၏မျက်နှာမည်းမှောင်သွားပြီး ရှုလော့ဒီက တအံ့တသြစိုက်ကြည့်လိုက်သည်။ ရှောင်ချန်အန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားသော်လည်း တခဏအတွင်း ပုံမှန်ပြန်ဖြစ်သွားသည်။ သူ့ဘေးရှိ အမျိုးသမီးက မန်ဟို့ခေါင်းပေါ်က ဦးထုပ်ကို မျက်လုံးလေးအဝိုင်းသားနှင့် တအံ့တသြစိုက်ကြည့်နေလေသည်။
မန်ဟိုက မျက်မှောက်ကြုတ်သွားပြီး ဦးထုတ်ကိုချွတ်ကာ လုံးချေ၍ ဝေးနိုင်သမျှ ဝေးဝေး
လွှတ်ပစ်လိုက်သည်။
"တာအိုရောင်ရင်း" သူက ဦးထုပ်ကို လျစ်လျူရှုရင်း ပြောသည်။ "ကျုပ်ဘယ်ရောက်နေတာလဲ။ အနီးဆုံးဂိုဏ်းက ဘာလဲ" သူက ရှုလော့ဒီ၏ တဟုန်းဟုန်းတောက်နေသော ကျင့်ကြံခြင်းအခြေခံနှင့် နိုးနိုးကြားကြားရှိနေသော အမူအရာကို ကြည့်ပြီးနောက် ရှောင်ချန်အန်းကို ကြည့်လိုက်သည်။
"တာအိုရောင်ရင်း၊ အဖြေကိုသိပြီးသားဆိုရင် မေးစရာမလိုပါဘူး။ ခင်ဗျား ဘယ်လိုကြောင့်......" ရှောင်ချန်အန်းမှာ ဤအခြေအနေနှင့်ပတ်သက်၍ ထူးဆန်းသောခံစားချက်တစ်ခု စတင်ခံစားလာရသည်။ သို့သော် သူစကားပြောမပြီးခင် စောစောက လုံးခြေပြီး လွှတ်ပစ်ခံခဲ့ရသော ဦးထုပ်မှာ ရုတ်တရက် ၄င်း၏ပုံပန်းသွင်ပြင်ကို ပြန်လည်ပြုပြင်ပြီး မန်ဟို့ခေါင်းပေါ်ပြန်ရောက်လာကြောင်း သတိထားမိလိုက်သည်။
***