← Chapters

ရှောင်မျိုးနွယ်စု ကန်ကိုလက်ဆောင်ပေးခြင်း

Vol. 12 Ch. 168

ရှောင်မျိုးနွယ်စု ကန်ကိုလက်ဆောင်ပေးခြင်း

Vol. 12 Ch. 168

"မင်းသိလား၊ ဒါမဟုတ်သေးဘူး။ အကျင့်ပျက်ပြားတာပဲ။ ပစ္စည်းကို လျှောက်လွှတ်ပစ်လို့မရဘူးလေကွာ။ ကလေးတစ်ယောက်ကို သွားမှန်ရင် ဘယ်လိုလုပ်မလဲ။ ဒါပြစ်မှုမြောက်တယ်နော်။ မင်း ကလေးကိုမမှန်ရင်တောင်မှ ကန်ထဲက ငါးတစ်ကောင်ကောင်၊ ဒါမှမဟုတ် ပုစွန်တစ်ကောင်ကောင်သွား မှန်လောက်တယ်။ ဒါဆိုလဲ မဖြစ်သေးဘူး။ နားထောင်၊ မင်း ငါ့ကို ဂရုတစိုက် ချွတ်သင့််တယ်။ မင်း....." ဦးထုပ်ကား ကရားရေလွှတ် တရားဟောနေတော့သည်။

မန်ဟိုမျက်မှောင်ကြုတ်သွားပြီး ရှူလော့ဒီက တအံ့တသြစိုက်ကြည့်နေသည်။ ပတ်ဝန်းကျင်က သူ၏မျိုးနွယ်ဝင်များလည်း မန်ဟို၏ဦးထုပ်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ တခဏကြာသော် ရှုလော့ဒီ၏မျက်နှာ တင်းမာခက်ထန်လာ၏။ ဤချီအခြေတည်ခြင်း စဦးပိုင်းအဆင့်ကျင့်ကြံသူက တမင်တကာ ယခုကဲ့သို့ ပြုမူနေသည့်အလား သူခံစားနေရလေပြီ။

"တော်သင့်ပြီ" ရှုလော့ဒီက ပြောသည်။ "ဒါက မင်း ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်လို့ရတဲ့နေရာတစ်နေရာမဟုတ်ဘူး။ မင်း အမှန်မပြောရင်တော့ ငါမင်းကို ဂုတ်ဆွဲပြီး မောင်းထုတ်ပစ်မယ်" ဤလူက ရှောင်ချန်အန်းကို ကူညီရန် ရောက်လာခြင်းဟုတ်မဟုတ် သူမဆုံးဖြတ်နိုင်သော်လည်း ယခုလောလောဆယ်တွင် မန်ဟိုမှာ အလွန်စိတ်တိုစရာကောင်းနေ၏။ ပို၍အရေးကြီးသည်က မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ ချီအခြေတည်ခြင်းစဦးပိုင်းအဆင့်တွင်သာ ရှိသေးသည်။ သူ့ကို ဖမ်းဆီးပြီးနောက် ဤနေရာသို့ လာရောက်ရသည့်ရည်ရွယ်ချက်ကို သူစစ်မေးနိုင်မည်ဖြစ်သည်။

ရှုလော့ဒီသည် စကားပင်ပြောမပြီးခင် ရှေ့လျှောက်လာ၏။ သူက ညာလက်ကိုမြှောက်လိုက်ရာ ကြက်သွေးရောင်အလင်းပေါ်ပေါ်လာပြီး အနီရောင်ကြာပွတ်အဖြစ် စုဆုံသွားသည်။ ကြာပွတ်သည် လေကိုခွင်း၍ ရှေ့နောက်လွှဲရမ်းနေသဖြင့် တရွှမ်းရွှမ်းအော်မြည်နေချေသည်။ ကြာပွတ်၏အဆုံးတွင် ရက်စက်ကြမ်းကြုတ်သော လျှာနှစ်ခွနှင့် မြွေခေါင်းကြီး ထွက်ပေါ်လာသည်။ ၄င်းက မန်ဟို့ထံ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။

ရှူလော့ဒီ လှုပ်ရှားလိုက်သဖြင့် သူ့နောက်ရှိ ရှုမျိုးနွယ်ဝင်များအားလုံး အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားကြဟန်တူသည်။ မျိုးနွယ်စုသခင် တိုက်ခိုက်သည့်အခါတိုင်း အောင်မြင်မှုရစမြဲဖြစ်သည်။ ထိုသည်က သူတို့အတွေ့အကြုံအရ မြင်ခဲ့ဖူးသောအရာပင်။ သူတို့၏မျိုးနွယ်စုသခင် ချီအခြေတည်ခြင်း စဦးပိုင်းကျင့်ကြံသူတစ်ယောက်အား အလဲသိပ်မည်ကို ကြည့်ရန် သူတို့မစောင့်နိုင်ကြတော့ပေ။

မန်ဟိုက ရှုလော့ဒီကို အေးတိအေးစက်ကြည့်သည်။ ချင်းလော်ဂိုဏ်း၏ မြင့်မြတ်သောနယ်မြေတွင် ရှုချင်ကို ကာကွယ်ပေးခဲ့စဥ်တုံးက ဤကဲ့သို့ ကျင့်ကြံသူများစွာကို သူရင်ဆိုင်ခဲ့ဖူးသည်။ သူက ကြက်သွေးရောင်အသီးကို ကိုင်ထားသည့်လက်ကို မြှောက်ပြီး မြေကြီးထံ ပစ်ပေါက်လိုက်သည်။.

အသီး မြေကြီးကို ထိသွားသည်နှင့်တစ်ပြိုင်နက် ၄င်းက တူးဝင်သွားသည်။ ချက်ချင်းပင် မြေပြင်ကား တသိမ့်သိမ့်တုန်ခါလာ၏။ ကြက်သွေးရောင်ကြာပွတ် မန်ဟို့အနားရောက်လာချိန်မှာပင် ပေါက်ကွဲသံတစ်သံ လေတွင်ပြည့်နှက်သွားသည်။ မန်ဟို့အရှေ့က မြေကြီး ဖွားခနဲ လွင့်စင်သွားပြီး အနီရင့်ရောင်နွယ်ပင်များ ထိုးထွက်လာသည်။ ၄င်းတို့က ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်နှင့်ညီမျှသော စွမ်းအားများထုတ်လွှတ်ရင်း လေထဲသို့ မီတာတစ်ဒါဇင်ကျော် မြင့်တက်သွားသည်။

ပေါက်ကွဲမှုတစ်ခု ပဲ့တင်ထပ်သွားသည်။ ကြာပွတ်မှာ တစ်ချက်ကိုပင် မခံနိုင်၍ အစိစိတ်အမွမွကွဲထွက်သွားသည်။ နွယ်ရိုင်းများက ပါးစပ်ကြီးများဖြဲပြီး ရှုလော့ဒီထံ ပြေးဝင်သွားသည်။

သူ၏မျက်နှာပျက်ယွင်းသွားပြီး သူ့အနောက် မျိုးနွယ်ဝင်များမှာ သူ့ထက်ပင်ပို၍ မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ သူက နွယ်ပင်ဆယ်ပင်ကျော် ချဥ်းကပ်လာနေသည်ကိုမြင်လိုက်သဖြင့် အလန့်တကြားအော်လိုက်သည်။ သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူက ရုတ်တရက် ဝမ်းဗိုက်ကို ဖိကာ သွေးတစ်ပွက် ထွေးထုတ်လိုက်သည်။ ထိုသွေးက မြူတိမ်တစ်ခုအသွင်ပြောင်းသွား၏။ မြူတိမ်သည် သွေးရောင်ခေါင်းကြီးတစ်ခေါင်းအသွင် စုစည်းသွားပြီးနောက် နွယ်ပင်များကို ဝင်တိုက်လိုက်သည်။

ပေါက်ကွဲမှုတစ်ခု ပဲ့တင်ထပ်သွားပြီး ရှုလော့ဒီ၏မျက်နှာသွေးဆုပ်သွားသည်။ သူသည် သွေးများအန်လိုက်ကြရသဖြင့် မျက်နှာဖြူဆုပ်နေသော သူ၏မျိုးနွယ်ဝင်များဆီသို့ ခြေလှမ်းအနည်းငယ်ယိမ်းယိုင်သွားသည်။

"စုန်းကျင့်ကြံသူ" ရှူလော့ဒီက နောက်သို့ ထပ်မံဆုတ်ရင်း ပင့်သက်ရှိုက်လိုက်သည်။

သူတစ်ယောက်တည်းသာ ထိုသို့တုံ့ပြန်ခြင်းမဟုတ်။ ရှောင်ချန်အန်း၏မျက်လုံးများ ရုတ်ခြည်း ပြူးထွက်သွားသည်။ ဝန်းရံလျက်ရှိသော ရှောင်မျိုးနွယ်ဝင်များ၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားသည်။ ရှောင်ချန်အန်းဘေးက မိန်းကလေးမှာ အသက်ရှူသံတို့ မြန်ဆန်လာတော့သည်။

"မင်းက စုန်းကျင့်ကြံသူတစ်ယောက် ဆိုရင်တောင်မှ မင်းရဲ့ ဝိညာဥ်အစေခံက ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်မှာပဲ ရှိသေးတယ်........." သူ၏မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။ စုန်းကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အခါ အရေးအကြီးဆုံးအရာမှာ သူတို့၏ဝိညာဥ်အစေခံများဖြစ်ကြောင်း သူလေးလေးနက်နက် နားလည်သဘောပေါက်ထား၏။ ထိုကဲ့သို့ ကျင့်ကြံသူများတွင် အားနည်းသောခန္ဓာကိုယ်များရှိပြီး ခေါင်းဖြတ်ခံရခြင်းကို ကြောက်လန့်ကြသည်။ သို့သော် သူစကားပင် ဆုံးအောင် မပြောနိုင်ခင် တစ်စုံတခုက သူ့မေးရိုးကို ချုပ်ကိုင်လိုက်သဖြင့် အပြောရပ်သွားသည်။

သူ့အရှေ့ရှိ မြေကြီး ဖွားခနဲလွင့်စင်သွားပြီီး နောက်ထပ်နွယ်တစ်ပင် ထွက်ပေါ်လာ၏။ ဤနွယ်မှာ ခရမ်းရောင်ဖြစ်ပြီး အခြားနွယ်များထက် နှစ်ဆအလုံးတုတ်လေသည်။ ၄င်းက ပေါ်လာလျှင်ချင်း ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်၏စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

နွယ်ပင်မှာ အစတုန်းက ဤသို့မဟုတ်ပေ။ သို့သော် မန်ဟိုက ၄င်းကို သူ၏သွေးဖြင့် တံဆိပ်ခတ်နှိပ်ခဲ့သည့်အတွက် ၄င်းသည် သန္ဓေပြောင်းခဲ့ပြီး ယခုတွင် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့် အင်အားရှိသော ပင်စည်တစ်ခု ရှိသွားလေပြီ။

"ဖယ်စမ်း" မန်ဟိုက အေးတိအေးစက်ပြောသည်။ သူ၏အမူအရာသည် ပြောင်းလဲခြင်းမရှိသလို၊ တကယ်တမ်း စိတ်ထဲတွင် စိုးရိမ်ပူပန်နေခြင်းလည်း မရှိပေ။ သူသည် ယခုလေးတင် မြင့်မြတ်သောနယ်မြေရှိ အနုသုခမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ လက်ထဲမှ လွတ်မြောက်လာခဲ့သည်ဖြစ်ရာ သူ့အတွက်တော့ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူများကိုပင် စာဖွဲ့နေစရာမလိုပေ။

သူ့စကားလုံးများကို ကြားသောအခါ ရှောင်ချန်အန်း၏မျက်နှာ ကွက်ခနဲပျက်သွားပြီး စိုးရိမ်သောကရောက်သွားတော့သည်။ သူက စကားပြောရန် ပြင်နေခဲ့သော်လည်း မန်ဟို၏လှောင်ပြုံးက သူ့ကို တခဏတာ ဆွံ့အသွားစေသည်။

ရှုလော့ဒီ၏အမူအရာ ရိပ်ခနဲဖြစ်သွားပြီးနောက် သူက ချာခနဲလှည့်လိုက်သည်။ သူသည် အင်္ကျီလက်စကို တစ်ချက်ခါပြီး သူ၏မျိုးနွယ်ဝင်များနှင့်အတူ အဝေးသို့ ပျံထွက်သွားတော့သည်။ သူ၏မျက်လုံးများကား အငြိုးအာဃာတများဖြင့် ပြည့်နှက်နေလျက်ရှိသည်။ သို့သော် သူ အခဲမကြေဖြစ်နေသည်မှာ မန်ဟိုမဟုတ်၊ ရှောင်မျိုးနွယ်စုဖြစ်သည်။ ယခုတွင် ရှောင်မျိုးနွယ်စုက မန်ဟို့ကို အကူအညီပေးရန် ခေါ်ခဲ့သည်ဟု သူယုံကြည်လိုက်လေပြီ။

မန်ဟိုက ရှုလော့ဒီထွက်သွားသည်ကို ခါတိုင်းကဲ့သို့ တူညီသောအမူအရာဖြင့် စောင့်ကြည့်နေသည်။ သူက နွယ်များကို ပြန်မဆင့်ခေါ်ဘဲ ရှောင်ချန်အန်းကို စောစောကကဲ့သို့ တူညီသောအပြုံးဖြင့် ကြည့်လိုက်သည်။

"တာအိုရောင်ရင်း" ရှောင်ချန်အန်းက ပြောသည်။ "အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျုပ် ရှောင်လဲ ချောင်ပိတ်ခံခဲ့လို့ပါ။ခင်ဗျားကို အနှောင့်အယှက်ပေးမိတဲ့အတွက် ကျေးဇူးပြုပြီး ကျုပ်တောင်းပန်တာကို လက်ခံပေးပါ....." သူက လက်ယှက်ပြီး မန်ဟို့ကို လေးလေးနက်နက်အရိုအသေပေးလိုက်သည်။

ရိုးသားသောလူများသည် သိုဝှက်သောစကားများပြောစရာမလိုပေ။ ရှောင်ချန်အန်းက တည့်တိုးပြောလိုက်သဖြင့် မန်ဟို့မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ထွန်းသွားစေသည်။ သူ အမှတ်တမဲ့ ဝင်ရောက်ခဲ့မိသည့် အခြေအနေအသေးစိတ်ကို သေချာမသိသော်လည်း နည်းနည်းပါးပါးတော့ဆက်စပ်မိလေသည်။ အထူးသဖြင့် စောစောက ရှောင်ချန်အန်းမျက်နှာပေါ်တွင် ပေါ်လာခဲ့သော စိတ်လှုပ်ရှားမှုဖြစ်သည်။ သူသည် ရှုမျိုးနွယ်စုအပေါ် ဖိအားတချို့ပေးရန် အသုံးချခံခဲ့ရကြောင်း မန်ဟို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

ထိုအကြောင်းကြောင့် သူဘယ်သူ့မှမသတ်ဘဲ ရှုလော့ဒီကို အလွှတ်ပေးလိုက်ခြင်းဖြစ်သည်။ ဤသည်က ရှောင်ချန်အန်းကို ချီတုံချတုံဖြစ်သွားစေ၏။ ရှုလော့ဒီက မန်ဟို့ကိုမဟုတ်ဘဲ ရှောင်မျိုးနွယ်ကို ဒေါသူပုန်ထ၍ ထွက်သွားခဲ့သည်မဟုတ်လော။

သူသည် အသုံးချခဲ့ရသည့်တိုင် ကူညီခဲ့သေးသည်။ လတ်တလောပြဿနာကို ဖြေရှင်းပေးခဲ့သော်လည်း အနှေးနှင့်အမြန် ရှုမျိုးနွယ်စု ပြန်ရောက်လာပေလိမ့်မည်။ မန်ဟို ထ်ိုအချိန်တွင် ထွက်သွားခဲ့လျှင်တော့ ရှောင်ချန်အန်း တန်ရာတန်ကြေးပေးဆပ်ရမည်ဖြစ်သည်။ ထိုတန်ကြေးက သမီးတစ်ယောက်နှင့် ရေကန်တစ်ကန်သာ ဖြစ်တော့မည်မဟုတ်ပေ။

ရှောင်ချန်အန်းက ခါးသက်သက်ရယ်ပြီးနောက် မန်ဟို့ကို ထပ်မံဦးညွှတ်လိုက်သည်။ သူ့ဘေးရှိ မိန်းကလေးမှာ တိတ်ဆိတ်နေပြီးနောက် သဘောပေါက်သွားဟန်တူသည်။ သူမလည်း ရှောင်ချန်အန်းနှင့်အတူ မန်ဟို့ကို ဦးညွှတ်အရိုအသေပေးလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးရှင်" သူမက ပြောသည်။ သူမအသံလေးသည် ရှင်းလင်းပြတ်သားပြီး သံစဥ်လေးလို နားဝင်ချိုလှသည်။

ယခုလောလောဆယ်တွင် မန်ဟို့ခေါင်းပေါ်က ဦးထုပ်၏စကားသံမှအပ အရာအားလုံးတိတ်ဆိတ်လျက်ရှိသည်။ "......ပြီးတော့ မင်း ငါ့ကို ညင်ညင်သာသာလေး ကောက်သင့်တယ်။ မင်း ငါ့ကို ခြေထောက်နဲ့မနင်းရဘူး" တကယ်တမ်း အသံမှာ ဤတစ်ချိန်လုံး စကားပြောရပ်ခဲ့ခြင်းမရှိပေ။ စကားလုံးများက ဖြေးဖြေးမှန်မှန် မရပ်မနား တတွတ်တွတ်ထွက်လာနေ၏။

မန်ဟို မျက်မှောက်ကြုတ်သွားသည်။

"တာအိုရောင်ရင်း ၊ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ" ရှောင်ချန်အန်းက ပြောသည်။ "ရှုမျိိုးနွယ်စု ကျုပ်ရဲ့ ဝိညာဥ်ရေကန်ကို ငမ်းငမ်းတက်လိုချင်ချင်၊ ကျုပ်ရဲ့ဆုတ်ယုတ်နေတဲ့ သက်တမ်းကြောင့် ကျုပ်ကို အနိုင်ကျင့်ရင်တောင်မှ ကျုပ်ဂရုမစိုက်ဘူး။ ဒါပေမယ့် သူတို့က ကျုပ်ရဲ့မျိုးနွယ်စုတစ်ခုလုံးကို လက်ဝါးကြီးအုပ်ချင်နေတယ်လေ။ အီး...." ခါးသီးသောအပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။ ရုတ်တရက် သူက ပြင်းပြင်းထန်ထန် ခေါင်းဆိုးတော့သည်။ မိန်းမပျိုလေးက စိုးရိမ်သောကများ ဖုံးလွှမ်းနေသော မျက်နှာလေးဖြင့် ရှေ့တိုးလာသည်။

မန်ဟိုက ရှောင်ချန်အန်းနှင့် သူ့ထံမှ တလှိုင်လှိုင် ထွက်နေသော သေခြင်းတရားချီကို ကြည့်သည်။

"ဒီနေရာကဘာလဲ" သူက အေးစက်စွာ မေးသည်။

"လူကြီးမင်း" မိန်းမပျိုလေးက ပြန်ဖြေသည်။ "ကျွန်မတို့ သွေးနတ်ဆိုးဂိုဏ်းနဲ့ ယီးကျန့်ဂိုဏ်းကြားက နယ်စပ်မှာပါ" သူမအသံလေးက ပေါ့ပေါ့ပါးပါးသာဖြစ်သော်လည်း မန်ဟို့ကို ကြည့်နေသော သူမ၏အမူအရာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ဤသည်ကို ကြားသော် မန်ဟိုက သိုလှောင်အိတ်ကို ပုတ်ပြီး ကျောက်စိမ်းပြားတစ်ပြားထုတ်လိုက်သည်။ သူက ၄င်းကို တခဏစစ်ဆေးကြည့်ရှုပြီးနောက် မျက်မှောင်ကြုတ်၍ သူ၏နေရာကို အတည်ပြုလိုက်လေသည်။ ရှောင်ချန်အန်းက သူ့နှင့် သူ့ကိုဝန်းရံထားသောနွယ်ရိုင်းများကို ကြည့်မြဲကြည့်နေသည်။ သူက အံတင်းတင်းကြိတ်လိုက်၏။

"တာအိုရောင်ရင်း" သူက ပြောသည်။ "ကျုပ် ဒီဝိညာဥ်ရေကန်ကို လက်ဆောင်အဖြစ်နဲ့ ခင်ဗျားကို ပေးချင်ပါတယ်" မိန်းမပျိုလေးမှအပ ရှောင်မျိုးနွယ်စုဝင်အားလုံး မျက်လုံးအပြူးသားနှင့် ကြည့်လိုက်ကြသည်။

မန်ဟိုက ခေါင်းထောင်ပြီး ရှောင်ချန်အန်းကို ကြည့်သည်။ သူက မည်သည့်သဘောထားမှ မဖော်ပြသလို၊ စကားပြောခြင်းလည်းမရှိ။

"ကျုပ်က သွေးနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသားဖြစ်ခဲ့ဖူးတယ်" ရှောင်ချန်အန်းက ပြောသည်။ "ဒါပေမယ့် ကျုပ် အသက်ဘေးက ကပ်သီလေးလွတ်ပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်။ ကျုပ်ရဲ့ကျင့်ကြံခြင်းအခြေခံက ဆက်မတက်နိုင်တော့ဘူး။ ကျုပ်သက်တမ်းလဲ ဆက်တိုးလို့မရတော့ဘူး။ ကျုပ် အသက်ဆက်ရှင်ဖို့ နှစ်အနည်းငယ်ကျန်တော့တာ ကြောက်ရွံ့မိတယ်

"ဒီဝိညာဥ်ရေကန်က စီနီယာမျိုးဆက်ဝင်တစ်ဦး မသေဆုံးခင် ကျုပ်လက်ထဲ လွှဲပြောင်းခဲ့တာပဲ။ ဒါက ရှောင်မျိုးနွယ်စု ဆက်လက်ရှင်သန်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်လာတယ်။ ဒါပေမယ့် ခုနောက်ပိုင်း ဒိီကန်ကို လူတွေပိုပိုပြီး မျက်စိကျလာကြတယ်။ ကျုပ် ဒါကို မျိုးနွယ်စုထဲ ဘယ်လိုထိန်းသိမ်းရမလဲ မသိဘူး။ ကန်ထဲမှာစိတ်ဝိညာဥ်စွမ်းအင်တွေ သိပ်များပုံမရပေမယ့် တကယ်တော့ ဝိညာဥ်အစေခံတွေအတွက် တော်တော်ထိရောက်တယ်။ ဒီနယ်ပယ်မှာ အသက်ရှူလေ့ကျင့်ခန်းတွေလုပ်တာ သူ့အတွက် အရမ်းကောင်းတယ်

"တာအိုရောင်ရင်း ကျေးဇူးပြုပြီး ကန်ကို လက်ခံပေးပါ" သူ၏စကားများက ရိုးသားလေသည်။ သူ၏နှလုံးသားထဲတွင် ခါးသီးမှုများ ပြည့်နှက်နေသော်လည်း ဤသည်ကလွဲ၍ တခြားရွေးစရာ သူမတွေးတတ်တော့ပေ။ သူနှင့် သွေးနတ်ဆိုးဂိုဏ်းဆက်ဆံရေး ပျက်ပြားခဲ့၍ သူသည် ယခင်သွေးနတ်ဆိုးဂိုဏ်းသားများတည်ထောင်ခဲ့သော မျိုးနွယ်စုများ ဖြစ်ပွားတတ်သည့် ရန်ပွဲတိုက်ပွဲများအား ပါဝင်နိုင်ခြင်းမရှိပေ။

သူ၏တစ်ခုတည်းသောရွေးချယ်စရာမှာ တိုက်တိုက်ဆိုင်ဆိုင် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့် ဝိညာဥ်

အစေခံရှိနေသော၊ သူ့အရှေ့က ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်ကျင့်ကြံသူသာဖြစ်သည်။

"ဒါ့အပြင်" ရှောင်ချန်အန်းက ဆက်ပြောသည်။ " ခုနောက်ပိုင်း သွေးနတ်ဆိုးဂိုဏ်းနဲ့ ယီးကျန့်ဂိုဏ်းအကြားမှာ ပဋိပက္ခဖြစ်နေတယ်။ တခါတလေ စစ်ပွဲကြီးကြီးမားမားဖြစ်ပွားပေမယ့် ဒီနေရာ စစ်မြေပြင်မဟုတ်တဲ့အတွက် ဒေသခံမျိုးနွယ်စုတွေ နှောင့်ယှက်တာကလွဲလို့ ဘယ်သူမှ ဒါကို အာရုံမစိုက်ကြဘူး......." သူက စကားလုံးများကို ဂရုတစိုက်ရွေးချယ်ရင်း မန်ဟို နေအောင် ဖျောင်းဖျရန် ကြိုးစားနေသည်။ မန်ဟိုက ပြုံးလိုက်ပြီး သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည်။

သူသည် အမှန်တကယ်မလိုချင်ခဲ့သော်လည်း ချင်းလော်ဂိုဏ်း မြင့်မြတ်သောနယ်မြေတွင် ရှာဖွေနေခဲ့သောအရာကို ရရှိခဲ့၏။ သူ ဂိုဏ်းတစ်ဂိုဏ်းလုံး၏ ဒေါသကို ဆွဲခဲ့မိသည်မှာ ယုံမှားဖွယ်မရှိပေ။ လူသိထင်ရှားမကြေညာသော်လည်း သူတို့ သူ့ကိုမုချလိုက်ရှာနေလောက်ပြီ။

"အစ်မရှုကိုများ ထိခိုက်မလား....." သူက တစ်ယောက်တည်းတွေးလိုက်မိသည်။ "မဖြစ်လောက်ဘူးထင်တာပဲ" ယခုတွင် သူ၏ပထမဆုံးဦးစားပေးမှာ သူ၏ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်ရန်ဖြစ်သည်။ လေးခုမြောက် တာအိုမဏ္ဍိုင်ကို ဖန်တီးရန်လိုအပ်၏။ ယင်းနှင့် သူ၏ပြီးပြည့်စုံသောအခြေဖြင့် ပေါင်းစပ်သွားသည်တွင် ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုမှ တာအိုကလေးများဖြင့် သူပခုံးချင်းယှဥ်ရပ်နိုင်ပေလိမ့်မည်။

ထိုအချိန်တွင် သူသည် မည်သည့်ရွေးချယ်ခံမဆို၏ အပေါ်တွင်ရှိပြီး အမှန်တကယ်ပြောရလျှင် တောင်ပိုင်းဒေသရှိ ချီအခြေတည်အဆင့်ကျင့်ကြံသူများအကြားအစွမ်းထက်ဆုံးလူဆယ်ယောက်အတွင်း ဝင်သွားလိမ့်မည်။ တာအိုမဏ္ဍိုင်ခြောက်ခု ဖန်တီးပြီးသည့်နောက် တာအိုကလေးဆိုသူတိုင်းအား ချေမှုန်းနိုင်ရန် သူယုံကြည်ချက်ရှိလေသည်။

"ကံဆိုးစွာနဲ့ အခု ငါ့မှာ ပြီးပြည့်စုံတဲ့အခြေရှိနေတော့ ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဥ်စွမ်းအားကို စုပ်ယူလို့မရဘူးး။ စုပ်ယူခြင်းဖြစ်စဥ်ကို တွန်းအားပေးဖို့ နည်းလမ်းရှာတွေ့နိုင်ရင်တောင်မှ အရမ်းခက်ခဲနေဦးမှာ.....ငါလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက ဆေးလုံးတွေအသုံးပြုဖို့ပဲ။ ဒါပေမယ့် အဲ့တာလဲသိပ်ကြာကြာအလုပ်ဖြစ်မှာမဟုတ်ဘူး" မန်ဟို စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ပြီးပြည့်စုံသောအခြေမှာ သန်မာသော်လည်း ဆိုးကျိုးများလည်းရှိလေသည်။ သို့သော် ပြောခဲဖူးသည့်အတိုင်း နောက်တစ်ဖန်ရွေးချယ်ရန် အခွင့်ရေးရလျှင်လည်း ပြီးပြည့်စုံသော အခြေကိုသာ ရွေးချယ်ဦးမည်ဖြစ်သည်။

"ငါ ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ရောက်ရင်ဘယ်လိုနေလဲ....." သူသည် မျက်လုံးများထဲ၌ အလင်းလေးတစ်ခု လက်သည်ဆိုရုံလေး လက်သွားရင်း တွေးနေသည်။ သူက ရှောင်ချန်အန်းကို အချိန်အတော်ကြာကြည့်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ကျုပ်တို့ ကန်အကြောင်း နောက်မှပြောကြတာပေါ့" မန်ဟိုက အေးတိအေးစက်ပြောသည်။ "ကျုပ် ဒီမှာ ရက်ပိုင်းလောက် တံခါးပိတ်ကျင့်ကြံအားထုတ်မယ်။ ကျေးဇူးပြုပြီး ကျုပ်ကို မနှောင့်ယှက်ပါနဲ့ ပြီးတော့ ခင်ဗျားတို့မျိုးနွယ်စုမှာရှိတဲ့ ဝိညာဥ်ကျောက်တုံးတွေအားလုံး ကျုပ်ဆီ ယူလာခဲ့ပေးပါ"

ရှောင်ချန်အန်းမှာ ပထမဆုံးစိတ်အားတက်ကြွသွားပုံရပြီးနောက် ခါးသက်သက်အပြုံးတစ်ခု သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။ သူက အံတင်းတင်းကြိတ်ပြီး ခေါင်းညိတ်သဘောတူလိုက်၏။

***

All Chapters