ဘုရားရေ ၊ မင်းတကယ်မသိဘူးလား
Vol. 12 Ch. 169
ထိုအချိန် ရှောင်မျိုးနွယ်စုတောင်ပေါ်ရွာ၏အပြင်ဘက်တွင် ရှုလော့ဒီသည် သူ၏နောက်လိုက်မျိုးနွယ်ဝင်များ ခြံရံလျက် တင်းမာသောမျက်နှာထားဖြင့် ပျံသန်းနေလျက်ရှိသည်။ သူက အဆိပ်ပြင်းသော ဒေါသမျက်လုံးများဖြင့် ပြန်လှည့်ကြည့်သည်။
"ရှောင်ချန်အန်း ၊ ခင်ဗျား အပြင်လူ အကူအညီတောင်းရင် ကျုပ်လဲ တောင်းနိုင်တယ်။ မလောက်လေးစား စုန်းကျင့်ကြံသူလောက်လေးများ။ သူ့ရဲ့ အစွမ်းထက်ဝိညာဥ်အစေခံကိုသာ ထည့်မတွက်ရင် ကျုပ် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်တယ်။ အဲ့ဒီလိုကျင့်ကြံသူတွေနဲ့ဆိုရင် သူတို့ရဲ့ဝိညာဥ်အစေခံကို စိုးရိမ်စရာပဲ လိုတာ။ ကျုပ် သူ့ကို ချက်ချင်း ခေါင်းဖြတ်သတ်ပစ်မယ်" သူက အေးစက်စက်နှာမှုတ်ပြီးနောက် သူ၏နောက်လိုက်ကျင့်ကြံသူများကို ကြည့်သည်။ "မင်းတို့ အရင်ပြန်နှင့်။ ဒီကိစ္စမပြီးသေးဘူး"
ရှုမျိုးနွယ်ဝင်များ ခွဲထွက်သွားကြသည်။ ရှုလော့ဒီက အင်္ကျီလက်စခါပြီး အလင်းတန်းအသွင်ပြောင်းကာ အဝေးသို့ တဟုန်ထိုးထွက်သွားတော့သည်။
"ငါလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက လူကြီးမင်းစန်းလော့ဆီက အကူအညီတောင်းတာပဲ။ သူက တာအိုမဏ္ဍိုင် ၇ ခုနဲ့ ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်မှာ။ ပြဿနာတစ်ခုရှိတာက သူ့စရိုက်က တော်တော်ထူးဆန်းတော့ ကူညီဖို့သဘောမတူလောက်ဘူး...... ဒါပေမယ့် အဲ့ဒီ့ကိစ္စအတွက် ပြီးခဲ့တဲ့နှစ်အနည်းငယ်က သူပေးခဲ့ရတဲ့တန်ကြေးကို ထည့်တွက်ရင် သေချာပေါက် သဘောတူလိမ့်မယ်။ ငါ ဝိညာဥ်ရေကန်ကို အရယူနိုင်ရင် အကုန်လုံးတန်တယ်" ရှူ့လော့ဒီသည် စိတ်ပိုင်းဖြတ်ပြီး အရှိန်တင်လိုက်သည်။
တစ်ရက်ကြာပျံသန်းပြီးနောက် အဖော်မဲ့တောင်တန်းတစ်တန်း၏ အခြေသို့ သူရောက်သွားသည်။ လင်းတအနည်းငယ် ခေါင်းထက်တွင် ဝဲနေကြသည်။ အရှေ့တွင်ကား ခြောက်မီတာအမြင့်ရှိသော သစ်သားပုံတစ်ပုံရှိသည်။ အပေါ်တွင် အလောင်းတစ်လောင်း။
အလောင်းသည် သိသာစွာပင် လပေါင်းများစွာ ထိုနေရာတွင် ပုပ်သိုးဆွေးမြည့်နေခဲ့၏။ ထိုမြင်ကွင်းမှာ အတော်လေးချောက်ချားဖွယ်ကောင်းလှသည်။ လင်းတများက သစ်သားပုံပေါ်တွင် နားရင်း ၄င်းကို ထိုးဆိတ်နေကြသည်။ ၄င်းတို့က လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေသာမျက်လုံးများဖြင့် ရှုလော့ဒီကို ကြည့်သည်။ ၄င်းတို့သည် သိသာထင်ရှားစွာ အသက်ရှင်နေထိုင်ရခြင်းကို မကြောက်ရွံ့ကြပေ။
"ရှုလော့ဒီ လူကြီးမင်းစန်းလော့နဲ့ တွေ့ခွင့်တောင်းပါတယ်" သူက ရင်တဒိန်းဒိန်းခုန်နေလျက် အလောင်းကို ကြည့်ကာ ပြောသည်။ အရိုးစုသည် လုံးလုံးလျားလျား အသက်ကင်းမဲ့နေ၏။ သို့သော် အကြွင်းအကျန်များအရ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံရှိခဲ့သော ဒေသခံမျိုးနွယ်စုသခင်တစ်ဦးနှင့် သက်ဆိုင်ကြောင်း သူသတိထားမိလိုက်သည်။
သူ၏စကားလုံးများက အဖော်မဲ့တောင်တန်းအတွင်း မြည်ဟည်းသွားသည်။ အချိန်အနည်းငယ် ကုန်လွန်သွားပြီးနောက် ခပ်အက်အက်လည်ချောင်းသံတစ်သံ လွင့်ပျံံထွက်ပေါ်လာသည်။
" လွန်ခဲ့တဲ့လအနည်းငယ်က ဒီရောင်ရင်း ငါ့ကို အထင်သေးခဲ့တာကြောင့် ဒီကိုဖမ်းခေါ်လာခဲ့တယ်။ ငါ သူ့ကို အပြစ်ဒဏ်အနေနဲ့ ချည်နှောင်ခဲ့ပေမယ့် သူဒီလောက် အားနည်းလိမ့်မယ်လို့ မသိခဲ့ဘူး။ သူ နှစ်လထဲနဲ့ သေသွားတယ်။ မင်း ဘာကိစ္စကြောင့် ဒီနေ့ ဒီကို ရောက်လာတာလဲ"
ရှုလော့ဒီသည် အဖော်မဲ့တောင်တန်းကို လေးလေးနက်နက် ဦးညွှတ်အရိုအသေပေးနေရင်း အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။
"ကျုပ် ပြဿနာနဲနဲတက်နေလို့ပါ။ လူတစ်ယောက်ကို သတ်ဖို့ လူကြီးမင်းစန်းလော့၏အကူအညီတောင်းချင်လို့ပါခင်ဗျာ" လူကြီးမင်းစန်းလော့က ဝေ့လည်ကြောင်ပတ်ရှင်းပြချက်များကို သဘောမကျသဖြင့် သူလိုရင်းသာပြောလိုက်သည်။
"လူတစ်ယောက်ကို သတ်ဖို့..... ဝါးဟားဟားဟား" နားကွဲလုမတတ်ရယ်သံကြီး ဟိန်းထွက်လာသည်။ " ဟိုနှစ်က တည်ဆောက်ခဲ့တဲ့ ငါတို့ဆက်ဆံရေးကြောင့် မင်းကို ငါ ကူညီပေးနိုင်တယ်။ ဒါပေမယ့် လိုအပ်ချက်တချို့တော့ရှိမယ်။ တကယ်တော့ လိုအပ်ချက်အများကြီးပေါ့ကွာ"
"ကျုပ် နားလည်ပါတယ်" ရှုလော့ဒီက သိုလှောင်အိတ်ကို မြှောက်ရင်း ပြောသည်။ သူက ၄င်းကို ပစ်ပေးလိုက်ရာ မြေကြီးပေါ်မကျခင် အဝေးသို့လည်ထွက်သွားပြီး မမြင်ရသော အားတစ်ခုက ဆတ်ခနဲဖမ်းယူလိုက်သည်။
"ရက်နည်းနည်းလောက် စောင့်" အက်ကွဲသံကြီးက ပြောသည်။ "ဒီလူရဲ့အရိုးတွေကို သန့်စင်ပြီးရင် ငါ မင်းနဲ့အတူ သွားမယ်" ရုတ်တရက် လင်းတများက အလောင်းကို ကိုက်ချီပြီး အဖော်မဲ့တောင်တန်းအထဲ ပျံသန်းသွားသည်။
ရှုလော့ဒီက မျက်လုံးများ လင်းလက်တောက်ပနေရင်း နောက်ထပ် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
"ရှောင်ချန်အန်း ဒီတစ်ခေါက်တော့ ခင်ဗျား ဘယ်လိုပြန်တိုက်ခိုက်မလဲ ကြည့်ကြသေးတာပေါ့" မျက်လုံးများ သတ်ဖြတ်လိုသောစိတ်ဆန္ဒများဖြင့် ပြည့်နှက်လျက် ရှုလော့ဒီ တရားထိုင်ရင် တင်ပျဥ်ခွေထိုင်ချလိုက်သည်။
ထိုစဥ် ရှောင်မျိုးနွယ်စုတောင်ပေါ်ရွာတွင် မန်ဟိုလည်း ရေကန်နားက အခန်းငယ်လေးတစ်ခန်းတွင် တင်ပျဥ်ခွေထိုင်လျက်ရှိသည်။ သူ့ကို အခန်း၏အပြင်ဘက်အား မြင်စေပြီး အပြင်မှအတွင်းသို့ မမြင်နိုင်အောင် ကာကွယ်ပေးထားသော အလင်းဖျော့ဖျာ့က ဝန်းရံထားသည်။
အလင်းကို အဆောင်စက္ကူကိုးရွက်မှ ဖြန့်ကျက်ထားခြင်းဖြစ်သည်။ အဆောင်စက္ကူများကို ရှောင်မျိုးနွယ်မိန်းမပျိုလေးက ရေးဆွဲပေးခဲ့ပြီးနောက် မန်ဟိုကို ကိုယ်တိုင်ကိုယ်ကျလာရောက်ပို့ဆောင်ပေးသည်။ အဆောင်များအား စီရင်ပြီးနောက် သူမသည် တရိုတသေဦးညွှတ်ကာ ထွက်ခွာသွား၏။
သူမထွက်ခွာသွားပြီးနောက် မန်ဟိုသည် လျှပ်စီးတိမ်တိုက်ကို ထွေးထုတ်ပြီး ပတ်ဝန်းကျင်ကို ဖုံးလွှမ်းစေလိုက်သည်။ ထိုအရာအားလုံးပြီးဆုံးမှ သူ့မှာ သိုလှောင်အိတ်ကို အပူအပင်ကင်းကင်း ဖွင့်နိုင်သွားသည်။ သူသည် ချင်းလော်ဂိုဏ်းမှ ရခဲ့သော မြေဆေးလုံးကို ထုတ်ပြီး အနီးကပ်ကြည့်ရှုစစ်ဆေးလိုက်သည်။
သူ ဆေးလုံးကို ကြည့်ရှုနေစဥ် သူ့ခေါင်းပေါ်ရှိ အသားဂျယ်လီဦးထုပ်က စကားစပြောသည်။ " ဟေး ငါ ခုနက ဘာပြောနေတာပါလိမ့်။ ဟုတ်သားပဲ။ မနေ့က ကိစ္စပြန်ဆက်ရအောင်။ မင်း အဲ့လိုလုပ်လို့မရဘူး။ အဲ့တာ အကျင့်ပျက်တာပဲ။ မင်း ငါ့ကို မြေကြီးပေါ်ပစ်ပေါက်လို့မရဘူး။ အဲ့တာ သိပ်လွန်သွားပြီ"
မန်ဟိုကလည်း ပြန်မဖြေ၊ အသားဂျယ်လီကလည်း တစက်လေးမှ မရပ်နားဘဲ စကားပြောနေသည်။ ကြည့်ရသရွေ့ ၄င်း တစ်နေ့လုံး ပေါက်ပေါက်ဖောက်နိုင်သည့်ပုံရလေသည်။ ထပ်တလဲလဲမပြောလျှင်လည်း တစ်မျိုးဖြစ်ဦးမည်။ သို့သော် ၄င်းက ဘယ်တော့မှ ငြီးငွေ့မည့်ပုံလည်းမပေါ်ပေ။
"မင်း ကလေးငယ်လေးတစ်ယောက်ကို ထိမိရင် ဘယ်လိုလုပ်မလဲ....."
"မြက်တွေ၊ အပင်တွေအတွက်လဲ မကောင်းဘူး......"
"ငါးလေးတွေ၊ အခြားသတ္တဝါလေးတွေအားလုံး အပြစ်ကင်းပါတယ်ကွာ...."
မန်ဟို့မှာ နားထဲတွင် တဝီဝီမြည်နေသည့်အလား ခံစားနေရသည်။ သူက လျစ်လျူရှုရန်ကြိုးစားသော်လည်း အသားဂျယ်လီဦးထုပ်၏အသံမှာ ကျယ်ကျယ်လာပုံပေါ်သည်။ နောက်ဆုံး၌ ၄င်းက အော်တော့သည်။ ၄င်းအသံမှာ ကျယ်လွန်းလှသဖြင့် လျှပ်စီးတိမ်တိုက်ကိုဖြတ်၍ အပြင်ဘက်သို့ ရောက်သွားလေသည်။ ရှောင်မျိုးနွယ်ဝင်များ ထိုအသံကြားသောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"ပိတ်ထားစမ်း" မန်ဟိုက အံတင်းတင်းကြိတ်ရင်း ဦးထုပ်ကို ဆွဲကာ မြေကြီးပေါ်ပစ်ပေါက်လိုက်သည်။
"အီး၊ ငါပြောလို့မပြီးသေးဘူး။ ခုနက ဘာပြောနေတာပါလိမ့်။ ကဲထားပါတော့ တခြားအကြောင်းပြောရအောင်။ မင်း ဒီလိုလုပ်လို့မရဘူး။ ဒါအကျင့်ပျက်တာပဲ...." မန်ဟို ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူ၏အမူအရာမှာ ပိုပို၍အရုပ်ဆိုးလာသည်။ တခဏကြာသော် သူက ထရပ်ပြီး ဦးထုပ်ကို တက်နင်းတော့သည်။
အဘိုးကြီးမျက်နှာကြီး ရုတ်တရက် ပေါ်လာသည်။ မန်ဟို ၄င်းကို ကြမ်းကြမ်းတမ်းတမ်းနင်းနေသည့်တိုင် ၄င်းက အော်ခြင်းမရှိပေ။ ထိုအစား ပို၍ပင် စိတ်အားထက်ထက်သန်သန် စကားပြောနေပုံရသည်။ "မင်း ဒီလိုလုပ်လို့မရဘူး။ ဒါရက်စက်လွန်းတယ်။ ယုတ်မာလွန်းတယ်"
"ခင်ဗျား ဘာလိုချင်လဲ" မန်ဟိုက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပြီး အံတင်းတင်းကြိတ်ကာ ပြောသည်။ "ခင်ဗျား လွတ်သွားပြီလေ၊ ဘာလို့ ကျုပ်နောက် လိုက်နေသေးတာတုံး။ သွား ထွက်သွား"
"အီး။ ငါမင်းကို သခင်အဖြစ် ရွေးချယ်ခဲ့ပြီးပြီ။ သခင်ရွေးချယ်တယ်ဆိုတာ တစ်ဘဝလုံးအတူရှိနေရမယ်လို့ဆိုလိုတယ်။ ငါ ဘယ်တော့မှ ဘယ်တော့မှ ထွက်သွားပြီး အကျင့်ပျက်ခံမှာမဟုတ်ဘူး။ ငါ ဘယ်တော့မှ စည်းမျဥ်းနဲ့မကိုက်ညီတာ မလုပ်ဘူး......" မန်ဟိုက တဖြေးဖြေး ခေါင်းမော့ပြီး လေထဲသို့ အကြောင်းမဲ့သက်သက် ငေးကြည့်လိုက်သည်။ အမွှေးတိုင်နှစ်တိုင်ထွန်းစာ ကြာမြင့်သွားပြီးနောက်ဆုံး သူက ဦးထုပ်ကို ပြန်ကြည့်သည်။
" ......စရိုက်ပျက်ပြားတာမျိုးမလုပ်ဘူး။ ငါ အခုလေးတင် ငါ့မှာမရှိတဲ့ ၇၄၅ခု ပြောခဲ့ပြီးပြီ။ ငါဘယ်လောက် ကိုယ်ကျင့်သိက္ခာမြင့်မားလဲ မင်းမြင်လား။ ဘယ်လောက် ရိုးသားဖြောင့်မတ်သလဲ။ တစ်မျိုးပြောရရင် ငါ ဘယ်တော့မှ မင်းကို မထားရစ်ခဲ့ဘူး"
မန်ဟို ဘာမှမပြောပေ။ သူက ရုတ်တရက် လက်ကိုမြှောက်ပြီး မီးတောက်နဂါးကြီးကို ဆင့်ခေါ်လိုက်ရာ ဦးထုပ်ကို ဝင်တိုက်သွားသည်။ ဤတစ်ကြိမ်တွင် မချိတင်ကဲအော်သံထွက်ပေါ်လာပြီး အတောမသတ်သောရယ်သံသာ လျင်မြန်စွာ အစားထိုးဝင်ရောက်သွားသည်။ ဦးထုပ်က ပျက်စီးသွားခြင်းမရှိပေ။ မန်ဟိုမှာ နဖူးတွင် သွေးကြောကြီးများထောင်နေလျက် ၄င်းကို စိုက်ကြည့်နေသည်။ သူသည် သူ့ကိုယ်သူ စိတ်ရှည်သူဟု အမြဲတွေးခဲ့သော်လည်း ယခုတွင် သူ၏ဒေါသ ပေါက်ကွဲနေလေပြီ။ သူက ဦးထုပ်အပေါ် ခုန်ဆွခုန်ဆွ တက်နင်းလိုက်သည်။
သို့သော်........ အချိန်အနည်းငယ်ကြာသော် သူရပ်လိုက်သည်။ ဦးထုပ်က ပေါက်ပေါက်ဖောက်နေရင်း မန်ဟို့ခေါင်းပေါ် ပြန်ရောက်လာသည်။ သို့သော် ဤတစ်ကြိမ်တွင် ၄င်းအရောင်ပြောင်းသွား၏။ ယခုတွင် အစိမ်းရောင်ဖြစ်နေပြီး ၄င်း၏ပုံပန်းသွင်ပြင်မှာ ယခင်ထက်ပို၍ အတန်ငယ်သားသားနားနားရှိသွားသည်။
မန်ဟို၏မျက်နှာ မည်းမှောင်သွားသည်။
"ကြည့်၊ ကလေး သိပ်ကြိုးစားမနေပါနဲ့။ ငါက လူကောင်းတစ်ယောက်ပါ။ ငါမင်းကို ကူညီဖို့ကြိုးစားနေတာ။ မင်းက မကောင်းတဲ့လမ်းကြောင်းပေါ်မှာ ဆိုပေမယ့် ငါ မင်းကို ငါ့အစွမ်းအစနဲ့ ကူညီပေးဖို့ အသင့်ပဲ။ ကလေး လူငယ်ဘယ်လောက်များများ ဘဝမှာ ခြေတစ်လှမ်းမှားပြီး ထာဝရတစ်လျှောက်လုံး နောင်တရကြလဲ မင်းမသိလောက်ဘူး။ မင်း ခါးသီးနာကြည်းမှုတွေ ပျောက်ကင်းအောင် ငါကူညီပေးမယ်။ ဟိုသောက်ငှက်ဆီက လွတ်မြောက်အောင် ကူညီပေးမယ်။ ဟိုရွံစရာကောင်းတဲ့သောက်ငှက်က ငါဘယ်တော့မှ မပြောင်းလဲခဲ့တဲ့ တစ်ကောင်တည်းသော ငှက်ပဲ" ဦးထုပ်က ယခုတွင် အံကြိတ်နေပုံရသည်။ "ဒီဘဝမှာတော့ ငါ ပြောင်းလဲပစ်မယ်"
"ခင်ဗျား ပြောနေတာ ဘယ်ငှက်လဲ" မန်ဟိုက တင်းမာသောမျက်နှာထားဖြင့် ပြောသည်။ ထူးဆန်းသောခံစားချက်တစ်ခု သူ့ရင်ထဲတွင် ဖြစ်ပေါ်လာသည်။ ဤဦးထုပ်ကို သတ်၍မရသလို၊ လွှတ်ပစ်၍လည်းမရပေ။ ၄င်းက တကယ့်ကို အတိုင်းထက်အလွန် စိတ်ပျက်ဖွယ်ကောင်းလွန်းသည်။
"မင်း မသိဘူးလား" ဦးထုပ်က ရုတ်တရက် မန်ဟို၏ခေါင်းမှ ပျံထွက်ရင်း မေးသည်။ ၄င်း၏ပုံသဏ္ဍာန်က ရုတ်တရက် အသားဂျယ်လီအသွင် ပြန်တွန့်လိမ်သွားသည်။ မန်ဟိုမှာ သက်ပြင်းရှည်ကြီးချပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာပြီးနောက်ဆုံး သူက အသားဂျယ်လီကို ပြန်ကြည့်သည်။
ထိုအခါမှ အသားဂျယ်လီ၏စကား အဆုံးရောက်သွားလေပြီ။ "..... ချီးတွင်းထဲ ပစ်ချသင့်တာ သောက်ငှက်။ မင်းတကယ် ဘယ်သူလဲမသိဘူးလား"
မန်ဟိုက အသားဂျယ်လီကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် တစ်လုံးချင်း ပြောသည်။ "ကျုပ် မ သိ ဘူး"
"မင်းတကယ် မသိဘူးလား" အသားဂျယ်လီက တအံ့တသြမေးသည်။ "မင်း တကယ် တကယ်ကြီး မသိဘူးလား။ မဖြစ်နိုင်တာ။ မင်း တကယ် တကယ် တကယ့်ကို မသိတာလား"
"ကျုပ် မ သိ ဘူး " မန်ဟိုက အံတင်းတင်းကြိတ်သည်။ ဤအသားဂျယ်လီနှင့် ပြောရဆိုရသည်က အတော်လေးမချင့်မရဲဖြစ်စရာကောင်းသည်။
"ဘုရားရေ၊ သူ့ချီ မင်းပေါ်မှာရှိပေမယ့် မင်းက မသိဘူး။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းဘယ်လိုလုပ် မသိနိုင်တာလဲ။ ဘုရားရေ၊ ဘုရား။ မင်း တကယ် တကယ် တကယ့်ကို မသိဘူးလား" ၄င်း၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး မယုံကြည်နိုင်သောအသွင်ဖြင့် ပြည့်နှက်သွားသည်။
မန်ဟို ဘာပြောရမည်လဲ မသိတော့ပေ။ သူက မျက်လုံးများပိတ်ပြီး တရားထိုင်လိုက်သည်။ ဘန်းခနဲ အသားဂျယ်လီသည် အစိမ်းရောင်ဦးထုပ်အသွင်ပြောင်းသွားပြီး မန်ဟို့ခေါင်းပေါ် ပြန်ပျံလာသည်။
မန်ဟို စာပေသမားဝတ်ရုံကို ဝတ်ဆင်ထားသည်ကို ထည့်တွက်လျှင် ဦးထုပ်မှာ အတော်လေး ထင်းနေ၏။ ၄င်းကို မြင်လိုက်သည့်မည်သူမဆို သေချာပေါက် နှစ်ခါပြန်ကြည့်လိုက်ရမည်ဖြစ်သည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာမြင့်သွားသည်။
"ဒါပေမယ့် မင်း ဘယ်လိုလုပ် မသိနိုင်တာလဲ"
အမွှေးတိုင်နှစ်တိုင်ထွန်းစာ။
"....... မယုံကြည်နိုင်စရာပဲ။ မင်းတကယ် မသိဘူး....."
နှစ်နာရီ။
"မင်း ဘာလို့ ဘာမှမပြောတာလဲ။ အာ ငါနားလည်ပြီ။ မင်းပြောရမှာရှက်နေတာပဲ။ ကြည့် ရပါတယ်ကွာ။ ငါက လူကောင်းတစ်ယောက်ပါ။ ငါ မင်းကို မကောင်းတဲ့လမ်းစဥ်က ပြန်ခေါ်နိုင်ဖို့ အကုန်လုပ်ပေးပါ့မယ်။ ငါ...."
မန်ဟို၏မျက်နှာသည် ပိုပို၍ အရုပ်ဆိုးလာသည်။ သူ အမှန်တကယ်ပင် သည်းမခံနိုင်တော့ပေ။ သူ၏ဒေါသပေါက်ကွဲသွားလေပြီ။ သူက ဟိန်းဟောက်ပြီး ဦးထုပ်ကို ဆွဲကာ အပြင်သို့ပစ်ပေါက်လိုက်သည်။ သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဓားပျံတစ်ရာနီးပါး ပေါ်လာပြီး ဦးထုပ်ထံ ပြေးဝင်သွားသည်။ မန်ဟို၏လက်သည် ဂါယာမန္တန်ယားဆိုင်ရာ မုဒြာလက်ဟန်များ လက်သွားပြီး မီးနဂါးကြီးနှင့် လေဓားသွားပေါ်လာသည်။
ပေါက်ကွဲသံတစ်သံ အရပ်မျက်နှာတစ်ခွင် မြည်ဟည်းသွားပြီး ရှောင်မျိုးနွယ်ဝင်များအားလုံး လန့်ဖျပ်ကုန်ကြသည်။ ရှောင်ချန်အန်း၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ ဖြစ်ပျက်နေသည်အား သူ မမြင်ရသည့်တိုင် ပေါက်ကွဲမှုကြီးကား အံ့အားသင့်ဖွယ်ကောင်းလှသည်။
မိန်းမပျိုလေး မှင်သက်သွားပြီး ထူးဆန်းသောအမူအရာတစ်ခု သူမ၏မျက်နှာပေါ်တွင် ပေါ်ထွက်လာသည်။
မန်ဟိုက အံတင်းတင်းကြိတ်ပြီး လက်ကိုလှီးကာ သွေးများဖြင့် ဖုံးလွှမ်းစေရင်း ရှေ့ဆက်လျှောက်လာသည်။ လျှပ်တပြက်အတွင်း သွေးလက်ချောင်း ထွက်ပေါ်လာခဲ့လေပြီ။ သူ၏အခြားလက်တစ်ဖက်က အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန် ဖျတ်ခနဲ လက်သွားသည်။
ပေါက်ကွဲမှုများ ကောင်းကင်နှင့်မြေကြီးတွင် ပြည့်နှက်သွားသည်။ တခဏကြာသော လှိုင်းဂယက်များ ငြိမ်ကျသွားသည်။ မန်ဟို အားတက်သရော ခုန်ဆွခုန်ဆွ လုပ်နေသော အသားဂျယ်လီကို စိုက်ကြည့်နေစဥ် သူ့တစ်ကိုယ်လုံးမှ ခါးသီးမှုများ ထုတ်လွှတ်နေတော့သည်။
"သိပ်ထူးဆန်းတယ်။ မင်းတကယ်မသိဘူးလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းတကယ်မသိဘူး"
***