← Chapters

အထီးကျန်နေသော စန်းလော့

Vol. 13 Ch. 170

အထီးကျန်နေသော စန်းလော့

Vol. 13 Ch. 170

မန်ဟို နောင်တရနေချေပြီ။ သူ ထိုမေးခွန်းအား ဘယ်တော့မှ မမေးခဲ့သင့်ပေ။ အသားဂျယ်လီ ဤအတိုင်းအတာအထိ ဆက်တိုက်ပြောလိမ့်မည်ဟု သူ မတွေးမိခဲ့ချေ။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သော်လည်း သူ စကားမပြောနိုင်ခင် အသားဂျယ်လီ၏အမူအရာ ဝင်းလက်သွားသည်။

"အာ ငါသိပြီ။ မင်း အမြုတေဖြစ်တည်မှုအဆင့်မရောက်သေးတော့ ထွက်မလာနိုင်သေးတာကိုး။ ဟားဟားဟား ထွက်မလာနိုင်ဘူး....."

မန်ဟိုမှာ အားကိုးရာမဲ့စွာ ခေါင်းငိုက်စိုက်ကျသွားသည်။ သူက အသားဂျယ်လီကို ခါးသက်သက်အပြုံးတစ်ခုဖြင့် ကြည့်သည်။

သူသည် အချိန်အတော်ကြာအံကြိတ်နေပြီးနောက် ပြောသည်။ "ခင်ဗျား ပါးစပ်မပိတ်ရင် ကျုပ် ခင်ဗျားကို ချင်းလော်ဂိုဏ်းဆီ ပြန်ခေါ်သွားမယ်" သူ့မှာ အဆက်မပြတ်နားငြီးနေသောကြောင့် တကယ်ပင် အော်ဟစ်ပစ်လိုက်ချင်တော့သည်။

"ရပါတယ်။ ဘယ်လိုနေနေ ငါ သခင်ရွေးပြီးပြီဆိုတော့ အလကားပဲ။ ငါ့ကို သန့်စင်ဖို့ဆိုရင် မင်းကို သန့်စင်ဖို့လိုလိမ့်မယ်" အသားဂျယ်လီ ရုတ်တရက် ကြက်သေသေသွားသည်။ ၄င်းက တခဏကြာ စဥ်းစားနေသည်။ "အဲ့တာ အကြံကောင်းပဲကွ။ ငါတို့အတူတူ သန့်စင်ခံရရင် ဘယ်လိုခံစားရမလဲ သိချင်လိုက်တာ။ စဥ်းစားကြည့်ရအောင်" မျှော်လင့်ခြင်းအရိပ်အယောင်များ ၄င်း၏မျက်နှာကို ဖုံးလွှမ်းသွားရာ မန်ဟို့ကိုပို၍ပင် ကူရာမဲ့သွားစေတော့သည်။

"ခင်ဗျား ထွက်သွားအောင် ကျုပ် ဘာလုပ်ရမလဲ" သူက ခါးသက်သက်ရယ်ရင်း ပြောသည်။ ဤတစ်ကြိမ်တွင် သူ့အသံသည် နူးညံ့နေ၏။

ဤစကားကို ကြားသော် အသားဂျယ်လီမှာ ချက်ချင်း ယခင်များစွာပို၍ လေးနက်သွားဟန်တူသည်။ ၄င်းက တည်ကြည်လေးနက်သော လေသံဖြင့် စကားပြောတော့သည်။ မန်ဟိုက ၄င်းကို လျစ်လျူရှုပြီး အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသည်အထိ ကောင်းကင်ကို မော့ကြည့်နေလိုက်သည်။

".....တိုတိုပြောရရင် ငါမင်းကို သေချာပေါက် ဘယ်တော့မှ မထားခဲ့ဘူး။ ငါ ဟိုငှက်ကို ပြောင်းလဲဖို့လိုတယ်။ ငါပြောင်းလဲလို့မပြီးတဲ့အထိ ဘယ်တော့မှ ထွက်မသွားဘူး"

မန်ဟိုသည် သူ့ကိုယ်သူ အလွန်အာရုံစူးစိုက်နိုင်သူအဖြစ် အမြဲတွေးခဲ့သည်။ သူ တစ်စုံတခုကို စိတ်ပိုင်းဖြတ်ပြီးသည်နှင့် ဘယ်အရာမှ သူ့ကိုမနှောင့်ယှက်နိုင်ပေ။ သို့သော် ယခုတွင်တော့ ထိုအခြင်းအရာမှာ အသားဂျယ်လီကို မတွေ့ခင်အချိန်ကသာ ဖြစ်ကြောင်း သဘောပေါက်လိုက်၏။

သူကိုယ်တိုင်ဖြစ်စေ၊ အခြားထူးချွန်ပြောင်မြောက်သော ပညာရှင်ဖြစ်စေ၊ ဤလေကြောရှည်သောအရာနှင့် ဆုံတွေ့သူမှန်သမျှ သေချာပေါက် ရူးသွားမည်ဖြစ်သည်..... မန်ဟို အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ ယခုတွင် ဤပစ္စည်း၏စရိုက်ကို သူကောင်းကောင်း နားလည်လိုက်လေပြီ။ ၄င်းကို ပြောစရာခေါင်းစဥ်ပေး၍မရပေ။ သူ ခေါင်းငုံ့ပြီး တစ်နာရီကြာသော် သူ့နားထဲက တတွတ်တွတ်ရေရွတ်သံများကို အတော်လေးလျစ်လျူရှုနိုင်သည့် အခြေအနေရောက်သွားသည်။ အသားဂျယ်လီ အဆက်မပြတ်စကားပြောနေသည့်တိုင် မန်ဟိုက မြေဆေးလုံးကို ထုတ်ပြီး စတင်လေ့လာတော့သည်။

စိတ်အားထက်သန်သောအမူအရာတစ်ခု သူ့မျက်နှာတွင် ပြည့်နှက်သွားသော် အဆုံးမရှိ လျှောက်ပြောနေသော စကားသံများအား လျစ်လျူရှုရန် အလွန်ခက်လေသည်။ အထူးသဖြင့် အသားဂျယ်လီက သူ့ခေါင်းမှ ပျံထွက်ပြီး သူ့အရှေ့သို့ ဆင်းလာသည့်အခါတွင်ဖြစ်သည်။ ၄င်းကြည့်ရသည်မှာ လျစ်လျူခံထားရသဖြင့် အရှက်ကွဲသည်ဟု ခံစားနေရဟန်တူသည်။

"မင်း ဒီလိုလုပ်လို့မရဘူး။ ဒါအကျင့်ပျက်တာပဲ" ၄င်းက အော်ပြီး တဗျစ်ဗျစ်တတောက်တောက်ပြောပြန်သည်။

မကြာမီ ညအချိန် ကျရောက်လာပြီး မန်ဟို့မျက်နှာမှာ ပင်ပန်းနွမ်းနယ်ခြင်းများဖြင့် ဖုံးလွှမ်းနေတော့သည်။ သူ့နားနှစ်ဖက်လုံး အူနေပြီး အသားဂျယ်လီကို လျစ်လျူထားသဖြင့် သူ၏မျက်လုံးများ နီရဲနေချေသည်။ ပြောစရာခေါင်းစဥ်မရှိသည့်တိုင် အသားဂျယ်လီကဆက်ပြောနေသေးသည်ဖြစ်ရာ စိတ်ပျက်ဖွယ်ကောင်းနေတော့သည်။

မိုးသောက်ယံအထိ။ နောက်တစ်နေ့ညအထိ။ လသည် ကောင်းကင်ယံတွင် ထိန်ထိန်သာလျက်ရှိ၏။

နောက်ဆုံး အသားဂျယ်လီမှာ ပြောစရာကုန်သွားဟန်တူသည်။ မန်ဟိုက သက်ပြင်းချလိုက်ပြီး ထိုအချိန်တွင် အသားဂျယ်လီသည် ကန်စပ်သို့ပျံသွားပြီး ..... ကန်ထဲက ငါးများအား စကားသွားပြောနေတော့သည်။

မန်ဟိုက နောက်တစ်ဖန် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြန်သည်။ သူသည် ကြေးမုံနှင့် ရှောင်မျိုးနွယ်စုက ပေးထားသော ဝိညာဥ်ကျောက်တုံးများကို ထုတ်လိုက်သည်။ ထို့နောက် မြေဆေးလုံးကို ကြေးမုံပေါ်တင်ပြီး နောက်တစ်ခုပွားလိုက်သည်။ သူက တခဏစဥ်းစားပြီး ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ကာ စိတ်ဝိညာဥ်အာရုံဖြင့် တံဆိပ်ခတ်ပြီးနောက် ပြတင်းပေါက်အပြင်သို့ ဆတ်ခနဲ တောက်လိုက်သည်။ အချိန်အနည်းငယ်ကြာသော် ရှောင်မျိုးနွယ်စုမိန်းမပျိုက ဝိညာဥ်မျောက်တစ်ကောင်ကို သူမနှင့်အတူ ခေါ်လာရင်း စိတ်လှုပ်ရှားစွာ ချဥ်းကပ်လာသည်။

မျောက်က အနားကပ်လာစဥ် စူးစူးဝါးဝါးအော်၏။ မိန်းမပျိုလေးက လောလောဆယ် ကန်ကို အော်ဟစ်ပြောဆိုနေသည့် အသားဂျယ်လီရှိရာ ကန်စပ်ကို တခဏလှမ်းကြည့်လိုက်သည်။

"ရှောင်ကိုင်ဖန်း အကြီးအကဲကို ဂါဝရပြုပါတယ်" သူမက အသားဂျယ်လီထံမှ မန်ဟိုနှင့် သူ့ကိုဝန်းရံထားသည့် လျှပ်စီးတိမ်တိုက်ကို ပြန်ကြည့်ရင်း ပြောသည်။ သူမသည် အရိုအသေပေးပြီးနောက် ဝိညာဥ်မျောက်ကို ချုပ်ထားသည့် ကြိုးကို ကမ်းပေးသည်။ မန်ဟို၏မျက်လုံးများ ပွင့်သွား၏။ သူက စကားတစ်ခွန်းမပြောဘဲ မြေဆေးလုံးကို မျောက်ထံပျံသန်းသွားစေသည်။ မျောက်က ၄င်းကို ချက်ချင်း စားလိုက်သည်။

၄င်းက အော်သံအနည်းငယ်ပြုပြီးနောက် ၄င်း၏မျက်လုံးများ လည်သွား၏။ မန်ဟိုက မျောက်ကို သူ၏စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးကြည့်ရှုပြီး မျက်လုံးများ ဝင်းလက်တောက်ပသွားသည်။ ရုတ်တရက် ကောင်းကင်ရှိ လရောင်ခြည်မှာ မျောက်မှ စတင်စုပ်ယူနေသည့် အမျှင်တန်းများအသွင်ပြောင်းသွားသည်။ စိန်ခေါ်လိုသော အရိပ်အယောင်တစ်ခု မျောက်၏မျက်လုံးများထဲတွင် တဖြေးဖြေးပြည့်နှက်လာသည်။

မန်ဟို မျောက်ကို စောင့်ကြည့်နေပြီး ရှောင်ကိုင်ဖန်းက ဘေးတွင် စိတ်ရှည်ရှည်စောင့်နေသည့်အတောအတွင်း လေးနာရီခန့်ကုန်ဆုံးသွားသည်။

နောက်ဆုံး၌ မန်ဟိုခေါင်းညိတ်လိုက်၏။

"သိပ်ကောင်းတယ်" သူက အေးစက်စွာ ပြောသည်။ ရှောင်ကိုင်ဖန်းမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ သူမက မန်ဟို့ကို လက်ယှက်အရိုအသေပေးပြီး မျောက်ကိုပြန်ခေါ်သွား၏။ ၄င်းက ယခင်ထက်ပို၍ သိသိသာသာ အစွမ်းထက်နေချေပြီ။

မန်ဟိုက ခေါင်းငုံ့ရင်း အလေးအနက်တွေးနေသည်။ သူသည် ရှောင်မျိုးနွယ်စုထောက်ပံ့ပေးထားသော ဝိညာဥ်ကျောက်တုံးများသုံး၍ ဆေးလုံးကို စတင်ပွားတော့သည်။ ဆေးလုံး၏နာမည်အပြည့်အစုံမှာ လမိခင်မြေဆေးလုံးဖြစ်ပြီး ညအခါမှသာ သုံးစွဲနိုင်လေသည်။ ၄င်းက လရောင်ခြည်ကို အာဟာရအဖြစ် အသုံးပြုပြီး သာလွန်ထူးကဲသောရလဒ်များကို ပေးစွမ်းနိုင်၏။

ဆေးလုံးပွားရန် အဖိုးအခက အတန်များပြီး ရှောင်မျိုးနွယ်စုမှာ မဟာမျိုးနွယ်စုကြီးတစ်စုမဟုတ်ပေ။ သူတို့သည် ဝိညာဥ်ကျောက်တုံးအမြောက်အမြား မပေးနိုင်ခဲ့၍ မကြာခင် မန်ဟို တစ်ဝက်ကျော်သုံးခဲ့ပြီးလေပြီ။ ရလဒ်က ပွားထားသော မြေဆေးလုံးခြောက်လုံးဖြစ်သည်။

"ငါ ဆေးလုံးတစ်လုံး ဖြုန်းတီးခဲ့ပေမယ့် သတိထားဖို့အတွက်ဆိုတော့ အလကားတော့မဖြစ်ပါဘူး" မိုးသောက်ချိန် ကျရောက်လာပြီး မန်ဟိုက မြေဆေးလုံးခြောက်လုံးကို ငုံ့ကြည့်လိုက်သည်။ သူသည် မျက်လုံးပိတ်ရင်း သူ၏စတုတ္တတာအိုမဏ္ဍိုင်တည်ဆောက်ရန် ဤဆေးလုံးမည်မျှ လိုအပ်မည်ကို တွေးနေမိသည်။ ယခုတွင် သူသည် တာအိုမဏ္ဍိုင် ၃ခု စက်ဝန်း ပြီးမြောက်ခဲ့ပြီဖြစ်၍ လေးခုမြောက် ပြီးပြည့်စုံသောတာအိုမဏ္ဍိုင် စတင်မြင်သာလာရန် သိပ်မကြာသင့်တော့ပေ။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီး မကြာခင် နေ့လည်ခင်းရောက်လာသည်။ အသားဂျယ်လီသည် ကန်ရေများနှင့် စကားလက်ဆုံကျရင်း ကန်စပ်တွင် ရှိနေဆဲဖြစ်သည်။ သူ၏စိတ်ဝိညာဥ်အာရုံဖြင့် ငါးများအားလုံး ကန်အောက်ခြေတွင် ပုန်းရန် ပြေးလွှားနေကြကြောင်း မန်ဟိုဆုံးဖြတ်နိုင်လေသည်။ ညှင်းပန်းနှိပ်စက်မှုဒဏ် ထပ်မခံစားနိုင်တော့သဖြင့် ကန်စပ်ကို ခေါင်းဖြင့် ဝင်ဆောင့်နေသော တစ်ကောင်သာ ကျန်ရစ်ခဲ့သည်။

မန်ဟိုမှာ ရင်ထဲတွင် အကြောက်တရားများကိန်းအောင်းရင်း ကျန်ဝိညာဥ်ကျောက်တုံးများအား သိမ်းလိုက်သည်။ သူ့မှာ အသားဂျယ်လီနှင့် ၄င်း၏ပေါက်ပေါက်ဖောက်သံများအား ဆွဲဆောင်မိမည်ကို အလွန်ထိတ်လန့်နေချေသည်။ သူလိုအပ်သော နောက်ဆုံးအရာကား ၄င်း သူ့ကို စကားပြောရန် ခေါင်းစဥ်အသစ်တွေးမိမည်ကိုပင်။

သူက စိတ်ဝိညာဥ်အာရုံကို ပြန်နုတ်ယူလိုက်ပြီး ရုတ်တရက် သူ၏အမူအရာ ရိပ်ခနဲဖြစ်သွားသည်။ သူသည် လျှပ်စီးတိမ်တိုက်ကိုဖြတ်၍ အပြင်ဘက်ကမ္ဘာကို လှမ်းကြည့်လိုက်သည်။

ဤအခိုက်အတန့်တွင် ရောင်စုံအလင်းတန်းနှစ်တန်း ရှောင်မျိုးနွယ်စုတောင်ပေါ်ရွာအပေါ်ရှိ ကောင်းကင်ယံတွင် ပေါ်ပေါ်လာပြီးနောက် ရွာထံ ထိုးဆင်းလာကြသည်။ ရှေ့တွင်ဦးဆောင်နေသူက အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူက တကယ်တမ်းတော့ အလွန်ပုသော သက်ကြီးပုတစ်ယောက်ဖြစ်၏။ ပထမကြည့်ကြည့်ချင်း အထဲက လူပုလေးကို သတိမထားမိဘဲ အနက်ရောင်ဝတ်ရုံ လေကိုခွင်း၍ ပျံသန်းနေသည်ကိုသာ သင်မြင်ရပေလိမ့်မည်။

လူပုလေး၏နောက်တွင် အသတ်အဖြတ်စိတ်ဆန္ဒထုတ်လွှတ်နေသော မျက်လုံးများဖြင့် ရှုလော့ဒီဖြစ်သည်။ ဟုတ်ပါသည်၊ လူပုလေးက ရှုလော့ဒီ အကူအညီတောင်းခဲ့သည့် လူကြီးမင်းစန်းလော့က လွဲ၍တခြားမဟုတ်ပေ။

သူတို့နှစ်ယောက်သည် အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး တခဏအတွင်း ရှောင်မျိုးနွယ်စုတောင်ပေါ်ရွာတွင် ဆင်းသက်ခဲ့ကြလေပြီ။ လူပုလေးက ရှောင်မျိုးနွယ်စုတစ်ခုလုံး ဖုံးလွှမ်းသွားသော မိုးခြိမ်းသံတမျှ စူးရှကျယ်လောင်သောအသံတစ်သံဖြင့် စကားပြောလိုက်သည်။ ရှောင်ကိုင်ဖန်း၏မျက်နှာလေး ဖြူဆုပ်သွားကာ ရှောင်ချန်အန်း၏သူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူ၏မျက်လုံးများသည် ထိတ်လန့်ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်သွား၏။

ဘယ်သူမှ ထွက်မလာနိုင်ခင် ဝုန်းခနဲ ပေါက်ကွဲသံကြီးတစ်သံ လေထဲပြည့်နှက်သွားပြီး ဒိုင်းအကာအကွယ် အစိတ်စိတ်အမွမွ ဖျက်စီးခံလိုက်ရသဖြင့် ရှောင်မျိုးနွယ်စုတစ်စုလုံး တသိမ့်သိမ့်တုန်ခါသွားသည်။ ကန်အပြင်နားလေးရှိ ရှောင်မျိုးနွယ်စုပင်မဂိတ်မှာ ချက်ချင်း ပြိုကျသွားလေသည်။ လေပြင်းတစ်ချက်က ပတ်ဝန်းကျင်တစ်ခုလုံးကို လှဲကျင်းတိုက်ခတ်သွားသည်။

ရှောင်မျိုးနွယ်စု၏ လူနေအိမ်များ တုန်ခါသွားပြီး တစ်ချို့တစ်ဝက် ပြိုကျကုန်သည်။ ကျင့်ကြံအားထုတ်ခြင်းမပြုနိုင်သော ရှောင်မျိုးနွယ်ဝင်များ ထိုအသံကြားသောအခါ တဆတ်ဆတ်တုန်ရီသွားကြသည်။ ရှောင်ချန်အန်းက မျက်နှာဖြူဖပ်ဖြူလျော်နှင့် အဖွဲ့တစ်ဖွဲ့အား ဦးဆောင်၍ ကမန်းကတမ်းထွက်လာသည်။ ပြိုကျသွားသောပင်မဂိတ်နှင့် အနက်ရောင်ဝတ်ရုံတရွတ်တိုက်ဆွဲလျက် ခြေလှမ်းကြဲကြဲလျှောက်လာနေသော လူပုလေးကို မြင်သောအခါ ရှောင်ချန်အန်း၏မျက်နှာတွင် အံ့သြမှုများပြည့်နှက်သွားသည်။ ရှောင်ချန်အန်း နောက်သို့ယိမ်းယိုင်သွား၏။

"ဒီတော့ ဒီအရိုင်းအစိုင်းပါလား..... ရှောင်မျိုးနွယ်စုပျက်ကိန်း ရောက်လာတာ ဖြစ်နိုင်မလား......" လူပုလေး၏တည်ရှိမှုကြောင့် သူ့မှာ စစ်ဝိညာဥ်ကိုပင် မဆင့်ခေါ်နိုင်တော့ပေ။

လူကြီးမင်းစန်းလော့သည် ဤနယ်ပယ်တစ်ခွင် အတော်လေးကျော်ကြား၏။ သူသည် သွေးမိစ္ဆာဂိုဏ်းကိုတော့ မထိရဲသော်လည်း ပတ်ဝန်းကျင်ကျင့်ကြံသူမျိုးနွယ်စုများအကြားတွင် ဘယ်သူမှ သူ့ကို ရန်မစရဲကြပေ။

( သွေးမိစ္ဆာဂိုဏ်းအစား သွေးမိစ္ဆာဂိုဏ်းလို့ ပြောင်းထားပါတယ်)

သူ၏ကျင့်ကြံခြင်းအခြေခံမှာ အတိုင်းထက်အလွန်မြင့်မားပြီး တကယ်တမ်း ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်တွင် ဖြစ်သည်။ သူ့အတွက် အနုသုခုမအမြုတေအဆင့်သို့ ရောက်ရှိရန် သိပ်ကြာတော့မည်မဟုတ်ပေ။ သူသည် သွေးအေးရက်စက်ပြီး စကားတစ်ခွန်းမှားသွားလျှင်ပင် ရက်ရက်စက်စက်တိုက်ခိုက်မည်ဖြစ်သည်။ သူက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ဂုဏ်ပုဒ်တစ်ခု ပိုင်ဆိုင်ထားလေသည်။

ထိုတစ်ချက်နှင့်တော့ သူသည် ဤမျှနေရာကောင်းကောင်းတွင် မရှိနိုင်ပေ။ ဤပတ်ဝန်းကျင်ရှိ ကျင့်ကြံသူမျိုးနွယ်စုများအားလုံး၌ သွေးမိစ္ဆာဂိုဏ်းနှင့်အဆက်အသွယ်ရှိသည့်သူများဖြင့် ပြည့်နှက်နေသည်မဟုတ်ပါလော။

သို့သော် .....ဤစန်းလော့သည် သွေးမိစ္ဆာဂိုဏ်း လက်ရှိမျိုးဆက်၏ ဂိုဏ်းသားတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သို့သော် သူက ဂိုဏ်းစည်းကမ်းများကို ချိုးဖောက်ခဲ့၍ ထုတ်ပယ်ခံခဲ့ရလေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အကောင်းပကတိအတိုင်းကျန်ခဲ့ပြီး အပြင်မှာပြဿနာမရှာရန် တားမြစ်ခံခဲ့ရသည်။ သူ့တွင် လူပုလေးမဟုတ်သော အစ်ကိုကြီးတစ်ယောက်ရှိပြီး သာလွန်ထူးကဲသော ပင်ကိုယ်စွမ်းရည်ရှိကြောင်းကိုပင် ရှောင်ချန်အန်း ကြားခဲ့ဖူးသည်။ သူက သွေးမိစ္ဆာဂိုဏ်း၏ ရွေးချယ်ခံတစ်ဦးဖြစ်ပုံထောက်သည်။

"ကျုပ် ရှောင်ချန်အန်း လူကြီးမင်းစန်းလော့ကို အရိုအသေပေးပါတယ်" ရှောင်ချန်အန်းက လူကြီးမင်းစန်းလော့ အသတ်အဖြတ်အရှိန်အဝါထုတ်လွှတ်ရင်း ရှုလော့ဒီကို ဘေးတွင်ထားကာ ချဥ်းကပ်လာသည်ကို ကြည့်ပြီး ဖြူဖျော့နေသောမျက်နှာဖြင့် ပြောသည်။ ရှုလော့ဒီ၏ ကျေနပ်နေသောမျက်လုံးများက ရှောင်ချန်အန်း သက်ပြင်းခိုးချမိလိုက်စေသည်။ သူ့မှာ ယခုတွင် မန်ဟို့အပေါ် မျှော်လင့်ချက်သိပ်မထားထားပေ။ မန်ဟို၏ ဝိညာဥ်အစေခံမှာ အစွမ်းထက်သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံက အားနည်းလွန်းသည်။

စန်းလော့က ရှုလော့ဒီနှင့်အတူ ရှောင်မျိုးနွယ်စုထံ ချဥ်းကပ်လာပြီး အေးစက်စက်နှာမှုတ်လိုက်သည်။ သူ၏မျက်လုံးများက ဝတ်ရုံအတွင်းမှ ဝေ့ကြည့်လိုက်လေသည်။

"ရှောင်ချန်အန်း" ရှူလော့ဒီက ပြောသည်။ " ခင်ဗျား ဖိတ်ထားတဲ့ စုန်းကျင့်ကြံသူကို ခေါ်လိုက်" သူက အေးစက်စွာ ရယ်လိုက်သည်။ "မျက်နှာပြဖို့တောင် ကြောက်နေပြီလား စုန်းကောင်လေးရေ" သူ့အသံ ဟိန်းထွက်လာရာ ရှောင်ချန်အန်းကို စကားတစ်ခွန်းမှ ပြန်မပြောရဲသဖြင့် ခါးသက်စွာ ရပ်နေစေသည်။ သူ့အနောက်က သူ၏ မျိုးနွယ်ဝင်များမှာ တဆတ်ဆတ်တုန်နေကြသည်။ ရှောင်ကိုင်ဖန်းသာလျှင် မျက်နှာဖြူဆုပ်နေသော်လည်း ဒေါသမီး တဝင်းဝငတောက်နေသော မျက်လုံးများဖြင့် မလှုပ်မယှက်ရပ်နေသည်။

စန်းလော့သည် ရှောင်မျိုးနွယ်ဝင်များထိတ်လန့်နေကြသည်ကို အရသာခံရင်း ရပ်နေ၏။ သူက ရှုလော့ဒီ၏စကားလုံးများကိုလည်း ဘဝင်ခိုက်နေသည်။ သူ့မှာ စိတ်ထဲတွင် သက်ပြင်းမချမိဘဲ မနေတော့ပေ။ သူ့အတွက် ဘဝမှာ နှင်းပွင့်များကဲ့သို့ အထီးကျန်လှသည်။ အဖော်မဲ့ခြင်းက မင်းမူနေပြီး သူ့နှလုံးသားထဲတွင်တော့ သူ့ကိုအနိုင်ယူနိုင်မည့်သူတစ်ယောက်ကို ရှာတွေ့ရန် ပြင်းပြနေချေသည်။

သူ မသိလိုက်သည်က ရှုလော့ဒီအသံ လျှပ်စီးတိမ်တိုက်ကို ကျော်ဖြတ်သွားသည်နှင့်တစ်ပြိုင်နက် မန်ဟို ထရပ်လိုက်သည်ကိုပင်။

မန်ဟို အသားဂျယ်လီအသံကိုလည်း ကြားလိုက်ပြီး ၄င်းက သြဝါဒအား အဆုံးသတ်ရန် ပြင်နေပုံရသည်။ သူ၏တွက်ချက်မှုအရ ၄င်း သူ့ကို နားဒုက္ခပေးရန် သိပ်ကြာတော့မည်မဟုတ်ပေ။

"ဒီဝဋ်ကလွတ်အောင် ကူညီပေးမယ့်သူတစ်ယောက် တကယ်လိုတယ်" သူက တွေးသည်။ "ငါ တကယ် စိတ်ဆင်းရဲလှပြီ" သူက အံတင်းတင်းကြိတ်ပြီး ခြေလှမ်းကြဲကြဲများဖြင့် လျှောက်ထွက်သွားသည်။

မိုးကြိုးတိမ်တိုက်တစ်ခု တလိပ်လိပ်ထွက်ပေါ်လာသဖြင့် ကန်ပတ်လည်က လေထု ဂယက်ရိုက်ခတ်သွားသည်။ မန်ဟိုသည် အတော်လေး ခါးသီးနေသောအသွင်ဖြင့် ရှေ့လျှောက်လာ၏။ သူ့အောက်က မြေကြီး နိမ့်ချည်မြင့်ချည်လှုပ်ရှားသွားပြီး နွယ်ပင်များက ရှေ့နောက်ယိမ်းထိုးရင်း စူးစူးဝါးဝါးအော်သံများ ထုတ်လွှတ်ကာ ထိုးထွက်လာသည်။

အသားဂျယ်လီ၏ ကျေးဇူးကြောင့် မန်ဟို၏မျက်လုံးများ နီရဲနေသည်။ သူက ရှုလော့ဒီနှင့် လူပုလေးကို ကြည့်လိုက်သည်။ သူသည် တိုက်ပွဲအနည်းငယ်ကြာရှည်ရန် မျှော်လင့်ချက်များဖြင့် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ကို ပစ်မှတ်ထားရန်ဆုံးဖြတ်လိုက်သည်။

"မလောက်လေးစား ချီအခြေတည်ခြင်းစဦးပိုင်းအဆင့်" သူက မန်ဟိုချဥ်းကပ်လာသည်ကို အေးစက်စွာ ကြည့်ရင်း ပြောသည်။ "ရှုလော့ဒီ မင်းလဲ မျှော်လင့်ချက်မဲ့နေပြီ" သူ၏ မောက်မာဝင့်ကြွားမှုများ ပြည့်နှက်နေသော မျက်လုံးများက ဝတ်ရုံအတွင်းမှ လှမ်းကြည့်သည်။ နောက်တစ်ဖန် သူ့နှလုံးသားထဲတွင် အထီးကျန်ခြင်းများဖြင့် ပြည့်နှက်သွားပြန်သည်။

"လူကြီးမင်းစန်းလော့ ခင်ဗျား ကျုပ်ကို အပြစ်မတင်ပါနဲ့" ရှုလော့ဒီက ကပျာကယာပြောသည်။ "ဝိညာဥ်အစေခံကိုသာ ဖယ်ရှားဖို့ ကူညီပေးပါ။ အဲ့တာသာမရှိရင် ကျုပ် ဒီကောင့်ကို အလွယ်တကူ အရေခွံစုတ်ပစ်နိုင်တယ်" သူသည် မန်ဟို့ကို အကြင်နာမဲ့စွာ ကြည့်၏။

ရှုလော့ဒီမသိသည်က စစ်မှန်သောရက်စက်မှုမှာ မန်ဟို့အပေါ်မကျရောက်ဘဲ နှင်းကဲ့သို့ အထီးကျန်နေသော စန်းလော့အပေါ်ကျရောက်မည်ကိုပင်။ စန်းလော့ သူ့ဘဝတစ်လျှောက်လုံး ဘယ်တော့မေ့တော့မည်မဟုတ်သည့် တစ်စုံတခု ဖြစ်ပွားတော့မည်။ ၄င်းက သူ၏ကျန်ရှိသောနေ့ရက်များအတွက် အိပ်မက်ဆိုးများပေးပြီး သူ့ဝိညာဥ်ပေါ်တွင် အရိပ်တစ်ခုအုပ်မိုးနေစေမည်.....၄င်းက တခဏအတွင်း ဖြစ်ပျက်ပေတော့မည်။

ထို့နောက်တွင်တော့ စန်းလော့တစ်ယောက် နှင်းကဲ့သို့ အထီးကျန်နေတော့မည်မဟုတ်ပေ.....

***

All Chapters