← Chapters

သွေးမိစ္ဆာတာအိုကလေး

Vol. 13 Ch. 171

သွေးမိစ္ဆာတာအိုကလေး

Vol. 13 Ch. 171

စန်းလော့က ရှုလော့ဒီကို တုံ့ပြန်ဟန်ဖြင့် မောက်မောက်မာမာနှာခေါင်းရှုံ့လိုက်သည်။ ရှုလော့ဒီသည် ချဥ်းကပ်လာနေသောမန်ဟို့ကို ကြည့်ရင်း စိတ်အားတက်ကြွလာဟန်တူသည်။ သူ၏မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေ၏။

"ဒီနေ့ ရှုလော့ဒီ မကူညီသင့်တဲ့လူတစ်ယောက်ကို ကူညီရင် ငါ့အမျက်ရှခံမယ်ဆိုတာ မင်းနားလည်အောင် ကူညီပေးမယ်" သူသည် ထိန်းမနိုင်သိမ်းမရလောက်အောင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသော အသံကြီးဖြင့် ပြောသည်။ "ပြီးတော့ စုန်းကျင့်ကြံသူတွေ ဘာကိုအကြောက်ဆုံးလဲဆိုတာ နားလည်အောင် ငါကူညီပေးမယ်"

ရှောင်မျိုးနွယ်ဝင်များအားလုံး မျက်နှာဖြူဆုပ်သွားကြသည်။ ရှောင်ချန်အန်းက လုပ်ခဲ့ပြီးသည့်အရာကို ပြင်ဆင်၍မရတော့ကြောင်း ကောင်းကောင်းသိသဖြင့် ခါးသက်သက်ရယ်လိုက်သည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား ရုတ်တရက် တဟုန်းဟုန်းတောက်လျက် ရှေ့လျှောက်သွားသည်။ ၄င်းသည် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်စွမ်းအား  ဖြစ်သော်လည်း အတော်လေးအားနည်းနေပုံရသည်။ သူ့မှာ သက်တမ်း၏အဆုံးသတ်သို့ ရောက်ရှိနေပြီဖြစ်၍ သူ၏ချီကြောများမှာ အချိန်အတော်ကြာကတည်းက ခြောက်သွေ့လာခဲ့လေပြီ။ အားတင်းပြီး ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်စွမ်းအားကို သူ ခင်းကျင်းပြသနိုင်သော်လည်း ထိုသို့လုပ်ခြင်းက တကယ်တမ်း သူ့အသက်စွမ်းအားကို ထိခိုက်စေသည်။

"ဒီနေ့ကိစ္စက ရှောင်မျိုးနွယ်စုနဲ့ပဲဆိုင်တယ်။ အပြင်လူနဲ့မဆိုင်ဘူး" သူ၏ခန္ဓာကိုယ်တစ်ခုလုံး အရပ်ပိုမြင့်လာပုံရသည်။ "ဒီပုဂ္ဂိုလ်က ရှောင်မျိုးနွယ်စုက ဖိတ်ထားတဲ့လူမဟုတ်ဘူး။ ဒီတိုင်းဖြတ်သွားဖြတ်လာတစ်ယောက်ပဲ။ ရှောင်မျိုးနွယ်စုပျောက်ကွယ်ခြင်းက မိုးကောင်းကင်ရဲ့အလိုဆန္ဒဆိုရင်တော့ ဒီဝိညာဥ်ရေကန်ကို ယူလိုက်။ ဒါပေမယ့် မင်း ငါ့ မျိုးနွယ်ဝင်တစ်ယောက်ယောက်ကို လိုချင်ရင် သူတို့ကို ကောင်းကောင်းဆက်ဆံရမယ်။ မဟုတ်ရင် ငါသေသွားခဲ့ရင်တောင်မှ မင်းပေးဆပ်ရအောင် လုပ်မယ်" သူ၏စကားလုံးများက ကြီးမားသောစွမ်းအားကြီးဖြင့် ပဲ့တင်ထပ်လာရာ ရှုလော့ဒီကို မျက်မှောင်ကြုတ်သွားစေ၏။

လူပုလေးစန်းလော့ကတော့ ညှောင်နာနာရယ်လိုက်သည်။

မန်ဟိုသည် ရှောင်ချန်အန်းကို လှမ်းကြည့်ပြီး ရုတ်တရက် ထိုလူ့အပေါ် သူ၏ခံစားချက်များ ပြောင်းလဲသွားသည်။ သူက ခေါင်းညိတ်ပြီး အေးစက်စွာ ပြောသည်။ "တာအိုရောင်ရင်းရှောင်၊ ခင်ဗျား ကျုပ်ကို လက်ဆောင်အဖြစ် ဒီရေကန်မပေးခဲ့ဘူးလား။ ဒီလိုသာဆိုရင် ဒါက ကျုပ်ပိုင်တယ်။ ဒီက တစ်ယောက်ယောက်များ လုယူရဲသလား" သူ့အရှေ့က နွယ်များက စန်းလော့နှင့်ရှုလော့ဒီထံပြေးဝင်သွားသည်။

စန်းလော့က အထင်သေးစက်ဆုပ်ခြင်းများပြည့်နှက်နေသော ခပ်စူးစူးရယ်သံကြီးဖြင့် အော်ရယ်လိုက်သည်။ သူက အင်္ကျီလက်စကို ခမ်းနားကြီးကျယ်စွာ ခါလိုက်ရာ အထဲမှ အနက်ရောင်ချုပ်နှောင်ကျောက်တုံးတစ်တုံး ပျံထွက်လာသည်။ ၄င်းသည် ပြန့်ကားလာပြီး အားကောင်းသောဖိအားတစ်ခု ထုတ်လွှတ်ရင်း တဟုန်ထိုးရှေ့ထွက်သွားကာ နွယ်အားလုံး ရပ်တန့်သွားစေသည်။ ပင်မနွယ်ပင်တစ်ပင်သာ ဟိန်းဟောက်ရင်း ကျန်ခဲ့သည်။

စန်းလော့က ခပ်စူးစူးရယ်သံနှင့်အတူ ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူက ညာလက်ကိုမြှောက်လိုက်ရာ သာမန်လူတစ်ယောက်ထက် သေးသော လက်တစ်ဖက်ပေါ်လာသည်။ သူက ၄င်းကို ချဥ်းကပ်လာနေသော ပင်မနွယ်ပင်ထံ ဝှေ့ယမ်းလိုက်သည်။ အနက်ရောင်လေတစ်ချက် ဝေ့တက်လာပြီး နွယ်ပင်ကို ဖြတ်တိုက်သွားသည်။

တစ်ချိန်တည်းမှာပင် ရှုလော့ဒီ၏ရယ်သံ လေထဲပြည့်နှက်သွားသည်။ သူက ရက်စက်သော အသတ်အဖြတ်စိတ်ဆန္ဒဖြင့် မျက်လုံးများ တောက်ပနေရင်း မန်ဟို့ထံ တန်းခနဲ ပြေးဝင်သွားသဖြင့် သူ၏ခန္ဓာကိုယ် ရိပ်ခနဲဖြစ်သွားသည်။ သို့သော် သူလှုပ်ရှားလိုက်သည့်အခိုက်အတန့်တွင် ရှောင်ချန်အန်းက သူ့လမ်းကို ဟန့်တားရန် ရုတ်တရက် ခုန်လိုက်သည်။ အထင်သေးသောမျက်နှာထားဖြင့် ရှုလော့ဒီက အင်္ကျီလက်စကို ခါလိုက်သည်။ ဟိန်းဟောက်သံတစ်သံ လေထဲပြည့်နှက်သွားပြီး ရှောင်ချန်အန်း နောက်သို့ တွန်းထုတ်ခံလိုက်ရ၏။

"ကျုပ် အခု ခင်ဗျားကို မသတ်သေးဘူး" သူက ရယ်သည်။ "ကျုပ်တို့ မကြာခင် ခမည်းခမက်တွေဖြစ်တော့မှာဆိုတော့ မင်္ဂလာဝိုင် သောက်ဖို့ရှိသေးတယ်လေ" သူက မန်ဟို့ထံ တဟုန်ထိုးပြေးဝင်သွားသည်။ "ပြီးတော့ အခု စုန်းကျင့်ကြံသူတွေ ခေါင်းဖြတ်သတ်ခံရမှာကို ဘာကြောင့်အကြောက်ဆုံးလဲဆိုတာ နားလည်အောင် ကူညီပေးမယ်" သူက မောက်မာစွာ ရယ်လိုက်သည်။

အခြားတစ်ဖက်တွင် မန်ဟို၏မျက်နှာကား ခါတိုင်းကဲ့သို့သာဖြစ်သည်။ သူက တစ်ချက်လေးပင် ပြောင်းလဲခြင်းမရှိဘဲ ရှုလော့ဒီကို ချဥ်းကပ်ခွင့်ပေးလိုက်သည်။

ရှုလော့ဒီ ကိုးမီတာခန့် ကွာဝေးတော့ချိန် မန်ဟို၏မျက်လုံးများ ရုတ်တရက် အေးစက်သောအလင်းတစ်ခုဖြင့် တောက်ပသွားသည်။ သူက ညာလက်ကို မြှောက်လိုက်ရာ ဟိန်းဟောက်နေသော မီတာသုံးရာအရှည် မီးနဂါးကြီးတစ်ကောင်နှင့်အတူ တဟုန်းဟုန်းတောက်နေသောမီးပင်လယ်တစ်စင်းထွက်ပေါ်လာသည်။

မီးနဂါးကြီး ထွက်ပေါ်လာသောအခါ ရှုလော့ဒီ၏အမူအရာမှာ ရုတ်တရက် လုံးဝ မယုံကြည်နိုင်သောအသွင် ပြောင်းသွားသည်။

"ဒါ.....ဒါက....." သူ့မှာ မြင်နေရသောအရာကို မယုံရဲသည့်အလားပင်။ သို့သော် သူသည် မီးနဂါးကြီးထုတ်လွှတ်နေသည့် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ထက် သာလွန်သော ဖိအားကြီးကို ခံစားလိုက်ရသည်။

သေရေးရှင်ရေးအန္တရာယ်အာရုံတစ်ခုက သူ၏ခေါင်းကို တဝီဝီမြည်သံတစ်သံဖြင့် လွှမ်းမိုးသွားရင်း သူ့တစ်ကိုယ်လုံး ပြည့်နှက်သွားသည်။ မရေမတွက်နိုင်သော မိုးကြိုးများပေါင်းစွာ သူ၏ခန္ဓာကိုယ်ကို ပစ်ချလိုက်သည့်အလားပင်။ သူ၏မျက်နှာမှာ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။

"ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်" သူ၏ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်ရီလာပြီး စိုးရိမ်ကြောက်လန့်မှုများ သူ၏မျက်လုံးများမှ တောက်ပလာသည်။ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်လူငယ်က အဘယ်သို့ ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့် စွမ်းအားကို ထုတ်လွှတ်နိုင်သနည်း။ သူပြောနေသည့် ခေါင်းဖြတ်ခြင်းအတွက်မူ သူအလွယ်တကူ အနိုင်ယူနိုင်မည်ထင်ခဲ့သောလူက ရုတ်တရက် သူ့ကို အကြိမ်ပေါင်းများစွာ သတ်နိုင်သော ခရမ်းရောင်သားရဲကြီးတစ်ကောင်အသွင်ပြောင်းသွားခဲ့လေပြီ။

သူ တစ်ယောက်တည်းသာ တုန်လှုပ်သွားခြင်းမဟုတ်။ ရှောင်ချန်အန်းလည်း ပင့်သက်ရှိုက်ပြီး ကြောင်တောင်တောင် ငေးကြည့်နေချေသည်။ သူ့မှာ မြင်နေရသည့်အရာကား ပုံမှန်အတိုင်း တုံ့ပြန်နိုင်စွမ်းမရှိတော့ပေ။ သူ၏ခေါင်းသည် တဝီဝီမြည်သံများဖြင့် ပြည့်နှက်နေ၏။ ထို့နောက် သူ၏မျက်လုံးများမှာ ပျော်ရွှင်မှုများဖြင့် တောက်ပလာတော့သည်။

မီးနဂါးကြီးပေါ်ပေါက်လာသောအခါ လူပုလေးစန်းလော့ ဖိနှိပ်ခံခဲ့ရသော နွယ်များ ရုတ်တရက် တုန်ခါပြီး မြောက်တက်လာကြသည်။ အနက်ရောင်ဝတ်ရုံထဲရှိ မျက်လုံးနှစ်လုံး ဝိုင်းစက်ပြူးကျယ်သွားသည်။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း တကယ်တမ်း လျှပ်တပြက်ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ရှုလော့ဒီ၏ အသံ ကြားလိုက်ရချိန်မှာပင် ၄င်းသည် ပတ်ဝန်းကျင်တစ်ခွင်လုံး ဟိန်းထွက်သွားသော သွေးပျက်ချောက်ချားဖွယ်အော်သံကြီးဖြင့် အစားထိုးခံလိုက်ရသည်။ မီတာသုံးရာအရှည် မီးနဂါးကြီး သူ့ကို ဝင်တိုက်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်သည် ချက်ချင်း မီးလောင်ပြာကျကာ လေတွင် မျောလွင့်သွားတော့သည်။ သူ၏အော်သံသာ ပဲ့တင်ထပ်လျက် ကျန်ရစ်ခဲ့သည်။

သူ၏သိုလှောင်အိတ်က မန်ဟို့လက်ထဲ ပျံလာသည်။

မြင်ကွင်း လူတိုင်းရှေ့ ဖြစ်ပျက်သွားစဥ် ရှောင်ချန်အန်း၏အမူအရာမှာ စိတ်လှုပ်ရှားလာ၏။ သူ့ဘေးက ရှောင်ကိုင်ဖန်းသည် မျက်ဝန်းကလေးများ ထူးဆန်းသောအလင်းများဖြင့် ပြည့်နှက်နေရင်း မန်ဟို့ကို စိုက်ကြည့်နေသည်။

စိတ်လှုပ်ရှားနေသော မျှော်လင့်ချက်များဖြင့် မန်ဟို့ကို စိုက်ကြည့်နေကြသော ရှောင်မျိုးနွယ်ဝင်များကို ပြောစရာပင်မလိုတော့ပေ။

စန်းလော့၏အမူအရာ ရုပ်ဆိုးသွားသည်။ ရှုလော့ဒီ၏သေဆုံးခြင်းကို မျက်မြင်ကိုယ်တွေ့မြင်ရခြင်းကြောင့် သူ၏နှလုံးမှာ ယခုတွင် တဒိန်းဒိန်းခုန်နေချေပြီ။ သူက ပင်ကိုယ်အားဖြင့် သတိရှိသောလူတစ်ယောက်ဖြစ်၍ ရုတ်ခြည်းနောက်ဆုတ်လိုက်သည်။ သူသည် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ဖြစ်သော်လည်း သူ့ကိုယ်သူ အစွန့်စားခံမည့်လူစားမျိုးတော့ မဟုတ်ပေ။ သူက ထွက်ပြေးရန် ကြိုးစားလိုက်သဖြင့် သူ၏ခန္ဓာကိုယ် ရိပ်ခနဲ ဖြစ်သွားသည်။ သူ့စိတ်ထဲတွင် သူ၏ပြိုင်ဘက်က စိုးရိမ်ကြောင့်ကြမှုအနည်းငယ်ရှိလောက်သော်လည်း နောက်ကလိုက်မည်တော့ မဟုတ်ပေ။

သူ၏ပြိုင်ဘက် နောက်ကမလိုက်လျှင် သူကိုယ်သူ ညံ့သည်ဟုမြင်ကြောင်း သက်သေဖြစ်မည်။ ထိုဖြစ်ရပ်တွင် စန်းလော့ သူ့ကို လျှပ်တပြက် နောက်ပြန်တိုက်ကွက် ထုတ်လွှတ်နိုင်သည်။ ယင်းသည် သူ မီးတောက်များ အပြာရောင်ပြောင်းသည့်တိုင်အောင် လေ့ကျင့်ထားခဲ့ပြီး မကြာခဏ အသုံးပြုတတ်သော ဗျူဟာတစ်ခုဖြစ်သည် ။ သို့သော် သူပျံထွက်လိုက်သည်နှင့်တစ်ပြိုင်နက် မန်ဟိုက အေးစက်စက်နှာမှုတ်ပြီး လေထဲခုန်တက်ကာ ရောင်စုံအလင်းတန်းအသွင်ပြောင်းရင််း စန်းလော့နောက်လိုက်သည်။

ဤသည်ကို မြင်သော် စန်းလော့ ချက်ချင်း မျက်နှာပျက်သွားသည်။

"သူ့ငါ့နောက်လိုက်တဲ့အချက်က ငါ့ကို သတ်နိုင်တယ်တွေးနေတဲ့ သက်သေပဲ။ ဒါမဖြစ်နိုင်ဘူး" သူသည် ရင်တဒိန်းဒိန်းခုန်လျက် ရှေ့ပြေးသွား၏။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်ချုပ်နှောင်ကျောက်တုံးသည် တဝီးဝီးအသံများ ထုတ်လွှတ်၍ မန်ဟို့ထံ ပြေးဝင်သွားသည်။

မန်ဟိုသည် လွယ်လွယ်ကူကူတော့ မဟုတ်သော်လည်း တာအိုမဏ္ဍိုင် ၉ ခု ရှိသော ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူများကို တိုက်ခိုက်နိုင်သည်။ သို့သော် စန်းလော့မှာ တာအိုမဏ္ဍိုင် ၇ ခု သာရှိ၏။ မန်ဟို သူ့ကို အေးအေးဆေးဆေး အထင်သေးနိုင်သည်။ သူ၏ညာလက်သည် ဂါယာမန္တန်ယားဆိုင်ရာမုဒြာဟန်လက်သွားပြီး သစ်သားဓားနှစ်လက်ထွက်ပေါ်လာသည်။ တစ်လက်က အနက်ရောင်ချုပ်နှောင်ကျောက်တုံးထံ ပြေးဝင်သွားပြီး အခြားတစ်လက်က စန်းလော့နောက်လိုက်သွားသော ရောင်စုံအလင်းတန်းတစ်တန်းဖြစ်သွားသည်။

ဝုန်းခနဲ ပေါက်ကွဲသွားပြီး အနက်ရောင်ချုပ်နှောင်ကျောက်တုံး အစိတ်စိတ်အမြွှာမြွှာကြေမွသွားသည်။ စန်းလော့က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူက ချဥ်းကပ်လာနေသော သစ်သားဓားကို ကြည့်ပြီး တစ်ကိုယ်လုံး တုန်တက်သွားသည်။ သူသည် သူ့လက်ချောင်းနှစ်ချောင်းကြား၌ ကျောက်စိမ်းပြားတစ်ပြား ဆတ်ခနဲညှပ်လိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် ဂါယာမန္တယားဆိုင်ရာ မုဒြာဟန်ဖော်ကာ သူ့အရှေ့ကလေထုတွင် ညာဖက်လက်ခလယ်ကို ဝှေ့ယမ်းလိုက်သည်။

သူထိုသို့လုပ်လိုက်စဥ် သူ၏လက်ချောင်းသည် သူ့ပတ်လည်မှ ထူးဆန်းသော စွမ်းအားတစ်မျိုးကို စုပ်ယူနေသည့်အလား သူ့ပတ်လည်ကအရာအားလုံး မည်းမှောင်လာပုံရသည်။ သူ၏ခန္ဓာကိုယ်က စိတ်ပျက်ဖွယ် ရွစိရွစိဖြစ်စေသော ချီဓာတ်တစ်ခု စတင်ထုတ်လွှတ်လိုက်သဖြင့် မန်ဟိုမျက်မှောင်ကြုတ်သွားသည်။

သူ ဤသည်နှင့် ဆင်တူသော ချီဓာတ်ကို ပထမဆုံးအကြိမ် အာရုံရခဲ့သည်မှာ ချင်းလော်ဂိုဏ်းမှာတုံးကဖြစ်သည်။ သို့သော် ဤချီမှာ လပြည့်ဝန်းနှင့် ပိုးစုန်းကြူးကို နှိုင်းယှဥ်နေသည့်အလား များစွာ အားနည်းလေသည်။ တကယ်တမ်း သူ ယခုတွေးကြည့်သည့်အခါမှ တောင်ကြားရှိ ဂူထဲတွင်လည်း တူညီသောတုံပြန်မှုကို တွေ့ကြုံခဲ့ရဖူးသည်။

သစ်သားဓား လေလယ်တွင် ကျွီခနဲရပ်သွားသဖြင့် ပေါက်ကွဲသံတစ်သံ နောက်ဖန် မြည်ဟည်းသွားပြန်သည်။ လေကြမ်းတစ်ချက်က လူပုလေး၏ဝတ်ရုံများကို ပြန်တိုက်ခတ်လိုက်ရာ ကြောက်လန့်နေသောအရုပ်ဆိုးဆိုးမျက်နှာနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေသော ထူးထူးဆန်းဆန်းမျက်လုံးနှစ်လုံး ထွက်ပေါ်လာသည်။ ချွေးသီးချွေးပေါက်များ သူ့မျက်နှာ စီးကျလာသည်။

"တာအိုရောင်ရင်း၊ စကားလေးဘာလေးပြောရအောင်" စန်းလော့က စိတ်လှုပ်ရှားစွာ ပြောသည်။ သူ စွမ်းအားအားလုံးအသုံးပြုနေသည့်အချိန် သူ၏ပြိုင်ဘက်က ပုံမှန်အတိုင်းပြုမူနေသည်ကို သူပြောနိုင်သည်။

ပညာရှင်များကြားက ကွာခြားချက်များမှာ များသောအားဖြင့် ချက်ချင်းသိသာလေသည်။

မန်ဟိုက လူပုလေးထံမှ ထုတ်လွှတ်နေသော ချီကို တခဏ အာရုံခံလိုက်သည်။ သူရင်ဒိန်းခနဲ ခုန်သွား၏။ သူ့တွင် ဤချီနှင့်စပ်လျဥ်း၍ ခန့်မှန်းချက်များရှိပြီး ယခုနောက်တစ်ဖန်မြင်ရသောအခါ သူက လက်ကိုမြှောက်ပြီး လက်တစ်ချောင်းဆန့်ထုတ်လိုက်သည်။

"မိစ္ဆာချုပ်နှောင်ခြင်း၊ အဋ္ဌမမန္တန်"

သူ၏လက်ချောင်း နိမ့်ဆင်းလာစဥ် အရာအားလုံး မည်းမှောင်သွားသည်။ စန်းလော့မှာ ရုတ်တရက် တဆတ်ဆတ်တုန်လာပြီး သူ၏မျက်လုံးများသည် အံ့သြခြင်းများဖြင့် တောက်ပသွားသည်။ သူသည် ကောင်းကင်နှင့်မြေကြီး၏ချီ ချက်ချင်းပြောင်းလဲနေသည်ကို ချက်ချင်းအာရုံရလိုက်၏။ ရုတ်တရက် သူ၏ကျင့်ကြံခြင်းအခြေခံ ဖိနှိပ်ခံလိုက်ရသည်။ သစ်သားဓား သူ့အရှေ့ ပြေးဝင်လာသဖြင့် ဝှီးခနဲအသံတစ်သံ ကြားလိုက်ရလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းက သူ၏လည်ပင်း ထိုးစိုက်တော့မည်ဖြစ်သည်။

သူ၏မျက်လုံးများသည် စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွား၏။ သို့သော် ဤအခိုက်အတန့်တွင် မန်ဟိုက အင်္ကျီလက်စကို ခါလိုက်သည်။ သစ်သားဓားသည် သူ၏ခေါင်းကို ပိုင်းဖြတ်မည့်အစား လည်ပြီး စန်းလော့ကိုပါတစ်ခါတည်း မန်ဟို့ဆီ ပြန်သယ်လာသည်။ မန်ဟို စန်းလော့ကို ဂုတ်မှလှမ်းဆွဲလိုက်သည်။

ဤအခိုက်အတန့်တွင် စန်းလော့၏ကျင့်ကြံခြင်းအခြေခံ ပုံမှန်ပြန်ဖြစ်သွားပြီး ခန္ဓာကိုယ်လှုပ်ရှားနိုင်သွားသည်။ သို့သော် သူ၏မျက်နှာကား အကြောက်တရားများဖြင့် ပြည့်နှက်လျက် ဖြူဖျော့နေချေသည်။ သူ့မှာ တစ်လက်မလေးပင် မလှုပ်ရဲ။ သူ့ဂုတ်ကို ဆုပ်ကိုင်ထားသည့်လက်က သေခြင်းတရားခံစားချက်တစ်ခု ထုတ်လွှတ်နေရာ သူ့ကို ရင်ခုန်သံတို့ မြန်ဆန်နေစေတော့သည်။ တိတိကျကျပြောရလျှင် မန်ဟိုနှင့်ဤမျှနီးကပ်နေခြင်းက သူ့တစ်ကိုယ်လုံး တဖိန့်ဖိန့်တုန်နေစေသည်။

မန်ဟိုမှ ထုတ်လွှတ်နေသော ချီကြောင့်ဖြစ်ပေါ်လာသည့် ခံစားချက်သည် သူ့နှလုံးသားကို အကြောက်တရားများဖြင့် ပြည့်နှက်နေစေ၏။

သူက ဖြူဆုပ်နေသောမျက်နှာနှင့် အထစ်ထစ်အငေါ့ငေါ့ပြောသည်။ "မင်း......မင်းက....."

ထိုအချိန် ကမ္ဘာ၏အခြားတစ်နေရာ၌ တစ်နှစ်ပတ်လုံး အနက်ရောင်တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေသော တောင်တန်းတစ်တန်းရှိသည်။ ဤတောင်တန်းရှိ တောင်ကြားတစ်နေရာတွင် လူငယ်နှစ်ယောက်ရှိ၏။ သူတို့သည် အကြားရှိ ကျားခုံကို ကြည့်ရင်း အတွေးထဲနစ်မြောလျက် မတ်မတ်ထိုင်နေကြသည်။

လူငယ်တစ်ယောက်က မထူးခြားသောအမူအရာနှင့်အတူ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည်။ ဤလူငယ်မှာ နတ်သက်ကြွေလာသည့်အလား အတိုင်းထက်အလွန် ချောမောလှပ၏။ သူ့လက်ထဲက ယပ်တောင်သည် ရှေ့နောက် ဖြေးဖြေးချင်း လှုပ်ရမ်းလျက်ရှိသည်။

အခြားတစ်ယောက်က အပြာရောင်ဝတ်ရုံဝတ်ဆင်ထား၏။ သူသည် အသက်သုံးဆယ်ခန့်ရှိပုံပေါ်သည်။ သူက ကျားရုပ်တစ်ရုပ်ကို ကိုင်ရင်း ကျားခုံကို အလေးအနက်စိုက်ကြည့်နေသည်။ ကျောက်စိမ်းပြားတစ်ပြားက သူ့မျက်နှာမှ တွဲလျားကျနေသည်။

ရုတ်တရက် ဖောက်ခနဲ အသံကြားလိုက်ရပြီး ၄င်းမျက်နှာပြင်ပေါ်တွင် အက်ကြောင်းတစ်ကြောင်းပေါ်လာသည်။

အက်ကြောင်းပေါ်လာသောအခါ အပြာရောင်ဝတ်ရုံနှင့်လူငယ် မျက်မှောင်ကြုတ်သွား၏။ သူက ကျောက်စိမ်းပြားကို ကြည့်ပြီးနောက် ကျားခုံကို ပြန်ကြည့်သည်။

"တစ်ခုခုဖြစ်လို့လား" အဖြူရောက်ဝတ်ရုံနှင့်လူငယ်က နူးညံ့ညင်သာသောအသံလေးဖြင့် မေးသည်။

"ဘာမှမဖြစ်ပါဘူး" အပြာရောင်ဝတ်ရုံနှင့်လူငယ်က လေးလေးစားစားပြန်ဖြေသည်။ "ကျွန်တော့်ရဲ့ ဆန်ကုန်မြေလေးညီပါ။ ပြိုင်ဘက်မဟုတ်တဲ့သူတစ်ယောက်ယောက်ကို သွားရန်စမိတာဖြစ်မယ်။ သူ့ကို လာကယ်စေချင်နေတာ"

"စန်းလော့ဖြစ်မယ်ထင်တယ်၊ ဟုတ်တယ်မလား....." အဖြူရောင်ဝတ်ရုံနှင့်လူငယ်က ပြုံးသည်။ "သွား အခြေအနေသွားကြည့်ပေါ့။ ငါ့မှာလဲ ဘာမှလုပ်စရာမရှိဘူး လိုက်ခဲ့ပေးမယ်"

အပြာရောင်ဝတ်ရုံနှင့်လူငယ်က ချက်ချင်း ထရပ်လိုက်၏။ "အရှင် ၊ အရှင့်ရဲ့ တာအိုကလေးရာထူးက မြင့်မြတ်လွန်းပါတယ်။ ကျွန်တော်....."

"ပြဿနာမရှိပါဘူး" ဤအဖြူရောင်ဝတ်ရုံနှင့်လူငယ်ကား သွေးမိစ္ဆာဂိုဏ်း၏ တာအိုကလေးတစ်ယောက်ကလွဲ၍ တခြားမဟုတ်ပေ။

***

All Chapters