ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်သို့တက်ခြင်း
Vol. 13 Ch. 172
ရှောင်မျိုးနွယ်စုတောင်ပေါ်ရွာတွင် ရှောင်ချန်အန်းသည် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် မန်ဟို့ကို ကြည့်နေ၏။ သူ၏နောက်လိုက်မျိုးနွယ်ဝင်များလည်း တက်တက်ကြွကြွကြည့်နေကြသည်။ မန်ဟိုက သူတို့ကို ခေါင်းညိတ်ပြလိုက်သော်လည်း ဘာမှမပြောပေ။ သူက စန်းလော့ကို ဂုတ်မှဆွဲလျက် ကန်နားက သူ၏အကာအကွယ်အခန်းထဲ ဝင်ရောက်သွားသည်။ လျှပ်စီးတိမ်တိုက် ထွက်ပေါ်လာ၏။
သူက တင်ပျဥ်ခွေထိုင်ပြီး စန်းလော့ကို ဆုပ်ကိုင်ထားသည်အား ဖြေလျော့ပေးလိုက်သည်။ သူက ပြန်မတိုက်ခိုက်ဘဲ မန်ဟို့၏အရှေ့တွင် မျက်နှာဖြူဖပ်ဖြူလျော်နှင့် မျက်လုံးများ ကြည်ညိုလေးစားသောအရိပ်အယောင်တစ်ခု တောက်ပနေလျက် ရပ်နေသည်။ သို့သော် စိတ်ထဲတွင်တော့ သူ၏အစ်ကိုကြီး သူ့လာကယ်မည်ကို ရင်တုန်တုန်ဖြင့် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သူ၏မျက်လုံးသေးသေးလေးများက ဟိုကြည့်သည်ကြည့် ကြည့်နေပြီး နောက်ဆုံး ကန်ဘေးတွင် ရပ်နေဆဲဖြစ်သည့် ဦးထုပ်အပေါ် ကျရောက်သွားသည်။ ဦးထုပ်၏ လေပေါနေသံများအား သူကြားသော်လည်း စိုက်ကြည့်မနေရဲပေ။ ဤနေရာမှာ သူ၏ချောင်ကျိုချောင်ကြားက အဖော်မဲ့တောင်တန်းထက်ပင် မယုံနိုင်စရာကောင်းလောက်အောင် ဆန်းကြယ်ကြောင်း သူရုတ်တရက် ခံစားလိုက်ရ၏။
မန်ဟိုက စန်းလော့ကို စိုက်ကြည့်ရင်း ဘာလုပ်ရမည်လဲ ဆုံးဖြတ်ရန်ကြိုးစားနေသည်။ နောက်ဆုံး သူသည် လေထဲလက်မြှောက်ပြီး ဖမ်းဆုပ်သောလှုပ်ရှားမှုတစ်ခုလုပ်လိုက်သည်။ စန်းလော့ကိုယ်မှ ထွက်နေသော ချီသည် မန်ဟို့လက်ဝါးအပေါ် စုဆုံလာ၏။ ၄င်းက မမြင်နိုင်သည့်ပုံရသော်လည်း မန်ဟို့အတွက်တော့ ရွစိရွစိနှင့် အလွန်စိတ်တိုစရာကောင်းသည်။
သူက ချီကို အနီးကပ်နေရင်း မျက်မှောင်ကြုတ်သွားသည်။ သူ၏မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။
"ဒါ မိစ္ဆာချီဖြစ်နိုင်မလား......" သူက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ သူသည် ချီကို ကွဲထွက်သွားစေပြီး စန်းလော့ကို အနီးကပ်ကြည့်လိုက်သည်။ စန်းလော့မှာ မန်ဟို့၏အကြည့်အောက်တွင် ကြက်သီးတဖြန်းဖြန်းထလာတော့သည်။
"တာအိုရောင်ရင်း..... " သူကပြောသော်လည်း မန်ဟိုစကားကြောင့် ပြတ်တောက်သွားသည်။
"ဒီမှာ ပြုပြင်ပြောင်းလဲပေးဖို့ လိုတဲ့ အကျင့်ပျက်ကျင့်ကြံသူတစ်ယောက်ရှိတယ်...." သူက ပြောပြီးနောက် မသိမသာ ချောင်းဟန့်လိုက်သည်။ ဤသည်ကိုကြားသော် စန်းလော့ မှင်တက်သွားသည်။ ရုတ်တရက် ယခုလေးတင် ကန်ထဲက ငါးများအား စကားပြောနေခဲ့သော အသားဂျယ်လီက ခုန်ပြီး စန်းလော့ကို မမှိတ်မသုန်စိုက်ကြည့်နေပုံရသည်။
"ဘယ်သူလဲ။ ဘယ်သူလဲ" အသားဂျယ်လီက စိတ်လှုပ်ရှားစွာ အပြေးအလွှားလာရင်း ပြောသည်။ "မင်း။ သနားစရာလူဆိုးလေးရေ။ မင်းအဲ့လိုလုပ်လို့မဖြစ်ဘူးလေကွာ။ အဲ့တာ အကျင့်ပျက်တာပဲ။ ဖြောင့်မတ်တည်ကြည်ဖို့အတွက် ငါမင်းကို ပြောင်းလဲပေးပါရစေ...." စန်းလော့ တုံ့ပင်မတုံ့ပြန်နိုင်ခင် မန်ဟိုက အင်္ကျီလက်စကို ခါပြီး သူ့ကိုနောက်တွန်းထုတ်ကာ သူ၏သိုလှောင်အိတ်အား ဆတ်ခနဲဖမ်းယူလိုက်သည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်ပိုက်ကွန် ပြေးထွက်သွားပြီး စန်းလော့ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်သည်။
ထို့နောက် မန်ဟိုက နောက်ဆုတ်ပြီး ဖြစ်ပျက်နေသည်များအား တစ်ချိန်လုံးကြောင်တောင်တောင်ကြည့်နေသော စန်းလော့နှင့် သူ့အကြား အကွာအဝေးအနည်းငယ်ခြားလိုက်သည်။ ထိုအခိုက်အတန့်တွင် အသားဂျယ်လီက စန်းလော့ခေါင်းပေါ်၌ နေရာယူလိုက်သည်။
၄င်းက သက်ပြင်းချသည်။ "ကလေး၊ ကြောက်စရာမလိုပါဘူး။ ဒီတိုင်းလိမ်လိမ်မာမာလေးနဲ့ မြင့်မြတ်တဲ့ တရားမျှတမှုပြယုဂ် မင်းကို အကျင့်ပျက်လမ်းစဥ်ကနေ ပြန်ခေါ်ဆောင်ခွင့်ပေးလိုက်......" ၄င်းသည် စိတ်လှုပ်ရှားနေသဖြင့် တော်တော်လေး ခုန်ဆွခုန်ဆွဖြစ်နေပုံရသည်။ "ဘယ်လောက် လိမ္မာတဲ့ကလေးလေးလဲ။ ခုခံစရာမလိုဘူး။ ပြန်တိုက်ခိုက်စရာမလိုဘူး။ စိတ်ရှုပ်နေစရာလဲ မလိုဘူးနော်။ ငါမင်းကို ကူညီပေးပါ့မယ်။ နားထောင် ပထမဆုံးမင်းလုပ်ရမှာက....." အသားဂျယ်လီ သြဝါဒခြွေနေစဥ် စန်းလော့၏ခန္ဓာကိုယ်မှာ စတင်တုန်ရီလာတော့သည်။ သို့သော် သူ့မှာ ပြန်မတိုက်ခိုက်ရဲပေ။
မန်ဟို စန်းလော့အတွက် အတန်ငယ်စိတ်မကောင်းဖြစ်မိသည်။ သူသည် စန်းလော့၏ သိုလှောင်အိတ်ထဲက တံဆိပ်အမှတ်အသားကို ဖျက်လိုက်သည်။ ၄င်းကို ဖွင့်ကြည့်သောအခါ သူ၏မျက်လုံးများ လင်းလက်တောက်ပသွားတော့သည်။ အထဲတွင် ဝိညာဥ်ကျောက်တုံး တော်တော်လေးများပြားပြီး ရှောင်မျိုးနွယ်စု သူ့ကိုပေးခဲ့သည်ထက်ပင် အဆများစွာ များသေးသည်။
"ဒီပမာဏက ငါ ပွားဖို့လိုတာနဲ့ ကွက်တိပဲ။ ဒါ့အပြင် ငါ့မှာ ချင်းလော်ဂိုဏ်းရဲ့ မြင့်မြတ်နယ်မြေက ရထားတဲ့ သိုလှောင်အိတ်တွေ ရှိတယ်။ အဲ့ထဲမှာလဲ မြေဆေးလုံးတချို့ ပါတယ်။ သိပ်အများကြီးတော့မဟုတ်ဘူး။ နည်းနည်းပါးပါးပဲ" သူက လက်ကို ဝှေ့ယမ်းပြီး ပတ်ဝန်းကျင်ကဘယ်သူမှ အထဲကို မမြင်အောင် လျှပ်စီးတိမ်တိုက်အား စုစည်းစေလိုက်သည်။ ထို့နောက် သူသည် ကြေးမုံကို ထုတ်ပြီး နှစ်ခုပွားတော့သည်။
အချိန်များကုန်လွန်သွားပြီး မကြာမီ မှောင်ရီပျိုးလာ၏။ စန်းလော့ ပါးစပ်မှ ထွက်လာသော ဒေါသတကြီးအော်သံကို လျှပ်စီးတိမ်တိုက်၏အပြင်မှ ကြားနိုင်လေသည်။ ၄င်းမှာ ဖော်ပြ၍မရနိုင်အောင် စိတ်ဆင်းရဲနေပုံရသည်။
"တိုးတိုးနေစမ်း။ ငါ့ကို လွှတ်။ အားးးးးးးးးး။ သောက်ဦးထုပ်။ ပိတ်ထား"
"အီး ဒီလိုမလုပ်ရဘူးလေ ကလေး။ မင်းသိလား.....မင်းငါ့ကို နှောင့်ယှက်လိုက်တာပဲ။ အခု ငါပြောလက်စစကားမေ့သွားပြီ။ ကဲပါလေ အစကပြန်စမယ်။ ကောင်းကောင်းနားထောင်၊ ဟုတ်ပြီလား။ မကောင်းဆိုးဝါးလမ်းစဥ်ဆိုတာ ဆူးငြောင့်ကန်သင်းတွေနဲ့ ပြည့်နေတာ။ ဒါပေမယ့် စိတ်မပူပါနဲ့ ကလေးရယ်။ ငါဒီမှာ ရှိနေပြီလေ။ မင်းရဲ့ နူးနူးညံ့ညံ့တင်ပါးလေး သေချာပေါက် ဆူးမဆူးစေရဘူး"
မန်ဟိုက စန်းလော့ကို သနားနေရင်း အပြင်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် အရှေ့က မြေဆေးလုံးပေါင်းများစွာကို ငုံကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် တစ်လုံးကောက်၍ ပါးစပ်ထဲထည့်လိုက်သည်။
၄င်းသည် အထဲရောက်သည်နှင့်တစ်ပြိုင်နက် အရည်ပျော်သွားပြီး မန်ဟို ကာလကြာရှည်စွာ သူ၏ခန္ဓာကိုယ် ထဲ ဝင်ရောက်သည်ကို မခံစားခဲ့ရသော စိတ်ဝိညာဥ်စွမ်းအင်လှိုင်းတစ်လှိုင်းအသွင်ပြောင်းသွားသည်။ သူ၏ခန္ဓာကိုယ်မှာ ပက်ကြားအက်နေသော သဲကန္တာရအပေါ် ရုတ်တရက် ရေဖြန်းလိုက်သည့်သဖွယ်ဖြစ်ပြီး သူ၏မျက်နှာဝင်းပသွားကာ သူက မျက်လုံးများပိတ်ပြီး အသက်ရှူလေ့ကျင့်ခန်းများ စတင်လုပ်ဆောင်တော့သည်။
တဖြေးဖြေး သူသည် အပြင်ဘက်ကမ္ဘာ၏ အသံဗလံများကို လျစ်လျူရှုပြီး ကျင့်ကြံခြင်းထဲ စိတ်ရောကိုယ်ပါ နစ်မြုပ်သွားသည်။ တစ်လုံး။နှစ်လုံး။ သုံးလုံး...... သူ ဆေးလုံးများ မြိုချနေစဥ် ညကောင်းကင်ယံရှိ လရောင်ခြည်တန်းများ ချိုးကွေ့လာကြသည်။ ၄င်းတို့သည် ကမ္ဘာမြေကြီးထံဦးတည်ပြီး မန်ဟို့အပေါ် ဖြာကျလာသည်။
အဝေးတစ်နေရာမှကြည့်လျှင် ချည်မျှင်အလွှာကြီးတစ်လွှာ ရှောင်မျိုးနွယ်စုအပေါ် ဆင်းသက်လာသည့်အလားပင်။
မြေဆေးလုံးသည် အမှန်တကယ်ပင် ချင်းလော်ဂိုဏ်း၏ နတ်ဆေးလုံး၊ တောင်ပိုင်းဒေသတွင် ချီအခြေတည်ခြင်းအဆင့်အတွက် အထိရောက်ဆုံးဆေးလုံးငါးလုံးထဲကတစ်လုံးအဖြစ် ခေါ်ရန် ထိုက်တန်သည်။ ၄င်းမှာ မန်ဟို ခန့်မှန်းထားသည်ထက် ပို၍ အလွန်တရာထိရောက်သည်။ ခုနစ်လုံးမြောက်ဆေးလုံးအား သူ့ပါးစပ်ထဲထည့်သောအခါ သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် တဆတ်ဆတ်တုန်ခါလာသည်။ လျင်မြန်စွာဖြစ်ပေါ်နေသော စတုတ္ထတာအိုမဏ္ဍိုင်၏ ဝိုးတိုးဝါးတားပုံရိပ်သည် ရုတ်တရက် သူကိုယ်ထဲတွင် မြင်သာလာသည်။ ၄င်း ပြီးမြောက်သွားပါက မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်သို့ ရောက်ရှိသွားမည်။
သူက မျက်မှောင်ကြုတ်ရင်း သူ့အပေါ်ထက်က ကောင်းကင်တွင် တောက်ပနေသော လရောင်ခြည်များကို မော့ကြည့်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။
"တော်တော်လေး သိသာနေတယ်။ ဒါက အံဖွယ်ဆေးလုံးတစ်လုံးဆိုပေမယ့် သေချာပေါက် လူတော်တော်များများ စိတ်ဝင်စားသွားကြလိမ့်မယ်....." သို့သော် တတ်နိုင်သည့်အရာမရှိပေ။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ စတုတ္ထတာအိုမဏ္ဍိုင်ကို မြန်နိုင်သမျှမြန်မြန် ဖန်တီးပြီး ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်သို့ရောက်ရန်သာ။ သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ဆယ့်ရှစ်လုံးမြောက်ဆေးလုံးကို ကောက်ယူလိုက်သည်။ သူ ၄င်းကို ပါးစပ်ထဲ ထည့်လိုက်သောအခါ သူ၏ပြီးပြည့်စုံသော တာအိုမဏ္ဍိုင် ၃ ခု အကန့်အသတ်မဲ့ စိတ်ဝိညာဥ်စွမ်းအားများကို စုပ်ယူရင်း တုန်ခါသွားသည်။ စတုတ္ထတာအိုမဏ္ဍိုင် လျင်မြန်စွာ အစိုင်အခဲဖြစ်တည်လာတော့သည်။
အပြင်ဘက် ၊ ညအမှောင်ထုထဲတွင် လရောင်ခြည်အလွှာများက အမှန်တကယ်ပင် ရှောင်မျိုးနွယ်စုအတွင်း အာရုံတချိို့ဆွဲဆောင်လိုက်သည်။ ရှောင်ချန်အန်းသည် သက်တမ်း၏အဆုံးသတ်ဖြင့် နီးကပ်နေပြီဖြစ်သော်လည်း သူ၏အမြင်အာရုံက စူးရှထက်မြက်၏။ သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူက မန်ဟိုကျင့်ကြံအားထုတ်နေသော အကာအကွယ်နယ်ပယ်သို့ ချက်ချင်း သွားရောက်လိုက်သည်။ သူသည် ထိုနေရာတွင် စောင့်ကြည့်ပေးရန် တင်ပျဥ်ခွေထိုင်ချလိုက်သည်။
မန်ဟိုသည် ရှောင်မျိုးနွယ်စုအပေါ် ကြီးမားသော သနားကြင်နာမှု ပြသခဲ့သည်။ သူသေဆုံးပြီးနောက် သူ၏မျိုးနွယ်စု ရှင်သန်ရန်အတွက် တစ်ခုတည်းသောအခွင့်အရေးမှာ မန်ဟိုနှင့်ပတ်သက်နေကြောင်း ရှောင်ချန်အန်းသိသည်။ သို့ဖြစ်၍ မည်သို့ပင်ဖြစ်စေ၊ မန်ဟို၏ကျင့်ကြံခြင်းအား အနှောင့်အယှက်ခံမည်မဟုတ်ဟု သူဆုံးဖြတ်ပြီးလေပြီ။
ထိုအချိန် ရှောင်မျိုးနွယ်စုအပြင်ဘက်၌ လရောင်ခြည်များအလွှာများသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံခြင်းမျိုးနွယ်စုအသီးသီးအား ဆူညံပွက်လောရိုက်သွားစေ၏။ လူအတော်များများ လရောင်ခြည်မည်သည့်အပေါ် ဖြာကျနေကြောင်း စစ်ဆေးကြည့်ရှုရန် လေပေါ်ပျံတက်လာကြသည်။
အထူးသဖြင့် စန်းလော့၏အစ်ကို ၊ အပြာရောင်ဝတ်ရုံနှင့်လူငယ်ဆိုလျှင် ပိုမှန်မည်။ သူသည် အဖြူရောင်ဝတ်ရုံလူငယ်နှင့်အတူ တရိပ်ရိပ်ပျံသန်းနေသည်။ သူတို့က အေးအေးလူလူ ပျံသန်းနေကြပြီး သိပ်မြန်မြန်သွားနေသည့်ပုံမပေါ်သော်လည်း တကယ်တမ်း အရှိန်တစ်ချက်ယူတိုင်း မီတာရာပေါင်းများစွာ ရောက်သွားကြသည်။
ကျရောက်နေသော လရောင်ခြည်မျှင်များကို သူတို့မြင်သောအခါ အဖြူရောင်ဝတ်ရုံနှင့်လူငယ်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ အပြာရောင်ဝတ်ရုံနှင့်လူငယ် မျက်မှောက်ကြုတ်သွား၏။
"အဲ့တာက စန်းလော့ရှိတဲ့နေရာထင်တယ်....."
"စိတ်ဝင်စားစရာပဲ။ သွေးမိစ္ဆာဂိုဏ်းပိုင်နက်ထဲမှာ တစ်ယောက်ယောက်က ချင်းလော်ဂိုဏ်းရဲ့ မြေဆေးလုံးသောက်သုံးနေပါလား။ ကြည့်ရတာ တစ်လုံးထက်မကပုံပဲ...."
ဤအခိုက်အတန့်တွင် ရှောင်မျိုးနွယ်စုမှ အတိုင်းအတာတစ်ခုကွာဝေးသော တောတွင်းတစ်နေရာတွင် ဧရာမသစ်ပင်ကြီးတစ်ပင်ရှိသည်။ သစ်ပင်ထဲတွင် ကျင့်ကြံသူဆယ်ယောက်အဖွဲ့ မျက်လုံးများပိတ်၍ တရားထိုင်နေကြသည်။ ဤအဖွဲ့၏ အဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်းသည် ကျော၌ဓားတစ်လက်စီ လွယ်ထားကြပြီး တူညီသောဝတ်စုံများ ဝတ်ဆင်ထားကြသည်။ ပတ်ဝန်းကျင်သည် အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေလျက်ရှိသည်။ ကျီးအာသံလည်းမရှိ၊ ငှက်အော်သံလည်းမရှိ။ သို့သော် လရောင်ခြည်အလွှာများထွက်ပေါ်လာသောအခါ လူဆယ်ယောက်သည် မျက်လုံးများဖွင့်ပြီး လှမ်းကြည့်လိုက်ကြ၏။
ချန်ဖန်းသည် အဖွဲ့ထဲတွင်ဖြစ်၏။ သူက မျက်မှောင်ကြုတ်ရင်း အဝေးကို လှမ်းကြည့်လိုက်သည်။ ဤကျင့်ကြံသူများအကြား၌ တီးတိုးဆွေးနွေးငြင်းခုံများ ချက်ချင်း ဆူညံသွားသည်။ သူတို့အားလုံးက ယီးကျန့်ဂိုဏ်း၏ ဂိုဏ်းသားများ ဖြစ်ကြလေသည်။
"ဒီနေရာက သွေးမိစ္ဆာဂိုဏ်းရဲ့ နယ်စပ်ပဲ။ အဲ့ဒီအရိပ်အယောင်တွေကဘာလဲ....."
"အဲ့တာ တစ်ယောက်ယောက် ချင်းလော်ဂိုဏ်းက မြေဆေးလုံးကို စားနေတဲ့ လက္ခဏာပဲ။ အဲ့တာကို ဖုံးကွယ်လို့မရဘူး။ ဒီပတ်ဝန်းကျင်က လူတစ်ယောက် ဆေးလုံးတွေစားနေတာ ဖြစ်ရမယ်"
"အဲ့ဒီ့လူ ဆေးဘယ်နှလုံးသောက်နေတာတုံး။ ဒီလရောင်ပမာဏက အံ့မခန်းလိလိပဲ....."
ရှောင်မျိုးနွယ်စုအတွင်းတွင် မျိုးနွယ်ဝင်များမှာ အစွမ်းထက်သောရန်သူတစ်ယောက်ကို ရင်ဆိုင်ရတော့မည့်အလား စိုးရိမ်သောကရောက်လာကြသည်။ ကုန်လွန်ခဲ့ပြီးသော နေ့ရက်များသည် စိတ်ချမ်းမြေ့ဖွယ် အံသြဖွယ်ရာများ၊ ထိတ်လန့်ချောက်ချားဖွယ် ပူပင်သောကများဖြင့် ရောနှောနေခဲ့သည်။ တစ်ကြိမ်ပြီးတစ်ကြိမ် သူတို့သည် မျိုးနွယ်စုသုတ်သင်ချေမှုန်းခြင်းကို ရင်ဆိုင်ခဲ့ရပြီး ထပ်တလဲလဲကယ်တင်ခံခဲ့ရသည်။ ဤအခိုက်အတန့်တွင်တော့ သူတို့၏နှလုံးများ တဒိန်းဒိန်းခုန်နေချေပြီ။ အထူးသဖြင့် ထင်းခနဲမြင်သာစွာ ဖြာကျနေသော လရောင်ခြည်များကို မြင်သည့်အခါတွင် ဖြစ်သည်။ ၄င်းက သူတို့ကို ပို၍ စိုးရိမ်သောက ရောက်သွားစေလေသည်။
ရှောင်ကိုင်ဖန်းမှာ မျက်နှာလေးဖြူဆုပ်နေချေသည်။ သူမတွင် အဆောင်လက်ဖွဲ့များအတွက် ပင်ကိုယ်စွမ်းရည်ရှိသော်လည်း ကျင့်ကြံခြင်းအခြေခံဖြင့် အကန့်အသတ်ခံထားရ၍ စွမ်းအားပြည့်ပြည့်ဝဝမသုံးနိုင်ပေ။ သူမမှာ ရှောင်ချန်အန်း တင်ပျဥ်ခွေထိုင်လျက် မန်ဟို့ကို စောင့်ကြပ်ပေးနေသည်ကိုသာ ကြည့်ရင်း ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေနိုင်သည်။
ရှောင်မျိုးနွယ်စုထံသို့ အရပ်မျက်နှာတစ်ခွင်မှ တဟုန်ထိုးလာနေကြသော ရောင်စုံအလင်းတန်းများ ကောင်းကင်တွင် ပြည့်နှက်ရန် အချိန်သိပ်မကြာလိုက်ပေ။ အနည်းဆုံး လူဆယ်ယောက်ခန့်ရှိသည်။ သူတို့သည် ကောင်းကင်တွင် ရပ််လိုက်ကြပြီး ရှောင်မျိုးနွယ်စုနှင့် လရောင်ခြည်များဖြာကျနေသည့် မန်ဟို၏ တံခါးပိတ်ကျင့်ကြံရာနေရာအပေါ် အကြည့်ရောက်သွားကြစဥ် မျက်လုံးများ တဖျပ်ဖျပ်တောက်ပသွား၏။
ချီအခြေတည်ခြင်း စဦးပိုင်းအဆင့် အဘိုးအိုတစ်ယောက်က အေးစက်စက်ရယ်ရင်း ချဥ်းကပ်လာသည်။ "စိတ်ဝင်စားစရာပဲ။ ဒီလို မြင်ကွင်းမျိုး ဖြစ်ပွားစေရလောက်အောင် ဘယ်သူတံခါးပိတ်ကျင့်ကြံနေလဲ ကျုပ်သွားကြည့်ရမယ်ထင်တယ်" သူ၏အမူအရာအရ သူ့တွင် ကောင်းမွန်သောရည်ရွယ်ချက်များမရှိကြောင်း သိသာလေသည်။ သူ၏မျက်လုံးများမှာ လောဘမီးများတောက်လောက်လျက်ရှိသည်။ သိသာစွာပင် သူသည် တရားထိုင်နေသည်ကို နှောင့်ယှက်ပြီး အထဲမည်သူထိုင်နေသည်ဖြစ်စေ၊ ကံကောင်းခြင်းကို လုယူပစ်မည်ဖြစ်သည်။
ကြည့်ရသရွေ့ ပတ်ဝန်းကျင်ရှိလူအားလုံး၌ တူညီသောအကြံအစည်များ ရှိပုံထောက်သည်။ ရှောင်မျိုးနွယ်စုသည် အားနည်းလှသော်မဟုတ်သော်လည်း ရှုမျိုးနွယ်စုတစ်စုသာ ရေကန်ကို မျက်စောင်းထိုးနေခဲ့ခြင်းမဟုတ်။ ဘေးပတ်ဝန်းကျင်မျိုးနွယ်စုများစွာ သားကောင်ကို ချောင်းနေသော ကျားတစ်ကောင်အလား မျက်စိဒေါက်ထောက် ကြည့်နေခဲ့ကြ၏။
ရှောင်ချန်အန်း ခေါင်းမော့လိုက်သဖြင့် ရောက်ရှိလာသောကျင့်ကြံသူများ အဘိုးအိုကို ကြည့်လိုက်ကြသည်။ ရှောင်ချန်အန်း၏ကျင့်ကြံခြင်းအခြေခံသည် ရုတ်တရက် ဝုန်းခနဲ ပေါက်ကွဲထွက်လာ၏။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ကောင်းကင်ထံ ထိုးတက်သွားသည်။
ဝုန်းခနဲ မြည်ဟည်းသွားပြီး အဘိုးအိုမှာ သွေးများအန်ရင်း တလိမ့်ခေါက်ခွေး လည်ထွက်သွားသည်။ ရှောင်ချန်အန်းသည် လူသေကောင်ကဲ့သို့ ဖြူဆုပ်နေသောမျက်နှာဖြင့် လေတွင်ရပ်ပြီး ဝေ့ဝိုက်ကြည့်လိုက်သည်။
"ကျုပ် ရှောင်ချန်အန်း သင်္ချိုင်းကုန်းကို ခြေတစ်လှမ်းရောက်နေပြီးပြီ" သူက အေးစက်စွာ ပြောသည်။ "ရှင်ခြင်း၊ သေခြင်းဆိုတာ ကျုပ်အတွက် နည်းနည်းလေးမှ အရေးမပါတော့ဘူး။ ကျုပ်နဲ့အတူ သေလမ်းကို လျှောက်လှမ်းချင်တဲ့ ဘယ်သူမဆို ကျေးဇူးပြုပြီး ရှေ့တက်လာပါ" သူ၏ကျင့်ကြံခြင်းအခြေခံမှာ သိပ်မမြင့်မားသော်လည်း သူ၏စကားလုံးများတွင် အားပြင်းသောခြိမ်းခြောက်မှုကြီးပါဝင်သည်။
အကာအကွယ်၏အောက်တွင် မန်ဟို၏ကျင့်ကြံခြင်းအခြေခံ တိုးတက်မှုသည် အရေးကြီးသောအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ သူ မြေဆေးလုံးများ ဆက်လက်စားသုံးနေစဥ် သူ၏စတုတ္ထတာအိုမဏ္ဍိုင်မှာ တစ်ဝက်ကျော် အစိုင်အခဲဖြစ်တည်နေလေပြီ။ ၄င်း ပြီးမြောက်ရန် ကြာတော့မည်မဟုတ်ပေ။ ထိုသို့ဖြစ်ပျက်သောအခါ မန်ဟိုသည် ယခင်နှင့်တိုင်းတာ၍မရလောက်အောက် အစွမ်းထက်သွားမည်မဟုတ်သော်လည်း ချီအခြေတည်ခြင်း အဆင့်ကိုတော့ အားထုတ်စရာမလိုဘဲ ဖယ်ရှားပစ်နိုင်လေသည်။
ဤသည်ကား ပြီးပြည့်စုံသော အခြေ၏စွမ်းအားဖြစ်သည်။
***