မိုးကောင်းကင်က ငြင်းဆန်တယ်လား။ လုယူပစ်မယ်
Vol. 13 Ch. 173
မန်ဟိုသည် စတုတ္ထတာအိုမဏ္ဍိုင်ကို ဖန်တီးရန် ဖောက်ထွက်ခြင်းအပေါ်သာ အာရုံစူးစိုက်နေ၏။ သို့သော် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များမှာတော့ သူ့အတွက် အံ့သြစရာမဟုတ်ပေ။ ဤကဲ့သို့အခြေအနေများ ဖြစ်ပျက်လိမ့်မည်ဟု သူခန့်မှန်းခဲ့ပြီးဖြစ်သည်။ ဖြာကျနေသော လရောင်ခြည်က သူ၏အဆင့်တက်ခြင်းကို လူအများအာရုံစိုက်စေခဲ့လေသည်။ ၄င်းက တစ်လောကလုံးကိုတော့ မဆွဲဆောင်ခဲ့သော်လည်း သေချာပေါက် တော်တော်လေး ဆူညံပွက်လောရိုက်စေခဲ့သည်။
မန်ဟိုသည် အချိန်ကြာသည်နှင့်အမျှ အခြေအနေများ ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း ကောင်းကောင်းသိ၏။ အကြောင်းကိစ္စများအား အဆုံးသတ်နိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ တတ်နိုင်သမျှ မြန်မြန်အဆင့်တက်ခြင်းပြီးဆုံးရန်သာဖြစ်သည်။
သို့သော်..... ပြီးပြည့်စုံသော အခြေတစ်ခုသည် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဥ်စွမ်းအင်ကို မစုပ်ယူနိုင်ပေ။ သူသည် မြေဆေးလုံးများအပေါ်တွင်သာ အားထားနိုင်ပြီး ၄င်းတို့က တမူထူးခြားသည့်တိုင် ဖြစ်စဥ်မှာ ပို၍ခက်ခဲလာ၏။ ၄င်းတို့၏ထိရောက်မှုနှုန်း ကျဆင်းလာသည်ကို သိသိသာသာအာရုံရနိုင်လေသည်။
သူ၏လက်ရှိအဟုန်ပေါ် မူတည်၍ ၄င်းတို့မှာ စတုတ္ထမဏ္ဍိုင်ကိုဖန်တီးရန် လုံလောက်မည့်ပုံမပေါ်ပေ။
မန်ဟို တိတ်ဆိတ်စွာ ဆက်လက်ကျင့်ကြံနေစဥ် ရှောင်ချန်အန်း၏စကားလုံးများက လရောင်အလယ်တွင် ပဲ့တင်ထပ်သွားသည်။ ထို့နောက် အရာအားလုံး တခဏတိတ်ဆိတ်သွားပြီး အေးစက်စက်ရယ်သံထွက်ပေါ်လာသည်။ ပုံရိပ်သုံးခု တဟုန်ထိုးရှေ့ပြေးဝင်လာသည်။
သူတို့၏ပုံရိပ်များက ညအမှောင်ထုထဲတွင် မပီပြင်သော်လည်း သူတို့၏ကျင့်ကြံခြင်းအခြေခံများ ရိုက်ခတ်လှုပ်ရှားလာရာ သူတို့ထဲတစ်ယောက်သည် ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်တွင်ဖြစ်ကြောင်း ထင်ရှားသွားစေသည်။
ဘေးပတ်ဝန်းကျင် ကျင့်ကြံသူမျိုးနွယ်စုများ၌ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ဆိုလျှင်ပင် အတော်လေးအစွမ်းထက်ကြောင်း သတ်မှတ်ထားကြသည်။ ထို့အတွက်သာမဟုတ်လျှင် ရှောင်မျိုးနွယ်စုသည် ဝိညာဥ်ရေကန်ကို အချိန်အတော်ကြာ သိမ်းပိုက်ထားနိုင်ခဲ့မည်မဟုတ်ပေ။ ရှောင်ချန်အန်း၏သက်တမ်း အဆုံးသတ်သို့ ရောက်ရှိလာသည့်အခါမှသာ ဤအခြေအနေဖြစ်ပွားလာခဲ့ခြင်းပင်။
ပုံရိပ်သုံးခုသည် လေကိုခွင်း၍ ရှောင်ချန်အန်းထံ ပြေးဝင်သွားသည်။ လေးဦးသား ဝင်တိုက်လိုက်ကြသဖြင့် ဝုန်းခနဲ ပေါက်ကွဲသံဟိန်းထွက်သွားသည်။ ရှောင်ချန်အန်း သွေးတစ်ပွက်အန်လိုက်၏။ သူ့မှာ ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ပမာ နောက်သို့လွင့်ထွက်သွားရာ သူ၏မျက်နှာပို၍ဖြူဖျော့သွားသည်။ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ကျင့်ကြံသူက အေးစက်စက်ရယ်ပြီး ရှေ့ဆက်သွားသည်။
အခြားသူနှစ်ယောက်က တဟားဟားရယ်ရင်း မန်ဟို၏အကာအကွယ်ထံ တဟုန်ထိုးဦးတည်သွားသည်။
ယင်းမှာ အရေးကြီးသောအခိုက်အတန့်တစ်ခုဖြစ်၏။ ရှောင်ချန်အန်းကား စိတ်ထိခိုက်နေတော့သည်။ မန်ဟို အရေးကြီးသောအဆင့်တွင်ဖြစ်ကြောင်း သူသိပါသော်လည်း ကံဆိုးစွာပင် သူ့မှာ လက်ရှိအချိန်၌ ဝင်ရောက်ဟန့်တားရန် အစွမ်းအစမဲ့နေချေသည်။ အပိုစွမ်းအားရရှိရန် သူ၏အသက်စွမ်းအားတချို့ လောင်ကျွမ်းစေလိုက်လျှင်ပင် အချည်းနှီးသာဖြစ်ပေမည်။
ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက်က အကာအကွယ်ထံ ရောက်နေကြလေပြီ။ သူတို့ ၄င်းကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ထစ်ခြုန်းသံတစ်သံ ထွက်ပေါ်လာ၏။ အသက်နှစ်ရှိုက်စာအတွင်း အကာအကွယ် ပျက်စီးသွားသည်။
အကာအကွယ်ကို စဦးချီဖွဲ့စည်းမှုအဆင့်တွင်သာရှိသော ရှောင်ကိုင်ဖန်းမှ စီရင်ခဲ့ခြင်းဖြစ်သည်။ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်ကို အသက်သုံးရှိုက်စာအထိ တောင့်ခံထားနိုင်ရန်မှာ အဆောင်ဖန်တီးခဲ့သောတစ်ယောက်၏ ထူးချွန်သောပင်ကိုယ်စွမ်းရည်ကို သက်သေထူနေချေသည်။
အကာအကွယ်ဖျက်စီးခံလိုက်ရသဖြင့် ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။ ချီအခြေတည်ခြင်းစဦးပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက် လျှပ်စီးတိမ်တိုက်ကို ဝင်တိုက်လိုက်ချိန် မချိတင်ကဲအော်ဟစ်ညည်းညူသံများ ဟိန်းထွက်လာသည်။ တခဏအတွင်း သူတို့၏ခန္ဓာကိုယ်များမှာ လျှပ်စီးများဝန်းရံခံလိုက်ရ၏။ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာကာ သူတို့သည် ပါးမှသွေးများပန်းထွက်ရင်း နောက်လွင့်စင်သွားတော့သည်။ သူတို့၏တာအိုမဏ္ဍိုင်များ ပျက်စီးတော့မတတ် တုန်ခါသွားသဖြင့် အံ့သြတုန်လှုပ်သောအမူအရာများ သူတို့၏မျက်နှာကို ဖုံးလွှမ်းသွားသည်။
လျှပ်စီးတိမ်တိုက် တလိပ်လိပ်ထကြွလှုပ်ရှားလာသည်။ ၄င်း၏အကာအကွယ်သည် မန်ဟို့ထံမှ အဘက်ဘက်သို့ မီတာသုံးဆယ်ပြန့်ကားသွားပြီး မည်သူမှမဝင်ရောက်နိုင်သည့် တားမြစ်နယ်မြေတစ်ခု ဖန်တီးလိုက်သည်။
ရှောင်ချန်အန်းမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။ သူနှင့်တိုက်ခိုက်နေသော ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်ကျင့်ကြံသူက ရပ်ပြီး အံ့အားသင့်နေသောမျက်လုံးများဖြင့် လျှပ်စီးတိမ်တိုက်ကို ခေါင်းလှည့်ကြည့်သည်။
လျှပ်စီးတိမ်တိုက်အတွင်းတွင် မန်ဟိုက မျက်လုံးများ ဖွင့်လိုက်သည်။ သူမျက်မှောင်ကြုတ်၍ နောက်ဆုံး မြေဆေးလုံးသုံးလုံးကို ကြည့်လိုက်စဥ် ၄င်းတို့သည် တောက်ပစွာ လင်းလက်နေ၏။ သူ၏စတုတ္တတာအိုမဏ္ဍိုင်မှာမူ ကိုးဆယ်ရာခိုင်နှုန်းခန့် ပြီးမြောက်ခဲ့လေပြီ။ ဤဆေးလုံးများက နောက်ဆုံးတစ်ဆယ်ရာခိုင်နှုန်း ပြီးမြောက်ရန် လုံလောက်မည်မဟုတ်ပေ။
"ဒီမြေဆေးလုံးတွေသာ သိပ်ထိရောက်လို့ကတော့.......ကြည့်ရတာ ငါ ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်ကို မရောက်တော့ဘူးထင်တယ်......"အလျှော့မပေးလိုသောအရိပ်အယောင်တစ်ခုက သူ၏မျက်လုံးများထဲ တောက်ပသွားသည်။ သူ၏ကျင့်ကြံခြင်းလမ်းစဥ်သည် အခြားသူများနှင့် ကွာခြားကြောင်း သူသိသည်။ အံဖွယ်အတိုက်အခိုက်စွမ်းရည်ကို သူရရှိခဲ့သော်လည်း သူအားထုတ်ရသည့် ကျင့်ကြံခြင်းမှာ များစွာခက်ခဲလေသည်။ ဤအရာများ သူတွေးနေသည်ကိုပင် အပြင်မှ အာကျယ်အာကျယ်အသံတစ်သံကြားလိုက်ရသေးသည်။
"တာအိုရောင်ရင်းတို့၊ ဒီလူရဲ့ ကျင့်ကြံခြင်းက ဒီလောက်စွမ်းအားနဲ့လည်ပတ်နေတယ်။ သူထွက်လာတာနဲ့ ကျုပ်တို့ ကျင့်ကြံခြင်းမျိုးနွယ်စုတွေ သူပြုသမျှနုရမယ့်အဖြစ်ကို ကျုပ်စိုးရွံ့မိတယ်။ နောင်ပြဿနာမဖြစ်အောင် ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို သတ်ကြရအောင်"
"အမှန်ပဲ။ ရှောင်မျိုးနွယ်စုကအားနည်းတယ်။ သူတို့ရဲ့တည်ရှိမှုက အလကားပဲ။ ဒီလိုဆန်ကုန်မြေလေးမျိုးနွယ်စုကို အမြစ်ဖြတ်သုတ်သင်လိုက်တာက သဘာဝပဲ။ ပြောင်းလဲလို့မရဘူး"
"အတူတူတိုက်ခိုက်ကြရအောင်။ ကျုပ်တို့အားလုံးကိုတော့ လျှပ်စီးတိမ်တိုက် မခံနိုင်ပါဘူး"
အပြင်ဘက်ရှိ ချီအခြေတည်အဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်သည် လျှပ်စီးတိမ်တိုက်အား တစ်ပြိုင်တည်း စတင်တိုက်ခိုက်ကြသည်။
ဤလူအားလုံးမှာ ဒေသခံ ကျင့်ကြံသူမျိုးနွယ်စုများမှ ဖြစ်သည်။ သူတို့တိုက်ခိုက်နေကြသဖြင့် ပေါက်ကွဲသံများသည် ကောင်းကင်ယံအထိပင် ထိုးတက်သွား၏။ လျှပ်စီးတိမ်တိုက်မှာ ပြင်းပြင်းထန်ထန် အမြှုပ်တစီစီထနေတော့သည်။
"မကောင်းတဲ့နှလုံးသားက အသုံးမကျတဲ့ဘဝပဲ" မန်ဟို လျှပ်စီးတိမ်တိုက်မှတစ်ဆင့်လှမ်းကြည့်လိုက်စဥ် သူ၏မျက်လုံးများ အေးစက်စွာ တောက်ပသွားသည်။ သူက ကျန်ဆေးလုံးသုံးလုံးကို စုပြီး သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်၏။
၄င်းတို့သည် ချက်ချင်း အရည်ပျော်သွားပြီး ဖြာကျနေသောလရောင််များမှာ မြစ်တစ်စင်း မန်ဟို့ကိုယ်အတွင်းစီးဆင်းနေသည့်သဖွယ် ပို၍အားကောင်းလာသည်။ ၄င်းတို့၏ ထိရောက်မှုက ခပ်မှိန်မှိန်သာရှိသော်လည်း သူ၏စတုတ္ထတာအိုမဏ္ဍိုင်မှာ ယခုတွင် ပြီးမြောက်ရန် ဆံခြည်တစ်မျှင်သာ ကွာဝေးတော့သည်။
တာအိုမဏ္ဍိုင်အပြည့်အဝ ဖြစ်ပေါ်တော့မည့်ဆဲဆဲ၊ မန်ဟို သူ၏ကိုယ်အတွင်း၌ ရှင်းမပြနိုင်သော ထစ်ခြုန်းသံတစ်သံကို ရုတ်တရက် အာရုံရလိုက်သည်။ သူ၏အသွေးအသားနှင့် သက်စောင့်အားသာမက သူ၏ကျင့်ကြံခြင်းအခြေခံပင်လျှင် စတုတ္ထုတာအိုမဏ္ဍိုင်အတွင်း စုပ်ယူခံလိုက်သည့်အလား သူ၏ခန္ဓာကိုယ် စတင်ခြောက်ကပ်လာနေကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏အမူအရာ ရိပ်ခနဲဖြစ်သွားလေသည်။
သူသည် ယခုလေးတင် ပြီးပြည့်စုံသော အခြေ၏ လျှို့ဝှက်ချက်များအနက် နောက်တစ်ခုကို ဖွင့်ခဲ့လေပြီ။ ထိန်းမနိုင်သိမ်းမရလောက်အောင် ပြင်းထန်သော စွမ်းအားဖြင့် စတုတ္ထုတာအိုမဏ္ဍိုင်သည် အရာရာတိုင်းအား ၄င်းအတွင်းသို့ အလိုအလျောက် စတင်စုပ်ယူလာတော့သည်။
စတုတ္ထတာအိုမဏ္ဍိုင်ကား မန်ဟိုသေဆုံးသွားလျှင်တောင်မှ မည်သို့ပင်ဖြစ်စေ ဖြစ်ပေါ်လာမည့် ပုံရသည်။
ဤရုတ်တရက်ပြောင်းလဲမှုကြောင့် သူ၏မျက်နှာ ရိပ်ခနဲဖြစ်သွား၏။ သူသည် ဤကဲ့သို့အရာမျိုးဖြစ်ပျက်လိမ့်မည်ဟု တစ်ခါမှမတွေးမိခဲ့ဖူးပေ။ ဤအခိုက်အတန့်တွင် လျှပ်စီးတိမ်တိုက်သည် ချီအခြေတည်အဆင့်ကျင့်ကြံသူဆယ်ဦး၏တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတော့သည်။ သူတို့က အလောတကြီးဝင်ရောက်လာကြသည်။
မန်ဟိုက တင်းမာခက်ထန်သောမျက်နှာထားဖြင့် သူတို့ချဥ်းကပ်လာနေသည်ကို ကြည့်သည်။ သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်နေပြီး သူ၏အသက်စွမ်းအားမှာ ခမ်းခြောက်လာလေသည်။ သူ့ခေါင်းပေါ်ရှိ ဆံပင်မွှေးများမှ အဖြူရောင်ပြောင်းလာနေပြီဖြစ်သည်။ သို့သော် သူ၏ကျင့်ကြံခြင်းအခြေခံက ထိုနေရာတွင် ရှိနေသေးသည်။ ရုတ်တရက် ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် သူ့အရှေ့တွင် ပေါ်လာ၏။ ထိုလူမတုံ့ပြန်နိုင်ခင် မန်ဟို၏လက်က ဆန့်ထွက်သွားပြီး သူ့ကိုလည်မျိုမှ ဆုပ်ကိုင်လိုက်သည်။ သူက ညစ်ချလိုက်ရာ ကျင့်ကြံသူ၏မျက်လုံးများ၌ မယုံကြည်နိုင်မှူများ ပြည့်နှက်သွားသည်။ ထိုလူ၏လည်ပင်းကား ကျိုးကြေသွားတော့သည်။
သူ သေဆုံးသွားချိန်မှာပင် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏မျက်လုံးများမှာ ထူဆန်းသောအလင်းရောင်တစ်ခုဖြင့် ပြည့်နှက်သွားသည်။ အလောင်းသည် ရုတ်တရက် ရွတ်တွခြောက်ကပ်လာ၏။ မျက်စိတစ်မှိတ်အတွင်း ၄င်းမှာ အရိုးစုသာကျန်ရှိတော့သည်။ ထိုလူ၏ကျင့်ကြံခြင်းအခြေခံက မန်ဟို၏လက်မှတစ်ဆင့် စတုတ္ထတာအိုမဏ္ဍိုင်ထံ အပြေးအလွှားဝင်ရောက်သွားသည်။
"ဆိုတော့ ဒီလိုပါလား" မန်ဟို၏မျက်လုံးများ ပို၍တောက်ပလာသည်။ "ငါ့မှာ ပြီးပြည့်စုံတဲ့ အခြေတစ်ခုရှိပေမယ့် သွေးအင်မော်တယ်အမွေအနှစ်ပြိုင်ပွဲမှာ ငါ့ရဲ့ ပထမဆုံးတာအိုမဏ္ဍိုင် ၃ ခု ဖြစ်တည်လာခဲ့တုံးက စိတ်ဝိညာဥ်စွမ်းအင်တွေ လိုတာထက်ပိုတာကြောင့် တာအိုမဏ္ဍိုင်တွေရဲ့ အစွမ်းကို ငါအာရုံမရခဲ့ဘူး။ ဒါပေမယ့် အခု အကုန်ရှင်းသွားပြီ။ သတ်မှတ်ထားတဲ့နေရာတစ်နေရာကို ရောက်ပြီးတဲ့နောက် စတုတ္ထတာအိုမဏ္ဍိုင်က သေခြင်းပဲ ဟန့်တားနိုင်တဲ့အဆင့်တစ်ခုကို ရောက်သွားတယ်။ ဒီလိုဖြစ်ရင် သူက ငါ့ရဲ့အသက်စွမ်းအားကိုပါ စားသုံးလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ငါ့ရဲ့အသွေးအသားဆီကလွဲလို့ အပြင်ကမ္ဘာက စိတ်ဝိညာဥ်စွမ်းအင်တွေကို မစုပ်ယူနိုင်တာကြောင့်ပဲ
"ပြီးပြည့်စုံခြင်း။ ပြီးပြည့်စုံခြင်းက သိပ်အစွမ်းထက်တယ်။ ဒါပေမယ့် ဒီလိုအစွမ်းကလဲ လက်နက်တစ်ခုပဲ။ ငါက မိုးကောင်းကင်ရဲ့ငြင်းပယ်တာခံခဲ့ရတယ်။ ဒါကြောင့် ငါ သက်ရှိတွေဆီကနေ လုယူရမယ်။ ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်တွေက ကောင်းကင်နှင့်မြေကြီးမပိုင်ဆိုင်တဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေနဲ့ ပြည့်နှက်နေတယ်။ ဒါကြောင့် လုယူလို့ရတယ်။ အခု ငါနားလည်ပြီ။ နောင် ငါတာအိုမဏ္ဍိုင်အသစ်တစ်ခု တည်ဆောက်ရင်လဲ ဒီလိုပဲဖြစ်မယ်ထင်တယ်
"ဒီနေ့.......ငါ့စတုတ္တတာအိုမဏ္ဍိုင် ပေါ်ပေါက်လာစေရမယ်"
ဤအတွေးများသည် မန်ဟို့ခေါင်းထဲ၌ လျှပ်တပြက်ဖြတ်ပြေးသွားသည်။ သူက ဆုပ်ကိုင်ထားသည်ကို ဖြေလျော့ပြီး သွေးအေးသောမျက်လုံးများဖြင့် ပတ်ဝန်းကျင်က ကျင့်ကြံသူများကို ဝေ့ကြည့်လိုက်သည်။ သူက ဖျတ်ခနဲ သူတို့ထံ ပြေးဝင်သွားလေသည်။
မချိတင်ကဲအော်သံများ ထွက်ပေါ်လာသည်။ ဤလူအားလုံးတွင် အမြင့်ဆုံး ချီအခြေတည်ခြင်းအလယ်အလတ်အဆင့် ကျင့်ကြံခြင်းအခြေခံများရှိကြပြီး အများစုက ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်တွင် ဖြစ်ကြသည်။ သူတို့မှာ မည်သည့်အတွက်ကြောင့် မန်ဟို့အတွက် ပြိုင်ဘက်ဖြစ်နိုင်မည်နည်း။ မန်ဟို တစ်ယောက်ချင်းစီကျော်ဖြတ်သွားစဥ် သူ၏လက် ဆန့်ထွက်လာပြီး အားထုတ်စရာပင် မလိုဘဲ စတုတ္ထတာအိုမဏ္ဍိုင်က စွမ်းအင်များကို အငမ်းမရစုပ်ယူစားသုံးမည်ဖြစ်သည်။
ခန္ဓာကိုယ်တစ်ခုပြီးတစ်ခု အရိုးများအသွင်ပြောင်းသွားကြသည်။ ကျင့်ကြံသူတစ်ယောက်မသေဆုံးခင် သူ၏ကျင့်ကြံခြင်းအခြေခံသည် မန်ဟို့အတွင်းသို့ လျင်မြန်စွာ စုပ်ယူခံရပြီး တာအိုမဏ္ဍိုင်၏ စားသုံးခြင်းခံရပေမည်။ မကြာမီ မန်ဟိုသည် ခြောက်ကပ်မနေတော့ဘဲ အသွေးအသားများ ပြန်လည်ပြည့်ဖြိုးလာသည်။
ရှောင်ချန်အန်း ဤအဖြစ်အပျက်ကို စောင့်ကြည့်နေစဥ် ထိတ်လန့်ကြောက်ရွံခြင်းတို့ သူ၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။ စောစော တဟုန်ထိုးရှေ့တက်သွားကြသော ကျင့်ကြံသူများမှာ ရုတ်တရက် အမြန်ဆုံးအရှိန်ဖြင့် နောက်ပြန်ဆုတ်လာကြသည်။
သူတို့၏မျက်လုံးများတွင် မန်ဟိုက ကျင့်ကြံသူမဟုတ်ပေ။ သူကား မကောင်းဆိုးဝါးမိစ္ဆာတစ်ကောင်အသွင် ပြောင်းသွားခဲ့ပြီဖြစ်သည်။ သူကျော်ဖြတ်သွားသည့်နေရာတိုင်း သွေးပျက်ချောက်ချားဖွယ်အသံများ ကြားနိုင်ပြီး စုတ်ပြတ်နေသော အလောင်းများသာ ကျန်ရစ်ခဲ့သည်။ သူတို့၏ခေါင်းများ ချာချာလည်ကုန်ပြီး ထိန်းမနိုင်သိမ်းမရလောက်အောင် ကြောက်လန့်နေသော အမူအရာများ သူတို့၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။
"အဲ့တာ ဘာမှော်ပညာလဲ"
"သူဘာလုပ်နေတာလဲ"
"ဒီကောင်..... ဟို သေသွားတဲ့ တာအိုရောင်ရင်းအားလုံးရဲ့ အသက်ဓာတ်နဲ့ ကျင့်ကြံခြင်းအခြေခံအားလုံးကို စုပ်ယူနေတာပဲ"
ကျန်ရှိသောကျင့်ကြံသူနှစ်ဆယ်ကျော်မှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြပြီး ခြေဦးတည့်ရာထွက်ပြေးကြသည်။ မန်ဟိုက သူတို့ထဲကတစ်ယောက်ကို မှီလိုက်၏။ သူ ထိုလူ့ ငယ်ထိပ်ပေါ်လက်တင်လိုက်သည်နှင့်တစ်ပြိုင်နက် မချိတင်ကဲအော်သံတစ်သံ ပဲ့တင်ထပ်သွားသည်။ သူ၏ခန္ဓာကိုယ် တဆတ်ဆတ်တုန်လာပြီးနောက် သေဆုံးသွားတော့သည်။
မန်ဟို၏မျက်နှာသည် ဖြူဖျော့မနေတော့သလို၊ သွေးရောင်လည်း ကင်းမဲ့မနေတော့ပေ။ ယင်းသည် ယခုတွင် နီမြန်းနေပြီး အသက်ဓာတ်များဖြင့် ပြည့်နှက်နေလေပြီ။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး စိတ်ထဲတွင် မှီခိုရာဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းဂူထဲမှာတုံးက မှီခိုရာဂိုဏ်းချုပ် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများအား စုပ်ယူခဲ့သည့် မြင်ကွင်းကို ရုတ်တရက် ပြန်မြင်ယောင်လိုက်မိသည်။
"နတ်ဆိုးမိစ္ဆာအသက်ပညာရပ်" မန်ဟိုက မျက်လုံး လင်းလက်တောက်ပနေရင်း တွေးသည်။ သူယခုလုပ်နေသည်မှာ မှီခိုရာဂိုဏ်းချုပ် အသုံးပြုခဲ့သော နတ်ဆိုးမိစ္ဆာအသက်ပညာရပ်နှင့် အမှန်တကယ်ဆင်တူလေသည်။ "ဒါမှမဟုတ် သတ်မလား၊ အသတ်ခံမလားဆိုတဲ့ အခြေအနေမှာ ဖြစ်ပေါ်လာတဲ့ ဉာဏ်အလင်းတစ်မျိုးများ ဖြစ်နိုင်မလား။ နတ်ဆိုးမိစ္ဆာအသက်ပညာရပ်....." မန်ဟိုသည် သက်ပြင်းခိုးချပြီး အရိုးထဲစွဲနေသော ကွန်ဖြူးရှပ်ဝါဒကို ဖိနှိပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် စတုတ္ထတာအိုမဏ္ဍိုင်၏စွမ်းအားဖြင့် ရိပ်ခနဲ လှုပ်ရှားသွား၏။ သူက သက်ပြင်းချပြီး နောက်ကျင့်ကြံသူတစ်ယောက်၏လည်မျိုကို ဖြစ်လိုက်သည်။ စတုတ္ထတာအိုမဏ္ဍိုင်က ထိုလူ၏ကျင့်ကြံခြင်းအခြေခံကို စုပ်ယူတော့သည်။ မကြာမီ စတုတ္ထတာအိုမဏ္ဍိုင် စက်ဝန်းပြည့်ပြီး ပြီးမြောက်တော့ပေမည်။
"ငါ့ရဲ့ပြီးပြည့်စုံတဲ့အခြေလမ်းစဥ်မှာ အလောင်းတောင်တွေ၊ သွေးပင်လယ်တွေနဲ့ ပြည့်နှက်နေလိမ့်မယ်။ ငါ.......နားလည်ပြီ" သူက နောက်တစ်ဖန် သက်ပြင်းချလိုက်သည့်တိုင် တစ်ချက်လေးပင်တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့ဆက်သွား၏။သူ၏နှလုံးသားသည် နူးညံ့ပျော့ပျောင်းလာခြင်းမရှိ။ ကွန်ဖြူးရှပ်ဝါဒသည် သူ၏နှလုံးသားထဲတွင် အမြဲတမ်းကိန်းအောင်းနေမည်ဖြစ်ပြီး ဘယ်တော့မှ အမှန်တကယ် ရက်စက်ကြမ်းကြုတ်လာမည်မဟုတ်ပေ။ သို့သော် လိုအပ်သည့်အခြေအနေတွင်တော့ သူသည် သနားညှာတာခြင်းမရှိ၊ ပြုမူနိုင်၏။
***