← Chapters

ပြီးပြည့်စုံသော ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်

Vol. 13 Ch. 174

ပြီးပြည့်စုံသော ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်

Vol. 13 Ch. 174

လရောင်သည် ရက်စက်သောမြင်ကွင်းအပေါ် ဖြာကျလျက်ရှိသည်။ ရှောင်ချန်အန်း၏နှလုံးသားသာလျှင် ကြောက်စိတ်များဖြင့် ပြည့်နှက်နေခြင်းမဟုတ်၊ ကျန်ရှိသော ရှောင်မျိုးနွယ်ဝင်များသည်လည်း မန်ဟို့ကို အထိတ်တလန့်ကြည့်နေကြသည်။

ဝန်းရံနေကြသော အခြားကျင့်ကြံသူများမှာ တစ်ချက်လေးနောက်ကျသည်နှင့် အသေဆိုးဖြင့်ကြုံတွေ့ရမည် ဖြစ်ကြောင်း သိသဖြင့် တတ်နိုင်သမျှ မြန်မြန်ဆုတ်ခွာနေကြသည်။ သို့သော် မန်ဟိုက ပိုမြန်သည်။ သူသည် တစ္ဆေတစ်ကောင်သဖွယ် ဆံပင်များ တလွင့်လွင့် မျောလွင့်နေရင်း သူ၏သားကောင်နောက်ကို ထပ်ကြပ်မကွာလိုက်နေ၏။ သူက ကျင့်ကြံခြင်းအခြေခံနှင့် သက်စောင့်အားကို စုပ်ယူပြီးနောက် ဆုပ်ကိုင်ထားသည်ကို ဖြေလျော့ကာ တဆတ်ဆတ်တုန်ရီနေသော အရိုးစုအလောင်းကို မြေကြီးပေါ် ပစ်ချလိုက်သည်။

ကျင့်ကြံသူတစ်ယောက်မှ သူ့ကို ပြန်တိုက်ခိုက်ရန် မကြိုးစားကြခြင်းမဟုတ်ပေ။ ကံဆိုးစွာနှင့် သူတို့၏ခုခံမှုမှာ အချည်းနှီးသာ။ မန်ဟို့အတွက် သူတို့က ဘာမှမဟုတ်ချေ။ စတုတ္ထတာအိုထွက်ပေါ်မလာခင်ကပင် မန်ဟိုသည် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်ကို အလွယ်တကူတိုက်ခိုက်နိုင်သည်။ ယခုတွင် သူ၏စတုတ္ထတာအိုမဏ္ဍိုင်က ပြီးမြောက်လုနီးပါးဖြစ်ရာ သူသည် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်နှင့် အလွန်နီးကပ်နေလေပြီ။

ဤသွေးမိစ္ဆာဂိုဏ်း၏အပယ်ခံများက အဘယ်သို့ သူ့ကို ခုခံနိုင်လောက်မည်နည်း။

ယနေ့သည် သူတို့ဘာသာ ရွေးချယ်ခဲ့သော သေနေ့ဖြစ်သည်။ သူတို့က လျှပ်စီးတိမ်တိုက်ကို ဖျက်စီးရန် ရွေးချယ်ခဲ့ပြီး ဤသို့လုပ်ခြင်းဖြင့် သေခြင်း၏စိတ်ဝိညာဥ်ကို နှိုးဆွခဲ့လေသည်။

မန်ဟိုသည် ယခုတွင် တစ်ဝက်ကျော် သက်သာနေပြီဖြစ်သည်။ သူ၏ဆံပင်မှာ မဖြူတော့သလို၊ သူ၏အရေပြားသည်လည်း ခြောက်ကပ်မနေတော့ပေ။ သူ၏တာအိုမဏ္ဍိုင် သူ့ထံမှ စုပ်ယူသွားခဲ့သော အရာအားလုံးကို ယခုတွင် ပြန်လည်ရရှိသွားပြီဖြစ်သည်။

သူ၏စတုတ္ထတာအိုမဏ္ဍိုင်သည် စိတ်ဝိညာဥ်စွမ်းအားအလုံးစုံ လုယက်စားသုံးလိုသည့်အလား မိစ္ဆာအရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည်။

ငါ ကောင်းကင်နဲ့မြေကြီးကနေ ပစ်ပယ်ခံထားရတယ်။ ဒါကြောင့် ငါ့အတွက် ငါလုယူမယ်။ ဒီအစွမ်းက ပြီးပြည့်စုံခြင်းပဲ။

ဝုန်း

မန်ဟိုသည် ချီအခြေတည်ခြင်းစဦးပိုင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ထံ ချဥ်းကပ်သွား၏။ သူတို့က ချာခနဲလှည့်ပြီး ကျင့်ကြံခြင်းအခြေခံ၏စွမ်းအားအလုံးစုံ ထုတ်လွှတ်ရင်း ဟိန်းဟောက်လိုက်ကြသည်။ သူတို့ မှော်ပညာရပ်များသုံးသည်။ မှော်ရတနာများသုံးသည်။ အားလုံး မန်ဟိုထံ ပြေးဝင်သွားကြသည်။

ဝုန်းခနဲပေါက်ကွဲပဲ့တင်ထပ်သွားပြီးနောက် မန်ဟိုက သူတို့ထဲကတစ်ယောက် အရှေ့တည့်တည့်တွင် ရပ်နေလေပြီ။ သူ၏လက်ဝါးက ထိုလူ၏ မျက်နှာအပေါ် ဖွဖွလေးဖိချလိုက်သည်။ ရွတ်တွခြောက်ကပ်နေသောအရိုးစုတစ်စု မြေကြီးပေါ်ပြုတ်ကျလာသည်။

သူ၏ခန္ဓာကိုယ် ရိပ်ခနဲ လှုပ်ရှားသွားပြီး နောက်ထပ်မချိတင်ကဲ အော်သံတစ်သံထွက်ပေါ်လာသည်။ အသက်ရှင်ကျန်ရစ်သူများမှာ သက်လတ်ပိုင်းလူတစ်ယောက် အိုမင်းလာသည်ကို ကြည့်ရင်း တဆတ်ဆတ်တုန်ရီနေကြသည်။ သူ၏ဆံပင်သည် ဖြူဆွတ်လာပြီး ကျွတ်ကျလာသည်။ သူ၏အသွေးအသားများ ခြောက်ကပ်ကုန်သည်။ သူ နောက်ထွက်သက် ရှူရှိုက်လိုက်စဥ် သူ၏မျက်လုံးများ သောကရိပ်များလွှမ်းသွားပြီးနောက် သေဆုံးသွားတော့သည်။

မန်ဟိုသက်ပြင်းချလိုက်၏။ သူနှင့် ဤလူများ၌ ရန်ငြိုးမရှိပေ။ သို့သော် သူတို့က ဤနေရာကို ရောက်လာပြီး သူ့ကို သုတ်သင်၍ ကျင့်ကြံခြင်းအဆင့်တက်ခြင်းကို ဟန့်တားရန် ရည်ရွယ်ချက်ဖြင့် သူ့ကို တိုက်ခိုက်ခဲ့ကြသည်။ သူတို့က ရှောင်မျိုးနွယ်စုကြောင့် သူ့ကို ပစ်မှတ်ထားခဲ့ကြသော်လည်း အဖြစ်မှန်ကတော့.....သူတို့ဤနေရာရောက်နေကြခြင်းပင်။ မန်ဟို့ကို ရုတ်တရက် ရင်ဆိုင်ရရန်မှာ သူတို့၏ကံကြမ္မာသာဖြစ်သည်။

မန်ဟို နားလည်သည်။ သူ၏မျက်လုံးများသည် ဉာဏ်အလင်းဖြင့် တဖျပ်ဖျပ်လက်နေပြီး သူက တုံ့ဆိုင်းခြင်းအလျဥ်းမရှိဘဲ ဆက်လက်တိုက်ခိုက်နေသည်။

သူ ချီအခြေတည်ခြင်းအလယ်အလတ်အဆင့် အဘိုးအိုတစ်ယောက်၏ အသက်စွမ်းအားနှင့် ကျင့်ကြံခြင်းအခြေခံကို စုပ်ယူလိုက်သည့်အချိန် ကျယ်လောင်သောထစ်ခြုန်းသံကြီး သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်သွား၏။ ၄င်းက ဟိန်းထွက်လာရာ လူတိုင်းကို တအံ့တသြလှမ်းကြည့်မိလိုက်စေသည်။

ထွက်ပြေးနေသောကျင့်ကြံသူများမှာ ထိတ်လန့်တုန်ရီနေတော့သည်။ ဖြစ်ပျက်နေသမျှအရာအားလုံးမှာ သူတို့၏ကျန်ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မေ့တော့မည်မဟုတ်သည့် အိပ်မက်ဆိုးကြီးတစ်ခုဖြစ်သည်။

မန်ဟို၏ပုံရိပ်သည် သူတို့၏ဝိညာဥ်ထဲထိ တစ်သက်လုံးဖျောက်ဖျက်၍မရအောင် တံဆိပ်ခတ်နှိပ်ခဲ့ပြီးဖြစ်သဖြင့် သေဆုံးသည်အထိ သူတို့နှင့်အတူရှိသွားတော့မည် ဖြစ်သည်။

ထစ်ခြုန်းသံကြီးဟိန်းထွက်သွားစဥ် မန်ဟိုတစ်ကိုယ်လုံး တုန်တက်သွားသည်။ သူသည် ရုတ်တရက် ရွှေရောင်အလင်းကို ထုတ်လွှတ်လာ၏။၄င်းက ပြန့်ထွက်လာရာ မန်ဟိုကို ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့်ပုံပေါ်သွားစေသည်။

တစ်ချိန်တည်းမှာပင် စတုတ္ထတာအိုမဏ္ဍိုင် အပြည့်အဝပေါ်ပေါက်လာလေပြီ။ ထစ်ခြုန်းသံသည် စတုတ္ထတာအိုမဏ္ဍိုင်ကိုယ်တိုင်မှ လာခြင်းဖြစ်၏။ အပေါ်ထက်ကောင်းကင်တွင် တိမ်မည်းများ စတင်စုစည်းလာသည်။ ၄င်းတို့အတွင်းမှ မမြင်နိုင်သော မျက်ဝန်းကြီးတစ်စုံက မန်ဟိုကို ငုံ့ကြည့်နေသည့်အလား ထင်ရသည်။

ပြစ်ဒဏ်မိုးကြိုးပေါ်ပေါက်လာသကဲ့သို့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ၄င်းက ဖျက်စီးခြင်းပြစ်ဒဏ်ချမှတ်ရန် အမြုတေဖြစ်တည်မှုအဆင့်အထိစောင့်ရင်း အကဲလာခတ်သည့်အလား ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။

မည်သည့်လေမှတိုက်ခိုက်နေခြင်းမရှိသော်လည်း မန်ဟို၏ဆံပင်မှာ ကြမ်းကြမ်းတမ်းတမ်း လွင့်ပျံ့လျက်ရှိသည်။ သူ၏စတုတ္ထတာအိုမဏ္ဍိုင်ထွက်ပေါ်လာခြင်းနှင့်အတူ သူသည် ယခုတွင် ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်သို့ ရောက်ရှိသွား၏။

ပြီးပြည့်စုံသော အခြေ၏စွမ်းအားဖြင့် မန်ဟိုသည် ယခုတွင် တောင်ပိုင်းဒေသ၏ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုအကြား၌ အစွမ်းထက်ဆုံး ချီအခြေတည်ခြင်းအဆင့်ကျင့်ကြံသူ ဖြစ်သွားလေပြီ။

သူအဆင့်တက်သွားသည့်အခိုက်၌ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏မျက်နှာများ သွေးဆုပ်သွားကြပြီး တစ်ကိုယ်လုံးတုန်ရီသွားကြ၏။ သူတို့ခန္ဓာကိုယ်ထဲက တာအိုမဏ္ဍိုင်များ ရုတ်တရက် တုန်ခါလာကြသည်။ တကယ်တမ်း ကျင့်ကြံသူတချို့၏ တာအိုမဏ္ဍိုင်များအပေါ်တွင် အက်ရာများထလာရာ သူတို့ကို အံအားသင့်သွားသောမျက်နှာများဖြင့် သွေးများအန်လိုက်ရစေတော့သည်။

သူတို့၏တာအိုမဏ္ဍိုင်များမှာ မန်ဟို၏ပြီးပြည့်စုံသောတာအိုမဏ္ဍိုင်များ၏ တည်ရှိမှုကြောင့် ရှက်ရွံ့နေကြဟန်တူသည်။ ပြီးပြည့်စုံသော အခြေဖြင့် သူသည် ချီအခြေတည်အဆင့်အကြား၌ ဘုရင်တစ်ပါးဖြစ်၏။ သူ၏မယုံကြည်နိုင်ဖွယ် အင်အားနှင့်စွမ်းအားတို့က အခြားသောချီအခြေတည်အဆင့်ကျင့်ကြံသူအားလုံးကို စိတ်နှလုံးတုန်လှုပ်သွားစေပြီး သူတို့၏တာအိုမဏ္ဍိုင်များအား မတည်မငြိမ်ဖြစ်သွားစေသည်။

အမှန်တကယ်တွင် မန်ဟို့တာအိုမဏ္ဍိုင်များ၏ လွှမ်းမိုးမှုကြောင့် တုန်ရီနေသော ကျင့်ကြံသူများ သူ့အရှေ့တွင် အလိုလိုဝပ်စင်းလာကြသည်။ ဤသည်မှာ သူတို့၏အကြံမဟုတ်၊ တာအိုမဏ္ဍိုင်များမှ ၄င်းတို့၏ဘုရင်ကို လေးစားကြည်ညိုခြင်းဖြစ်သည်။

သူတို့ ခေါင်းငုံအရိုအသေပေးလိုက်ကြစဥ် သူတို့၏ခန္ဓာကိုယ်များမှာ သူတို့၏ထိန်းချုပ်မှုအောက်တွင်ပင် မရှိတော့ပေ။ သူတို့၏စိတ်များမှာ ထစ်ခြုန်းနေသော ဗလာကျင်းမှုဖြင့် ပြည့်နှက်သွားသည်။

ဤသည်မှာ စစ်မှန်သောချိုးဖျက်ခြင်းဖိအားပင်။ ယင်းသည် ကောင်းကင်နှင့်မြေကြီးကြားကကဲ့သို့ ဆက်နွှယ်မှုတစ်ခု ဖန်တီးလိုက်သည့်အဆင့်တစ်ခုထိ ရောက်ရှိသွားသော စွမ်းအားတစ်ရပ်ဖြစ်သည်။

ကျင့်ကြံခြင်းကမ္ဘာတွင် ချိုးဖျက်ခြင်းဖိအားသည် မတူညီသောကျင့်ကြံခြင်းအဆင့်များအကြား ကြီးမားသော ကွာဟမှုကြောင့် တည်ရှိသောစွမ်းအားတစ်ခုဖြစ်သည်။ သို့သော် မန်ဟို့ထံမှ ထုတ်လွှတ်နေသော ချိုးဖျက်ခြင်းဖိအားသည် တာအိုမဏ္ဍိုင်ကိုယ်တိုင်မှ လာခြင်းဖြစ်သည်။

ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်များသည် အခြားတာအိုမဏ္ဍိုင်အားလုံးအပေါ် ချိုးဖျက်ခြင်းဖိအား ထုတ်ဖော်ပြသနိုင်သည်။ ချီအခြေတည်ခြင်းစက်ဝန်းပြီးမြောက်ထားသော ကျင့်ကြံသူတစ်ယောက်၌ ကျိုးပဲ့တာအိုမဏ္ဍိုများသာရှိလျှင်တော့ မန်ဟို့အရှေ့တွင် ကြောက်ဒူးတုန်နေရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။

ဤသည်မှာ... ဤသည်မှာ ပြီးပြည့်စုံသော တာအိုမဏ္ဍိုင် ၄ ခု၏ စွမ်းအားဖြစ်သည်။ မန်ဟို ပဉ္စမ၊ ဆဋ္ဌမနှင့် နဝမတာအိုမဏ္ဍိုင်များ ဖန်တီးပြီးနောက်တွင် အသုံးပြုနိုင်မည့်စွမ်းအားကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲ၏။ သူ မည်သည့််ချိုးဖျက်ခြင်းဖိအားကို ထုတ်လွှတ်နိုင်လောက်မည်နည်း။

ထိုအချိန်တွင် သူ့အတွက် ဒဏ်ရာအခြေ သို့မဟုတ် အနာအဆာမဲ့အခြေတစ်ခုနှင့် ရင်ဆိုင်ရလျှင်ပင် အရေးမပါတော့ပေ။ သူတို့အားလုံးမှာ မန်ဟို့အတွက် ပုရွက်ဆိတ်များသဖွယ် အားနည်းနေမည်သာ။ ပြီးပြည့်စုံသောတာအိုမဏ္ဍိုင် ၉ ခုပြီးနောက်တွင်တော့ မန်ဟို အမြုတေဖြစ်တည်မှုအဆင့်သို့ ကျော်ဖြတ်နိုင်လောက်မည်။

ထိုသည်က မည်သည်တူလိမ့်မည်ဖြစ်ကြောင်း မန်ဟို မတွေးကြည့်နိုင်သော်လည်း မည်သို့ပင်ဖြစ်စေ သူ့နှလုံးသားသည် ပြင်းထန်သောမျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေပြီ။

ဤအချိန် ရှောင်မျိုးနွယ်စု၏အပြင်နားလေး၌ အလင်းတန်းနှစ်တန်း လေကိုခွင်း၍ တဟုန်ထိုးလာနေသည်။ တစ်တန်းက အပြာရောင်အလင်းဖြင့် တဖျပ်ဖျပ်လက်နေပြီး အခြားတစ်တန်းက အဖြူရောင်ဖြစ်သည်။ သူတို့ ရှေ့သို့ပျံသန်းလာကြစဥ် မန်ဟို့ကို မြင်လိုက်ကြ၏။

"ဆိုတော့ ရွေးချယ်ခံတစ်ယောက်ဖြစ်နေတာပဲ" အဖြူရောင်ဝတ်ရုံနှင့်လူငယ်က ပြောသည်။ သွေးမိစ္ဆာဂိုဏ်း၏ လက်ရှိတာအိုကလေးက မျက်လုံးများ ကျဥ်းမြောင်းရင်း ငုံ့ကြည့်လိုက်သည်။ ၄င်းတို့သည် တိုက်ခိုက်လိုစိတ်များဖြင့် မီးတဝင်းဝင်းတောက်နေပုံရသည်။ ၄င်းတို့သည် မန်ဟို့ကို အကဲခတ်လိုက်သဖြင့် လျှပ်စီးသဖွယ် ဖျတ်ခနဲလက်သွားသည်။

ဘေးတွင် စန်းလော့၏အစ်ကို အပြာရောင်ဝတ်ရုံနှင့် လူငယ်ဖြစ်သည်။ သူ၏အကြည့် မန်ဟိုထံ ရောက်သွားစဥ် သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူ၏နှလုံးသည် မဖော်ပြနိုင်သောအန္တရာယ်အာရုံတစ်ခုဖြင့် ပြည့်နှက်သွားသည်။

ဤအခိုက်အတန့်မှာပင် မနီးမဝေးရှိတစ်နေရာတွင် ဧရာမချိုင့်ဝှမ်းကြီးတစ်ခု တည်ရှိသည်။ တကယ်တမ်း ထိုကဲ့သို့ ချိုင့်ဝှမ်းဆယ်ခုရှိပြီး တစ်ခုစီသည် ဆန်းဆန်းပြားပြားအလှဆင်ထားသော အဆောက်အဦးများ၊ ပြာဿဒ်များဖြင့် ပြည့်နှက်နေသည်။ ချိုင့်ဝှမ်းတစ်ခုစီတွင် ကန်တစ်ကန်စီလည်း ပါဝင်၏။

အဝေးတစ်နေရာမှကြည့်လျှင် ဤနေရာသည်....... လျှို့ဝှက်ဆန်းကြယ်ပြီး အမှောင်လောကဆန်၏။ ဤနယ်မြေကား....... တောင်ပိုင်းဒေသ၏ ထိပ်သီးဂိုဏ်းငါးဂိုဏ်းထဲက တစ်ဂိုဏ်း..... သွေးမိစ္ဆာဂိုဏ်းပင်။

ချိုင်းဝှမ်းဆယ်ခု၏ အလယ်တွင် သစ်ပင်တစ်ပင်ရှိသည်။ သစ်ပင်၏တစ်ပိုင်းက ခြောက်သွေ့ညှိုးလျော်နေပြီး အခြားတစ်ပိုင်းက စိမ်းလန်းစိုပြည်လျက်ရှိသည်။ ၄င်းမှာ အလွန်ဆန်းပြားသောမြင်ကွင်းတစ်ခုဖြစ်ပြီး သိသိသာသာပင် သာမန်ထက်ထူးခြားလေသည်။ ဤသစ်ပင်ကား သွေးမိစ္ဆာဂိုဏ်း၏ အဖိုးထိုက်ရတနာတစ်ပါးဖြစ်သည်။

သစ်ပင်၏အောက်တွင် ဝိုးတိုးဝါးတားပုံရိပ်တစ်ခု တင်ပျဥ်ခွေထိုင်နေသည်။ ရုတ်တရက် ပုံရိပ်က ခေါင်းမော့လိုက်သည်။ ၄င်း၏အမြင်အာရုံသည် အရာအားလုံးကို ထိုးဖောက်သွားပြီး နောက်ဆုံး ရှောင်မျိုးနွယ်စုနှင့် မန်ဟိုထံ ရောက်သွားသည်။

၄င်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်ထွန်းသွားပြီး မသဲကွဲသောရေရွတ်သံတစ်သံကြားလိုက်ရသည်။

"ဆိုတော့ ငါမင်းကို ဟိုသုံးကြိမ်ကူညီခဲ့တာ အလကားမဖြစ်ဘူးပဲ" ဝိုးတိုးဝါးတားပုံရိပ်က ခပ်သြသြအသံကြီးဖြင့်ပြောသည်။ "ဒီကလေးတော့ တကယ် အရွယ်ရောက်လာပြီ.....ကြည့်ရတာ ယုအာလဲ အဲ့မှာထင်တယ်။ ခရမ်းရောင်ဝတ်ရုံကျင့်ကြံသူ မွေးတဲ့နေ့က ပြောခဲ့တဲ့ ပြစ်ဒဏ်များ ဖြစ်နိုင်မလား" ကောင်းကင်တွင် မိုးထစ်ခြုန်းသွားသည်။

"မိုးကောင်းကင်တာအိုက မသေဘူးဆိုတော့ ငါမြေအောက်ကမ္ဘာသင်္ချိုင်းကို မဝင်ရောက်သင့်သေးဘူး" ပုံရိပ်က ကောင်းကင်ကို မော့ကြည့်ပြီး ၄င်း၏မျက်နှာသည် ရုတ်တရက် ရက်စက်သောအနီရောင်အလင်းတန်းနှစ်တန်းကို ထုတ်လွှတ်လိုက်သည်။ ဤသည်ကား.... ထိုနှစ်က မှီခိုရာဂိုဏ်းတွင် ပေါ်လာခဲ့ဖူးသော သွေးနီရောင်ပုံရိပ်ဖြစ်သည်။

ဤသည်မှာ မန်ဟို့ကို ထန်ကျီးအရှင်၏ လက်အတွင်း ပျက်စီးခြင်းမှ ကယ်တင်ရန် ကောင်းကင်တွင် လျှပ်တပြက်ပေါ်လာခဲ့သော သွေးနီနတ်ဆိုးမိစ္ဆာသခင်ဖြစ်သည်။

ရှောင်မျိုးနွယ်စု၏အပေါ်တွင် ရွှေရောင်အလင်းတစ်ခု တလက်လက်တောက်ပနေသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ ကြောက်လန့်တုန်ရီနေကြသည်။ မန်ဟိုက ခေါင်းလှည့်လိုက်ပြီး သူ၏အကြည့်သည် အဖြူရောင်ဝတ်ရုံနှင့်ကျင့်ကြံသူအပေါ် ကျရောက်လာ၏။

သူ့ကို အလှတရားနှင့်သာ တင်စားနိုင်သည်။ သူ၏ခန္ဓာကိုယ်မှာ ပွရောင်းရောင်းအဖြူရောင်ဝတ်ရုံဖြင့် ဖုံးလွှမ်းလျက်ရှိပြီး သူက မိစ္ဆာအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ သို့သော် မိစ္ဆာအရှိန်အဝါအပြင် သန့်စင်မွန်မြတ်သော အငွေ့အသက်လည်းရှိ၏။ သူသည် ထိုနေရာတွင် ရပ်နေပြီး အခြားကျင့်ကြံသူအဖော်တစ်ယောက်ပါသော်လည်း မျက်လုံးများအားလုံးက သူ့အပေါ်တွင်ဖြစ်သည်။ လူထောင်ပေါင်းများစွာရှိလျှင်တောင်မှ သူသည် အများအာရုံစိုက်ရာဖြစ်ဦးမည်ဖြစ်သည်။

သူ၏အလှတရားနှင့် မိစ္ဆာဆန်သောအငွေ့အသက်တို့ ပေါင်းစပ်သွားသည်တွင် အမျိုးသမီးအများစုအတွက်ပင် သူ့ကိုကျော်ရန် ခက်ခဲမည်ဖြစ်သည်။ သူသာ အမျိုးသမီးအဝတ်အစားဝတ်လိုက်ပါက သေချာပေါက် သူ၏မျိုးဆက်တွင် ပြိုင်ဘက်ကင်းအလှပဂေးတစ်ဦးဖြစ်သွားလိမ့်မည်။

မန်ဟိုက အဖြူရောင်ဝတ်ရုံနှင့်လူငယ်ကို မော့ကြည့်လိုက်ရာ သူတို့နှစ်ယောက်အကြည့်ချင်းဆုံသွားကြသည်။ ချက်ချင်းပင် ထိုမျက်လုံးများအတွင်း၌ တိုက်ခိုက်လိုစိတ်များအား မန်ဟိုအာရုံရလိုက်သည်။ လှပသောသွေးမိစ္ဆာဂိုဏ်းတာအိုကလေးဘေးတွင် အပြာရောင်ဝတ်ရုံနှင့် ကျင့်ကြံသူရှိ၏။ သူ့အကြည့်သည် မလှမ်းမကမ်းက မြေကြီးပေါ်၌ အနက်ရောင်ပိုက်ကွန်ဖြင့် ချည်နှောင်ခံထားရသော စန်းလော့ထံ ချက်ချင်းရောက်သွားသည်။ သူ လှုပ်ရှားရန်ပြင်လိုက်ချိန် အဖြူရောင်ဝတ်ရုံနှင့်လူငယ်က သူ့ကိုတားလိုက်သည်။

"မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူး" အဖြူရောင်ဝတ်ရုံနှင့်လူငယ်က ပြုံးသည်။ "ငါဒီလူ့တွေကိုတွေ့ပြီ.....သိပ်စိတ်ဝင်စားစရာကောင်းတာပဲ" သူ၏အပြုံးသည် နွေးထွေးပြီးတည်ကြည်၏။ ဤပုဂ္ဂိုလ်သာ အမျိုးသမီးအဝတ်အစားဝတ်ဆင်ထားပါက ပန်းပွင့်လေးများမှေးမှိန်သွားစေသော အပြုံးလေးတစ်ပွင့်ဖြစ်ပေမည်။

ပြုံးပြီးနောက် အဖြူရောင်ဝတ်ရုံနှင့်လူငယ်က ရှေ့တစ်လှမ်းလှမ်းလိုက်သည်။ ဤခြေလှမ်းက လေထဲသို့ ကျဆင်းသွားသော်လည်း မန်ဟို၏မျက်လုံးများကို ကျဥ်းမြောင်းသွားစေ၏။ ခြေလှမ်းက သူ့နှလုံးသားအပေါ်တည့်တည့်နင်းချလိုက်သည့်အလား ခံစားရလေသည်။ သူ့မှာရုတ်တရက် ကြီးမားသောဖိအားကြီးအောက် ရောက်သွားသကဲ့သို့ သူ၏အခြေအနေတစ်ရပ်လုံး ပြောင်းလဲသွားတော့သည်။

စွမ်းအားလှိုင်းတစ်လှိုင်းက အဖြူရောင်ဝတ်ရုံနှင့်လူငယ်မှ ရိုက်ခတ်လာရာ ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်၏ ပြီးပြည့်စုံသော စက်ဝန်းတွင်ဖြစ်ကြောင်း ထင်ရှားသွားသည်။

"ဒါက ကျုပ်ရဲ့ မိစ္ဆာပဒုမ္မာခြေလှမ်းခုနစ်လှမ်းပဲ။ တစ်လှမ်းဆီဟာ ချိုးဖျက်လို့မဖြစ်နိုင်ဘူး။ ဂရုစိုက်ပါ တာအိုရောင်ရင်း"အဖြူရောင်ဝတ်ရုံနှင့်လူငယ်က အပြုံံးလေးတစ်ခုဖြင့် ဒုတိယခြေလှမ်း စတင်လှမ်းသည်။ သူ၏စွမ်းအားသည် ရုတ်တရက် သူ၏စိတ်ဆန္ဒပါဝင်နေသည့်အလား အလွန်မြင့်မားသောအဆင့်အထိ ထိုးတက်သွားတော့သည်။ ၄င်းက အဘက်ဘက်သို့ ပျံ့နှံ့သွား၏။

မန်ဟို၏မျက်လုံးများ လင်းလက်တောက်ပသွား၏။ အဖြူရောင်ဝတ်ရုံနှင့်လူငယ် ချဥ်းကပ်လာစဥ် ထူးဆန်းသောချီတစ်ခု ပတ်ဝန်းကျင်တွင် ဖြစ်တည်လာပုံရသည်။ ၄င်းသည် လျှို့ဝှက်ဆန်းကြယ်သောရနံ့တစ်ခုထုတ်လွှတ်ရင်း လည်ပတ်လျက်ရှိ၏။ ၄င်းရနံ့က နှစ်သက်ဖွယ်ကောင်းသော်လည်း လူတစ်ယောက်ကို သတိလက်လွတ်ဖြစ်သွားစေသည်အထိ စိတ်ရှုပ်ထွေးသွားစေနိုင်သည်။

ဒုတိယခြေလှမ်းကျရောက်လာစဥ် မန်ဟို စတင်တုန်ရီလာပြီး သူ၏မျက်လုံးထဲရှိ အလင်းသည် ပို၍စူးရှလာ၏။ အဖြူရောင်ဝတ်ရုံနှင့်လူငယ်က ပြုံးရင်း တတိယခြေလှမ်းလှမ်းလိုက်သည်။ ၄င်းကျရောက်လာချိန် ပတ်ဝန်းကျင်ရှိစွမ်းအားသည် အဆပေါင်းများစွာ အားကောင်းလာ၏။ သူ၏ခန္ဓာကိုယ်သည် မလွှမ်းမိုးနိုင်သောအရာတစ်ခုအသွင် ပြောင်းသွားသည်။ ၄င်းက တတိယမြောက်ခြေလှမ်းသာဖြစ်သော်လည်း မန်ဟိုအမြင်အရ ရုတ်တရက် အချိန်လျင်မြန်စွာ ရွေ့လျားနေပုံပေါ်သည်။ တစ်ကမ္ဘာလုံးကား အခြားတစ်ခုဖြင့် အစားထိုးခံနေရသည့်အလားပင်။

***

All Chapters