← Chapters

လီရှိချီ

Vol. 13 Ch. !75

လီရှိချီ

Vol. 13 Ch. !75

ပြင်းထန်သောခံစားချက်တစ်ခု မန်ဟိုတွင် ပြည့်နှက်သွားသည်။ သူ့ကိုဝန်းရံလျက်ရှိသည့် နယ်မြေတစ်ခွင်လုံးမှာ အရာရာတိိုင်းမှ ဖြတ်တောက်ခံလိုက်ရသည့်အလားပင်။ သူ၏ကျင့်ကြံခြင်းအခြေခံ ပျက်စီးပြီး မကြာမီ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်သို့ ပြန်ကျသွားတော့မည်သကဲ့သို့ ခံစားနေရသည်။

တစ်ချိန်တည်းမှာပင် မယုံနိုင်လောက်အောင် ယုတ္တိဆန်လွန်းသော မြင်ကွင်းတစ်ခု သူ၏စိတ်ထဲတွင် ပေါ်လာသည်။ သူသည် တာ့ချင်းတောင်၊ ယွင်ကျဲစီရင်စု၊ လရောင်ဖြာကျနေသော သူ၏အခန်းပြတင်းပေါက် ပြန်ရောက်သွားသည်။ ထိုနေရာတွင် စာထိုင်ဖတ်နေသော သူ့ကိုယ်သူ သူတွေ့လိုက်ရသည်။

မန်ဟိုသည် ဤကဲ့သို့ မှော်ပညာရပ်တစ်မျိုးကို ယခင်က တစ်ခါမှမကြုံတွေ့ခဲ့ဖူးပေ။ ဤသည်မှာ သူ၏ပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏မျက်လုံးများ ကျဥ်းမြောင်းသွား၏။

အဖြူရောင်ဝတ်ရုံနှင်လူငယ်၏ လေးလှမ်းမြောက် ခြေလှမ်း ယခုပင် စတင်နေလေပြီ။

ထိုသို့ စတင်လိုက်စဥ် မန်ဟို မိုက်ခနဲဖြစ်သွားပြီး မြင်ကွင်းများစွာ ထပ်မံပေါ်ပေါက်လာသည်။ သူ၏ပြိုင်ဘက်ကြောင့် ဖြစ်ပျက်နေသော အခြေအနေမှာ ခုနစ်လှမ်းမြောက်သို့ရောက်သည်နှင့်တစ်ပြိုင်နက် ချိုးဖျက်ရန် မဖြစ်နိုင်တော့ကြောင်း သူရုတ်တရက် သဘောပေါက်လိုက်သည်။ ထိုသည်မှာ အထွတ်အထိပ်ဖြစ်ပြီး နောက်ဆုံးခြေလှမ်းကျရောက်လာပါက သူ၏ပြိုင်ဘက်သည် သူတိုက်ခိုက်ရန်မလိုအပ်လောက်အောင် ပြင်းထန်သောဖိအားကြီးတစ်ခု ထုတ်နိုင်မည်ဖြစ်သည်။

ထိုဖိအားတွင် ချီအခြေတည်အဆင့်ကို ဖယ်ရှားပစ်နိုင်သော စွမ်းအားတစ်ခုပါဝင်သည်။

"ပညာရပ်က ချိုးဖျက်လို့မရဘူးဆိုရင် ငါ အခြေအနေကိုချိုးဖျက်ရမယ်"

မန်ဟို၏မျက်လုံးများ လင်းလက်တောက်ပသွားပြီး သူ၏ခေါင်း မော့လာသည်။ သူက ညာလက်ကိုမြှောက်ပြီး မြေကြီးကို လက်ညှိုးထိုးလိုက်သည်။ ကမ္ဘာကြီး တုန်ခါလာပုံရသည့်တိုင် တုန်ခါနေသောအရာက ကမ္ဘာမြေကြီးမဟုတ်ဘဲ မန်ဟိုပင်။ သရဲပုံရိပ်များ နေရာအနှံ့ထွက်ပေါ်လာသည်။ သရဲပုံရိပ်မရှိသည့် တစ်ခုတည်းသောအရာမှာ မန်ဟိုသာ။

"ဒါက အဋ္ဌမမန္တန်၊ ခန္ဓာကိုယ်ချုပ်နှောင်ခြင်းလက်ချောင်းပဲ" မန်ဟိုက အေးစက်စွာ ပြောသည်။ "ဂရုစိုက်ပါ တာအိုရောင်ရင်း" သူက လက်ကိုမြှောက်ပြီး အရှေ့သို့ လက်ညှိုးထိုးလိုက်သည်။

ရုတ်တရက် မန်ဟို၏ခန္ဓာကိုယ် တုန်ခါနေခြင်းရပ်သွားသည်။ သရဲပုံရိပ်များသည် တစ်ခုပေါ်တစ်ခုထပ်ပြီး အဖြူရောင်ဝတ်ရုံနှင့်လူငယ်ထံ ထိုးဆင်းသွားသည်။ ၄င်းတို့က သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားပြီး ရုတ်တရက် လူငယ်၏သရဲပုံရိပ် ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာသည်။ သူလှမ်းတော့မည့် ပဉ္စမခြေလှမ်းကား ဘယ်တော့မှ အဆုံးသတ်တော့မည်မဟုတ်ပေ။

အဖြူရောင်ဝတ်ရုံနှင့်လူငယ်၏ စိတ်နှလုံးတုန်ရီသွားသည်။ သူက တည်ကြည်ခန့်ညားသော အမူအရာနှင့် လင်းလက်တောက်ပနေသောမျက်လုံးများဖြင့် ကြည့်သည်။

မန်ဟိုက မတိုက်ခိုက်ပေ။ ဤတိုက်ပွဲသည် ပညာရပ်များဖလှယ်ခြင်းထက်ပိုသော်လည်း သူသေကိုယ်သေတိုက်ပွဲတော့မဟုတ်ပေ။ မန်ဟိုက လူငယ်ကို တည်ငြိမ်အေးဆေးစွာကြည့်ရင်း မထူးခြားဟန်ဖြင့် ရပ်နေသည်။

အသက်တစ်ရှိုက်ကြာသော် အဖြူရောင်ဝတ်ရုံနှင့်လူငယ် ပြန်လည်သက်သာလာသည်။ သို့သော် သူ့ခြေလှမ်းများ၏ အဟုန်မှ ပေါ်ထွက်လာသည့်ဖိအားကား မန်ဟိုကြောင့် လွင့်စင်ပျောက်ကွယ်သွားလေပြီ။

မိစ္ဆာပဒုမ္မာခြေလှမ်းခုနစ်လှမ်းသည် အဟုန်၏စွမ်းအားကို အသုံးပြုသော ပညာရပ်တစ်ခုဖြစ်သည်။ တစ်ခါထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် မြင့်မားသောကျင့်ကြံခြင်းအခြေခံများပင်လျှင် ချိုးဖျက်ရန် ခက်ခဲသည်။ ကျင့်ကြံခြင်းကမ္ဘာတွင် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထွက်ပေါ်လာခဲ့သည့်အချိန်ကစ၍ ယခုအချိန်ထိတိုင်အောင် အဖြူရောင်ဝတ်ရုံနှင့်လူငယ်သည် မိစ္ဆာပဒုမ္မာခြေလှမ်းခုနစ်လှမ်းကို ချိုးဖျက်နိုင်သည့် ချီအခြေတည့်အဆင့်လူတစ်ယောက်နှင့် တစ်ခါမှမကြုံတွေ့ခဲ့ဖူးပေ။ အခြားဂိုဏ်း သို့မဟုတ် မျိုးနွယ်စုများ၏ တာအိုကလေးများပင်လျှင် တတ်နိုင်မည်မဟုတ်ပေ။

သို့သော် ယနေ့ ဤနေရာတွင် တစ်ခါမှမကြုံဖူးသောအဖြစ်အပျက်ကို သူကိုယ်တွေ့ကြုံနေရလေပြီ။ မန်ဟိုကို ကြည့်လိုက်စဥ် သူ၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် လင်းလက်တောက်ပသွား၏။ သူ၏မျက်နှာသည် လေးစားခြင်းများဖြင့် ပြည့်နှက်သွားသည်။ ဤသည်မှာ တူညီသောမျိုးဆက်၏ အစွမ်းထက်ပညာရှင်များသာ တစ်ယောက်အပေါ်တစ်ယောက်ခံစားရမည့် အထင်ကြီးလေးစားမှုတစ်ရပ်ဖြစ်သည်။

"မပေးဘဲယူရမှာက ကျုပ်ကျင့်သုံးတဲ့စည်းမျဥ်းတစ်ခုမဟုတ်ဘူး" မန်ဟိုက အေးစက်စွာ ပြောသည်။ "ကျုပ်မှာလဲ ဝေမျှပေးဖို့တိုက်ကွက်တစ်ကွက်ရှိတယ်။ ကျေးဇူးပြုပြီးပြင်ဆင်ထားပါ" သူက လက်မ၏လက်သည်းဖြင့် လက်ခလယ်ကိုလှီးရင်း ဘယ်လက်ကိုမြှောက်လိုက်သည်။ သွေးများစီးကျလာပြီး သူ၏လက်ခလယ်ကို ကြက်သွေးရောင်သမ်းသွားစေ၏။ သူ၏လက်သည် ပုံမှန်အတိုင်းလှုပ်ရှားလိုက်သော်လည်း သူ၏မျက်လုံးများက ရက်စက်မှုများဖြင့် ပြည့်နှက်နေသည်။

သူတိုက်ခိုက်လိုက်စဥ် စောင့်ကြည့်သူများမှာ ထူးထူးခြားခြားအဖြစ်အပျက်တစ်စုံတရာမမြင်နိုင်ကြပေ။ သို့သော် အဖြူရောင်ဝတ်ရုံနှင့်လူငယ်၏သူငယ်အိမ်များ ချက်ချင်းကျုံ့သွားသည်။ သူ၏ရှုထောင့်မှ အရာအားလုံး ရုတ်တရက် သွေးရောင်ပြောင်းသွားသည်။

သူ၏အမူအရာသည် မဆိုစလောက် ရိပ်ခနဲဖြစ်သွားပြီး သေစေနိုင်လောက်အောင် ပြင်းထန်သောအန္တရာယ်အာရုံကြီးတစ်ခု သူ၏စိတ်ထဲတွင် ပြည့်သျှံလာသည်။ သူ၏ညာလက်က သိုလှောင်အိတ်ကို ပုတ်ရန် မြောက်သွားသည်။ ခြောက်သွေ့နေသော သစ်ရွက်သုံးရွက်နှင့် စိမ်းလန်းနေသောသစ်ရွက်သုံးရွက် ပေါက်ရောက်နေသော သစ်ကိုင်းတစ်ကိုင်း သူ့လက်ထဲတွင် ပေါ်လာသည်။ သူက ၄င်းကို သူ့အရှေ့တွင် ဝှေ့ယမ်းလိုက်၏။

မည်သည့်အသံမှမကြားရသော်လည်း ခပ်ပျော့ပျော့လှိုင်းဂယက်များ ပျံ့နှံ့လာသည်။ မန်ဟိုက ပျင်းရိပျင်းတွဲနှာမှုတ်ပြီး နောက်သုံးလှမ်းဆုတ်လိုက်သည်။ ထိုသို့လုပ်လိုက်ချိန် သူ၏စွမ်းအား စတင်ကျဆင်းလာသဖြင့် သူကရပ်ပြီး ရှေ့တစ်လှမ်းတိုးလိုက်သည်။

ကျရောက်သွားသောခြေလှမ်းက အဖြူရောင်ဝတ်ရုံနှင့်လူငယ်၏နှလုံးသားအပေါ် တည့်တည့်နင်းချလိုက်သကဲ့သို့ဖြစ်ရာ သူ့မှာ စိတ်နှလုံးတုန်လှုပ်သွားတော့သည်။ မမြင်နိုင်သောဖိအားကြီးတစ်ခုက ဖိချနေသကဲ့သို့ သူ၏ခန္ဓာကိုယ်သည် ဘယ်ညာယိမ်းထိုးသွား၏။ သူက မှော်ပစ္စည်းများ၏အကူအညီဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည့်တိုင် သူ့မျက်နှာဖြူဆုပ်သွားသည်။ သူ၏မျက်နှာ တဖြေးဖြေးသွေးရောင်ပြန်သမ်းလာချိန် သူက မန်ဟို့ကို လေးလေးနက်နက်တစ်ချက်ကြည့်သည်။

"လူကြီးမင်း၊ ကျုပ်က လီရှိချီပါ" ဤအဖြူရောင်ဝတ်ရုံနှင့်လူငယ်မှာ အမှန်တကယ်ပင်မိန်းကလေးနာမည်ရှိဟန် တူသည်။ သူက မန်ဟို့ကို စိုက်ကြည့်ပြီး နူးညံပျော့ပျောင်းသောအသံလေးဖြင့် မေးသည်။ "တာအိုရောင်ရင်း၊ ခင်ဗျားရဲ့ ထင်ရှားကျော်ကြားတဲ့နာမည်ကို ကျုပ်သိခွင့်ရှိမလားဗျာ"

မန်ဟိုမှာ အဖြူရောင်ဝတ်ရုံနှင့်လူငယ်ကြည့်ရင်း ထူးဆန်းသောခံစားချက်တစ်ခု ရလိုက်သည်။ သူနှင့်ပတ်သက်၍ တစ်စုံတခုက ထူးဆန်းနေလေသည်။ သူက တခဏတွေးပြီးနောက် ပြန်ဖြေသည်။ "မန်ဟို"

"အစ်ကိုမန်၊ ခင်ဗျား ထိန်းသိမ်းစောင့်ရှောက်ထားတဲ့လူက တကယ်တော့ ကျုပ်ဂိုဏ်းတူညီလေးရဲ့ သွေးသားတစ်ယောက်ဖြစ်ပါတယ်။ ခင်ဗျား သူ့ကိုလွှတ်ပေးနိုင်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်။ သူခင်ဗျားကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင် ကျုပ် စိတ်ရင်းနဲ့တောင်းပန်ပါတယ်"

မန်ဟိုက လီရှိချီဘေးတွင် ရပ်နေသော အပြာရောင်ဝတ်ရုံနှင့်လူငယ်ကို ကြည့်သည်။ သူသည် လောလောဆယ် မလှမ်းမကမ်းက စန်းလော့ကို လှမ်းကြည့်နေ၏။ မန်ဟို ညာလက်ကိုမြှောက်လိုက်ရာ အနက်ရောင်ပိုက်ကွန်ပြေသွားသည်။ စန်းလော့မှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် တတ်နိုင်သမျှအားကုန်ထုတ်ကာ တစ်ချိုးတည်းပြေးတော့သည်။ မန်ဟို့၏ဦးထုပ်က သူ့နောက်မှ ထပ်ကြပ်မကွာလိုက်လာသည်။

"အီး။မပြေးနဲ့လေ။ မန်ဟို မင်းဘယ်လိုတောင် လုပ်ရက်တာတုံး" အသားဂျယ်လီက ဒေါသတကြီးအပြစ်တင်ရင်း စန်းလော့နောက်လိုက်နေသည်။ "မင်းဒီလိုလုပ်လို့မရဘူးကွ။ ဒါအကျင့်ပျက်ပြားတာပဲ။ မင်းသူ့ကို ဒီတိုင်းအလွှတ်ပေးလို့မဖြစ်ဘူး။ ငါသူ့ကို အခုထက်ထိ အကျင့်ပျက်လမ်းစဥ်ကနေ မကယ်ရသေးဘူး...."

စန်းလော့မှာ အပြာရောင်ဝတ်ရုံနှင့်ကျင့်ကြံသူဘေးနားပြေးကပ်ပြီး တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ သူက သူ့အစ်ကိုကြီး၏ဝတ်ရုံကို တင်းတင်းဆုပ်ပြီး ချဥ်းကပ်လာနေသောဦးထုပ်ကို အထိတ်တလန့်ကြည့်နေသည်။

လီရှိချီမှာ ဦးထုပ်ကို တအံ့တသြကြည့်နေမိသည်။

အသားဂျယ်လီ၏အသံမှာ ရုတ်တရက် အံ့သြသံပေါက်သွားသည်။ "အီး ၊ မင်းဘာကြည့်နေတာတုံး။ နေပါဦး မိန်းကလေးလား။ ဘုရားရေ မင်းက ယောက်ျားလေးနဲ့တူပေမယ့် တကယ်တမ်း မိန်းကလေးဖြစ်နေတာပဲ။ ထူးဆန်းတယ်၊ သိပ်ထူးဆန်းတယ်။ အတံမရှိဘူး အတံမရှိဘူး " ၄င်းက မန်ဟို့ထံပြန်လာပြီး သူ့ခေါင်းပေါ် ဘုတ်ခနဲခုန်တက်ကာ အစိမ်းရောင်တောက်တောက်ပြန်ပြောင်းသွားသည်။ လီရှိချီ၏ မျက်နှာမှာ ရုတ်တရက် အလွန်တရာအရုပ်ဆိုးသွားပြီး သူမက ဦးထုပ်ကိုတစ်လှည့်၊ မန်ဟိုကို တစ်လှည့်ကြည့်လိုက်သည်။ စောစောက ကောင်းမွန်သောခံစားချက်များအားလုံး ရုတ်ခြည်း အငွေ့ပျံသွားလေပြီ။

မန်ဟို အားတုံ့အားနားပြုံးလိုက်သည်။ အသားဂျယ်လီက ရုတ်တရက် ကွက်ကွက်ကွင်းကွင်းရှင်းလင်းအောင် လုပ်ပေးသွားခဲ့၏။ လူအများ မည်သည့်အတွက်ကြောင့် အသားဂျယ်လီကို အန္တိမဒုက္ခဟုခေါ်ကြသည်လဲ မန်ဟို ရုတ်ခြည်း အထူးတလည်နားလည်လိုက်သည်။

မန်ဟိုနှင့် လီရှိချီတို့ မျက်နှာအမူအရာများကို လျစ်လျူရှုရင်း အသားဂျယ်လီက သုံးရက်သုံးညတိုင်တိုင် မရပ်မနားပြောရန် ပြင်ဆင်ထားသည့်အလား စတင်လေပေါတော့သည်။ "ထူးဆန်းတယ်၊ သိပ်ထူးဆန်းတယ်။ မင်းက တကယ်တော့မိန်းကလေးတဲ့လား....ဟမ်" အသားဂျယ်လီသည် စိတ်လှုပ်ရှားနေသည့်ခုလတ် စိတ်ဝင်စားဖွယ်ရာအခြားအရာတစ်ခုကို ရှာတွေ့သွားပုံရသည်။ ၄င်းက အဝေးသို့လှမ်းကြည့်လိုက်သည်။

ဤအခိုက်အတန့်တွင် သွေးမိစ္ဆာဂိုဏ်းရှိ ထူးဆန်းသောသစ်ပင်အောက်တွင် တင်ပျဥ်ခွေထိုင်နေသော နတ်ဆိုးမိစ္ဆာသခင် ရုတ်တရက် တစ်ကိုယ်လုံးတုန်ရီသွားသည်။ သူက ချက်ချင်း သူ၏အမြင်အာရုံကို နုတ်ယူပြီး အပြင်ဘက်ကမ္ဘာနှင့် အဆက်အသွယ်အားလုံးဖြတ်တောက်လိုက်သည်။

"သေစမ်း" နတ်ဆိုးမိစ္ဆာသခင်၏ ဝိုးတိုးဝါးတားပုံရိပ်က ရင်တဒိန်းဒိန်းခုန်ရင်း ပြောသည်။ "အဲ့ဒီ ရွံစရာက ဘယ်လိုလုပ်ပြန်ပေါ်လာနိုင်တာလဲ။ အရှင်မင်းမြတ် အဲ့တာကို ဖိနှိပ်ခဲ့တယ်မဟုတ်ဘူးလား။ ဒါတောင် မိစ္ဆာချုပ်နှောင်ဂိုဏ်းသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကပ်တွယ်နေသေးတယ်"

"ငါ သူနဲ့ သွားရှုပ်လို့မဖြစ်ဘူး။ ဒဏ္ဍာရီအရ သူ့ကြောင့် ရူးသွားတဲ့ အစွမ်းထက်ကျင့်ကြ့သူတွေတစ်ပုံကြီးပဲ.....ဒါပေမယ့် အားနည်းနေပုံရတယ်၊ ငါ့ကို အာရုံမခံမိလောက်ဘူး....."

ရှောင်မျိုးနွယ်စုတောင်ပေါ်ရွာတွင် အသားဂျယ်လီသည် အဝေးသို့ လှမ်းကြည့်နေ၏။ ၄င်းသည် ခေတ္တခဏ အတွေးထဲနစ်မြောနေပုံရပြီးနောက် ၄င်း၏ခန္ဓာကိုယ် ရိပ်ခနဲဖြစ်သွားကာ လီရှိချီကို ပြန်ကြည့်သည်။

လီရှိချီက အေးစက်စက်နှာမှုတ်ပြီးနောက် မန်ဟို့ကို ဒေါသတကြီးမျက်စောင်းထိုးသည်။ သူမသည် စကားတစ်ခွန်းမဆိုဘဲ ချာခနဲလှည့်ကာ ပျံထွက်သွား၏။ အပြာရောင်ဝတ်ရုံနှင့်ကျင့်ကြံသူက ချောင်းဟန်ပြီး စန်းလော့ကိုသယ်ကာ အဝေးသို့ထွက်သွားသော အလင်းတန်းအသွင်ပြောင်းသွားတော့သည်။

"အီး သွားပြီလား ကလေးမလေး။ မသွားနဲ့ဦး။ ငါစကားပြောလို့ မပြီးသေးဘူး....."

မန်ဟို၏မျက်နှာသည် သုန်မှုန်သောအမူအရာတစ်ခုဖြင့် နောက်တစ်ဖန်ပြည့်နှက်သွားသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ထွက်သွားချင်ကြလေပြီ။ သို့သော် သူတို့၏တာအိုမဏ္ဍိုင်များ တုန်ခါနေပြီး လှုပ်ပင်မလှုပ်နိုင်ပေ။ သူတို့က မန်ဟို့ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

"ဒီနေ့ကစပြီး မင်းတို့တစ်ယောက်မှ ရှောင်မျိုးနွယ်စုထဲ ခြေချခွင့်မရှိဘူး" မန်ဟိုက အေးစက်စွာ ပြောသည်။ သူက အင်္ကျီလက်စခါပြီး ကျင့်ကြံသူများအား လွှတ်ပေးလိုက်သည်။ သူတို့သည် ချက်ချင်းပင် မန်ဟို့ကို အလေးအနက်အရိုအသေပေးပြီး သူ၏ညွှန်ကြားချက်များအတိုင်း လိုက်နာပါ့မည်ဟု ကတိပေးကြသည်။ ထို့နောက် တစ်ချိုးတည်းပျံပြေးသွားကြတော့သည်။

သူတို့ထွက်သွားသောအခါ ဖြူဖပ်ဖြူရော်မျက်နှာနှင့် ရှောင်ချန်အန်း အနားရောက်လာသည်။ သူက မန်ဟို့ကို လေးလေးနက်နက် ဦးညွှတ်အရိုအသေပေးလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးပါတယ်"

ရှောင်မျိုးနွယ်ဝင်များအားလုံး အနားရောက်လာကြပြီး မန်ဟို့ကို ဒူးထောက်အရိုအသေပေးလာကြသည်။ ရှောင်ကိုင်ဖန်းက သူ့ကို တခဏကြာသည်အထိ ကြောင်တောင်တောင်လေး ငေးကြည့်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။

မန်ဟိုက ရှောင်မျိုးနွယ်စုကို ဝေ့ကြည့်လိုက်သည်။ "ကျုပ် ဒီမှာနေလို့မရဘူး" သူက နူးညံ့ညင်သာစွာ ပြောသည်။ "ရက်ပိုင်းအတွင်း ကျုပ်ထွက်သွားရမယ်။ ကျုပ်ပေးနိုင်တဲ့အကူအညီ ကျုပ်ပေးပြီးသွားပြီ"

"လုံလောက်ပါတယ်" ရှောင်ချန်အန်းက လေးလေးနက်နက်အရိုအသေပေးသည်။ "ကျေးဇူးရှင်အပေါ် ကြောက်ရွံ့စိတ်က ရှောင်မျိုးနွယ်စုကို လာမယ့်နှစ်ပေါင်းများစွာ ဘေးကင်းလုံခြုံနေစေမှာပါ။ ရှောင်မျိုးနွယ်စုကနေ ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ပျိုးထောင်ပေးနိုင်တော့ ကျုပ်တို့နေရာ ထာဝရတည်မြဲသွားပါလိမ့်မယ်" သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော သေခြင်းတရားချီသည် ပို၍အားကောင်းလာ၏။ ကြည့်ရသရွေ့ သူသည် တစ်နှစ်အတွင်း အသက်ဆုံးတော့မည့်ပုံရသည်။

မန်ဟိုက ဘာမှမပြောပေ။ အချိန်အတန်ကြာပြီးနောက် သူက ခေါင်းညိတ်ကာ လျှပ်စီးတိမ်တိုက်ထဲ ပြန်ဝင်သွားသည်။

သုံးရက်ကြာသော် မန်ဟို ထွက်ခွာရန် ရွေးချယ်လိုက်သည်။ မထွက်သွားခင် သူက နွယ်နှစ်ပင်ဖြတ်တောက်ပြီး ဝိညာဥ်ရေကန်ထဲတွင် ထားခဲ့သည်။ သူသည် ရှောင်ကိုင်ဖန်း ၄င်းတို့အား သူမအပိုင်အဖြစ် တံဆိပ်ခတ်ရန် ကူညီပေးလိုက်သည်။ နောက်အနာဂတ်တွင် ၄င်းတို့သည် ရှောင်မျိုးနွယ်စုနှင့် သက်ဆိုင်မည်ဖြစ်သည်။ ရှောင်ကိုင်ဖန်းက မန်ဟိုထွက်သွားသည်ကို အပြုံးလေးတစ်ခုဖြင့် စောင့်ကြည့်နေသည်။

သူမမျက်လုံးများသည် အဝေးသို့ဝင်ရောက်ပျောက်ကွယ်သွားသော သူ့အနောက်သို့လိုက်ပါသွားသည်။ သူ၏အရိပ်က သူမနှလုံးသားကို ဘယ်လောက်ကြာကြာ စိုးမိုးနေမည်လဲ မည်သူသိမည်နည်း။ သူမအကြည့်သည် သူပျောက်ကွယ်သွားသောနေရာတွင် ရပ်နေသည်။ သူတို့နှစ်ယောက်ကြား၌ ဖြစ်နိုင်ခြေမရှိကြောင်း သူမနှလုံးသားထဲမှ သိလေသည်။

ရှောင်ချန်အန်းမှာ ရှောင်ကိုင်ဖန်းကို ကြည့်ပြီး သက်ပြင်းချလိုက်၏။ သူ၏ခန္ဓာကိုယ်မှာ မနက်စောစောနေရောင်ခြည်အောက်တွင်ပင် ပို၍အားနည်းလာသည်။ သူ့မှာ အသက်ကြီးသထက်သာ ကြီးလာနေချေသည်။

ရက်အနည်းငယ်ကြာသော် မန်ဟိုသည် သွေးမိစ္ဆာဂိုဏ်းနှင့် ယီးကျန့်ဂိုဏ်းအကြား နယ်စပ်တွင် လေကိုခွင်း၍ တရိပ်ရိပ်ပျံသန်းနေသည်။ အသားဂျယ်လီ၏ အတောမသတ်သော ပွစိပွစိစကားသံများကြောင့် သူ့မျက်နှာမှာ မည်းမှောင်လျက်ရှိသည်။ ၄င်းက အရင်နေ့များကတည်းက တစ်လျှောက်လုံး ပေါက်ပေါက်ဖောက်နေခဲ့လေသည်။

"မိန်းကလေးတဲ့လား။ ဝါးဟားဟား။ သူက မိန်းကလေးဖြစ်နေတာကိုး။ မန်ဟို မင်းထူးဆန်းတယ်မထင်ဘူးလား။ ဟေး မင်းဘာလို့ဘာမှမပြောတာလဲ။ မင်းဒီလိုလုပ်လိူ့မရဘူးလေ။ ဒါအကျင့်ပျက်တာပဲ။ စဥ်းစားကြည့်တော့ မင်းက မိန်းကလေးတစ်ယောက်ကို တိုက်ခိုက်ခဲ့တာကိုး။ ဘုရားရေ....မင်းသိလား ငါက အမြဲပုံစံအမျိုးမျိုးပြောင်းနေတဲ့ စီနီယာမျိုးဆက်က အကြီးအကဲတစ်ယောက်ကွ။ မင်း ဘယ်လိုလုပ် ငါ့ကို ဒီလိုဆက်ဆံနိုင်တာတုံး။ ဒီလိုပြုမူတာ သိပ်မှားတယ်။ သိပ်ပျက်ပြားတယ်...."

မန်ဟို၏မျက်လုံးများထဲတွင် စိတ်ပျက်ခြင်းများနှင့်အတူ သွေးကြောများပြည့်နှက်နေသည်။ သူ့မှာ အမှန်တကယ် ဤဒုက္ခမျိုးကို သည်းမခံနိုင်တော့ပေ။ ဦးထုပ်၏ အဆုံးမရှိသောစကားသံများက လူတစ်ယောက်ရူးသွားစေရန် လုံလောက်သည်။ မန်ဟိုမှာ တဖြေးဖြေးစိတ်တိုလာသည်ကို ခံစားနေရလေသည်။

သို့သော် အသားဂျယ်လီကို တိုက်ခိုက်ခြင်းက အချည်းနှီးပင်။ ဆဲဆိုခြင်းကလည်း အရာမထင်။ လွင့်ပစ်၍လည်းမရ။ ၄င်းက သူ့ကို ဆင်ကော်လို ကပ်နေရာ အသက်ထက်ဆုံး ကပ်တွယ်နေတော့မည့်ပုံရသည်။ မန်ဟိုမှာ ရူးရုံမှတစ်ပါး အခြားနည်းလမ်းမတွေးနိုင်တော့ပေ။

သူ့မှာ စိတ်ပျက်လက်ပျက်ရှေ့ဆက်သွားနေသည်။ ရုတ်တရက် အလင်းတန်းရှစ်တန်း သူ့ထံဦးတည်လာသည်ကို မြင်လိုက်ရသဖြင့် သူ၏မျက်လုံးများ ရိပ်ခနဲဖြစ်သွားသည်။ ၄င်းတို့အားလုံးသည် ချီအခြေတည်ခြင်းအဆင့်ကျင့်ကြံသူများ ဖြစ်သည်။ အလင်းတန်းအားလုံးက သွေးရောင်ဖြစ်သည်။ ကျင့်ကြံသူအနည်းငယ်က ဧရာမသွေးရောင်သားရဲကြီးတစ်ကောင်၏ ဝိုးတိုးဝါးတားပုံရိပ်တစ်ခုရှိသော မန္တန်အစီအရင်တစ်ခုကို ဖော်ဆောင်ထိန်းသိမ်းနေကြသည်။ သူတို့ တဟုန်ထိုးရှေ့တက်လာစဥ် ၄င်းသည် သူတို့အပေါ်တွင် မျော့လွင့်လိုက်ပါလာ၏။

ဤကျင့််ကြံသူရှစ်ယောက်ကို မြင်သော် မန်ဟို၏မျက်လုံးများ လင်းလက်သွားပြီး သူက ရုတ်တရက် အသားဂျယ်လီကို စကားပြောသည်။ "ခင်ဗျားမှာ အမြဲပြောင်းလဲနေတဲ့ပုံစံတွေရှိတယ်လို့ ပြောတယ်နော်။ ကျုပ်မယုံဘူး"

"မင်း ငါ့ကို မယုံဘူးလား" အသားဂျယ်လီက ဒေါသတကြီးထအော်သည်။ ၄င်းမှာ ဤအခြင်းအရာကို လက်မခံနိုင်ပုံရသည်။ ၄င်း၏ ဂုဏ်သိက္ခာနှင့် သန့်ရှင်းစင်ကြယ်ခြင်းတို့ နင်းခြေခံလိုက်ရလေပြီ။

***

All Chapters