ခင်ဗျားဘွားအေကိုယုံ
Vol. 13 Ch. 176
အစက မန်ဟိုသည် ပြေရာပြေကြောင်းပြောရန် ရည်ရွယ်ထားခဲ့သော်လည်း အထင်သေးပြီး မယုံကြည်သောအသံဖမ်းရန် ဆုံးဖြတ်လိုက်သည်။ "ခင်ဗျား အဖိုးထိုက်ရတနာတစ်ပါးပါတဲ့ တောက်ပနေတဲ့ သိုလှောင်အိတ်တစ်လုံးပုံစံပြောင်းပြနိုင်ရင် ကျုပ် ယုံပေးမယ်" သူက ပြောသည်။ သူသည် ရန်လိုသော အသံပေါက်အောင် တတ်နိုင်သမျှ ကြိုးစားနေ၏။
အသားဂျယ်လီက ဒေါနှင့်မောနှင့် တောက်ပနေသောရွှေသိုလှောင်အိတ်တစ်လုံးအသွင် ချက်ချင်းပြောင်းလိုက်သည်။ ၄င်းသည် ဖောက်ထွင်းမြင်နိုင်ပြီး အထဲတွင် လည်ပတ်နေသော မိစ္ဆာဓားလေးလက်နှင့်အတူ လေးထောင့် ဒယ်အိုးတစ်လုံးကို မြင်နိုင်၏။ ဓားလေးလက်သည် ဒယ်အိုးပတ်လည်တွင် လှည့်ပတ်နေပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် အဖိုးထိုက်ရတနာတစ်ပါးဖြစ်ကြောင်း သိသာလေသည်။
ပို၍ပင် သဘာဝကျနေသည်က ဒယ်အိုးနှင့် ဓားလေးလက်မှာ သိုလှောင်အိတ်ထဲမှ လွတ်မြောက်လိုသည့်အလား တိုးထွက်နေကြပုံရသည်။
" ကဲ မင်းဘယ်လိုထင်လဲ......" အသားဂျယ်လီ၏အသံ သိုလှောင်အိတ်ထံမှ ထွက်လာ၏။
မန်ဟိုမှာ စိတ်ထဲတွင် အံ့အားသင့်သွားသော်လည်း အပြင်ပန်းတွင်တော့ အထင်သေးသော အရိပ်အယောင်တစ်ခုက သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။ "ဘယ်မှာတောက်ပနေလို့လဲ"
၄င်းက ကမန်းကတန်းပြောလိုက်သောအသံဖြစ်ပြီး အသံ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သိုလှောင်အိတ်သည် ကောင်းကင်အထိ ထိုးတက်သွားသည့် မျက်စိကျိန်းမတတ် တောက်ပနေသောအလင်းရောင်တစ်ခု စတင်ထုတ်လွှတ်လာသည်။ ရွှေရောင်အလင်းက ကျင့်ကြံသူရှစ်ဦး၏ အာရုံကို ချက်ချင်းဆွဲဆောင်လိုက်သည်။ ချက်ချင်း သူတို့က မန်ဟိုရှိရာသို့ ပျံသန်းလာကြသည်။
"မင်း ငါ့ကို ယုံ....." သိုလှောင်အိတ်အတွင်းမှ အသားဂျယ်လီ၏အသံ ထွက်လာသည်။ ၄င်းက စကားပြောမဆုံးခင် မန်ဟိုက သိုလှောင်အိတ်ကို ဆွဲပြီး ချဥ်းကပ်လာနေသော ကျင့်ကြံသူများထံ ပစ်ပေါက်လိုက်သည်။
"ခင်ဗျား ဘွားအေကိုယုံ" မန်ဟိုမှာ ဆဲဆိုခြင်းမပြုရန် သင်ကြားခံခဲ့ရသော်လည်း ဤဖြစ်ရပ်တွင်တော့ မနေနိုင်ပေ။ သူက အသားဂျယ်လီမှ ဝေးရာသို့ တတ်နိုင်သမျှ မြန်မြန်ပျံထွက်သွားသည်။
သူသည် ကျင့်ကြံခြင်းအခြေခံမှ ထုတ်နိုင်သမျှစွမ်းအားအလုံးစုံဖြင့် တောက်ပနေသော သိုလှောင်အိတ်မှ ဝေးရာသို့ တစ်ချိုးတည်းပြေးတော့သည်။ ၄င်း ကျင့်ကြံသူရှစ်ဦးအနားရောက်သွားချိန် သူတို့က ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေကြလေသည်။ သူတို့အားလုံး၌ မဆိုစလောက်ကွဲပြားသော အမူအရာများရှိကြသည်။ တချို့က သိချင်စိတ်ပြင်းပြနေပြီး တချို့က သတိထားနေကြကာ တချို့မှာ တော်တော်လေးအံ့အားသင့်သွားပုံပင် ရသည်။ သို့သော် တစ်ယောက်ချင်းစီတိုင်း သိုလှောင်အိတ်အား ဖမ်းရန် လက်များ ဆန့်ထုတ်လိုက်ကြသည်။
"မင်း ငါ့ကို တစ်ပတ်ရိုက်တယ်။ ဒါက ငါ့ကို ဒေါသထွက်စေတယ်ကွ" အသားဂျယ်လီ၏အသံထွက်ပေါ်လာသည်။ ကျင့်ကြံသူတစ်ယောက်လက်ထဲရောက်ခါနီးဆဲဆဲ ၄င်းက ဖျတ်ခနဲ ပျောက်ကွယ်သွား၏။ ထို့နောက် အဝေးက မန်ဟို၏ခေါင်းတည့်တည့်တွင် ပြန်ပေါ်လာသည်။ ၄င်းသည် အစိမ်းရောင်ဦးထုပ်အသွင် နောက်တစ်ဖန်ပြန်ပြောင်းသွားသည်။
ထိုသည်က ၄င်းကို စိတ်မကျေနပ်စေသည့်အလား ထိုးထိုးထောင်ထောင်ဖြစ်သည့်တိုင်အောင် ဦးထုပ်တစ်လုံးပြီးတစ်လုံး ဖောက်ခနဲ ဖောက်ခနဲ ထွက်ပေါ်လာသည်......
မကြာမီ ဦးထုပ်ပုံကြီးက မန်ဟို့တစ်ရပ်စာထက်ပင် မြင့်မားနေချေပြီ။ ကျင့်ကြံသူရှစ်ယောက်မှာ ကြောင်တောင်တောင်ငေးကြည့်နေကြသည်။ သူတို့ဘဝတစ်လျှောက်လုံး ဤမြင်ကွင်းမျိုး တစ်ခါမှမမြင်ခဲ့ဖူးပေ။
မန်ဟို၏မျက်နှာမှာ ပို၍ပင်အရုပ်ဆိုးလာ၏။ သူ့မှာ ရူးခါတော့မည့်အလား ခံစားနေရသည်။ အသားဂျယ်လီ ဤပုံပြောင်းထားလျှင်တော့ သူ့မှာ မည်သည်နေရာသွားသွား လူအများအာရုံစိုက်ရာ ဖြစ်နေလိမ့်မည်......
" အစိမ်းရောင်ဦးထုပ်တွေနဲ့ တာအိုရောင်ရင်း" ကျင့်ကြံသူများထဲက သက်လတ်ပိုင်းအရွယ်တစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောသည်။ "ဒါက သွေးမိစ္ဆာဂိုဏ်းပိုင်နက်ပါ။ အပြင်လူတွေကို မကြိုဆိုဘူး။ ငါတို့ကို အရူးလုပ်ဖို့ ရောက်လာတဲ့သူတွေဆို ပိုလို့တောင် မကြိုဆိုသေးတယ်။ မင်းရဲ့ အစိမ်းရောင်ဦးထုပ်ကို ခေါ်ပြီး ဒီနေရာက ထွက်သွားစမ်း"
မန်ဟို ထွက်သွားတော့မည့်အပြု၊ ထိုစကားလုံးများ သူ့နားထဲဝင်ရောက်လာသည်။ သူက ရုတ်တရက် ရပ်ပြီး ကျင့်ကြံသူရှစ်ယောက်ကို လှည့်ကြည့်သည်။ သူ၏မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်သွား၏။ အခုလောလောဆယ်တွင် သူ့မှာ စိတ်မကြည်သဖြင့် ထိုစကားလုံးများက သူ့ကို နည်းနည်းလေးပင် ကျေနပ်စေခြင်းမရှိပေ။
"မင်း ခေါင်းပြန်လှည့်ရဲသေးတယ်ပေါ့" သက်လတ်ပိုင်းကျင့်ကြံသူက အေးစက်စက်နှာမှုတ်ကာပြောသည်။ "ဒီလိုဆိုရင် မင်းထွက်သွားပြီးတဲ့နောက် မင်းရဲ့မျက်လုံးတွေကို ငါနဲ့အတူထားခဲ့လေ။ ဒီအစိမ်းရောင်ဦးထုပ်တွေနဲ့ဆိုရင် ဘယ်လိုနေနေ မင်းက ရယ်စရာကောင်းနေဦးမှာပဲ" ထို့နောက် သူနှင့်အပေါင်းအပါများက မန်ဟို့ထံ ပြေးဝင်လာကြသည်။
"သွားစမ်း" မန်ဟိုက ရုတ်တရက် လက်မြှောက်ပြီး သူတို့ထံ အင်္ကျီလက်စကို ခါရင်း ပြောလိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား ပေါက်ကွဲထွက်လာ၏။ လေပြင်းတစ်ချက် တဝေါဝေါအော်မြည်လာပြီး သူတို့ကို တိုက်ခတ်သွားသည်။
ပေါက်ကွဲသံတစ်သံ လေထဲတွင် ပြည့်နှက်သွားပြီး သွေးမိစ္ဆာဂိုဏ်း၏ ကင်းလှည့်ဂိုဏ်းသား ရှစ်ဦး ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူတို့၏ခန္ဓာကိုယ်များ တဆတ်ဆတ်တုန်သွားကြသည်။ မယုံကြည်နိုင်သောအရိပ်အယောင်တစ်ခု မန်ဟို့ကို မခံချင်အောင်ပြောခဲ့သောလူ၏မျက်နှာအား ဖုံးလွှမ်းသွားပြီး သူ၏သူငယ်အိမ်များ ကျုံ့သွားသည်။ မန်ဟိုသည် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်တွင် ဖြစ်သော်လည်း စောစောက သူ၏တိုက်ကွက်မှာ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်၏အင်အားဖြင့် ပြည့်နှက်နေခဲ့သည်။ သူ နောက်သို့ ယိုင်တီးယိုင်တိုင် ဆုတ်လိုက်စဥ် သူ့ပါးစပ်မှ သွေးများစီးကျလာသည်။ မန်ဟို့မျက်လုံးများထဲရှိ အေးစက်သောအကြည့်ကို သူမြင်သောအခါ သူ၏နှလုံး တုန်ခါသွားသည်။
ကမူးရှူးထိုးပြုမူခဲ့မိကြောင်း သဘောပေါက်လိုက်သဖြင့် သက်လတ်ပိုင်းကျင့်ကြံသူက ပြောသည်။ "တာအိုရောင်ရင်း ဒါက....." သို့သော် သူစကားစလိုက်ချိန်မှာပင် မန်ဟို၏မျက်လုံးများသည် ပို၍ပင် ရက်စက်သော အေးစက်မှုဖြင့် ပြည့်နှက်သွားသည်။
သက်လတ်ပိုင်းလူ၏မျက်နှာ ပျက်ယွင်းသွားသည်။ သူနှင့် အပေါင်းအပါများသည် အလင်းတန်းများအသွင်ပြောင်းကာ အဝေးသို့ ပျံထွက်သွားကြတော့သည်။ မန်ဟိုနှင့် အတော်လေးဝေးဝေးရောက်သည့်အခါမှ နောက်ဆုံး သူတို့ရပ်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"အဲ့ဒီလူက ရန်လိုလွန်းတယ်။ သူဘယ်က လာတာပါလိမ့်။ အစ်ကိုကြီး ဆရာ့ကို သတင်းပို့ရအောင်။ ဆရာ သေချာပေါက် လူလွှတ်ပြီး သူ့ကို ဖမ်းခိုင်းလိမ့်မယ်"
"အမှန်ပဲ။ အစ်ကိုကြီး ၊ ဒါက သွေးမိစ္ဆာဂိုဏ်းရဲ့ပိုင်နက်။ ကျုပ်တို့ တကယ်ပဲ ဟိုကောင်ကို ထင်ရာစိုင်းခွင့်ပေးနိုင်မလား"
"မင်းတို့ပါးစပ်တွေ ပိတ်ထားစမ်း" သက်လတ်ပိုင်းကျင့်ကြံသူက မည်းမှောင်သုန်မှုန်သော မျက်နှာဖြင့် ဟိန်းဟောက်သည်။ "သူက ငယ်ငယ်လေးရှိသေးတယ်။ သူ့လက်လေးတစ်ချက် ဝှေ့လိုက်ရုံလေးတင်နဲ့ ငါတို့ကို ဘာလုပ်ခဲ့လဲ ကြည့်။ သူက ကြံရာကျပန်းလူတစ်ယောက်လို့ မင်းတို့ထင်လား။ သေချာပေါက် ယီးကျန့်ဂိုဏ်းကျင့်ကြံသူတော့မဟုတ်ဘူး။ ငါတို့ဂိုဏ်းနဲ့ ယီးကျန့်ဂိုဏ်းကြား တိုက်ပွဲအစပျိုးနေတာကို ထည့်တွက်ရင် တခြားဂိုဏ်းတွေရဲ့ဒေါသ သွားဆွလို့မဖြစ်ဘူး။ သူက ဒီတိုင်းဖြတ်သွားရုံသက်သက်ပဲ၊ ရန်သူမဖြစ်ချင်တာလဲ သိသာတယ်။ ဒါကြောင့် ငါတို့ကို သက်ညှာပေးလိုက်တာ။ မင်းတို့အားလုံး၊ ပါးစပ်တွေပိတ်ထားကြ။ ဒီမှာဖြစ်ခဲ့သမျှအားလုံး မေ့လိုက်။ ငါတို့လိုကျင့်ကြံသူတွေကြားမှာ အဖုအထစ်တွေတော့ရှိတာပဲ။ ဒီလိုအသေးအဖွဲမတော်တဆမှုကို ဂိုဏ်းဆီ တင်ပြနေစရာမလိုဘူး" သူက ဆုံးဖြတ်ချက်ချပြီးနောက် သူ၏ ပညာသင်ဖက် ညီအစ်ကိုများနှင့်အတူ အဝေးသို့ထွက်သွားတော့သည်။
သူတို့ အကွာအဝေးတစ်ခုရောက်သွားပြီးနောက် သူတို့တစ်ချိန်လုံး သတိမထားမိခဲ့သော သူတို့ခြေထောက်အောက်က နွယ်ပင်များသည် မြေကြီးထဲ ပြန်တူးဝင်သွားပြီး ပျောက်ကွယ်သွားသည်။
မန်ဟို၏တည်နေရာတွင် မန်ဟိုသည် မြေကြီးကို ခြေဆောင့်နင်းချလိုက်၏။ မြေကြီးများ ဖွားခနဲလွင့်ထွက်သွားပြီး အနီရင့်ရောင်နွယ်ပင်များ သူ့အရှေ့တွင် ရှေ့နောက်ယိမ်းနွဲ့နေရင်း ထွက်ပေါ်လာသည်။ အချိန်အနည်းငယ်ကြာသော် ၄င်းတို့သည် အနီရင့်ရောင်အသီးတစ်လုံးအသွင်ပြောင်းသွားပြီး သူက သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ နောက်ဆုံး၌ သူ၏အာရုံသည် ခေါင်းပေါ်က ဦးထုပ်ဆီပြန်ရောက်သွား၏။
"မင်း အဲ့လိုလုပ်လို့မရဘူး။ မှားတယ်။ မင်းသူတို့ကိုလွှတ်ပေးလိုက်ရင် သူတို့ကို အပြည့်အဝယုံကြည်သင့််တယ်။ မင်း သူတို့နောက်ကို တိတ်တိတ်လေး လိုက်မကြည့်ခိုင်းသင့်ဘူးလေ။ ဒါမဟုတ်သေးဘူးကွ။ ဒါအကျင့်ပျက်တာပဲ။ အီး။ ငါအခုလေးတင် တစ်ခုမှတ်မိတယ်။ မင်းစောစောက ငါ့ကိုဆဲလိုက်တာနော်
"ဆဲရေးတိုင်းထွာတယ်ဆိုတာ မှားတယ်။ အဲ့တာ အကျင့်ပျက်တာပဲ။ ငါ့အဘွားက မင်းကိုတစ်ခါမှ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ဖူးပါဘူး။ မင်း ကောက်ကာငင်ကာ သူ့ကိုဘာလို့ ဆွဲထည့်တာတုံး။ သိပ်ထူးဆန်းတယ်။ မင်းနဲ့သူ ဘယ်လိုပတ်သက်တာလဲ။ မဟုတ်မှ......." ရုတ်တရက် အသားဂျယ်လီ၏ အသေးစိတ်လိုက်ပြောနေသောအသံမှာ ထူးဆန်းသောလေသံပေါက်သွားသည်။ "မဟုတ်မှ မင်းတို့နှစ်ယောက်....."
မန်ဟို ၄င်းကို လျစ်လျူရှုလိုက်သည်။ သူက သိုလှောင်အိတ်ကိုပုတ်ကာ အဝတ်တစ်စုံထုတ်ကာ အဝတ်စအနည်းငယ်ကိုဖြဲပြီး သူ့နားထဲဆို့လိုက်၏။ ချက်ချင်းပင် အသားဂျယ်လီ၏အသံမှာ ပို၍တိတ်ဆိတ်လာသည်။ သို့သော် အသားဂျယ်လီက ချောင်းေဆိုးလိုက်၏။ ၄င်းသည် စကားစပြောလာပြီး ဤတစ်ကြိမ်တွင်တော့ ၄င်း၏အသံကို မန်ဟို့ခေါင်းထဲမှ ကြားလိုက်ရလေသည်။
မန်ဟို၏အမူအရာမှာ အတော်လေးမှိုင်ကျသွားတော့သည်။ သူက အချိန်အတော်ကြာ တွေတွေကြီးငေးကြည့်နေပြီး နောက်ဆုံး သက်ပြင်းချကာ အဝတ်စများအား လွှတ်ပစ်လိုက်တော့သည်။
"ခင်ဗျားကို လူတွေ ဘာလို့ အန္တိမဒုက္ခလို့ခေါ်လဲ ကျုပ် အခု သိပြီ" သူက ပြောသည်။ ချက်ချင်းပင် အသားဂျယ်လီသည် စိတ်လှုပ်ရှားမှုများဖြင့် တုန်ရီလာ၏။
"ဘာလို့လဲ။ ဘာလို့လဲ။ မိတ်ဆွေဟောင်းကြီးတစ်ယောက်က ဟိုးအရင့်အရင်တုံးက ငါ့ကို ဒီနာမည်ပေးခဲ့တာ။ ငါသူ့ကို ခဏခဏမေးပေမယ့် ဘာအဓိပ္ပာယ်လဲဆိုတာ ငါ့ကို မပြောခဲ့ဘူး" အသားဂျယ်လီ၏ အာရုံအလုံးစုံသည် ယခုတွင် မန်ဟိုအပေါ်ကျရောက်နေ၏။
မန်ဟိုက ဘာမှမပြောပေ။ ထိုအစား သူသည် အသားဂျယ်လီကိုနာမည်ပေးခဲ့သည့် ပုဂ္ဂိုလ်က မည်သည့်အတွက်ကြောင့် အဓိပ္ပာယ်မရှင်းပြခဲ့သည်လဲ စဥ်းစားနေ၏။ ထို့နောက် အသားဂျယ်လီ၏လေကြောရှည်မှုကို သူတွေးမိလိုက်ပြီး တုန်ရီသွားတော့သည်။ သူနားလည်လိုက်လေပြီ။ နာမည်နှင့်စပ်လျဥ်းသော အဖြေပေးလိုက်ပါက အသားဂျယ်လီကို သေချာပေါက် လပေါင်းများစွာ ပြောစရာ ခေါင်းစဥ်ပေးလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။
တွေးကြည့်ရုံနှင့်တင် သူ့မှာခေါင်းကြိမ်းသွား၏။ အသားဂျယ်လီနှင့်ရင်ဆိုင်ရာတွင် အတွေ့အကြုံမရှိသော မည်သူမဆို ၄င်းဆောင်ကြဥ်းလာသည့် ညှင်းပန်းနှိပ်စက်မှုဒဏ်ကို နားမလည်နိုင်ပေ။
"ခင်ဗျား ဒီပုံအတိုင်းသာဆိုရင် ကျုပ်တို့ ရှေ့ဆက်သွားလို့မရဘူး" မန်ဟိုက ပြောသည်။ "ဦးထုပ်ပုံကြီးအပြင် တခြားပုံပြောင်းနိုင်တာရှိလား" သူ့မှာ ထိုအရာအား စိတ်တိုစေမိမည်စိုး၍ စကားလုံးများ ဂရုစိုက်သုံးနေသည်။ ၄င်းသာ သူ့ခေါင်းထိပ်တွင် ဦးထုပ်တောင်တစ်လုံးအသွင်ပြောင်းရန် ဆုံးဖြတ်လိုက်ပါက ဘာနှင့်တူလိမ့်မည်ကို သူတွေးသာကြည့်နိုင်သည်။ ဘာဖြစ်သွားလိမ့်မည်နည်း။
သူ၏အသံသည် ငြင်းခုံနေသံမပေါက်သော်လည်း အတွင်းတွင်တော့ သူ့နှလုံးသားမှာ ဆောက်တည်ရာမဲ့နေတော့သည်။ သူ့မှာ သွေးခွေးကြီးကို တွေးမိလိုက်ပြီး ရုတ်တရက် ပြင်းပြင်းထန်ထန် လွမ်းလာ၏။ ကံဆိုးစွာနှင့် ၄င်းက ယခုအိပ်ပျော်နေလေသည်။
တကယ်တမ်း မန်ဟို၏စကားလုံးများက အသားဂျယ်လီကို စိတ်လှုပ်ရှားသွားစေသည်။ "အီး၊ ဦးထုပ်မဟုတ်ရင် ဘာပုံပြောင်းသင့်လဲ" မန်ဟိုမှာ ဤသည်ကို အသားကျနေပြီဖြစ်၍ ပထမဘာမှမပြောပေ။ သူက တောင်ပေါ်သစ်တောအတွင်းတွင် တင်ပျဥ်ခွေထိုင်ပြီး အချိန်မွမ်းမံကျောက်စိမ်းစာရွက်ကို ထုတ်လိုက်သည်။ သူသည် ၄င်းထဲသို့ စိတ်ဝိညာဥ်အာရုံဖြန့်ကျက်ပြီး အကြောင်းအရာများအား စတင်လေ့လာတော့သည်။
အချိန်တချို့ကုန်ဆုံးသွားပြီးနောက် မန်ဟို၏မျက်လုံးများ တဖျပ်ဖျပ်လက်လာသည်။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်နေ၏။ " နွေဦးနဲ့ဆောင်းဦးအချိန်က နွေဦးသစ်ပင်၊ ဆောင်းဦးဆီးနှင်း၊ ဆောင်းလယ်မီးနဲ့ နွေဝိညာဥ် လိုအပ်တယ်။ ဥတုလေးပါးကို သန့်စင်၊ ကျင့်ကြံခြင်းအခြေခံနဲ့ ပေါင်းစည်း။ ဥတုလေးပါးကို ပြန်သန့်စင်ပြီး ဓားငယ်တစ်လက် ပြုလုပ်
"ဒီဓားကို ဂရုတစိုက် စောင့်ရှောက်ရမယ်။ အချိန်ဉာဏ်အလင်းပွင့်ရင် နှစ်တစ်ရာသွေးကြောတွေက ဓားကို ဖြည့်ပေးနိုင်တယ်။ နှစ်ရာပေါင်းများစွာပြီးတဲ့နောက် နှစ်တစ်ထောင် ကုန်လွန်တဲ့အခါ ဒီဓား ပုံသဏ္ဍာန်ဖြစ်ပေါ်လာမယ်။ နှစ်တစ်သောင်းကြာရင် ကောင်းကင်နဲ့မြေကြီးကို ကိုင်လှုပ်ဖို့ ထွက်ပေါ်လာလိမ့်မယ်။ ပထမဆုံးအချိန်ဓား" မန်ဟိုသည် ကျောက်စိမ်းစာရွက်ကိုကြည့်ရင်း မျက်မှောင်ကြုတ်သွား၏။ ဓား၏ခွန်အားက သာမန်မဟုတ်သော်လည်း ၄င်း၏ဖန်တီးခြင်းကာလမှာ အလွန်ကြာမြင့်လွန်းလေသည်။
"ဟန်ပေ့ ဒီဓားအပေါ် တကယ်အာရုံစိုက်ထားတာဆိုတော့ အဲ့လောက်တော့ မကြာနိုင်ဘူးမလား..... ဓား မြန်မြန်ထွက်ပေါ်လာဖို့ တခြားနည်းလမ်းတွေရှိရမယ်" မန်ဟိုသည် အတွေးထဲနစ်မြောနေရင်း အသားဂျယ်လီဝါးစားခဲ့သော တတိယမြောက်ကျောက်စိမ်းစာရွက်နှင့် ဒယ်အိုးဝိုင်းထဲ ပြန်စုပ်ယူခံလိုက်ရသော ပထမစာရွက်ကို တွေးလိုက်မိသည်။
"အဖြေက တတိယစာရွက်ပေါ်မှာ ရှိရမယ်။ ဒီသောက်အသားဂျယ်လီ စားလိုက်တာဆိုးတာပဲ" မန်ဟိုက ခေါင်းထောင်ပြီး အသားဂျယ်လီကို ကြည့်သည်။ သူ အချိန်မွမ်းမံပညာရပ်ကို စတင်လေ့လာခဲ့စဥ်မှစ၍ အချိန်တစ်နာရီခန့် ကုန်ဆုံးသွားခဲ့လေပြီ။ ဟုတ်ပါသည်။ အသားဂျယ်လီက တစ်ချိန်လုံး စကားပြောနေခဲ့၏။
"ငါဘာပြောင်းရမလဲ။ ငါဘာပြောင်းရမလဲ။ ငါဘာပြောင်းရမလဲ" ၄င်းက မန်ဟို့ခေါင်းပေါ်မှ ပျံထွက်ပြီး သူ့အရှေ့တွင် အရှေ့ခုန်လိုက်၊ အနောက်ခုန်လိုက် လုပ်နေသည်။ ၄င်းကား အလွန်စိတ်ရှားနေပုံရ၏။
"ခင်ဗျား မြိုချလိုက်တဲ့ ဟိုကျောက်စိမ်းပြားအသွင်ပြောင်းနိုင်လား" မန်ဟိုက ရုတ်တရက် ပြောသည်။
"ဟမ် ရတယ်လေ......" ၄င်းက သဘောတူလိုက်ပြီး ချက်ချင်းစိတ်ပြောင်းသွားသည်။ "အီး ခဏနေပါဦး။ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ။ လုံးဝပဲ။ အဲ့တာ ငါ့အပိုင်။ မင်းလက်နဲ့ထိဖို့တောင် မစဥ်းစားနဲ့"
***