← Chapters

ခွန်အားကို အသုံးပြုခြင်း

Vol. 13 Ch. 177

ခွန်အားကို အသုံးပြုခြင်း

Vol. 13 Ch. 177

အသားဂျယ်လီ၏စကားများအား ကြားလိုက်ရသောအခါ မန်ဟို၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"သူမြိုချလိုက်တဲ့ ပစ္စည်းတွေက အစာချေတာမခံရဘဲ ဒီတိုင်း စုဆောင်းထားတာများလား"

"ငါ့ကို အရူးလုပ်ဖို့ ကြိုးစားနေတယ်လား။ အိပ်မက်မက်မနေနဲ့။ ဟမ့်" အသားဂျယ်လီ၏လေသံက ပညာရှိသံပေါက်လာ၏။ "ကလေး၊ မင်း မကောင်းဆိုးဝါးလမ်းစဉ်မှာ ခရီးတော်တော်ရောက်နေခဲ့ပြီ။ အမြင်မှန်ရအောင် အကယ်တင်ခံပါ"

"ခင်ဗျားကို အလေးနက်ဆုံး အထင်ကြီးနေစေခဲ့တဲ့ အရာ ဘာဖြစ်ဖြစ် ပြောင်းလိုက်" မန်ဟိုက ပေါ့ပေါ့ပါးပါး ပြောသည်။ သူသည် စောစောက အသားဂျယ်လီပြောခဲ့သောအရာနှင့် ၄င်း၏ဆိုလိုရင်းအကြောင်း တွေးနေဆဲဖြစ်သည်။ အသားဂျယ်လီ ကျောက်စိမ်းစာရွက်အား အန်ထုတ်အောင် လှည့်စားရန် နည်းလမ်းတစ်ခု သူရှာဖွေရမည်ဖြစ်သည်။

"အလေးနက်ဆုံး အထင်ကြီးစေတာ။ တွေးနေစရာတောင်မလိုဘူး။ ငါ့ဘဝတစ်လျှောက်လုံး လေးလေးနက်နက် သက်ရောက်နေခဲ့တဲ့အရာက ဒါပဲ" အသားဂျယ်လီသည် အံတကြိတ်ကြိတ်ဖြစ်နေပုံရသည်။ ဖောက်ခနဲ အသံတစ်သံထွက်ပေါ်လာပြီး ၄င်းသည် ရုတ်တရက် .......

အရောင်အသွေးတောက်ပသော ကြက်တူရွေးတစ်ကောင် ပြောင်းသွား၏။ ၄င်းသည် သူ့လက်မောင်းတစ်ဝက်အရွယ်ရှိပြီး မိုးရေဖြင့် ဖုံးလွှမ်းနေသည့်အလား ရွှန်းရွှန်းစိုလျက်ရှိသည်။ ၄င်းသည် ခပ်ခုံးခုံးနှုတ်သီးနှင့်၊ တြိဂံပုံမျက်လုံးများဖြင့် အတော်လေးပိန်ချုံးနေသည်။ ၄င်းတွင် အတော်လေး နှာဘူးဆန်နေသောအပြုအမူရှိပြီး ယုတ်မာသောအငွေ့အသက်တစ်ခုဖြင့် ပြည့်နှက်နေပုံရသည်။

၄င်းက မန်ဟို့ကို ရီဝေဝေတြိဂံမျက်လုံးများဖြင့် ကြည့်ရင်း သူ့အရှေ့တွင် ရပ်နေသည်။ ၄င်းက ခေါင်းငုံ့ပြီး ၄င်း၏ ခန္ဓာကိုယ်ကို အကြိမ်အနည်းငယ် ထိုးဆိတ်လိုက်၏။

မန်ဟိုမှာ ကြက်တူရွေးကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေသည်။ သူ့တစ်ဘဝလုံးတွင် ဤကဲ့သို့ နှာဘူးဆန်သောအသွင်နှင့် သောငှက်တစ်ကောင်ကို တစ်ခါမှမမြင်ခဲ့ဖူးပေ။ ၄င်း၏တြိဂံမျက်လုံးများနှင့် ၄င်း၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသော အရောင်တောက်တောက်ငှက်မွှေးများသည် အထူးသဖြင့် ထူးဆန်းလှသည်။

ကြက်တူရွေးက မန်ဟို့ကို ၄င်း၏မျက်လုံးထောင့်မှ ကြည့်ရင်း ချောင်းဟန့်လိုက်သည်။

"ဒါက ငါ့ကို အလေးနက်ဆုံးအထင်ကြီးစေတဲ့ ဟိုသောက်ငှက်ပဲ။ ငါ့အရင်ဘဝမှာ သူ လက်လျှော့ပြီး ပြောင်းလဲလာအောင် မလုပ်နိုင်ခဲ့ဘူး။ ဒီဘဝမှာတော့ သေချာပေါက် ပြောင်းလဲပစ်မယ်။ အမွှေးအတောင်နဲ့ဟာတွေကို သဘောကျတဲ့ အကျင့်ပျက်နှာဘူးသတ္တဝါကောင်" အသားဂျယ်လီ၏အသံမှာ မကျေနပ်ဖြစ်နေသံပေါက်သည်။ ၄င်း၏ပုံပန်းသွင်ပြင်နှင့် စကားလုံးများက ဤပုံသဏ္ဍာန်ကို ပို၍ပင်အသက်ဝင်သွားစေ၏။

ကြက်တူရွေးကို မြင်ပြီး စကားလုံးများကြားနေရခြင်းက မန်ဟို့ကို အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်စေသည်။ သူသည် သွေးမျက်နှာဖုံး တပ်မိလုနီးပါးဖြစ်ခဲ့ပြီး ကြေးမုံမှ ငှက်အော်သံကြားခဲ့ရသည့်နေ့ကို ပြန်တွေးမိလိုက်သည်။

ကြေးမုံက အမွှေးပါသောသတ္တဝါများအား မည်မျှစိတ်အားထက်ထက်သန်သန် တိုက်ခိုက်တတ်သည်ကို သူတွေးမိသွားသည်။ သူ၏စိတ်အစဉ်မှာ ပုံရိပ်အမျိုးမျိုးဖြင့် လည်ထွက်သွားသည်။ သူအမှန်တကယ်နားမလည်တော့ပေ။ အသားဂျယ်လီ အဆက်မပြတ်ပြောနေသော ဤငှက်က မည်သည့်အရာနည်း......

မန်ဟို တခဏ ချီတုံချတုံဖြစ်နေပြီးနောက် စကြဝဠာအိတ်ထဲမှ ကြေးမုံကို ထုတ်လိုက်သည်။ "ခင်ဗျား ဒါကို ပြောနေတာလား" သူက မေးသည်။ ၄င်းပေါ်လာသည့်အခိုက်အတန့်၌ အသားဂျယ်လီကြက်တူရွေးက တွန်လိုက်သည်။

၄င်းက တောင်ပံများကို တဖျပ်ဖျပ်ခတ်ရင်း ရှေ့သို့ ဝုန်းဒိုင်းကြဲ ပျံသန်းလာကာ ကြေးမုံကို ခြေသည်းများဖြင့် ကုတ်ဆွဲပြီး အငြိုးကြီးကြီးထိုးစိတ်တော့သည်။

"သေစမ်း။ ဟုတ်တယ် ဒါပဲ။ ငါအထဲမှာ သူ့ချီကို အာရုံရနေတယ်။ မင်းကို သေတဲ့အထိ ဆိတ်ပစ်မယ် သေချင်းဆိုးငှက်။ ဆိတ်မယ် ။ ဆိတ်မယ်......" အသားဂျယ်လီကြက်တူရွေးမှာ ရူးသွပ်သွားဟန်တူသည်။ ၄င်း တဂီးဂီးအော်ရင်း ကြေးမုံကို ထိုးဆိတ်နေစဥ် ၄င်း၏အမွှေးများကား အဆုံးထိ ထိုးထောင်နေတော့သည်။

မန်ဟိုက ၄င်းကို ကြောင်တောင်တောင် ငေးကြည့်နေသည်။ သူသည် ကြေးမုံရခဲ့သည်အချိန်နှင့် ၄င်း၏စွမ်းရည်အား ရှာတွေ့ခဲ့သည့်အချိန်ကို ပြန်သတိရလိုက်သည်။ အစကတည်းက သူ့မှာ ၄င်း၏ထူးဆန်းသော သဘာဝကို အမြဲသိချင်နေခဲ့သော်လည်း မည်သည့်သဲလွန်စမှ ရှာမတွေ့ခဲ့ပေ။

မန်ဟိုမှာ အသားဂျယ်လီကြက်တူရွေးကြောင့် မြန်မြန်ရူးတော့မည့်အလား ခံစားနေရသည်။ ၄င်း ဒေါသတကြီး တဂီးဂီးအော်မြည်နေပြီး မုန်းတီးစက်ဆုပ်သောအငွေ့အသက်များ ထုတ်လွှတ်နေသည်။ မန်ဟိုမှာ ပြေးပုန်းလိုစိတ်များ ထွက်ပေါ်လာတော့သည်။ သူသည် ရုတ်တရက် ကြေးမုံအတွင်း တည်ရှိသော ကြက်တူရွေးကို တွေ့လိုစိတ်များ ပြင်းပြလာ၏။

"အဲ့ဒီ့ကြက်တူရွေးက အသားဂျယ်လီ ဒေါသထွက်အောင်လုပ်နိုင်တဲ့အထိ မယုံနိုင်စရာကောင်းလောက်အောင် ထူးခြားပုံပဲ။ သူထွက်လာရင် ငါ့အတွက် အသားဂျယ်လီကို ထိန်းသိမ်းပေးနိုင်လောက်တယ်" မန်ဟို ရုတ်တရက် သဘောပေါက်လိုက်သဖြင့် မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည်။ "ငါ အမြုတေဖြစ်တည်မှုအဆင့်ရောက်ရင် ကြက်တူရွေးထွက်လာလိမ့်မယ်လို့ အသားဂျယ်လီပြောခဲ့သလားလို့။ ဖြစ်နိုင်တာက...... သွေးခွေးကြီးလို လက်နက်ဝိညာဉ်အမျိုးအစားတစ်မျိုးများလား"

"မင်း ဘာလို့ ပြန်မတိုက်ခိုက်တာလဲ။ ဟမ်" အသားဂျယ်လီကြက်တူရွေးက ကြေးမုံကို ဆိတ်ရင်း ပူညံပူညံကြိမ်းမောင်းနေတော့သည်။ "ဒီတစ်ကြိမ်တော့ ငါမင်းကို အလွှတ်မပေးဘူး။ ငါမင်းကို ပြောင်းလဲပစ်မယ်။ ဟားဟားဟား။ မင်းထွက်မလာနိုင်ဘူးပဲ။ ထွက်မလာနိုင်တာကိုး။ ငါ ကြိုက်သလောက် မင်းကို ဒေါသထွက်အောင် လုပ်လို့ရတယ်။ ဒါပေမယ့် မင်းက ထွက်မလာနိုင်ဘူး" အသားဂျယ်လီမှာ စိတ်လှုပ်ရှားလွန်း၍ တဆတ်ဆတ်တုန်သွားသည်။ သို့သော် ဤအခိုက်အတန့်တွင် ကြေးမုံက ရုတ်တရက် တောက်ပသွားပြီး အသားဂျယ်လီ၏ အသံဗြဲကြီး ထွက်ပေါ်လာသည်။ ၄င်းက ကြေးမုံကို လွှတ်ချပြီး ပျံပြေးသည်။ ကြေးမုံက မမြင်နိုင်သောအလင်းတန်းများဖြင့် တရစပ်ပစ်လွှတ်ရင်း ၄င်းနောက် ပျံလိုက်သည်။

မန်ဟိုက ကြေးမုံကိုမတားဘဲ နှစ်ထောင်းအားရစွာ ကြည့်နေသည်။ သို့သော် အသားဂျယ်လီ နည်းနည်းလေးပင် ထိခိုက်ခြင်းမရှိကြောင်း တခဏအတွင်း သိသာလာသည်။ သူက အင်္ကျီလက်စကို ခါပြီး ကြေးမုံကို စကြဝဠာအိတ်ထဲ ပြန်ထည့်လိုက်သည်။

အသားဂျယ်လီကြက်တူရွေးက တောင်ပံများကို တဖျပ်ဖျပ်ခတ်ရင်း ပြန်ပျံသန်းလာကာ မန်ဟို့ပခုံးပေါ်တွင် နားသည်။ ၄င်းက ထုံးစံအတိုင်း လေပေါတော့သည်။

အနည်းဆုံးတော့ ဤပုံစံက ဦးထုပ်ပုံကြီးထက်စာလျှင် တော်ပါသေးသည်။ မန်ဟို၏ အမြုတေဖြစ်တည်မှုအဆင့်ရောက်လိုစိတ်များကား ပို၍ပြင်းထန်လာတော့သည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ အသားဂျယ်လီ ပေါက်ပေါက်ဖောက်သံများကို လျစ်လျူရှုပြီး သူသည် လေထဲပျံတက်ကာ မိုးကုပ်စက်ဝန်းသို့ တဟုန်ထိုးထွက်သွားတော့သည်။

"ငါ့ကိုယ်ထဲက အဆိပ်က ပြဿနာပဲ" သူက တွေးသည်။ "ငါ ဇီယွင်ဂိုဏ်းထဲ ဝင်ဖို့ နည်းလမ်းရှာပြီး မဟာအကြီးအကဲဆေးလုံးမိစ္ဆာရဲ့ဂိုဏ်းသား ဖြစ်နိုင်မလား ကြည့်ဖိုလိုတယ်။ ဒါဆိုရင်တော့ ငါ အဆိပ်ကို တစ်ခါတည်းအပြတ်ရှင်းနိုင်ပြီ" သူ ရှေ့ဆက်သွားနေစဉ် သူ၏မျက်လုံးများသည် တဖျပ်ဖျပ်တောက်ပနေသည်။ သူသည် ဤအခြင်းအရာကို ဇီယွင်ဂိုဏ်းလက်အောက်ခံမြို့တစ်မြို့တွင် စဉ်းစားခဲ့ဖူးသည်။ နွေဦးနှင့်ဆောင်းဦးသစ်ပင်မှာ အဆိပ်လက္ခဏာများကို သက်သာစေပြီး သူ့ကိုအချိန်အနည်းငယ်ရစေရန်သာ တတ်နိုင်လေသည်။

အဆိပ်အား အပြီးပိုင်ဖယ်ရှားနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ဇီယွင်ဂိုဏ်းသို့ ဝင်ရောက်ရန်ပင်။

"ဒါ့အပြင် ငါပြီးပြည့်စုံတဲ့ ရွှေအမြုတေကို ဖန်တီးချင်ရင် ပထမဆုံး ခရမ်းရောင်အမြုတေရှိဖို့ လိုတယ်။ ခရမ်းရောင်အမြုတေဖန်တီးဖို့အတွက် သင့်တော်တဲ့ပညာရပ်တစ်ခုလိုတယ်။ အဲ့ဒီပညာရပ်က ဇီယွင်ဂိုဏ်းရဲ့ အရှေ့ဘက်မှခရမ်းရောင်ချီကလွဲပြီး တခြားမဟုတ်ဘူး" မန်ဟို မျက်မှောင်ကြုတ်သွားသည်။ ၄င်းက အကြံကောင်းတစ်ခုဖြစ်သော်လည်း ဇီယွင်ဂိုဏ်းထဲဝင်ရောက်ရန် မည်သည့်နည်းလမ်းကိုမှ သူစဉ်းစားမရသေးပေ။ သူ့မှာ ထိုနေရာက လူအမြောက်အမြားအား စိတ်အနှောင့်အယှက်ပေးခဲ့မိသည်။ ဝူတင်းချိုးနှင့် ချူယွီယန်အပြင် ယခုအချိန်တွင် သေချာပေါက် အတွင်းစည်းအဖွဲ့ဝင်များ ဖြစ်နေလောက်သော ကျိုးပြည်၌ သူနှင့်ထိပ်တိုက်တွေ့ခဲ့သည့် ဂိုဏ်းသားများ။

"ငါ ရုပ်ဖျက်ဖို့လိုတယ်။ ငါတခြားလူတစ်ယောက်ဖြစ်လာဖို့ နည်းလမ်းရှာရမယ်" သူက သက်ပြင်းချလိုက်သည်။ သိသာစွာပင် ၄င်းတို့အားလုံးမှာ မေ့လိုက်သင့်သော စိတ်ကူးယဉ်အတွေးများသာ ဖြစ်၏။ ရုတ်တရက် သူ၏အမူအရာပြောင်းသွားသည်။ သူက စကြဝဠာအိတ်ကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် ဉာဏ်အလင်းများဖြင့် လင်းလက်တောက်ပသွားသည်။

"မျက်နှာဖုံး..... ငါ့မှာ ရုပ်ပြောင်းရုပ်လွှဲမျက်နှာဖုံးရှိရင် လုပ်နိုင်ပြီ။ မျက်နှာဖုံးကတော့..... ငါ့မှာ တစ်ခုရှိတယ်။ ဒါပေမယ့် မျက်နှာဖုံးမှာ အဲ့လိုအစွမ်းမျိုးရှိမလား ဘယ်သူသိမလဲ။ ဒါ့အပြင် အဲ့တာကိုမသုံးခင် ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံက အမြုတေဖြစ်တည်မှုအဆင့်ဖြစ်ဖို့လိုတယ်။ ပြီးတော့ မျက်နှာဖုံးက အဲ့ဒီနည်းအတိုင်း အလုပ်မဖြစ်ရင် ဘယ်လိုလုပ်မလဲ....." သူက ပခုံးပေါ်တွင် တတွတ်တွတ်စကားပြောနေသော ကြက်တူရွေးကို တဖြေးဖြေး ခေါင်းလှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးများ လင်းလက်တောက်ပသွား၏။

"မင်းဘာအတွက် ငါ့ကိုဒီလိုကြည့်နေတာလဲ" အသားဂျယ်လီကြက်တူရွေးက သူ့ကိုစိုက်ကြည့်ရင်း တအံ့တသြဆိုသည်။

မန်ဟို ၄င်းကို လျစ်လျူရှုထား၏။ သူက မြေပြင်ပေါ်ဆင်းသက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူသည် စကြဝဠာအိတ်ကို ပုတ်ပြီး သွေးရောင်မျက်နှာဖုံးကို ထုတ်သည်။

အသားဂျယ်လီ မျက်နှာဖုံးကို မြင်သည်နှင့်တစ်ပြိုင်နက် မျက်လုံးများဝိုင်းစက်ပြူးကျယ်သွားပြီး တောင်ပံများကို တဖြန်းဖြန်းခတ်ကာ တဂီးဂီးအော်မြည်ရင်း မန်ဟို့ပတ်လည်တွင် ဝဲပျံနေသည်။

"အဲ့တာဘာလဲ။ အဲ့တာဘာလဲ။ ဘုရားရေ။ အဲ့ဒီ မကောင်းဆိုးပစ္စည်းက ဘာကြီးလဲ။ ကလေးရေ မင်းတော့ မကောင်းဆိုးဝါးလမ်းကြောင်းမှာ တော်တော်လေး ခရီးရောက်နေပြီပဲ။ မကြောက်နဲ့ ငါမင်းကို ပြန်ဆွဲခေါ်မယ်။ ငါမင်းကို ပြောင်းလဲပေးမယ်။ အီး။ အထဲကဘာကြီးတုံး။ ငါဘာလို့အဘိုးကြီးတစ်ယောက်ကို မြင်နေတာလဲ။ ဝါးးး ဒီအဘိုးကြီးက တော်တော်လေး သနားကောင်းလိုက်တာ။ ကလေး မင်းဒီလိုလုပ်လို့မရဘူးလေကွာ။ ဒါမှားတယ်။ အကျင့်ပျက်တယ်။ အီးးး။ ဒီလူအိုကြီးက ဝင်ပူးထားတာပဲ။ အဘိုးကြီးရေ ဒါအကျင့်ပျက်ပြားတာပဲ။ ဒါမှားတယ်......"

မန်ဟိုက မျက်နှာဖုံးထဲသို့ စိတ်ဝိညာဥ်အာရုံသွတ်သွင်းလိုက်ရာ သွေးခွေးကြီး၏အနီရောင်အသွင်သဏ္ဍာန်ကို မြင်လိုက်ရသည်။ ၄င်းက ထိုနေရာတွင် လဲလျောင်းအိပ်စက်နေပြီး ၄င်း၏ မြင့်မြတ်ပြီး အကန့်အသတ်မရှိသော ချီဓာတ်မှာ ပို၍ပင် အားကောင်းလာသည်။ မန်ဟိုက ၄င်းကို ကြည့်ပြီး မျက်နှာအမူအရာ နူးညံ့ပျော့ပျောင်းသွားလေသည်။

"ငါမင်း နိုးလာမှာကို စောင့်နေတယ်" မန်ဟိုက ညင်ညင်သာသာပြောသည်။ တံခွန်သုံးခုနှင့်အလံအပေါ် အကြည့်ရောက်သွားစဥ် သူ၏မျက်လုံးများ ဖျတ်ခနဲ လက်သွား၏။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အလံကိုအသုံးပြုရန် လုံလောက်သည်အထိ မမြင့်မသေးကြောင်း သူကောင်းကောင်းသိသည်။ သူ့မှာ ယခုတွင် ၄င်းထဲသို့ စိတ်ဝိညာဥ်အာရုံအနည်းငယ် စီးဝင်စေပြီး သူ့အပိုင်အဖြစ်သာ တံဆိပ်ခတ်နိုင်သည်။

"အမြုတေဖြစ်တည်မှုအဆင့်.....ငါ အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်ဖြစ်ရင်တော့ ဒီအလံကို အသုံးပြုနိုင်သင့်တယ်...."

နောက်ဆုံး မန်ဟိုသည် လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို သူ၏စိတ်ဝိညာဥ်အာရုံဖြင့် ထိလိုက်သည်။ သူက လူမမာရုပ်ဖြင့် ထောင့်ကပ်ထိုင်နေပြီး သူ၏ခန္ဓာကိုယ်မှာ ဖောက်ထွင်းမြင်နေရသည်။ သူကား အချိန်မရွေး ပျောက်ကွယ်တော့မည်ထင်ရသည်။

မန်ဟို သူ့ကို ကြည့်နေစဥ် သူက ခေါင်းထောင်ပြီး စိန်းစိန်းဝါးဝါးပြန်ကြည့်သည်။ သူ၏အကြည့်သည် ထုံးစံအတိုင်း အတိုင်းထက်အလွန်အထိ အေးစက်ခက်ထန်နေမြဲပင်။

"ကျုပ် မတွေးဘဲ မနေနိုင်တဲ့ မေးခွန်းတစ်ခုရှိတယ်" မန်ဟိုက တည်ငြိမ်စွာ ပြောသည်။ "ခင်ဗျား ဘာကြောင့် လီတောက်ရီကို ကယ်ခဲ့တာလဲ။ ကျုပ် ခင်ဗျားကို ပထမဆုံးတွေ့တုံးက ခင်ဗျားက ဆဋ္ဌမကွန်ချာမှာ ရုပ်တုတစ်ရုပ်။ ကျုပ် ဒုတိယတစ်ခေါက် ခင်ဗျားကိုမြင်တော့ လီတောက်ရီရဲ့သွေးဝိညာဥ်ဖြစ်နေပြီ။ ဘာကြောင့်လဲ"

လီမျိုးနွယ်စုခေါင်းဆောင်ကြီးက ပြန်ဖြေရန် ငြင်းဆန်ရင်း အေးစက်စက်ရယ်သည်။

" ခင်ဗျားက သွေးဝိညာဥ်ကို ဝင်ပူးခဲ့တယ်ဆိုတော့ ကျုပ်အရမ်းသိချင်မိတယ်။ သွေးဝိညာဥ်ကို ဝင်မပူးခင်တုန်းက.....ခင်ဗျားက ဘယ်သူလဲ" သူ၏အသံသည် ယခင်အတိုင်း တည်ငြိမ်အေးဆေးလျက်ရှိသည်။ သို့သော် လီမျိုးနွယ်စုခေါင်းဆောင်ကြီး သူ့စကားကိုကြားသော် ရင်ဒိန်းခနဲ ခုန်သွား၏။ သူ၏သရုပ်မှန်မှာ အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်ပြီး ဘယ်သူမှာ ထိုအကြောင်း နည်းနည်းလေးပင်မသိကြပေ။ မန်ဟိုပင်လျှင် သူနှင့်လီတောက်ရီ၏ပတ်သက်မှုကို ထင်ကြေးသာပေးနိုင်သည်။ အသေးစိတ်သေချာအောင် စစ်ဆေးရန်ကား ခက်ခဲမည်ဖြစ်သည်။

လီမျိုးနွယ်စုခေါင်းဆောင်ကြီးက မထီမဲ့မြင်ရယ်သည်။ "မင်းသိချင်လား။ ငါ့ကို တစ်နှစ်တောင်းပန်၊ ဒါဆိုစဥ်းစားပေးမယ်" သူသည် မည်သည့်အရာကိုမှ ဂရုမစိုက်ပေ။ သေခြင်းသည်ပင် သူ့အတွက်အရေးမပါ။ သွေးအင်မိုတယ်အမွေအနှစ်နယ်မြေတွင် နှစ်ပေါင်းလေးထောင်တိုင်တိုင် အထီးကျန်မှုကို ကြုံတွေ့ခဲ့ပြီးနောက် သူသည် မယုံနိုင်လောက်အောင် ခိုင်မာသောစိတ်ဆန္ဒကို ပိုင်ဆိုင်ခဲ့သည်။ မန်ဟို၏ ယခင်ခြိမ်းခြောက်မှုနည်းလမ်းများပင်လျှင် ယခု သူ့ကို အမှန်တကယ် မသက်ရောက်နိုင်တော့ပေ။

မန်ဟို၏အမူအရာကား ယခင်အတိုင်းသာ။ သူက လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ အားနည်းနေသောပုံစံကို နောက်ဆုံးတစ်ခေါက်ကြည့်ပြီးနောက် မျက်လုံးများကျဥ်းမြောင်းလျက် သူ၏စိတ်ဝိညာဥ်အာရုံကို ပြန်နုတ်ယူလိုက်သည်။ သူက သွေးမျက်နှာဖုံး၏ မျက်နှာပြင်ကို ကြည့်ပြီး အသားဂျယ်လီကို ပြန်ကြည့်သည်။

"ခင်ဗျား လူတွေကို ပြောင်းလဲပေးရတာ ကြိုက်တယ်မလား" မန်ဟိုက မေးသည်။

"မဟုတ်ဘူး" အသားဂျယ်လီက ခက်ထန်စွာပြန်ဖြေသည်။ "ငါ လူတွေကို ပြောင်းလဲရတာ မကြိုက်ဘူး။ သူတို့ကို ဖျောင်းဖျရတာကြိုက်တာ။ ဟုတ်ပြီလား ဖျောင်းဖျရတာ"

မန်ဟိုသက်ပြင်းချလိုက်၏။ "ဒီမျက်နှာဖုံးထဲက အဘိုးကြီးက တစ်ဘဝလုံးအကျင့်ပျက်ပြားရင်း နေထိုင်ခဲ့တာ။ သူက အယုတ်မာဆုံးအပြုအမူတွေ လုပ်ဆောင်ခဲ့ပြီး အကျင့်ပျက်ခြင်းနဲ့ လုံးဝတိုက်စားခံနေရပြီ။ သူက အားနည်းသူကို အနိုင်ကျင့်ရတာ ကြိုက်တယ်။ အဲ့တာတွေအားလုံးကလဲ စက်ဆုပ်စရာကောင်းတဲ့နည်းလမ်းတွေနဲ့။ ကျုပ် သူ့ကို ဆုံးမပေးချင်လို့ ဖမ်းပြီး ဒီမှာ ညှာညှာတာတာ ထည့်ပေးထားတာ။ ဒါပေမယ့် သူ့မှော်ပညာက အရမ်းအစွမ်းထက်လွန်းတယ်။ ကျုပ် သူ့ကို ဒီအတိုင်း......." သူ့စကားပင်မဆုံးခင် အသားဂျယ်လီ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လာပြီး အခိုးများပင်ထွက်လာသည်။

"လုပ်ရဲတယ်ပေါ့လေ။ ဒီလိုလူမျိုးက ငါပြောင်းလဲပေးတာပဲ ခံသင့်တယ်။ ငါ လူယုတ်မာတွေထက် ပိုမုန်းတာမရှိဘူး။ ငါ သူ့ကိုပြောင်းပေးရမယ်" ၄င်းမှာ ရုတ်တရက် ဤကဲ့သို့ လူဆိုးတစ်ယောက်ကို ပြောင်းလဲပေးရတော့မည့်အတွေးဖြင့် အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားဟန်တူသည်။ မန်ဟိုထံမှ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ၄င်း၏ခန္ဓာကိုယ်သည် ဖျတ်ခနဲ သွေးမျက်နှာဖုံးထဲ ဝက်ရောက်သွားတော့သည်။

***

All Chapters