မိတ်ဆွေဟောင်းတစ်ယောက်
Vol. 13 Ch. 178
မျက်နှာဖုံးထဲ ရောက်သည်နှင့်တစ်ပြိုင်နက် အသားဂျယ်လီက ပြဲပြဲလန်အောင် အော်သည်။
"ဒ..ဒါ..ဒါက..... မရဏကိုးသင်္ချိုင်းအလံတစ်ခုပဲ။ တံခွန်သုံးခုတောင်ရှိနေပြီ။ ဆိုးတယ်။ တော်တော်ဆိုးတယ်" အသားဂျယ်လီသည် မျက်နှာထားတင်းတင်းဖြင့် မှင်သက်နေသော လီခေါင်းဆောင်ကြီးထံ ချဥ်းကပ်သွားသည်။ "အဘိုးကြီး၊ မင်းက မကောင်းဆိုးဝါး ဝိညာဥ်တစ်ကောင် ဖြစ်နေတာပဲ။ တရားမျှတမှုကို တိုင်တည်ပြီး ငါမင်းကို ပြောင်းလဲပေးမယ်။ မင်းဒီလိုမျိုးနေလို့မဖြစ်ဘူး။ ဒါအကျင့်ပျက်တာပဲ။ ဒီတိုင်းသာဆို မင်းနိဂုံးလှမှာမဟုတ်ဘူး.... "
မန်ဟိုက ခပ်ဖွဖွချောင်းဟန့်လိုက်ပြီးနောက် မျက်နှာဖုံးကို သိမ်းလိုက်သည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး သူ၏မျက်လုံးများ စူးရှတောက်ပသွား၏။
"မရဏကိုးသင်္ချိိုင်းအလံ" မန်ဟိုက အတွေးနစ်မြောနေရင်း တောအုပ်ထဲမှ ပျံထွက်တော့မည့်ဆဲဆဲ ရုတ်တရက် ရပ်လိုက်သည်။ သူသည် သူ၏ကျင့်ကြံခြင်းအခြေခံကို ဖုံးကွယ်ပြီး မျက်လုံးများ ကျဥ်းမြောင်းသွား၏။
သူ၏ကျင့်ကြံခြင်းအခြေခံမှာ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်တွင်ဖြစ်ရာ တာအိုကလေးများနှင့်ယှဥ်ပြိုင်နိုင်သည်ဟု ဆိုလိုလေသည်။ သို့သော် သူ့တွင် ထိုသို့ပြုလုပ်ရန် အကြောင်းပြချက်မရှိပေ။ ဤနယ်မြေမှာ သွေးမိစ္ဆာဂိုဏ်းနှင့် ယီးကျန့်ဂိုဏ်းကြားရှိ နယ်စပ်ဒေသဖြစ်သည်။ သူ ထင်ရာမစိုင်းဘဲ သတိကြီးကြီးထားရမည်ကို မမေ့ရန် စိတ်ပိုင်းဖြတ်လိုက်၏။
အသက်ဆယ်ရှိုက်ကြာသော် ရောင်စုံအလင်းတန်းပေါင်းများစွာ အပေါ်ထက် ကောင်းကင်တွင် ပေါ်လာသည်။ ဓားပျံတစ်လက်စီအပေါ် ရပ်နေသော ကျင့်ကြံသူဆယ်ယောက် ထွက်ပေါ်လာသည်။ သူတို့အားလုံးက တူညီသောဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး အလွန်အထင်ကြီးစဖွယ် တည်ကြည်ခန့်ညားကြသည်။ သူတို့၏ဖြတ်သွားမှုက လေထဲတွင် တရွှီးရွှီးမြည်သွားစေသည်။
ဆယ်ယောက်အနက် သုံးယောက်သည် အပေါ်လွင်ဆုံးဖြစ်၏။ သူတို့က အနက်ရောင်နှင့်အဖြူရောင် ရောစပ်နေသော ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ သူတို့ကျောနောက်တွင် ဓားအိမ်များလွယ်ထားလျက်ရှိပြီး သူတို့ခြေထောက်အောက်ရှိ ဓားအရှိန်အဝါများက မည်သည့်အရာကိုမဆို အေးအေးဆေးဆေး ထက်ပိုင်းပိုင်းပစ်နိုင်သည့်အလား တောက်ပစွာ လင်းလက်နေသည်။
သုံးယောက်ထဲက တစ်ယောက်သည် ခန့်ညားသော အသက်လေးဆယ်အရွယ် အမျိုးသားဖြစ်သည်။ သူက ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်တွင် ဖြစ်ပြီး သူပျံသန်းနေစဥ် ရံဖန်ရံပါ ဆံပင်အဖြူများဖြင့် ဟိုဟိုသည်သည်ရောယှက်နေသော သူ၏အနက်ရောင်ဆံပင်များသည် သူ့ပတ်လည်တွင် တလွင့်လွင့်ဖြစ်လျက်ရှိသည်။
သူ့အနောက်တွင် နှုတ်ခမ်းပါးပါးများနှင့် ခက်ထန်သောအမူအရာဖြင့် အသက်သုံးဆယ်အရွယ် လူငယ်တစ်ယောက်ရှိ၏။ သူ့တွင် အေးစက်မှုတို့ ထုတ်လွှတ်နေသော အနီရောင်ဖီးနစ်ငှက်သဖွယ် ကွေးတက်နေသည့် မျက်လုံးများရှိသည်။ သူသည် လက်ဖျားခါလောက်အောင် ကြည့်ကောင်းသော်လည်း ပင်ကိုယ်စရိုက်အရ သွေးအေးရက်စက်သူဖြစ်သည်။ သူ့ခြေထောက်အောက်က ဓားသည် အေးခဲဖိအားတစ်ခုကို ထုတ်လွှတ်နေ၏။ သူက ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်တွင်ဖြစ်ပြီး သြဇာအာဏာရှိသော ပုဂ္ဂိုလ်ဖြစ်ပုံရသည်။
နောက်ဆုံးတစ်ယောက်က ၂၇၊ ၂၈ခန့် ရှိမည့်ပုံပေါ်သည်။ သူ၏ပုံပန်းသွင်ပြင်မှာ သာမန်ဖြစ်သော်လည်း သူက ဖြောင့်မတ်တည်ကြည်သော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။ ဖြောင့်မတ်တည်ကြည်မှုဖြင့် ပြည့်နှက်လျက်ရှိသော ဤလူသည် ..... ယီးကျန့်ဂိုဏ်း၏ ခေါ်ဆောင်ခြင်းခံခဲ့ရသော မှီခိုရာဂိုဏ်းမှ မန်ဟို၏အစ်ကိုကြီးပင်။
နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့လေပြီ။ သို့သော် ဤနေရာ၊ သူ့အရှေ့တည့်တည့်တွင် ချန်ဖန်းပေါ်လာခဲ့သည်။ သူသည် သူတို့နှစ်ယောက် ကွဲကွာခဲ့သော နေ့ရက်ကို ပြန်တွေးမိလိုက်ပြီး ၄င်းမှာ အလွန့်အလွန်ကြာခဲ့ပုံပေါ်သည်။ မှီခိုရာဂိုဏ်း မရှိတော့သည့်အပြင် ကျိုးပြည်လည်း ပျောက်ကွယ်သွားခဲ့ပြီ။ ချန်ဖန်း ယခင်အတိုင်း ရှိနေသေးသည်လား မန်ဟို သိချင်နေမိသည်။
သူသည် အဖွဲ့ကို ကြည့်ရင်း တိတ်ဆိတ်နေ၏။ သူတို့အားလုံးမှာ တောင်ပိုင်းဒေသရှိ နံပါတ်တစ် ဂိုဏ်း၊ ယီးကျန့်ဓား၏ ဂိုဏ်းသားများဖြစ်ကြသည်။ ယီးကျန့်ဂိုဏ်း ဤနေရာတွင် ပေါ်လာခြင်းက မထူးဆန်းပေ။ ဤနယ်မြေသည် သွေးမိစ္ဆာဂိုဏ်းနှင့် ယီးကျန့်ဂိုဏ်းကြားက စစ်မြေပြင်မဟုတ်ပါလော။
ဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက အတောမသတ်နိုင်သော တိုက်ပွဲများနှင့် ရံဖန်ရံခါ ဖြစ်ပွားတတ်သော ပဋိပက္ခများအကြောင်း မန်ဟိုသိသည်။
အဖွဲ့ အဝေးသို့ ဝင်ရောက် ပျောက်ကွယ်တော့မည့်အချိန်မှာပင် မန်ဟို၏အမူအရာ ရိပ်ခနဲဖြစ်သွားပြီး သူက ကောင်းကင်ကို ပြန်မော့ကြည့်လိုက်သည်။
မကြာမီ လေကို ခွင်း၍ လာနေသော သွေးနီရောင်အလင်းတန်းဆယ်တန်းကို သူမြင်လိုက်ရသည်။ ၄င်းတို့သည် အောက်ရှိ တောင်ပေါ်သစ်တောကို လေပြင်းတစ်ချက် ခပ်ကြမ်းကြမ်းတိုက်ခတ်သွားစေရင်း အမြင့်ဆုံးအရှိန်ဖြင့် လာနေကြသည်။ လူဆယ်ယောက်အဖွဲ့၏အပေါ်တွင် သူတို့နှင့်အတူ ပျံသန်းလာနေသော ဧရာမသတ္တဝါကြီးများရှိသည်။
ဤကျင့်ကြံသူဆယ်ယောက်တွင် သေခြင်းတရားဖြင့် ပြည့်နှက်နေသော တင်းမာခက်ထန်သည့်အမူအရာများ ရှိသည်။ အသတ်အဖြတ်စိတ်ဆန္ဒက သူ့တို့ပတ်လည်မှ ၄င်းကို စားသုံးနေပုံရသော အပေါ်ရှိ သားရဲကြီးများအထိတိုင်အောင် ဝန်းရံလည်ပတ်နေသည်။ သားရဲကြီးများက ဟိန်းဟောက်နေကြသည်။
ဟုတ်ပါသည်။ ဤသည်မှာ သွေးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းသားများပင်။ သူတို့ မန်ဟိုကို ဖြတ်ကျော်သွားကြစဥ် အမြန်နှုန်းမှာ မယုံနိုင်ဖွယ်ကောင်းလှသည်။ ဦးတည်နေသော အရပ်မျက်နှာအရ သူတို့သည် ယီးကျန်ဓားဂိုဏ်းကျင့်ကြံသူများ နောက်လိုက်နေပုံရသည်။
သူတို့ မိုးကုပ်စက်ဝန်းတွင် ပျောက်ကွယ်သွားကြချိန် မန်ဟိုက တောအုပ်ထဲမှ ထွက်လာသည်။ သူက တစ်ယောက်တည်းတီးတိုးရေရွတ်ရင်း ဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူများ ပျောက်ကွယ်သွားသည့်ဘက်ကို လှမ်းကြည့်လိုက်သည်။ သူတို့နောက်မှ လိုက်ပါပျံသန်းမည့်အစား သူသည် သစ်ပင်များကို အကာအကွယ်ယူ၍ အောက်မှလိုက်ရန် ဆုံးဖြတ်လိုက်သည်။
မန််ဟိုသည် အမွှေးတိုင်နှစ်တိုင်ထွန်းစာကြာသည်အထိ သစ်ပင်များကိုဖြတ်၍ တရိပ်ရိပ်ပြေးနေသည်။ ထိုစဥ် တဝုန်းဝုန်း မြည်ဟည်းနေသော ပေါက်ကွဲသံများအား သူကြားလိုက်သည်။ သူ အရှိန်တင်လိုက်ပြီး မကြာခင် အကြိတ်အနယ်တိုက်ခိုက်နေကြသော ယီးကျန်ဂိုဏ်းနှင့် သွေးမိစ္ဆာဂိုဏ်းကျင့်ကြံသူများအား မြင်လိုက်ရ၏။ ပေါက်ကွဲသံများ ပဲ့တင်ထပ်လျက်ရှိပြီး မှော်လှိိုင်းဂယက်များ ရိုက်ခတ်နေသည်။
ယီးကျန်ဂိုဏ်းသားများအတွက် ဓားတစ်လက်သည် ပြိုင်ဘက်ကင်း ထက်မြက်သော သေခြင်းလက်နက်တစ်ခုဖြစ်၏။ သွေးမိစ္ဆာဂိုဏ်းသားများအတွက်မူ သူတို့၏မှော်ပညာရပ်မှာ အမြဲပြောင်းလဲနေသည်။ အံဖွယ်ကောင်းစွာ ၄င်းမှာ သွေးရောင်၏လွှမ်းမိုးခြင်းမခံရသည့်အပြင် သူတို့က အဆုံးမဲ့ပညာရပ်စီးကြောင်းတစ်ကြောင်းကို အသုံးပြုကြသည်။ သူတို့ ထိန်းချုပ်နေသော တစ္ဆေသားရဲများက သာလွန်ထူးကဲသောခွန်အားများ ပိုင်ဆိုင်ထားကြသည်။ ၄င်းတို့က သုံးကောင်သာရှိသော်လည်း အနားကပ်၍မရအောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။
အဖွဲ့နှစ်ဖွဲ့တွင် အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်များမရှိပေ။ သူတို့အထဲ အစွမ်းထက်ဆုံးမှာ အမြုတေဖြစ်တည်မှု အတုအယောင်အဆင့်ဖြစ်သည်။ ကျန်လူများက ချီအခြေတည်အဆင့်ဖြစ်ကြသည်။ သူတို့သည် သွေးအလင်းရောင်တစ်ခုဖြင့် ခြံရံလျက် ရှေ့တိုးနောက်ဆုတ်တိုက်ခိုက်နေကြသည်။ သူတို့ထဲက တချို့ သေဆုံးသွားသည်ကို မန်ဟိုစောင့်ကြည့်နေသည်။ အခုလောလောဆယ်တွင် သွေးမိစ္ဆာဂိုဏ်းမှာ အသာစီးရနေပုံပေါ်သည်။ သို့သော် ယီးကျန့်ဂိုဏ်းမှ အမြုတေဖြစ်တည်မှုအတုအယောင်အဆင့် ကျင့်ကြံသူ၏မျက်လုံးများ အေးစက်သောအလင်းရောင်တစ်ခုဖြင့် ဖျတ်ခနဲလက်သွားသည်။
"အဖော်မဲ့ဓားမန္တန်" သူက အော်လိုက်သည်။ ချန်ဖန်းအပါအဝင် ယီးကျန်ဂိုဏ်းသားများ သူ့ထံ ပျံလာကြသည်။ သူတို့၏ဓားများသည် အံ့ဖွယ်ကောင်းစွာ တဖျပ်ဖျပ်လက်လျက်ရှိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားများသည် မီတာသုံးရာအရှည်ရှိသော ဧရာမဓားကြီးတစ်လက်အသွင် အတူတကွပေါင်းစည်းသွား၏။ ဧရာမဓားကြီးက တစ္ဆေသားရဲကြီးသုံးကောင်ထံ ပြေးဝင်သွားသည်။
ဝုန်းခနဲ ပေါက်ကွဲသံကြီး အရပ်မျက်နှာတစ်ခွင် ဟိန်းထွက်သွားသည်။ တစ္ဆေသားရဲများ တဆတ်ဆတ်တုန်ရီသွားပြီး ဟိန်းဟောက်ကြုံးဝါးကာ တစ်ကောင်ပြီးကောင် လွင့်စင်ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ဧရာမဓားကြီးသည် တလက်လက်တောက်ပနေသော ဓားအလင်းတန်းများအသွင် ပြောင်းပြီး ကျန်ရှိသော သွေးမိစ္ဆာဂိုဏ်းသားများနှင့်အတူ..... မန်ဟိုရပ်နေသောမြေကြီးထံ ပြေးဝင်လာသည်။
မန်ဟို မျက်မှောင်ကြုတ်သွားပြီး လေပေါ်ခုန်တက်လိုက်သည်။ သူက ညာလက်ကိုဝှေ့ယမ်းလိုက်ရာ လေမုန်တိုင်းတစ်လုံး ဖြစ်တည်လာသည်။ ချဥ်းကပ်လာနေသော ဓားအလင်းတန်းများ ချက်ချင်း တစစီပြိုကွဲကုန်သည်။
မန်ဟို ထွက်ပေါ်လာမှုနှင့် သူ၏ဓားအလင်းတန်းများကို မြန််မြန်ဖယ်ရှားပစ်လိုက်ပုံက ပတ်ဝန်းကျင်ရှိ ယီးကျန့်ဂိုဏ်းကျင့်ကြံသူများ၏အာရုံကို ချက်ချင်းဆွဲဆောင်လိုက်သည်။ အထူးသဖြင့် အေးစက်မှုများ ထုတ်လွှတ်နေသော မျက်လုံးများဖြင့် ခက်ထန်သောအမူအရာရှိသည့် ချီအခြေတည်ခြင်းအလယ်အလတ်အဆင့် လူငယ်ဆိုလျှင် ပိုမှန်မည်။ စောစောက မန်ဟို့ဆီပြေးဝင်သွားခဲ့သော ဓားအလင်းတန်းများမှာ သူ၏ထိန်းချုပ်မှုအောက်တွင် ရှိခဲ့လေသည်။
"သွေးမိစ္ဆာဂိုဏ်းလူဆိုးတွေက ယုတ်မာတဲ့အကြံအစည်တွေရှိနေတာပဲ" လူငယ်က အေးစက်စွာပြောသည်။ "ဂိုဏ်းတူညီအစ်ကိုတို့၊ ငါ့အမိန့်ကို နားထောင်။ သူ့အသက်နှုတ်ပစ်လိုက်" သူသည် မန်ဟို၏သရုပ်မှန်ကို အတည်ပြုရန်ပင် စိတ်မပါပုံရသည်။ သူဤနေရာတွင် ထွက်ပေါ်လာမှုက ထိုလူငယ်အတွက် ကောက်ချက်ချရန် လုံလောက်လေသည်။
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် အသက်လေးဆယ်အရွယ် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူ မျက်မှောင်ကြုတ်သွားသည်။ သို့သော် သူက ဝင်မစွက်ဖက်ပေ။ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများက မျက်လုံးများ အေးစက်မှုများထုတ်လွှတ်ရင်း မန်ဟိုထံ ဦးတည်လာကြသည်။
သို့သော် ဤအခိုက်အတန့်တွင် ချန်ဖန်း မန်ဟို့ကို လှမ်းမြင်လိုက်သည်။ တခဏကြာသော် သူ၏မျက်လုံးများသည် ဝမ်းမြောက်ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွား၏။
"ရပ်လိုက်" သူက ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်၏အမြန်နှုန်း အလုံးစုံဖြင့် အပြေးအလွှားလာရင်း အော်သည်။ သူက အခြားသူများကို ကျော်ပြီး မန်ဟို့ထံ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။ "ဒါ ကျုပ်ရဲ့ ဂိုဏ်းတူညီလေး" သူက စိတ်လှုပ်ရှားစွာ အော်သည်။ "အားလုံး ရပ်"
သူ၏အမူအရာသည် အတိုင်းထက်အလွန်ပျော်ရွှင်ခြင်းဖြင့် ပြည့်နှက်နေပြီး သူက မန်ဟို့ကို တွေတွေကြီးကြည့်ရင်း အတိတ်ကို ပြန်ပြောင်းသတိရနေသည်။
မန်ဟိုက ချန်ဖန်းကို ကြည့်ပြီး ပြုံးသည်။ ချန်ဖန်း၏အမူအရာ၊စကားလုံးများက ရိုးသားမှုဖြင့် ပြည့်နှက်နေပြီး ယခုတွင် သူ မပြောင်းလဲသွားကြောင်း......မန်ဟို သေချာသွားလေပြီ။ သူသည် လွန်ခဲ့သော ခုနစ်နှစ်၊ ရှစ်နှစ်ကအတိုင်းပင်။
မန်ဟို အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ပြောသည်။ "ဂါဝရပြုပါတယ် အစ်ကိုကြီး" သူက လက်ယှက်ပြီး လေးလေးနက်နက်အရိုအသေပေးလိုက်သည်။
ချန်ဖန်းက ရယ်သည်။ သူသည် လွန်ခဲ့သော ခုနစ်နှစ်၊ ရှစ်နှစ်ကနှင့် အတန်ငယ်ကွဲပြားပုံပေါ်သော်လည်း သူ၏စရိုက်ကတော့ မပြောင်းလဲပေ။ သူက ရှေ့လျှောက်လာပြီး မန်ဟို့ကို ဖက်လိုက်သည်။
"ဂိုဏ်းတူညီငယ်ချန်" သူတော်ကောင်းယောင်ဆောင်ထားသော အပြုံးတစ်ခုဖြင့် ခက်ထန်သောမျက်နှာထားပိုင်ရှင် လူငယ်က ပြောသည်။ "ငါ ဘယ်လိုလုပ် မင်းရဲ့ ဂိုဏ်းတူညီငယ်ကို တစ်ခါမှ မမြင်ဖူးတာပါလိမ့်။ ယီးကျန့်ဂိုဏ်းမှာ ဒီလိုဂိုဏ်းသားတစ်ယောက်ရှိတယ်ဆိုတာ ငါမသိပါလား" သူ၏အသံသည် ပြစ်တင်စွပ်စွဲချက်ဖြင့် ပြည့်နှက်နေသည်။
ချန်ဖန်းက မျက်မှောင်ကြုတ်ပြီး မန်ဟို့အရှေ့တွင် မားမားမတ်မတ်ရပ်သည်။ "အစ်ကိုကြီးကျိုး၊ သူက ယီးကျန်ဂိုဏ်းသားမဟုတ်ပါဘူး။ ကျုပ် မှီခိုရာဂိုဏ်းမှာရှိတုံးက ဂိုဏ်းတူညီလေးပါ"
မန်ဟို ဘာမှမပြောပေ။ သူ၏အမူအရာသည် ယခင်အတိုင်းသာဖြစ်သည်။ ချန်ဖန်း ဤအခြေအနေကို မည်သို့ကိုင်တွယ်မည်လဲ သူသိချင်သည်။
"ဒီတော့ သူက တောကြိုအုံကြား အသေးအမွှားဂိုဏ်းလေးတစ်ဂိုဏ်းကပေါ့လေ" ကျိုး၏ အသံမှာ အေးစက်စက်ဖြစ်သည့်တိုင် ခနဲ့တဲ့တဲ့လေသံပေါက်သည်။ "သူက ပုံမှန်ဆို အရေးမပါပေမယ့် အခုဒီမှာ ငါတို့ကို နောက်ယောင်ခံနေခဲ့တယ်။ ဒါကြောင့် တာဝန်ယူရမယ်"
ဝန်းရံထားသော ယီးကျန့်ဂိုဏ်းသားများ အကြည့်ချင်းဖလှယ်ပြီး တိတ်ဆိတ်စွာ နောက်ဆုတ်လိုက်ကြသည်။ သူတို့အတွက် ကျိုးနှင့်ချန်ဖန်းကြား အချေအတင်ဖြစ်သည်ကို ပထမဆုံးမြင်ဖူးခြင်းမဟုတ်ပုံရသည်။
သက်လတ်ပိုင်း အမြုတေဖြစ်တည်မှု အတုအယောင်အဆင့်ကျင့်ကြံသူက သူတို့နှစ်ယောက်ကို စိတ်ပျက်လက်ပျက်ကြည့်ရင်း သက်ပြင်းချပြီးနောက် မန်ဟို့ကို ငုံ့ကြည့်သည်။
"တာဝန်ယူရမယ်တဲ့လား" ချန်ဖန်းက အေးစက်စွာ ပြောသည်။ မန်ဟို့အရှေ့တွင် ရပ်နေစဥ် သူ၏မျက်လုံးများသည် ခက်ခန်လျက်ရှိသည်။ "ကျိုးရှန်ယွဲ့ ၊ ခင်ဗျား ကျုပ်ညီလေးကို ဘယ်လိုတာဝန်ယူခိုင်းဖို့ မျှော်လင့်ထားလဲ ကျုပ် သိပ်သိချင်မိပါတယ်။ ကျုပ်အရှေ့မှာ ဘယ်သူ သူ့ကိုပြဿနာရှာရဲလဲ" သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ လက်တစ်ဖက်အရွယ် အနက်ရောင်ဓါးသွားတစ်လက်ပေါ်လာသည်။ ၄င်းသည် သူ့ခေါင်းထက်တွင် ဝဲပျံနေ၏။
ဓားသွားပေါ်လာသည်ကို မြင်လိုက်သည့်အခိုက်အတန့်၌ မန်ဟို၏အမူအရာမှာ အံသြသွားသောအသွင်ပြောင်းသွားသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏မျက်နှာလည်း ထိုနည်းတူပင်။ အတုအယောင်အမြုတေအဆင့်လူ ပင့်သက်ရှိုက်သွားသည်။
ကျိုးရှန်ယွဲ့၏မျက်နှာကား ချက်ချင်း အတိုင်းထက်အလွန် အရုပ်ဆိုးသွားတော့သည်။ သူ ချန်ဖန်းကို စိုက်ကြည့်လိုက်ချိန် မနာလိုသောအရိပ်အယောင်တစ်ခု သူ၏မျက်ခုံးနှစ်ဖက်တွင် ပြည့်နှက်သွားသည်။ သို့သော် သူ့နှလုံးသားထဲတွင်တော့ အကြောက်တရားများ စိုးမိုးလာသည်။
ဓားသွားက အမြုတေဖြစ်တည်မှုအဆင့်၏ ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်နေသည်။
"ကျိုးရှန်ယွဲ့၊ ကျုပ် ခင်ဗျားရဲ့အဖြေ စောင့်နေတယ်" ချန်ဖန်းက တည်ငြိမ်စွာ ပြောသည်။
***