ဂိုဏ်းညီနောင်များ
Vol. 13 Ch. 179
"ဒါ ငါ့အဖေရဲ့ ပျံသန်းဓါးမြှောင် ပဲ" ကျိုးရှန်ယွဲ့က ချန်ဖန်း၏ ခေါင်းပေါ်တွင် ဝဲနေသောအနက်ရောင်ဓားသွားကို စိုက်ကြည့်ရင်း အေးစက်စက် နှာမှုတ်ကာ ဆိုသည်။
"ဒါ ကျုပ် ဆရာဆီက လက်ဆောင်" ချန်ဖန်းက အေးစက်သောအမူအရာဖြင့် ပြန်ဖြေသည်။ ချက်ချင်း ကျိုးရှန်ယွဲ့၏ မျက်နှာကြီး မည်းမှောင်သွား၏။ သူက အင်္ကျီလက်စကို ခါပြီး ချန်ဖန်းထံ ရွေ့လျားလာသည်။
"တာဝန်ယူရမှာက ရိုးရိုးလေးပဲ" သူက ပြောသည်။ "ငါ သူ့မျက်လုံးနှစ်လုံး လိုချင်တယ်။ မင်း ငါ့ကို သတ်ရဲမလား ကြည့်ကြတာပေါ့။ သတ်ရင်တော့ ငါမင်းကို လေးစားတယ်။ ဒါပေမယ့် မင့်ဆရာ၊ ငါ့အဖေကို ဘယ်လိုရှင်းပြမှာလဲ"
မန်ဟို၏ အမူအရာမှာ ထုံးစံအတိုင်းသာ ဖြစ်သည်။ သူက ဖြစ်ပျက်နေသော မြင်ကွင်းကို တည်ငြိမ်စွာ စောင့််ကြည့်နေသည်။ သူ့အရှေ့တွင် ချန်ဖန်းသည် ချဥ်းကပ်လာနေသော ကျိုးရှန်ယွဲ့ကို အေးစက်စွာ စူးစိုက်ကြည့်နေ၏။ သူက ညာလက်ကို မြှောက်လိုက်ရာ ပျံသန်းဓါးမြှောင်စတင်တောက်ပလာသည်။
အရာအားလုံးကား ရုန့်ရင်းဆန်ခတ်ဖြစ်ရန် အသင့်ဖြစ်နေလေပြီ။ ကျိုးရှန်ယွဲ့က ရက်စက်ကြမ်းကြုတ်သောမျက်နှာထားဖြင့် ရှေ့တိုးလာသည်။
"အပြင်လူတစ်ယောက်အတွက်နဲ့ မင်း ငါ့ကိုတိုက်ခိုက်ရဲမှာ မယုံနိုင်ဘူး"
"ခင်ဗျားအတွက် သူကအပြင်လူဆိုပေမယ့် ကျုပ်အတွက်တော့ ညီလေးတစ်ယောက်ပဲ" ချန်ဖန်းက လက်ကိုဝှေ့ယမ်းလိုက်သဖြင့် ကျိုးရှန်ယွဲ့ထံသို့ ပျံသန်းဓါးမြှောင်ပြေးဝင်သွားသည်။
ကျိုးရှန်ယွဲ့ ဆံပင်မွှေးများ ထောင်သွားပြီး ရုတ်တရက် ရပ်လိုက်သည်။ အနက်ရောင်ဓားမြှောင်သည် သူ့မျက်နှာအရှေ့တည့်တည့်တွင် ရပ်သွား၏။
"ကျုပ်ကို ဖိအားမပေးနဲ့ ကျိုးရှန်ယွဲ့" ချန်ဖန်းက လေသံအေးအေးဖြင့် ပြောသည်။
မန်ဟို ရှေ့တစ်လှမ်းလှမ်းရန် ပြင်လိုက်စဥ် အတုအယောင်အမြုတေအဆင့် ကျင့်ကြံသူက ရုတ်တရက် ထပြောသည်။ "မင်းတို့နှစ်ယောက် ဘာလုပ်နေတယ်ထင်လဲ။ ကျိုးရှန်ယွဲ့ စိတ်လျှော့စမ်း။ ချန်ဖန်း ဒါ မင်းရဲ့အရင်ဂိုဏ်းက ညီလေးဆိုရင် မင်း သူ့အတွက် အာမခံရမယ်။ သူ့ရဲ့အမှားအားလုံးအတွက် မင်းမှာ တာဝန်ရှိတယ်" ဤစကားတွင် သိသာထင်ရှားစွာပင် ခြိမ်းခြောက်မှုပါရှိသည်။ သူသည် အပြင်ပန်းတွင် အခြေအနေကို ဝင်ရောက်ဖြန်ဖြေရန် ကြိုးစားနေပုံပေါ်သော်လည်း တကယ်တမ်း ကိစ္စသေးသေးလေးကို ပုံကြီးချဲ့နေခြင်းဖြစ်ဖြစ်သည်။
မန်ဟိုသည် အတော်လေးအတွေ့အကြုံရှိသဖြင့် သူပြောလိုက်သောစကားကို ကောင်းကောင်းနားလည်၏။
"ကျုပ်ကိစ္စက အစ်ကိုကြီးနဲ့ ဘာမှမပတ်သက်ဘူး" သူက ပြောသည်။ "ခင်ဗျား ကိုယ့်စကားကိုယ် အလိုက်တသိပြန်မသိမ်းရင် လူကြီးမင်း၊ ကျုပ် အားသုံးရလိမ့်မယ်" သူ၏အသံသည် ရေခဲတမျှအေးစက်နေ၏။ သက်လတ်ပိုင်းလူ သူ့စကားကြားသောအခါ မျက်လုံးများ အေးစက်သွားပြီး မန်ဟို့ကို စိန်းစိန်းဝါးဝါး ပြန်ကြည့်သည်။
အမှန်ပင် ချန်ဖန်းလည်း မန်ဟို စကားပြောရဲလိမ့်မည်ဟု ဘယ်တော့မှမထင်ထားခဲ့ပေ။ သူက စကားတစ်ခွန်းမဆိုဘဲ ဂါယာမန္တယားဆိုင်ရာမုဒြာလက်ဟန် လှုပ်ရှားလိုက်ရာ ပျံသန်းဓါးမြှောင်သည် သူ့ဘေးတွင် ပြန်ပေါ်လာ၏။
"ချန်ဖန်း၊ ငါမင်းကို မျက်နှာသာမပေးတာမဟုတ်ဘူး။ ဒီက မင်းညီကိုတော့ သင်ခန်းစာပေးရဖို့လိုတယ်" သက်လတ်ပိုင်းလူက ကောက်ကျစ်သောအပြုံးတစ်ခုဖြင့် အင်္ကျီလက်စကို ခါပြီး မန်ဟိုထံ ရွေ့လျားလာသည်။
မန်ဟို၏အမူအရာမှာ ယခင်အတိုင်းပင်။ သူ၏ကျင့်ကြံခြင်းအခြေခံတွင် တာအိုမဏ္ဍိုင် ၄ ခုရှိသည်။ သူသည် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ကို ယှဥ်ပြိုင်နိုင်ပြီး အနာအဆာမဲ့အခြေများရှိသော တာအိုကလေးများဖြင့်ပင် ပခုံးချင်းယှဥ်နိုင်သည်။ အလွန်ဆုံး ဒဏ်ရာအခြေသာရှိသော ဤသက်လတ်ပိုင်းလူကိုတော့ ထည့်တွက်နေစရာပင် မလိုပေ။
မန်ဟို သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။
အမှန်ပင် ဤလူက အစ်ကိုကြီးချန်း၏ ပညာသင်ဖက်ညီအစ်ကိုဖြစ်သည်။ သို့သော် သူ့ကြောင့် နောက်ပိုင်း အစ်ကိုကြီးချန်အပေါ် သက်ရောက်နိုင်သည့် ခြိမ်းခြောက်မှုအတိုင်းအတာမျိုးကိုတော့ မန်ဟို ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် သူသည် သူနှင့်ချန်ဖန်းကို သပ်သပ်ခွဲရန် ကြိုးစားလိုက်ခြင်းဖြစ်၏။
ပတ်ပတ်လည််ရှိ ယီးကျန့်ဂိုဏ်းသားများက မန်ဟို့ကို အထင်သေးသောအရိပ်အယောင်များဖြင့််ကြည့်ရင်း အေးစက်စွာပြုံးနေကြသည်။ ချီအခြေတည်ခြင်းမဟာရပ်ဝန်းပြီးမြောက်ခဲ့ပြီးသော လူတစ်ယောက်နှင့် ရင်ဆိုင်နိုင်သည်ဟု မန်ဟို ထင်နေခြင်းက မောက်မာပြီး ဘဝင့်မြင့်ရာရောက်သည်ဟု သူတို့တွေးနေကြောင်း သိသာသည်။
အတွေးပေါင်းစုံ ပတ်ဝန်းကျင်ကဂိုဏ်းသားများ၏စိတ်ထဲ ဖြတ်ပြေးသွားသည်။
"အစ်ကိုချန်က ကိုယ့်ကိုကိုယ် လွယ်လွယ်အထင်ကြီးတတ်တဲ့ လူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်နေလိမ့်မယ် တစ်ခါမှတွေးတောင် မကြည့်ဖူးဘူး"
"သူက ကျားရဲ့အင်အားကို အသုံးချနေတဲ့ မြေခွေးတစ်ကောင်လို အစ်ကိုချန်ကို အားကိုးနေတာ"
"သေချင်နေတာပဲ"
အေးစက်စက်အပြုံးတစ်ခု ကျိုးရှန်ယွဲ့၏မျက်နှာပေါ်တွင် ပေါ်လာသည်။ သူက ရုတ်ရင်းဆန်ခတ်အခြေအနေကို ဝမ်းမြောက်ဝမ်းသာစောင့်ကြည့်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။
မန်ဟိုသည် သက်လတ်ပိုင်းလူ ချဥ်းကပ်လာသည်ကို အေးအေးဆေးဆေး ကြည့်နေသည်။ မထီမဲ့မြင့်အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ဖြစ်ထွန်းသွားပြီး သူ့ရှေ့လှမ်းတော့မည့်အချိန် ချန်ဖန်းက သူ့အရှေ့တွင် လက်တားလိုက်သည်။
"အစ်ကိုလီ၊ ကျုပ်ညီလေးက ငယ်သေးတာကြောင့် မသိတတ်ပါဘူး။ ကျေးဇူးပြု၍ ကျုပ်မျက်နှာကို ထောက်ထားပြီး အတိုက်အခံမလုပ်ပါနဲ့တော့။ ဒီကိစ္စကို ဒီအတိုင်းကြေအေးကြရအောင်" ဤသည်ကို ပြောပြီးသော သူက မန်ဟို့ပခုံးကို ဆုပ်ကိုင်ပြီး သူ့ကို နွေးထွေးစွာကြည့်သည်။ "အစ်ကိုကြီး ပြောတာ နားထောင်" ထိုစကားလုံးများ မန်ဟို့နားထဲ ဝင်ရောက်လာသောအခါ သူအချိန်အတော်ကြာ မခံစားခဲ့ရသော နွေးထွေးကြင်နာမှုတစ်ခုဖြင့် ပြည့်နှက်သွားသည်။ သူက ချန်ဖန်း၏မျက်လုံးများကို ကြည့်ပြီး ခေါင််းညတ်လိုက်သည်။
လီအမည်ရှိ လူက လမ်းတွင်ရပ်ပြီး မန်ဟို့ကို အေးစက်စွာ တခဏစိုက်ကြည့်နေပြီးနောက် ချန်ဖန်းကို ပြန်ကြည့်သည်။ တဖြေးဖြေး သူ၏မျက်နှာသည် တင်းမာမှုတို့ပြေလျော့သွား၏။ အချိန်အနည်းငယ်ကြာသော် သူက ပြောသည်။ "မင်း မင်းရဲ့ညီ သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာ ရပ်အောင် ကူညီပေးဖို့လိုတယ်။ မဟုတ်ရင် အနှေးနဲ့အမြန် အလောင်းဖြစ်တော့မယ်" သူက အင်္ကျီလက်စကို ခါရမ်းပြီး ထွက်ခွာသွားသည်။ ကျိုးရှန်ယွဲ့က ခနဲ့တဲ့တဲ့ပြုံးပြီး အခြားသောယီးကျန့်ဂိုဏ်းသားများနှင့်အတူ လိုက်ပါသွား၏။
"ငါတို့ မင်းကို အရှေ့မှာ စောင့်မယ်" လီ၏အသံထွက်လာသည်။ "မင်းညီနဲ့ အမှီလိုက်ဖို့ အမွေးတိုင်တစ်တိုင်ထွန်းစာ အချိန်ရမယ်"
သူတို့ အဝေးသို့ဝင်ရောက်ပျောက်ကွယ်သွားစဥ် မန်ဟိုက ချန်ဖန်းကို ချီတုံချတုံကြည့်လိုက်သည်။
"အစ်ကိုကြီး ကျွန်တော်....."
"မင်းဘာမှ ပြောစရာမလိုဘူး" ချန်ဖန်းက နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်သည်။ သူက သူ့ကို နောက်တစ်ဖန် နွေးထွေးစွာဖက်ပြန်သည်။
ချန်ဖန်းသည် ပျော်ရွှင်စွာရယ်ရင်း ပြန်လည်ဆုံတွေ့ရခြင်းကြောင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသောမျက်လုံးများဖြင့် သူ့ကို ကြည့်သည်။ "မင်း သန်သန်မာမာ ထွားထွားကြိုင်းကြိုင်း အရွယ်ရောက်လာခဲ့ပြီကိုး။ ဟားဟားဟား။ စာပေသမားပေါက်စလေး မဟုတ်တော့ဘူးပဲ"
အမြဲတမ်း စိတ်အားထက်သန်နေမြဲဖြစ်သောအသံဖြင့် သူသည် မန်ဟို့လက်မောင်ကိုဆွဲပြီးပြော၏။ "မင်းယုံနိုင်လားကွာ။ ဒီမှာကြည့်စမ်း ငါတို့ညီအစ်ကိုတွေ တောင်ပိုင်းဒေသမှာ နောက်တစ်ခေါက် ပက်ပင်းတိုးပြန်ပြီ။ ငါတို့အောင်ပွဲခံရမယ်။ လာ လာ အစ်ကိုကြီးကိုပြောစမ်းပါဦး မင်းအရင်နှစ်တွေက ဘာတွေလုပ်နေခဲ့လဲ။ ငါ အဲ့တုံးက ကျိုးပြည်ပျောက်ကွယ်သွားတယ်လို့ ကြားခဲ့ရတာ။အီး....." သူက မန်ဟိုပြန်စကားပြောရန်ပင် အခွင့်အရေးမပေးပေ။
သူ၏ပင်ကိုယ်စရိုက်သည် အမြဲထိုသို့ဖြစ်၏။ သူ စကားပြောပြီးရင်း ပြောသည်။ မကြာခင် အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာမြင့်သွားလေပြီ။ တစ်ချိန်လုံး မန်ဟို့မှာ စကားလေးတစ်ခွန်းပင် ပြောရန်အခွင့်အရေးမရပေ။ ယင်းမှာ မှီခိုရာဂိုဏ်းတုန်းကအတိုင်းပင်။
ချန်ဖန်းသည် အတော်လေး လေကြောရှည်သော်လည်း ထို့ထက်ပင်ရှည်နေစေကာမူ မန်ဟိုစိတ်မရှိပေ။ ချန်ဖန်းပြောနေသမျှအရာအားလုံးက သူ့အတွက်စိတ်ပူ၍ဖြစ်ကြောင်း သဘောပေါက်သည့်အတွက် မန်ဟို၏နှလုံးသားမှာ နွေးထွေးမှုများဖြင့် ပြည့်နှက်သွားသည်။ သူ့မှာ လေးလေးနက်နက်စိတ်လှုပ်ရှား ပျော်ရွှင်နေမိသည်။
"ဟိုဖက်တီးလီဖူကွေ့ ၊ မင်းသူ့ကို မှတ်မိလား။ မင်းနောက်တစ်ချိန်လုံးလိုက်နေတတ်တဲ့တစ်ယောက်လေ။ အေး သူက အခု ကျင်းဟန်ဂိုဏ်းမှာ တော်တော်အရေးပါတဲ့လူဖြစ်နေတယ်ကွ။ ငါ နောက်ဆုံးတစ်ခေါက်က ဆရာနဲ့အတူ ကျင်းဟန်ဂိုဏ်းကိုအလည်သွားတုန်းက သူ ဆူညံဆူညံလေကြီးနေတာတွေ့ခဲ့တယ်။ သူက သေချာပေါက် ဂိုဏ်းရဲ့အသည်းကျော်ပဲ။ တစ်ယောက်ယောက် သူနဲ့သွားပတ်သက်ရင် ကျင်းဟန်ဂိုဏ်းသားတစ်အုပ်လုံး ချက်ချင်း သူ့ကိုကူညီဖို့ အပြေးရောက်လာကြတာ.......
"ဒါပေမယ့် ညီမလေးရှုကတော့ ခက်ခဲကြပ်တည်းနေတယ်။ ငါလုပ်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာက ချင်းလော်ဂိုဏ်းက ငါသိတဲ့လူနည်းနည်းပါးပါးကို သူ့စောင့်ရှောက်ပေးဖို့ တောင်းဆိုတာလေးပဲ။ သူအခု စဦးချီဖွဲ့စည်းမှုအဆင့် ၉မှာ တစ်နေတာနှစ်နဲ့ချီနေပြီ။ အရင်နှစ်တွေက ငါ ဂိုဏ်းအတွက် တာဝန်တွေထမ်းဆောင်ပေးခဲ့တယ်။ မကြာခင်အတောအတွင်းတော့ သူ့အတွက် ချီအခြေတည်ဆေးလုံး ဆရာ့ဆီက တောင်းပေးနိုင်မယ်ထင်တာပဲ
"အိုး ဒါနဲ ဝမ်တန်ဖေးရှိသေးတယ်...... မင်း သူ့ကိုထပ်ရန်မစတာ အကောင်းဆုံးပဲ။ သူ့နောက်ခံက တော်တော်အထင်ကြီးစရာကောင်းတယ်ကွ။ အိုး ဟုတ်သားပဲ။ မင်း နောက်ဆုံးအတင်းစကားကို ယုံမှာတောင်မဟုတ်ဘူး။ ဇီယွင်ဂိုဏ်းက သူ့ရဲ့ဇနီးလောင်း၊ ချူယွီယန်က သူစိမ်းတစ်ယောက်နဲ့ ပတ်သက်ခဲ့တယ်ဆိုတဲ့ ကောလဟာလတစ်ခုရှိတယ်
"သတင်းထွက်လာလို့ ဂိုဏ်းအားလုံးတောင် ကြားထားကြပြီ။ ချူယွီယန် တခြားယောက်ျားတစ်ယောက်ရဲ့ အဝတ်ဝတ်ထားတာကို မြင်လိုက်တဲ့ မျက်မြင်သက်သေတစ်ယောက်ရှိတယ်။ သေချာပေါက် ရှုပ်ရှုပ်ယှက်ယှက်ကိစ္စတွေတော့ဖြစ်နေပြီ.....အဲ့ဒီလူ ဘယ်သူဖြစ်မယ်လို့မင်းထင်လဲ။ ဘယ်သူပဲဖြစ်ဖြစ်၊ ငါတော့ သူ့ကို တကယ်လေးစားတယ်။ ဝမ်တန်ဖေးလက်ထဲကနေ ချူယွီယန်ကို လုရဲတယ်ကွာ....." မန်ဟိုမှာ စကားတစ်ခွန်းပင် ဝင်မပြောနိုင်ပေ။ ချူယွီယန်အကြောင်းပါလာသောအခါ သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်ပေါက်လာ၏။
"ဆိုတော့" သူကတွေးသည်။ "ဟိုကျိုးဒရဆိုတဲ့လူ ငါခန့်မှန်းထားတဲ့အတိုင်း ချက်ချင်း ကောလဟတွေ ဖြန့်လိုက်တာပဲ...." သူက ဘာကိုမှ ဝန်မခံလိုသဖြင့် ချောင်းဟန့်ပြီး ပြောသည်။ "ဝိုးး အဲ့ဒီလူ တကယ်အံသြစရာကောင်းတယ်နော်။ ကျွန်တော် သူနဲ့တစ်နေ့ကျ တွေ့ပြီး မိတ်ဆွေ ဖြစ်ခွင့်ရဖို့ မျှော်လင့်မိတယ်" သူ၏မျက်နှာသည် ချန်ဖန်းကဲ့သို့ လေးစားသောအမူအရာတစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။
ဤအချိန်တစ်ဝိုက်တွင် လေကို ခွင်းလာနေသော ဓားတစ်လက်၏အသံကို ကြားလိုက်ရသည်။ မန်ဟို မော့ကြည့်လိုက်ရာ သူတို့ကို မြန်မြန်လိုက်လာရန် လောဆော်နေသော ယီးကျန့်ဂိုဏ်းသားတစ်ယောက်အား အဝေးတွင် မြင်လိုက်ရသည်။
ချန်ဖန်း စကားပြတ်သွားသည်ကို အခွင့်အကောင်းယူရင်း မန်ဟိုက ခေါင်းကုတ်ကာ ပြောသည်။ "အစ်ကိုကြီး ဟို....." သူပြောမဆုံးခင် ချန်ဖန်း၏စကားသံအောက်တွင် နစ်မြုပ်သွားတော့သည်။
"ညီလေး မင်း သင့်တော်တဲ့ချစ်သူ ရှာတွေ့ပြီလား" သူက ကောက်ကာငင်ကာပြောသည်။
"ဗျာ...." မန်ဟိုက တအံ့တသြစိုက်ကြည့်လိုက်သည်။ ချန်ဖန်း၏မေးခွန်းမှာ မဆီမဆိုင်ထွက်လာခြင်းဖြစ်သည်။ သူပြန်မတုံ့ပြန်နိုင်ခင် ချန်ဖန်းက ခေါင်းညိတ်လိုက်၏။
"အေးပါ ငါနားလည်တယ်။ မင်းရဲ့အစ်မရှုကို လက်မလွှတ်နိုင်သေးတာကိုး။ ညီလေးသေချာနားထောင်။ တောင်ပိုင်းဒေသမှာ အမျိုးသမီးကျင့်ကြံသူအချောအလှလေးတွေ ပေါပေမယ့် အလှဆုံးလို့ သတ်မှတ်နိုင်တာ လေးယောက်ရှိတယ်
"ချူယွီယန်က သူတို့ထဲ တစ်ယောက်ဆိုပေမယ့် မင်း သူ့ကိုလဲ မေ့ထားရမယ်။ သူက ဝမ်တန်ဖေးနဲ့ ဟိုအမည်မသိလူနဲ့ သက်ဆိုင်တယ်။ ဒါပေမယ့် အခြားသုံးယောက် မင်းရဲ့ရုပ်ရည်၊ ကျင့်ကြံခြင်းအခြေခံနဲ့ တကယ်လိုက်ဖက်တယ်" ချန်ဖန်း မန်ဟို့ကို ကြည်လိုက်စဥ် မျက်လုံးများ တောက်ပလင်းလက်သွားသည်။ သူ့လေသံက အောင်သွယ်တော်အသံပေါက်နေ၏။
ဤခေါင်းစဥ်မှာ မန်ဟို၏ခန့်မှန်းနိုင်စွမ်းထက် ကျော်လွန်သွားသည်။ သူက အစ်ကိုကြီးချန်ကို ကြောင်တောင်တောင်စိုက်ကြည့်နေမိ၏။ ဤနှစ်များပြီးနောက် အစ်ကိုကြီးချန်တွင် ဤဝါသနာအသစ်ရှိလာလိမ့်မည်ဟု သူအဘယ်သို့တွေးနိုင်ခဲ့မည်နည်း။ မန်ဟိုက ချောင်းဟန့်လိုက်သည်။ "အစ်ကိုကြီး ကျွန်တော်......"
"မရှက်ပါနဲ့ကွာ။ ကြည့် မင်းအစ်ကိုကြီးမှာ အတွေ့အကြုံအများကြီးရှိတယ်။ ဒီလိုကိစ္စမျိုးနဲ့ပတ်သက်ပြီး မင်းနားမလည်တာတွေ ရှိလောက်ပေမယ့် မပူနဲ့။ အစ်ကိုကြီးအားလုံးတာဝန်ယူတယ်။ အချိန်အများကြီးရှိပါသေးတယ်။ အချိန်အများကြီးရှိပါသေးတယ်"
"အာ...အချိန်အများကြီး.၊ အချိန်အများကြီး....." မန်ဟို့နဖူးတွင် ချွေးသီးများတွဲခိုလာ၏။
"ကောင်းပြီ၊ မင်းငါနဲ့အတူ ယီးကျန့်ဂိုဏ်းလိုက်ခဲ့။ ငါတို့အဲ့ဒီရောက်ရင် နှစ်ယောက်သား သေသေချာချာ ပွဲကျင်းပနိုင်တယ်" ချန်ဖန်းသည် မန်ဟို့ကို ငြင်းဆန်ရန်ပင် အခွင့်အရေးမပေးဘဲ တစ်ခါတည်းဆွဲခေါ်သွားသည်။
"အစ်ကိုကြီး ဒါ......"
"အစ်ကိုကြီးပြောတာနားထောင်၊ ဟုတ်ပြီလား။ ဒါ့အပြင် သိပ်မကြာခင် မဟာမျိုးနွယ်စုသုံးစုထဲက စုန့်မျိုးနွယ်စုမှာ တွေ့ဆုံပွဲကြီးကျင်းပလိမ့်မယ်။ သူတို့ တောင်ပိုင်းဒေသတစ်ခွင်က ရွေးချယ်ခံတွေ၊ တာအိုကလေးတွေကို ဖိတ်ထားတယ်။ ငါလဲသွားမှာဆိုတော့ မင်းလဲဘာလို့မလိုက်သေးလဲ။ ဒါက တောင်ပိုင်းဒေသရဲ့ လက်ရှိမျိုးဆက်ရွေးချယ်ခံတချို့နဲ့ တွေ့ဆုံဖို့ အခွင့်ကောင်းပဲ။ မင်းငါနဲ့သာ အတူနေ၊ ငါအားလုံးစီစဥ်ပေးမယ်
"ကျိုးပြည်လဲ ပျောက်သွားပြီ၊ မှီခိုရာဂိုဏ်းလဲမရှိတော့ဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး ငါ့ကို စိတ်အပူစေဆုံးဖြစ်ခဲ့တာက မင်းပဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါ မင်းကိုရှာဖို့ စာတစ်စောင်နဲ့အတူ လူတစ်ယောက်လွှတ်ခဲ့တယ်။ ဒါပေမယ့်အဲ့ဒီအချိန်မှာ ကျိုးပြည်ပျောက်ကွယ်သွားပြီး မင်းအသတ်ခံမှာ ငါကြောက်ခဲ့တယ်
"အဲ့အကြောင်းမပြောကြရအောင်။ ညီလေး အခုအချိန်မှာတောင် ငါ့ကို စိတ်အပူစေဆုံးအရာက မင်းဖြစ်နေသေးတယ်" သူက မန်ဟို့ကို လေးလေးနက်နက်ကြည့်သည်။ "မင်းက ဂိုဏ်းမရှိဘဲ တစ်ယောက်တည်းလေ။ ဒါမဖြစ်သေးဘူး။ အစ်ကိုကြီးပြောတာနားထောင်နော် ဟုတ်ပြီလား"
မန်ဟို၏နှလုံးသားထဲတွင် ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားသော နွေးထွေးမှုဖြင့် ပြည့်နှက်သွားသည်။ ချန်ဖန်းကို မငြင်းဆန်နိုင်သဖြင့် သူသည် တဖြေးဖြေးခေါင်းညိတ်လိုက်၏။
***