ရှန်လင်း
Vol. 13 Ch. 180
ချန်ဖန်းက မန်ဟို့ကို ကြည့်ပြီး အားပါးတရရယ်သည်။ နှလုံးသားများ ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်နှက်နေလျက် သူနှင့်မန်ဟိုသည် အလင်းတန်းအသွင်ပြောင်းကာ အခြားယီးကျန့်ဂိုဏ်းသားများထံသို့ တဟုန်ထိုးထွက်သွားကြသည်။
လီအမည်ရှိလူက ချန်ဖန်းနှင့်အတူ မန်ဟို လိုက်ပါလာသည်ကို မြင်သော် မျက်မှောင်ကြုတ်သွား၏။
"ကျုပ်ညီက ကျုပ်ဆရာနဲ့ရင်းနှီးလို့ သူ့ဆီအလည်သွားချင်နေတယ်" ချန်ဖန်းက အေးစက်စွာ ပြောသည်။ " သူ ကျုပ်တို့နဲ့အတူ ဂိုဏ်းကိုလိုက်လာလိမ့်မယ်"
လီအမည်ရှိလူက ဘာမှမပြော။ သူသည် ချာခနဲလှည့်ပြီး ကောင်းကင်ထံ ထိုးတက်သွားသော အလင်းတန်းအသွင်ပြောင်းသွားသည်။
"ညီလေး၊ ငါတို့ ဂိုဏ်းကိုရောက်ရင် မင်းကို ဂိုဏ်းသားအဖြစ် လက်ခံဖို့ ဆရာ့ကို တောင်းပန်ပေးမယ်။ ပြီးရင် ငါတို့ညီအစ်ကိုနှစ်ယောက် ယီးကျန့်ဂိုဏ်းရဲ့ ပညာသင်ဖက်ညီအစ်ကို ဖြစ်နိုင်ပြီ။ ဒါက သိပ်ရေးကြီးခွင်ကျယ်မဟုတ်ဘူး။ ငါ ဆရာ့ဆီက ဘာမှမတောင်းဆိုဖူးတော့ သူသဘောတူမှာ ရှစ်ဆယ်ကနေ ကိုးဆယ်ရာခိုင်နှုန်းအထိ သေချာတယ်။ အမှန်ပဲ မင်းကို ပညာသင်အနေနဲ့ပဲ လက်ခံမှာ။ ဒါပေမယ့် သူက အနုသုခုမရုပ်ခန္ဓာအခြေတည်အဆင့်မှာဆိုတော့ သူ့ရဲ့ ပညာသင်တစ်ယောက်ဖြစ်ရတာတောင်မှ ယီးကျန့်ဂိုဏ်းမှာ အဆင့်အတန်းမြင့်သေးတယ်" ချန်ဖန်းမှာ မန်ဟို့၏အနာဂတ်ကို ခရေ့စေ့တွင်းကျ အစီအစဥ်ချပြီးသည့်ပုံပေါ်သည်။
မန်ဟိုက တခဏ ချီတုံချတုံဖြစ်နေပြီးနောက် ပြောသည်။ " အစ်ကိုကြီး ခဏ။ အဲ့လိုလုပ်ဖို့ မလိုဘူးထင်တယ်။ တကယ်က ကျွန်တော့မှာ လုပ်စရာကိစ္စတွေ ရှိသေးတယ်"
"ညီလေး" ချန်ဖန်းက ရုတ်တရက် အလွန်တင်းမာခက်ထန်သောအမူအရာဖြင့် ပြောသည်။ " မင်း တခြားဂိုဏ်းထဲမဝင်ချင်တာ ငါနားလည်တယ်။ ငါလဲ အဲ့ဒီလိုခံစားခဲ့ရတာပဲ။ ငါ့ဘဝတစ်လျှောက်လုံးမှာ ဂိုဏ်းတစ်ဂိုဏ်းထဲရဲ့ အဖွဲ့ဝင်ပဲဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့်.....ငါတို့က ကျင့်ကြံသူတွေလေ။ ငါတို့ဂိုဏ်းက အထူးသဖြင့် တောင်ပိုင်းဒေသမှာ အရာအားလုံးရဲ့အခြေခံပဲ။ ဂိုဏ်းမရှိတဲ့ ဘယ်သူမဆို သင်းကွဲကျင့်ကြံသူဖြစ်တယ်။ ကျင့်ကြံခြင်းအဆင့် ဘယ်လိုလဲဖြစ်နေပါစေ၊ သင်းကွဲကျင့်ကြံသူတွေက အခက်အခဲတွေနဲ့ရှေ့ဆက်ကြရတယ်။ အချိန်တွေကုန်ပြီး ရလဒ်တွေက အချည်းနှီးဖြစ်မယ်
"မင်း ဒီကိစ္စမှာတော့ ငါ့စကားနားထောင်သင့်တယ်။ ယီးကျန့်ဂိုဏ်းက တောင်ပိုင်းဒေသမှာ နံပါတ်တစ်ဂိုဏ်း။ တာအိုအရင်းအမြစ်တွေ မယုံနိုင်လောက်အောင် ပါများတယ်။ ဒါက ငါတို့နှစ်ယောက်လုံး ကြီးပြင်းနိုင်တဲ့ နေရာတစ်နေရာပဲ"
မန်ဟိုပြန်မဖြေ။
သူတို့ ခရီးနှင်နေစဥ် ချန်ဖန်းသည် နောက်တစ်နေ့နေ့လည်ရောက်သည်အထိ အကြံများ ဆက်တိုက်ပေးနေခဲ့သည်။ နောက်ဆုံးတွင် ယီးကျန့်ဂိုဏ်း၏ ပင်မဂိတ် အရှေ့တွင်ပေါ်လာသည်။ ထိုအခါမှ မန်ဟိုခေါင်းညိတ်လိုက်သည်။
ချန်ဖန်းသည် စီနီယာမျိုးဆက်မှ ဂျူနီယာတစ်ယောက်ကို ကြည့်နေသကဲ့သို့ မန်ဟို့ကို နွေးထွေးကြင်နာမှုများဖြင့် စိုက်ကြည့်ရင်း ဝမ်းသာအားရပြုံးနေသည်။ သူသည် မန်ဟို့ထက် အသက်သိပ်မကြီးသော်လည်း သူ့မျက်လုံးထဲတွင်တော့ မန်ဟိုမှာ ဂိုဏ်းကို အခုလေးတင်ဝင်ရောက်ခဲ့သည့် စာပေသမားလူငယ်လေးသာ ရှိသေးသည်။
ယီးကျန့်ဂိုဏ်းကို အဝေးမှပင် လှမ်းမြင်နိုင်သော ဧရာမတောင်ကြီးတစ်လုံးဖြင့် ဖွဲ့စည်းထားသည်။ ဤတောင်သည် အခြားမည်သည့်တောင်မဆိုထက် အဆတစ်ရာကြီးမားပြီး တောင်ပိုင်းဒေသတစ်ခွင်လုံးတွင် နံပါတ်တစ်တောင်ဖြစ်သည်။
ဤတောင်၏နာမည်ကား...... အဖော်မဲ့တာအိုတောင်။
၄င်း၏အပေါ်ထက် ကောင်းကင်တွင် လွင့်မျောနေသည်က ၄င်း၏ရောင်ပြန်ပုံရိပ်ဖြစ်ပုံရသော နောက်ထပ်တောင်တစ်လုံးပင်။ အဝေးမှကြည့်လျှင် ၄င်းတို့မှာ သဲနာရီတစ်လုံး၏ ကောက်ကြောင်းအသွင်ရှိသည်။ ၄င်းကို ပထမဆုံးအကြိမ်မြင်လိုက်ရသည့်မည်သူမဆို သေချာပေါက် အံသြတုန်လှုပ်သွားမည်ဖြစ်သည်။
ဒုတိယတောင်၏နာမည်မှာ...... အဖော်မဲ့ဓားတောင်။
တောင်မှာ အလွန်တရာကြီးမားလှသဖြင့် အကြည့်တစ်ချက်တည်းနှင့် အဆုံးတစ်ဖက်မှ အခြားတစ်ဖက်ကို ကြည့်ရန် မဖြစ်နိုင်သလောက်ပင်။ မန်ဟို ဘဝတစ်လျှောက်လုံးတွင် ဤမျှကြီးမားသောတောင်များကို တစ်ခါမှမမြင်ခဲ့ဖူးပေ။ သူ့မှာ ထိုမြင်ကွင်းကြီးကို တအံ့တသြငေးကြည့်ရင်း မတုန်လှုပ်မိဘဲ မနေတော့ပေ။
ဤတောင်နှစ်လုံးသာဆိုလျှင် သိပ်ကြီးကြီးကျယ်ကျယ်မဟုတ်သေး။ သို့သော်လည်း....... ထိုတောင်နှစ်လုံး၏ အလယ်တည့်တည့်တွင် မြေကြီးအတွင်းထိုးစိုက်နေသော ဧရာမဓားကြီးတစ်လက် ရှိသည်။
ဓားရိုးက တောင်များအပေါ် ထိုးထွက်၍ ကောင်းကင်အထိ ဆန့်တန်းလျက်ရှိသည်။
မရေမတွက်နိုင်သော မနက်ခင်းနေရောင်ခြည်တန်းများက ပတ်ဝန်းကျင်တွင် ပြည့်နှက်နေရာ ကောင်းကင်ဘုံရောက်သွားသကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေတော့သည်။
မန်ဟို အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ သူသည် ယခုတွင် တောင်ပိုင်းဒေသ၏ ဂိုဏ်းကြီးနှစ်ဂိုဏ်း၊ ချင်းလော်ဂိုဏ်းနှင့် ယီးကျန့်ဂိုဏ်းကို မြင်ခဲ့ဖူးလေပြီ။ ချင်းလော်ဂိုဏ်းမှာ မငြင်းနိုင်လောက်အောင် သြဇာအာဏာကြီးမားသည်။ သူတို့၏စွမ်းအားအပေါ် ထိတ်လန့်ကြောက်ရွံ့မှုက မည်သူ့ကိုမဆို သူ့အရှေ့၌ ဝပ်စင်းသွားစေမည်ဖြစ်သည်။
သို့သော် ယီးကျန့်ဂိုဏ်း၏ ပကတိအင်အားက အခြားသူများကို သူ့တို့အရှေ့တွင် မဝပ်စင်းစေဘဲ ဒူးတုန်အောင် ကြောက်ရွံ့သွားစေသည်။
"အခြားဂိုဏ်းကြီးတွေ ဘယ်လိုနေမလဲ သိချင်မိတယ်....." မန်ဟိုက ယီးကျန့်ဂိုဏ်းကို ကြည့်ရင်း တစ်ယောက်တည်းတွေးနေမိသည်။
အဖွဲ့သည် လျင်မြန်စွာ ပျံသန်းနေကြသည်။ သူတို့ အဖော့်မဲ့တာအိုတောင်ထံ ချဥ်းကပ်သွားကြစဥ် လှပသောရောင်စုံအလင်းစက်ကွင်းတစ်ခုဖြင့် ကာကွယ်ထားသော နေရာတစ်နေရာ ရောက်သွားကြသည်။ အရှေ့က လီအမည်ရှိလူသည် မန်ဟို့ကို အေးစက်စက်လှည့်ကြည့်ပြီး နှာမှုတ်လိုက်သည်။ ထို့နောက် သူသည် အလင်းထဲဝင်ရောက်ပျောက်ကွယ်သွားသည်။
မန်ဟိုက ထိုလူထွက်ခွာသွားသည်ကို အေးစက်စက်စောင့်ကြည့်နေသည်။ သူ၏တွက်ချက်မှုအရ ထိုလူမှာ ပိုင်းခြားဆုံးဖြတ်နိုင်စွမ်းမရှိသော လူတစ်ယောက်ဖြစ်သည်။ ချန်ဖန်းသာ စောစောက သူ့ကို မတားခဲ့လျှင် ထိုလူ သေချာပေါက် ဒဏ်ရာရလျှင်ရ သို့မဟုတ် အသတ်ခံနေရလောက်ပြီ။ ၄င်းတို့အားလုံးက မန်ဟို၏ စိတ်အခြေအနေအပေါ်တွင် မူတည်ပေမည်။
"စိတ်မပူနဲ့" ချန်ဖန်းက မန်ဟို့အတွက် သိသိသာသာ စိုးရိမ်နေရင်း ပြောသည်။ "ဆရာ မင်းကို ပညာသင်အဖြစ် လက်ခံလိုက်တာနဲ့ အစ်ကိုလီ မင်းကို မနှောင့်ယှက်ရဲတော့ပါဘူး" သူက နှစ်သိမ့်စွာ ပြုံးပြပြီးနောက် မန်ဟို့ကို ရောင်စုံအလင်းစက်ကွင်းထဲ ဆွဲခေါ်သွားသည်။ သူက ကျောက်စိမ်းပြားတစ်ပြားထုတ်လိုက်၏။ သူတို့နှစ်ယောက်ပတ်လည်တွင် အလင်းဖြစ်တည်လာပြီး ဖျတ်ခနဲ နှစ်ယောက်လုံး ပျောက်ကွယ်သွားတော့သည်။
သူတို့ပြန်ပေါ်လာသောအခါ အဖော်မဲ့တာအိုတောင်ခြေတွင် ဖြစ်သည်။ လေထုသည် ပွင့်လန်းနေသောပန်းရနံ့များ၊ တေးသီဆိုနေသောငှက်သံလေးများဖြင့် ပြည့်နှက်နေသည်။ စီးဆင်းနေသော စမ်းချောင်းများကိုလည်း မြင်နိုင်သည်။ ယီးကျန့်ဂိုဏ်းသား အတော်များများ ဟိုဟိုသည်သည် သွားလာနေကြသည်။ ချန်ဖန်းကို သူတို့ မြင်သောအခါ တစ်ယောက်ချင်းစီ သူ့ကို လေးလေးစားစား အရိုအသေပေးကြလေသည်။
ချန်ဖန်းသည် မန်ဟို့ကို အိမ်ဝင်းတစ်ခုထံ ဦးဆောင်ခေါ်သွားသည်။ "ညီလေး" သူက ပြောသည်။ "မင်း ဒီမှာစောင့်နေ။ ငါ အကြီးအကဲတွေကို အရိုအသေသွားပေးလိုက်ဦးမယ်။ ပြီးရင် ဆရာ့ကို သွားးရှာမယ်။ ငါ ညမရောက်ခင် ပြန်မရောက်နိုင်လောက်ဘူး။ မင်း ဒီမှာ ခဏနားရင်နား၊ လျှောက်ကြည့်ချင်ရင်လဲ ကြည့်။ ဒါပေမယ့် ဝေးဝေးလံလံတော့မသွားနဲ့။ ငါပြန်လာရင် တစ်ညလုံးစကားပြောကြတာပေါ့ကွာ" သူက မန်ဟိုပခုံးကို ဆုပ်ပြီးနောက် လှည့်၍ ပျံထွက်သွားသည်။
မန်ဟိုက သူထွက်သွားသည်ကို ကြည့်ပြီးနောက် ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်လိုက်သည်။ သူက ခြံတံခါးကို ဖွင့်ပြီး အိမ်ထဲ ဝင်သွားသည်။ ၄င်းသည် အလွန်အကျွံတော့မဟုတ်သော်လည်း လှလှပပ တန်ဆာဆင်ထား၏။ အရာအားလုံးက သန့်စင်မွန်မြတ်မှုကို ထုတ်လွှတ်နေသည်။ အထူးသဖြင့် စာလိပ်အမြောက်အမြားပင်။ မန်ဟိုသည် ရှေးဟောင်းစာလိပ်တစ်လိပ် ရွေးပြီး ၄င်းကို လေ့လာရန် တင်ပျဥ်ခွေထိုင်လိုက်သည်။
အချိန်အနည်းငယ်ကြာသော် သူက ရှေးဟောင်းစာလိပ်ကို ချပြီး အတွေးနက်နေသောအရိပ်ယောင်တစ်ခု သူ၏မျက်လုံးများထဲ တောက်ပသွားသည်။
"ငါ ယီးကျန့်ဂိုဏ်းထဲ ဝင်သင့်တယ်ထင်တယ်......." သူက မျက်မှောင်ကြုတ်ရင်း တွေးသည်။ ၄င်းက သူ၏ပထမဦးစားပေးရွေးချယ်မှုတော့ မဟုတ်ပေ။ သို့သော် ချင်းလော်ဂိိုဏ်းက အသားဂျယ်လီကိစ္စကို အလွှတ်ပေးမည်မဟုတ်ကြောင်း သေချာသည်။ ယီးကျန့်ဂိုဏ်းထဲဝင်ခြင်းက သိပ်မဆိုးလှသော ရွေးချယ်မှုတစ်ခုဖြစ်သည်။
သူ၏မျက်လုံးများသည် ဇီယွင်ဂိုဏ်းအကြောင်း တွေးလိုက်သည်နှင့် ခေါင်းမာစွာ တောက်ပသွား၏။ အဆိပ်ဖြေလိုချင်ခြင်းက သူထိုသို့ဝင်ရောက်ချင်သည့်တစ်ခုတည်းသော အကြောင်းပြချက်မဟုတ်ပေ။ "ငါ ဇီယွင်ဂိုဏ်းဘက် စိတ်ယိုင်နေသေးတယ်" သူက တွေးသည်။ "ငါ တကယ် အရှေ့အရပ်မှခရမ်းရောင်ချီကို လေ့လာချင်တယ်...." ထိုပညာရပ်နှင့်ဆိုလျှင် အမြုတေဖြစ်တည်မှု၏ အထွတ်အထိပ်ဖြစ်သော ခရမ်းရောင်အမြုတေကို သူဖန်တီးနိုင်သည်။
"ဒါ့အပြင် ငါဆေးဖော်စပ်ခြင်းပညာရပ်ကို လေ့လာဖို့လိုတယ်။ ငါ့အတွက် ဆေးတစ်လုံးဖော်ဖို့လိုတိုင်း သူများတွေကို အားကိုးနေလို့မဖြစ်ဘူး။ အထူးသဖြင့် ပြီးပြည့်စုံတဲ့ အမြုတေဆေးလုံး......" မန်ဟိုသည် အတွေးထဲနစ်မြောနေရင်း အချိန်အတော်ကြာထိုင်နေသည်။ မကြာမီ ညနေစောင်းလာပြီး အပြင်ဘက်မှ နေရောင်ခြည်တို့ အထဲဝင်ရောက်လာသည်။ မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ချန်ဖန်းပြန်မရောက်သေး၍ အဖော်မဲ့တာအိုတောင်ကို နည်းနည်းပါးပါးထွက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အနောက်အရပ်သို့ ဝင်စပြုနေသော နေသည် တောင်ပေါ်သို့ အလင်းဖြာကျနေရာ အတော်လေး ဝိုးတိုးဝါးတားဖြစ်နေစေသည်။ တောင်ပတ်ပတ်လည်တွင် မြူများဆိုင်းလာပြီး မန်ဟို အနီးကပ်ကြည့်လိုက်စဥ် သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
သူသည် အဖော်မဲ့တာအိုတောင်ပေါ်က လမ်းတစ်လမ်းမှ ပျံဆင်းလာသည့် စိမ်းပြာရောင်ဝတ်ရုံနှင့်အမျိုးသမီးတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရသည်။
ဤအမျိုးသမီးထွက်ပေါ်လာမှုက ပတ်ဝန်းကျင်၏ ဝိုးတိုးဝါးတားဖြစ်နေမှုကို ချက်ချင်း ရှင်းလင်းသွားစေသည်။ လူအများ ဒူးထောက်ပြီး သူမကိုအရိုအသေပေးလိုက်သံများ ကြားလိုက်ရသည်။
"အဲ့တာ အစ်မရှန်လင်းပဲ"
"တကယ် အစ်မရှန်လင်းပါလား။ လစဥ်လတိုင်း ကိုးရက်မြောက်နေ့ရောက်ရင် နေဝင်ရီတရာအချိန်မှာ နှင်းစက်တွေ စုဆောင်းဖို့ သူတောင်ပေါ်က ဆင်းလာတတ်တယ်လို့ ငါကြားဖူးတယ်......"
"ဂါဝရပြုပါတယ် အစ်မရှန်လင်း"
အသံများသည် မန်ဟို့ထံ လွင့်ပျံ့လာ၏။ သူ တောင်ပေါ်မှ ဖြေးဖြေးချင်း ပျံဆင်းလာနေသည်ကို ကြည့်နေစဥ် ရုတ်တရက် မိစ္ဆာချုပ်နှောင်ကျောက်စိမ်း၏အသံ သူ့ခေါင်းထဲတွင် ဟိန်းထွက်လာသဖြင့် ရင်ဒိန်းခနဲတုန်သွားသည်။
"နဝမတောင်ရဲ့ ကျောက်တုံးတစ်တုံး ဆင်းသက်လာပြီး တောင်အသစ်တစ်လုံးဖြစ်လာတယ်။ တောင်က စိတ်ဝိညာဥ်၊ စိတ်ဝိညာဥ်က မိစ္ဆာဆန်တယ်။ သူ့ရဲ့ စိတ်ဆန္ဒဟာ ဒီကမ္ဘာရဲ့အပိုင်မဟုတ်ဘူး။ မင်း အဲ့တာနဲ့တွေ့ကြုံတဲ့အခါ.....ကောင်းမွန်လိမ္မာရင် မှော်ဆန်ဆန် ပြောင်းလဲခွင့်ပေးလိုက်။ ကြမ်းတမ်းခက်ထန်ရင် ချုပ်နှောင်ပြီး ကွပ်မျက်ပစ်။ သေသေချာချာစဥ်းစားပြီး ရွေးချယ်ပါ"
(မှတ်ချက်။ ။ ရှန် = တောင် ၊ လင်း= စိတ်ဝိညာဥ်)
အသံသည် မန်ဟို့စိတ်ထဲတွင် ပဲ့တင်ထပ်နေ၏။ သူသည် တခဏ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် ပုံမှန်အနေအထားပြန်ရောက်သွားသည်။ မိစ္ဆာချုပ်နှောင်ကျောက်စိမ်း၏ ထူးခြားဆန်းကြယ်မှုကို သူအသားကျနေလေပြီ။ သူက အမျိုးသမီးကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် ထူးဆန်းသောအလင်းတစ်ခုဖြင့် တောက်ပသွား၏။
ကျင့်ကြံသူအတော်များများ ပျံလာကြပြီး အမျိုးသမီးကို ဦးညွတ်ရင်း နှုတ်ဆက်စကားများ ဆိုနေကြသည်။ သူတို့ထဲကတစ်ယောက်သည် သူမကို ယဥ်ယဥ်ကျေးကျေး ဦးညွှတ်အရိုအသေပေးနေသော လီအမည်ရှိ သက်လတ်ပိုင်းလူကလွဲ၍ တခြားဟုတ်ပေ။
မန်ဟို့အကြည့် ထိုအမျိုးသမီးပေါ်ကျရောက်သွားစဥ် သူမသည် သူ့ကို ငုံ့ကြည့်ပြီး လေလယ်တွင် ရပ်သွားပုံရသည်။ စူးရှသောအကြည့်တစ်ချက် သူမမျက်လုံးများထဲ ပြည့်နှက်သွားသည်။
သူတို့နှစ်ယောက် အသက်ရှူချိန်အနည်းငယ်ကြာသည်အထိ တစ်ယောက်ကိုတစ်ယောက် မမှိတ်မသုန်ကြည့်နေကြသည်။ ထိုအမျိုးသမီး၏ မျက်ခုံးနှစ်ဖက် မဆိုစလောက်တွန့်ချိုးသွားပြီး သူမကအကြည့်လွှဲကာ အဝေးသို့ဆက်ထွက်သွားသည်။ သူမထွက်သွားသော်လည်း လီအမည်ရှိလူက သူတို့နှစ်ယောက်အကြားရှိ အကြည့်ကို သတိထားမိခဲ့ဟန်တူသည်။
သူသည် ရှန်လင်း မျက်မှောင်ကြုတ်သွားသည်ကိုလည်း သတိပြုမိခဲ့သည်။ သူက အေးစက်စက်နှာမှုတ်ပြီးနောက် သူ၏ခန္ဓာကိုယ်မှာ ရိပ်ခနဲဖြစ်သွားကာ မန်ဟို့ထံ ထိုးဆင်းလာသည်။
ဤအခြင်းအရာက ပတ်ဝန်းကျင်ရှိ ယီးကျန့်ဂိုဏ်းသားများကို သတိထားမိလိုက်စေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လီအမည်ရှိလူသည် မန်ဟိုရပ်နေသောခြံဝင်းအပေါ်သို့ ရောက်ချလာ၏။ သူက အေးစက်သောမျက်လုံးများဖြင့် ငုံ့ကြည့်သည်။
"ထပ်ပြီး မင်းပဲလား" သူက အေးစက်စွာ ပြောသည်။ "ပထမ မင်းကိုယ်မင်း အထင်ကြီးတယ်။ အခု ယီးကျန့်ဂိုဏ်းရဲ့ အစ်မရှန်လင်းကို မလေးမစားလုပ်ရဲတယ်ပေါ့။ ဒီကိုလာရတဲ့ မင်းရဲ့ရည်ရွယ်ချက်က ဘာများလဲ" ဤသည်က ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများစွာအား မန်ဟို့ကို ကြည့်လိုက်စေသည်။
"ဒီလူက ဘယ်သူလဲ"
"ရင်းနှီးသလိုရှိပေမယ့် အရင်က မတွေ့ဖူးဘူးထင်တယ်....."
"ကျုပ် မှတ်မိပြီ။ သူက နေ့လည်တုန်းက အစ်ကိုချန် ခေါ်လာတဲ့ဧည့်သည်ပဲ။ အစ်ကိုလီ သူနဲ့ဘာလုပ်မလို့လဲ မသိဘူး"
မန်ဟိုသည် မောက်မာနေသော လီအမျိုးသားကို မပြောင်းလဲသောမျက်နှာထားဖြင့် မော့ကြည့်လိုက်သည်။
"ဘာကိုဆိုလိုချင်တာလဲ လူကြီးမင်း" မန်ဟိုက အေးစက်စွာပြောသည်။
"မင်း ဒီကိုလာရတဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်နေပါစေ၊ မင်း အခု ယီးကျန့်ဂိုဏ်းမှာပဲ။ မင်းရဲ့ အပြုအမူတွေကို ထည့်တွက်ရင် မင်းကိုဆုံးမဖို့ အစ်ကိုကြီးရဲ့နေရာဆီ ခေါ်သွားရမယ်" သူသည် သိသာစွာပင် မန်ဟို့ကို သင်ကြားပေးရန် စိတ်မဝင်စားပေ။ မန်ဟိုနှင့်သူ၏တွေ့ဆုံခြင်းမှာ ကတောက်ကဆဖြစ်ခဲ့ပြီး ရှန်လင်းမျက်မှောက်ကြုတ်သွားသည်နှင့် ပေါင်းစပ်သွားသောအခါ သူ့ကို မကောင်းသောခံစားချက်များဖြင့် ပြည့်နှက်သွားစေသည်။ သူက ညာလက်ကိုမြှောက်လိုက်ရာ ချီအခြေတည်ခြင်း မဟာစက်ဝန်း၏စွမ်းအား ပေါက်ကွဲထွက်လာသည်။
"ဟာသပဲ" မန်ဟိုက အေးစက်စွာ ဆိုသည်။ လီအမျိုးသား၏လက် ဆင်းသက်လာပြီး ပုံရိပ်ယောင်ဓားကြီးတစ်လက် ထွက်ပေါ်လာသည်။ ၄င်းက ချီအခြေတည်ခြင်း မဟာစက်ဝန်း၏ စွမ်းအားဖြင့် အသက်ဝင်နေရင်း မန်ဟို့ဆီနိမ့်ဆင်းလာသည်။
မန်ဟို၏မျက်လုံးများ အေးစက်စွာ လက်သွားပြီး သူက လက်မြှောက်လိုက်သည်။ သူ့မှာ ဤလူ့အပေါ် စိတ်ကောင်းစေတနာနည်းနည်းလေးပင် မရှိသည်မဟုတ်ပါလော။ သို့သော် သူ အမှန်တကယ်ဘာမှမလုပ်နိုင်ခင် အနက်ရောင် ဓားမြှောင်အသေးစားတစ်လက်က လီအမျိုးသား၏ ပုံရိပ်ယောင်ဓားကို ဝင်တိုက်သွားသည်။
ဝုန်းခနဲ ပေါက်ကွဲသွားပြီး ပုံရိပ်ယောင်ဓားကြီး လွင့်စင်ပျောက်ကွယ်သွားသည်။ ချန်ဖန်းက အလင်းတန်းအသွင်ဖြင့် သူတို့ထံပြေးဝင်လာသောကြောင့် လီအမျိုးသား၏မျက်နှာ ရိပ်ခနဲဖြစ်သွားသည်။
"အစ်ကိုလီ၊ ခင်ဗျား ကျုပ်ညီကို နှောင့်ယှက်တာများပြီ။ အတုအယောင်အမြုတေအဆင့် ကျင့်ကြံခြင်းအခြေခံနဲ့ ခင်ဗျား မျက်နှာပျက်ရမှာ မကြောက်ဘူးလား။ ကျုပ်က အဖော်မဲ့ဓား သားတော်ခုနစ်ပါးထဲက တစ်ယောက်နော်။ ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေလဲ"
***