← Chapters

ရေငတ်တုန်း ရေတွင်းထဲကျ

Vol. 13 Ch. 181

ရေငတ်တုန်း ရေတွင်းထဲကျ

Vol. 13 Ch. 181

ချန်ဖန်းသည် စကားသံနှင့်အတူ ရောက်လာသည်။ သူက မန်ဟို့အရှေ့တွင် ဆင်းသက်ပြီး လီအမည်ရှိလူကို အေးစက်စွာ မော့ကြည့်သည်။

လီအမည်ရှိလူ၏အမူအရာမှာ အတော်လေး အရုပ်ဆိုးအကြည်းတန်သွားသည်။ သူက ချန်ဖန်းကို စိုက်ကြည့်နေပြီး သူ့အကြည့်သည် အထူးသဖြင့် အနက်ရောင်ဓားပျံကို သတိထားနေဟန်တူသည်။

"မင်း သူ့ကို ထာဝရကာကွယ်ပေးနိုင်မယ်ထင်လား" သူက အေးစက်စက်နှာမှုတ်ရင်း ဆိုသည်။ မန်ဟိုကို ကြည့်လိုက်စဥ် သူ၏မျက်နှာသည် အထင်သေးစက်ဆုပ်မှုများဖြင့် ပြည့်နှက်နေ၏။ "သူများနောက်မှာပုန်းနေတာပဲ တတ်တယ်ဆိုရင် ဘာမှဖြစ်ထွန်းလာမှာမဟုတ်ဘူး။ ကြည့်ရတာ ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်က သူ့အတွက် လမ်းဆုံးပဲထင်တယ်"

"ကျုပ်ရှိနေသရွေ့ ကျုပ်ညီလေးကို ခင်ဗျားဆံပင်တစ်မွှေးတောင် မထိစေရဘူး" ချန်ဖန်းက ပြောသည်။ သူအသံသည် အေးစက်သော်လည်း သံများကိုဖြတ်တောက်ပြီး သံမဏိကို နှစ်ခြမ်းခွဲရန်လုံလောက်သည်အထိ တင်းမာခက်ထန်နေ၏။

လီက အထင်သေးစက်ဆုပ်မှုများကြီးထွားလာရင်း မန်ဟို့ကို အငြိုးကြီးကြီး စိုက်ကြည့်သည်။ "မင်းရဲ့အစ်ကိုကြီးကြောင့်သာ မဟုတ်ရင် ငါမင်းကို လက်လေးတစ်ချက်ဝှေ့ရမ်းပြီး သတ်ပစ်လိုက်လို့ရတယ်။ မင်း ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မလဲ ကြည့်ကြသေးတာပေါ့" သူက အင်္ကျီလက်စကို ခါရမ်းရင်း ချာခနဲလှည့်ကာ အဝေးသို့ ထွက်သွားတော့သည်။

မန်ဟိုသည် ထိုလူထွက်သွားသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ ထိုလူ၏အမူအရာကို သူအကဲခတ်နိုင်ခဲ့သော်လည်း ဘာမှမတတ်နိုင်ပေ။ သူ့ကို သုတ်သင်သတ်ဖြတ်ခြင်းက ရိုးရှင်းသော်လည်း ချန်ဖန်းက သူ့အရှေ့တွင် နှစ်ကြိမ်တိုင်တိုင် ရပ်ပေးခဲ့ရာ တိုက်ခိုက်၍မရဖြစ်နေစေသည်။

ချန်ဖန်းက ခပ်ယဲ့ယဲ့ပြုံးပြနေသော မန်ဟို့ကို ပြန်လှည့်ကြည့်သည်။

အမှန်ပင် ချန်ဖန်းသည် မန်ဟို၏အမူအရာကို အဓိပ္ပာယ်လွဲကောက်သည်။ "မပူနဲ့ ညီလေး" သူက နှစ်သိမ့်သည်။ "အဲ့ဒီ့လီရောင်ရင်းက ဘာမှမဟုတ်ဘူး။ ငါ ဒီမှာရှိရင် သူမင်းကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး" သူ၏အမူအရာသည် စိုးရိမ်နေပုံပေါက်နေရာ မန်ဟို့အား ဆွံ့အနေစေသည်။ "ကံဆိုးစွာနဲ့ အရင်ထဲက ဆရာ တံခါးပိတ်ကျင့်ကြံနေတယ်တဲ့။ ကြည့်ရတာ လပိုင်းလောက် ထွက်လာဦးမှာမဟုတ်ဘူး။ ဒါပေမယ့် ငါသူ့ကို စာပေးခဲ့တယ်။ သူထွက်လာတာနဲ့လုပ်ပေးလိမ့်မယ်

"မင်းနဲ့ငါ စုန့်မျိုးနွယ်စုက ပြန်ရောက်ရင် ယီးကျန့်ဂိုဏ်းကို မင်း တရားဝင် ဝင်ရောက်လို့ရပြီ။ ပြီးရင်တော့ အဲ့ဒီလီအမျိုးသား မင်းကို လာရှုပ်ရဲမှာ မဟုတ်တော့ဘူး။ ဒါပေမယ့် ဒီအတောအတွင်းတော့ မင်း သတိနည်းနည်းထားဖို့လိုတယ်။ ကဲပါ ဘယ်လိုနေနေ ငါမင်းဘေးမှာရှိနေပေးမှာဆိုတော့ အဲ့တာအရေးမကြီးပါဘူး"

ချန်ဖန်း စိတ်ပူပေးနေခြင်းက မန်ဟို့ကို ရင်ထဲတွင် နွေးထွေးသွားစေသည်။ "ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီး" သူက လက်ယှက်ရင်း ဦးညွှတ်ကာ ဆိုသည်။

"ဘယ်သူ့ကို ကျေးဇူးတင်တာတုံး။ အရမ်းယဥ်ကျေးမနေနဲ့။ လာ လာ။ ဖယောင်းတိုင်နည်းနည်းပါးပါးထွန်းပြီး စကားပြောရအောင်" သူက အားပါးတရရယ်ရင်း မန်ဟို့ကို အိမ်ထဲ ဆွဲခေါ်သွားသည်။ အထဲရောက်သည်နှင့် သူက သိုလှောင်အိတ်ကိုပုတ်ပြီး သေရည်နှစ်အိုးထုတ်လိုက်သည်။

"မင်းအစ်ကိုကြီးမှာ ဧည့်ခံစရာများများစားစားတော့မရှိဘူး။ ဒါပေမယ့် ဆရာ့အိမ်သွားတုန်းက ငါ ဒီဓားဝိုင်အိုးနှစ်လုံး ဆွဲလာခဲ့တယ်။ ဒီကောင်က တော်တော်ကောင်းတယ်ကွ။ ငါ ဟိုးအရင်နှစ်တွေထဲက ဒါကို တကယ်ကြိုက်လာခဲ့တာ" သူက မန်ဟို့ကို တစ်အိုးပေးပြီးနောက် သူ့အိုးကို ဖွင့်ကာ တစ်ကျိုက်မော့လိုက်သည်။

မန်ဟိုလည်း လက်ခံပြီး တစ်ကျိုက်မော့လိုက်သည်။ သူ့မျက်နှာမှာ ချက်ချင်း အတန်ငယ် နီမြန်းသွားပြီး သူ့တစ်ကိုယ်လုံး ရုတ်တရက် ပူစပ်စပ် ဖြစ်လာသည်။ ချွေးများ နေရာအနှံ့ထွက်လာသည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် ဖြေးဖြေးချင်း ပြန်ထုတ်လိုက်သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး ယခုပင် သန့်စင်ဆေးကြောခံလိုက်ရသည့်အလား သူခံစားလိုက်ရ၏။ သူက ချွေးတပြိုက်ပြိုက်စီးကျရင်း အသက်ရှူသွင်း၊ရှူထုတ် ဆက်လုပ်နေသည်။ သူ၏မျက်လုံးများသည် အတန်ငယ်ပို၍တောက်ပလာပုံရသည်။ သူက ချန်ဖန်းက ကြည့်သည်။

"ဒါ ဘာသေရည်လဲ"

"ဆရာကိုယ်တိုင် ဖောက်ထားတာ။ ဟီးဟီး ။လာ သောက်။ ဒီသေရည်က ကျင့်ကြံသူတွေအတွက် တကယ်ကောင်းတယ်။ အထူးသဖြင့် ချီအခြေတည်အဆင့်အတွက်ပေါ့။ ဆေးလုံးတွေနဲ့ ယှဥ်လို့ရတယ်" သူက ပြုံးပြီး နောက်တစ်ကျိုက်မော့သည်။ "ငါ ဒီကောင့်ကို တစ်ချိန်လုံးသောက်နေတာ။ အိုး စကားမစပ် ညီလေး၊ မင်းရဲ့ ကျင့်ကြံခြင်းအခြေက ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်မှာဆိုတာ ငါတွေ့လိုက်တယ်။ မမေ့နဲ့ ၊ ငါတို့ ကျင့်ကြံသူတွေက တောင်တွေ တည်ဆောက်နေတာပဲ။ မင်း ခိုင်မာတဲ့အခြေခံကို ထူထောင်ရမယ်" သူ၏စကားလုံးများက အလေးနက်ဆုံးဖြစ်ရာ မန်ဟို့ကို သေရည်အိုးချ၍ အာရုံစိုက်နားထောင်စေသည်။ ရံဖန်ရံခါ သူက ခေါင်းညိတ်ထောက်ခံတတ်သည်။ "အဆင့်တက်တဲ့အခါ လောဘမကြီးနဲ့၊ အခြေခံသဘောတရားတွေကို လျစ်လျူရှုမထားနဲ့

"ဥပမာ ငါ့ကိုကြည့်။ ငါ မနှစ်ထဲက စတုတ္ထုတာအိုမဏ္ဍိုင်ကို ဖန်တီးပြီး ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်ကို ဝင်ရောက်လို့ရတယ်။ ဒါပေမယ့် ဆရာက ခွင့်မပြုဘူး။ သူကအမြဲပြောတယ်၊ တာအိုမဏ္ဍိုင်တွေကို ဖန်တီးတာဟာ သစ်ပင်ကိုလှေထွင်းသလိုပဲတဲ့။ လတ်စမသတ်လို့မရဘူး။ အကောင်းဆုံးလုပ်ရမှာက အလိုက်သင့်လေး စီးမြောပြီး သတိတရား လက်ကိုင်ထားဖို့ပဲ။ စတုတ္ထတာအိုမဏ္ဍိုင်ကို ဖန်တီးက တတိယမဏ္ဍိုင်ကို သန့်စင်တာလောက် အရေးမကြီးဘူး။ သူ ပြည့်စုံပြီးမြောက်တာနဲ့ စတုတ္ထတာအိုမဏ္ဍိုင်ကို သေသေချာချာဖန်တီးနိုင်တယ်

"နောက်တစ်ခု" ချန်ဖန်းက အလွန်လေးနက်သော အသံဖြင့် ပြောသည်။ "ငါတို့ ကျင့်ကြံအားထုတ်တဲ့ ကာလတစ်လျှောက် အခြားကျင့်ကြံသူတွေနဲ့ သဘောထားကွဲလွဲမှုတွေ ကြုံတွေ့ကြရမယ်။ ဒါပေမယ့် သတ်ဖြတ်ခြင်းနဲ့ပဲ အရာအားလုံးကို မင်းဖြေရှင်းလို့မရဘူး။ မင်း မှော်ပညာရပ်တွေဖြစ်ဖြစ် မှော်ပစ္စည်းတွေဖြစ်ဖြစ် ဘယ်အကြောင်းပြောနေပြောနေ၊ သူတို့အားလုံးက တာအိုကို ကာကွယ်ဖို့နည်းလမ်းတွေပဲဆိုတာ မင်းနားလည်ရမယ်။ သူတို့က အကာအကွယ်ပဲ၊ တာအိုမဟုတ်ဘူး

"တာအိုဆိုတာဘာလဲ။ ငါ့ကျင့်ကြံခြင်းအခြေခံက လုံလောက်အောင် မမြင့်မားသေးတာကြောင့် ငါ အဲ့ဒီ့အကြောင်း ပြောတောင်မပြောသင့်ဘူး။ ဒါပေမယ့် ဆရာကပြောတယ်။ သူကိုယ်တိုင် သေချာနားမလည်ပေမယ့် ဘယ်တော့မှ မမေ့သင့်တဲ့ အရာတစ်ခုရှိတယ်တဲ့။ သတ်ဖြတ်ခြင်းနဲ့ မှော်ပညာရပ်တွေအားလုံးက အကာအကွယ်အတွက် သက်သက်ပဲ

"မင်းရဲ့ တာအိုကို သတ်ဖြတ်တာနဲ့အလွှမ်းမိုးမခံနဲ့။ မင်း နှလုံးသားကို နားထောင်ပြီး မင်းရဲ့စည်းမျဥ်းတွေကို လိုက်နာဖို့လိုတယ်" ချန်ဖန်းက မန်ဟို့ကို လှမ်းကြည့်သည်။ "မင်း သိလား၊ မင်းမှာ တော်တော်လေး အားကောင်းတဲ့ အသတ်အဖြတ်အရှိန်အဝါရှိနေပုံပေါ်တယ်"

ထိုစကားများ သူ့ပါးစပ်မှ ထွက်လာချိန်မှာပင် မန်ဟို့၏စကြဝဠာအိတ်ထဲမှ အသံတစ်သံကြားလိုက်ရသည်။

"မှန်တယ်။ မှန်တယ်။ ဒီကလေးရဲ့ အသတ်အဖြတ်အရှိန်အဝါက သိပ်အားကောင်းလွန်းနေတယ်လို့ ငါပြောခဲ့သားပဲ။ မင်းမှန်တယ်။ မင်းပြောတာတွေက တကယ်ယုတ္တိရှိတယ်ကွာ။ မင်းစကားတွေက သွေးထွက်အောင် မှန်တယ်" ဗြုန်းစားကြီး ထွက်ပေါ်လာသော အသံက ချန်ဖန်းကို မှင်သက်သွားစေသည်။

မန်ဟို့မျက်နှာ မည်းမှောင်သွား၏။ သူဘာမှမပြောနိုင်ခင် စကြဝဠာအိတ်ထဲမှ ရောင်စုံအလင်းတန်းတစ်တန်းထွက်လာပြီး ကြက်တူရွေးတစ်ကောင် ပြောင်းသွားသည်။ ၄င်းက တောင်ပံများကို တဖျပ်ဖျပ်ခတ်ရင်း အခန်းကိုပတ်၍ ပျံသန်းနေသည်။

အသားဂျယ်လီကြက်တူရွေးမှာ ယခင်က လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို တရားဟောရင်း သွေးရောင်မျက်နှာဖုံးထဲ ရှိနေခဲ့ခြင်းဖြစ်သည်။ ယခုတွင် ၄င်းသည် အခန်းကို လှည့်ပတ်ပျံသန်းနေပြီးနောက် မန်ဟို့ပခုံးပေါ် နားလိုက်သည်။

"အဲ့တာ ဘာကြီးတုန်း....." ချန်ဖန်းမှာ အံ့သြမှင်သက်လျက် ပြောသည်။

"ကျွန်တော် ဒါကို ကောက်ရတာ။ ပြီးတော့ ပြန်လွှတ်ပစ်လို့မရတော့ဘူး....." မန်ဟိုက ပြန်ဖြေသည်။ သူစကားပြောမပြီးခင် အသားဂျယ်လီကြက်တူရွေးက ကြားဖြတ်ဝင်ပြောသည်။

"သားရေ၊ မင်းထက် မမှန်နိုင်တော့ဘူး" သူက ချန်ဖန်းကို စိတ်အားထက်သန်စွာ ကြည့်ရင်း ပြောသည်။ "မန်ဟို့ရဲ့ အသတ်အဖြတ်အရှိန်အဝါက သိပ်အားကောင်းလွန်းတယ်။ အဲ့တာမှားတယ်။ ကျင့်ဝတ်နဲ့မညီဘူး။ လာ လာ နည်းနည်းပါးပါးဆွေးနွေးကြရအောင်။ ငါတော့ မင်းကို သဘောကျတော့မယ် ထင်တယ်"

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ချန်ဖန်းကို ကရုဏာသက်စွာ ကြည့်လိုက်သည်။ သူ့မှာ မကြာမီအတောအတွင်း ချန်ဖန်း ရင်ဆိုင်ရတော့မည့် ညှင်းပန်းနှိပ်စက်မှုဒဏ်ကို တွေးသာကြည့်နိုင်တော့သည်။

"ဒီတော့ ခင်ဗျားက ကျုပ်ညီလေးရဲ့ စိတ်ဝိညာဥ်သတ္တဝါပေါ့" ချန်ဖန်းက မန်ဟို့ပခုံးပေါ်က ကြက်တူရွေးကို စပ်စပ်စုစုကြည့်ရင်း ပြောသည်။ "တွေ့ရတာဝမ်းသာပါတယ် ဆရာ။ ခင်ဗျားနဲ့ ဘာမဆိုဆွေးနွေးဖို့ ကျုပ် ဝမ်းမြောက်မိပါတယ်"

ချန်ဖန်းမျက်လုံးထဲက အလင်းရောင်ကို မြင်သော် မန်ဟိုမှာ တစ်ယောက်တည်း သက်ပြင်းသာ ချနိုင်တော့သည်။ အမှန်တကယ် သူ့ကို ကယ်တင်ရန် သူ မတတ်နိုင်ပေ ...... သို့သော် မန်ဟို ဘာမှမလုပ်ဘဲလည်း မနေနိုင်။

"အစ်ကိုကြီး ဒီငှက်က...."

"ညီလေး မင်းအပြောအဆိုသတိထား" ချန်ဖန်းက လေးနက်သောအသံဖြင့် ပြောသည်။ "ဒါငှက်မဟုတ်ဘူး ကြက်တူရွေး။ ပြီးတော့ စကားပြောနိုင်တယ်။ သူ့မျက်လုံးထဲက အကြည့်ကို ကြည့်စမ်း၊ ဘယ်လောက်အသိဉာဏ်ရှိနေလဲ။ ဒါက စိတ်ဝိညာဥ်တစ်ကောင်ပဲ။ မင်း သူ့ကို ကောင်းကောင်းစောင့်ရှောက်ရမယ်"

ချန်ဖန်းစကားကိုကြားသော် အသားဂျယ်လီမှာ မျက်ရည်ထွက်တော့မည့်ပုံရသည်။ ၄င်းကား နောက်ဆုံးတွင် စိတ်တူကိုယ်တူတစ်ယောက်နှင့် ဆုံတွေ့သွားဟန်တူလေသည်။

"သိပ်မှန်တာပေါ့ကွာ။ မင်းပြောတာ သိပ်ယုတ္တိရှိတယ်။ ငါ မင်းနဲ့ ဘာလို့အရင်ဆုံး မတွေ့ခဲ့ပါလိမ့်။ အီး ထားပါတော့။ အခု ငါတို့ ဘဝရဲ့အဓိပ္ပါယ်အကြောင်း ဆွေးနွေးကြစို့လား"

"ဘဝရဲ့အဓိပ္ပာယ်။ ကောင်းပြီ" ချန်ဖန်းက စိတ်လှုပ်တရှားဆိုသည်။ "ကျုပ် ဘဝရဲ့အဓိပ္ပာယ်ကို အမြဲဆွေးနွေးနေချင်ခဲ့တာ။ ဒါပေမယ့် အကြောင်းတစ်စုံတရာကြောင့် ကျုပ်ဆရာက အမြဲတံခါးပိတ်ကျင့်ကြံနေခဲ့တယ်။ ကျုပ် ဂိုဏ်းညီအစ်ကိုတွေလဲ အဲ့လိုပဲ။ အစက ကျုပ်ညီလေးနဲ့ ဒီည စကားပြောဖို့ကြံထားတာ၊ ဒါပေမယ့် ခင်ဗျားပါဝင်ချင်ရင် ရတာပေါ့ဗျာ"

"ဒါပေမယ့် ဘဝရဲ့အဓိပ္ပာယ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့က နဲနဲဝန်ကြီးတယ်။ ဥပမာ.....ငါတို့ ဘာလို့ဒီနေ့ရာသီဥတုအကြောင်း ဘာလို့မပြောသေးလဲ။ စစ်မှန်တဲ့ပညာရှိတစ်ယောက်ပဲ ရာသီဥတုအကြောင်း ဆွေးနွေးနိုင်တာနော်...."

"ဟမ် ရာသီဥတုလား။ အင်း....

"ကောင်းပြီ။ ဒီမနက် ရာသီဥတုက တော်တော်လေး သာယာတယ်လို့ ကျုပ်ထင်တယ်။ ဒါပေမယ့် ခင်ဗျားသိလား။ ကျုပ်ညီလေးဆီက လာနေတဲ့ အသတ်အဖြတ်အရှိန်အဝါတွေအကြောင်း ဆွေးနွေးတာ ပိုအကျိုးများလောက်တယ်"

"အီး ငါ တစ်ရာ ရာခိုင်နှုန်း သဘောတူတယ်။ မင်းက သိပ်မှန်တာပဲကွာ။ မင်းပြောတာ သိပ်ယုတ္တိရှိတယ်။ ရာသီဥတု ဆိုးရွားတယ်ပြောရင် မင်းရဲ့စိတ်အခြေအနေအပေါ် မကောင်းတဲ့သက်ရောက်မှုရှိမယ်။ ငါပြောတာ ငါပြောတာ မင်းသဘောမတူဘူးလား....."

"အင်း ကျုပ် ဒီလိုဟာမျိုး ပထမဆုံး ကြားဖူးတာပဲ" ချန်ဖန်းက ပြောသည်။ "ဒါပေမယ့် တကယ်တမ်း တော်တော်လေး ယုတ္တိရှိပါတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက တစ်ရက်မှာတော့ အပြင်မှာ တိမ်တွေ တကယ်ဖုံးနေတာ၊ ကျုပ် ကျင့်ကြံရတာ ကောင်းကောင်းအဆင်မပြေခဲ့ဘူး။ ကျုပ် တစ်နေ့လုံး ဂနာမငြိမ်ဖြစ်နေခဲ့တယ်။ ဟုတ်တယ် ခင်ဗျား အခုပြောတာ တော်တော်ယုတ္တိရှိတယ်"

"တော်တော် ယုတ္တိရှိတယ်လား။ ငါပြောတာ တော်တော်ယုတ္တိရှိတယ် မင်းထင်တယ်ပေါ့။ ဘုရားရေ၊ ချစ်လှစွာသော ဘုရားရေ။ ဒီဘဝ၊ အရင်ဘဝနဲ့ အရင်ဘဝရဲ့ အရင်ဘဝမှာ ဒီလိုမျိုးပြောဖူးတဲ့သူတစ်ယောက်ကိုမှ ကျုပ်မတွေ့ခဲ့ဖူးဘူး။ ငါ ပြောတာယုတ္တိရှိတယ်လို့ မင်းထင်တယ်......" အသားဂျယ်လီကြက်တူရွေးကား စိတ်လှုပ်ရှားမှုများဖြင့် တုန်ရီနေတော့သည်။ သူက မန်ဟို့ပခုံးပေါ်မှ ပျံထွက်ပြီး ချန်ဖန်းအရှေ့တွင် ဆင်းသက်လိုက်သည်။

သူတို့၏စကားများ မန်ဟို့နားထဲတွင် ဆူညံပွက်လောရိုက်လာရာ သူ့ကို ကြောင်တောင်တောင်သာ ငေးကြည့်နေမိစေတော့သည်။ ချန်ဖန်းနှင့် ကြက်တူရွေးတို့နှစ်ယောက်လုံး၏မျက်လုံးများကား တောက်ပစွာ လင်းလက်လာ၏။ သူတို့နှစ်ယောက်လုံး သူတို့၏စိတ်တူကိုယ်တူရောင်ရင်းများအား တွေ့ဆုံသွားကြပြီး သူတို့စကားပြောနေကြစဥ် တဖြေးဖြေး ငြင်းခုံပွဲကြီးစတင်ခဲ့ပြီဖြစ်ကြောင်း သိသာလာတော့သည်။

မန်ဟိုမှာ ရုတ်တရက် တဆတ်ဆတ်တုန်သွားပြီး နောက်ဆုတ်လိုက်သည်။

သူသည် ဝေးနိုင်သမျှ ဝေးဝေးဆုတ်သွားပြီး အဆောက်အဦး၏ ထောင့်တစ်နေရာတွင် တရားထိုင်ရန် တင်ပျဥ်ခွေလိုက်သည်။ သူ့မှာ ဆက်နားထောင်နေပါက စိတ်ပျက်သည်ထက် ပိုသွားမည်စိုးလေသည်။ ငှက်တစ်ကောင်တည်းနှင့်ပင် နားငြီးနေပြီဖြစ်သော်လည်း ယခုတော့.......

မန်ဟို ချန်ဖန်းနှင့် အသားဂျယ်လီကြက်တူရွေးကို ကြည့်လိုက်စဥ် အတွေးတစ်ခု သူ့ခေါင်းထဲ ဖြတ်ပြေးသွား၏။

"ရေငတ်တုန်း ရေတွင်းထဲကျတာပဲ...."

အချိန်များကုန်လွန်သွားပြီး မန်ဟိုသည် သူတို့၏စကားသံများအား လျစ်လျူရှုရန် အတတ်နိုင်ဆုံးကြိုးစားနေ၏။ နှစ်နာရီကြာသည့်နောက်ဆုံး သူမျက်လုံးများ ဖွင့်လိုက်သည်။ သူတို့၏ဆွေးနွေးမှု အဆုံးသတ်ခါနီးပြီဟု သူထင်လိုက်သော်လည်း သူချောင်းကြည့်လိုက်သောအခါ သူတို့မှာ အားပါးတရဆွေးနွေးနေကြဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ဟုတ်တယ်မလား။ ငါပြောစမ်းပါ။ ငါမှန်လား မှားလား....."

"သိပ်မှန်တာပေါ့ဗျာ။ တကယ် မနှစ်တုန်း တစ်ရက်မှာ..... "

"အဟုတ်ပဲ၊ ငါ စောစောက ပြောတာ အဲ့တာပဲ။ အို ဟုတ်သားပဲ။ ငါတို့ ဘဝရဲ့အဓိပ္ပာယ်အကြောင်းမပြောတော့ဘူးလား။ ဒီလိုဆို ဘယ်လိုလဲ။ ငါတို့ ဒီနေ့မနက်ရာသီဥတုအကြောင်း ပြောပြီးရင် မွန်းတည့်နေရောင်ခြည် အကြောင်း ပြောနိုင်တယ်....."

"သိပ်ကောင်းတဲ့အကြံပဲ။ ဘဝရဲ့အဓိပ္ပာယ်ကို နောက်ဆုံးမှ ပြောဖို့ထားကြရအောင်။ အကောင်းဆုံးက နေဝင်ရီတရော အချိန်ထိစောင့်ဖို့ပဲ။ ဘဝအကြောင်းဆွေးနွေးဖို့ အကောင်းဆုံးအချိန်က ပုစွန်ဆီရောင် ဝင်ခါနီးနေရောင်အောက်မှာပဲ......"

အသံသည် မန်ဟို နားထဲတွင် တဝီးဝီးမြည်သွား၏။ သူ့မှာ ချန်ဖန်း၏ စိတ်လှုပ်ရှားနေသောမျက်နှာနှင့် ထပ်တူစိတ်အားတက်ကြွနေသော အသားဂျယ်လီကြက်တူရွေးကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။ လူတစ်ယောက်၊ ငှက်တစ်ကောင်၊ မျှော်လင့်ချက်များဖြင့် တောက်ပနေသောမျက်လုံးများ..... ၄င်းက မန်ဟို့ကို တုန်ရီသွားပြီး သူ့မှာစကားဝိုင်းထဲ ဆွဲထည့်ခံရမည်စိုး၍ မျက်လုံးများပိတ်ကာတရားထိုင်လိုက်သည်။

အချိန်များ တရွေ့ရွေ့ကုန်လွန်သွားသည်......

***

All Chapters