မင်းထက်အမြဲသာတဲ့ ငှက်တစ်ကောင်ရှိတယ်
Vol. 13 Ch. 182
မိုးသောက်ချိန်..... မန်ဟို မျက်လုံးများ ဖွင့်ပြီး ကမန်းကတန်း ပြန်ပိတ်လိုက်သည်။
"ဘယ်လောက်ကောင်းလိုက်တဲ့ မိတ်ဆွေလဲ။ အရင်ဘဝတွေမှာ ငါ့ကိုယ်ငါပဲ စကားပြောနေခဲ့ရတယ်။ ကိုယ့်ကိုယ်ကို စကားပြောရတာ ဘယ်လောက်ပျင်းစရာကောင်းလဲ ငါတစ်ခါမှ သဘောမပေါက်ခဲ့ဖူးဘူး......ပြီးတော့ လူတွေ ငါ့ကိုဘာကြောင့် သိပ်မုန်းကြတာလဲ မတွေးတတ်ဘူး။ သူတို့က ငါ့ကို အန္တိမဒုက္ခလို့တောင် ခေါ်ကြတယ်ကွာ......"
"အေးဗျာ။ ကျုပ်လဲ ယီးကျန့်ဂိုဏ်းမှာ နေနေတဲ့တစ်ချိန်လုံး ဒီလိုမျိုး စကားလက်ဆုံမကျခဲ့ဖူးဘူး"
"လာ လာ အခု ငါတို့ မွန်းတည့်နေရောင်ခြည်အကြောင်း ပြောပြီးသွားပြီဆိုတော့ နေ့လည်ခင်းအကြောင်း နည်းနည်းပါးပါး ပြောကြရအောင်....."
နောက်တစ်နေ့မနက်..... နေရောင်ခြည်တို့ အိမ်ထဲဖြာကျလာသည်။ မန်ဟိုက မျက်လုံးများဖွင့်ပြီး ချန်ဖန်းနှင့် အသားဂျယ်လီကို တွေတွေကြီးစိုက်ကြည့်နေ၏။ သူ့မှာ သက်ပြင်းချပြီး တရားဆက်ထိုင်လိုက်သည်။
"ငါမင်းကို ပြောရမယ်။ ငါနေ့လည်ခင်းတွေကို စိတ်ကုန်တယ်သိလား။ တစ်နှစ်တုန်းက နေ့လည်ခင်းတစ်ခုမှာတော့ ငါ....."
"ခင်ဗျားမှန်တယ်။ ကျုပ်လဲအတူတူပဲ။ ဒါပေမယ့် ကျုပ် အဲ့ဒီအချိန်ဆိုရင် အံပဲကြိတ်နေနိုင်တယ်......"
အချိန်များ ထပ်မံကုန်ဆုံးသွားပြီး မကြာခင် နေ့လည်ရောက်လာသည်။ မန်ဟိုက မျက်လုံးများ ဖွင့်ဖွင့်ကြည့်သော်လည်း သူ့မှာ ခါးသက်သက်ရယ်ပြီး ပြန်ပိတ်လိုက်ရုံသာတတ်နိုင်သည်။
ချန်ဖန်းနှင့် အသားဂျယ်လီမှာ တစ်ညလုံး မိုးစင်စင်လင်းသည်အထိ စကားပြောနေခဲ့သည်။ လူတစ်ယောက်၊ ငှက်တစ်ကောင်၊ မမောနိုင်မပန်းနိုင်။ စိတ်အားတက်ကြွနေပုံပေါ်သည်။
မန်ဟို့အနေဖြင့် အစ်ကိုကြီးချန်ကို မလေးစားမိဘဲ မနေတော့ပေ။ သူကား အသားဂျယ်လီအတွက် အလိုက်ဖက်ဆုံးအတွဲဖြစ်ပုံရသည်။
မန်ဟို တိတ်ဆိတ်စွာ ထိုင်နေသည်။ သူထရပ်ချင်ပါသော်လည်း ချန်ဖန်းနှင့် အသားဂျယ်လီ သူ့ကို သူတို့၏စကားဝိုင်းထဲခေါ်သွင်းမှာ စိုးလေသည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး မျက်လုံးများ ပိတ်ကာ သူတို့စကားသံများအား မကြားချင်ယောင်ဆောင်ထားလိုက်သည်။
နောက်ဆုံး၌ နေမင်းသူရိန်သည် တောင်စွယ်တွင် မေးတင်နေချေပြီ......
"ငါ နေဝင်ဆည်းဆာကို အကြိုက်ဆုံးပဲ။ ငါ မိုးကုပ်စက်ဝန်းမှာ တိမ်မြှုပ်သွားနေတဲ့ နေလုံးကြီးကို ကြည့်တိုင်း ငါ အသားဂျယ်လီပေါက်စလေးတုန်းက ...... "
"နေဝင်ဆည်းဆာဟာ တိုင်းတာလို့မရလောက်အောင် အံသြစရာကောင်းတယ်။ ခင်ဗျားသိလား။ ကျင့်ကြံအားထုတ်ရတာ ဘယ်လောက်ခက်ခဲပင်ပန်းလဲဆိုတာ ခင်ဗျား တကယ်မသိပါဘူး။ အိုး အခုမှ သတိရတယ်။ နှစ်ပေါင်းများစွာတစ်လျှောက် ကျုပ် နေဝင်ဆည်းဆာနဲ့ပတ်သက်တဲ့ ဇာတ်လမ်းအမျိုးမျိုးစုဆောင်းထားတယ်။ ကျုပ် ခင်ဗျား အကုန်လုံးပြောချင််တယ်ဗျာ။ လာ လာ ပထမဆုံးတစ်ပုဒ်နဲ့ စမယ်...."
နေမင်းသည် တောင်စွယ်တွင် ငုပ်လျှိုးသွားပြီး ညနေခင်းကုန်လွန်သွားပြီ။ မကြာမီ ညသို့ နောက်တစ်ဖန်ရောက်ရှိလာပြန်သည်။ လူတစ်ယောက်၊ ငှက်တစ်ကောင် တစ်နေ့နှင့်တစ်ည မရပ်မနား စကားပြောနေကြသည်။ သူတို့မှာ နည်းနည်းလေးပင် ပင်ပန်းပုံမရပေ။ သန်းခေါင်ယံရောက်သည့်အခါတွင်တော့ နောက်ဆုံး ချန်ဖန်း ဆက်မပြောနိုင်တော့ပုံပေါ်လာသည်။
"ဟို ကျုပ်တို့ ဘာလို့နည်းနည်းလောက် မနားသေးလဲ"
"လုံးဝပဲ။ ငါ့မှာ ဒီလောက်ချစ်စရာကောင်းတဲ့စကားဝိုင်းလေးရဖို့ အခွင့်အရေးသိပ်မရှိဘူး။ ငါတို့ အခုထိ ဘဝရဲ့အဓိပ္ပါယ်အကြောင်းမပြောရသေးဘူးလေ။ အာ ဘဝရဲ့အဓိပ္ပါယ်။ ဘယ်လောက်လှလိုက်တဲ့ ပန်းလေးတစ်ပွင့်လဲ။ အိုး ဟုတ်သားပဲ။ ငါမေ့တော့မလို့။ ငါတို့ ဘဝရဲ့အဓိပ္ပါယ်အကြောင်းမပြောခင် လရောင်အကြောင်း ပြောဖို့လိုတယ်...."
"အာ.....ကောင်းပြီ။ တကယ်တော့ ကျုပ်မှာ လရောင်နဲ့ပတ်သက်ပြီး ပုံပြင်သုံးထောင်ရှိတယ်...."
"အီး ငါ့မှာလဲရှိတယ်။ တိတိကျကျပြောရင် တစ်သောင်းကွ။ မင်းအရင်ပြော၊ ပြီးရင် ငါ....."
မန်ဟို့မှာ မူးမိုက်လဲတော့မတတ်ပင်။ သူ့မျက်လုံးများ နီရဲနေပြီး သူ့မှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ဖိအားပေးကာ တရားပြန်ထိုင်လိုက်သည်။
ညသည် တဖြေးဖြေးကုန်လွန်သွား၏။ အပြင်ဘက်တွင် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ သို့သော် အခန်းထဲတွင်တော့ လူတစ်ယောက်နှင့် ငှက်တစ်ကောင်၊ စကားဝိုင်း၏အထွတ်အထိပ်သို့ ရောက်နေကြလေပြီ။ ဝေလီဝေလင်းအလင်းရောင်တို့ နောက်တစ်ဖန် အိမ်ထဲ ဖြာကျလာပြန်သည်။ ချန်ဖန်းမျက်နှာမှာ လူမမာရုပ်ပေါက်နေပြီး သူ၏မျက်လုံးများ နီရဲနေချေပြီ။
"နည်းနည်းလောက် နားကြရအောင်....ကျုပ်....ကျုပ်မှာ ဒီနေ့လုပ်စရာတွေရှိတယ်...."
"လုံးဝပဲ။ ငါအခုထက်ထိမပြီးသေးဘူး။ ငါတို့ ဘဝရဲ့အဓိပ္ပါယ်အကြောင်းမပြောရသေးဘူးလေ။ အခု ငါ့ရဲ့လရောင်နဲ့ပတ်သက်တဲ့ပုံပြင်တစ်သောင်းပြီးပြီဆိုတော့ ငါတို့ဆက်ဆွေးနွေးလို့ရပြီ"
မနက်ခင်းကုန်ဆုံးသွားပြီး မကြာခင် မွန်းတည့်ချိန်ရောက်လာကာ တစ်ဖန်နောက်ထပ်နေဝင်သွားပြန်သည်။ ချန်ဖန်းမှာ ကြက်တူရွေးနှင့် ၄င်း၏အတောမသတ်နိုင်သောစကားလုံးများကို ကြည့်ရင်း ငြီးငွေ့နေတော့သည်။ လေးစားသောအရိပ်အယောင်တစ်ခု သူ၏မျက်လုံးများထဲတွင် တဖြေးဖြေးပေါ်ပေါက်လာသည်။
"အခု ငါတို့ ကောင်းကောင်းမွန်မွန် စကားအစပျိုးပြီးပြီဆိုတော့ နောက်ဆုံး ဘဝရဲ့အဓိပ္ပါယ်ကို ဆွေးနွေးနိုင်ပြီ။ အီး.......အပြင်မှာ မှောင်နေပြီပဲ။ ငါအခုပဲ သဘောပေါက်မိတယ်၊ ငါတို့ နေဝင်ဆည်းဆာအကြောင်းပြောတုန်းက မင်းကိုပြောပြဖို့ ပုံပြင်သုံးသောင်းမေ့ကျန်ခဲ့တယ်။ မဖြစ်သေးဘူး။ ငါ ဒီလိုအခွင့်အရေးများ ခဏခဏရတာမဟုတ်ဘူး။ မင်းကို အဲ့ဒီပုံပြင်တွေ ပြောပြမှဖြစ်မယ်....." အသားဂျယ်လီက လည်ချောင်းရှင်းပြီး နောက်တစ်ဖန် စကားစပြောတော့သည်။
နာရီအနည်းငယ်ကုန်လွန်သွားပြီးနောက်ဆုံး ချန်ဖန်း၏ စိတ်ရှည်လေရှည်မှုကား ကုန်ခမ်းသွားတော့သည်။ "ကျုပ်..... ကျုပ်မှာ တကယ် လုပ်စရာတွေ ရှိလို့ပါ...." ချန်ဖန်း ရုတ်တရက် ထရပ်သည်။
သူ၏ခန္ဓာကိုယ်သည် ရှေ့နောက်ယိမ်းထိုးနေပြီးနောက် သူက ဖြူဆုပ်နေသောမျက်နှာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ မန်ဟိုက မျက်လုံးများဖွင့်ပြီး ချန်ဖန်းကို တလေးတစားကြည့်သည်။ သူသည် ယခုလေးတင် နှစ်ရက်နှင့်နှစ်ည မနားတမ်းစကားပြောခဲ့ပြီးသည် မဟုတ်ပါလော.....
"ညီလေး၊ ငါ့မှာ တကယ်လုပ်စရာတွေရှိလို့ သွားတော့မယ်။ အမ်....ရက်ပိုင်းလောက်ကြာရင် ငါ ပြန်လာခဲ့မယ်ဟုတ်ပြီလား....." သူ့မျက်နှာမှာ ဖြူဆုပ်နေပြီး သူသည် မူးဝေနေပုံရ၏။ ယခုတွင် သူ့မှာ အသားဂျယ်လီကို မလေးစားတော့ဘဲ ထိတ်လန့်ကြောက်ရွံ့နေတော့သည်။
သူသည် သူ့ကိုယ်သူ စကားပြောနိုင်သူတစ်ယောက်အဖြစ် အမြဲတွေးထင်ခဲ့သော်လည်း ယခုတွင်တော့ သူမှားခဲ့ကြောင်း သိလိုက်လေပြီ။ သူ့ထက်ပင် သာနိုင်သော ငှက်တစ်ကောင်ရှိသေး၏။ ချန်ဖန်းသည် မန်ဟို့ပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ တံခါးဖွင့်ပြီး ပျံထွက်သွားတော့သည်။
"အစ်ကိုကြီး" မန်ဟိုက လှမ်းအော်သည်။ "အစ်ကိုကြီးနဲ့ ဒီစကားပြောတဲ့ စိတ်ဝိညာဥ်ကြက်တူရွေးနဲ့ လိုက်ဖက်တယ်လို့ ကျွန်တော်ထင်တယ်။ သူ့ကိုပါတစ်ခါတည်းခေါ်သွားပါလား....."
ချန်ဖန်း ရုတ်တရက် မိုက်ခနဲဖြစ်သွားပြီး မျက်နှာရှုံ့မဲ့သွားသည်။ သူက တစ်ချက်လေးပင်တုံ့ဆိုင်းမနေဘဲ အလင်းတန်းအသွင်ပြောင်းကာ အဝေးသို့် ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
"ဘယ်လောက်ကောင်းတဲ့ရောင်ရင်းလဲ" အသားဂျယ်လီက စိတ်ထိခိုက်စွာ သက်ပြင်းချရင်း ပြောသည်။ "ငါ မင်းရဲ့ အဲ့ဒီအစ်ကိုကြီးချန်ကို တကယ်သဘောကျတယ်။ ငါနဲ့ဒီလောက်ကြာကြာစကားပြောနိုင်တဲ့ လူမျိုး မတွေ့ဖူးဘူး။ အီး။ ငါတို့ ဘဝရဲ့အဓိပ္ပါယ်အကြောင်း တစ်ခါမှ မဆွေးနွေးခဲ့ရဘူးပဲ"
မန်ဟို့မှာ ရုတ်တရက် ခေါင်းကြိမ်းလာတော့သည်။ အစ်ကိုကြီးချန်ကို ဤသို့ဖြစ်အောင်လုပ်နိုင်ခြင်းက ဤအသားဂျယ်လီမည်မျှ အစွမ်းထက်ကြောင်း သက်သေပြနေလေသည်။ ထိုကဲ့သို့အစွမ်းမျိုးကား ကမ္ဘာပေါ်တွင် တွေ့ခဲလှသည်။
"ငါအပြီးမသတ်နိုင်လိုက်တာ ဆိုးတာပဲ" အသားဂျယ်လီက အားမလိုအားမရပြောသည်။ "ငါ အခုလေးတင်မှ စိတ်လှုပ်ရှားလာတာလေ အခုတော့ အားလုံးပြီးဆုံးသွားပြီတဲ့လား" ၄င်းက ဗျစ်တောက်ဗျစ်တောက်ပြောရင်း မန်ဟို့ပခုံးပေါ် ပျံတက်လာသည်။ "မင်း ငါနဲ့ဘာလို့စကားမပြောသေးလဲ။ ငါနည်းနည်းပျင်းတယ်ကွာ......"
မန်ဟို၏မျက်နှာ ဖြူဆုပ်သွားပြီး သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ သူ့မှာ အားတင်းပြုံးလိုက်ပြီး အကြံထွက်အောင် ကြိုးစားနေသဖြင့် ခေါင်းချာချာလည်သွားတော့သည်။
"ခင်ဗျား တစ်ယောက်ကို မေ့နေတယ်ထင်တယ်" သူက ပြောသည်။
"ဘယ်သူလဲ ၊ ဘယ်သူလဲ၊ ဘယ်သူလဲ။ ငါ ဘယ်သူ့ကို မေ့နေတာလဲ။ ငါ ဘယ်လိုလုပ်မေ့နေနိုင်တာလဲ" စကားပြောရန် အခွင့်အရေးလေးပေးလိုက်ရုံနှင့် အသားဂျယ်လီကား သေချာပေါက် မလွှတ်တမ်းအသုံးချတော့မည်ဖြစ်သည်။
"ခင်ဗျား မျက်နှာဖုံးထဲက အဘိုးကြီးကို မေ့နေတယ်။ ခင်ဗျား သူ့ကို အကျင့်ပျက်လမ်းစဥ်ကနေ ပြန်မပြောင်းလဲရသေးဘူး"
"အီး ဟုတ်သားပဲ။ တကယ်တော့ အဲ့အဘိုးကြီးက သိပ်မဆိုးရှာပါဘူး။ ဒါပေမယ့် မင်းမှန်တယ်။ ငါသူနဲ့စကားသွားပြောဖို့လိုတယ်" မျှော်လင့်ချက်များဖြင့် မျက်နှာဝင်းပနေရင်း အသားဂျယ်လီကြက်တူရွေးသည် ဖျတ်ခနဲ မန်ဟို၏စကြဝဠာအိတ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
အသားဂျယ်လီ မျက်နှာဖုံးထဲ ဝင်သွားသောအခါ လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ ဝမ်းနည်းဖွယ်ရာ အော်သံကို မန်ဟိုကြားသည်ဆိုရုံလေး ကြားလိုက်ရ၏။ ထိုလူ့ထံမှ ဤကဲ့သို့ အော်သံမျိုးကို တစ်ခါမှ မကြာခဲ့ရဖူးပေ။
မန်ဟို သက်ပြင်းအရှည်ကြီးချလိုက်ပြီး ခါးသက်သက်ရယ်ရင်း မြေကြီးပေါ်ထိုင်ချလိုက်သည်။ သူသည် အပြင်ဘက်ရှိ လရောင်ကို လှမ်းကြည့်ပြီး လာမည့်နေ့ရက်များတွင် သူ့ဘဝမည်သို့ဖြစ်မည်လဲ တွေးရင်း သက်ပြင်းချလိုက်ပြန်သည်။ အသားဂျယ်လီနှင့်အတူ နေရမည့်အတွေးက သူ့ကို အဆက်မပြတ်ခြောက်လှန့်နေချေသည်။
"သူ့ကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခုတော့ ရှိရမယ်။ သောက်ကျိုးနည်း အသားဂျယ်လီ....." မန်ဟို အံတင်းတင်းကြိတ်လိုက်ပြီး သူ၏မျက်လုံးများ တောက်ပလင်းလက်သွသည်။ "သူ့ရဲ့ရန်သူဟောင်းကြီး.... ကြေးမုံ......ကြက်တူရွေး....." အမြုတေဖြစ်တည်မှုအဆင့်ရောက်ရန် တွေးလိုက်သည်နှင့် သူ၏မျက်လုံးများ ပို၍တောက်ပလာသည်။ သူ၏မျှော်လင့်ချက်သည် အမြင့်တစ်ခုအထိ ထိုးတက်သွား၏။
သုံးရက်ဆိုသော အတိုင်းအတာသည် လျှပ်တပြက်ကုန်ဆုံးသွားပြီး ထိုအတောအတွင်း ချန်ဖန်းတစ်ခါမှ ပြန်မလာခဲ့ပေ။ သိသာစွာပင် သူ့မှာ မန်ဟို၏အသားဂျယ်လီကို အလွန်ကြောက်လန့်နေသဖြင့် ပြန်မလာရဲခြင်းဖြစ်သည်။ သူပြန်လာလျှင် အသားဂျယ်လီက နောက်ထပ်စကားပြောရန် ဆွဲခေါ်ပေလိမ့်မည်။
လေးရက်မြောက်နေ့တွင် သူသည် သတိကြီးကြီးထား၍ ပြန်ရောက်လာသည်။ သူက တံခါးကိုဖွင့်ပြီး ချက်ချင်း နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ မန်ဟို့ပခုံးပေါ်တွင် ကြက်တူရွေးမရှိကြောင်း တွေ့သည်အခါမှ သူက အခန်းကိုဝေ့ကြည့်ပြီး သက်ပြင်းချလိုက်သည်။
မန်ဟိုမှာ ခပ်ယဲ့ယဲ့သာ ပြုံးပြနိုင်သည်။ သူ တခြားဘာပြောနိုင်မည်နည်း။
ချန်ဖန်းက အခန်းအပြင်ဘက်တွင် ရင်တုန်ပန်းတုန်ရပ်နေသည်။ "ဟို....ညီလေး.... သူ..... သူသွားပြီလား" သူ့မှာ အလွန်စိုးရိမ်နေပုံရသည်။
"သွားပြီ အစ်ကိုကြီး...." မန်ဟိုက ထရပ်ပြီး လမ်းလျှောက်ထွက်လာကာ ပြောသည်။
ချန်ဖန်းမှာ သက်ပြင်းရှည်ကြီးချပြီး မန်ဟို့ကို အားတင်းပြုံးထားသောအပြုံးဖြင့်ကြည့်သည်။
"ညီလေး၊ မင့်ကြက်တူရွေးက..... ဝိုး ဘယ်လိုငှက်ကွာ။ ကဲပါ အဲ့အကြောင်းပြောဖို့မလိုတော့ဘူး။ စုန့်မျိုးနွယ်စုရဲ့ စားသောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တယ်။ ငါ အားလုံးစီစဥ်ပြီးပြီ။ အချိန်ကျရင် ငါတို့အဲ့ဒီကို တိုက်ရိုက် နေရာရွှေ့ပြောင်းနိုင်တယ်။ ဒီနေ့ ငါမင်းကို ယီးကျန့်ဂိုဏ်းတစ်ဝိုက် လိုက်ပြမယ်။ ငါတို့စုန့်မျိုးနွယ်စုက ပြန်ရောက်ရင် ဒါကမင်းဂိုဏ်းဖြစ်မှာဆိုတော့ မင်းသိထားသင့်တယ်မဟုတ်လား" သူက မန်ဟို့၏အင်္ကျီလက်စကို ဆွဲပြီး ခြံအပြင်ခေါ်သွားသည်။
မန်ဟို၏အမူအရာမှာ ယခင်အတိုင်းသာဖြစ်သော်လည်း သူ့စိတ်ထဲတွင် တောင်ပိုင်းဒေသ၏မြေပုံ ပေါ်ပေါ်လာသည်။ စုန့်မျိုးနွယ်စုသည် ဇီယွင်ဂိုဏ်းနှင့် အတော်လေးနီး၏။ ယီးကျန့်ဂိုဏ်းအတွက်မူ မန်ဟိုသည် အရင်နေ့များအတောအတွင်း ထပ်တလဲလဲစဥ်းစားခဲ့ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်နိုင်သည်။ သူက ယီးကျန့်ဂိုဏ်းထဲဝင်ရန် ချန်ဖန်း၏ကမ်းလှမ်းမှုကို အခွင့်ကောင်းမယူရန် စိတ်ပိုင်းဖြတ်လိုက်၏။
သူသည် သူ့ကိုယ်သူရုပ်ဖျက်၍ ဇီယွင်ဂိုဏ်းထဲဝင်ရောက်ရန် နည်းလမ်းတစ်ခုခု ရှာချင်သေးသည်။ အရှေ့အရပ်မှ ခရမ်းရောင်ချီနှင့်အတူ ဆေးဖော်စပ်ခြင်းပညာရပ်ကို သင်ယူလေ့လာမည်။ ထို့ပြင် မဟာအကြီးအကဲဆေးလုံးမိစ္ဆာ သူ့အဆိပ်ကို ဖြေပေးအောင် နည်းလမ်းလည်း ရှာရဦးမည်။
ယီးကျန့်ဂိုဏ်းမှာမူ ချန်ဖန်း၏ဆရာက သူ့အဆိပ်ပြေအောင် ကူညီပေးနိုင်မည်ဟု မန်ဟိုမယုံပေ။ သူသည် အနုသုခုမရုပ်ခန္ဓာအဆင့်မဟုတ်ဘဲ၊ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်မှ တစ်စုံတစ်ယောက်အကူအညီလိုအပ်ခြင်း ဖြစ်သည်။
မန်ဟို ဤအခြင်းအရာနှင့်ပတ်သက်၍ သေချာသည်။ သို့သော် ချန်ဖန်းမှာ အလွန်နွေးထွေးပျူငှာသဖြင့် သူ့ကိုတိုက်ရိုက်ပြောရန်က မသင့်တော်ကြောင်း ခံစားနေရသည်။ စုန့်မျိုးနွယ်စုကိုတော့ မန်ဟို အလွန်သွားကြည့်ချင်သော်လည်း ချင်းလော်ဂိုဏ်းနှင့်ပတ်သက်၍ စိုးရိမ်မှုများကြောင့် တွေဝေနေဆဲဖြစ်သည်။
"ဟန်ပေ့နဲ့ အဆက်အသွယ်ရဖို့ နည်းလမ်းရှာရမယ်...." သူကတွေးသည်။ "သူကတော့ ချင်းလော်ဂိုဏ်းမှာ ဘာတွေဘယ်လိုဖြစ်သွားလဲ ပြောပြနိုင်မှာပဲ" သူသည် သိုလှောင်အိတ်ကို ပွတ်လိုက်ပြီး အေးစက်သောအပြုံးတစ်ခု သူ့နှုတ်ခမ်းများတွင် တွန့်ချိုးသွားသည်။ အထဲတွင် ဟန်ပေ့ မလှုပ်ရှားနိုင်အောင် အသုံးပြုနိုင်သည့် ကျောက်စိမ်းအပိုင်းအစတစ်ခု ရှိလေသည်။
သူသည် ချန်ဖန်းနောက်မှလိုက်ရင်း ယီးကျန့်ဂိုဏ်းကို လှည့်လည်ကြည့်ရှူနေသည်။ အဆောက်အဦးများက ကွေ့ကောက်နေသော လမ်းကြောင်းများတွင် စီတန်းလျက်ရှိပြီး စမ်းချောင်းများက ဟိုဟိုသည်သည် စီးဆင်းနေသည်။ တစ်နေရာလုံးမှာ ခန့်ညားထည်ဝါပြီး လှပတင့်တယ်လျက်ရှိသည်။
သူတို့နှစ်ယောက် စကားတပြောပြောနှင့် လမ်းလျှောက်နေရင်း မကြာမီ နေမွန်းတည့်ချိန်ရောက်လာသည်။ နောက်ဆုံး၌ တက်ကြွနေကြသော ယီးကျန့်ဂိုဏ်းသားရာပေါင်းများစွာဖြင့် ပြည့်နှက်နေသော စက်ဝိုင်းသဏ္ဍာန်ကွင်းပြင်တစ်ခုထံ သူတို့ရောက်သွားကြသည်။
"ဒါက ယီးကျန့်ဂိုဏ်းသားတွေ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နိုင်တဲ့" ချန်ဖန်းက ရှင်းပြသည်။ " တိုက်ခိုက်ရေးကွင်းပဲ။ ဒဏ်ရာရအောင်လုပ်နိုင်တယ်။ ဒါပေမယ့် သတ်လို့မရဘူး။ စည်းကမ်းဖောက်ဖျက်တဲ့ဘယ်သူမဆိုအတွက် တင်းကြပ်တဲ့အပြစ်ဒဏ်တွေ ချမှတ်ထားတယ်"
မန်ဟိုက ၄င်းကိုကြည့်ပြီး စကားပြောရန် ပြင်လိုက်ချိန် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ အေးစက်သော အသံတစ်သံ ရုတ်ခြည်းထွက်ပေါ်လာသည်။
"ဧည့်သည်တွေလဲ ငါတို့ဂိုဏ်းသားတွေနဲ့ ပညာချင်းဖလှယ်ဖို့ တိုက်ခိုက်ရေးကွင်းမှာ တိုက်ခိုက်နိုင်တယ်။ ငါ လီ ကွင်းထဲဝင်မယ်။ ဒီအပြင်ဧည့်သည်ကို တိုက်ရဲရင် ငါနဲ့တိုက်ခိုက်ဖို့....ဖိတ်ခေါ်ချင်ပါတယ်" ၄င်းကား လီအမည်ရှိ သက်လတ်ပိုင်းအမျိုးသားကလွဲ၍ တခြားမဟုတ်ပေ။ သူ မန်ဟို့ကို ခနဲ့တဲ့တဲ့ကြည်ရင်း လူအုပ်ထဲမှ ထွက်လာစဥ် သူတောင်ကောင်းယောင်ဆောင်ထားသော အပြုံးတစ်ခုက သူ့မျက်နှာကို ဖုံးလွှမ်းလျက်ရှိသည်။
"မင်း မင်းအစ်ကိုကြီးနောက်မှာ ထပ်ပုန်းနေဦးမှာလား။ တိုက်ကွက်လေးတစ်ကွက်တောင် မလုပ်နိုင်ဘူးလား ဆန်ကုန်မြေလေးအရှုံးသမား။ မင်းမတိုက်ရဲရင် နောင်ငါ့ကို ထပ်မျက်နှာချင်းမဆိုင်ရဖို့ ဆုတောင်းတာကောင်းမယ်"
လူတိုင်း၏မျက်လုံးများသည် မန်ဟိုနှင့်ချန်ဖန်းအပေါ် ကျရောက်လာ၏။
***