အဲ့ဒီရှက်ကိုးရှက်ကန်း မျက်နှာကို မမြင်ရတာ ဘယ်လောက်ကြာပြီလဲ
Vol. 13 Ch. 183
မန်ဟို၏ အမူအရာမှာ ပုံမှန်အတိုင်းသာဖြစ်သည်။ သူက နည်းနည်းလေးပင် လှုပ်ရှားသွားခြင်းမရှိ။ သူသည် သရော်ပြုံးပြုံးနေသော လီနှင့် သူ့ဘေးတွင် ခက်ထန်သောမျက်နှာထားဖြင့် ရပ်နေသော ကျိုးရှန်ယွဲ့ကို တည်ငြိမ်စွာ ကြည့်သည်။
ချန်ဖန်း ဒေါသထွက်သွားသည်။ အစ်ကိုလီနှင့် ကျိုးရှန်ယွဲ့မှာ သင့်မြတ်ပြီး သူတို့တစ်ယောက်မှ သူ့ကို သိပ်သဘောမကျကြောင်း သူသိသည်။ သူ၏ ပျံသန်းဓားမြှောင်ကြောင့်သာ သူတို့ ဘာမှသိပ်မလုပ်ကြခြင်းဖြစ်သည်။
သို့သော် မန်ဟို့ကိုသူ့ဘေးတွင်ထားခြင်းက ဤယုတ်မာသောအတွဲနှင့် မရေမတွက်နိုင်သောပြဿနာများ ဖြစ်ပွားစေခဲ့သည်။
"ခင်ဗျား တိုက်ခိုက်ချင်ရင် ကျုပ်နဲ့ နှစ်ယောက်တစ်ယောက်ဆို ဘယ်လိုလဲ"
"တစ်ဂိုဏ်းတည်းသားတွေဆိုတော့ ငါတို့မှာ တစ်ယောက်နဲ့တစ်ယောက် သင်ယူစရာမသိဘူး" လီက ရယ်သည်။ " ဒီအပြင်လူနဲ့ ငါတစ်ကွက်နှစ်ကွက်လောက် လှုပ်ရှားနိုင်မလား ကြည့်ချင်တယ်။ ညီလေးချန်၊ မင်းဒီလို ဖလှယ်ချင်တာကိုတော့ တကယ် မတားဘူးမလား"
ချန်ဖန်းက အေးစက်စက်နှာမှုတ်ပြီး ထွက်သွားရန် မန်ဟို့ကို လှမ်းဆွဲသည်။ မန်ဟိုက ပြုံးသည်။ ဤအခြေအနေတစ်ရပ်လုံးက သူ့အတွက် အတော်လေးရယ်စရာကောင်းလေသည်။ သို့သော် ချန်ဖန်းမှာ မန်ဟို့ကို ဘေးကင်းစေချင်ပုံရသဖြင့် သူသည် သူ့စေတနာကို မငြင်းဆန်ပေ။ ချန်ဖန်းနှင့်အတူ လိုက်ပါရန်ပြင်လိုက်ချိန် ကျိုးရှန်ယွဲ့၏အသံကြီး ဟိန်းထွက်လာသည်။
"မင်းကြောက်တယ်ဆိုလဲ ငါတို့နားလည်ပါတယ်" ဝန်းရံနေကြသော ယီးကျန့်ဂိုဏ်းသားများအားလုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ "ဒီလိုဆိုဘယ်လိုလဲ။ အစ်ကိုလီ သူ့ရဲ့စွမ်းအားကို ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်အထိ လျှော့ချပေးရင်ကော။ ဒါဆိုရင်တော့ မျှတလိမ့်မယ်။ မင်းတို့အပြင်လူတွေမှာ ဘယ်လိုပညာရပ်တွေရှိလဲ ငါတို့တကယ် မြင်ချင်တယ်။ ဂိုဏ်းတူညီလေးချန်၊ ဒီကိစ္စက မင်းနဲ့မပတ်သက်ဘူး။ မင်း သူ့ကို မင်းနောက်မှာ အမြဲတမ်း ကာကွယ်ပေးထားလို့မရဘူး"
ယီးကျန့်ဂိုဏ်းကျင့်ကြံသူများသည် အများအားဖြင့် အပြင်လူများထံမှ ဝေးဝေးနေကြသည်။ အများစုမှာ အစ်ကိုချန်ကို မလှောင်ချင်ကြသော်လည်း သူတို့အရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းက စိတ်လှုပ်ရှားစရာကောင်းလေသည်။
ချန်ဖန်းက သူ့ကို လျစ်လျူရှုရင်း မန်ဟို့ကို ဆက်လက်ဆွဲခေါ်သွားသည်။ သို့သော် ကျိုးရှန်ယွဲဲ့၏စကားများက မန်ဟို့ကို သွားနေရာမှ ရုတ်တရက် ရပ်သွားစေသည်။ သူက ဒေါသူပုန်ထသွားသော မျက်နှာထားပေါ်အောင် ကြိုးစားရင်း လီနှင့် ကျိုးရှန်ယွဲ့ကို လှည့်ကြည့်လိုက်သည်။
"တိုက်ပွဲက သူသေကိုယ်သေတိုက်လို့မရဘူးဆိုတော့ ကျုပ်တို့ လောင်းကြေးထပ်ဖို့လိုတယ်" သူက မထိန်းမနိုင်သိမ်းမရဖြစ်နေသော လေသံဖမ်းကာ ပြောသည်။
ဤသည်ကို ကြားသော် ပတ်ဝန်းကျင်ရှိ ယီးကျန့်ဂိုဏ်းကျင့်ကြံသူများက ဝါးလုံးကွဲမတတ် အော်ရယ်တော့သည်။ အများစု၏ကျင့်ကြံခြင်းအခြေခံက မန်ဟို့ထက် နိမ့်ကျသော်လည သူတို့သည် တောင်ပိုင်းဒေသ၏နံပါတ်တစ်ဂိုဏ်း၊ ယီးကျန့်ဂိုဏ်း၏ ဂိုဏ်းသားများဖြစ်သည်။ သူ့တို့အတွက် ထောင်လွှားမောက်မာရန်က ပုံမှန်ပင်။
ကျိုးရှန်ယွဲ့နှင့် သက်လတ်ပိုင်းလီက တဟားဟားအော်ရယ်သည်။
"ကောင်းတယ်" လီကပြောသည်။ "မင်း ဂိုဏ်းတူညီလေးချန်းနောက်မှာ ပုန်းနေတာရပ်ရင်တော့ လောင်းကြေးနည်းနည်းပါးပါး ထပ်တာလောက်က ကိစ္စမရှိပါဘူး။ ငါ့မှာ ဝိညာဥ်ကျောက်တုံးသောင်းပေါင်းများစွာနဲ့ ရတနာဓားတစ်လက်ရှိတယ်" သူက သိုလှောင်အိတ်ကို ပုတ်ကာ မိုးပြာရောင်ဓားတစ််လက်ထုတ်လိုက်သည်။ ဓားအရှိန်အဝါက လက်ဖျားခါလောက်ရသည်အထိ မဟုတ်သည့်တိုင် သာမန်တော့ မဟုတ်ပေ။
"ညီလေး မင်း......" ချန်ဖန်းက ပြောသည်။
သူဆက်ပြောတော့မည့်အချိန် မန်ဟိုက မျက်လုံးများနီရဲလျက် ကြားဖြတ်ပြောသည်။ သူက စိန်းစိန်းဝါးဝါးကြည့်ရင်း ဆို၏။ "ဝိညာဥ်ကျောက်တုံးလက်တစ်ဆုပ်နဲ့ ဓားတစ်လက်က မန်ဟို့အတွက် မလုံလောက်ဘူး။ ထပ်ထည့်လိုက်ပါဦး လူကြီးမင်း။ ပြီးရင်တော့ ကျုပ် ခင်ဗျားကို တိုက်ခိုက်မယ်" သူ့အသံ ဟိန်းထွက်လာ၏။ သူပြောခဲ့သောစကားများနှင့် သူ့မျက်နှာပေါ်က အမူအရာမှာ သူ အချိန်အတော်ကြာကတည်းက သုံးနေကျဖြစ်သောအရာပင်။ ဤကဲ့သို့ အခြေအနေများစွာကို ကျိုးပြည်တွင် သူကြုံတွေ့ခဲ့ရသည်။ ထိုမျှသာမက သူ့တွင် စကြဝဠာအိတ်ထဲ၌ မသုံးရသေးသော ရွှေရောင်လှံတစ်ချောင်းရှိသေးသည်.......
သူတို့ပတ်လည်ရှိလူအုပ်ကြီးက ကျယ်လောင်စွာ အော်ရယ်လိုက်ကြသည်။ လီက အထင်သေးမှုများ ကြီးထွားလာရင်း မန်ဟို့ကို ကြည့်သည်။
"သိပ်ကောင်းတယ်" သူက ပြောသည်။ "မင်း ဘာပဲ လောင်းကြေးထပ်ထပ်၊ လူကြီးမင်းရေ ငါတန်ဖိုးညီအောင် လုပ်ပေးမယ်"
သူ့ဘေးရှိ ကျိုးရှန်ယွဲ့က တဟားဟားရယ်သည်။ "ကိစ္စမရှိဘူး" သူကပြောသည်။ "မင်း ဘာပဲထုတ်ထုတ်၊ အစ်ကိုလီက တန်ဖိုးညီစေရမယ်ဆိုရင် ငါလဲအတူတူပဲ" သူက ချန်ဖန်းကို ကြည့်ပြီး သူ၏မျက်လုံးများထဲတွင် အသတ်အဖြတ်စိတ်ဆန္ဒ လည်ပတ်လျက်ရှိသည်။
မန်ဟိုက တံတွေးမြိုချလိုက်၏။ သူ့မှာ ထွက်ပြေးချင်သည့်အလား တောင်ကြည့်မြောက်ကြည့် ကြည့်နေချေသည်။ "တကယ်ကြီးလား" သူက အားတင်းထားရသောလေသံဖြင့် ပြောသည်။
"မင်း အခု ယီးကျန့်ဂိုဏ်းမှာနော်" ကျိုးရှန်ယွဲ့က မောက်မောက်မာမာပြောသည်။ "ငါတို့ မင်းကို လိမ်မယ်လို့ တကယ်ထင်နေလား"
ချန်ဖန်းက မန်ဟို့လက်မောင်းကို ဆွဲပြီး စကားပြောရန်ပြင်နေသည်။
မန်ဟိုက တဆတ်ဆတ်တုန်ရီလျက် သူ့ကိုလှမ်းကြည့်ကာ ပြောသည်။ "အစ်ကိုကြီးချန် ပျံသန်းဓားမြှောင် ငှားလို့ရမလား"
ချန်ဖန်းက မန်ဟို့ကို အချိန်အတော်ကြာငေးကြည့်နေသည်။ နောက်ဆုံး၌ သူ့လက်ကိုမြှောက်လိုက်ရာ အမြုတေဖြစ်တည်မှုအဆင့်စွမ်းအား ထုတ်လွှတ်နေသော ဓားသွားဖြင့် အနက်ရောက်ဓားမြှောင်ထွက်ပေါ်လာသည်။
ဤဓားမြှောင်သည် ချန်ဖန်းအတွက် အလွန်တရာအရေးကြီး၏။ သူ ၄င်းကို ဆုံးရှုံးရလျှင် ဂိုဏ်းအတွင်းရှိ သူ့နေရာ ချက်ချင်း မတည်မငြိမ်ဖြစ်လာလိမ့်မည်။ ရိုက်ခတ်လာမည့်ဂယက်များက သေစေနိုင်သည်အထိ ဆိုးရွားသည်။ သို့သော် သူ့အတွက် ၄င်းကို မန်ဟို့လက်ထဲထည့်ပေးဖို့ ဆုံးဖြတ်ရန် အသက်ရှိုက်စာအနည်းငယ်သာ ကြာလိုက်သည်။
ဤကဲ့သို့ ညီအစ်ကိုသံယောဇဥ်ကို ပြသခြင်းက မန်ဟို့အား ချန်ဖန်းကို လေးလေးနက်နက်ကြည့်မိလိုက်စေသည်။ နွေးထွေးသောခံစားချက်တစ်ခုကား သူ့ဘဝတစ်လျှောက်လုံး တည်ရှိနေမည့် မှတ်ဉာဏ်တစ်ခုကိုဖန်တီးရင်း သူ့တစ်ကိုယ်လုံးတွင် ပြည့်နှက်သွားသည်။
"ညီလေး" ချန်ဖန်းက အားပေးနေသောမျက်ဝန်းများဖြင့် ပြောသည်။ "မင်း တကယ်တိုက်မယ်ဆိုရင်တော့ စိတ်အေးလက်အေးသာတိုက်။ မင်းရှုံးသွားလဲ ကိစ္စမရှိဘူး။ ရေးကြီးခွင်ကျယ်မဟုတ်ဘူးသိလား။ မင်းနိုင်ရင်တော့ ကောင်းတာတစ်ခုခုရအောင်လုပ်ကွာ" သူသည် မန်ဟိုနိုင်လိမ့်မည်ဟု ယုံကြည်ချက်သိပ်မရှိသော်လည်း ဤသည်ကား သူ့ပုံစံပင်။
လူအုပ်ကြီးက မန်ဟို့လက်ထဲရှိ အနက်ရောင်ဓားမြှောင်ပျံကို စိုက်ကြည့်နေကြသဖြင့် သူတို့ပတ်ပတ်လည်တွင် အရာအားလုံးတိတ်ဆိတ်နေလျက်ရှိ၏။
တိတ်ဆိတ်မှုကား တခဏသာ ကြာလိုက်ပြီး အသံဗလံများ လေထဲပြည့်နှက်သွားတော့သည်။
"အဲ့တာ ခေါင်းဆောင်ကြီးကျိုးရဲ့ အမြုတေဖြစ်တည်ခြင်း ပျံသန်းဓားမြှောင်ပဲ"
"အဲ့တာက အဖော်မဲ့ဓားသားတော်ခုနစ်ပါးရဲ့ သင်္ကေတ ။ အစ်ကိုချန်းက သူစိမ်းတစ်ယောက် လောင်းကြေးထပ်ဖို့အတွက် တကယ်ကြီးပေးနေတာလား...."
"ဒီလောင်းကြေးတွေကတော့ အံမခန်းပဲ"
ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများ၏မျက်လုံးများ တောက်ပလင်းလက်လာပြီး အများစုက ဖြစ်နေသည်များအား အခြားဂိုဏ်းသားများကိုအသိပေးရန် ဆက်သွယ်ရေးကျောက်စိမ်းပြားများထုတ်လိုက်ကြသည်။
"ဒါ ကျုပ် လောင်းကြေးထပ်မှာပဲ။ အခု ခင်ဗျားတို့အလှည့်။ မလောင်းရင်၊ မတိုက်ဘူး" မန်ဟို၏အသံမှာ ခိုင်မာပြတ်သားပြီး သူ့မျက်လုံးများက လုပ်မလား၊သေမလား ဆိုသောအကြည့်ဖြင့် တောက်ပနေသည်။ သို့သော် ကြည့်ရှုနေကြသူများအတွက်တော့ သူ၏အေးစက်မှုမှာ သူ့ကိုအလွှတ်ပေးရန် ကျိုးနှင့်လီတို့ကို ခြောက်လှန့်နေသကဲ့သို့ အတင်းအကြပ်လုပ်ထားရပုံပေါ်လေသည်။
ကျိုးရှန်ယွဲ့မှာ မန်ဟို့လက်ထဲက အနက်ရောင်ဓားမြှောင်ကို ကြည့်ရင်း တစ်ကိုယ်လုံးတုန်ရီသွားသည်။ သူ့မှာ အသက်ရှူသံတို့ မြန်ဆန်သွားပြီး သက်လတ်ပိုင်းလီလည်း ထိုနည်းတူပင်။ သူတို့က စိတ်လှုပ်ရှားအံသြနေသောအကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ချန်ဖန်းက လောင်းကြေးထပ်ရန် ပျံသန်းဓားမြှောင်ကို တကယ်ထုတ်၍ သူ၏ဂိုဏ်းတူညီကို ပေးလိမ့်မည်ဟု သူတို့ဘယ်တော့မှ မထင်ထားခဲ့ပေ။
"ခင်ဗျားတို့မှာ လောင်းစရာမရှိရင်တော့ ကျုပ်ကို မတိုက်လို့ဆိုပြီး အပြစ်မတင်နဲ့" မန်ဟိုက ပျံသန်းဓားမြှောင်ကို အစ်ကိုချန်ဆီပြန်ပေးရန် ပြင်ရင်း ပြန်ဖြေသည်။ သေချာပေါက် ကျိုးရှန်ယွဲ့ ဤသို့အဖြစ်မခံနိုင်ပေ။ သူ၏လက် မြောက်သွားပြီး သူ့ဝတ်ရုံအပေါ်ပိုင်းကို ဖြဲလိုက်ရာ လည်တွင်ဆွဲထားသော ကျောက်စိမ်းလည်ဆွဲတစ်ခု ပေါ်လာသည်။
"ဒါက ငါ့အဖေကိုယ်တိုင် သူ့ကျင့်ကြံခြင်းအခြေခံကသွေးနဲ့ သွန်းလုပ်ထားတဲ့ သက်စောင့်ကျောက်စိမ်းတစ်ခုပဲ။ သူ့မှာ တိုက်ခိုက်စွမ်းအားမရှိပေမယ့် အနုသုခုမရုပ်ခန္ဓာအဆင့် တိုက််ကွက်ကို ခုခံနိုင်တယ်။ မင်းနိုင်ရင်တော့ ဒါမင်းအပိုင်ပဲ။ ဒါကို သန့်စင်ပြီး သုံးလို့ရအောင် ငါ့ကျင့်ကြံခြင်းအခြေခံသွေးတချို့ကိုတောင် မင်းကိုပေးမယ်။ ငါ ကျိုးရှန်ယွဲ့ ပြောပြီးစကား ဘယ်တော့မှ ပြန်မရုပ်သိမ်းဘူး" သူ့လေသံသည် သံချောင်းများကို ဖြတ်တောက်ပြီး သံမဏိကို တိုက်စားနိုင်၏။ ၄င်းတို့ထွက်ပေါ်လာစဥ် ချန်ဖန်းနှင့်အတူ စောင့်ကြည့်နေကြသူများ ပင့်သက်ရှိုက်သွားကြသည်။ ချန်ဖန်းက သက်စောင့်ကျောက်စိမ်းကို ကြည့်လိုက်သည်။ ၄င်းမှာ သူ့ဆရာ သူ့သားအား သူ့ကိုယ်သူကာကွယ်ရန် ပေးအပ်ခဲ့သော ရတနာတစ်ပါးဖြစ်၏။ တန်ဖိုးအရ သေချာပေါက် သူ၏ပျံသန်းဓားမြှောင်ထက် ကျော်လွန်လေသည်။
မန်ဟိုက အံသြမှင်သက်သွားဟန်ဖမ်းလိုက်သည်။ သူက ဖားဖိုကြီးလို ဖောင်းလိုက်ပိန်လိုက် အသက်ရှူနေရာ ကျိုးရှန်ယွဲ့ကို အေးစက်စွာ ရယ်မောစေလိုက်သည်။
မန်ဟိုက အားတင်းထားရသောအသံဖြင့် ပြောသည်။ "မလုံလောက်သေးဘူး။ စောနေလေးတင် ခင်ဗျားတို့နှစ်ယောက် ကျုပ်ဘာလောင်းလောင်း၊ တန်ဖိုးညီစေရမယ်လို့ ပြောခဲ့သလားလို့"
ဤသည်ကို ကြားသော် သက်လတ်ပိုင်းလီက အားရပါးရ အော်ရယ်သည်။ သူက မန်ဟို့်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီးနောက် မျက်နှာဖြူဖျော့နေသော ချန်ဖန်းကို အေးစက်စက်ကြည့်လိုက်သည်။ ယခုတွင် သူဘာလုပ်မည်လဲ ယုံကြည်ချက်ရှိသွားလေပြီ။ ချန်ဖန်းနှင့် ချန်ဖန်း၏စရိုက်ကို သူကောင်းကောင်းသိသည်။ သူက မရိုးမဖြောင့်မလုပ်တတ််သူဖြစ်၍ သူ၏အမူအရာက ခံစားချက်အစစ်အမှန်ကို ဖော်ပြနေသည်။
"ကျုပ် လီ မှာ ဂိုဏ်းတူညီငယ်ကျိုးလို အဖိုးထိုက်ရတနာတော့မရှိဘူး။ ဒါပေမယ့် ဝိညာဥ်ကျောက်တုံးနည်းနည်းပါးပါးတော့ စုဆောင်းထားတာရှိတယ်။ ရောင်ရင်းတို့ ၊ ကျုပ်ကို ဝိညာဥ်ကျောက်တုံး ချေးပေးနိုင်ရင် ခင်ဗျားတို့ အကျိုးဖြစ်စေရပါမယ်။ ကျုပ် ခင်ဗျားတို့ တစ်ရာပေးတိုင်း တစ်တုံးထပ်ပေးပါ့မယ်" သူက သူ့ကို လေးလေးစားစားအရိုအသေပေးနေသော ကျင့်ကြံသူရာပေါင်းများစွာကို ကြည့်ရင်း ရယ်လိုက်ပြန်သည်။ တချို့က သူ့ထံပျံလာကြပြီး တစစများလာသည်။
"ပြဿနာမရှိပါဘူး၊ အစ်ကိုလီ။ သေချာပေါက် ကျုပ်တို့ ကူညီနိုင်တာပေါ့"
"ဟားဟားဟား ကျုပ်မှာ ဝိညာဥ်ကျောက်တုံးများများစားစားမရှိဘူး။ အရင်နှစ်တွေက စုဆောင်းထားခဲ့တဲ့ တစ်ထောင်ပဲရှိတယ်။ ခင်ဗျား လိုအပ်ရင်တော့ အစ်ကိုလီ၊ ခင်ဗျားအပိုင်ပေါ့ဗျာ"
"မစိုးရိမ်ပါနဲ့ အစ်ကိုလီ။ ကျွန်မတို့ သေချာပေါက် ရှင့်ကို ကူညီနိုင်ပါတယ်"
ကျင့်ကြံသူရာပေါင်းများစွာ၏အသံများ လေထဲပြည့်နှက်သွားသည်။ သူတို့အားလုံးက ဝိညာဥ်ကျောက်တုံး ရာဂဏန်းမှ ထောင်ဂဏန်းအထိ ထုတ်ပေးကြသည်။ မကြာမီ ၄င်းတို့သည် ဝိညာဥ်ကျောက်တုံး သောင်းဂဏန်းထိ စုပုံသွားကြ၏။
"ဒီဝိညာဥ်ကျောက်တုံးတွေက ဂိုဏ်းတူညီငယ်ကျိူးရဲ့ အဖိုးထိုက်ရတနာတန်ဖိုးနဲ့ မယှဥ်နိုင်ဘူး။ ကောင်းပြီ၊ ကောင်းပြီ။ ငါ မင်းကို အခွင့်ကောင်းဖို့ မကြိုးစားပါဘူး။ ငါ့သိုလှောင်အိတ်ထဲမှာ ဝိညာဥ်ကျောက်တုံး တစ်သောင်း အနည်းဆုံးတန်တဲ့ မှော်ပစ္စည်းတွေရှိတယ်။ စုစုပေါင်းတန်ဖိုးက ငါးသောင်းနီးပါးပဲ" သူက အင်္ကျီလက်စကို ခါပြီး အလင်းတန်းအသွင်ပြောင်းကာ တိုက်ခိုက်ရေးကွင်းထံ တဟုန်ထိုးထွက်သွားသည်။ ဝိုင်းအုံနေကြသော ကျင့်ကြံသူများ၏ တစ်ခနဲကြွေးကြော်သံများအလယ်တွင် သူသည် ကွင်းအလယ်တည့်တည့်တွင် ဆင်းသက်လိုက်ပြီးနောက် လှည့်၍ မန်ဟို့ကို စိုက်ကြည့်သည်။
ချန်ဖန်းက မန်ဟို့ကို အားတင်းပြုံးကာကြည့်သည်။ သူ အကြံပေးတော့မည့်ဆဲဆဲ မန်ဟိုက ပျံသန်းဓားမြှောင်ကို မြေပေါ်တွင်ချပြီး တိုက်ခိုက်ရေးကွင်းထံ ပျံသန်းသွားသည်။
မည်သူမှ သူ့ကိုမတားကြပေ။။
သူ ဝင်ရောက်သွားသဖြင့် ပတ်ပတ်လည်ကျင့်ကြံသူများက လည်ဆန့်၍လှမ်းကြည့်လိုက်ကြသည်။ သက်လတ်ပိုင်းလီသည် မောက်မာဝင့်ကြွားစွာ မလှုပ်မယှက်ရပ်နေ၏။ သူက မျက်ခုံးနှစ်ဖက်ကြားရှိ နေရာပေါ်သို့ သူ့လက်ချောင်းကို ဖိချလိုက်သည်။ ချက်ချင်းပင် သူ၏ကျင့်ကြံခြင်းအခြေခံသည် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်မှ တာအိုမဏ္ဍိုင် ၆ ခုရှိသကဲ့သို့ ချီအခြေတည်အလယ်အလတ်အဆင့်သို့ ကျဆင်းသွားသည်။
"လီဆိုတဲ့ကောင်က မင်းကို အနိုင်ကျင့်မယ့်သူမဟုတ်ဘူး" သူက မေးမော့ရင်း ပြောသည်။ "ဒါကြောင့် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်စွမ်းအားကိုပဲ အသုံးပြုမယ်။ ဘယ်အခြေအနေမှာမှ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်စွမ်းအားကို အသုံးမပြုဘူး"
"တကယ်က မလိုပါဘူး" မန်ဟိုက ခပ်တိုးတိုးရေရွတ်သည်။ သူသည် ယခင်နှင့် အလွန်ကွဲပြားနေသော အမူအရာဖြင့် တိုက်ခိုက်ရေးကွင်းထဲတွင် ရပ်နေသည်။ သူက ပြုံးပြီး ထိုအပြံးထဲတွင် ပျော်ရွှင်မှုနှင့်အတူ ရှက်ရွံမှုအနည်းငယ်ပါဝင်နေသည်။
ဤနေရာက လူများမှာ ဤရှက်ရွံ့မှုကို မရင်းနှီးပေ။ သို့သော် ကျိုးပြည်မှာတုန်းက သူ့နှင့် အလဲအလှယ်လုပ်ခဲ့သည့် ဇီယွင်ဂိုဏ်းက လူများကတော့ ကောင်းကောင်းသိလိမ့်မည်။ သူတို့သာမြင်လျှင် ခေါင်းကြိမ်းသွားမည်ဖြစ်သည်။ သူတို့သည် အိပ်မက်ဆိုးထဲရောက်သွားသည်ဟု တွေးပြီး ဒေါသတကြီးပျံလာလောက်၏။
" ခဏနေရင် ခင်ဗျားစကားနဲ့ခင်ဗျား နင်သွားလိမ့်မယ်နော်....." မန်ဟိုက ရှက်ကိုးရှက်ကန်းပြောသည်။ သူသည် လွန်ခဲ့သောနှစ်များက တာ့ချင်းတောင်တွင် ရပ်နေခဲ့သော စာပေသမားလူငယ်လေးပြန်ဖြစ်သွားသည့်အလားပင်။ သူ့က ရှက်စနိုးဖြင့် ရှေ့တစ်လှမ်းလှမ်းလိုက်သည်။
***