← Chapters

သုတ်သတ်ခြင်းခုနစ်ရပ်

Vol. 14 Ch. 184

သုတ်သတ်ခြင်းခုနစ်ရပ်

Vol. 14 Ch. 184

ဤလီအမည်ရှိလူမှာ မန်ဟို ကျိုးပြည်တွင် မည်မျှကျော်ကြားခဲ့သည်လဲ မသိသည့်အပြင် ဇီယွင်ဂိုဏ်းတွင်ရှိနေသေးသော သံလှံအကြောင်းလည်း မသိပေ.....

မန်ဟိုက ရိပ်ခနဲ လီထံ ပြေးဝင်သွားသည်။ သူက ညာလက်ကို မြှောက်ပြီး ဂါယာမန္တယားဆိုင်ရာ မုဒြာဟန် လှုပ်ရှားလိုက်သည်။ ချက်ချင်းပင် မီးနဂါးကြီးတစ်ကောင် ဟိန်းဟောက်ထွက်ပေါ်လာ၏။

၄င်းသည် မီတာသုံးဆယ်ခန့်အရှည်သာရှိပြီး သိပ်မကြီးသော်လည်း ၄င်း၏အရောင်က ပုံမှန်မဟုတ်ပေ။ မီးရောင်ဖြစ်ရမည့်အစား ၄င်းက နက်မှောင်နေပြီး တဖျပ်ဖျပ်ခတ်နေသော တောင်ပံနှစ်ဖက်ရှိသည်။ ဤသည်ကား သိသာစွာပင် မိုးနဂါးပျံကြီးတစ်ကောင်ဖြစ်၏။

မန်ဟို့ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားသည် ၄င်းထဲတွင် စုစည်းခံထားရပြီး တစ်စက်လေးပင် စိမ့်ထွက်မလာပေ။ မန်ဟိုထက် အဆများစွာ အစွမ်းထက်သော အဆင့်ရှိ လူတစ်ယောက်သာလျှင် ၄င်းအတွင်းရှိ ကျင့်ကြံခြင်းအခြေခံစွမ်းအား အခိုးအငွေ့အနည်းငယ်ကို အာရုံရနိုင်မည်ဖြစ်သည်။

၄င်း၏အသွင်အရ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့် သို့မဟုတ် ထို့ထက်ပင် နိမ့်ကျသောစွမ်းအားဖြင့် ထုတ်လွှတ်ခံထားရပုံပေါ်သည်။

လှောင်ပြုံးများ တိုက်ခိုက်ရေးကွင်းအပြင်ရှိ ကျင့်ကြံသူများ၏မျက်နှာပေါ်တွင် ပေါ်လာသည်။ သူတို့အတွက် မြင်ကွင်းတစ်ခုလုံးက ရယ်စရာကောင်းနေချေသည်။

ချန်ဖန်း စိတ်ထဲတွင် ငြီးတွားလိုက်သည်။ သူက ဘာမှမပြောသော်လည်း သူ၏ပျံသန်းဓားမြှောင်အကြောင်းမဟုတ်ဘဲ ဤသည်မှာ တိုက်ခိုက်ရေးကွင်းဖြစ်၍ လီ မည်သည့်သေစေနိုင်သောလှုပ်ရှားမှုများ အသုံးပြုလိမ့်မည်ကို မပြောနိုင်ကြောင်း တွေးနေသဖြင့် သူ၏မျက်လုံးများ ထိုင်းမှိုင်းလျက်ရှိသည်။

ကျိုးရှန်ယွဲ့သည် အပြုံးတစ်ခု မျက်နှာပေါ်တွင် ဖုံးလွှမ်းနေရင်း စောင့်ကြည့်နေသည်။ သူ့မှာ အတိုင်းထက်အလွန် အားရကျေနပ်နေပုံပေါ်သည်။ သူသည် သူ့အဖေ ချန်ဖန်းကို ယီးကျန့်ဂိုဏ်းထံ ခေါ်လာစဥ်ကတည်းက တစ်ခါမှ သဘောမကျခဲ့ခြင်းမဟုတ်။ သူ့အနေဖြင့် သူအဖေက သူ့ထက် အပြင်လူကို အဆများစွာကောင်းကောင်းမွန်မွန်ဆက်ခံသည်ဟု ခံစားရခြင်းကြောင့်ဖြစ်သည်။

ချန်ဖန်းရထားသော ပျံသန်းဓားမြှောင်ကိုမူ ကျိုးရှန်ယွဲ့ ၄င်းကို သူ့အပိုင်ဟုတွေးထားခဲ့သည်။ မည်သည့်အတွက်ကြောင့် ၄င်းကအခြားတစ်ယောက်ဆီ ရောက်နေခဲ့သနည်း။ ထို့ပြင် အဘယ်ကြောင့် သူက လက်ရှိမျိုးဆက် အဖော်မဲ့ဓားသားတော် ခုနစ်ပါးအဖွဲ့ဝင် မဖြစ်နိုင်သနည်း။

သူနားမလည်သော်လည်း သူ့အဖေကို အဓွန့်မတက်ရဲပေ။ ဤအခြင်းအရာက သူ၏ချန်ဖန်းအပေါ် မလိုမုန်းထားမှုကို ပြင်းထန်သထက် ပြင်းထန်လာစေခဲ့သည်။

"နောက်ဆုံးတော့ ဒီနေ့ ငါ အခွင့်အရေးရပြီ" သူက တွေးသည်။ "ချန်ဖန်း အာ ချန်ဖန်း ပျံသန်းဓားမြှောင်က နောက်ဆုံးငါ့အပိုင်ဖြစ်တော့မယ်။ မင်းက ဘာမှမဟုတ်တဲ့ ပမွှားလေးပဲ။ ငါနဲ့ တကယ်ပြိုင်ရဲလို့လား" အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ဖြစ်ထွန်းလာပြီး သူက ရယ်လိုက်သည်။

တိုက်ခိုက်ရေးကွင်းထဲတွင် လီလည်း ရယ်နေသည်။ မန်ဟို၏ မီးနဂါးကြီး သူထံ တဟုန်ထိုးလာနေသည်ကို စောင့်ကြည့်နေစဥ် မာန်တက်နေသောအရိပ်အယောင်တစ်ခုက သူ့မျက်နှာကို ဖုံးလွှမ်းနေ၏။ သူက ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။

"မဖြစ်စလောက်ဂိုဏ်းလေးတစ်ဂိုဏ်းက အရိုင်းအစိုင်းကျင့်ကြံသူတစ်ယောက်" သူက မောက်မောက်မာမာ ပြောသည်။ "မင်း ဒီနေရာမှာရှိနေဖို့တောင် မတန်ဘူး။ မင်းရဲ့မှော်ပညာက သိပ်ရိုးရှင်းလွန်းတယ်။ မင်း တကယ်ပဲ သေးနုပ်ညံ့ဖျင်းတဲ့ မီးနဂါးပညာရပ်ကို အသုံးပြုရဲတယ်ပေါ့။ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်မှာ ကန့်သတ်ခံထားရတာတောင်မှ ငါမင်းကို အလွယ်တကူသတ်ပစ်နိုင်တယ်" သူက အင်္ကျီလက်စကို ခါလိုက်ရာ သူ၏ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်စွမ်းအား ဟုန်းခနဲထွက်လာသည်။ သူ၏ညာလက်ကို မြှောက်လိုက်ပြီး နေနှင့်လပုံရိပ်သည် သူ့လက်ဖဝါးတစ်ဖက်စီပေါ်တွင် ပေါ်လာ၏။

နေလပုံရိပ်က တောက်ပနေသော ဓားအရှိန်အဝါနှစ်ခုအသွင်ပြောင်းသွားသည်။ လီက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ၄င်းတို့သည် လေကိုခွင်း၍ လာနေသော မီးနဂါးကြီးထံ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

ဤအခြင်းအရာကိုမြင်သောအခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထံမှ အားပေးကြွေးကြော်သံများ ထွက်ပေါ်လာသည်။

အမှန်ပင် ဤအရာအားလုံးအား ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း တကယ်တမ်း တခဏအတွင်း ဖြစ်ပျက်သွား၏။ နေနှင့်လ၏ပုံရိပ်များသည် မီးနဂါးကြီးကို ဝင်တိုက်သွားပြီး ထို့သိုဝင်တိုက်လိုက်ချိန်မှာပင် ၄င်းတို့သည် တွန့်လိမ်ကောက်ကွေးလာ၏။

ဘန်းခနဲ လဓားမှာ မီးနဂါကြီးထံမှ တွန်းထုတ်ခံလိုက်ရသည်။ ကြက်ဥနှင့် တောင်ကိုပေါက်ရန် ကြိုးစားနေသည့်အလား ဓားသည် ချက်ချင်း အစိတ်စိတ်အမြွှာမြွာ ပျက်စီးသွား၏။ အပိုင်းအစများမှာ လွင့်ထွက်မသွားနိုင်ခင် မီးနဂါးကြီး၏အပူကြောင့် ပြာကျသွားတော့သည်။

တစ်ချိန်တည်းမှာပင် နေဓားလည်း ကြေမွသွားသည်။ မီတာသုံးဆယ်အရှည် မီးနဂါးကား ခြစ်ရာပင်မထင်လိုက်ပေ။ ၄င်းသည် ပို၍မြင့်တက်လာသောအဟုန်ဖြင့် လီထံသို့ ဦးတည်လာသည်။

၄င်း ရှေ့သို့တဟုန်ထိုးသွားနေစဥ် ၄င်း၏ခန္ဓာကိုယ်ပြန့်ကားလာသည်။ မီတာ သုံးဆယ်၊ မီတာ ကိုးဆယ်၊ မီတာ တစ်ရာ့ငါးဆယ်.........မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းသည် မီတာသုံးရာအရှည်ရှိသွားပြီး ဆက်လက်ကြီးထွားနေဆဲပင်။

လျှိူ့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် ကြောက်ခမန်းလိလိ မီးပင်လယ်ကြီးအသွင်ပြောင်းရင်း မီးနဂါးကြီးထံမှ ထွက်ပေါ်လာသည်။ ဤသည်ကား မီးနဂါးကြီး၏ချီပင်။ ၄င်း၏ ဧရာမတောင်ပံကြီးနှစ်ဖက်က ကောင်းကင်ကို ဖုံးကွယ်ရင်း ပြန့်ကားလာရာ တိုက်ခိုက်ရေးကွင်းအား မီးတောင်များအတွင်း နစ်မြုပ်သွားစေသည်။

ဤအရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားပြီး သက်လတ်ပိုင်းလီမှာ ဤသို့ဖြစ်ပျက်လိမ့်မည်ဟု မခန့်မှန်းနိုင်လောက်ပေ။ ကျိုးရှန်ယွဲ့နှင့် မှင်သက်နေသောမျက်နှာများဖြင့် ဝိုင်းကြည့်နေကြသော ယီးကျန့်ဂိုဏ်းသားများအားလုံးလည်း ထိုနည်းတူပင်။

ဟိန်းဟောက်သံကြီးတစ်သံ လေထဲတွင် ပြည့်နှက်သွားပြီး တိုက်ခိုက်ရေးကွင်းတစ်ကွင်းလုံး တသိမ့်သိမ့်တုန်ခါသွားသည်။ တိုက်ခိုက်ရေးကွင်းကို ဖုံးလွှမ်းထားသော အကာအကွယ်မှာ စွမ်းအားကို ခုခံလိုက်သဖြင့် လှိုင်းဂယက်များထသွားသည်။

ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည့်အခိုက်အတန့်မှာပင် မန်ဟိုက ရုတ်တရက် ပြေးတက်လာပြီး လျှပ်စီးသဖွယ် လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။ လီ၏မျက်နှာ ဖြူဆုပ်သွားပြီး မယုံကြည်နိုင်သောအသွင်ဖြင့် ပြည့်နှက်သွားသည်။ ကျောက်စိမ်းပြားကိုးခု ပေါ်ပေါက်လာပြီး မီးပင်လယ်၏ စွမ်းအားကြီးမှ သူ့ကိုခုခံပေးသော အကာအကွယ်စွမ်းအင်တစ်ခု ထုတ်လွှတ်ရင်း သူ့ကိုဝိုင်းပတ်လိုက်သည်။

ဤကျောက်စိမ်းပြားကိုးခုသည် သိသာထင်ရှားစွာပင် အကာအကွယ်စွမ်းအားအရ သာမန်ထက်ထူးကဲ၏။ သို့သော် မန်ဟိုက သူ့ထံသို့ မြားတစ်စင်းသဖွယ် ဆက်လက်ပြေးဝင်လာသည်။ တခဏအတွင်း သူက ကျောက်စိမ်းကိုးပြားမှ ထုတ်လွှတ်ထားသော ဒိုင်းကို ဝင်တိုက်သွားသည်။

မချိတင်ကဲအော်သံတစ်သံနှင့်အတူ နောက်ထပ်ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားသည်။ မီးတောက်များ စတင်ငြိမ်းလာစဥ် ဘေးလူများမှာ အံသြမှင်သက်လျက် စောင့်ကြည့်နေကြ၏။ လီသည် မျက်လုံးများ ဝိုင်းစက်ပြုးကျယ်လျက် ပါးစပ်မှ သွေးများပန်းထွက်သွားရင်း ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ပမာ နောက်လွင့်ထွက်သွားသည်။ သူ့မှာ အရှက်ဗြန်းဗြန်းကွဲသွားချေပြီ။

မန်ဟိုက တည်ငြိမ်သောမျက်နှာထားဖြင့် မီးပင်လယ်မှ ထွက်လာသည်။ သူပြုံးနေပြီး သူ့မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်းအမူအရာရှိနေဆဲပင်။

ကျိုးရှန်ယွဲ့မှာ ဤအဖြစ်အပျက်ကြောင့် ပါးစပ်အဟောင်းသားးနှင့် မျက်လုံးကြီးပြူးကာ စိုက်ကြည့်နေသည်။ ချန်ဖန်းက မန်ဟို့ကို မယုံကြည်နိုင်စွာ ကြည့်ရင်း မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။

အံသြမှင်သက်နေသော လူအုပ်ကြီး တိတ်ဆိတ်နေကြစဥ် သက်လတ်ပိုင်းလူ၏ခန္ဓာကိုယ် လှုပ်ရှားခြင်းရပ်သွားသည်။ တင်းမာခက်ထန်သောအမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာပြီး သူက နဖူးကို ဖိချလိုက်သည်။

ရုတ်တရက် သူ၏ခန္ဓာကိုယ် တုန်ရီသွားပြီးနောက် ချီအခြေတည်ခြင်း မဟာစက်ဝန်း၏စွမ်းအားဖြင့် ပြည့်နှက်သွားသည်။ အတုအယောင်အမြုတေအဆင့်စွမ်းအားကား ချက်ချင်း သူ့ထံမှ ထွက်ပေါ်လာသည်။

ဤစွမ်းအားသည် စောစောက သူအသုံးပြုခဲ့သော စွမ်းအားထက် အဆများစွာ သာလွန်သည်။ သူက အသတ်အဖြတ်စိတ်ဆန္ဒတဟုန်းဟုန်းတောက်နေသော မျက်လုံးများဖြင့် မန်ဟို မီးပင်လယ်မှ လမ်းလျှောက်ထွက်လာသည်ကို ကြည့်နေသည်။ မောက်မာသောအရိပ်အယောင်တစ်ခု သူ့မျက်နှာပေါ်တွင် နောက်တစ်ဖန်ပြည့်နှက်သွားပြန်သည်။

"မင်းက ငါ့ကျင့်ကြံခြင်းအခြေခံရဲ့ စစ်မှန်တဲ့စွမ်းအားနဲ့ သတ်ခံရဖို့ အရည်အချင်းပြည့်မှီပုံပဲ"

မန်ဟို၏အမူအရာမှာ ယခင်အတိုင်းသာ။ သူက ရှက်ကိုးရှက်ကန်းပြုံးလိုက်သော်လည်း ဘာမှမပြောပေ။ အပြုံးကို ကြည့်ရင်း လီမှာ ပြင်းပြင်းထန်ထန် စက်ဆုပ်ရွံရှာနေသည်။ သူက သိုလှောင်အိတ်ထံသို့ လက်ကိုမြှောက်ပြီး ဓားတစ်လက်ထုတ်ကာ ရှေ့ပြေးဝင်လာသည်။

မိုးပြာရောင်ဓားသည် ဝေလငါးတစ်ကောင်အသွင်ဖန်တီးရင်း သူ့ခေါင်းပေါ်တွင် လျင်မြန်စွာ လည်သွား၏။ ၄င်း လီ၏ ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့် စွမ်းအားကို စုပ်ယူလိုက်ချိန် တဝီးဝီးမြည်သံတစ်သံ လေထဲပြည့်နှက်သွားသည်။ ဓား၏ သရဲပုံရိပ် ခုနစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။

စကားသံများ ပွက်ပွက်ညံသွားသည်။

"သုတ်သင်ခြင်းခုနစ်ရပ်။ အစ်ကိုလီက အသေတိုက်ကွက်ကို သုံးနေတာပဲ"

"အဲ့တာ ချီအခြေတည်အဆင့်ရဲ့အစွမ်းထက်ပညာရပ်တွေထဲက တစ်ခု၊ အဖော်မဲ့သားတော်ခုနစ်ပါးရဲ့ နက်နဲဆန်းကြယ်တဲ့ မှော်ပညာတစ်ရပ်ပဲ....."

ချန်ဖန်း၏အမူအရာ ရှုံ့မဲ့သွားသည်။ "အဖော်မဲ့ဓား သုတ်သင်ခြင်းခုနစ်ရပ်" သူရှေ့သို့ ခြေတစ်လှမ်းလှမ်းတော့မည့်အချိန် ကျိုးရှန်ယွဲ့က ရယ်ပြီး သူ့လမ်းကို လက်ဆန့်ကာ ဟန့်တားသည်။

"ဂိုဏ်းတူညီငယ်ချန်၊ တိုက်ခိုက်ရေးကွင်းထဲမှာ ပြိုင်ပွဲတွေကို ကြားဝင်စွက်ဖက်တာ တားမြစ်ထားတယ်။ မင်း ဂိုဏ်းစည်းမျဥ်းတွေကို ဖောက်ဖျက်တော့မှာ မဟုတ်ဘူးမလား"

စောင့်ကြည့်နေကြသော ယီးကျန့်ဂိုဏ်းသားများ ဆက်လက်တွေးနေကြစဥ် တိုက်ခိုက်ရေးကွင်းအတွင်း၌ လီ၏ဆံပင်များသည် အကြမ်းပတမ်းလွင့်နေလျက်ရှိသည်။ သူက ဂါယာမန္တယားဆိုင်ရာမုဒြာဟန်များ လျင်မြန်စွာဖော်ပြီး လေဆင်နှာမောင်းတစ်လုံးဖြစ်တည်လာစေသည်။ လေဆင်နှာမောင်းသည် မိုးပြာရောင်ဓားနှင့် ပေါင်းစည်းပြီး ဟိန်းဟောက်သံကြီးတစ်သံ လေတွင် ပြည့်နှက်သွားသည်။ သူ လက်ချောင်းကို ဝှေ့ယမ်းလိုက်စဥ် ရက်စက်ကြမ်းကြုတ်သောအမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာ၏။

မိုးပြာရောင်ဓားက လေကို ထက်ပိုင်းပိုင်းရင်း မန်ဟို့ထံသို့ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ပြေးဝင်လာသည်။

ဤတိုက်ကွက်သည် ချီအခြေတည်ခြင်းမဟာရပ်ဝန်းရှိ ကျင့်ကြံသူတစ်ယောက်၏ အစွမ်းထက်ဆုံးအကွက်များထဲကတစ်ကွက်ဖြစ်ပြီး ယီးကျန့်ဂိုဏ်း၏ အစွမ်းထက်ဆုံးပညာရပ်များထဲက တစ်ခုလည်းဖြစ်သည်။ လီအတွက် ဤအခြေအနေတွင် ၄င်းကို အသုံးပြုရန်မှာ သေစေလောက်သည်အထိ ထိုးနှက်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားသွားစေ၏။

"ငါ သားတော်ခုနစ်ပါးထဲမှာ နေရာတစ်နေရာရဖို့ ဒီမှော်ပညာကို သုံးမလို့ကြံထားတာ။ ဒီနေ့.... ငါ မင်းခေါင်းနဲ့ ဒါကို မိတ်ဆက်ပေးမယ်" ဓား ဝှီးခနဲ ပြေးဝင်လာစဥ် သူ၏အေးစက်သောအသံကြီး ပဲ့တင်ထပ်သွားသည်။ ဓားနှင့် ၄င်း၏သရဲပုံရိပ်ခုနစ်ခုက မန်ဟို့အပေါ်သို့ ထိုးဆင်းလာသည်။

မန်ဟို့မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

"မှော်ပညာရပ်တွေအရဆိုရင် ငါ အခုထိ မပြည့်စုံသေးဘူး....." သူက တစ်ယောက်တည်း တီးတိုးရေရွတ်သည်။ သူက ရုတ်တရက် လက်ကို ရှေ့တွန်းပို့လိုက်သည်။ ချက်ချင်းပင် အရာအားလုံး တုန်ခါလာပြီး လာနေသောဓားမှာ ရုတ်တရက် ရပ်သွားသည်။

ထို့နောက် မန်ဟိုက ရှေ့တစ်လှမ်းတိုးပြီး သူ့လက်ကို ဒုတိယအကြိမ် တွန်းထုတ်သည်။ ထို့နောက် တတိယအကြိမ်၊ စတုတ္ထအကြိမ်။ အကြိမ်တိုင်း သူက တစ်လှမ်းလှမ်းသည်။ ငါးချက်မြောက်ရောက်သော သူသည် ဓားအပေါ် ရောက်သွား၏။ ဧရာမပုံရိပ်ယောင်လက်ကြီးတစ်ဖက် မန်ဟို့အရှေ့တွင် ပေါ်လာသဖြင့် မြေငလျင်တို့ လှုပ်ခတ်လာသည်။ ၄င်းက ဓားထံ ဦးတည်သွား၏။

တစ်ချိန်တည်းမှာပင် မန်ဟို၏စိတ်ဝိညာဥ်အာရုံ ဝုန်းခနဲထွက်ပေါ်လာသည်။ သူ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်မှာတုန်းက သူ၏စိတ်ဝိညာဥ်အာရုံမှာ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူများကို တုန်လှုပ်စေနိုင်၏။ သို့သော် ယခု သူ့တွင် တာအိုမဏ္ဍိုင် နောက်တစ်ခုရှိပြီဖြစ်ရာ ပို၍ပင်အစွမ်းထက်သွားစေတော့သည်။ စိတ်ဝိညာဥ်အာရုံက ဧရာမပုံရိပ်ယောင်လက်ကြီးဖြင့် တစ်သားတည်းဖြစ်သွားသည်။ လက်ကြီး မိုးပြာရောင်ဓားကို ဝင်တိုက်သွားသောအခါ ဘန်းခနဲအသံကြီး မြည်ဟည်းသွား၏။

မိုးပြာရောင်ဓား တုန်ခါသွားသည်။ ၄င်းကို ဝန်းရံလျက်ရှိသည် သရဲပုံရိပ်တစ်ခုပြီးတစ်ခု ဖောက်ခနဲ ပျောက်ကွယ်ကုန်သည်။ ဤအရာအားလုံး ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း တခဏအတွင်းဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ဓား၏သရဲပုံရိပ်များ လွင့်စဥ်ပျောက်ကွယ်ကုန်ပြီး ဓားမျက်နှာပြင်ပေါ်တွင် အက်ကြောင်းများထလာသည်။

ပုံရိပ်ယောင်လက်ကြီးက ဓားကိုဖြတ်၍ လီထံဆက်လက်ပြေးဝင်သွားသည်။ သူ့အတွက် ရှောင်တိမ်းရန် နည်းလမ်းမရှိသောကြောင့် ၄င်းကာ သူ့ခန္ဓာကိုယ်သို့ တည့်တည့်ဝင်တိုက်သွားတော့သည်။

သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့မှာ မျက်နှာဖြူဆုပ်လျက် နောက်ယိုင်သွားသည်။ မန်ဟို၏ ငါးလှမ်းမြောက်ခြေလှမ်းက သူ့ကို မိုးပြာရောင်ဓားဘေးသို့ ရောက်သွားစေသည်။ သူက လှမ်းပြီး ၄င်းကို နင်းချလိုက်သည်။

အက်ကွဲသံတစ်သံ ထွက်လာပြီး ဓားကား..... နှစ်ပိုင်းတိတိ ကျိုးသွားတော့သည်။

"ခင်ဗျားရှုံးပြီ.....အခုပေးတော့" မန်ဟိုက ပြောသည်။ သူက အင်္ကျီလက်စကို ခါကာ မိုးပြာရောင်ဓားအား လီ၏ခြေထောက်ရှေ့သို့ ပျံသန်းဆင်းသက်သွားစေသည်။ လီ၏မျက်နှာမှာ လူသေကောင်သဖွယ် ဖြူဆုပ်နေပြီး သူက နောက်ထပ်သွေးတစ်ပွက်အန်လိုက်သည်။ သူ၏ချီမှာ အားနည်းသွားဟန်တူသည်။ သူက မန်ဟို့ကို မယုံကြည်နိုင်မှုများ၊ ခါးသီးနာကြည်းမှုများဖုံးလွှမ်းနေသောမျက်နှာဖြင့် ကြည့်သည်။

သူ....ရှုံးနိမ့်ခဲ့လေပြီ။

***

All Chapters