စုန့်မျိုးနွယ်စုတွေ့ဆုံပွဲ
Vol. 14 Ch. 185
တိုက်ခိုက်ရေးကွင်း၏အပြင်ဘက်တွင် တိတ်ဆိတ်မှုက မင်းမူလျက်ရှိသည်။ ယီးကျန့်ဂိုဏ်းသားရာပေါင်းများစွာ မန်ဟိုကို မယုံနိုင်စွာ ကြည့်နေကြသည်။ စက္ကန့်များ တစ်ချက်တစ်ချက်ကုန်ဆုံးသွားသည်နှင့် သူတို့၏မျက်လုံးများတွင် ပြင်းထန်သောအကြောက်တရားများဖြင့် ပြည့်နှက်လာသည်။
ကျင့်ကြံခြင်းကမ္ဘာတွင် အစွမ်းထက်သူကို ရိုသေလေးစားရ၏။ မန်ဟိုသည် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်တွင် ဖြစ်သော်လည်း ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်၏မဟာစက်ဝန်းကို နှိမ်နင်းသော ကျွမ်းကျင်ပိုင်နိုင်မှုက လူတိုင်းကို နက်နက်နဲနဲအထင်ကြီးသွားစေသည်။ သူတို့၏အကြောက်တရားသည် လေးစားမှုအဖြစ်ပြောင်းသွား၏။ မန်ဟို့အတွက် လေးစားမှု။
ဘယ်သူမှ ဘာမှမပြောပေ။ သူတို့က သူ ရှက်ကိုးရှက်ကန်းအသွင်နှင့် တိုက်ခိုက်ရေးကွင်းမှ ထွက်ပြီး ချန်ဖန်းဆီ ပြန်လျှောက်သွားသည်ကို ကြည့်နေကြသည်။
ချန်ဖန်းမှာ သူ့ကို ပါးစပ်အဟောင်းသားနှင့် အချိန်အတော်ကြာ ငေးကြည့်နေ၏။ ထို့နောက် အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာပြီး စရယ်တော့သည်။ သူ့ရယ်သံက တိတ်ဆိတ်မှုကို ဖြိုခွဲပြီး ချက်ချင်းပွက်လောရိုက်သွားစေသည်။
"အဲ့ဒီလူက ဘယ်သူလဲ"
"သူက ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်ဆိုပေမယ့် ချီအခြေတည်ခြင်းမဟာစက်ဝန်းအဆင့်ကို တကယ်အနိုင်ယူနိုင်တယ်။ ဒီကျင့်ကြံခြင်းအခြေခံ..... ဒီစွမ်းအားမျိုးနဲ့ ....... သူက အညတရမဖြစ်နိုင်ဘူး"
"သူက....... တာအိုကလေးတစ်ယောက်နီးနီးပဲ။ သူစောစောက အသုံးပြုလိုက်တဲ့ မှော်ပညာက အတော်လေးရင်းနှီးသလိုရှိတယ်။ ကြည့်ရတာတော့ ချင်းလော်ဂိုဏ်းရဲ့ တိမ်နက်ရိုက်ချက် ၁၉ ချက်အတိုင်းပဲ......"
ဆွေးနွေးငြင်းခုံသံများ ပဲ့တင်ထပ်လာသည်။ ကျိုးရှန်ယွဲ့မှာ သွေးမရှိတော့သောမျက်နှာဖြင့် နောက်သို့ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားသည်။ သူက ခေါင်းစောင်းပြီး ပထမဆုံးအကြိမ် မန်ဟို့ကို စူးစူးစိုက်စိုက်ကြည့်သည်။ ယခင်က ချန်ဖန်းသာလျှင် အာရုံအထားသင့်ဆုံးသောတစ်ယောက်ဖြစ်သည်ဟု သူ တွေးခဲ့သည်။ သူ၏မျက်လုံးများမှာ အဆိပ်ပြင်းသော အမျက်ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။
"မင်း ရွံစရာကောင်းတဲ့ အရှုက်မရှိတဲ့ အမှိုက်ကောင်။ ကလစ်ကကျစ်။ မင်း မင်းရဲ့ကျင့်ကြံခြင်းအခြေခံစွမ်းအားကို သိရဲ့သားနဲ့ အားနည်းချင်ယောင်ဆောင်တယ်။ မင်းက ဒီတိုက်ပွဲကို စိန်ခေါ်မယ့်ရည်ရွယ်ချက်ကြောင့် အရှေ့ကတိုက်ပွဲတွေကို ရှောင်ခဲ့တာပဲ။ မင်းရဲ့ ကောက်ကျစ် ယုတ်မာမှုက အဆုံးမရှိဘူး" ကျိုးရှန်ယွဲ့ အံကြိတ်ပြီး ဆဲဆိုနေစဥ် သက်လတ်ပိုင်းလီမှာ တိုက်ခိုက်ရေးကွင်းထဲတွင် မျက်နှာဖြူဖျော့လျက် ရှိနေဆဲဖြစ်သည်။ သူက မုန်းတီးခြင်းနှင့် အခြားစိတ်ခံစားချက်များရောထွေးနေသော အမူအရာနှင့် မန်ဟို့ကို ကြည့်ရင်း ခါးသက်သက်ရယ်လိုက်သည်။
သူ ယခုထက်ထိ နားမလည်သေးပေ။ သိသာစွာပင် သူ့မှာ ကစားခံခဲ့ရခြင်းဖြစ်သည်။ သူသည် အခြေအနေကို အပြည့်အဝထိန်းချုပ်နိုင်ပြီဟု ထင်ခဲ့သည့်တိုင် သူ့ပြိုင်ဘက်က သူ့ကို အသာလေးလှည့်စားသွားလေသည်။
ထို့နောက် သူ့မှာ လောင်းကြေးထားသည့် သူ့အပိုင်ပင် မဟုတ်သော ဝိညာဥ်ကျောက်တုံးများကို တွေးမိသွားသည်။ သူသည် ၄င်းတို့ကို အနီးနားရှိ ပညာသင်ဖက်ဂိုဏ်းအဖွဲ့ဝင်များမှ ချေးငှားခဲ့ပြီး အကုန်လုံး အတိုးနှင့်တကွ ပြန်ပေးရဦးမည်ဖြစ်သည်။ သူ့မျက်နှာကား ပို၍ပင်ဖြူဆုပ်သွားသည်။
မန်ဟိုက ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။ သူက ရှက်ကိုးရှက်ကန်းပြောသည်။ "ခင်ဗျားတို့က တိုက်ခိုက်ဖို့ပြောတဲ့လူတွေနော်" ကျိုးရှန်ယွဲ့ တစ်ကိုယ်လုံးတုန်သွားသည်။ သူက အင်္ကျီလက်စတစ်ချက်ခါရင်း သူ့စကားပြန်ရုပ်သိမ်း၍ ကျောက်စိမ်းလည်ဆွဲမပေးဘဲ ထွက်သွားရန် လှည့်လိုက်သည်။
ချန်ဖန်းက အေးစက်စက်နှာမှုတ်သည်။ "ဂိုဏ်းတူညီနောင်ကျိုး" သူက အေးစက်စက်ပြောသည်။ "လောင်းကြေးက ဘာမှမဟုတ်ပေမယ့် ယီးကျန့်ဂိုဏ်းရဲ့ဂုဏ်သိက္ခါကတော့ အရာအားလုံးပဲ။ ခင်ဗျား ပြောပြီးစကားပြန်ရုပ်သိမ်းတယ်လို့တော့ မပြောနဲ့နော်" ချက်ချင်းပင် ပတ်ဝန်းကျင်ရှိကျင့်ကြံသူအားလုံး၏မျက်လုံးများ ကျိုးရှန်ယွဲ့အပေါ် ကျရောက်လာသည်။
သူတို့အားလုံးသည် ယီးကျန့်ဂိုဏ်းသားများဖြစ်၏။ သူတို့သည် ကျွမ်းကျင်မှုအရ အခြားသူများနှင့် မယှဥ်ရင် မယှဥ်နိုင်မည်။ သို့သော် သမာသမတ်ကျသော အပြုအမူ၊ အပြောအဆို၏ အရေးပါမှုမှာ သူတို့ဂိုဏ်းကို ဝင်ရောက်သည့်အခိုက်အတန့်ကတည်းက သူတို့၏စိတ်နှလုံးထဲသို့ ရိုက်ထည့်ခံခဲ့ရသည်။ စကားတစ်လုံးကိုပင် ချိုးဖောက်၍မရပေ။
ကျိုးရှန်ယွဲ့ သူ့အပေါ်ကျရောက်နေသော ပညာသင်ဖက်ညီအစ်ကိုများ၏ မျက်လုံးရာပေါင်းများစွာကို ခံစားနေရသဖြင့် မျက်နှာကြီးအရုပ်ဆိုးသွားသည်။ သူက မြေကြီးအပေါ် ဒေါသတကြီးခြေဆောင့်နင်းလိုက်သည်။ သူ့မှာ ရင်နာနာဖြင့် သက်စောင့်ကျောက်စိမ်းလည်ဆွဲကို ချွတ်ပြီး မန်ဟို့ထံ လှမ်းပစ်လိုက်သည်။ သူ၏သွေးစက်တစ်စက်ကိုလည်း ပစ်ပေးသည်။
သူက ဒေါသမီးတဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မန်ဟို့ကို စိုက်ကြည့်သည်။ သူသာ သတ်နိုင်လျှင် မန်ဟို့ကို အကြိမ်ပေါင်းများစွာ သတ်ပစ်မည်ဖြစ်သည်။ နောက်ဆုံး၌ သူ၏ခန္ဓာကိုယ်သည် အဝေးသို့ထွက်သွားသော အလင်းတန်းအသွင်ပြောင်းသွားတော့သည်။
မန်ဟိုက ခပ်ဖွဖွချောင်းဆိုးလိုက်ပြန်သည်။ ထိုအကြည့်များက သူ့အတွက် မစိမ်းသည့်အပြင် တကယ်တမ်း အသားပင်ကျနေလေပြီ။ သူ၏ စိတ်အားထက်သန်သောအကြည့်က လီ၏ သိုလှောင်အိတ်ပေါ် ကျရောက်သွား၏။ အထဲတွင် လောင်းကြေးထပ်ထားသော ဝိညာဥ်ကျောက်တုံးသောင်းပေါင်းများစွာ ရှိလေသည်။
ဖြူဖျော့နေသောမျက်နှာနှင့် လီမှာ သူ၏ပညာသင်ဖက်ညီအစ်ကိုများကို မည်သို့ပြန်ပေးရမည်လဲ မစဥ်းစားမိဘဲ မနေတော့ပေ။ ထို့နောက် သူ တကယ်တမ်း လူရာပေါင်းများစွာအပေါ် အကြွေးမည်မျှတင်နေကြောင်း တွေးလိုက်သည်နှင့် သူ၏အမြင်အာရုံဝေဝါးသွားတော့သည်။
ချန်ဖန်းက ယဥ်ကျေးမနေတော့ဘဲ လျှောက်လာပြီး သိုလှောင်အိတ်ကို လှမ်းဆွဲလိုက်သည်။ လီက သူ့ကိုမတားပေ။ သူ့မှာ ခပ်ယဲ့ယဲ့သာ ပြုံးနေနိုင်သည်။ ချန်ဖန်း လှည့်ပြီး ပြန်လျှောက်လာတော့မည်အချိန် မန်ဟိုက ချောင်းဟန့်လိုက်ပြန်သည်။
"အစ်ကိုကြီး ဝိညာဥ်ကျောက်တုံးတစ်သောင်းတန်တဲ့ ဓားတစ်လက်လဲရှိသေးတယ်" မန်ဟို ထိုအခြင်းအရာကို အမှန်တကယ် မေ့နိုင်မည်လား။ သူ ဝိညာဥ်ကျောက်တုံးများအား မည်မျှ ဂရုစိုက်ပြီး ဂိုဏ်းတစ်ဂိုဏ်းထံ ဝင်ရောက်လိုစိတ်ကို ထည့်တွက်လျှင် သူ အခြားအရာများကို မေ့ကောင်းမေ့နိုင်မည်။ သို့သော် ဝိညာဥ်ကျောက်တုံးများနှင့်ပတ်သက်လျှင်တော့ ဘယ်တော့မှ မမေ့နိုင်ပေ။
"ဓား" ချန်ဖန်းက လက်ဆန့်ထုတ်ရင်း ဖြူဆုပ်နေသောမျက်နှာနှင့် လီကို ပြောသည်။
လီမှာ ခါးသီးနေသောမျက်နှာထားဖြင့် ဓားကို ထုတ်သည်။ သူ့နှလုံးသား နာကျင်နေပြီး နှစ်ပိုင်းစုတ်ဖြဲခံနေရသကဲ့သို့ ခံစားနေရသည်။ သူက ၄င်းကို ချန်ဖန်းကို ကမ်းပေးပြီး သူ၏မျက်နှာထားအရ သူ့အချစ်ကလေးကို လက်လွှဲပေးနေရသည့်အလားပင်။
သူက မန်ဟိုကို သတ်ဖြတ်တော့မတတ် စိန်းစိန်းဝါးဝါးကြည့်ပြီး သူ့မျက်လုံးများထဲက မုန်းတီးနာကြည်းမှုသည် အားကောင်းသထက် အားကောင်းလာ၏။
"အရှက်ကိုမရှိဘူး" သူက အံတင်းတင်းကြိတ်ရင်း ပြောသည်။ သူက အင်္ကျီလက်စကိုခါပြီး လှည့်ထွက်သွားသည်။
ချန်ဖန်းက အေးစက်စက်နှာမှုတ်ပြီးနောက် အနိုင်ရသောလောင်းကြေးများသယ်၍ မန်ဟိုနှင့်အတူ ခပ်သုတ်သုတ်ထွက်သွားတော့သည်။ သူတို့သည် ပြုံးဖြီးနေသောမျက်နှာများဖြင့် အိမ်ပြန််သွားကြ၏။
"ညီလေး၊ ငါတို့ဒီတစ်ကြိမ်တော့ နိုင်ပြီ။ ဒါပေမယ့် နောက်တစ်ကြိမ်ကျရင်" သူက အလေးအနက်တိုက်တွန်းသည်။ "မင်း ဒီလိုလုပ်လို့မဖြစ်ဘူး။ ဒါအရမ်းအန္တရာယ်များတယ်။ ပြီးတော့ အခု မင်း သူတို့ မင်းကို ဘယ်အချိန် ပြန်ကလဲ့စားချေမလဲ စိုးရိမ်ရတော့မယ်"
မန်ဟိုက ချန်ဖန်း သူ့အတွက် စိုးရိမ်ပေးနေခြင်းသာဖြစ်ကြောင်း သိသဖြင့် ခေါင်းညိတ်လိုက်သည်။ သူက အပြုံးတစ်ခုဖြင့် ပြောသည်။ "အစ်ကိုကြီး၊ ကျွန်တော် ဝိညာဥ်ကျောက်တုံးတွေ ယူပြီး အစ်ကိုကြီးက ကျောက်စိမ်းလည်ဆွဲကို သိမ်းထားရင်ကော"
ချန်ဖန်းက တခဏ စဥ်းစားပြီးနောက် ပြန်ဖြေသည်။ "ရတယ်၊ ငါမလိုဘူးး။ မင်းယူလိုက်။ မင်းအစ်ကိုကြီးပြောတာနားထောင်။ မင်းဒါတွေအားလုံးယူလိုက်။ ဒါက ငါ့ဂိုဏ်းဆိုတော့ ငါလိုတာမှန်သမျှအကုန်ရှိတယ်။ ကျောက်စိမ်းလည်ဆွဲကိုတော့.... ဒီလိုဆိုဘယ်လိုလဲ။ မင်းဒါကိုယူထား။ ဒါပေမယ့် ဆရာတံခါးပိတ်ကျင့်ရာက ပြန်ထွက်လာရင် ပြန်ပေးလိုက်။ မင်း နောက်ဆုံး ဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာမှာပဲ မဟုတ်လား"
မန်ဟိုက ကျောက်စိမ်းအား ယူရန် သူ့ကိုနားချသော်လည်း ချန်ဖန်းမှာ တိုက်ရိုက်မငြင်းဆန်သည့်တိုင် အလိမ္မာနည်းဖြင့် ငြင်းပယ်နေသည်။ နောက်ဆုံး၌ မန်ဟို လောင်းကြေးအားလုံးကို အတူစုသိမ်းလိုက်ချိန် ချန်ဖန်းက သေရည်အနည်းငယ် ထပ်ထုတ်သည်။ ညီအစ်ကိုနှစ်ယောက်သား မှီခိုရာဂိုဏ်းအကြောင်း ပြန်ပြောရင်း ထိုင်သောက်နေကြလေသည်။
ရက်အနည်းငယ်ကုန်ဆုံးသွားပြီး ချန်ဖန်း၏ဆရာမှာ ဆက်လက်တံခါးပိတ်ကျင့်ကြံနေသည်။ စုန့်မျိုးနွယ်စု၏ စားသောက်ပွဲနေ့ရက်သည် တဖြေးဖြေးနီးကပ်လာ၏။ နောက်ဆုံး တစ်မနက် မိုးသောက်ယံတွင် ခေါင်းလောင်းသံများ ယီးကျန့်ဂိုဏ်းတစ်ဂိုဏ်းလုံး ပြည့်နှက်သွားသည်။
တောင်ခြေတွင် တားမြစ်မန္တန်များဖြင့် ဖုံးလွှမ်းနေတတ်သော မြေတစ်ကြောရှိသည်။ လောလောဆယ်တွင် အရပ်မျက်နှာအသီးသီးမှ လူအများ ဤနေရာသို့ ပျံသန်းလာနေကြသည်။
မန်ဟိုလည်း ချန်ဖန်းဘေးတွင် ပျံသန်းနေရင်း သူတို့အထဲတွင် ဖြစ်သည်။
သူချဥ်းကပ်လာစဥ် မန်ဟို ပထမဆုံးသတိထားမိလိုက်သည့်အရာမှာ ကျောက်တိုင်ကိုးတိုင်ခြံရံလျက်ရှိသော ဧရာမ နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကြီးတစ်ခုပင်။ ၄င်းထံမှ မလှမ်းမကမ်းတွင် ခဲရောင်ဝတ်ရုံနှင့် အဘိုးကြီးတစ်ယောက် တင်ပျဥ်ခွေလျက် မလှုပ်မယှက်ထိုင်နေသည်။
"အဲ့တာ ဝင်ပေါက်စောင့်ရှောက်သူပဲ" ချန်ဖန်းက တိုးတိုးပြောသည်။ "သူရဲ့တစ်ခုတည်းသောအလုပ်က နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို စောင့်ရှောက်ပေးနေဖို့ပဲ" မန်ဟိုက ဝင်ပေါက်နှင့် ပတ်ဝန်ကျင်ကို အကဲခတ်ရင်း ခေါင်းညိတ်လိုက်သည်။
ချန်ဖန်းနှင့် သူ့အပြင် အခြားလူသုံးယောက်ရှိသည်။ သူတို့အားလုံးက ယီးကျန့်ဂိုဏ်း၏ တာအိုဝတ်ရုံများကို ဝတ်ဆင်ထားပြီး ကျောတွင် ဓားကြီးများလွယ်ထားကြသည်။ သူ သူတို့ကို ကြည့်သောအခါ သူတို့က ပြန်ကြည့်ပြီး သူ့ကို ခေါင်းညိတ်ပြကြသည်။
မန်ဟိုက ပြုံးရင်း သူတို့ကို လက်ယှက်အရိုအသေပေးလိုက်သည်။ သူတို့က သူ့ကို ပြန်ပြုံးပြသည်။
မည်သည့်စကားမှမပြောသည့်တိုင် သူမည်သူဆိုသည်ကို သူတို့သိကြောင်း မန်ဟိုပြောနိုင်သည်။ သိသာစွာပင် လီနှင့်သူ၏ပြိုင်ပွဲက အရင်ရက်များတစ်လျှောက်လုံး ယီးကျန့်ဂိုဏ်းတွင် သူ့ကို နာမည်ကြီးနေစေခဲ့သည်။
အချိန်များ ကုန်ဆုံးသွားပြီး လူများထပ်ရောက်လာကြသည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာပြီးနောက် လူဆယ့်ရှစ်ယောက်ခန့်ရှိနေလေပြီ။ သူတို့တစ်ယောက်မှ အသက်သိပ်မကြီးကြပေ။ အများစုက သုံးဆယ်ဝန်းကျင်ဖြစ်ပြီး တချို့က နှစ်ဆယ်ဝန်းကျင်ဖြစ်ပုံရသည်။
သူတို့သည် တက်ကြွဖျတ်လက်မှုများဖြင့် ပြည့်နှက်နေပြီး အတိုင်းထက်အလွန် ကြည့်ကောင်းကြသည်။ ထိုမျှသာမက အားလုံးမှာ ချီအခြေတည်အဆင့်ဖြစ်ကြပြီး နှစ်ယောက်ဆိုလျှင် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ဖြစ်သည်။
သူတို့ရောက်လာကြစဥ် တစ်ယောက်ချင်းစီတိုင်း မန်ဟို့ကို ကြည့်သွားတတ်ကြသည်။ တချို့က သူ့ကို ခေါင်းညိတ်ပြသော်လည်း တချို့က အဖက်မလုပ်ကြပေ။
"မကြာခင် အကြီးအကဲဖန် ရောက်လာလိမ့်မယ်" ချန်ဖန်းက တီးတိုးပြောသည်။ "သူက ငါတို့တွေကို နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကနေ စုန့်မျိုးနွယ်စုဆီ ဦးဆောင်ခေါ်သွားပေးလိမ့်မယ်။ မင်းအစ်ကိုကြီးကတော့ မင်းအတွက် ချစ်သူရအောင် ကြိုးစားပေးတော့မယ်ကွာ" သူက ခပ်တိုးတိုးရယ်လိုက်သော်လည်း သူ့အမူအရာက အလွန်လေးနက်နေ၏။
မန်ဟို တံတွေးမနည်းမြိုချလိုက်သည်။ ဤသည်မှာ ချန်ဖန်း ဒုတိယအကြိမ် ထိုကိစ္စကို အစဖော်ခြင်းဖြစ်သည်။ မန်ဟိုမှာ ဤ စုန့်မျိုးနွယ်စု ခရီးနှင့်ပတ်သက်၍ ထူးဆန်းသောခံစားချက်တစ်ခုရနေတော့သည်။
အချိန်တချို့ကုန်လွန်သွားပြီး မကြာခင် မီတာဒါဇင်အနည်းငယ်ကျယ်သော အလင်းတန်းတစ်တန်း ကောင်းကင်တွင် ပေါ်လာသည်။ တခဏအတွင်း ၄င်းက သူတို့ထံရောက်လာပြီး ပွရောင်းရောင်းတာအိုဝတ်ရုံဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်ပေါ်လာသည်။ သူ့မျက်နှာမှာ နီမြန်းနေပြီး သူ့တွင် တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူနေသော ဆံပင်ရှည်များရှိသည်။ သူက သေရည်ထည့်သော ဘူးသီးခြောက်တစ်လုံး ပိုင်ထားပြီး နက်မှောင်နေသော ဓားတစ်လက်ကို ကျောတွင်လွယ်ထားသည်။
သူ့တွင် နှာခေါင်းပွပွကြီးရှိပြီး သူ့တစ်ကိုယ်လုံးမှာ အရက်နံ့များမွှန်ထူလျက်ရှိသည်။ သူ့ဝတ်ရုံမှာ တွန့်ကြေပြီး ဖရိုဖရဲဖြစ်နေသည်။ သူက အေ့ခနဲ လေချဥ်တက်လိုက်သည်။
"ဂါဝရပြုပါတယ် အကြီးအကဲဖန်" ချန်ဖန်းနှင့်အခြားသူများက ချက်ချင်း လက်ယှက်အရိုအသေးပေးရင်း ပြောသည်။ မန်ဟိုလည်း ခေါင်းငုံ့ပြီး အရိုအသေပေးလိုက်သည်။
"ကောင်းပြီ ကောင်စုတ်လေးတွေ။ မင်းတို့ထဲက ဘယ်တစ်ယောက် စုန့်မိန်းကလေးနဲ့ လက်ထပ်ပြီး ယီးကျန့်ဂိုဏ်းရဲ့ဘိုးဘေးတွေအတွက် ဂုဏ်ကျက်သရေတွေ သယ်ဆောင်ပေးနိုင်တဲ့အထိ ကံကောင်းမလဲကြည့်ကြတာပေါ့....." အဘိုးကြီး၏ ထည်ဝါသောအသံကြီးကား ပဲ့တင်ထပ်လာရာ မန်ဟိုနှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေဟန်တူသည်။
သူက 'ဘိုးဘေးတွေဆီ ဂုဏ်ကျက်သရေတွေ သယ်ဆောင်ပေးနိုင်တဲ့အထိ' ဆိုသောစကားလုံးများအား ပြောသည့်အချိန် သူ့အသံမှာ အထူးသဖြင့် ကျယ်လောင်သွားသည့်အတွက် ခဲရောင်ဝတ်ရုံနှင့်လူကို မျက်လုံးများ ဖွင့်၍ ဖြေးညင်းစွာ ခေါင်းခါစေလိုက်သည်။ သူ့မှာ ထိုစကားက အတော််လေးမသင့်တော်ကြောင်းတွေ့သော်လည်း ဘာမှမပြောပေ။
"သူက သေချာပေါက် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူမဟုတ်နိုင်ဘူး" မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းရင်း တွေးသည်။
ချန်ဖန်းက ရှေ့တက်သည်။ သူက လေးစားသောဟန်ပန်ဖြင့် လက်ကို နောက်တစ်ဖန်မြှောက်ရင်း ပြောသည်။ "အကြီးအကဲဖန်၊ ဒါက ကျွန်တော့်အရင်ဂိုဏ်းက ဂိုဏ်းတူညီလေး....."
"သိပြီ။ ကိစ္စမရှိဘူး။ ငါတို့ပြန်ရောက်ရင် မင့်ဆရာရဲ့ သေရည်တစ်အိုးလောက် ဆွဲလာပေးဖို့မမေ့နဲ့" အဘိုးကြီးက ချန်ဖန်း ပခုံးကို ဆုပ်လိုက်သည်။ သူက မန်ဟို့ကို တစ်ချက်ကြည့်ပြီးနောက် နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထံ ခြေလှမ်းကြဲကြဲလျှောက်သွားသည်။
မန်ဟိုက တခဏ တွန့်ဆုတ်နေပြီးနောက် မေးသည်။ "အစ်ကိုကြီး၊ ဒီစုန့်မျိုးနွယ်စုဆီ ခရီးက....."
ချန်ဖန်းက အလောတကြီးပြန်ဖြေသည်။ "စုန့်မျိုးနွယ်စုက သမက်တစ်ယောက် ရှာဖွေမလို့ ဂိုဏ်းကြီးငါးဂိုဏ်းနဲ့ မျိုးနွယ်စုနှစ်စုကို အလည်လာဖို့ ဖိတ်ထားတာ။ ညီလေး မင်းမှန်မှန်ကစားရင် အခွင့်အရေးရလောက်တယ်။ မင်း ယီးကျန့်ဂိုဏ်းကို ဝင်ဝင်၊ စုန့်မျိုးနွယ်စုဝင်ဝင်၊ ဘာဖြစ်ဖြစ် မကြာခင် မင်းကျင့်ကြံအားထုတ်ဖို့ သင့်တော်တဲ့အခြေခံရတော့မယ်" သူက မန်ဟို၏အင်္ကျီစကို ဆွဲပြီး နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထံ ခေါ်သွားသည်။
မန်ဟိုမှာ ခဏချီတုံချတုံဖြစ်နေပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ "ယီးကျန့်ဂိုဏ်းကလူတွေ ဒီမှာဆိုတော့ ငါအသားဂျယ်လီကို ငါ့ပုံစံပြောင်းပေးအောင် အကူအညီတောင်းလို့မရဘူး။ ငါဖြစ်ချင်တဲ့အတိုင်း ဖြစ်မနေပါလား။ အာ ထားပါတော့ စုန့်မျိုးနွယ်စုဆီရောက်တာနဲ့ ထွက်သွားဖို့ ဆင်ခြေရှာရမယ်"
***