၀မ်တန်ဖေးနှင့် နောက်တစ်ဖန် ပြန်ဆုံတွေ့ခြင်း
Vol. 14 Ch. 186
စုန့်မျိုးနွယ်စုသည် တောင်ပိုင်းဒေသ၏မဟာမျိုးနွယ်စုသုံးစုထဲက တစ်စုဖြစ်ပြီး တည်နေရာအနေအထားအရ အတော်လေး သီးသန့်ခွဲထွက်လျက်ရှိသည်။ ၄င်းတွင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက တောင်ပိုင်းဒေသတွင် နက်နက်ရှိုင်းရှိင်းအမြစ်တွယ်ခဲ့သော သမိုင်းကြောင်းတစ်ခုရှိသည်။ ၄င်းသည် တောင်ကုန်းတောင်တန်းအနည်းငယ် နိမ့်ခြည်မြင့်ချည်သွယ်တန်းနေသော လွင်ပြင်တစ်ခု၏အစပ်နားတွင် တည်ရှိသည်။
သို့သော် လွင်ပြင်၏အရှေ့တောင်အရပ်တွင် မိုးကောင်းကင်၏လည်တိုင်ဆိုသော တောင်တန်းတစ်တန်းရှိသည်။ ၄င်းအောက်တွင် မြစ်တစ်စင်းသည် နိမ့်ရာမှမြင့်ရာသို့ စီးဆင်းနေပြီး ကောင်းကင်မှငုံ့ကြည့်လျှင် မိန်းမပျိုတစ်ယောက် လက်အပေါ်ခေါင်းတင်ထားသောအသွင်ရှိသည်။ ၄င်းကား အတော်လေးလှပပြီး ဆွဲဆောင်မှုရှိ၏။
စုန့်မျိုးနွယ်စုသည် တောင်စဥ်တန်းများ၏ထိပ်တွင် တည်ရှိသည််။ ၄င်းမှာ အခြားမျိုးနွယ်စုများနှင့် ကွဲပြား၏။ ၄င်း၏ပင်မဂိတ်သည် ရှေးဟောင်းရဲတိုက်တစ်တိုက်ဖြစ်ပြီး ပတ်ဝန်းကျင်ရှိတောင်များတောက်လျှောက် တွန့်လိမ်ကောက်ကွေးသွယ်တန်းနေသော ဧရာမတံတိုင်းကြီးတစ်ခုနှင့် ဆက်စပ်နေရာ အလွန်ခမ်းနားကြီးကျယ်သော မြင်ကွင်းတစ်ခုကို ဖန်တီးနေတော့သည်။
မြို့တော်ရဲတိုက်မှာမူ ပိတ်ပိတ်ပိန်းနက်မှောင်နေပြီး မဖော်ပြနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်နေသော ဧရာမတောရိုင်းသားရဲကြီးတစ်ကောင်အသွင်ရှိသည်။ ၄င်းကို ပထမဆုံးအကြိမ်မြင်လိုက်သည့် မည်သူမဆို စုန့်မျိုးနွယ်စုမှာ ရန်စရန်မဟုတ်ဟု စွဲမှတ်သွားစေမည်ဖြစ်သည်။
မြို့တော်ကို တောင်တန်းများ၏ အတက်အကျ၊ အနိမ့်အမြင့်အတိုင်း တည်ဆောက်ထားသော မြို့ငယ် (၈၁) မြို့ဖြင့် ဝန်းရံထားသည်။ မြို့တစ်မြို့စီတိုင်းသည် မျိိုးနွယ်ဝင်များဖြင့် လူနေထူထပ်လျက်ရှိ၏။
စုန့်မျိုးနွယ်စု၏အပေါ်တွင် လည်ပတ်နေသော ဧရာမနေနှင့်လကြီးရှိသည်။ အပြင်ဘက်ကမ္ဘာတွင် အမှောင်ထုကြီးစိုးသောအခါ နေက စုန့်မျိုးနွယ်စုအတွင်း အသျှံတညီးညီးတောက်ပလေသည်။ ၄င်း အပြင်ဘက်ကမ္ဘာတွင် ထွန်းလင်းတောက်ပပါက စုန့်မျိုးနွယ်စုတွင် လသာသည်။
ဤနေနှင့်လက စုန့်မျိုးနွယ်စု၏ အဖိုးထိုက်ရတနာတစ်ပါးဖြစ်သည်။
ဂိုဏ်းကြီးများနှင့် မဟာမျိုးနွယ်စုတိုင်းတွင် တန်ဖိုးကြီးသောရတနာတစ်မျိုး ပိိုင်ဆိုင်ကြ၏။ ဤနည်းဖြင့်သာ သူတို့၏အဆင့်အတန်းနှင့် ဂုဏ်ကျက်သရေမှာ အဓွန့်ရှည်တည်တံ့နိုင်သည်။
ဥပမာ ချင်းလော်ဂိုဏ်း၏ အမွှေးအိုးကြီးနှင့် ယီးကျန့်ဂိုဏ်း၏ ဧရာမဓားကြီး။ ၄င်းတို့အားလုံးက အဖိုးထိုက်ရတနာများဖြစ်ကြသည်။ စုန့်မျိုးနွယ်စုအတွက်မူ အပြင်ဘက်နှင့် မတူကွဲပြားသည့် ကမ္ဘာတစ်ခုအသွင်ပြောင်းပေးရင်း မျိုးနွယ်စုတစ်စုလုံးအား လွှမ်းမိုးထားသော အပေါ်ထက်ကောင်းကင်ရှိ နေနှင့်လဖြစ်သည်။
ဤရတနာကြောင့် နှစ်ပေါင်းများစွာကြာသည်အထိ စုန့်မျိုးနွယ်စုမှာ အပြင်ဘက်ရှိ ဂိုဏ်းများ၊ မျိုးနွယ်စုများနှင့် ပဋိပက္ခဖြစ်ပွားခြင်းမရှိဘဲ ဤမျှမြင့်မားသောအဆင့်အတန်းကို ကိုင်ဆောင်ထားနိုင်ခြင်း ဖြစ်တန်ရာသည်။ ၄င်းက ဇီယွင်ဂိုဏ်းကဲ့သို့ မခမ်းနားမကြီးကျယ်သလို၊ ကျင်းဟန်ဂိုဏ်းကဲ့သို့ မှော်ပညာရပ်အမြောက်အမြားမရှိပေ။ ချင်းလော်ဂိုဏ်းကဲ့သို့လည်း စာပေကျမ်းဂန်နှံ့စပ်မှုလည်းမရှိပေ။
မဟာမျိုးနွယ်စုသုံးစုအထဲ စုန့်မျိုးနွယ်စုမှာ အသိုသပ်ဆုံးဖြစ်သည်။ သူတို့၏တာအိုကလေးများက အံ့ဖွယ်ပညာရပ်များ ပြသခြင်းမရှိသလို၊ မျိုးနွယ်စုသည် ဂုဏ်သတင်းအတွက် ရုန်းကန်တိုက်ခိုက်ခြင်းလည်းမရှိပေ။ သို့သော် သူတို့တွင်ရှိသည်ကား နှစ်ပေါင်းများစွာ အထပ်ထပ်စုဆောင်းခဲ့သော အချက်အလက်များပင်။
သူတို့က အခြားသူများကို ရန်မစသလို၊ အခြားသူများကလည်း သူတို့ကို ရန်မစရဲပေ။
သူတို့သိမ်းပိုက်ထားသည့် တောင်တန်းများက အခြားသူများအား အလွန်လေးလေးနက်နက် အထင်ကြီးသွားစေသည်။ နောင်အနာဂတ်တွင် မယုံကြည်နိုင်ဖွယ်ပြောင်းလဲမှုကြီးတစ်ခု တောင်ပိုင်းဒေသကို ရိုက်ခတ်ခဲ့သည်ရှိသော် အခြားဂိုဏ်းများ၊ မျိုးနွယ်စုများ ပျက်စီးကောင်းပျက်စီးသွားမည်။ ကျန်ရစ်နိုင်သည့် တစ်ခုတည်းသောအဖွဲ့အစည်းမှာ စုန့်မျိုးနွယ်စုပင်။
သူတို့၏မထင်မရှားနေတတ်သည့်အဆင့်မှာ လူအများ သူတို့အကြောင်း ဘာမှမသိလောက်သည့်အထိဖြစ်သည်။ ဤအခြင်းအရာက တစ်ဖန် တုန်လှုပ်ချောက်ချားဖွယ်ရာ အာရုံတစ်ခုကို ဖန်တီးပေး၏။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာက စုန့်မျိုးနွယ်စုမှ စွန့်စွန့်စားစားထွက်လာခဲ့သည့် တစ်ဦးတည်းသောလူမှာ တောင်ပိုင်းဒေသရှိ လူတိုင်းသိသော လူထူးဆန်းစုန့်ဖြစ်သည်။ သူ့တွင် ထူးဆန်းသော ပင်ကိုယ်စရိုက်ရှိပြီး တောရိုင်းသားရဲများ စုဆောင်းရသည်ကို နှစ်ခြိုက်လေသည်။ သူ၏ရံဖန်ရံခါ အပျော်ခရီးထွက်ခြင်းက သူ့ကို အခြားဂိုဏ်း၊မျိုးနွယ်စုများဖြင့် ထိတွေ့ဆက်ဆံရန် အခွင့်အရေးအမြောက်အမြား ပေးလေသည်။
ဤအခိုက်အတန့်တွင် စုန့်မျိုးနွယ်မြို့တော်အတွင်း၌ အလင်းရောင်များ တဖျပ်ဖျပ်လျက်ရှိပြီး စုန့်မျိုးနွယ်စု၏ရိုးရာဓလေ့အတွက် ပြင်ဆင်နေကြသောလူအများဖြင့် ယောက်ယက်ခတ်နေသည်။
စုန့်မျိုးနွယ်စု၏ အမျိုးသမီးများမှာ အပြင်လူများအား လက်ထပ်ခွင့်မရှိပေ။ ထိုအစား အပြင်မှ ခင်ပွန်းတစ်ယောက် ရှာပြီး မျိုးနွယ်စုထဲ ဝင်ရောက်စေရမည်ဖြစ်သည်။ ထို့နောက် လက်ထပ်ပြီးသည်နှင့် သမက်အသစ်သည် စုန့်မျိုးနွယ်စု၏ သီးသန့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာမည်။
နှစ်ပေါင်းများစွာတစ်လျှောက် ဂိုဏအမြောက်အမြား စုန့်မျိုးနွယ်စုထံ ထိုးဖောက်ဝင်ရောက်လိုခဲ့ကြသည်။ သို့သော် ထူးဆန်းသော ရှေးမင်္ဂလာထုံးတမ်းအစဥ်အလာကြောင့် ထိုဂိုဏ်းများ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ သို့သော် စုန့်မျိုးနွယ်စုကတော့.....ကျန်ရှိနေသေးသည်။
အမှန်ပင် စီစဥ်မှုများနှင့်ပတ်သက်၍ အခက်အခဲများရှိလေသည်......
စုန့်ကျားသည် အဝေးကို ငေးကြည့်ရင်း ပြတင်းပေါက်ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ အပြင်ကမ္ဘာတွင် နေအလင်းရောင်များဖြင့် ဖုံးလွှမ်းနေသော်လည်း စုန့်မျိုးနွယ်စုအတွင်းတွင်တော့ ကောင်းကင်မှာ မှောင်မိုက်လျက်ရှိသည်။ လေညင်းတစ်ချက်က သူမမျက်နှာကို ပုတ်ခတ်သွားရာ သူမဆံနွယ်လေးများ မြောက်တက်သွားပြီး သူမ၏ပြစ်မျိုးမှဲ့မထင် အလှတရားလေး လှစ်ဟ ပေါ်ထွက်လာသည်။ ယခုအချိန်တွင် သူမမှာ ဝမ်းနည်းနေသောအသွင်လေးကို ဆင်မြန်းထားပြီး စိုးရိမ်သောကရောက်နေဟန်တူသည်။
သူမ၏စိုးရိမ်သောကမှာ စုန့်မျိုးနွယ်စု၏ မိန်းမသားတစ်ယောက်ဖြစ်ရသည့် ကံတရားကြောင့်ပင်။ သူမမှာ အကြောင်းပြချက်တစ်ခုတည်းကြောင့် စိတ်ဓာတ်ကျနေလေသည်။ သူမ ဘာမှမတတ်နိုင်သလို၊ ငြင်းဆန်ရန်ကလည်း အချည်းနှီးပင်။ စုန့်မျိုးနွယ်စု၏စည်းမျဥ်းများကို ဘိုးဘေးများက ချမှတ်ခဲ့သည့်အတွက် ပြောင်းလဲ၍မရပေ။
အမျိုးသမီးတစ်ယောက်၏ နူးညံ့ပျော့ပျောင်းသော အသံတစ်သံ သူမနောက်မှ ထွက်ပေါ်လာသည်။ "ငါတို့က တခြားဂိုဏ်းတွေ၊ မျိုးနွယ်စုတွေနဲ့ မတူဘူး။ စုန့်မျိုးနွယ်စုရဲ့မိန်းကလေးတစ်ယောက်အနေနဲ့ မင်းရဲ့သန့်စင်မှုကို ထာဝရထိန်းသိမ်းထားလို့မရဘူး။ မင်း အဲ့တာကို ပြောင်းလဲလို့မရသလို ငါလဲပြောင်းလဲလို့မရဘူး" အသံသည် စုန့်ကျားကို ကြင်ကြင်နာနာကြည့်နေသော သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်၏ အသံဖြစ်သည်။
စုန့်ကျားက ပြန်မဖြေ။
သို့သော် တခဏကြာသော် သူမခေါင်းညိတ်လိုက်သည်။ သူမခေါင်းထဲတွင် သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲမှ ပုံရိပ်များ အစီအရီထွက်ပေါ်လာသည်။ သူမ၏ သွေးဖီးနစ်ငှက်ကြီး သေဆုံးသွားသည်ကို ကူရာမဲ့စွာ ကြည့်နေခဲ့ရသည့်အချိန်ကို သူမသတိရလိုက်သည်။ သူမမှာ ၄င်း တစတစပျောက်ကွယ်သွားသည်ကို မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့်သာ ကြည့်နေနိုင်ခဲ့သည်။
"ဒါ ကျွန်မ ကံကြမ္မါပဲ ထင်ပါတယ်လေ" သူမမျက်နှာလေးမှာ ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေသည်။ ပင်ပန်းနွမ်းနယ်မှုက သူမ၏လှပတင့်တယ်ခြင်းကို ပျက်ယွင်းစေခြင်းငှာမစွမ်းနိုင်ပေ။ တကယ်တမ်း ၄င်းက နူးညံ့သောအလှတရားကို မွေးဖွားပေးလိုက်ပုံပင်ရသည်။
သူမနောက်က အမျိုးသမီးမှာ စုန့်ကျား၏ခံစားချက်ကို အာရုံရလိုက်သည်။ သူမက လျှောက်လာပြီး စုန့်ကျား၏လှပသော ဆံနွယ်ရှည်လေးများကို ပွတ်သပ်ပေးသည်။ "ဒါက ကံကြမ္မာ" သူမကပြောသည်။ "ဒါပေမယ့် ကံတရားမဟုတ်ဘူး၊ တာဝန်တစ်ရပ်။ တောင်ပိုင်းဒေသရဲ့စုန့်မျိုးနွယ်စုဆီက တာဝန်"
"တောင်ပိုင်းဒေသပျက်စီးခြင်း။ မျိုးနွယ်တစ်ရာစုဆောင်း။ သူတို့သွေးဆက်နဲ့ပေါင်းစည်း။ မိုးကောင်းကင်နန်းတော်ကို ရှောင်တိမ်း......" စုန့်ကျားသည် သူမငယ်ငယ်ကတည်းက လူများရွတ်နေသည်ကို ကြားခဲ့ရသော စကားလုံးများကို ရေရွတ်လိုက်သည်။ "ဒါပေမယ့် အဖေပြောတာတော့ တောင်ပိုင်းဒေသတစ်ခုလုံးမှာ သူ့ကို လုံးဝပျက်စီးစေနိုင်တဲ့စွမ်းအားမရှိဘူးတဲ့။ အရှေ့ဘက်နယ်မြေတွေဆီကလဲ အဲ့လိုမလုပ်ပေးနိုင်ဘူးတဲ့" သူမက သက်လတ်ပိုင်းအမျိုးသမီးကို လှည့်ကြည့်သည်။
"ဒါက ဟိုးရှေးအရင်ထဲက တည်ရှိခဲ့တဲ့ ဒဏ္ဍာရီတစ်ပုဒ်ဆိုတော့ အမေလဲ အဓိပ္ပာယ်ကို မသိဘူး"
ထို့နောက် အမေနှင့်သမီးသည် တခဏတိတ်ဆိတ်သွား၏။
ထိုအချိန် စုန့်မျိုးနွယ်စု၏အပြင်ဘက််တွင် နေသည် ကောင်းကင်သည် အရှိန်တညီးညီးတောက်ပလျက်ရှိသည်။ စုန့်မျိုးနွယ်စုအောက်က လွင်ပြင်များအပေါ်တွင် အသက်ဆယ်ရှိုက်တိုင်း ပြင်းအားတိုးလာနေသော အလင်းရောင်တစ်ခုထွက်ပေါ်လာသည်။ ထို့နောက် ၄င်းက တစတစမှေးမှိန်ပျောက်ကွယ်သွားရာ လူဆယ့်နှစ်ယောက်ကျော်ကျော်ထွက်ပေါ်လာသည်။
မန််ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး နှာခေါင်းကိုပွတ်လိုက်သည်။ သူ့၏ခန္ဓာကိုယ်မှာ နေရာရွှေ့ပြောင်းခြင်းအတွက် အမှန်တကယ် သင့်တော်ပုံမရပေ။ သူက ဝေ့ကြည်လိုက်ရာ အရှေ့တွင် အမှောင်ကမ္ဘာတစ်ခုတည်ရှိနေကြောင်း ချက်ချင်းသတိထားမိလိုက်သည်။ ဧရာမတောင်တန်းကြီး သွယ်တန်းနေပြီး ၄င်းအပေါ်တွင်ကား....လတစ်စင်း။
သူ့မှာ ဆန်းပြားသော မြင်ကွင်းကြီးကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
သူ့ဘေးတွင် ချန်ဖန်းက စိတ်လှုပ်တရှား သက်ပြင်းချလိုက်သည်။ "ငါတို့ အခု စုန့်မျိုးနွယ်စုရဲ့ပိုင်နက်ထဲမှာပဲ။ ငါ ဒီကိုပထမဆုံးရောက်ဖူးတာဆိုပေမယ့် စုန့်မျိုးနွယ်စုဘယ်လောက် အံသြစရာကောင်းလဲပြောတာ ကြားဖူးတယ်"
အဘိုးကြီးက ဘူးသီးခြောက်ကို မြှောက်ပြီး တစ်ကျိုက်မော့သည်။ ထို့နောက် သူက လေချဥ်တက်ပြီး အားရပါးရရယ်သည်။ သူ၏ရယ်သံ လေတွင်ပြည့်နှက်သွားပြီးနောက် စုန့်မျိုးနွယ်စု၏အမှောင်ထုအတွင်းမှ အလင်းတန်းပေါင်းများစွာ ထွက်လာကြသည်။
"ပွကြီး" ချဥ်းကပ်လာနေသော အလင်းတန်းများအတွင်းမှ အသံတစ်သံထွက်လာသည်။ ၄င်းက သိပ်ကျေနပ်ပုံမရပေ။ "ယီးကျန့်ဂိုဏ်းက ဘယ်လိုလုပ် ခင်ဗျားကို လွှတ်လိုက်တာလဲ။ ကျုပ် ဒီကနေတောင် ခင်ဗျားအရက်နံ့ရနေတယ်"
"လူထူးဆန်းစုန့်။ ကျုပ် ဘာလို့မလာနိုင်ရမှာလဲ။ ဒီတာအိုအဘိုးကြီးက မသေခင် အဝသောက်သွားမှာ" အဘိုးကြီးက ရုတ်တရက် လေပေါ်ပျံတက်လိုက်သည်။
မန်ဟို အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ 'လူထူးဆန်းစုန့်' ဆိုသော စကားလုံးများက သူ့ကို ဖြန်းခနဲကြက်သီးထသွားစေ၏။ သူက ကောင်းကင်ကိုမော့ကြည့်လိုက်ရာ အလင်းတန်းများအတွင်းရှိ စုန့်မျိုးနွယ်ဝင်များ၏ပုံရိပ်ကို မြင်သည်ဆိုရုံလေး မြင်လိုက်ရသည်။ သူတို့ထဲကတစ်ယောက်ကား မန်ဟိုတစ်ခါမှမမြင်ဖူးသော်လည်း ကျိုးပြည်က လူထူးဆန်းစုန့်ဖြစ်ကြောင်း ချက်ချင်းသိလိုက်သော အဘိုးကြီးတစ်ယောက်ဖြစ်သည်။
"ငါအခုလေးတင် ရောက်တယ် သူနဲ့ပက်ပင်းတိုးနေပါရော့လား" မန်ဟိုက တွေးသည်။ "ငါ ဒီမှာ အကြာကြီးနေလို့မဖြစ်ဘူး.....လူထူးဆန်းစုန့်သာ ငါဒီရောက်နေတာသိရင် နောက်ဆက်တွဲအကျိုးဆက်တွေက မတွေးရဲစရာပဲ....." မန်ဟို ထွက်သွားရန် ကြိုးစားတော့မည့်အချိန် ချန်ဖန်းက သူ့ကိုလှမ်းဆွဲသည်။
"ညီလေး မင်းမြင်လား။ အဲ့ဒီ အကြီးပိုင်းမျိုးဆက်ဝင်ရဲ့ နာမည်ကို ငါသေချာမသိပေမယ့် သူ့ကို လူထူးဆန်းစုန့်လို့ ခေါ်ကြတာကြားဖူးတယ်။ သူ့မှာ အရမ်းထူးဆန်းတဲ့ စရိုက်ရှိပြီးတော့ သားရဲရိုင်းတွေအများကြီးပိုင်ဆိုင်တယ်ပြောတယ်။ သူက အခြားဂိုဏ်းတွေနဲ့ တစ်ချိန်လုံး လောင်းကြေးထပ်ရတာလဲ ကြိုက်တယ်တဲ့......."
မန်ဟိုက သူ့ကို အားတင်းပြုံးပြရင်း ကြားဖြတ်ပြောသည်။ "အစ်ကိုကြီး၊ ကျွန်တော် တကယ်ဆက်မသွားနိုင်တော့ဘူး။ ကျွန်တော်......" မန်ဟို အပြောမဆုံးခင် ယီးကျန့်ဂိုဏ်းမှအဘိုးကြီးနှင့် လူထူးဆန်းစုန့်မှာ ရုတ်တရက်ကြီး တစ်ယောက်ကိုတစ်ယောက် အော်ဟစ်ပြောဆိုနေတော့သည်။
"ခင်ဗျားတို့ စုန့်မျိုးနွယ်စုတစ်စုလုံး သိပ်ကပ်စေးနှဲတာပဲ။ အပင်တစ်သောင်းတောင်မှာ ဆုလာဘ်အဖြစ် ပုလဲတစ်လုံးပဲရှိတယ်တဲ့လား။ အဲ့ဒီ ဖွတ်ပုလဲက ဘာကောင်းလို့တုန်း။ ကျုပ် ယီးကျန့်ဂိုဏ်းသားကလေးတွေ အဲ့ဆုလာဘ်လေးအတွက် တိုက်ခိုက်ရမယ်ပေါ့လေ။ လုံးဝပဲ"
" အဲ့တာက ကမ္ဘာပေါ်မှာရှိတဲ့ အပြင်းဆုံးအဆိပ်တွေကို ချေဖျက်ပေးနိုင်တဲ့ ကုဗပုလဲတစ်လုံးပဲ" လူထူးဆန်း စုန့်က ပြန်ဖြေသည်။ "စုန့်မျိုးနွယ်စုရဲ့ နေနဲ့လကနေ သန့်စင်ထားတဲ့ရတနာတစ်ပါး။ စုန့်မျိုးနွယ်စုရဲ့သမက်ကိုပဲ လက်ဆောင်အဖြစ်ပေးလို့ရတာ။ ခင်ဗျားလိုချင်ရင်တောင် မရနိုင်ဘူး။ ဒါ့အပြင် စုန့်မျိုးနွယ်စုရဲ့မိန်းကလေးတစ်ယောက်ကို ဘယ်ရတနာတွေကများ ယှဥ်နိုင်မှာလဲ။ ခင်ဗျားဘွားအေ။ ယီးကျန်းဂိုဏ်းက သမက်လောင်းအဖြစ်ရွေးချယ်ခံဖို့လာတာလား၊ ရတနာလာရှာတာလား"
ဤအခြင်းအရာကို ကြားသော် မန်ဟို့၏မျက်လုံးများ ဖျတ်ခနဲ လက်သွားသည်။ သူ့ဘေးတွင် ချန်ဖန်းမျက်မှောင်ကြုတ်သွား၏။
"ညီလေး မင်း ဒီကိစ္စကို တကယ်စဥ်းစားသင့်တယ်" သူက အလေးအနက်ပြောသည်။ "မင်း ဒီမှာ မိတ်ဆွေအများကြီးဖွဲ့နိုင်တယ်နော်။ လီဖူကွေ့လဲ ရောက်လာလိမ့်မယ်။ မင်းသူ့ကို မတွေ့တာကြာပြီလေ။ ဒါပေမယ့် မင်းသွားမှ ဖြစ်မယ်ဆိုရင်တော့ အစ်ကိုကြီးမတားပါဘူး"
မန်ဟိုက တခဏ ခေါင်းငုံ့စဥ်းစားနေပြီးနောက် ပြန်မော့ကာ ပြုံးပြသည်။
"ဟုတ်ကဲ့။ ကျွန်တော်ရောက်နေပြီဆိုမှတော့ ကြည့်ကြည့်တာကောင်းးမယ်"
ချန်ဖန်းက ပြန်ပြုံးပြသည်။ သူက မန်ဟို့ပခုံးကို ဖက်ပြီး စကားဆက်ပြောတော့မည့်အချိန် နောက်ထပ်အလင်းရောင်တစ်ခု ပေါ်ပေါက်လာသည်။ ၄င်းက ပြန့်ကားလာရာ လူထူးဆန်းစုန့်နှင့် ယီးကျန့်ဂိုဏ်းမှအဘိုးကြီးအပါအဝင်လူတိုင်းကို အာရုံစိုက်မိလိုက်စေသည်။
ဤသည်ကား ဝမ်မျိုးနွယ်စုမှလူများပင်။
အဖွဲ့သည် ယောကျ်ားမိန်းမရောနှောနေသည်။ သူတို့က ပေါ်လာပြီးနောက် ဝေ့ဝိုက်ကြည့်ပြီး သူတို့၏မျက်လုံးများသည် အထူးသဖြင့် စုန့်မျိုးနွယ်စုတည်ရှိသော အဝေးကတောင်တန်းထံ ရောက်သွားသည်။
ဤအဖွဲ့၏အရှေ့တွင် တည်ငြိမ်အေးဆေးသော မျက်နှာ အမူအရာဖြင့် အဘိုးအိုတစ်ယောက်ရှိသည်။ သူက လူထူးဆန်းစုန့်နှင့်ယီးကျန့်ဂိုဏ်းမှ အဘိုးကြီးကို မော့ကြည့်ရင်း ရှေ့လျှောက်လာသည်။
"တာအိုရောင်ရင်းဖန်" သူကပြောသည်။ "ခင်ဗျား မြန်မြန်ရောက်လာတာပဲ။ စုန့်မျိုးနွယ်စုရဲ့သေရည်နံ့ရလို့ အခြားသူတကာထက် မြန်မြန်ရောက်လာတာများ ဖြစ်နိုင်မလား"
အကြီးအကဲဖန်က ရယ်ပြီး တစ်ကျိုက်မော့လိုက်သည်။ "ကျုပ် အဲ့လောက်မမြန်ပါဘူး။ အနည်းဆုံးတော့ တာအိုရောင်ရင်းဝမ် ပြန်လည်မွေးဖွားခြင်းဂူမှာတုန်းကလောက်မမြန်ပါဘူး။ အမြန်နှုန်းနဲ့ ခင်ဗျားနောက်ဆုတ်လိုက်တဲ့အလှတရားဟာရင် အံမခန်းပါပဲဗျာ"
ဝမ်မျိုးနွယ်စုမှ အဘိုးအိုက ပြုံးသည်။ သူက ဘာမှပြန်မပြောသော်လည်း လက်ယှက်ပြီး လူထူးဆန်းစုန့်ကို မဆိုစလောက် ဦးညွှတ်လိုက်သည်။
သူ့အနောက်တွင် ဝမ်တန်ဖေးအပါအဝင် ဝမ်မျိုးနွယ်စု၏ အမျိုးမျိုးသောအဖွဲ့ဝင်များဖြစ်သည်။ သူက အေးစက်သောမျက်နှာထားနှင့်အတူ အဖြူရောင်ဝတ်ရုံတစ်စုံ ဝတ်ဆင်ထားပြီး မဆိုစလောက်မျက်မှောင်ကြုတ်နေ၏။ သူသည် အရေးကြီးသောအရာတစ်ခုခုတွေးနေဟန်တူသည်။ သူ၏ပုံပန်းသွင်ပြင်မှာ ချောမောခန့်ညားပြီး သူ၏အနေအထားကား ပြီးပြည့်စုံသည်။ အရာအားလုံးက အတူတကွပေါင်းစည်းကာ သူ့အား ပြစ်ချက်ကင်းသောအငွေ့သက်တစ်ခုပေးနေချေသည်။
သူ့ဘေးတွင် ရပ်နေသူက ဝမ်ချီဖန်းဖြစ်သည်။ စုန့်မျိုးနွယ်စုတောင်တန်းများကို ကြည့်နေစဥ် သူ၏အမူအရာမှာ ထောင်လွှားမောက်မာလျက်ရှိသည်။ ထို့နောက် သူ့အကြည့်သည် ယီးကျန့်ဂိုဏ်းမှ အဖွဲ့ထံရောက်လာ၏။ မန်ဟို့ကို မြင်သောအခါ သူမျက်မှောင်ကြုတ်သွားသည်။
"သူ့ကိုရင်းနှီးသလိုပဲ....." မန်ဟိုမည်သူဖြစ်ကြောင်းမမှတ်မိခင် သူအကြည့်က တခြားရောက်သွားသည်။ သို့သော် ဤအခိုက်အတန့်တွင် ဝမ်တန်ဖေး၏အံသြသင့်နေသော မျက်လုံးများ မန်ဟို့အပေါ်ကျရောက်လာသည်။ မယုံကြည်နိုင်သောအရိပ်အယောင်တစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာ၏။
မန်ဟိုက သူ့ကို ပြန်ကြည့်သည်။ သူတို့သည် မတူညီသောအဖွဲ့နှစ်ဖွဲ့တွင်ဖြစ်ပြီး တစ်ယောက်ထံမှတစ်ယောက် မီတာရာပေါင်းများစွာ ကွာဝေးသည့်တိုင် မမှိတ်မသုန်ကြည့်နေကြဆဲပင်။
မှီခိုရာဂိုဏ်းက နေ့ရက်များအတိုင်းဖြစ်သည်။
***