← Chapters

ဟန်ကျနေသော ဖက်တီး

Vol. 14 Ch. 187

ဟန်ကျနေသော ဖက်တီး

Vol. 14 Ch. 187

"မန်ဟို" ဝမ်တန်ဖေးက လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်တစ်ခုဖြင့် ချက်ချင်း မျက်လုံးများတောက်ပသွားရင်း တွေးသည်။ သူ၏ ညာဘက် လက်ခလယ် ဆစ်ခနဲနာကျင်မှုကို ရုတ်တရက် သူခံစားလိုက်ရသည်။ လက်ချောင်းသည် မည်းနက်နေပြီး အထဲတွင် တွန့်လိမ်ကောက်ကွေးနေသောအနက်ရောင်ချီကို မြင်နိုင်သည်။

ဤနေရာတွင် မန်ဟို့ကို မြင်တွေ့ရခြင်းက ဝမ်တန်ဖေး မျှော်လင့်ထားသော အရာမဟုတ်ပေ။ နှစ်များစွာကြာခဲ့ပြီဖြစ်သော်လည်း သူ သူ့ကို ချက်ချင်းမှတ်မိသေးသည်။ ကျိုးပြည်မှ ဤကျင့်ကြံသူအစုတ်အပြတ်က သူ၏အမွေအနှစ်နှင့် ခရေစေ့တွင်းကျစီစဥ်ခဲ့သော အကြံအစည်များအားလုံးကို လုယူသွားခဲ့သည်။

မန်ဟို့ကို မြင်သည်နှင့်တစ်ပြိုင်နက် ဝမ်တန်ဖေး၏ အသက်ရှူသံတို့ မြန်ဆန်လာသည်။ သူက ကျိုးပြည်နှင့်အတူ မန်ဟိုပျောက်ဆုံးသွားခဲ့ပြီဟူ၍ ယူဆထားခဲ့သည်။ရုတ်တရက်ကြီး ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု သူမည်သို့ခန့်မှန်းနိုင်မည်နည်း။ ထိုမျှသာမက သူသည် ယီးကျန့်ဂိုဏ်းမှ အဖွဲ့တစ်ဖွဲ့တွင်ဖြစ်သည်။ အသက်ရှိုက်စာအနည်းငယ်လေးအတွင်း အတွေးများစွာ သူ့ခေါင်းထဲဖြတ်ပြေးသွားသည်။ ထို့နောက် သူက ပုံမှန်အနေအထားပြန်ဖြစ်သွားပြီး အကြည့်လွှဲလိုက်သည်။

"သူ ဒီရောက်နေပြီဆိုတော့" ဝမ်တန်ဖေးက တွေးသည်။ "ငါ့အဆိပ်လက်ချောင်းအတွက် သူ့ကိုပြန်ပေးဆပ်ခိုင်းဖို့ အခွင့်အရေးတစ်ခုရှာရမယ်" သူသည် တည်ငြိမ်လာပြီး လွန်ခဲ့သောနှစ်များကအတိုင်း မန်ဟို့ကို တဖြေးဖြေးလျစ်လျူရှုလာ၏။ သူက မန်ဟို့အပေါ်တွင် ထာဝရရှိနေမည့်အလားပင်။ သူတို့ ကျိုးပြည်တွင်ဖြစ်စေ၊တောင်ပိုင်းဒေသတွင်ဖြစ်စေ အရေးမကြီး။ သူ မန်ဟို့ကို နည်းနည်းလေးမှဂရုမစိုက်ပေ။ သူသည် ဝမ်မျိုးနွယ်ဝင်။ သူသည် ရွေးချယ်ခံတစ်ယောက်။ သူက မြင့်မြတ်ပြီး မန်ဟိုအတွက်တော့ သူ့တွင် ယီးကျန့်ဂိုဏ်းနှင့် မည်သည့်ပတ်သက်မှုပင်ရှိစေ အရေးမပါပေ။ သူ့အတွက် မန်ဟိုက ပိုးမွှားလေးတစ်ကောင်ထက် မပို။

သူ့တွင် ပြီးပြည့်စုံသော ရုပ်ရည်နှင့် ခြောက်ပစ်သလဲကင်းသော ပင်ကိုယ်စရိုက်ရှိသည်။ သူ ထိုနေရာတွင် ရပ်နေစဥ် တဖြေးဖြေး လူအများအာရုံစိုက်ရာ ဖြစ်လာ၏။ သူ့ရင်ထဲတွင်ရှိသည့် မန်ဟို့အပေါ် အရေးမစိုက်ခြင်းသည် တဖြေးဖြေး အထင်သေးမှုနှင့် ထောင်လွှားမောက်မာမှုအသွင်ပြောင်းသွားသည်။ သူက ခေါင်းမော့လိုက်ပြီး မန်ဟိုသည် သူ့အတွက် ဘာမှမဟုတ်၍ နင်းချေပစ်နိုင်ကြောင်း တွေးနေဟန်တူသည်။

တစ်ချိန်တည်းမှာပင် ဝမ်ချီဖန်း မဆိုစလောက်မျက်မှောင်ကြုတ်သွားသည်။ သူက မန်ဟို့ကို ပြန်ကြည့်ပြီး လျှို့ဝှက်ဆန်းကြယ်သော အရိပ်အယောင်တစ်ခု သူ့မျက်လုံးထဲတွင် ပေါ်လာ၏။ အပြုံးတစ်ခု သူ့နှုတ်ခမ်းထောင့်တွင် တွဲခိုသွားသည်။ ထိုအပြုံးက ဝမ်တန်ဖေးနည်းတူ အထင်သေး၊ အရေးမစိုက်မှုဖြင့် ပြည့်နှက်နေသည်။

ယခု လွန်ခဲ့သော နှစ်များက မြင်ကွင်းကို သူ တွေးမိလိုက်သည်။ သူ မှီခိုရာဂိုဏ်း၏အရှေ့ဘက်တောင်ထိပ်ပေါ်တွင် နင်းခြေလုနီးပါးဖြစ်ခဲ့သော်လည်း ဟယ်လောဟွာမှ ဝင်တားခဲ့သော ဤပုရွက်ဆိတ်ကို မှတ်မိသည်။

"စိတ်ဝင်စားစရာပဲ" သူက ခပ်ဟဟရယ်ရင်း ပြောသည်။ သူ့စကားလုံးများက ထွက်မလာဘဲ ဝမ်တန်ဖေးတစ်ယောက်သာ ကြားနိုင်သည်။ " ဆိုတော့ ငါတို့ ဒီသူငယ်နှပ်စားလေးနဲ့ ပြန်တွေ့ပြီပဲ။ တန်ဖေး၊ အခုအချိန်က အရင်နှစ်တွေက ကိစ္စအားလုံးကို အဆုံးသတ်ဖို့ အခွင့်အရေးပဲ။ သူ့ကိုသတ်ပြီး ငါမင်းကို ပြောခဲ့သမျှ အားလုံးက အမှန်ဆိုတာ သက်သေပြလိုက်။ မင်းက ရွေးချယ်ခံ၊ သူက ပိုးမွှားလေးတစ်ကောင်ထက် မပိုဘူး"

ဝမ်တန်ဖေးက ပြောသည်။ "ကျုပ် အဲ့ဒီနှစ်က ကိစ္စတွေကို မတွေးတော့တာကြာပြီ" သူက အေးစက်စွာပြောသည်။ "ဒါပေမယ့် ကျုပ် တကယ် သူ့ခေါင်းကို ယူသင့်တယ်" သူက မန်ဟို့ကို နောက်တစ်ဖန်ပြန်ကြည့်ပြီး သူ၏မျက်လုံးများသည် သူ့ကိုသတ်နိုင်စွမ်းအပေါ် ယုံကြည်ချက်ဖြင့် ပြည့်နှက်နေသည်။ ယင်းက သူ့လက်လှန်လိုက်သကဲ့သို့ လွယ်ကူမည်ဖြစ်သည်။ သူသည် သူ့ရင်ထဲက အခြားကိစ္စတစ်ခုနှင့် နပန်းလုံးနေသည့်အလား နောက်တစ်ဖန် အတွေးနက်သွားဟန်တူသည်။

"သိပ်အတွေးမလွန်နဲ့" ဝမ်ချီဖန်းက အသံကိုနှိမ့်ကာ ပြောသည်။ "မင်း ချူယွီယန်ကို ယုံဖို့လိုတယ်"

ဝမ်တန်ဖေးက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကြုံးဝါးသည်။ "ဘယ်သူဆိုတာ သိလို့ကတော့ အပိုင်းတစ်ထောင်ပိုင်းဖြစ်မယ်" သူ၏မျက်လုံးများမှာ အေးစက်မှု၊ မုန်းတီးခြင်းနှင့်အတူ အရှက်ကွဲရခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ သူ့ကိုယ်မှ တလိပ်လိပ်ထွက်နေသော အသတ်အဖြတ်စိတ်ဆန္ဒသည် မန်ဟို့ကို မြင်တုန်းကထက်ပင်ပို၍ ပြင်းထန်လာသည်။ ဤကိစ္စမှာ သူလျစ်လျူရှုနိုင်သည့်အရာမဟုတ်သလို၊ စိတ်အေးလက်အေးထားနိုင်သည့််အရာလည်းမဟုတ်ပေ။

မန်ဟို၏အမူအရာမှာ ယခင်အတိုင်းသာဖြစ်သည်။ ဝမ်တန်ဖေးကို ဤနေရာတွင်တွေ့ရခြင်းက သူမထင်မှတ်ထားသည့်အရာမဟုတ်ပေ။ သို့သော် ၄င်းက သူ့ရင်ထဲတွင် အမျိုးမျိုးသောခံစားချက်များ ပလုံစီသွားစေသည်။

သူနှင့်ဝမ်တန်ဖေးကြားက ရန်ကြွေးသည် သူသိပ်ဂရုစိုက်နေသည့်အရာမဟုတ်တော့ပေ။ နှစ်များစွာကုန်လွန်သွားခဲ့ပြီး ယခုတွင် မန်ဟိုမှာ ငယ်ငယ်က သွေးဆူလွန်းခဲ့မိကြောင်း အမှန်တကယ်ခံစားလိုက်ရသည်။ သူမှားခဲ့သည့်နေရာများ သေချာပေါက်ရှိလေသည်။

ယခုတွင် မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ ချီအခြေတည်အဆင့်တွင်ဖြစ်ပြီး သူ၏အတိုက်အခိုက်စွမ်းရည်က သူ့ကို တာအိုကလေးများနှင့် တစ်တန်းတည်းထားပေးသော်လည်း ထိုအခြင်းအရာအား သိသူနည်းပါးသည်။ မန်ဟို၏တွက်ချက်မှုအရ သူသည် စဦးချီဖွဲ့စည်းမှုအဆင့်ထဲက ဝမ်တန်ဖေးကို အနိုင်ယူခဲ့ရာ ယနေ့တွင်တော့ စဥ်းစားနေစရာပင်မလိုပေ။

သူ့ကို စိတ်ပူစေသည့်အရာက စုန့်မျိုးနွယ်စု၏ ခင်ပွန်းရှာပွဲနှင့် စောစောက လူထူးဆန်းစုန့်ပြောခဲ့သော ကုဗပုလဲပင်။ ၄င်းက ကမ္ဘာအပေါ်ရှိ အပြင်းဆုံးအဆိပ်များကို ချေဖျက်ပေးနိုင်သဖြင့် မန်ဟို၏နှလုံးသားကို စိတ်အားထက်သန်မှုများဖြင့် တလှပ်လှပ်ဖြစ်နေစေသည်။

ကုဗပုလဲက ရှင်သန်ခြင်းနှင်းပန်း၏အဆိပ်ကို ဖြေပေးနိုင်မည်လား သူမသိသော်လည်း စုန့်မျိုးနွယ်စုမှ ဆုလာဘ်အဖြစ် ကမ်းလှမ်းနေသည်ကို ထည့်တွက်လျှင် သေချာပေါက် သာမန်ပစ္စည်းတော့ မဟုတ်ပေ။

"တကယ်ပဲ အဆိပ်ဖြေပေးနိုင်မလားမသိဘူး...... ဖြေပေးနိုင်ရင်တော့ ငါ ဇီယွင်ဂိုဏ်းထဲ ဝင်စရာမလိုတော့ဘူး။ ယီးကျန့်ဂိုဏ်းမှာနေတာကလဲ သိပ်မဆိုးပါဘူး" သူ၏နှလုံးသားသည် မျှော်လင့်ချက်များဖြင့် ဒုန်းဆိုင်းခုန်လာ၏။ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် ခရီးနှင်နေစဥ် သူ၏ နောက်ထပ် အခက််အခဲကြီးက အမြုတေဖြစ်တည်ခြင်းဖြစ်မည်။ ယင်းမှာ ကျော်ဖြတ်ရခက်သော တံတားတစ်စင်းဖြစ်၍ ဂိုဏ်းကြီးတစ်ဂိုဏ်းကို ဝင်ရောက်ခြင်းက သေချာပေါက် အထောက်အကူဖြစ်ပေမည်။

အချိန်အတော်ကြာစဥ်းစားနေပြီးနောက် သူ၏မျက်လုံးများသည် ခိုင်မာပြတ်သါးသောစိတ်ဆန္ဒဖြင့် ပြည့်နှက်လာတော့သည်။

အပေါ်တွင် လူထူးဆန်းစုန့်၊ အကြီးအကဲဖန်နှင့် ဝမ်မျိုးနွယ်စုမှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတို့သည် အလင်းတန်းများအသွင်ပြောင်းကာ စုန့်မျိုးနွယ်စုကို ဝန်းရံထားသော အမှောင်ထုထံသို့ တဟုန်ထိုးထွက်သွားတော့သည်။

လူထူးဆန်းစုန့်နှင့်အတူ ထွက်လာခဲ့သော အခြားစုန့်မျိုးနွယ်ဝင်နှစ်ယောက်လည်း လူခွဲပြီး ယီးကျန့်ဂိုဏ်းအဖွဲ့ထံတစ်ယောက်၊ ဝမ်မျိုးနွယ်စုအဖွဲ့ထံတစ်ယောက် လျှောက်သွားကြသည်။

သူတို့က လက်ယှက်ဦးညွှတ်ကာ ပြုံးပြီး ဆိုသည်။ "ယီးကျန့်နဲ့ ဝမ်မျိုးနွယ်စုက တာအိုရောင်ရင်းတို့၊ ကျေးဇူးပြုပြီး ကျုပ်တို့နောက်ကလိုက်ခဲ့ပါ။ ကျုပ်တို့ စုန်မျိုးနွယ်စုရဲ့တောင်တန်းတွေဆီ အတူတူဝင်ကြတာပေါ့"

လူတိုင်း လေပေါ်ပျံတက်လိုက်ကြသည်။ ယီးကျန့်ဂိုဏ်းနှင့် ဝမ်မျိုးနွယ်၏ အမျိုးမျိုးသောအဖွဲ့ဝင်များကား တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသိကျွမ်းကြ၏။ အဖွဲ့နှစ်ဖွဲ့သည် အဖွဲ့ကြီးတစ်ဖွဲ့အဖြစ် ပေါင်းစည်းသွားသည်။ သူတို့က စကားပြောလိုက်၊ ရယ်လိုက်မောလိုက်နှင့် စုန့်မျိုးနွယ်ထံ တဟုန်ထိုးထွက်သွားသော အလင်းတန်းများအသွင်ပြောင်းသွားသည်။

မန်ဟိုနှင့် ချန်ဖန်းက ဝမ်မျိုးနွယ်စုမှ အတန်ငယ်ကွာဝေးသော အဖွဲ့၏အစွန်းနားတွင်ဖြစ်သည်။ ဝမ်တန်ဖေးသည် အေးစက်သောအမူအရာဖြင့် ပျံသန်းနေသည်။ သူက မျက်မှောင်ကြုတ်နေပြီး မန်ဟို့ကို အာရုံစိုက်ရန် တွေးဖို့ပင် အလုပ်များနေပုံရသည်။

သူတို့သည် အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းနေကြပြီး မကြာခင် အပြင်ဘက်ကမ္ဘာ၏အလင်းရောင် စုန့်မျိုးနွယ်စု၏အမှောင်ထုအတွင်း ဖြာကျနေသောနေရာသို့ ရောက်သွားကြသည်။ သူတို့ ဝင်ရောက်လိုက်သည့်အခိုက်အတန့်၌ မန်ဟို ရင်ဒိန်းခနဲ ခုန်သွားသည်။ အပြင်ဘက်ကမ္ဘာနှင့် စုန့်မျိုးနွယ်စုကြားက အဓိကခြားနားချက်ကြီးတစ်ခုကို သူရှာတွေ့လိုက်လေပြီ။ ဤနေရာရှိ စိတ်ဝိညာဥ်စွမ်းအင်များကား...... ခံစား၍ရပြီး စုပ်ယူနိုင်လေသည်။

ဤမထင်မှတ်ထားသောအပြောင်းအလဲက မန်ဟို့ကို စိတ်နှလုံးတုန်လှုပ်သွားစေသည်။ အမှန်ပင် သူသည် ကျင့်ကြံအားထုတ်နေသည့်နှစ်များတောက်လျှောက် သူ့မျက်နှာပေါ်တွင် ခံစားချက်များ မဖော်ပြအောင် ဟန့်တားနိုင်သည်။ သူ၏အမူအရာက ယခင်အတိုင်းသာဖြစ်သည်။

"ဆိုတော့.....ငါဒီနေရာက စိတ်ဝိညာဥ်စွမ်းအင်တွေ စုပ်ယူနိုင်တာပေါ့။ ဒီနေရာက ငါ့အတွက် ကျင့်ကြံအားထုတ်ဖို့ အကောင်းဆုံးနေရာပဲ" ဤရှာဖွေတွေ့ရှိမှုက မန်ဟိုတွေးနိုင်စွမ်းထက် ကျော်လွန်နေသည်။ သူက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ပြီး စိတ်ဝိညာဥ်စွမ်းအင်စုပ်ယူတော့မည့်အချိန် အတွေးတစ်ချက် သူ့ခေါင်းထဲ ဖျတ်ခနဲလက်သွားပြီး ရပ်လိုက်သည်။

နှစ်များတစ်လျှောက် အမျိုးမျိုးသော ဉာဏ်နီဉာဏ်နက်များ၊ ထောင်ချောက်များမှ လွတ်မြောက်ပြီးနောက် မန်ဟိုတိုးတက်ခဲ့သည့် လက်နက်များထဲကတစ်ခုမှာ သတိတရားဖြစ်သည်။ ထို့ကြောင့် သူသည် ဤနေရာတွင်လည်း သတိထားပေမည်။

သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး မကြာမီ သဲလွန်စများတွေ့လာသည်။ ယီးကျန့်ဂိုဏ်းသားများ ပျံသန်းနေကြစဥ် မျက်မှောင်ကြုတ်လာကြသည်။

"ငါတို့ ဒီမှာ စိတ်ဝိညာဥ်စွမ်းအင်တွေ စုပ်ယူလို့မရဘူး....." ချန်ဖန်းက သူ့ကို တိုးတိုးပြောသည်။ "ငါ အရင်တုန်းက စုန့်မျိုးနွယ်စုကထူးဆန်းတယ်လို့ ကြားခဲ့ရတာ အခုမှန်နေပုံပဲ။ ကြည့်ရတာ စုန့်မျိုးနွယ်ဝင်တွေပဲ ဒီနေရာမှာ အသက်ရှုလေ့ကျင့်ခန်းလုပ်လို့ရတယ်ထင်တယ်။ အခြားဂိုဏ်းနဲ့မျိုးနွယ်စုတွေ မရဘူး။ ဒီနေရာ စိတ်ဝိညာဥ်စွမ်းအင်က တားမြစ်ခံထားရတာမဟုတ်ဘဲ၊ ငါတို့က စုပ်ယူလို့မရတာ"

အချိန်အနည်းငယ်ထပ်မံကုန်ဆုံးသွားသည်။ သူ့အောက်တွင် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသော တောင်များ၊မြို့များကို ကြည့်ရင်း မန်ဟို့မှာ လျှို့ဝှက်ဆန်းကြယ်မှုကို အာရုံရနေသည်။ တောင်အထပ်ထပ်ပျံသန်းပြီးနောက်တွင် စုန့်မျိုးနွယ်စု၏မြို့တော်သို့ သူတို့ရောက်သွားကြသည်။

မ်ြို့တော်အတွင်းတွင် ဧရာမရင်ပြင်ကြီးတစ်ခုရှိသည်။ စုန့်မျိုးနွယ်စုအပြင်မှ ကျင့်ကြံသူများ ထိုနေရာတွင် ရောက်ရှိနေကြပြီးဖြစ်သည်။ လောလောဆယ်ရောက်နေကြသူများကား ကျင်းဟန်ဂိုဏ်းနှင့် သွေးမိစ္ဆာဂိုဏ်းဖြစ်သည်။

ဤနေရာသည် ပျားပန်းခတ်လှုပ်ရှားမှုများဖြင့် ယောက်ယက်ခတ်နေပြီး စကားသံများ ပွက်ပွက်ညံလျက်ရှိသည်။

ယီးကျန့်ဂိုဏ်းနှင့် ဝမ်မျိုးနွယ်စုကျင့်ကြံသူများ မဆင်းသက်ခင်မှာပင် အသံကျယ်ကြီးတစ်သံ လေထဲလွင့်မျောလာ၏။ "ကျုပ် ကျိုးဒရ ၊ မျက်စိနှစ်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့တာ။ အဲ့ဒီနေ့က ချူယွီယန် ဝတ်သင့်တဲ့အဝတ်အစား ဝတ်မထားဘူး။ သူက ယောက်ျားတစ်ယောက်ရဲ့ဝတ်ရုံဝတ်ထားတာ။ ဒါ့အပြင် အဲ့ဒီကျင့်ကြံသူအမျိုးသားနဲ့ သူ့မှာ သိပ်ရင်းနှီးတဲ့ဆက်ဆံရေးရှိပုံရတယ်။ ခင်ဗျားတို့အားလုံး ကျုပ်ကိုမယုံဘူးလား။ ကျုပ် ကျိုးဒရ၊ စကားအမှားပါရင် ခင်ဗျားတို့ ကျုပ်မျက်စိနှစ်လုံးကို ဖောက်ပစ်လို့ရတယ်"

စကားပြောနေသူမှာ ငယ်ရွယ်သောကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူက အာပေါင်အာရင်းသန်သန်ပြောနေရာ တံတွေးများပင် စင်နေလေသည်။ သူက လက်ဟန်ခြေဟန်နှင့် အားပါပါပြောနေပြီး ခုန်ဆွခုန်ဆွပင်ဖြစ်နေသည်။ ဝိုင်းအုံနေကြသော စုန့်မျိုးနွယ်ဝင်ဒါဇင်မှာ တအံ့တသြငေးကြည့်နေကြ၏။

သွေးမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများက ဘေးတွင်ရပ်နေကြသည်။ သူတို့သည် တင်ပျဥ်ခွေထိုင်နေကြပြီး သူတို့အလယ်တွင်ကား အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော လီရှိချီပင်။

လီရှိချီဘေးတွင် လူနှစ်ယောက် တင်ပျဥ်ခွေထိုင်နေကြသည်။ တစ်ယောက်က စန်းလော့၏အစ်ကိုဖြစ်ပြီး အခြားတစ်ယောက်ကား ဝမ်ယိုချိုင်ကလွဲ၍ တခြားမဟုတ်ပေ။

ဝမ်ယိုချိုင်သည် ကျင်းဟန်ဂိုဏ်းမှအဖွဲ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူတို့အလယ်၌ မျက်နှာပေါ်တွင် ဝက်ခြံများနှင့် အတော်လေးဝသော ရောင်ရင်းတစ်ယောက်ရှိသည်။ သူက အရပ်သိပ်မရှည်သော်လည်း ယခုလောလောဆယ်တွင် ကျိုးဒရကို အားရကျေနပ်စွာ ကြည့်နေ၏။ ဤသည်ကား လီဖူကွေ့က လွဲ၍တခြားမဟုတ်ပ။

သူတို့နှစ်ယောက် စောစောက တစ်ယောက်နှင့်တစ်ယောက် ပက်ပင်းတိုးတုန်းက ထိုဝမ်ယိုချိုင်က သူ့စကားစရန် ကြိုးစားသည်ကို အေးတိအေးစက်တုံ့ပြန်ခဲ့ပြီး သူ့ကိုမသိဟန်ပင်ဆောင်သွားခဲ့သည်။ ယခုအချိန်တွင် သူ့မှာ ဘာတွေးရမည်လဲ မသိသဖြင့် သက်ပြင်းသာချလိုက်သည်။

"ခင်ဗျားတို့ ချူယွီယန်ရဲ့ မျက်နှာထားကို တွေးကြည့်နိုင်မှာတောင်မဟုတ်ဘူး" ကျိုးဒရက ဆက်ပြောသည်။ "အံ့ဖွယ်ကောင်းလောက်တယ်လို့ ခင်ဗျားတို့ပြောနိုင်မယ်ကျုပ်ထင်တယ်။ ပြီးတော့ အဲဲ့ဒီ့ကျင့်ကြံသူအမျိုးသားက အင်း နတ်သားတစ်ပါးလို၊ ယောက်ျားသားတွေကြားက နဂါးတစ်ကောင်လို ချောမောခန့်ညားတယ်။ တကယ်ပြောတာ။ သူတို့က တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး စကားချိုချိုလေးတွေ ပြောနေကြတာ။ သူတို့ တစ်ယောက်ကိုတစ်ယောက် တရှိုက်မက်မက် ဖက်ထားနေရင်း တဖြေးဖြေး အသက်ရှူသံတွေမြန်......." ကျိုးဒရသည် စကားပြောနေရင်း စိတ်လှုပ်ရှားလာ၏။

လီဖူကွေ့က ရုတ်တရက် ချောင်းဟန့်ပြီး ကျယ်လောင်ပြတ်သားသောအသံကြီးဖြင့် ပြောသည်။ ကျုပ်လဲ ရှိနေတာကြောင့်" သူက ပြောသည်။ "ဒါကို သက်သေထူပေးနိုင်တယ်။ အီး အစကတော့ ကျုပ် သူတို့ကို အကြံ သွားပေးမလို့ လုပ်ခဲ့သေးတယ်။ တာအိုရောင်ရင်းတို့အားလုံး သိတဲ့အတိုင်း၊ တာအိုရောင်ရင်းချူယွီယန်က တာအိုရောင်ရင်းဝမ်တန်ဖေးရဲ့  ချစ်သူလေ။ ဟုတ်တာပေါ့ တာအိုရောင်ရင်းဝမ်တန်ဖေးနဲ့ ကျုပ်က အရင်းနှီးဆုံးမိတ်ဆွေတွေပဲ

"ဒါကြောင့် ကျုပ် ဖြစ်ပျက်တာတွေကို မြင်တဲ့ချိန် သွားပြောချင်တယ်။ ဒါပေမယ့်.....အီး သူတို့နှစ်ယောက်ပုံစံက ဘယ်လိုလဲဆိုတာ ခင်ဗျားကို ဘယ်လိုမှမတွေးနိုင်ဘူး။ သူတို့ကြားက ခံစားချက်က အချစ်စစ်ဆိုတာ သေချာတယ်" သူ၏အသံကြီး ဟိန်းထွက်လာစဥ် စုန့်မျိုးနွယ်ဝင်အားလုံး၏မျက်နှာများအပေါ်၌ ထူးဆန်းသောအမူအရာများဖြင့် ပြည့်နှက်သွားသည်။

ဟုတ်ပါသည်။ သူတို့ဖက်တီးကိုသိသည်။ သူသည် ဘယ်သူမှမထိရဲသော ကျင်းဟန်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက်ပင်။ သူက ဂိုဏ်း၏ရတနာတစ်ပါးဖြစ်ရာ သူ၏ရာထူးအဆင့်အတန်းမှာ အတိုင်းထက်အလွန်မြင့်မား၏။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်သည့် မည်သူမဆို ကျင်းဟန်းဂိုဏ်းတစ်ခုလုံး၏ ဒေါသကိုဆွမိမည်ဖြစ်သည်။ ထိုသို့လုပ်ခြင်းက ပျားအုံကို တုတ်နှင့်သွားထိုးသကဲ့သို့ပင်။

အဘယ့်ကြောင့်ဆိုသော် ကျင်းဟန်ဂိုဏ်းတွင် သွေးမျိုးဆက်အမွေအနှစ် (၁၈) ခုရှိသောကြောင့်ပင်။ ၄င်းတို့၏စွမ်းအားကို စုပေါင်းခြင်းအားဖြင့် ဂိုဏ်းသည် မဟာတာအိုရင်းမြစ်မန္တန်တစ်ခု၏ စွမ်းအားကို အသုံးပြုနိုင်သည်။ ကောလဟလများအရ ဤမန္တန်၏စွမ်းအားမှာ အင်မိုတယ်များကို သတ်ဖြတ်နိုင်သည်အထိ မယုံကြည်နိုင်ဖွယ်ကောင်း၏။

သို့သော် နှစ်ပေါင်းများစွာတိုင်အောင် ဂိုဏ်းသည် သွေးမျိုးဆက် (၁၇) ဆက်ကိုသာ ပိုင်ဆိုင်ခဲ့၏။ နောက်ဆုံးတစ်ဆက်မှာ ပျောက်ကွယ်သွားခဲ့ပြီး ကျင်းဟန်ဂိုဏ်းမည်မျှ ကြိုးစားရှာဖွေစေကာမူ ရှာမတွေ့ခဲ့၍ အမွေအနှစ်လွှဲပြောင်းပေးအပ်ရမည့်လူမရှိခဲ့ပေ။ ထို့ကြောင့် ကျင်းဟန်ဂိုဏ်းမန္တန်၏ အထွတ်အထိပ်စွမ်းအားအား ထုတ်လွှတ်၍မရ ဖြစ်နေခဲ့သည်။ သို့သော် လီဖူကွေ့ကား တိုက်တိုက်ဆိုင်ဆိုင် အမွေဆက်ခံဖို့ ပြီးပြည်စုံစွာ သင့်တော်နေ၏။ သို့ဖြစ်၍ သူ့မှာ ဂိုဏ်း၏ရတနာတစ်ပါးအဖြစ် ဆက်ဆံခံရလေသည်။ များသောအားဖြင့် ဂိုဏ်းချုပ်သည် သူ့ကို ဖော်ဖော်ရွေရွေဆက်ဆံပြီး ရင်အုပ်မကွာစောင့်ရှောက်ပေးထားသည်။ အထူးသဖြင့် သူတစ်ချက်ခေါ်လိုက်သည်နှင့် ဂိုဏ်းတစ်ဂိုဏ်းလုံး သူ့အနောက်တွင် ရှိနေသည်ဟု ဆိုနိုင်လေသည်။

ထိုမျှသာမက.... ဖက်တီးက ကျင့်ကြံအားထုတ်ရခြင်းကို သဘောမကျသလို တာအိုစောင့်ရှောက်သူလည်း မခန့်ထားလိုပေ။ ထို့ကြောင့် သူ့ကို ကာကွယ်ရန်အလို့ငှာ.......

ကျင်းဟန်ဂိုဏ်းသားအဖွဲ့ကြီးတစ်ဖွဲ့ သူဘယ်နေရာသွားသွား နောက်ကတစ်ကောက်ကောက်လိုက်ပါတတ်သည်။ ဂိုဏ်းသည် သူတစ်ခုခုဖြစ်မည်ကို အတိုင်းထက်အလွန်စိုးရိမ်၏။ အလွန်ကဲဆုံးအရာကား တစ်ခါက တစ်စုံတယောက် လီဖူကွေ့ကို ရန်စသဖြင့် ဂိုဏ်းချုပ်ကိုယ်တိုင် တစ်ဂိုဏ်းလုံး သုတ်သင်ပစ်ခဲ့တုန်းကဖြစ်သည်။ ထို့နောက်ပိုင်း သူသည် တောင်ပိုင်းဒေသတွင် လီဖူကွေ့ကို ထိရဲသည့်မည်သူမဆို ကျင်းဟန်တစ်ဂိုဏ်းလုံးကို၏ ဒေါသကို ဆွသည်နှင့်တူမည်ဆိုသော အမိန့်ထုတ်ပြန်ခဲ့၏။

***

All Chapters