← Chapters

အချစ်စစ်၊ တန်ဖိုးမဖြတ်နိုင်ဘူး

Vol. 14 Ch. 188

အချစ်စစ်၊ တန်ဖိုးမဖြတ်နိုင်ဘူး

Vol. 14 Ch. 188

တကယ်တော့ လီဖူကွေ့သည် ဝမ်တန်ဖေးအား ပေါ်တင်ဖဲ့နေခြင်းဖြစ်ပြီး နည်းနည်းလေးမှ မလွှတ်ပေးမည်မဟုတ်ပေ။ သူက ဂိုဏ်းထဲတွင်ဖြစ်စေ၊ ဂိုဏ်းအပြင်တွင် ဖြစ်စေ၊ သူနှင့်ပတ်သက်၍ အဆက်မပြတ် သွားပုပ်လေလွှင့်နေတတ်သည်။

အမှန်ပင် ဤအခြင်းအရာက ဝမ်တန်ဖေးကို ဒေါသသူပုန်ထစေသည်။ သို့သော် သူဘာမှမတတ်နိုင်။ လီဖူကွေ့ကိုရန်စခြင်းက ရွေးချယ်စရာမဟုတ်ပေ။ သူတို့၏ရန်ကြွေးက ဂျူနီယာမျိုးဆက်၏ အသေးအဖွဲကိစ္စလေးတစ်ခုသာ ဖြစ်သည်။ ထိုမျှသာမက လီဖူကွေ့က ကျင်းဟန်ဂိုဏ်းအတွက် အရေးပါလွန်းသည်။ ကျင်းဟန်ဂိုဏ်းအတွက် လီဖူကွေ့၏အရေးပါမှုနှင့် ဝမ်မျိုးနွယ်စုအတွက် ဝမ်တန်ဖေး၏အရေးပါမှုမှာ နှိုင်းယှဥ်၍မရပေ။

ဖက်တီးက ရုတ်တရက် စားပွဲပေါ်ခုန်တက်လိုက်ရာ သူ၏ကျင်းဟန်ဂိုဏ်း ပညာသင်ဖက်များ ရှက်ရွံ့သွားကြသည်။ သူတို့မှာ ချောင်းဖွဖွဟန့်၍ သူအော်ပြောနေသည်ကိုသာ ကြည့်နေနိုင်တော့သည်။ "အာ အချစ်စစ်။ တာအိုရောင်ရင်းတို့ ၊ ကျုပ် ဒီလိုအရာမျိုးကို တကယ်မမြင်နိုင်ဘဲနေမလား။ အဲ့တာ သေချာပေါက် အချစ်စစ်ပဲ။ ကျုပ် လီဖူကွေ့က ဘယ်လိုလုပ် ဒီလိုချစ်သူစုံတွဲကို ခွဲပစ်နိုင်မလဲဗျာ။ ကျုပ်ရဲ့ အသုံးမကျတဲ့မိတ်ဆွေ ဝမ်တန်ဖေးအတွက်သက်သက်နဲ့ အဲ့ဒီလိုလုပ်ရမှာလား။ ကျုပ် အချစ်စစ်ရဲ့မြင်ကွင်းကို တကယ် ဖျက်စီးရမှာလား။ ဘယ်တော့မှပဲ။ ကျုပ်ဘယ်တော့မှ အဲ့ဒီလိုမလုပ်ဘူး

"အချစ်ဟာ ဘယ်အရာကိုမဆို ကျော်လွှားနိုင်တယ်ဆိုလား အဲ့လိုဆိုးရိုးတစ်ခုရှိတယ်။ ကျုပ် မေ့တေ့တေ့ဖြစ်နေပြီ။ ထားပါ တစ်ခါက လူတစ်ယောက် ကျုပ်ကို စကားတစ်ခွန်းပြောဖူးတယ်။ တကယ်တော့ သူက ကျုပ်ကမ္ဘာပေါ်မှာအလေးစားရဆုံး မိတ်ဆွေကောင်းတစ်ယောက်ပဲ။ သူက ပြောတယ်၊ အချစ်ဆိုတာ ဝိညာဥ်ကျောက်တုံးသန်းပေါင်းများစွာ ထိုက်တန်တဲ့ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးအရာပဲတဲ့" သူစကားပြောနေစဥ် သူ၏ပါးစပ်အပြည့် အတိုင်းထက်အလွန်ကြီးမားနေသော သွားကြီး မြင်သာလာသည်။ အဆုံးသတ်တွင် သူက တဟွတ်ဟွတ်ချောင်းဆိုးပြီး ကျယ်လောင်စွာအော်နေတော့သည်။

ဤအခြင်းအရာကို မြင်သော် စုန့်မျိုးနွယ်ဝင်များ ခပ်ယဲ့ယဲ့ပြုံးလိုက်ကြသည်။ သွေးမိစ္ဆာဂိုဏ်းကျင့်ကြံသူများက ဖက်တီးကို ထူးဆန်းသောအမူအရာများဖြင့် ကြည့်နေကြသည်။

လီရှိချီက မျက်မှောင်ကြုတ်နေပြီး ဘာမှမပြောပေ။ ဝမ်ယိုချိုင်လည်း တိတ်ဆိတ်နေသော်လည်း ခပ်ရေးရေးအပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။

"ဒါကြောင့် " ဖက်တီးက စိတ်လှုပ်ရှားမှုတို့ ကြီးထွားလာရင်း ပြောသည်။ " ကျုပ် သူတို့ကို မမြင်ချင်ယောင်ဆောင်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီ့အဖြစ်က ဝမ်တန်ဖေးက တော်တော်အသုံးမကျတဲ့ကောင်လို့ ကျုပ်ကိုတွေးမိစေတယ်။ ဒါ့အပြင် သူက လုံးဝအရှက်မရှိဘူး။ အချစ်ဆိုတာ ဘယ်သူမဆိုမြင်နိုင်တယ်လေ။ ကျုပ်သာ ဝမ်တန်ဖေးနေရာမှာဆိုရင် ပြုံးပြုံးကလေးနဲ့ အလှလေးကို လက်လွှဲပေးလိုက်မှာ

"အဲ့ဒီ့ အမည်မသိကျင့်ကြံသူက ရုပ်ရည်အရကော၊ ကျင့်ကြံခြင်းအခြေခံအရကော ၊အားလုံး ဝမ်တန်ဖေးထက်သာတယ်။ စိတ်မကောင်းစွာနဲ့....... "

ရုတ်တရက် လေအလယ်မှ ဒေါသတကြီးအော်ဟစ်သံတစ်သံ ကြားလိုက်ရသည်။

"လီ ဖူ ကွေ့" ဝမ်တန်ဖေးသည် အသတ်အဖြတ်စိတ်ဆန္ဒတဟုန်းဟုန်းတောက်လျက် လေထဲရပ်နေသောအဖွဲ့ထံမှ ထိုးဆင်းလာသည်။ သူ့တစ်ကိုယ်လုံးက လီဖူကွေ့ကို နှစ်ခြမ်းခြမ်းပစ်တော့မည့် ဓားချွန်ချွန်တစ်လက်အလားပင်။

သူ အနားသိပ်မကပ်နိုင်ခင် လီဖူကွေ့ အနောက်ရှိ ကျင်းဟန်ဂိုဏ်းသားများ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ခုန်တက်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က တဟုန်ထိုးတက်သွားကြသည်။ သူတို့ထဲက အရပ်မြင့်မြင့်၊ ထောင်ထောင်မောင်းမောင်းတစ်ယောက်က အေးစက်စက်နှာမှုတ်ပြီး လက်သီးဆုပ်ကာ လေထဲထိုးသွင်းလိုက်သည်။ အဘက်ဘက်မှ လှိုင်းဂယက်များထလာပြီး ထစ်ခြုန်းသံကြီးတစ်သံ လေထဲပြည့်နှက်သွားသည်။ ဝမ်တန်ဖေး၏မျက်နှာအမူရာ ရိပ်ခနဲဖြစ်သွားသည်။

ဝမ်ချီဖန်းက အံ့မခန်းလိလိအမြန်နှုန်းဖြင့် ဝုန်းခနဲထွက်သွားသည်။ တခဏအတွင်း သူသည် ဝမ်တန်ဖေး အရှေ့ရောက်သွားပြီး လက်နှစ်ဖက်လုံးအား ရှေ့ဝှေ့ယမ်းလိုက်သည်။

ဝုန်းခနဲပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားသည်။ ဝမ်ချီဖန်း၏ မျက်နှာသွေးဆုပ်သွားပြီး သူက ဝမ်တန်ဖေးကိုဆွဲကာ နောက်ဆုတ်လိုက်သည်။ သူက ကျင်းဟန်ဂိုဏ်းမှ လူထွားကြီးကို သတ်ဖြတ်တော့မတတ် ပြန်ကြည့်လိုက်သည်။

"ဝမ်မျိုးနွယ်ဝင်တွေ၊ ကျေးဇူးပြုပြီး သိက္ခါရှိရှိနေပါ" လူထွားကြီးက အေးစက်စွာ ပြောသည်။ သူ၏အမြုတေဖြစ်တည်မှု ကျင့်ကြံခြင်းအခြေခံစွမ်းအား တလိပ်လိပ်ထွက်ပေါ်လာသည်။

မန်ဟိုတို့အဖွဲ့ မြေပေါ်ဆင်းသက်လာကြသည်။ မန်ဟို့မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုရှိပြီး သူက ခပ်ဖွဖွချောင်းဟန့်လိုက်သည်။ သူသည် လူထွားကြီးနောက်၌ ပုန်းနေသောဖက်တီးကို လှမ်းကြည့်လိုက်၏။ ဖက်တီးပြောစကားများမှာ အတော်လေးရှက်စရာကောင်းသဖြင့် မန်ဟို့ကို အတန်ငယ်အပြစ်ရှိသလို ခံစားသွားရစေသည်။

"မြင်လား" ချန်ဖန်းက တိုးတိုးကပ်ပြောသည်။ "လီဖူကွေ့က ကျင်းဟန်ဂိုဏ်းမှာ တော်ရုံလူမဟုတ်ဘူး။ အခုတွေးကြည့်မှ ဝမ်တန်ဖေးရဲ့လက်ရှိအခြေအနေက တကယ်သနားဖို့ ထိုက်တန်တယ်။ ညီလေး မင်း ချူယွီယန်ကို မြင်ဖူးလား။ အီး တာအိုရောင်ရင်း ချူယွီယန်နဲ့ ပတ်သက်ခဲ့တဲ့ ကျင့်ကြံသူက ဘယ်ဂိုဏ်းကလဲ ငါတကယ်သိချင်မိတယ်....."

"အာ....ကျွန်တော် သူ့ကို အရင်ကမြင်ဖူးတယ်......" မန်ဟိုမှာ တခြားဘာပြောရမည်လဲ မသိဖြင့် ချီတုံချတုံပြောသည်။

ချန်ဖန်းက သက်ပြင်းချသည်။ "ငါ အဲ့ဒီ့ လူနဲ့ တစ်နေ့တွေ့ရဖို့ တကယ်မျှော်လင့်တယ်။ သူက ဝမ်တန်ဖေးလက်ထဲကနေ ချူယွီယန်ကို လုနိုင်လောက်အောင် ထူးချွန်ပြောင်မြောက်တဲ့လူဖြစ်ရမယ်။ အဲ့လိုဇကတော့။ သူက တကယ် ရဲရင့်တဲ့ယောကျ်ားတစ်ယောက်ဖြစ်မယ်"

"အဲ့လိုဇ၊ အဲ့လိုဇ....." မန်ဟိုမှာ ပို၍ပင်အပြစ်ရှိသလို ခံစားလာရတော့သည်။ သူက ခေါင်းငုံ့ပြီး တဖြေးဖြေးနောက်ဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် လူအုပ်ထဲ လှမ်းကြည့်လိုက်၏။ သူ ရုတ်တရက် ဝမ်ယိုချိုင်ကို သတိထားမိသွားပြီး တအံ့တသြစိုက်ကြည့်နေမိသည်။ ဝမ်ယိုချိုင်က မန်ဟို၏မျက်လုံးများကို ရှောင်ရှားရင်း နှုတ်ဆိတ်စွာ ထိုင်နေသည်။

"ဝမ်တန်ဖေး မင်းတကယ် ငါ့ကို တိုက်ရဲလား" ဖက်တီးက လူထွားကြီးနောက်မှ ခေါင်းပြူထွက်ရင်း ဝမ်တန်ဖေးကို လက်ညှိုးထိုးကာ ပြောသည်။ "မင်းဘွားအေ" သူက ဟိန်းဟောက်သည်။ "မင်းတကယ်ငါ့ကို တိုက်ရဲလား။ ဂိုဏ်းကြီးငါးဂိုဏ်းနဲ့ မဟာမျိုးနွယ်စုသုံးစုရဲ့ ရာထူးအဆင့်အတန်းစည်းမျဥ်းတွေအတိုင်းဆိုရင် ငါက မင်းရဲ့ ဆရာဦးလေးပဲ။ မင်းအကြီးတွေကို တကယ်အနိုင်ကျင့်ရဲလား" ဖက်တီးက သိုလှောင်အိတ်ကိုပုတ်ကာ ဝိညာဥ်ကျောက်တုံးတစ်တုံးထုတ်ပြီး ပါးစပ်ထဲပစ်ထည့်လိုက်သည်။ သူက ၄င်းကို ကိုက်ဝါးနေသဖြင့် တဂျွတ်ဂျွတ်အသံများ ပဲ့တင်ထပ်လာသည်။ ၄င်းမှာ အတော်လေးကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။

ဝိညာဥ်ကျောက်တုံးကို အစိတ်စိတ်အမြွှာမြွှာ ခြေမွပြီးနောက် ဖက်တီးက လက်ဆန့်ထုတ်လိုက်သည်။ လူထွားကြီးက ခပ်ယဲ့ယဲ့အပြုံးတစ်ခုဖြင့် ကျောက်စိမ်းပုလင်းတစ်လုံးထုတ်ကာ ဖက်တီးကို ကမ်းပေးလိုက်သည်။ ဖက်တီးက ၄င်းကို ပါးစပ်ထဲ ပစ်ထည့်သည်။

"လီဖူကွေ့၊ မင်းလွန်လွန်းတယ်" ဝမ်တန်ဖေး အံတင်းတင်းကြိတ်လိုက်၏။ ထိုစကားလုံးများ သူ့ပါးစပ်မှ ထွက်သွားချိန်မှာပင် လီဖူကွေ့က မျက်လုံးများပိတ်လိုက်သည်။

"သူတို့ကြားမှာရှိတာက အချစ်စစ်ပဲ" သူက ပြောသည်။ "အချစ်စစ်ကဘာလဲ မင်းနားလည်လား။ အချစ်စစ်ဆိုတာ မင်းဇနီး ချူယွီယန်နဲ့ အခြားယောက်ျားတစ်ယောက်ကြားမှာ ရှိတဲ့ဟာပဲ။ ငါ အဲ့တာကို ငါ့မျက်စိနှစ်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ။ မင်း ဘယ်လိုလုပ်ကြားဝင်စွက်ဖက်ဦးမှာလဲ" ပတ်ဝန်းကျင်က လူများ တဟားဟားအော်ရယ်လာကြရာ ဝမ်တန်ဖေး၏မျက်နှာကား ပို၍ပင် နီရဲလာသည်။ "မင်းသာ နားလည်နိုင်ရင်တော့ကွာ။ အာ အချစ်စစ်။ တန်ဖိုးမဖြတ်နိုင်ဘူး။ ငါ အဲ့ဒီ့တာအိုရောင်ရင်းကို တကယ်လေးစားတယ်။ သိပ်ကျွမ်းကျင်တာပဲ။ ဒီကိစ္စတွေကို ပညာရှင်ဆန်ဆန် ကိုင်တွယ်သွားတယ်....." ဖက်တီး စကားဆက်ပြောလေလေ၊ မန်ဟို နောက်ဆုတ်ဆုတ်သွားတော့သည်။ သို့သော် သူ့မှာ မြန်သင့်သလောက် မမြန်ပေ။ ထိုစဥ် ရုတ်တရက် ကျိုးဒရက သူ့ကို အံ့သြမယုံကြည်နိုင်မှုများ ဖုံးလွှမ်းနေသောမျက်နှာဖြင့် တည့်တည့်စိုက်ကြည့်နေကြောင်း ရုတ်တရက် သတိထားမိလိုက်သည်။

မန်ဟို ရင်တဒိန်းဒိန်းခုန်လာ၏။ သူသည် ဤကိစ္စကို တမင်တကာ အကွက်ချစီစဥ်ခဲ့သော်လည်း ယနေ့ကဲ့သို့ ဖြစ်ပျက်လိမ့်မည်ဟု တစ်ခါမှမထင်ထားခဲ့ပေ။ သူက ပုန်းချင်သော်လည်း ရုတ်တရက် ကျိုးဒရက အသံမြှင့်လိုက်သည်။

"သူပဲ" သူသည် မန်ဟို့ကို လူအများ သတိမထားမိမည်စိုး၍ လက်ညှိုးတည့်တည့်ထိုးရင်း အော်သည်။ "သူပဲ။ ချူယွီယန်နဲ့အတူတွေ့ခဲ့တဲ့ ကျင့်ကြံသူ"

ကျိုးဒရမှာ 'ပါးစပ်ကြီး'ဟု အမည်ရသော သူ၏နာမည်နှင့်လိုက်ဖက်ပါပေသည်။ သူကား အတင်းအဖျင်းပြောသည်ကို သဘောကျသာမက အလွန်ကျယ်လောင်သောအသံကြီးကို ပိုင်ဆိုင်ထားသည်။ သူ့အသံက ပြတ်ပြတ်သားသားထွက်ပေါ်လာရာ လူတိုင်း၏အာရုံက သူလက်ညှိုးထိုးနေရာအတိုင်း လိုက်ပါ၍ မန်ဟို့အပေါ် ကျရောက်လာသည်။

မန်ဟို၏မျက်နှာရိပ်ခနဲဖြစ်သွားသည်။ ဘေးပတ်ပတ်လည်ရှိ ယီးကျန့်ဂိုဏ်းသားများ သူ့ကို တအံတသြစိုက်ကြည့်လိုက်ကြပြီး မသိလိုက်ဘဲ သူ့ထံမှ ရှဲသွားကြသည်။ မကြာမီ သူနှင့်ချန်ဖန်းနှစ်ယောက်သာ ရပ်လျက်ကျန်ခဲ့သည်။

ချန်ဖန်းလည်း မန်ဟို့ကို ပါးစပ်အဟောင်းသားနှင့်ကြည့်နေသည်။ သို့သော် သူ့မှာ အလျင်အမြန် သတိပြန်ဝင်သွားပြီး ကပျာကယာဘေးကပ်လိုက်သည်။ သူသည် မန်ဟိုဘေးနားရပ်နေခြင်းမှ ဖြစ်ပေါ်လာမည့် နားလည်မှုလွဲခြင်းများ မလိုချင်ပေ။ တစ်စုံတယောက် မန်ဟို့ကို အနိုင်ကျင့်ရန်ကြိုးစားပါက သူချက်ချင်း အကူအညီပေးမည်။ သို့သော် ယခုဖြစ်ပျက်နေသော အရာမှာတော့ စိတ်ကူးယဥ်ဆန်သော အချစ်သတင်းတစ်ပုဒ်ပင်......

ချန်ဖန်း နောက်ဆုတ်သွားစဥ် သူ၏မျက်လုံးများသည် တောက်ပစွာ လင်းလက်လာ၏။ မယုံကြည်နိုင်မှူနှင့် လေးစားမှုတို့ ၄င်းတို့ထဲ ချက်ချင်းပြည့်နှက်သွားသည်။

ကျိုးဒရ မန်ဟို့ကို လက်ညှိုးထိုးလိုက်သဖြင့် ယီးကျန့်ဂိုဏ်းသားအားလုံး သူ့ကို စိုက်ကြည့်နေကြပြီး ဝမ်မျိုးနွယ်စု၊ စုန့်မျိုးနွယ်စုနှင့် သွေးမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများလည်း ထိုနည်းတူပင်။ လူတိုင်းက မန်ဟို့ကို စိုက်ကြည့်နေကြသည်။

သွေးမိစ္ဆာဂိုဏ်းမှ လီရှိချီ၏ မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုရှိသည်။ သူမ စောစောက မန်ဟို့ကို သတိထားမိခဲ့လေသည်။ ယခုအချိန်တွင်တော့ သူမက သူ့ကို လျစ်လျူရှုရန် တစ်ဖက်သို့ခေါင်းလှည့်သွားရင်း နှာခေါင်းရှုံ့လိုက်သည်။ ဝမ်ယိုချိုင်မှာ မန်ဟို့ကို မျက်လုံးအပြူးသားနှင့်ကြည့်နေ၏။

ဝမ်တန်ဖေးမှာမူ ဆွံ့အစွာရပ်ပြီး မန်ဟို့ကို အစိမ်းလိုက်ဝါးစားတော့မတတ် စိုက်ကြည့်နေသည်။ သူ့မျက်နှာပေါ်တွင် အကြောများထောင်လာပြီး သူ့မျက်လုံးများထဲတွင် သွေးကြောများ ပေါ်ပေါက်လာသည်။ မိုးနဂါးပျံအမွေအနှစ်၊ မှီခိုရာဂိုဏ်း၏အတွင်းစည်းဂိုဏ်းပြိုင်ပွဲကို သူတွေးပြန်တွေးမိသည်။ မိုးနဂါးပျံကြီး၏ဂူထဲက သူ၏ခံစားချက်များကို ပြန်တွေးမိသည်။ သူ၏အရှက်ကွဲမှုနှင့် အမျက်ဒေါသကား မိုးထိအောင် မြင့်တက်သွားတော့သည်။

အရာအားလုံးသည် အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေ၏။ မျက်လုံးအားလုံးက မန်ဟို့အပေါ် ကျရောက်လာသည်။ မှန်ပါသည်။ လွန်ခဲ့သောရက်များက ချူယွီယန်ကို သူစိမ်းယောက်ျားတစ်ယောက်နှင့် အတူမြင်ခဲ့သည်ဆိုသော ကောလဟလများ ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုတွင် ပျံ့နှံ့နေခဲ့လေသည်။

၄င်းက ကျင်းဟန်ဂိုဏ်းမှ အစပြုခဲ့၏။ ကောလဟလနှင့်ပတ်သက်သမျှအားလုံးက ကျိုးကြောင်းဆီလျော်ပြီး အတော်လေးထင်ရှားလှသည်။ လူတိုင်းကား ထိုသူစိမ်းယောက်ျားမည်သူဖြစ်မည်ကို သိချင်နေခဲ့ကြလေသည်။ ယခု ဤနေရာတွင် အားလုံး၏မျက်စိရှေ့၌ မန်ဟို လက်ညှိုးထိုးခံလိုက်ရလေပြီ။

ဖက်တီးက တအံတသြစိုက်ကြည့်နေသည်။ သူက တခဏကြာ တွေတွေကြီးငေးကြည့်နေပြီးနောက် မျက်လုံးများကို ခပ်ကြမ်းကြမ်းပွတ်လိုက်သည်။ ရုတ်တရက် သူ့မှာ အလွန်စိတ်လှုပ်ရှားလာဟန်တူသည်။

သူအပြေးလာတော့မည့်အချိန် အဝေးမှ အလင်းတန်းတစ်ဒါဇင်ကျော် ချဥ်းကပ်လာကြသည်။ ၄င်းတို့ ဆင်းသက်လာကြစဥ် ဇီယွင်ဂိုဏ်းဖြစ်ကြောင်း သိသာ၏။

ချူယွီယန် သူတို့နှင့်အတူပါမလာသော်လည်း မန်ဟိုချက်ချင်းမှတ်မိလိုက်သည့် လူနှစ်ယောက်ရှိသည်။ သူတို့ကား ယခုတွင် ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်ရောက်ရှိနေပြီဖြစ်သော ချင်းရွှယ်ဟန်နှင့် လွီစုန့်ကလွဲ၍ တခြားမဟုတ်ပေ။

သူတို့က အေးစက်သောအမူအရာဖြင့် လူငယ်တစ်ယောက်၏တစ်ဖက်တစ်ချက်စီမှ ပျံသန်းလာကြသည်။ သူ၏ခန္ဓာကိုယ်သည် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်စွမ်းအားကို ထုတ်လွှတ်နေပြီး ဇီယွင်ဂိုဏ်းသားများအကြားတွင် လေးစားရသောအဆင့်အတန်းတစ်ခုကို သိမ်းပိုက်ထားပုံရသည်။

တစ်ချိန်တည်းမှာပင် နောက်ထပ်အလင်းတန်းဆယ်တန်းပေါ်လာသည်။ ဤသည်ကား ချင်းလော်ဂိုဏ်းပင်။ မိန်းမလှလေးဟန်ပေ့က သူတို့အကြားတွင် ဖြစ်သည်။ သူမက ယောက်ျားလေးသဖွယ် ဝတ်စားထားသော်လည်း တစ်ချက်ကြည့်လိုက်ရုံနှင့် မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း သိရန်လုံလောက်သည်။ သူမက စုန့်မျိုးနွယ်ဝင်တစ်ယောက်နှင့် စကားပြောရယ်မောရင်း ရင်ပြင်ထံ ပျံဆင်းလာသည်။

ဇီယွင်ဂိုဏ်းနှင့် ချင်းလော်ဂိုဏ်း၏ရောက်ရှိမှုက ပုံမှန်ဆိုလျှင် အခြားဂိုဏ်းမှအဖွဲ့ဝင်များအား မိတ်ဆွေဖွဲ့ရန် လှုပ်ရှားစေမည်ဖြစ်သည်။ သို့သော် ယခုတွင် ထူးဆန်းသောအငွေ့အသက်တစ်ခု လေထဲပြည့်နှက်နေသည်။ လူအများစုက အသစ်ရောက်ရှိသောဂိုဏ်းနှစ်ဂိုဏ်းကို ခဏတဖြုတ်သာ လှည့်ကြည့်လိုက်ကြသည်။

ကျိုးဒရက လူများထပ်မံရောက်လာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ပို၍ပင်ကျယ်လောင်သော အသံကြီးဖြင့် နောက်တစ်ကြိမ်အော်ပြန်သည်။ "သူပဲ။ ကျုပ် ချူယွီယန်နဲ့အတူ တွေ့ခဲ့တဲ့တစ်ယောက်။ သူက သူ့အဝတ်အစားတွေဝတ်နေတာ......" တကယ်တော့ 'သူ့အဝတ်အစားးတွေဝတ်ထားတာ' နှင့် 'သူ့အဝတ်အစားတွေ ဝတ်နေတာ' ကြားမှာ တော်တော်လေးကွာခြားသည်။ ဇီယွင်ဂိုဏ်းမှ ကျင့်ကြံသူများအားလုံး တုံ့ခနဲရပ်ပြီး မန်ဟို့ကို စိုက်ကြည့်လိုက်ကြသည်။

ဇီယွင်ဂိုဏ်းသားများအနေဖြင့် ချူယွီယန်နှင့်ပတ်သက်၍ ပွစိတက်နေသောကောလဟလများကို အဘယ်သို့ သတိမထားမိဘဲ နေမည်နည်း။ ချင်းရွှယ်ဟန်နှင့် လွီစုန့်မှာမူ မန်ဟို့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး အံ့သြမှင်သက်သွားသည်။ ထို့နောက် သူတို့၏မျက်လုံးများက မုန်းတီးခြင်းများဖြင့် ပြည့်နှက်လာသည်။

သူတို့ မန်ဟိုနှင့် နောက်ဆုံးတွေ့ခဲ့ရသည့်အချိန်မှစ၍ နှစ်များစွာကြာမြင်ခဲ့ပြီဖြစ်သော်လည်း ထိုနှစ်က သူခံလိုက်ရသည့် ထိုးနှက်ချက်ကား ကြီးမားလှသည်။ ယနေ့အထိပင် လူများက ထိုအဖြစ်အပျက်အကြောင်း ပြောနေဆဲဖြစ်သည်။ အဖြစ်အပျက်များက မုန်တီးခြင်းများအား သူတို့အရိုးထဲထိ စိမ့်ဝင်နေစေသည်။ ယင်းကား သူတို့ဘဝတွင် ကြုံဖူးသမျှထဲ အကြီးမားဆုံးအရှက်တကွဲအကျိုးနည်းဖွယ်ရာကြီးဖြစ်သည်။

ချင်းရွှယ်ဟန်က မန်ဟို့ကို စိုက်ကြည့်ပြီး အသက်ပြင်းပြင်းရှူလာတော့သည်။ အသတ်အဖြတ်စိတ်ဆန္ဒက လွီစုန့်၏မျက်လုံးများအတွင်း တောက်လောင်လာသည်။

"ချီးပဲ မင်းကိုး"

"မင်းပါလား"

သူတို့နှစ်ယောက်က ဟိန်းဟောက်လိုက်ရာ စောင့်ကြည့်နေသူများအား ပို၍ပင် အံ့အားသင့်သွားစေသည်။ ချူယွီယန်ကိစ္စနှင့် ပတ်သက်၍အသေးစိတ် မရှင်းလင်းသေးသော်လည်း ဤဇီယွင်ဂိုဏ်းသားနှစ်ယောက်၏ ပြင်းထန်သောဒေါသကား ဟာသတော့မဟုတ်ပေ။ သူတို့မှာ သိသာစွာပင် မန်ဟို့ကို ရိုးတွင်းခြင်ဆီထဲထိ မုန်းနေကြသည်။

***

All Chapters