← Chapters

ရန်သူအားလုံးရောက်လာခြင်း

Vol. 14 Ch. 189

ရန်သူအားလုံးရောက်လာခြင်း

Vol. 14 Ch. 189

မန်ဟိုက ခပ်ယဲ့ယဲ့ ပြုံးသည်။ ရင်ပြင်ထဲ သူရပ်နေသည့်နေရာမှာ အချိန်အတော်ကြာကတည်းက ရှင်းလင်းနေခဲ့ပြီဖြစ်ရာ သူ့ကို ထင်းခနဲမြင်သာနေစေတော့သည်။ သူ့အပြုံးသည် ပို၍ခါးသီးလာပြီး သူ့မှာ ကြိတ်၍ သက်ပြင်းချလိုက်သည်။

"ဒီလိုဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင် " သူက တွေးသည်။ "ကျိုးဒရကို အလွှတ်ပေးခဲ့မှာမဟုတ်ဘူး....အီး ငါ့ရန်သူတွေအားလုံး ဒီမှာပေါ်လာတော့မှာလား...." သူက ချောင်းဟန့်ပြီး နှာခေါင်းပွတ်လိုက်သည်။ သူ့မှာ ရုတ်တရက် ယခင်နှစ်များအတွင်း ပြဿနာတော်တော်ရှာမိခဲ့ကြောင်း ခံစားလိုက်ရသည်။ ယခုတော့ သူ့ကို စွပ်စွဲနေသော လူအုပ်ကြီးအလယ် ရောက်နေလေပြီ။

"ချီးလိုကောင် မန်ဟို" ချင်းရွှယ်ဟန်က ဟိန်းဟောက်သည်။ "ငါ အဲ့ဒီနှစ်က သံလှံကိစ္စ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး" သူက ချက်ချင်း ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူ့ဘေးတွင် လီစုန့်၏မျက်လုံးများ နီရဲနေသည်။ ဤနှစ်များတောက်လျှောက် သူတို့နှစ်ယောက်မှာ သံလှံကိစ္စကြောင့် ပညာသင်ဖက်ညီနောင်များ၏ ပြက်ရယ်ပြုခြင်း မကြာခဏခံခဲ့ရသည်။ သူတို့သည် မန်ဟို့အား လက်စားချေရန် သွားရှာချင်ခဲ့ကြသည်။ သို့သော် ကျိုးပြည်နှင့်အတူ မန်ဟိုလည်း ပျောက်ကွယ်သွားခဲ့ပြီဟု ယူဆခဲ့ကြသည်။ သူကို ယနေ့တွေ့ရလိမ့်မည်ဟု သူတို့ တစ်ခါမှမတွေးခဲ့ဖူးပေ။ လက်စားချေလိုသောအတွေးများ သူတို့၏နှလုံးသားထဲတွင် ပြည့်နှက်သွားသည်။

ဝမ်တန်ဖေးလည်း သတ်ဖြတ်လိုသည့်အရိပ်ယောင်လွှမ်းနေသော မျက်နှာဖြင့် ရှေ့တစ်လှမ်းတိုးလိုက်သည်။ "မန်ဟို ၊ ငါမင်းကို ကျိုးပြည်မှာထဲက မနှစ်မြို့ခဲ့တာ။ မင်း ချူယွီယန်နဲ့ ဘာဖြစ်ခဲ့လဲဆိုတာ ဖြေရှင်းချက်ပေးတာ ကောင်းမယ်....." ဝမ်တန်ဖေးမှာ တောင်ပိုင်းဒေသ၏ လက်ရှိမျိုးဆက်ကျင့်ကြံသူများအကြားတွင် ရယ်စရာဖြစ်နေသည့်အလား ခံစားနေရသည်။ ၄င်းမှာ သူလက်မခံနိုင်သောအရာဖြစ်သည်။ သူ မန်ဟို့ကို ရပ်နေရာတွင် သတ်ပစ်လိုက်ချင်သည်။

"ဘယ်လောက် ပွဲစည်လိုက်သလဲ၊ အစ်ကိုမန်" ချင်းလော်ဂိုဏ်းသားများအတွင်းမှ အသံတစ်သံ ထွက်လာသည်။ ၄င်းက ဟန်ပေ့ပင်။ "ရှင့်ကို ဒီမှာတွေ့လိမ့်မယ်လို့ ကျွန်မတစ်ခါမှ မထင်ထားဘူး။ စိတ်ဝင်စားစရာဇာတ်လမ်းတွေ အများကြီးပါလား" သူမက သက်ပြင်းချလိုက်သည်။ "ရှင့်နဲ့ကျွန်မရဲ့ အပေးအယူကို မမေ့နဲ့နော်" သူမက မန်ဟို့ကို မျက်လုံးတစ်ဖက်မှိတ်ပြရင်း လက်ကလေးအုပ်ကာ ရယ်သည်။ သူမစကားလုံးများက ပရိတ်သတ်ထုကြီး၏ မျက်လုံးများကို ပို၍ပင် တောက်ပသွားစေသည်။

မန်ဟိုထွက်ပေါ်လာမှုက လူတစ်ယောက်ပြီးတစ်ယောက်ကို စိတ်ဝင်စားအောင် လှုံ့ဆော်နေပုံရသည်။ ယခုအချိန်တွင် သူ့ကို အရင်က တစ်ခါမှ စိတ်မဝင်စားခဲ့သူများအားလုံး ရှေ့ဆက်ဘာဖြစ်မည်လဲ စိတ်ဝင်စားလာကြသည်။

စကားသံများ ကျွတ်ကျွတ်ညံနေသည်။ သွေးမိစ္ဆာဂိုဏ်းအတွင်းမှ အသံတစ်သံထွက်ပေါ်လာ၏။ ၄င်းက လီရှိချီဖြစ်သည်။ "တာအိုရောင်ရင်းမန်ဟို၊ ခင်ဗျားမှာ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေ အများကြီးရှိတာပဲ။ ဒါပေမယ့် ခင်ဗျားရဲ့ ဟိုဦးထုပ်စုတ် ဘာဖြစ်သွားလဲ သိချင်မိတယ်" သူမဘာတွေးနေသည်လဲ ပြောရခက်သော်လည်း သူမမျက်လုံးများသည် စိတ်ဝင်စားမှုဖြင့် တဖျပ်ဖျပ်လက်နေသည်။

ချန်ဖန်း ပါးစပ်ပြန်ပိတ်သွားသည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး မဖော်ပြနိုင်သော လေးစားမှုတစ်ခု မျက်လုံးများထဲ တောက်ပနေရင်း မန်ဟို့ကို ကြည့်သည်။ ဖက်တီးက မန်ဟို့ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ မန်ဟိုမှာ မည်သည့်နေရာသွားသွား၊ လူအများ၏ အာရုံစိုက်ခံရမည်ပုံပေါ်လေသည်။

ဤနေရာ၊ ဤအချိန်ကား မှီခိုရာဂိုဏ်းမှာတုန်းက အတိုင်းပင်။

"အစ်ကိုကြီးဖြစ်နေတာ မဆန်းပါဘူး" ဖက်တီးက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းရင်း တွေးသည်။ သူ၏ မန်ဟို့အပေါ် လေးစားမှုမှာ ဒူးထောက်ပြီး ဦးညွှတ်အရိုအသေပေးချင်သည့်အဆင့်အထိပင် ရောက်ရှိနေလေပြီ။

မန်ဟိုက ချောင်းဟန့်ပြီး ခါးသက်စွာ ဆက်ပြုံးနေသည်။ သူ တကယ်ကိုပင် အပြစ်ရှိသလို ခံစားနေရလေပြီ။ သို့သော် သူ ဘယ်သူ့ကိုမှ မတုံ့ပြန်နိုင်ခင် အဝေးမှ အလင်းတန်းဆယ်တန်း ရုတ်တရက် ပေါ်လာသည်။ ယင်းကား လီမျိုးနွယ်စုကလွဲ၍ တခြားမဟုတ်ပေ။

ယခုတွင် ဂိုဏ်းငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုနှစ်စုလုံး ရောက်လာခဲ့ကြလေပြီ။

လီမျိုးနွယ်ဝင်များ၏အလယ်တွင်ကား လီတောက်ရီ။ သူလက်မောင်းကို အချိန်အတော်ကြာကတည်းက လီမျိုးနွယ်စုမှ အစားထိုးပေးထားပြီးဖြစ်သည်။ သူသည် တာအိုကလေးတစ်ယောက်ဖြစ်၍ စုန်မျိုးနွယ်စုထဲသို့ လက်ထပ်ပြီး ဝင်ရောက်မည်မဟုတ်ပေ။ သူက သိသာထင်ရှားစွာပင် စုန့်မျိုးနွယ်စု ခင်ပွန်းလောင်းရှာပွဲအတွက် မဟုတ်ဘဲ အခြားအကြောင်းတစ်ခုကြောင့် လာခဲ့ခြင်းဖြစ်သည်။ သို့သော် လီမျိုးနွယ်စု ရင်ပြင်ကိုထိသည်နှင့်တစ်ပြိုင်နက် သူ့မျက်လုံးများက မန်ဟို့အပေါ် ကျရောက်သွားသည်။

ကျရောက်သွားသည်နှင့် သူပါးစပ်အဟောင်းသားဖြစ်သွား၏။ ချက်ချင်းဆိုသလို သူ၏ကျင့်ကြံခြင်းအခြေခံသည် စွမ်းအားများဟုန်းခနဲ တောက်သွားပြီး ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်၏ မဟာစက်ဝန်းမှ ချီသည် ရင်ပြင်တစ်ခုလုံး ပြည့်နှက်သွားသည်။

"မင်း နောက်ဆုံးတော့ ပေါ်လာပြီပေါ့လေ" သူက မန်ဟို့ထံ လျှောက်လာရင်း တင်းမာခက်ထန်စွာဆိုသည်။ ရက်စက်သော အသက်အဖြတ်စိတ်ဆန္ဒမှာ သူ၏မျက်လုံးများမှ ထွက်ပေါ်လာ၏။ သူနှင့်မန်ဟိုအကြား၌ မပြောပြချင်သော လျှို့ဝှက်ချက်တစ်ခုရှိကြောင်း လူတိုင်းအတွက် သိသာသည်။ အမှန်ပင် သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲရှိ သူတို့၏တိုက်ပွဲက သေခြင်းဖြင့်သာ ဖယ်ရှားနိုင်သော သွေးရန်ကြွေးကြီးကို မွေးဖွားပေးခဲ့သည်။

မန်ဟို့ကို ဆိုင်းမဆင့်ဗုံမဆင့် ဤနေရာတွင် တွေးရခြင်းက လီတောက်ရီ၏အသတ်အဖြတ်စိတ်ဆန္ဒကို အပြင်သို့ ပေါက်ကွဲထွက်သွားစေသည်။

မန်ဟို့ကို မသိသော ရင်ပြင်ရှိ အခြားသူအားလုံးမှာ ဖြစ်နေသောအရာကြောင့် စိတ်လှုပ်ရှားအံ့သြရင်း ဆူညံပွက်လောရိုက်နေကြသည်။

"အစက ချူယွီယန်နဲ့ကိစ္စ၊ ပြီးတော့ ဝမ်တန်ဖေးရဲ့ သတ်ဖြတ်ချင်စိတ်တွေ။ အဲ့ဒီနောက် ဇီယွမ်ဂိုဏ်းနဲ့ သံလှံအကြောင်း။ ပြီးပြန်တော့ သူနဲ့ ချင်းလော်ဂိုဏ်းကဟန်ပေ့ကြားက သဘောတူညီမှု။ နောက်တစ်ဖန် သွေးမိစ္ဆာဂိုဏ်းက လီရှိချီ။ ကဲ အခုကျ...

လီမျိုးနွယ်စုရဲ့ တာအိုကလေးဆီက အသတ်အဖြတ်စိတ်ဆန္ဒကို လှုံ့ဆော်လိုက်ပြန်ပြီ"

"ဘယ်လိုလုပ် ဒီလူ ဒီလောက်အခြေအနေအများကြီးမှာ ပါဝင်နေတာတုန်း။ ကြည့်ရတာ အားလုံးကို ရန်စထားပုံပဲ။ ငါတို့ ဘယ်လိုလုပ် သူ့အကြောင်း အရင်က မကြားဖူးတာလဲ"

"ဘာတွေဖြစ်နေတာလဲ.....သူ့နာမည်က မန်ဟိုတဲ့လား ဟမ်။ သူ့မှာ ဒေါသထွက်အောင်ဆွနိုင်တဲ့အစွမ်း ရှိသလိုပဲ....."

"ဂိုဏ်းကြီးငါးဂိုဏ်းနဲ့ မျိုးနွယ်စုသုံးစုမှာမှ ယီးကျန့်ဂိုဏ်းနဲ့ စုန့်မျိုးနွယ်စုပဲ မပတ်သက်တာ။ သူက ယီးကျန့်ဂိုဏ်းနဲ့အတူ ရောက်လာတာဆိုတော့ သူတိုနဲ့ပြဿနာရှိမှာမဟုတ်ဘူး။ ဒါပေမယ့် စုန့်မျိုးနွယ်စုကကော ဘယ်လိုလဲ။ သူက လူတွေကို ဒေါသထွက်အောင် လုပ်တာတော်ရင် သူတို့နဲ့ ဘာပြဿနာရှိမလဲ သိချင်မိတယ်"

စကားသံများ ရင်ပြင်တွင် ဆူညံပွက်လောရိုက်နေစဥ် ဖက်တီးက ဟိန်းဟောက်ပြီး မျက်နှာတွင်စိတ်လှုပ်ရှားမှုများ ပြည့်နှက်လျက် မန်ဟိုထံ ပြေးဝင်လာသည်။

"မန်ဟို ငါ မင်းကို သေလောက်အောင် လွမ်းနေတာ" သူက ပြောသည်။ သူသည် မျက်ရည်များ မျက်နှာတစ်လျှောက်စီးကျနေရင်း မန်ဟိုကို တင်းကြပ်စွာ ဖက်ထား၏။ နှစ်များစွာ ကုန်လွန်သွားခဲ့ပြီး သူလည်း အတန်ငယ်ရင့်ကျက်လာခဲ့သည်။ ယခုတွင် သူသည် ယခင်ထက် များစွာပို၍ ထွားကြိုင်းသန်မာလာ၏။

မန်ဟိုက ပြုံးလိုက်သော်လည်း ထိုအပြုံးမှာ အတန်ငယ် ခါးသီးနေသည်။ ဖြစ်နေသောအရာအားလုံး၏တရားခံကား တကယ်တမ်း ဖက်တီးမဟုတ်ပါလော....

"မန်ဟို၊ မင်းငါ့ကို ဖြေရှင်းချက်ပေး" ဝမ်တန်ဖေးသည် အလွန်တရာတင်းမာနေသောမျက်နှာဖြင့် မန်ဟို့ကို စိုက်ကြည့်နေသည်။ ဝမ်တန်ဖေးမှာ သူ့ရင်ထဲတွင် မဖော်ပြနိုင်သော အရှက်ကွဲမှုများဖြင့် ပြည့်နှက်နေစေသော ဧရာမအစိမ်းရောင်ဦးထုပ်ကြီး ဆောင်းထားရသည့်အလား ခံစားနေရသည်။ သူက မန်ဟို့ထံ နောက်တစ်လှမ်းလှမ်းသည်။

လီတောက်ရီလည်း နောက်တစ်လှမ်းလှမ်းသည်။ "မင်း အဲ့ဒီနေ့က အဖြစ်အပျက်အတွက် ငါ့ကို ဖြေရှင်းချက်မပေးရသေးဘူး။ အခုမင်းဒီရောက်ပြီဆိုတော့ ပြောလို့ရပြီ"

"ချီးလိုကောင် မန်ဟို ဒီနေ့ ငါတို့ရန်ကြွေးချေမယ်" ချင်းရွှယ်ဟန်နှင့် လွီစုန့်တို့နှစ်ယောက်လုံး သူ့ထံ လမ်းလျှောက်လာသည်။

အချိန်မရွေး ရုန့်ရင်းဆန်ခတ်ဖြစ်တော့မည့်ပုံရသည်။ မန်ဟို၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည်။ ဖက်တီးက ချာခနဲလှည့်ပြီး ဟိန်းဟောက်လိုက်သည်။

"မန်ဟိုက ငါ့အစ်ကို။ ဘယ်သူ သူ့ကိုထိရဲလဲ" ဤသည်ကို ကြားသော် ကျင်းဟန်ဂိုဏ်းသားများ အကြည့်ချင်းဖလှယ်ပြီးနောက် ဖက်တီးဘေးတွင် ရပ်ရန် လျှောက်လာကြသည်။ စောစောက လူထွားကြီးမှာ ဘာမှမပြောရန် ရွေးချယ်ရင်း ခေါင်းသာခါရမ်းလိုက်သည်။

ဖက်တီး မန်ဟို့ဘေး ရုတ်တရက် ရောက်လာခြင်းက ဝမ်တန်ဖေးကို မျက်မှောင်ကြုတ်သွားစေသည်။

ချန်ဖန်းက ရှေ့တက်လိုက်သည်။ "မန်ဟိုက ကျုပ်ညီလေးပဲ။ တာအိုရောင်ရင်းတို့ ဒီအတိုင်း လုပ်မယ်ဆိုရင်တော့ ကျုပ် ချန်ဖန်းလဲ ရပ်ကြည့်မနေနိုင်ဘူး" ရုတ်တရက် သူ၏ပျံသန်းဓားမြှောင်ထွက်ပေါ်လာသည်။

ချန်ဖန်း ထပ်တိုးလာသဖြင့် ဇီယွင်ဂိုဏ်းမှ ချင်းနှင့်လွီ တွန့်ဆုတ်သွားသည်။

ဟန့်ပေ့က ခပ်ဖွဖွလေးရယ်ရင်း ရှေ့လျှောက်လာသည်။ "အစ်ကိုမန်၊ ကျွန်မမိတ်ဆွေဆက်ဆံရေးကို ထည့်တွက်ရင် ကျွန်မလဲ မပူးပေါင်းဘဲ နေနိုင်မလား"

စကားတစ်ခွန်းမဆိုဘဲ ဝမ်ယိုချိုင်က သွေးမိစ္ဆာဂိုဏ်းကျင့်ကြံသူများကြားမှ ထရပ်ပြီး မန်ဟို့ထံလျှောက်လာသည်။

လီရှိချီ၏ အေးစက်စက်အသံက ထို့နောက်မှ ထွက်ပေါ်လာသည်။ "ခင်ဗျားဦးထုပ်က တော်တော်လေးစိတ်ပျက်စရာကောင်းတယ်။ ဒါပေမယ့် ကျုပ်ညီလေးဝမ်ယိုချိုင်ကြောင့် သွေးမိစ္ဆာဂိုဏ်းလဲ ခင်ဗျားနဲ့အတူ ရပ်တည်ပေးမယ်။ ဒီနေ့ ခင်ဗျားကို ဘယ်သူထိရဲမလဲ ကြည့်ကြတာပေါ့"

မန်ဟို့ကို ဝန်းရံထားသော လူအုပ်ကြီးက လီတောက်ရီကို မျက်မှောင်ကြုတ်သွားစေသည်။ ၄င်းကား အထိမခံသောအခြေအနေတစ်ရပ်ဖြစ်၏။ တကယ်တမ်း သူတို့ စုန့်မျိုးနွယ်စုထဲတွင်ဖြစ်ကြောင်း စဥ်းစားကြည့်လျှင် ဤနေရာ၊ ဤအချိန်တွင် သတ်ဖြတ်ခြင်းတစ်စုံတရာ မပြုလုပ်နိုင်ပေ။

မန်ဟို့တွင် အားကြီးသောအဆက်အသွယ်များ ရှိလိမ့်မည်ဟုလည်း သူတစ်ခါမှမတွေးခဲ့ဖူးပေ။ ကျင်းဟန်ဂိုဏ်း။ ယီးကျန့်ဂိုဏ်း။ သွေးမိစ္ဆာဂိုဏ်း။ ချင်းလော်ဂိုဏ်း။ ဤဂိုဏ်းအားလုံးမှ လူများက သူ့ကို အကူအညီပေးနေကြသည်။

ဝမ်တန်ဖေး မန်ဟို့ကို သတ်ဖြတ်တော့မတတ် စိုက်ကြည့်နေစဥ် သူ၏မျက်လုံးများသည် အေးစက်သောအလင်းရောင်တစ်ခုဖြင့် တောက်ပလျက်ရှိသည်။ သူ့ရင်ထဲတွင်တော့ ထိတ်လန့်မှုတို့ စိုးမိုးနေသည်။ ဤမှီခိုးဂိုဏ်း၏ ဂိုဏ်းသားဟောင်းက ဤမျှလွှမ်းမိုးနိုင်မည်ဟု သူအဘယ်သို့ ခန့်မှန်းနိုင်မည်နည်း။

ချန်ဖန်းနှင့် လီဖူကွေ့။ ချင်းလော်ဂိုဏ်းမှ ဟန့်ပေ့နှင့် သွေးမိစ္ဆာဂိုဏ်းမှ လီရှိချီ။ သူတို့အားလုံး မည်သည့်အတွက်ကြောင့် သူ့ကိုကူညီပေးကြသည်လဲ ဘယ်သူမှမသိသော်လည်း မန်ဟိုက စကားတစ်ခွန်းပင်မဆိုဘဲ ဘယ်သူမှ သူ့ကို ရုတ်တရက် မတိုက်ခိုက်နိုင်အောင် ပြု လုပ်လိုက်လေပြီ။

ချင်းရွှယ်ဟန်နှင့် လွီစုန့်မှာ ရုတ်တရက် အလွန်စိတ်လှုပ်ရှားလာတော့သည်။ နှစ်များစွာကြာပြီးနောက် မန်ဟိုက ဤကဲ့သို့ အဆက်အသွယ်များနှင့် ဤပုံစံဖြင့် ပေါ်လာလိမ့်မည်ဟု သူတို့လည်း တစ်ခါမှမတွေးခဲ့ဖူးပေ။

ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်လာပြီး ရုတ်တရက် အဝေးမှ စိတ်မရှည်ဖြစ်နေသော အသံတစ်သံ ကြားလိုက်ရသည်။

"ကလေးတွေ ဖြစ်နေတာလဲ။ ဘာပြဿနာရှိလို့လဲ။ အားလုံး စိတ်အေးအေးထားကြ။ စုန့်မျိုးနွယ်စုက ခင်ပွန်းလောင်းရှာပွဲကျင်းပနေတာလေ၊ ဘာလို့အားလုံး ပြဿနာရှာနေကြတာလဲ" အသံပိုင်ရှင်သည် အခြားဂိုဏ်းနှင့်မျိုးနွယ်စုမှ ပညာရှင်များနှင့်အတူရောက်ချလာသော လူထူးဆန်းစုန့်ပင်။

အပြုံးများ သူတို့၏မျက်နှာပေါ်တွင် ဖုံးလွှမ်းနေပြီး သိသာစွာပင် ဖြစ်ပျက်နေသည်များနှင့်ပတ်သက်၍ သူတို့ဂရုမစိုက်ပေ။

လူကြီးများရောက်လာခြင်းက ရင်ပြင်ထဲရှိ တင်းမာမှုကို လွင့်စင်ပျောက်ကွယ်လာစေသည်။ လူတိုင်း သူတို့အရင်နေရာများသို့ အလျှိုလျှိုပြန်သွားပြသည်။ မန်ဟိုလည်း ခေါင်းငုံ့ပြီး ချန်ဖန်းနှင့်အတူ ထွက်သွားရန်ပြင်လိုက်သည်။ ရုတ်တရက် လူထူးဆန်းစုန့်၏မျက်လုံးများက မန်ဟို့အပေါ်ကျရောက်လာသည်။

"နေဦး" သူက ပြောသည်။

မန်ဟိုမှာ သက်ပြင်းချရင်း တောင့်တင်းသွား၏။ သူက အသံမထွက်ဘဲ ခါးသက်သက်ရယ်ရင်း လူထူးဆန်းစုန့်ကို မျက်နှာချင်းဆိုင်လိုက်သည်။ သူ့မှာ ဤအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းရှာဖွေနေသဖြင့် ခေါင်းချာချာလည်နေတော့သည်။ သူက သိုလှောင်အိတ်ပေါ် လက်တင်သည်။ လိုအပ်ပါက ထွက်ပြေးရန် ကံကောင်းခြင်းအဆောင်ကို သူထုတ်သုံးမည်ဖြစ်သည်။

"ကောင်ကလေး၊ ဘာလို့ မင်းက ဒီလောက်ရင်းနှီးနေတာလဲ....." လူထူးဆန်းစုန့်၏မျက်ခုံးများ တွန့်ချိုးနေသည်။

"အကြီးအကဲစုန့်" လွီစုန့်ကအော်သည်။ "ဒါ ကျိုးပြည်က သံလှံနဲ့ကောင်ပဲ"

အသံကြားလိုက်သည်နှင့်တစ်ပြိုင်နက် လူထူးဆန်းစုန့်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူက မန်ဟို့ကို စူးစူးစိုက်စိုက်ကြည့်သည်။

"မင်းပဲကိုး ကောင်စုတ်လေး"

ဤစကားလုံးများအား ကြားသော် ပတ်ဝန်းကျင်မှကျင့်ကြံသူများ ပင့်သက်ရှိုက်သွား၏။ ယခင်က စုန့်မျိုးနွယ်စုကိုသာလျှင် မန်ဟို ရန်မစခဲ့ခြင်းဖြစ်သည်ဟု သူတို့ တွေးခဲ့မိလေသည်။ ယခုတော့ တစ်ယောက်ပြီးတစ်ယောက် မန်ဟို့ကို လေးစားသောမျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြသည်။

မန်ဟိုက စုန့်မျိုးနွယ်စု၏ ဂျူနီယာမျိုးဆက်မှ တစ်ယောက်ကို မဟုတ်ဘဲ အနုသုခုမရုပ်ခန္ဓာအဆင့် အကြီးအကဲတစ်ယောက်ကို အတိုက်အခံလုပ်ခဲ့လေသည်။

မန်ဟိုက ပြုံးပြီး အကြီးအကဲစုန့်ကို လက်ယှက်အရိုအသေပေးလိုက်သည်။

" ဂျူနီယာမျိုးဆက်၊ မန်ဟို စီနီယာမျိုးဆက်ရဲ့ ဆရာစုန့်ကို ဂါဝရပြုပါတယ်။ ဆရာ၊ ဆရာရဲ့ကျင့်ကြံခြင်းအခြေခံက သာလွန်ထူးခြားပြီး အပြုအမူအနေအထိုင်က မွန်မြတ်လှပါတယ်။ အဲ့ဒီ့နှစ်က ကျုပ် မသိနားမလည်ဘဲ ရူးမိုက်ခဲ့မိပါတယ်။ ဆရာ၊ ခင်ဗျားမှာ မြင့်မြတ်တဲ့စရိုက်နဲ့ ပြောင်မြောက်တဲ့ ဖြောင့်မတ်တည်ကြည်မှုတွေရှိတာကြောင့် ဒီစုန့်မျိုးနွယ်စုအတွက် ပျော်ရွှင်ဖွယ်ရာအခါသမယမှာ ဂျူနီယာမျိုးဆက်ကို အခက်အခဲမဖြစ်စေဘူးလို့ မျှော်လင့်မိပါတယ် "

လူထူးဆန်းစုန့်က မန်ဟိုကို အကြာကြီးလေးလေးနက်နက်ကြည့်နေသည်။ သူက ဘာမှမပြောသော်လည်း တစ်ခါတရံ စကားတစ်ခွန်းမှမဟဘဲ ပြောဆိုနိုင်သည်။ ဝမ်တန်ဖေး၏မျက်လုံးများ လက်သွားပြီး သူက မန်ဟို့ထံ နောက်တစ်လှမ်းလှမ်းလိုက်သည်။

"အကြီးအကဲစုန့်" သူက ပြောသည်။ " ဂျူနီယာမျိုးဆက်ကျုပ်နဲ့ ဒီပုဂ္ဂိုလ်ကြားမှာ ရန်ကြွေးတစ်ခုရှိပါတယ်။ သူက ကျုပ်ရည်ရွယ်ထားတဲ့ ချစ်သူကို အသရေဖျက်ခဲ့တယ်။ တာအိုရောင်ရင်းအားလုံးရဲ့အရှေ့မှာ ကျုပ်ကို ရန်ကြွေးချေခွင့်ပေးဖို့ အနူးအညွတ်တောင်းပန်ချင်ပါတယ်"

ထိုစဥ် စုန့်မျိုးနွယ်စုမြို့တော်ရှိ မြင့်မားသော ရဲတိုက်ကြီးတွင် စုန့်ကျားသည် အောက်ဖက်မှမြင်ကွင်းအား ဖော်ပြနေသည့် တလက်လက်တောက်ပနေသော မျက်နှာပြင်တစ်ခုကို ကြည့်နေသည်။

အပြုံးတစ်ခုက သူမမျက်နှာကို ဖုံးလွှမ်းနေပြီး သူမမှာ မန်ဟို၏ စာပေသမားဆန်သော ပုံရိပ်ကို အနီးကပ်ကြည့်ရှုနေဟန်တူသည်။

"ဘယ်လောက်စိတ်ဝင်စားစရာကောင်းတဲ့လူလဲ" သူမက ခပ်လွင်လွင်လေးရယ်ကာ ပြောသည်။ "သူ ဘယ်လိုလုပ် ဒီလောက်လူအများကြီးကို ရန်စနိုင်တာလဲ။ ဦးလေးကိုတောင်မှလေ"

သူမဘေးတွင် ရပ်နေသော သက်လတ်ပိုင်းအမျိုးသမီးသည်လည်း ရယ်လိုက်ပြီး နွေးထွေးသောအမူအရာတစ်ခု သူမမျက်နှာပေါ်တွင် ပေါ်လာသည်။ "ဘာလဲ ၊ သူ့ကို သဘောကျနေပြီလား"

***

All Chapters